← Chapters

အခန်း ၄၃၃

Vol. 44 Ch. 433

အခန်း ၄၃၃

Vol. 44 Ch. 433

အခန်း (၄၃၃)

" အကြီးအကဲစကားတွေကြောင့် ကျွန်တော်ပခုံးပေါ်ကို ဝတ်ထုပ်ဝန်ပိုးတစ်ခု ရောက်လာသလိုပဲ။ " ကျောက်ဖုန်းက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

အစတွင် သူက သူ့ကိုသူ တစ်ကမ္ဘာလုံးတွင် ပြိုင်ဘက်ကင်းသည်ဟု ထင်ခဲ့သည်။ သို့သော် ယခု ရှန်းကျိုး၏ အပြင်ဘက်တွင် မြေအင်မော်တယ်ဘုံနှင့် ကောင်းကင်ဘုံတို့ ရှိနေသည်။ သူတို့က လူအသားကို စားပြီး လူသွေးကို သောက်ကြသည်။ ကလေးများ၏ နှလုံးနှင့် အသည့်များကို ဝိုင်နှင့် မြည်းစမ်းကြသည်။

၎င်းက ကျောက်ဖုန်းကို ပိုမိုသန်မာလာအောင် တွန်းအားပေးလိုက်ခြင်းဖြစ်သည်။ သူ၏ စွမ်းအားက မလုံလောက်သေးဘဲ များစွာ လိုအပ်သေးသည်။

" မင်းက ရှန်းကျိုးကျဆုံးဆုံးသွားတာကို​ ကြည့်နေမှာလား။ မင်းက ဘေးကထိုင်ကြည့်နေမယ့်သူမဟုတ်ဘူးဆိုတာ ငါသိပါတယ်။ " ကွေ့ကူကျိက ရယ်ပြီး ပြောလိုက်သည်။

" အနာဂတ်ကိစ္စကို အနာဂတ်မှာပဲ ဖြေရှင်းရမှာပေါ့။ တကယ်လို့ ကျွန်တော်က ရှန်းကျိုးနယ်မြေကို ကာကွယ်နိုင်မယ့် စွမ်းအား တကယ်ရှိလာရင် ကျွန်တော် အစွမ်းကုန် ကြိုးစားမှာပါ။ ဒါပေမယ့် မစွမ်းဆောင်နိုင်ရင်တော့ ကျွန်တော်ပတ်ဝန်းကျင်က လူတွေကိုပဲ ကာကွယ်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

သူပိုင်ဆိုင်သော ရတနာများနှင့် ကျောက်ဖုန်းက သူ၏ မိသားစုနှင့် နောက်လိုက်မားကို ကာကွယ်ပေးနိုင်ရန် ယုံကြည်မှုရှိသည်။ ထို့အပြင် သူက ကမ္ဘာငယ်တစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။

အနာဂတ်တွင် သူက ရှန်းကျိုးနယ်မြေမှ ထွက်လာပြီး စိတ်ဝိညာဉ်အမြစ် ဆေးလုံးကို သောက်သုံးသော အင်မော်တယ်များ သို့မဟုတ် နတ်ဆိုးများကို သတ်ဖြတ်လျှင် စွမ်းရည်များစွာကို ရရှိမည်မှာ သေချာသည်။ စစ်ပွဲများ ရှိနေသရွေ့ ကျောက်ဖုန်း၏ စွမ်းအားများက အဆုံးမရှိ တိုးတက်နေပြီး ဘာအတားအဆီးမှ မရှိပေ။

အနာဂတ်တွင် သူက အင်ပါယာတစ်ခုကို ထူထောင်ပြီး သိုင်းတာအိုကို ဖြန့်ဝေမည်ဖြစ်သည်။ သိုင်းတာအိုစစ်သည်တစ်သန်းကို ရှန်းကျိုး၏ အပြင်ဘက်သို့ ခေါ်ဆောင်သွားပြီး ကျင့်ကြံသူများကို သတ်ဖြတ်လျှင် အလွန်စိတ်လှုပ်ရှားစရာကောင်းပေလိမ့်မည်။

ရှန်းကျိုးနယ်မြေ၏ အပြင်ဘက်မှ ကျင့်ကြံသူများက ကြောက်စရာကောင်းသော်လည်း ကျောက်ဖုန်းအတွက်တော့ သူတို့က ပိုမိုကြီးမားသော အခွင့်အရေးများဖြစ်သည်။ သူတည်ထောင်သော အင်ပါယာက မျိုးဆက်တစ်ခုနှစ်ခုတည်းနှင့် ပျက်စီးမည်မဟုတ်ပေ။ လူသားများကို စားသောက်နေသော ထိုကျင့်ကြံသူများကို ကျောက်ဖုန်းက သားကောင်များအဖြစ် သဘောထားပြီး အမဲလိုက်မည်ဖြစ်သည်။

" မင်းမှာ အဲ့လိုရည်ရွယ်ချက်ရှိတာ ကောင်းပါတယ်။ အဲ့ဒီနေ့ကတော့ အဝေးကြီးလိုပါသေးတယ်။ " ကွေ့ကူကျိက ပြုံး၍ ပြောလိုက်သည်။

" အကြီးအကဲ တစ်ခါမှမစဉ်းစားဖူးဘူးလား။ ဘာလို့ခံစစ်ပဲဖြစ်ရမှာလဲ။ " ကျောက်ဖုန်းက ကွေ့ကူကျိကို ကြည့်လိုက်သည်။

" မင်းဘာကို ဆိုလိုတာလဲ။ " ကွေ့ကူကျိ၏ အမူအရာက ပြောင်းလဲသွားသည်။

" တစ်နေ့ ကျွန်တော်က ရှန်းကျိုးနယ်မြေမှာ အသန်မာဆုံးဖြစ်ပြီး အင်ပါယာတစ်ခု တည်ထောင်ပြီးရင် ရှန်းကျိုးအပြင်ဘက်ကို ချီတက်မယ်။ သူတို့က လူသားတွေကို စားသောက်နေရင် ကျွန်တော်က သူတို့ကို ကျွန်တော်တိုးတက်မှုအတွက် ဘာလို့ အသုံးမပြုဘဲ နေရမှာလဲ။ လူသတ်သမားက တစ်နေ့ပြန်သတ်ခံရမယ်။ " ကျောက်ဖုန်းက အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ တောက်ပနေသည်။

ကွေ့ကူကျိက အံ့ဩသွားသည်။ ကျောက်ဖုန်းက ထိုမျှအထိ ရဲရင့်လိမ့်မည်ဟု သူမတွေးမိခဲ့ပေ။

" မင်းရဲ့ အတွေးက မှန်ကောင်းမှန်နိုင်ပါတယ်။ ဒါပေမယ့် ငါကြောက်တယ်။ ငါသာ အဲ့ဒီတုန်းက အာကာသအက်ကြောင်းထဲ မကျခဲ့ရင် ရှန်းကျိုးကို ရောက်မလာခဲ့ရင် အခုဆို နတ်ဆိုးအင်မော်တယ်တွေရဲ့ အစာဖြစ်နေလောက်ပြီ။ " ကွေ့ကူကျိက သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။

" အကြီးအကဲ ဒီက ဂျူနီယာနဲ့ အလောင်းအစားတစ်ခုလုပ်မလား။ " ကျောက်ဖုန်းက ရုတ်တရက် ပြောလိုက်သည်။

" ဘယ်လိုအလောင်းအစားလဲ။ " ကွေ့ကူကျိက အံ့ဩသွားသည်။

" တစ်နေ့ ကျွန်တော် အင်ပါယာတစ်ခု တည်ထောင်ခဲ့ရင် အကြီးအကဲကို ကျွန်တော်ရဲ့ အင်ပါယာမှာ တာဝန်ထမ်းဆောင်စေချင်တယ်။ လူသားမျိုးနွယ်ကို သန်မာလာစေဖို့ပါ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" ငါသာ လောကီကိစ္စတွေ ပါဝင်လိုက်ရင် လူသားမျိုးနွယ်ရဲ့ ကံကြမ္မာစွမ်းအားက ငါ့ကို ပြန်ပြီး တုန့်ပြန်လိမ့်မယ်။ ပြီးတော့ အင်ပါယာတစ်ခုတည်းအဖြစ် ပေါင်းထားတဲ့ ကံကြမ္မာစွမ်းအားက အရမ်းအစွမ်းထက်တယ်။ ငါ ခံနိုင်မှာမဟုတ်ဘူး။ " ကွေ့ကူကျိက ခေါင်းခါလိုက်သည်။

" အနာဂတ်မှာ ကျွန်တော်က အဲ့ဒါကို ဖြေရှင်းနိုင်ရင်ရော။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" မင်းသာ အဲ့ဒါကို ဖြေရှင်းနိုင်ရင် ငါ မင်းရဲ့ အင်ပါယာမှာ တာဝန်ထမ်းဆောင်ဖို့က ကိစ္စမရှိဘူး။ " ကွေ့ကူကျိက ပြုံးလိုက်သည်။

" အကြီးအကဲ ဒါဆို သဘောတူပြီနော်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" သဘောတူတယ်။ ဒီမှာ နှစ်တွေအကြာကြီးနေလာခဲ့တာ ငါ အပြင်လောကကို တကယ်သတိရတယ်။ " ကွေ့ကူကျိက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" အနာဂတ်မှာ ကျွန်တော်က အကြီးအကဲကို လူသားမျိုးနွယ်ဆီ ပြန်လာနိုင်အောင် သေချာပေါက် ကူညီပါမယ်။ " ကျောက်ဖုန်းက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

" ကျောက်ဖုန်း မင်းထက် ငါ အသက်ဘယ်လောက် ပိုကြီးလဲတောင် မသိတော့ပါဘူး။ ချင်နိုင်ငံက ရှန်းကျိုးနယ်မြေကို မသိမ်းပိုက်ရသေးဘူး။ ချင်ဘုရင်ကလည်း ရှိနေတုန်းပဲ။ မင်းကတော့ အင်ပါယာတည်ထောင်ဖို့ ကြေညာနေပြီ။ မင်းက ချင်ဘုရင်ကို မကူညီတော့ဘူးလား။ " ကွေ့ကူကျိက ပြုံး၍ မေးလိုက်သည်။

" လက်ရှိချင်ဘုရင်က ကျွန်တော်အပေါ် ကျေးဇူးပြုဖူးတယ်။ စစ်မြေပြင်မှာ စစ်ရေးအောင်မြင်မှုတွေနဲ့ လဲလှယ်ခဲ့တာဆိုပေမယ့် ချင်ဘုရင်က ကျွန်တော်အပေါ် ကောင်းကောင်း ဆက်ဆံပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ချင်ဘုရင်က သာမန်လူသားတစ်ယောက်ပဲ။ သူ့ရဲ့ သက်တမ်းက မရှည်ဘူး။ ကျွန်တော်ရဲ့ စွမ်းအားနဲ့ဆိုရင် ချင်ဘုရင်ရဲ့ အသုံးမကျတဲ့ သားတွေကိုတော့ အမှုထမ်းမှာမဟုတ်ဘူး။ " ကျောက်ဖုန်းက ပွင့်လင်းစွာ ပြောလိုက်သည်။

