ကောက်ကျစ်စဉ်းလဲလှသော
Vol. 98 Ch. 1359
ငါ၏ဆန္ဒကို မိုးကောင်းကင်၏စိတ်ဆန္ဒနှင့် ပေါင်းစည်းစေသား။
ငါ၏လက်သီးသည် နေအရှိန်အဝါကို လှုံ့ဆော်၍ အလင်းလက်သီး ဖြစ်လာစေသား။
ထိုအခိုက်အတန့်တွင် မန်ဟို၏စိတ်ဆန္ဒသည် နတ်ဘုရားသုတ်သင်လက်သီးနှင့် တစ်သားတည်းဖြစ်သွား၏။ ရဲရင့်စွာ ရှေ့တက်ပြီး ခိုင်မာပြတ်သားမှုအပြည့်ဖြင့် သူက အားကောင်းသောလက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
၎င်း ပါရာဂွန်ရွှမ်းဖန်၏လက်သီးကို ဝင်တိုက်သောအခါ ပေါက်ကွဲသံအကျယ်ကြီးများ ဟိန်းထွက်သွားသည်။ မန်ဟို့တစ်ကိုယ်လုံး အကြောဆွဲသကဲ့သို့ တဖျတ်ဖျတ်တုန်သွားပြီး သူ၏ညာလက်မောင်းမှာ ကောက်ကွေးသွားလေသည်။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး သူ့မှာ တောင်ကြီးဖြင့် ဆောင့်တိုက်ခံလိုက်ရသကဲ့သို့ လွင့်ထွက်သွားတော့သည်။
သို့သော် တစ်ချိန်တည်းမှာပင် ရွှမ်းဖန်၏မျက်ဝန်းများတွင် အံ့အားသင့်မှုတို့ ဖြတ်ပြေးသွားသည်။ သူ့ပုံစံက မဖြုံပုံရသော်လည်း သူ့ညာလက်၏ လက်ချောင်းငါးချောင်းမှာ နာကျင်မှုကြောင့် တဆတ်ဆတ်တုန်ယင်နေပြီး ၎င်းတို့ကို ပြန်ပင်မဖြန့်နိုင်ပေ။ ဤကဲ့သို့နာကျင်မှုမျိုးက သူ့ကို သွေးအန်စေမည်မဟုတ်သော်လည်း သူ့လက်ချောင်းများ၏အရိုးများ ကျိုးကြေသွားပြီး သူ့လက်မောင်းထဲရှိ တခြားအရိုးများလည်း အက်သွားသည်။ သို့သော် ထိုနာကျင်မှုသည် ရွှမ်းဖန်၏မျက်ဝန်းထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒကို ပို၍သာ နက်ရှိုင်းသွားစေ၏။ ထပ်မံ၍ သူက မန်ဟို့ထံ ချဉ်းကပ်လာပြန်သည်။
“ထွက်ပြေးနိုင်မယ်ထင်လား” ရွှမ်းဖန်က ဟက်ခနဲ ရယ်သည်။ သို့သော် သူ ချဉ်းကပ်လာသည့်အချိန်မှာပင် မန်ဟိုသည် တုံ့ခနဲ ရပ်လိုက်နိုင်ပြီး ခေါင်းမော့လိုက်သည်။ မြစိမ်းဧကရာဇ်၏ထာဝရဂါထာက အမြင့်ဆုံးအရှိန်ဖြင့် လှုပ်ရှားနေစဉ် သူ၏မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်စွာ တောက်ပလျက် ရှိချေ၏။
“တစ်ခါမှတောင် မတွေးဖူးဘူး” သူက အေးတိအေးစက် ပြန်ဖြေရင်း မိုးပြာရောင်သိမ်းငှက်အသွင်ပြောင်းလိုက်သဖြင့် မိုးပြာရောင်အလင်းသည် သူ့ထံမှ ဖြာထွက်လာ၏။ ထို့နောက် သိမ်းငှက်က ခပ်စူးစူးတစ်ချက်အော်ပြီး ရွှမ်းဖန်ဆီ တဟုန်ထိုး ပြေးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သောတောင်များသည် စွမ်းအားတို့ တဟုန်းဟုန်းတောက်နေသည့် ပါရာဂွန်တံတားနှင့်အတူ ကျဆင်းလာ၏။
ပါရာဂွန်ရွှမ်းဖန်က အေးစက်စက် ရယ်၍ မရှောင်ဘဲ ရှေ့တစ်လှမ်းတက်ကာ ဖမ်းဆုပ်သည့်လက်ဟန် လုပ်လိုက်သဖြင့် ဂျိန်းခနဲ မြည်သံတစ်သံအား ကြားလိုက်ရသည်။ ချက်ချင်းပင် သူ့အရှေ့၌ မှော်သင်္ကေတများစွာဖြင့် လင်းလက်နေသော ရွှေအလင်းရောင် ဖြစ်တည်လာသည်။ ကြယ်စွမ်းအားကို ထုတ်လွှတ်၍ ဓာတ်ငါးပါးကို ပရမ်းပတာဖြစ်စေကာ ဆန်းဆန်းပြားပြားအရောင်အဝါများ မှိတ်တုတ်မှိတ်တုတ် တောက်ပလာစေသည့် မန္တန်ဝင်္ကပါတစ်ခု ပေါ်လာသည်။
မန္တန်ဝင်္ကပါသည် ချက်ချင်း မန်ဟို၏တောင်များကို ