အခန်း ၄၄၀
Vol. 44 Ch. 440
အခန်း (၄၄၀)
ရှန်းယန်မြို့၊ ညီလာခံခန်းမ။
" အရှင်မင်းကြီး ဝူအန်းကျွင်းက သူ့ရဲ့ တပ်တွေကို ဦးဆောင်ပြီး မြောက်ဘက်နယ်စပ်က မြို့ဆယ်မြို့ကို သိမ်းလိုက်ပါပြီ။ ချူစစ်သည်ငါးသောင်းကျော်ကို သတ်ပြီး သုံးသောင်းကျော်ကို ဖမ်းဆီးထားပါတယ်။ အခု ဝူအန်းကျွင်းက တောင်ဘက်ကို ဆက်ပြီး ချီတက်နေပါတယ်။ ခြောက်လအတွင်း ကျွန်တော်မျိုးတို့ ချင်စစ်တပ်က ချူနိုင်ငံရဲ့ မြို့တော်ကို ရောက်သွားပါလိမ့်မယ်။ " ယွီလျောင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" ဝူအန်းကျွင်းသာ အစကတည်းက စစ်တပ်ကို ဦးဆောင်သွားရင် ငါတို့ ချင်စစ်တပ်က ကြီးမားတဲ့ ခုခံမှုကိုတောင် ချေမှုန်းနိုင်လိမ့်မယ်။ "
" ချူနိုင်ငံသာ ပျက်စီးသွားရင် ကမ္ဘာကြီးကို စုစည်းဖို့က လက်တစ်ကမ်းပဲ လိုတော့တယ်။ "
ခန်းမအတွင်းရှိ ဝန်ကြီးများက ကျောက်ဖုန်းကို အလွန်လေးစားနေကြသည်။ ချင်နိုင်ငံ၏ စစ်နတ်ဘုရားဟူသော ဘွဲ့က အလကား ရလာခြင်းမဟုတ်ပေ။ ခန်းမအတွင်းမှ ချီးကူးသံများကို နားထောင်ရင်း ရင်ကျန့်က ပြုံးလိုက်သည်။ သူ၏ သားက စစ်ချီသွားတိုင်း သူ့ကို အံ့ဩစရာများ အမြဲယူဆောင်လာပေးသည်။
" ဟန်ကုစခန်းက အခု ဘာလုပ်နေလဲ။ " ရင်ကျန့်က မေးလိုက်သည်။
" အရှင်မင်းကြီး စစ်သေနာပတိချုပ် ဟွမ်ယိက ချူဖန်မြို့မှာ ရှန်းယန်နဲ့ အပြန်အလှန် တိုက်ခိုက်နေပါတယ်။ ဒီတစ်ခါ သူက ထောက်ပံ့ပေးဖို့ပဲ တာဝန်ယူထားပါတယ်။ ရှန်းယန်ရဲ့ စစ်တပ်ကို ဆွဲထားပြီး အဓိကတိုက်ခိုက်မှုကို ဝူအန်းကျွင်းဆီ အပ်ထားပါတယ်။ ချူနိုင်ငံကို ဖျက်ဆီးမယ့် အောင်မြင်မှုက ဝူအန်းကျွင်း လက်ထဲမှာရှိတယ်လို့ အစီရင်ခံထားပါတယ်။ " ယွီလျောင်က ပြန်ဖြေလိုက်သည်။
" ဟွမ်းယိ တော်တယ်။ သူက ဘယ်အချိန် ရှေ့တိုးရမလဲ၊ ဘယ်အချိန် နောက်ဆုတ်ရမလဲဆိုတာ သိတယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။
" ငါ့ရဲ့ အမိန့်စာကို ပို့လိုက်ပါ။ စစ်သေနာပတိချုပ်ဟွမ်ယိက ချူနိုင်ငံကို ဖျက်ဆီးရာမှာ ဝူအန်းစစ်တပ်ကို ကူညီရင် သူ့ကိုလည်း ဆုလာဘ်တွေ ချီမြှင့်မယ်။ " ရင်ကျန့်က ပြောလိုက်သည်။
" အရှင်မင်းကြီးရဲ့ အမိန့်တော်ကို အမြန်ဆုံး ပေးပို့လိုက်ပါမယ်။ " ယွီလျောက်က ရိုသေစွာ ပြောလိုက်သည်။
" ဝန်ကြီးချုပ်ဟန် ရိက္ခါနဲ့ ထောက်ပံ့ရေးကိစ္စတွေ ဘယ်လိုရှိလဲ။ " ရင်ကျန့်က ဟန်ဖေးကို ကြည့်ပြီး မေးလိုက်သည်။
" အရှင်မင်းကြီး ဟန်ကုစခန်းက ချင်နိုင်ငံကနေ ရိက္ခါတွေ ရပါတယ်။ ဝူအန်းစခန်းကတော့ ယန်နယ်မြေရဲ့ တုချန်ဒေသက ရိက္ခါတွေ ရရှိပါတယ်။ ဒီနေ့ပဲ ခရိုင်အုပ်ချုပ်ရေးမှူးချိုင်စီက ဝူအန်းစခန်းကို ရိက္ခါမပြတ်အောင် အပြည့်အဝ တာဝန်ယူပါတယ်လို့ အစီရင်ခံထားပါတယ်။ " ဟန်ဖေးက ပြောလိုက်သည်။
" ငါ ဒါကို ထပ်ပြောမယ်။ ချင်ရဲ့ စစ်သည်တွေက စစ်မြေပြင်မှာ ကျဆုံးနိုင်ပေမယ့် ရိက္ခါမလုံလောက်လို့ မသေရဘူး။ ငတ်မွတ်မှုကြောင့် ကျဆုံးလို့မရဘူး။ ချင်နိုင်ငံက ချူနိုင်ငံကို ဖျက်ဆီးပြီးရင် စစ်တပ်ကို အမိန့်ပေးတဲ့ အရာရှိတွေအပြင် ထောက်ပံ့ရေးကို တာဝန်ယူတဲ့ အရာရှိတွေကိုလည်း ဂုဏ်ပြုရမယ်။ " ရင်ကျန့်က ကျယ်လောင်စွာ ပြောလိုက်သည်။
" အရှင်မင်းကြီးက အမြော်အမြင် ကြီးမားလှပါတယ်။ " အရာရှိများက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။
ဝမ်ဝမ်သေပြီးကတည်းက နန်းတော်ထဲတွင် ဘယ်သူမှ ကျောက်ဖုန်းကို ပစ်မှတ်မထားရဲတော့ပေ။ ဟွိုက်ကျွမ်းတောင် ကျောက်ဖုန်းကို စိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်ရဲတော့ပေ။ ဝမ်ဝမ်၏ မိသားစုတစ်ခုလုံးကို သတ်ဖြတ်ခံရခြင်းက နန်းတော်တစ်ခုလုံးကို သတိပေးလိုက်ခြင်းဖြစ်သည်။
" ချူနိုင်ငံရဲ့ အခြေအနေကို ကြည့်ရင် မိသားစုသုံးခုက အာဏာလုနေကြတာပဲ။ ချူနိုင်ငံက အင်အားကြီးပေမယ့် သူတို့ကို ဖျက်ဆီးတာက ကျောက်နိုင်ငံကို ဖျက်ဆီးတာထက်တောင် ပိုလွယ်ပါသေးတယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" အရှင်မင်းကြီး ပြောတာ မှန်ပါတယ်။ ချူနိုင်ငံက အင်အားကြီးပေမယ့် ဘုရင်က တစ်နိုင်ငံလုံးကို မအုပ်ချုပ်နိုင်ဘူး။ အာဏာအားလုံးက မိသားစု သုံးခုလက်ထဲမှာပဲ ရှိပါတယ်။ ချူဘုရင်က ရုပ်သေးရုပ်တစ်ခုပါပဲ။ အဲ့ဒီနိုင်ငံကို ဖျက်ဆီးဖို့က ခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး။ " ယွီလျောင်က ချက်ချင်း ထောက်ခံလိုက်သည်။
" ကျောက်ဖုန်းဆီ အမိန့်စာပို့လိုက်။ ချူနိုင်ငံကို မြန်မြန်ဖျက်ဆီးပါ။ ချူနိုင်ငံကို မြန်မြန်သိမ်းပိုက်နိုင်လေ ငါပေးမယ့် ဆုလာဘ်က ပိုကြီးလေပဲ။ " ရင်ကျန့်က ယွီလျောင်ကို ပြောလိုက်သည်။
" အရှင်မင်းကြီးရဲ့ အားပေးမှုနဲ့ဆိုရင် ဝူအန်းကျွင်းနဲ့ စစ်သည်တွေက ပိုပြီး ရဲရင့်လာကြမှာပါ။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။
" ယွီချင်း မင်းရဲ့ဆရာ ကွေ့ကူကျိက ကျောက်ဖုန်းကို ကွေ့ကူမှာ သီးသန့်တွေ့ဆုံဖို့ ဖိတ်ခေါ်တယ်လို့ကြားတယ်။ ဒါတကယ်ပဲလား။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။
" အရှင်မင်းကြီး ဒီကိစ္စက အမှန်ပါပဲ။ ဝူအန်းကျွင်း အိမ်ပြန်ရောက်တဲ့အခါ ကွေ့ကူကိုလာဖို့ ဆရာကိုယ်တိုင် ဖိတ်ခေါ်ခဲ့တာပါ။ အခု ဝူအန်းကျွင်းက ကွေ့ကူကို သွားပြီး ဆရာနဲ့ တွေ့ပြီးသွားလောက်ပါပြီ။ " ယွီလျောင်က ပြောလိုက်သည်။
" ကမ္ဘာအကျော်ကြားဆုံးပညာရှိကြီး ကွေ့ကူကျိက ကျောက်ဖုန်းကို ကွေ့ကူဆီ ဖိတ်ခေါ်ခဲ့တယ်။ တကယ်ထူးချွန်တာပဲ။ "
" မယုံနိုင်စရာပဲ။ အရှင်မင်းကြီးတောင် ကူကွေ့ကျိနဲ့ တွေ့ဖို့ ကြိုးစားခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရတယ်။ အခုတော့ ဝူအန်းကျွင်းက ဒီအခွင့်အရေးကို ရသွားတယ်။ "
" ကွေ့ကူကျိက ဝူအန်းကျွင်းကို လမ်းညွှန်မှု နည်းနည်းပေးလိုက်ရင်တောင် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရလိမ့်မယ်။ "
" ဒီသတင်းကြားရင်တော့ ဝူအန်းကျွင်းက ပိုပြီး ကျော်ကြားလာတော့မှာပဲ။ ဝန်ကြီးတစ်ယောက်က ဒီလောက်ကျော်ကြားလာတာကို အရှင်မင်းကြီးက စိုးရိမ်မှာမရှိဘူးလား။ "
" ချူနိုင်ငံကို ဖျက်ဆီးပြီးရင် ဝူအန်းကျွင်းက စစ်ဦးစီးချုပ်ဖြစ်လာလိမ့်မယ်။ " အရာရှိများက စိတ်ထဲမှ အမျိုးမျိုး တွေးတောနေကြသည်။
" အရင်တုန်းက ငါ မင်းရဲ့ဆရာနဲ့ တွေ့ဖို့ ကြိုးစားခဲ့ပေမယ့် သူက ငြင်းခဲ့တယ်။ အခုတော့ သူက ကျောက်ဖုန်းကို ကွေ့ကူကိုတောင် ဖိတ်ခေါ်ခဲ့တယ်။ ဒါက တကယ်ကို မနာလိုစရာပဲ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ဆရာရဲ့ စိတ်နေသဘောထားက နားလည်ရခက်ပါတယ်။ ဝူအန်းကျွင်းကို ကွေ့ကူဆီ ဖိတ်ခေါ်ခိုင်းတုန်းက ကျွန်တော်မျိုးတောင် အံ့ဩခဲ့ရပါတယ်။ " ယွီလျောင်က ပြုံး၍ ပြန်ပြောလိုက်သည်။
" ဟားဟား တစ်နေ့ကျရင်တော့ ကွေ့ကူကျိကို ချင်နိုင်ငံရဲ့ မြို့တော်ကို လာစေချင်မိတယ်။ " ရင်ကျန့်က ရယ်မောပြီး ပြောလိုက်သည်။
" အဲ့ဒီနေ့ ရောက်လာလိမ့်မယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။ " ယွီလျောင်က ထောက်ခံပြောဆိုလိုက်သည်။
ညီလာခံပြီးသွားသောအခါ ရင်ကျန့်က ကျန်းထိုင်နန်းဆောင်သို့ ပြန်လာခဲ့သည်။
" အဘိုး ကျွန်တော်တို့ ပြန်ရောက်ပြီ။ " ကျောက်ချီ၏ အသံက ထွက်ပေါ်လာသည်။
အသံကြားသောအခါ ရင်ကျန့်၏ မျက်နှာတွင် ဝမ်းသာမှုများ ပေါ်လာပြီး ချက်ချင်း လှည့်ကြည့်လိုက်သည်။ သူက ကျောက်ချီနှင့် ကျောက်လင်းကို တွေ့လိုက်ရပြီး သူတို့၏ နောက်တွင် ဟန်ချန်းယန်ရှိနေသည်။
" နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့။ " ရင်ကျန့်က မြေးနှစ်ယောက်ကို ကြည့်ပြီး ပြုံးလိုက်သည်။
" ကျွန်တော်တို့က အဘိုးဆီကို ချက်ချင်းလာခဲ့တာပါ။ " ကျောက်ချီက အနားသို့ ပြေးလာပြီး ပြောလိုက်သည်။
" မင်းတို့က အဘိုးကို မှတ်မိနေသေးတာပဲ။ " ရင်ကျန့်က ထိုင်ပြီး ကလေးနှစ်ယောက်၏ ခေါင်းကို ပွတ်လိုက်သည်။
" အစားအသောက်တွေ ပြင်ထားလိုက်။ ကျန်တဲ့လူတွေ ထွက်သွားကြ။ " ရင်ကျန့်က ကျောက်ကောင်းကို အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " ကျောက်ကောင်းက အစေခံများကို ခေါ်ပြီး ထွက်ခွာသွားသည်။
" အဘိုးကို ပြောပြပါဦး။ ဒီအတောအတွင်း ငါ့မြေးတို့ ဘာလုပ်နေကြလဲ။ " ရင်ကျန့်က ကလေးနှစ်ယောက်၏ လက်ကို ကိုင်ပြီး နန်းဆောင်ထဲသို့ မဝင်ဘဲ ဥယျာဉ်ထဲတွင် လမ်းလျှောက်နေသည်။
" ကျွန်တော်တို့ အဘွားနဲ့ ရှချူးမှာ ရှိနေတာပါ။ " ကျောက်ချီက ပြောလိုက်သည်။
" အစ်ကို သိုင်းပညာလေ့ကျင့်တာကို ဘာလို့မပြောပြတာလဲ။ " ကျောက်လင်းက အံ့ဩစွာ မေးလိုက်သည်။
ကျောက်ချီက ကျောက်လင်း၏ ပါးစပ်ကို အမြန်ပိတ်လိုက်သည်။
" အဖေက ပြောထားတယ်။ မလိုအပ်တာတွေ မပြောရဘူး။ ဘယ်သူမှမသိစေနဲ့တဲ့။ " ကျောက်ချီက လေးနက်စွာ ပြောလိုက်သည်။