" ဒီလူအိုကြီးက လောကီကိစ္စတွေမှာ ဝင်မပါပေမယ့် ယွီလျောင်ကတော့ စာပို့ပြီး ပြောပြလေ့ရှိတယ်။ ချင်ဘုရင်ရဲ့ သားတော်တွေထဲမှာ ထူးချွန်တဲ့သူတစ်ယောက်မှမရှိဘူး။ အနာဂတ်မှာ ချင်ဘုရင်သာ ကွယ်လွန်သွားရင် ချင်နိုင်ငံက ရှန်းကျိုးနယ်မြေကို ထိန်းထားနိုင်မှာ မဟုတ်ဘူး။ " ကွေ့ကူကျိကလည်း ခေါင်းညိမ့်လိုက်သည်။

" အသစ်တစ်ခု စတင်ဖို့က ဖျက်ဆီးတာပဲ။ ချင်ဘုရင်ဆုံးသွားရင် ကမ္ဘာကြီးက နောက်တစ်ကြိမ် ရှုပ်ထွေးသွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ကျွန်တော်က စစ်တပ်ကို စုစည်းပြီး တစ်ကမ္ဘာလုံးကို ပြန်ပြီးစုစည်းမယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" အင်း " ကွေ့ကူကျိက ခေါင်းညိမ့်လိုက်သည်။

" အကြီးအကဲက ကွေ့ကူတောင်ကြားမှာ နေတာ ကြာလှပြီ။ တပည့်တစ်ယောက်ရှာပြီး အင်မော်တယ်လမ်းစဉ်ကို မသင်ပေးဘူးလား။ အကြီးအကဲရဲ့ စွမ်းအားနဲ့ဆိုရင် စိတ်ဝိညာဉ်အမြစ်ရှိတဲ့ တပည့်တစ်ယောက်ရှာဖို့က မခက်ခဲပါဘူး။ " ကျောက်ဖုန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။

" ငါက ဒဏ်ရာအပြင်းအထန်ရထားတာမလို့ အနာဂတ်ကို မမြင်နိုင်တော့ဘူး။ ဒါကြောင့် တပည့်တွေကို စိတ်ပျက်အားငယ်အောင် ဘာလို့သင်ပေးနေမှာလဲ။ ဒါပေမယ့် လူဆိုတာကတော့ ခံစားချက်ရှိတဲ့ သတ္တဝါပဲလေ။ အရင်တုန်းက လူသားကမ္ဘာထဲကို ဝင်သွားတဲ့ တပည်တွေက ကွေ့ကူတောင်ကြားကို ပြန်ရောက်လာပြီးတဲ့နောက်မှာ အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံနေကြပြီ။ အခုတော့ သူတို့က တောင်တွေမှာ တံခါးပိတ်ကျင့်ကြံနေကြတယ်။ " ကွေ့ကူကျိက ရယ်ပြီး ပြောလိုက်သည်။

" ဒါဆို အကြီးအကဲသာ အပြင်ကို ထွက်လာရင် ကျွန်တော်ဆီ အရည်အချင်းရှိတဲ့သူအချု့ ခေါ်လာဦးမှာပေါ့။ " ကျောက်ဖုန်း၏ မျက်လုံးများက တောက်ပသွားသည်။

" ကောင်လေး မင်းက တကယ် အဝေးကြီးတွေးတတ်တာပဲ။ မင်းတွေးတာသာ တကယ်ဖြစ်လာခဲ့ရင် ဒီလူအိုကြီးနဲ့ တပည့်တွေက လူသားမျိုးနွယ်ဆီကို သေချာပေါက် လာခဲ့ပါမယ်။ " ကွေ့ကူကျိက ရယ်မောလိုက်သည်။

" ကောင်းပါပြီ။ ကျွန်တော်က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေမှာပါ။ " ကျောက်ဖုန်းကလည်း ရယ်မောလိုက်သည်။ သူတို့နှစ်ယောက်က ကွေ့ကူတောင်ကြားတွင် ပျော်ရွှင်စွာဖြင့် စကားပြောနေကြသည်။

ရှန်းယန်မြို့၊ ညီလာခံခန်းမထဲတွင်။

" အရှင်မင်းကြီး ချန်ယင်မြို့က အရေးပေါ် အစီရင်ခံစာ ရောက်လာပါတယ်။ စစ်သေနာပတိချုပ်ဟွမ်ယိကိုယ်တိုင် ရေးသားထားတာပါ။ " သတင်းပို့သူက ခန်းမထဲတွင် ဒူးထောက်ပြီး အစီရင်ခံစာကို မြှောက်ကာ ပြောလိုက်သည်။

ရင်ကျန့်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။ အရေးပေါ်အစီရင်ခံစာက အောင်ပွဲသတင်းမဟုတ်ပေ။ ထို့အပြင် ၎င်းကို စစ်တရားသူကြီး တင်ပြခြင်းမဟုတ်ဘဲ ဟွမ်ယိကိုယ်တိုင်ရေးသားထားသောကြောင့် အောင်ပွဲသတင်းထက် မကောင်းသတင်းပင်ဖြစ်နိုင်သည်။

" ယူခဲ့စမ်း။ " ရင်ကျန့်က ချက်ချင်း ပြောလိုက်သည်။

ကျောက်ကောင်းက လျင်မြန်စွာ လျှောက်သွားပြီး အစီရင်ခံစာကို ယူ​ကာ ရင်ကျန့်ကို ပေးလိုက်သည်။

ရင်ကျန့်က တံဆိပ်ကို ချက်ချင်းခွာပြီး အစီရင်ခံစာကို ဖွင့်လိုက်သည်။ သူက တစ်ချက်ကြည့်လိုက်ရုံဖြင့် ရင်ကျန့်၏ မျက်နှာက ပျက်ယွင်းသွားသည်။

" ရဲတင်းလွန်းတယ်။ " ရင်ကျန့်က ဒေါသတကြီး အော်ဟစ်ပြီး အစီရင်ခံစာကို ပစ်ပေါက်လိုက်သည်။

ဘုရင်တစ်ပါး၏ ကြောက်စရာကောင်းသော အရှိန်အဝါက ခန်းမတစ်ခုလုံးကို လွှမ်း​မိုးသွားသည်။ ဝန်ကြီးအားလုံးက ထိတ်လန့်တုန်လှုပ်သွားပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားကြသည်။

" အရှင်မင်းကြီး စိတ်လျှော့ပါ။ " ခန်းမထဲမှ အရာရှိအားလုံးက ဦးညွှတ်ပြီး အော်ဟစ်လိုက်ကြသည်။

ဟန်ဖေးက ဒေါသထွက်နေသော ရင်ကျန့်ကို ကြည့်ပြီး ပစ်ချထားသော အစီရင်ခံစာကို ကောက်ယူလိုက်သည်။ ထို့နောက် သူက ၎င်းကို ဖတ်လိုက်ပြီး သူ၏ အမူအရာကလည်း ပြောင်းလဲသွားသည်။ သူ၏ အကြည့်က ဖုစုပေါ်သို့ တစ်ချက် ကျရောက်သွားသည်။

" ခမည်းတော် ဘာဖြစ်ခဲ့တာလဲ။ " ဖုစုက ဟန်ဖေး၏ အကြည့်ကို ခံစားမိပြီး ရင်ကျန့်ကို ဦးညွှတ်လိုက်သည်။

ရင်ကျန့်၏ မျက်လုံးများက အေးစက်နေပြီး နောက်ဆုံးတွင် သူ၏ ဒေါသကို ထိန်းချုပ်ကာ ဟန်ဖေးကို လက်ဝေ့ရမ်းပြလိုက်သည်။ ဟန်ဖေးကလည်း ချက်ချင်း နားလည်သွားပြီး လေးနက်သော အမူအရာနှင့် အစီရင်ခံစာကို မြှောက်လိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters