← Chapters

မိမိကိုယ်ကို ငါးစာအဖြစ် ထားရှိခြင်း

Vol. 98 Ch. 1357

မိမိကိုယ်ကို ငါးစာအဖြစ် ထားရှိခြင်း

Vol. 98 Ch. 1357

ပါရာဂွန်ပင်လယ်အိပ်မက်အနေဖြင့် တောင်ပင်လယ်လောကနှင့်အတူ ထွက်ပြေးဖို့ အမှန်တကယ် ကြံစည်ထားသည်ဖြစ်စေ၊ စစ်ပွဲက မျှော်လင့်ချက်မရှိဟု သူမကိုယ်တိုင် ခံစားရသည်ဖြစ်စေ အရေးမကြီးပေ။ ဤအခိုက်အတန့်တွင် သူ၏စကားသံက တောင်ပင်လယ်ကျင့်ကြံသူများ၏ နှလုံးသားကို ခိုင်မာသွားစေသည်သာမက ကောင်းကင်ဘုံ (၂) မှ ကောင်းကင်ဘုံ (၆) အတွင်း ကျန်ခဲ့သော အပြင်သူများကို လွန်စွာမှုန်ကုပ်သွားစေသည့် တန်ပြန်ထိုးနှက်မှုလည်း ဖြစ်လာသည်။

မန်ဟိုမှာ စိတ်သက်သာရာရသွားပြီး ခံစားချက်များမတင်မကျဖြင့် နဝမတောင်အား လှမ်းကြည့်လိုက်သည်။ သူ့ရင်ထဲတွင် ပါရာဂွန်ပင်လယ်အိပ်မက်သည် တောင်ပင်လယ်လောကနှင့်အတူ ထွက်ပြေးဖို့ ကြံစည်ထားခဲ့ကြောင်း သူ ယုံကြည်လေသည်။

သို့သော် ယခုအချိန်သည် စဉ်းစားရမည့်အချိန်မဟုတ်။ အတွေးများကို ဘေးချိတ်ပြီးနောက် သူက မန္တန်ဝင်္ကပါအပေါ်တွင် အပြည့်အဝအာရုံစိုက်ကာ နေအလင်းရောင်အား ကြယ်တာရာကောင်းကင်တွင် ဖြာထွက်တောက်ပသွားစေသည်။

ထိုစဉ် ပင်လယ်အိပ်မက်၏စကားကို တုံ့ပြန်နေသည့်အလား ကြယ်တာရာကောင်းကင်၌ လွင့်မျောနေသော အနက်ရောင်ကုဗတုံးများသည် ရုတ်တရက် လျှပ်စီးမိုးကြိုးများဖြင့် တဂျုန်းဂျုန်းမြည်လာပြီးနောက် တောင်ပင်လယ်လောက၏ ပထမခံစစ်ကြောင်းထံ ထိုးဆင်းလာကြသည်။ ဤရွေ့ဤမျှသာဆိုလျှင် ရေးကြီးခွင်ကျယ်မဟုတ်သေး။ သို့သော် ပါရာဂွန်တစ်ဦး၏ တန်ခိုးကြီးမားသောစွမ်းအားလည်း ကောင်းကင်ဘုံ (၆) မှ ထွက်ပေါ်လာချေပြီ။

မာနခေါင်ခိုက်နေသော အက်ကွဲကွဲအသံတစ်သံအား ကြားလိုက်ရသည်။ “အခုအချိန်ထိ ရှေ့တစ်မျိုး၊ နောက်တစ်မျိုး ပြောတတ်တုန်းပဲနော် တာအိုရောင်ရင်းပင်လယ်အိပ်မက်။ ဘယ်လောက်ချီးကျူးစရာကောင်းလိုက်သလဲ”

ကောင်းကင်ဘုံ ၃၃ ဘုံတွင် မူလတုန်းက ပါရာဂွန်ငါးဦး ရှိခဲ့သည်။ ထိုငါးဦးနက် တစ်ဦးမှာ မန်ဟို၏ကျွန်ပြုခြင်းခံခဲ့ရာ ကျန်ခဲ့သောလေးယောက်အနက်မှ ... နှစ်ယောက်က ဤနေရာတွင် တိုက်ခိုက်ရန် ရှိနေလေသည်။

ဤပါရာဂွန်၏စကားက အပြင်သူများကို ယုံကြည်ချက်ရှိလာစေသည်။ ကောင်းကင်ဘုံ ၃၂ ဘုံက သူတို့ကို ထောက်ပံ့ပေးဖို့ ပါရာဂွန်နှစ်ဦးကို စေလွှတ်ထားလေရာ ပါရာဂွန်ပင်လယ်အိပ်မက်ပြောသလို သူတို့က အစွန့်ပစ်ခံဖြစ်လိမ့်မည်လော....

စစ်သွေးစစ်မာန်တို့ တက်ကြွစွာဖြင့် သန်းပေါင်းများစွာသော အပြင်သူများသည် တားမြစ်မန္တန်ပေါင်းများစွာ အသက်ဝင်နေသည့်အတွက် ပွက်ပွက်ဆူပလုံစီနေသည့် ပထမပင်လယ်ထံ ဆင်းသက်သွားကြ၏။

ကျင့်ကြံသူသန်းပေါင်းများစွာလည်း တိုက်ခိုက်ရန် ချီတက်သွားကြသည်။ စူးရှတောက်ပသော အလင်းတန်းများက ပထမပင်လယ်ကို ဖြတ်၍ တားမြစ်မန္တန်နှင့် မန္တန်ဝင်္ကပါများ၏ စွမ်းအားများနှင့်အတူ ပေါင်းစည်းကာ အပြင်သူများအား ဖျက်စီးပစ်ကြသည်။

အပြင်သူများစွာကြောင့် ပထမပင်လယ်မှာ တဖွေးဖွေး လှုပ်လျက်ရှိပြီး မျက်စိတစ်မှိတ်အတွင်း မချိတင်ကဲအော်သံများ၊ ဟိန်းဟောက်သံများ ဆူညံပွက်လောရိုက်လာ၏။ ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများပင် ချက်ချင်းဆိုသလို တောင်လိုပုံသွားသည်။ ပထမပင်လယ်မှာ သွေးချင်းနီစွေးလာရာ ပင်လယ်တစ်စင်းလုံး ... သွေးပင်လယ်ကြီးပမာ ဖြစ်နေတော့သည်။

ကောင်းကင်ဘုံ (၆) မှ ယခုလေးတင် စကားပြောခဲ့သော ပါရာဂွန်ကမူ ကိုယ်တိုင်ပေါ်မလာ။ သူ၏တစ်ခုတည်းသော ရည်ရွယ်ချက်က တောင်ပင်လယ်လောကအပေါ် ဖိအားပေး၍ အပြင်သူများအား စိတ်အေးသွားစေရန်သာဖြစ်သည်။ ထို့ထက်ပိုသည်ကတော့ အချိန်ဆွဲလိုခြင်းပင်။

ကောင်းကင်ဘုံ (၇) မှ ကောင်းကင်ဘုံ (၃၃) အတွက် ဖျက်စီးခြင်းလေဆင်နှာမောင်းကို ရှောင်တိမ်းဖို့ အသုံးပြုခဲ့သော မှော်အစွမ်းကြောင့် အထူးအခြေအနေမှ ပြန်ထွက်လာရန် အချိန်လိုအပ်သည်။

အပြင်သူအင်ပါယာသခင်အရေအတွက်သည်လည်း လေးယောက်မှ ခြောက်ယောက်အထိ တိုးသွားခဲ့၍ စစ်မြေပြင်ထက်တွင် အစွမ်းပြနေကြသည်။

ကြယ်တာရာကောင်းကင်ထက်တွင် ရွှမ်းဖန်သည် အင်ပါယာသခင်ခြောက်ဦးကို လှမ်းကြည့်ပြီးနောက် နေရှိရာဘက်သို့ လက်ညှိုးထိုးလိုက်၏။

“မင်းတို့အားလုံး..” သို့သော် သူစကားပြောမပြီးခင် သူ့မျက်နှာအမူအရာ ရိပ်ခနဲဖြစ်သွားသည်။ “မကောင်းတော့ဘူး...”

ထိုအချိန်တွင် တောက်ပနေသောဒိုင်းတစ်ဒိုင်းက လထံမှ ဖြာထွက်လာသည်။ ခိတိဂဗ္ဗသည် လ၏မန္တန်ဝင်္ကပါစွမ်းအားကို အသုံးပြုဖို့ သူ ထုတ်လွှတ်နိုင်သမျှ အစွမ်းအကုန် သုံးနေ၏။ လသည် ခံစစ်တွင် အားပြုသည့်အတွက် ယခု၌ ပထမပင်လယ်အပါအဝင် တောင်ပင်လယ်လောကကို လွှမ်းခြုံနေသော ဒိုင်းတစ်ဒိုင်းကို ဖန်တီးလိုက်လေသည်။

ထိုဒိုင်းက တောင်ပင်လယ်လောကကို အဝင်အထွက်ပိတ်လိုက်သလို၊ တစ်ချိန်တည်းမှာပင် ... ပထမပင်လယ်အတွင်း ရောက်နေသော အပြင်သူအားလုံးကို ကျန်ရှိသူများနှင့် အဆက်အသွယ်ပြတ်သွားစေသည်။

အပြင်သူများ၏ ဧရာမစစ်တပ်ကြီးမှာ ရုတ်တရက် ပိုင်းခြမ်းခံလိုက်သကဲ့သို့ပင်။

တစ်ခြမ်းက ပထမပင်လယ်တွင် ပိတ်မိသွားကြစဉ် အပြင်သူစစ်သည်အများစုမှာ အပြင်တွင် ပိတ်မိကုန်ကြသည်။ တစ်ချိန်တည်းမှာပင် မန်ဟိုသည် ပထမတောင်ပေါ်တွင် စောင့်နေသော ပါရာဂွန်ရုပ်သေးရုပ်ထံသို့ နတ်ဘုရားစိတ်ဆန္ဒ ပို့လွှတ်လိုက်၏။ ရုတ်တရက် ၎င်းက မျက်လုံးများ တလက်လက်တောက်ပနေလျက် ခေါင်းမော့လာသည်။

ရုပ်သေးရုပ်၏အမူအရာမှာ ခံစားချက်မဲ့နေသော်လည်း ပါရာဂွန်ရွှမ်းဖန်မှာ ၎င်းကို မြင်လျှင် မျက်နှာပျက်သွား၏။ ရုပ်သေးရုပ်က ပါရာဂွန်အရှိန်အဝါကို ပထမတောင်မှ ပထမပင်လယ်သို့ ဖြန့်ကျက်ရင်း ထရပ်ပြီးနောက် ခြေတစ်လှမ်းလှမ်းသည်။

“အောဂူ မင်းဘာလုပ်နေတာလဲ” ရွှမ်းဖန်က ဒိုင်း၏တစ်ဖက်ခြမ်းမှ အော်သည်။ သူက ဒိုင်းထံ ခြေတစ်လှမ်းလှမ်း၍ လက်သီးဖြင့် ထိုးချလိုက်သည်။ ဒိုင်းတစ်ဒိုင်းလုံးမှာ အချိန်မရွေး ပြိုကွဲတော့မည့်အလား တုန်ခါသွားသော်လည်း ခိတိဂဗ္ဗ၏မျက်လုံးများက ရူးမိုက်စွာ တောက်ပလာပြီး သူ့အမိန့်အောက်ရှိ ကျင့်ကြံသူတစ်သိန်း၏ပါးစပ်မှ သွေးများ စီးကျလာကြသည်။ ရလဒ်အနေဖြင့် ဒိုင်းသည် တည်ငြိမ်သွားပြီး ပျက်စီးမည့်အရိပ်အယောင်များ ထပ်မံမပြသတော့ပေ။

ရွှမ်းဖန်က ဒိုင်းကို ထပ်ထုနှက်သော်လည်း အကြောင်းမထူးသဖြင့် ဒေါသတကြီး ဟိန်းဟောက်သည်။ သူ မန်ဟို၏ပါရာဂွန်ရုပ်သေးရုပ်ကို ရက်စက်စွာ စိုက်ကြည့်နေစဉ် ၎င်းသည် ခြေတစ်လှမ်းလှမ်းပြီးနောက် ပထမပင်လယ်ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။

ထိုလက်သီးချက်တွင် မိုးကောင်းကင်ကို ကိုင်လှုပ်နိုင်သော စွမ်းအားပါရှိသည်။ ပထမပင်လယ်တစ်စင်းလုံး အိကျသွားပြီး တောင်ပင်လယ်သားကျင့်ကြံသူများမှာ ဧရာမအားကြီးတစ်ရပ်၏ တွန်းထုတ်ခြင်းခံလိုက်ရသည်။ ဆန့်ကျင်ဘက်တွင် အပြင်သူများ၏မျက်နှာထက်၌ အံ့ဩခြင်း၊ မယုံနိုင်ခြင်းတို့ ဖြတ်ပြေးသွားလေသည်။

“မလုပ်နဲ့”

“အဲ့ဒါ ပါရာဂွန်အောဂူမလား....ဘယ်လိုလုပ် ဖြစ်...ဖြစ်နိုင်မှာလဲ"

“ပါရာဂွန်အောဂူ သစ္စာဖောက်ပြီလား”

ဒုန်းးးးးးးးးးးးးးး

ပထမလက်သီးချက် ကျရောက်လာသည်။ အပြင်သူများမှာ သွေးတပွက်ပွက်အန်၍ ခန္ဓာကိုယ်များ အပိုင်းပိုင်းဖြတ်ထွက်ကုန်သဖြင့် ခံစားချက်များရှုပ်ထွေးနေသော မချိတင်ကဲအော်ဟစ်သံများ ဆူညံလာတော့သည်။

ပထမလက်သီးကျရောက်သွားပြီးနောက်တွင် အင်အားကြီးမားသော တုန်ခါလှိုင်းကြီးတစ်လှိုင်းက လေဆင်နှာမောင်းကြီးသဖွယ် အရပ်လေးမျက်နှာသို့ ဖြာထွက်ရိုက်ခတ်သွားသည်။ ၎င်း ပထမပင်လယ်ထဲရှိ အပြင်သူများကို ရိုက်ခတ်သွားသည့်အခါ ထိုသူတို့၏ခန္ဓာကိုယ်များမှာ အရိုးတခြားအသားတခြား စုတ်ပြတ်သပ်ကုန်တော့သည်။ သူတို့၏အသားသည် ပြာကျသွားပြီး သူတို့၏အရိုးများက ဘာကိုဘာမှမချန်ခဲ့ဘဲ မွစာကြဲကုန်သည်။

သူတို့၏မှော်ပစ္စည်းများ၊ သူတို့၏သိုလှောင်အိတ်များ၊ သူတို့နှင့်ပတ်သက်သမျှအရာအားလုံးမှာ တလူလူလွင့်နေသော အငွေ့မျှင်များမှအပ ဘာမှမကျန်ခဲ့သည့်တိုင်အောင် ဖျက်စီးခံလိုက်ရတော့သည်။

သို့သော် ပထမပင်လယ်၌ သွေးများ ပြည့်နေဆဲပင်။ တစ်စက်လေးမှ လျော့ကျမသွားသည့်အပြင် ပို၍ပင်ပျစ်လာသေးသည်။ ပထမပင်လယ်မှ လှိုင်လှိုင်ထနေသော သွေးညှီနံ့တို့က ဒိုင်း၏အခြားတစ်ဖက်ရှိ အပြင်သူများအား ထိတ်လန့်သွားစေသည်။

လက်သီးတစ်ချက်တည်းနှင့် ... ပထမပင်လယ်ရှိ ရန်သူတပ်သားအားလုံးကို သုတ်သင်ချေမှုန်းခဲ့ပြီးလေပြီ။

ပါရာဂွန်တစ်ဦး၏စွမ်းအားသည် ... ထုတ်ဖော်လိုက်သည်နှင့် မိုးကောင်းကင်နှင့်မြေကြီးကို သုတ်သင်ပစ်နိုင်ပေ၏။

ပါရာဂွန်ရုပ်သေးရုပ်က ဖြည်းဖြည်းချင်း ခေါင်းမော့လာသည်။ ၎င်း၏မျက်လုံးများကား သိသိသာသာပင် အောဂူ၏မျက်ဝန်းမဟုတ်၊ မန်ဟို၏မျက်ဝန်းများ ဖြစ်သည်။ ထိုအထဲရှိ သွေးအေးသော အမျက်ဒေါသနှင့် သတ်ဖြတ်လိုစိတ်က တောင်ပင်လယ်လောက၏ဒိုင်းကို ဖြတ်ကာ ရွှမ်းဖန်ထံ စိုက်ဝင်သွားသည်။