ကျောက်လင်း၏ အမူအရာကလည်း လေးနက်သွားပြီး ချက်ချင်း ခေါင်းညိမ့်လိုက်သည်။
" ကျွန်တော်တို့ ဘာမှမလုပ်ပါဘူး။ "
သို့သော် ရင်ကျန့်ကတော့ သူတို့ပြောသမျှကို အကုန်ကြားနေရသည်။
" မင်းတို့အဖေက တကယ်အကျင့်မကောင်းတာပဲ။ မင်းတို့ကို သိုင်းပညာလေ့ကျင့်ခိုင်းတယ်ပေါ့။ " ရင်ကျန့်က ရယ်မောလိုက်သည်။
" အဘိုး သမီးတို့ သင်တဲ့ သိုင်းပညာက မတူဘူး။ " ကျောက်လင်းက ဂုဏ်ယူစွာ ပြောလိုက်သည်။
" ကောင်းပါပြီ။ မင်းတို့ဟာက ပိုထူးခြားပါတယ်။ " ရင်ကျန့်က သိပ်မတွေးဘဲ ပြုံးလိုက်သည်။
" အဘိုးက မယုံဘူးပေါ့။ " ရင်ကျန့်က ဟာသလုပ်နေသည်ကို မြင်သောအခါ ကျောက်ချီက မကျေမနပ်ဖြစ်သွားသည်။ သူက ပတ်ဝန်းကျင်ကို ကြည့်ပြီး ကျောက်တုံးတစ်ခုဆီသို့ လျှောက်သွားလိုက်သည်။
" ချီအာ ဘာလုပ်နေတာလဲ။ " ရင်ကျန့်က အံ့ဩစွာ ကြည့်လိုက်သည်။
" အစ်ကိုက မပြမလို့လေ။ " ကျောက်လင်းက ပြုံး၍ ပြောလိုက်သည်။
" မပြမှာ " ရင်ကျန့်က ခေါင်းခါလိုက်သည်။ " ချီအာ အဲ့ဒီကျောက်တုံးက အလေးကြီးနော်။ မနိုင်မှာ မဟုတ်ဘူး။ ပြန်လာခဲ့။ မင်းကို ထိခိုက်မိဦးမယ်။ "
သို့သော် ရုတ်တရက် ရင်ကျန့်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ သူ၏ မြေး ကျောက်ချီက ပေါင်ရာချီလေးသော ကျောက်တုံးကြီးကို မြှောက်ထားသည်ကို မြင်လိုက်ရသည်။
" အဘိုး ကြည့်လိုက်လေ။ ကျွန်တော်ခွန်အားက ကြီးလား မကြီးဘူးလား။ " ကျောက်ချီက သူ့ထက် ပိုကြီးသော ကျောက်တုံးကြီးကို မြှောက်ပြီး ရင်ကျန့်ကို မေးလိုက်သည်။
" အစ်ကိုက အတော်ဆုံးပဲ။ " ကျောက်လင်းက ပျော်ရွှင်စွာဖြင့် လက်ခုပ်တီးလိုက်သည်။
" ကောင်းပြီ။ ချလိုက်တော့ ချလိုက်တော့။ " ရင်ကျန့်က သတိပြန်ဝင်လာပြီး ကျောက်ချီကို ပြောလိုက်သည်။
" ဟုတ်ကဲ့။ " ကျောက်ချီက ကျောက်တုံးကြီးကို ချလိုက်သည်။
သူပစ်ချလိုက်သောအားကြောင့် ဝုန်းခနဲပင် မြည်သွားပြီး ကျောက်တုံးက မည်မျှလေးကြောင်း ဖော်ပြနေသည်။ ကျောက်ချီက ရင်ကျန့်ဆီသို့ လျှောက်လာပြီး သူ၏ မျက်နှာတွင် ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေသည်။