အခန်း ၄၃၉
Vol. 44 Ch. 439
အခန်း (၄၃၉)
ထိုအချိန်တွင်....
" အစီရင်ခံပါတယ်။ မြောက်ဘက်နယ်စပ်က အရေးပေါ်သတင်းရောက်လာပါတယ်။ " သတင်းပို့သူတစ်ယောက်က ခန်းမထဲသို့ စိုးရိမ်တကြီး ဝင်လာပြီး ပြောလိုက်သည်။
မြောက်ဘက်နယ်စပ်မှ အရေးပေါ်သတင်းဟု ကြားလိုက်ရသောအခါ ယခင်က ယုံကြည်မှုရှိခဲ့သော မိသားစုကြီးသုံးခု၏ ခေါင်းဆောင်များက ထိတ်လန့်သွားကြသည်။
ချူနိုင်ငံ၏ အနောက်ဘက်နယ်စပ်တွင် ရှန်းယန်က ချင်စစ်တပ်ကို ခုခံနိုင်သောကြောင့် သူတို့ စိတ်မပူကြပေ။ ရိက္ခါများ လုံလောက်သရွေ့ အဆင်ပြေသည်။ သို့သော် ချူနိုင်ငံ၏ မြောက်ဘက်နယ်စပ်မြို့များက သူတို့၏ အမိန့်ပေးမှုအောက်တွင် ရှိသောကြောင့် မြောက်ဘက်နယ်စပ်သာ ကျဆုံးသွားလျှင် သူတို့အတွက် ကံဆိုးမိုးမှောင်ကျသွားနိုင်သည်။
" မြောက်ဘက်နယ်စပ်မှာ ဘာဖြစ်ခဲ့တာလဲ ပြောစမ်း။ ချင်စစ်တပ်က မြောက်ဘက်နယ်စပ်ကနေ လှုပ်ရှားလာတာလား။ " ကျောက်ဝမ်က အော်မေးလိုက်သည်။
" ဘာဖြစ်ခဲ့တာလဲ မြန်မြန် ဖတ်ပြစမ်း။ " ကျန်နှစ်ယောက်ကလည်း အော်လိုက်ကြသည်။
အားလုံး၏ အကြည့်အောက်တွင် သတင်းပို့သူက အစီရင်ခံစာကို မြှောက်လိုက်သည်။ " အရှင်မင်းကြီး ကျွန်တော်မျိုး စာမဖတ်တတ်ပါဘူး။ အရှင်မင်းကြီးကိုယ်တိုင် ဖတ်ရှုပေးဖို့ တောင်းဆိုပါတယ်။ "
" ယူခဲ့ပါ။ " ချူဘုရင်က လက်ဝှေ့ရမ်းလိုက်သည်။
သူ၏ ဘေးမှ အရာရှိက အစီရင်ခံစာကို ဆင်းယူလိုက်ပြီး ချူဘုရင်ကို ပေးလိုက်သည်။ ချူဘုရင်က အစီရင်ခံစာကို ဖတ်ပြီး သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
" ဝန်ကြီးတို့ ကျုပ်တို့ အကြီးမားဆုံး ကပ်ဘေးနဲ့ ရင်ဆိုင်ရပြီ။ ချင်နိုင်ငံရဲ့ ဝူအန်းကျွင်းကျောက်ဖုန်းက ဝူအန်းစခန်းကို ဦးဆောင်ပြီး ကျုပ်တို့ ချူနိုင်ငံကို တိုက်ခိုက်နေပြီ။ အခု ရှုဖုမြို့နဲ့ အနီးက မြို့ခုနှစ်မြို့ကို ကျောက်ဖုန်းက သိမ်းပိုက်လိုက်ပြီ။ မြောက်ဘက်နယ်စပ်က ငါတို့စစ်တပ်တွေက ချင်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အကြီးအကျယ် ရှုံးနိမ့်သွားတယ်။ " ချူဘုရင်က တုန်ယင်စွာ ပြောလိုက်သည်။
" ဘယ်လိုလုပ် ဒီလောက်တောင် မြန်ရတာလဲ။ "
" ချင်နိုင်ငံရဲ့ ဝူအန်းစခန်းလှုပ်ရှားနေတာကို ငါတို့ ချူနိုင်ငံက ဘာသတင်းမှမရခဲ့ဘူး။ ချင်ဘုရင်က ဘယ်အချိန်က တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တာလဲ။ "
" ရှုဖုမြို့မှာ စစ်သည်ငါးသောင်းရှိတယ်။ အနီးနားက မြို့တွေရောဆိုရင် စုစုပေါင်း တစ်သိန်းကျော်သွားပြီ။ ဘယ်လိုလုပ်ကြမလဲ။ ကျောက်ဖုန်းက တကယ် ချင်နိုင်ငံရဲ့ ရှုံးနိမ့်ခြင်းမရှိတဲ့ စစ်သေနာပတိချုပ်ပဲ။ "
" ဝူအန်းစခန်းက ဟန်ကုစခန်းထက် ပိုကြောက်စရာကောင်းတယ်။ "
မိသားစုသုံးခု၏ ခေါင်းဆောင်များသာမက ချူနန်းတော်တစ်ခုလုံးက ထိတ်လန့်သွားကြသည်။
" ဝန်ကြီးသုံးယောက် ကျောက်ဖုန်းက ချူနိုင်ငံကို တိုက်ခိုက်လာပြီဆိုတော့ ဘာလုပ်ကြမလဲ။ " ချူဘုရင်က မိသားစုခေါင်းဆောင်သုံးယောက်ကို မေးလိုက်သည်။
" အရှင်မင်းကြီး အချိန်မရှိတော့ပါဘူး။ ချက်ချင်း အမိန့်စာထုတ်ပြီး မြောက်ဘက်နယ်စပ်ကို စစ်ကူလွှတ်ပေးပါ။ " ကျောက်ဝမ်က ကျယ်လောင်စွာ ပြောလိုက်သည်။
" သဘောတူပါတယ်။ ချင်စစ်တပ်ကို ခုခံဖို့ မြောက်ဘက်နယ်စပ်ကို စစ်တပ်တွေ စေလွှတ်ရပါမယ်။ "
ခန်းမထဲမှ ဝန်ကြီးများကလည်း ထောက်ခံလိုက်ကြသည်။
၎င်းကို ကြားသောအခါ ချူဘုရင်၏ မျက်နှာက စိုးရိမ်မှုများဖြင့် ပြည့်နှက်သွားသည်။ သူက ဘုရင်ဖြစ်သော်လည်း သူလက်အောက်တွင် စစ်တပ်မရှိပေ။
" ဝန်ကြီးသုံးယောက် ခင်ဗျားတို့က ချူနိုင်ငံရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေးကို ကိုင်တွယ်ထားတာပဲ။ အခု ချင်နိုင်ငံက မြောက်ဘက်နယ်စပ်ကို တိုက်ခိုက်လာပြီဆိူတော့ ဝန်ကြီးသုံးယောက်ပဲ စစ်တပ်တွေကို စေလွှတ်ဖို့ ဆုံးဖြတ်လိုက်ပါ။ " ချူဘုရင်က ပြောလိုက်သည်။
" ဝန်ကြီးကျောက်ဝမ် ကျုပ်တို့ ချူနိုင်ငံက စစ်တပ်ဘယ်လောက်ထပ်စုနိုင်သေးလဲ။ " ချွီမိသားစုခေါင်းဆောင်က မေးလိုက်သည်။
" ပိုင်ယွဲ့ကို ခုခံနေတဲ့ စစ်တပ်တွေကို ပြန်ခေါ်ရင်တော့ ကျုပ်တို့ ချူနိုင်ငံက စစ်သည်သုံးသိန်းလောက် ထပ်စုနိုင်သေးတယ်။ ဒါပေမယ့် ချင်စစ်တပ်ကိုတော့ မယှဉ်နိုင်သေးဘူး။ ပြီးတော့ ချင်စစ်တပ်က ရိက္ခာတွေ လုံလောက်တယ်။ ကျုပ်တို့မှာ ရိက္ခာတွေ လိုအပ်နေတယ်။ " ကျောက်ဝမ်က ပြောလိုက်ပြီး ချူဘုရင်ကို ထပ်မံဦးညွှတ်လိုက်သည်။
" အရှင်မင်းကြီး လက်ရှိအင်အားနဲ့ဆိုရင် ချင်စစ်တပ်ကို ခုခံဖို့ ခက်ခဲပါတယ်။ အရှင်မင်းကြီး အမိန့်တော်ထုတ်ပြီး ပြည်သူတွေထဲက အတွေ့အကြုံရှိတဲ့ စသ်သည်ဟောင်းတွေကို ပြန်ပြီးစုဆောင်းသင့်ပါတယ်။ ဒိလိုမှသာ ချင်စစ်တပ်ကို ခုခံနိုင်မှာပါ။ "
" ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။ စစ်သည်တွေကို ချက်ချင်း စုဆောင်းရပါတယ်။ ဒါ့အပြင် စစ်သေနာပတိချုပ် ရှန်းယန်သာ ခုခံနိုင်သေးရင် မြောက်ဘက်နယ်စပ်ကို ရွှေ့ပြောင်းခိုင်းတာက ပိုကောင်းပါလိမ့်မယ်။ "
" ဟုတ်ပါတယ်။ ချူဖန်မြို့က ချူနိုင်ငံရဲ့ အခိုင်မာဆုံးခံတပ်ပါ။ စစ်သေနာပတိချုပ်ရှန်းယန်က မြောက်ဘက်နယ်စပ်ကို စစ်တပ်တွေ စေလွှတ်နိုင်ပါလိမ့်မယ်။ "
ဝန်ကြီးသုံးယောက်က တစ်ယောက်ပြီးတစ်ယောက် ပြောပြီး အခက်အခဲကို ချူဘုရင်ဆီ ပြန်ပို့လိုက်ကြသည်။ သူတို့၏ လုပ်ရပ်ကို ကြည့်ပြီး ချူဘုရင်က ကူကယ်ရာမဲ့သွားသည်။ နိုင်ငံပျက်စီးတော့မည့် အချိန်မှာပင် သူတို့က သူတို့၏ အကျိုးစီးပွားကိုသာ ကြည့်နေကြသည်။
"ဝန်ကြီးတို့ ချင်နိုင်ငံက အခြားနိုင်ငံကို ဘာလုပ်ခဲ့သလဲဆိုတာ ခင်ဗျားတို့ သိမှာပါ။ သူတို့က ယန်ဘုရင်ကိုတောင် သတ်ရဲတာ ခင်ဗျားတို့ကို သတ်ဖို့ ဝန်လေးနေမယ်ထင်လား။ ချင်စစ်တပ်သာ ကျုပ်တို့ မြို့တော်ကို ရောက်လာရင် ပျက်စီးနေတဲ့ အသိုက်အောက်မှာ လွတ်မြောက်မယ့်သူရှိမယ်လို့ ထင်နေတာလား။ " ချူဘုရင်က ဝန်ကြီးများကို ကြည့်ပြီး ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ ဝန်ကြီးအားလုံး၏ အမူအရာများက ပြောင်းလဲသွားကြသည်။ ချူဘုရင်၏ သတိပေးချက်ကို သူတို့ ကောင်းကောင်းနားလည်ကြသည်။ နိုင်ငံပျက်လျှင် မိသားစုများလည်း ပျက်စီးပေလိမ့်မည်။ ကျောက်၊ ဝေ၊ ဟန်နှင့် ယန်နိုင်ငံတို့တွင် မိသားစုဘယ်နှစ်ခုက ချင်နိုင်ငံ၏ အကျဉ်းသားများ ဖြစ်သွားပြီလဲ။ တစ်မနက်တည်းနှင့် အာဏာအားလုံး ဆုံးရှုံးသွားခဲ့ရသည်။
ခန်းမထဲမှ စိုးရိမ်နေသော မျက်နှာများကို ကြည့်ပြီး ချူဘုရင်က အေစက်စွာ ရယ်မောလိုက်သည်။ " ချင်စစ်တပ်သာ ကျုပ်တို့မြို့တံခါးကို ရောက်လာရင် ကျုပ်ရဲ့ မိသားစုတွေ အကုန်သေသွားခဲ့ရင်တောင် ကျုပ်ကလည်း ဘယ်တော့မှ အကျဉ်းသားဖြစ်မှာမဟုတ်ဘူး။ ခင်ဗျားတို့ ဝန်ကြီးတွေကိစ္စကတော့ ကျုပ် ဂရုစိုက်နိုင်မှာမဟုတ်ဘူး။ "
သူတို့က အကောင်းဆုံးမကြိုးစားဘဲ ကိုယ်ကျိုးအတွက် ကြည့်နေလျှင် သူကတော့ အသေခံမှာ ဖြစ်သော်လည်း ဝန်ကြီးများ၏ ကံကြမ္မာကတော့ လုံးဝပျက်စီးသွားပေလိမ့်မည်။
" အရှင်မင်းကြီး နိုင်ငံတော်တည်တံ့ဖို့အတွက် ကျွန်တော်မျိုးတို့ ဝန်ကြီးတွေ အစွမ်းကုန် ကြိုးစားပါမယ်။ ကျွန်တော်မျိုးရဲ့ မိသားစုဝင်တွေထဲက သန်မာသူအားလုံးကို ချူနိုင်ငံအတွက် စေလွှတ်ဖို့ အဆင်သင့်ပါပဲ။ " ကျောက်ဝမ်က ခဏစဉ်းစားပြီးနောက် ကျယ်လောင်စွာ ပြောလိုက်သည်။
" ကျွန်တော်မျိုးလည်း မိသားစုထဲက လူငယ်တွေကို ချူနိုင်ငံအတွက် စုစည်းပေးပါမယ်။ "
" ကျွန်တော်မျိုးလည်း ဆန္ဒရှိပါတယ်။ "
ဝန်ကြီးအားလုံးက စိတ်အားထက်သန်စွာ ပြောလိုက်ကြသည်။
" လေးစားရတဲ့ ဝန်ကြီးတွေ ခင်ဗျားတို့ မိသားစုသုံးခုက ချူနိုင်ငံရဲ့ ထောက်တိုင်တွေပါ။ ဒီစစ်ပွဲမှာ ခင်ဗျားတို့ မစည်းလုံးရင် ချူနိုင်ငံက တကယ်အန္တရာယ်ရှိနေပြီ။ စစ်တပ်ကို ဘယ်လိုစေလွှတ်မလဲ၊ ချူနိုင်ငံကို ဘယ်လိုကာကွယ်မလဲဆိုတာ ဝန်ကြီးသုံးယောက်ကို အာဏာအပြည့်အဝ အပ်လိုက်တယ်။ စစ်သည်စုဆောင်းဖို့အတွက်တော့ ကျုပ် အမိန့်စာ ထုတ်ပြန်ပေးပါမယ်။ " ချူဘုရင်က ချက်ချင်း ပြောလိုက်သည်။
" အရှင်မင်းကြီးက အမြော်အမြင်ကြီးလှပါတယ်။ " ဝန်ကြီးများက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်သည်။
ချူဖန်မြို့။
ဟန်ကုစစ်တပ်က မြို့တံခါးသို့ ရောက်နေပြီဖြစ်သည်။
" စစ်သေနာပတိချုပ် ဝူအန်းကျွင်းက ဝူအန်းစခန်းကို ဦးဆောင်ပြီး မြောက်ဘက်နယ်စပ်မြို့တွေကို သိမ်းပိုက်လိုက်ပါပြီ။ သူက ဆက်လက်ချီတက်ပြီး ချူနိုင်ငံကို အဆက်မပြတ် တိုက်ခိုက်နေပါတယ်။ " လီရှင်းက ဟွမ်ယိကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" အရှင်မင်းကြီးက ဝူအန်းကျွင်းကို ချူနိုင်ငံကို တိုက်ခိုက်ဖို့ အမိန့်ပေးလိမ့်မယ်ဆိုတာ ငါသိပြီးသားပါ။ " ဟွမ်ယိက ပြုံးလိုက်သည်။
" စစ်သေနာပတိချုပ် ကျွန်တော် လက်ခံပါပြီ။ ဝူအန်းစခန်းက အလစ်ငိုက်တိုက်ခိုက်ခဲ့တယ်ဆိုပေမယ့် ချူနိုင်ငံက မြောက်ဘက်နယ်စပ်ကို ခိုင်ခံ့အောင် လုပ်ထားခဲ့တာ။ ဒါပေမယ့် ဝူအန်းကျွင်းက ဆယ်ရက်အတွင်း နယ်စပ်မြို့အတော်များများကို သိမ်းပိုက်ခဲ့ပါတယ်။ ချူစစ်သည်တစ်သိန်းမှာ အများကြီး သေဆုံးပြီး အများအပြားကလည်း အဖမ်းခံလိုက်ရပါတယ်။ " လီရှင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" အခု ဝူအန်းကျွင်းက မြောက်ဘက်ကနေ ချူနိုင်ငံရဲ့ မြို့တော်အထိ ချီတက်လာလိမ့်မယ်။ ကြည့်ရတာ ငါတို့စစ်တပ်က အလျင်လိုစရာ မလိုတော့ဘူး။ " ဟွမ်ယိက ရယ်လိုက်သည်။
" စစ်သေနာပတိချုပ်က ရှန်းယန်ကို တားဆီးဖို့ပဲ ရည်ရွယ်ထားတာလား။ " လီရှင်းက နားလည်သွားသည်။
" ချူစစ်သည်နှစ်သိန်းက ရှန်းယန်ရဲ့ အမိန့်အောက်မှာ ရှိတယ်။ ဒီချူဖန်မြို့က ခုခံရလွယ်ပြီး တိုက်ခိုက်ဖို့ ခက်ခဲတယ်။ ငါတို့ ဝိုင်းထားရုံနဲ့တင် လုံလောက်ပြီး ရှန်းယန်ကို တားဆီးထားနိုင်ရင် အောင်မြင်ရလိမ့်မယ်။ ချူနိုင်ငံကို ဖျက်ဆီးဖို့အတွက်တော့ ဝူအန်းကျွင်းပဲ တာဝန်ယူလိမ့်မယ်။ မြို့တော်ကျဆုံးသွားရင် ချူနိုင်ငံလည်း ပျက်စီးသွားမှာပဲ။ အဲ့ဒီအချိန်ကျရင် ရှန်းယန်လည်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။ " ဟွမ်ယိက အေးစက်စွာ ပြုံးလိုက်သည်။
" နားလည်ပါပြီ။ " လီရှင်းက ခေါင်းညိမ့်လိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့