ရွှမ်းဖန်မှာ တုန်လှုပ်သွားပြီး မျက်နှာကြီးမည်းမှောင်သွားသော်လည်း နေနှင့်မန်ဟိုရှိရာသို့ လှမ်းကြည့်လိုက်စဉ် သူ၏မျက်ဝန်းထဲရှိ သတ်ဖြတ်လိုစိတ်သည်လည်း တောက်ပမြဲတောက်ပဆဲ ဖြစ်သည်။

“ဒီကောင်လေး အသက်ရှင်နေသရွေ့” သူက တွေးသည်။ “အနိုင်ရဖို့ ဆယ်ဆပိုခက်လိမ့်မယ်” တခဏကြာသော် သူသည် အကြည့်လွဲ၍ ဘာစကားမှထပ်မပြောဘဲ သူ၏အာရုံကို ဒိုင်းဆီ ပြန်ပို့လိုက်သည်။ ၎င်းကို ချိုးဖျက်နိုင်မည်ဟု သူ ယုံကြည်ချက်ရှိသော်လည်း ထိုသို့လုပ်နိုင်လျှင်တောင်မှ သူ့စစ်တပ်အနေဖြင့် ပထမပင်လယ်ထဲ ဝင်လိုစိတ်ရှိတော့မည်မဟုတ်မှန်း သူ သိသည်။

သို့ထိတိုင် ရှေ့မတိုးနောက်မဆုတ်သာအခြေအနေကို မဖျက်စီးလျှင်လည်း အချိန်ဆွဲနိုင်လျှင်တောင်မှ စစ်သည်များ၏ စိတ်ဓာတ်အားမာန်သည် သိသိသာသာ ထိုးကျသွားလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ တောင်ပင်လယ်လောကအတွက် ပြင်ဆင်ချိန် ထပ်ရပြန်မည်။

ရွှမ်းဖန်၏မျက်လုံးများ လင်းလက်တောက်ပသွားသည်။ “သူတို့အသာစီးရလို့ မဖြစ်ဘူး။ ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေကို ဖျက်စီးဖို့ဆိုရင် .. ငါ့ကိုယ်ငါ ငါးစာအဖြစ် ချဖို့ လိုတယ်။ အင်ပါယာသခင်တစ်ဦးနဲ့ဆိုလည်း မလုံလောက်ဘူး။ ငါ့ကိုယ်ငါ ငါးစာအနေနဲ့ ထားမှ တောင်ပင်လယ်လောက ဘယ်လိုနေနေ လှုပ်ရှားရအောင် ဖိအားပေးနိုင်လိမ့်မယ်”

တခဏတိတ်ဆိတ်နေပြီးနောက် တောင်ပင်လယ်လောကသားကျင့်ကြံသူများသည် အားတက်သရော ကြွေးကြော်ကြပြီး စိတ်လှုပ်ရှားလာကြ၏။ တစ်ချိန်တည်းမှာပင် ဒိုင်းသည် မှေးမှိန်စပြုလာသည်။

ထိုအခါ အပြင်သူများသည် သွေးအိုင်ထွန်းနေသော ပထမပင်လယ်ကို ကြည့်နေကြပြီး ရွှမ်းဖန် တွက်ထားသည့်အတိုင်း တစ်ယောက်မှ မဝင်ရဲကြပေ။ သူတို့သည် တောင်ပင်လယ်လောကသားကျင့်ကြံသူများထက် အရေအတွက်များသော်လည်း သရဲဘောကြောင်နေကြ၏။

တစ်ယောက်မှ မဝင်ရဲသော်လည်း ရွှမ်းဖန်က ဝင်သွားသည်။ သူသည် ပျောက်ကွယ်နေသောဒိုင်းကို လျင်မြန်စွာ ဖြတ်ဝင်လာပြီး တစ်ချိန်တည်းမှာပင် ခိတိဂဗ္ဗက လအတွင်း၌ ထိုင်နေရာမှ ငေါက်ခနဲ ထရပ်သည်။

“တကယ်ဝင်လာရဲတယ်လား” သူက မျက်လုံးများ ထူးဆန်းစွာ တောက်ပနေလျက် တွေးသည်။ သို့သော်လည်း ချီတုံချတုံဖြစ်နေ၏။

ဒိုင်းကို နောက်တစ်ကြိမ် အသက်သွင်း၍ အပြင်သူပါရာဂွန်ကို အတွင်း၌ ပိတ်လှောင်ပြီး တောင်ပင်လယ်စွမ်းအားဖြင့် သူ့ကို သတ်ရမည်လား ချီတုံချတုံနေခြင်း ဖြစ်သည်။

ထိုအတိုင်းသာ အောင်မြင်ပါက ... စစ်ပွဲကို စောစောစီးစီး အဆုံးသတ်နိုင်မည်။

ခိတိဂဗ္ဗသာ တွန့်ဆုတ်နေခြင်းမဟုတ်။ ပင်လယ်အိပ်မက်လည်း မျက်မှောင်ကြုတ်နေပြီး ကျန်အပြင်သူများမှာတော့ မှင်သက်နေကြသည်။ သို့သော် အပြင်သူတချို့က မာန်သွင်းကြွေးကြော်၍ တိုက်ခိုက်ဖို့ ချီတက်လာကြလေပြီ။

အင်ပါယာသခင်ခြောက်ဦးလည်း တုန်လှုပ်သွားသည်။ မထူးခြားသည့် တစ်ယောက်တည်းသောလူမှာတော့ ကောင်းကင်ဘုံ (၆) ရှိ အခြားပါရာဂွန်သာ။

မန်ဟိုမှာ အသက်ရှူသံများမြန်လာသည်။ ရွှမ်းဖန်၏ ပြတ်သားမှုက သူ့မျက်ဝန်းထဲတွင် အေးစက်မှုတို့ တောက်ပလာစေ၏။

“သူ့ကိုယ်သူ ငါးစာအဖြစ် ချနေတာလား”

ရှည်ရှည်ဝေးဝေး စဉ်းစားနေရန် အချိန်မရှိ။ ရွှမ်းဖန်သည် ပထမပင်လယ်ထဲ ဝင်ကာ ပါရာဂွန်ရုပ်သေးရုပ်၏အရှေ့တည့်တည့်တွင် ပေါ်လာ၏။ သူက အနားရောက်သွားသည့်အခါ မုဒြာလက်ကွက်တစ်ကွက်ဖော်၍ လက်ညှိုးထိုးလိုက်ရာ ပတ်ပတ်လည်ရှိ သွေးပင်လယ်ကြီးအား ရေခဲရိုက်ခံလိုက်ရသည့်အလား ခဲသွားစေသည်။

“ပိတ်လှောင်လိုက်” ပင်လယ်အိပ်မက်က သူ၏လှုပ်ရှားမှုကို တုံ့ပြန်သည့်အနေဖြင့် လှမ်းအော်သည်။ သူမ၏မျက်ဝန်းများသည် တင်းမားခက်ထန်နေ၏။ ဤကိစ္စတွင် အမှန်တကယ် ရွေးစရာမရှိပေ။ ရွှမ်းဖန်က သူ့ကိုယ်သူ ငါးစာအဖြစ် ချထားစဉ် တောင်ပင်လယ်လောကမှ လှမ်းဟပ်ဖို့ ကြောက်နေပါက မည်ကဲ့သို့ရှေ့ဆက်တိုက်ခိုက်နိုင်တော့မည်နည်း။

ပင်လယ်အိပ်မက်သည် ပုံမှန်အားဖြင့် ဂရုစိုက်အစီအစဉ်ချတတ်သော်လည်း ဤအခြေအနေက မတူပေ။

ပါရာဂွန်အိပ်မက်၏အသံ ပဲ့တင်ထပ်ရုံသာရှိသေးစဉ်၊ သူမ လှုပ်ပင်မလှုပ်ရှားရသေးသည့်အချိန်မှာပင် မန်ဟို၏နေအလင်းရောင်သည် လင်းလက်စွာ တောက်ပလာ၏။ သူလည်း ငါးစာကို ဟပ်ဖို့ ရွေးချယ်ခဲ့ပြီးလေပြီ။

ခိတိဂဗ္ဗလည်း အသက်ပြင်းပြင်းရှူကာ သူ၏ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည်။ ဘဝပြန်ဝင်စားမြစ်သည် မြစ်ဝါမြစ်အပြင် မြေအောက်နန်းတော်ပေါင်းများစွာနှင့်အတူ ပေါ်လာ၏။ လပေါ်ရှိ ကျင့်ကြံသူတစ်သိန်းလုံး ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်ဖော်ကာ ခိတိဂဗ္ဗ ထိန်းချုပ်နေသော မန္တန်ဝင်္ကပါထဲ စီးဆင်းသွားသည်။ ဒိုင်းသည် ပါရာဂွန်ရွှမ်းဖန်ကို ပိတ်လှောင်ရင်း တောင်ပင်လယ်လောကကို လွှမ်းခြုံသွားလေပြီ။

ဒိုင်းပေါ်လာသော အခိုက်အတန့်မှာပင် နေ၏တိုက်ကွက် ထုတ်လွှတ်ခံလိုက်ရသဖြင့် လင်းထိန်တောက်ပသွားသည်။ အလင်းမြားသည် ကြယ်တာရာကောင်းကင်ကို ခွင်းသွားပြီး တစ်ဆက်တည်းမှာပင် ပါရာဂွန်ပင်လယ်အိပ်မက် နဝမတောင်မှ ခြေတစ်လှမ်းလှမ်းကာ စစ်မြေပြင်ထက်တွင် ပေါ်လာ၏။

မန်ဟို၏ ပါရာဂွန်ရုပ်သေးရုပ်က ရွှမ်းဖန်ကို စတင်တိုက်ခိုက်သဖြင့် တဘုန်းဘုန်းမြည်သံများ ဟိန်းထွက်နေသည်။ ရင်သပ်ရှုမောဖွယ်တိုက်ပွဲ ဖြစ်ပွားနေသည့်အချိန်မှာပင် နေအလင်းမြားက ချဉ်းကပ်လာသည်။

မထင်မှတ်ဖွယ်ကောင်းစွာနှင့် ရွှမ်းဖန်သည် မြားကို မရှောင်။ ပါရာဂွန်ပင်လယ်အိပ်မက်ကိုပင် အဖက်မလုပ်ပေ။

“ငါက သေသွားပြီးသား ငါ့မျိုးနွယ်တွေအတွက် လက်စားချေဖို့ ဒါမှမဟုတ် ဒီအောဂူရုပ်သေးရုပ်အတွက် ငါ့ကိုယ်ငါ ငါးစာအဖြစ်ခံတယ်လို့ မင်းတို့ တကယ် ထင်နေတာလား

“မဟုတ်ဘူး ငါ ဒီကိုလာတာက” သူက ရုတ်တရက် နေရှိရာသို့ လှမ်းကြည့်ကာ အေးစက်စက် ပြုံးလိုက်သည်။ "မင်းအတွက်ပဲ” သူသည် တဟားဟားရယ်ရင်း အလင်းမြားကို ဖမ်းဆုပ်၍ ခြေပစ်လိုက်၏။ ဝုန်းခနဲ ပေါက်ကွဲသွားပြီး သူ့ပါးစပ်မှ သွေးများစီးကျလာသည်။ သူ၏ခန္ဓာကိုယ်သည်လည်း ပေါက်ကွဲတော့မည့်အလား ထင်ရသည့်တိုင် သူ၏မျက်လုံးက ထူးဆန်းစွာ လင်းလက်သွားသည်။

“အချိန်တာအို၊ မူလမှတ်ကို ပြန်သွား၍ ဒီအလင်းနောက် ပြန်လိုက်ပြီး ငါ၏ကိုယ်အစစ်ကို စုစည်းလော့” ပြောရင်းဆိုရင်း ရွှမ်းဖန်သည် ပျောက်ကွယ်သွား၏။

ပြန်ပေါ်လာသောအခါ သူကား နေ၏အပေါ်တွင် ပုလဲနက်တစ်လုံးကို ကိုင်လျက် အောက်သို့ရိုက်ချလိုက်လေသည်။

All Chapters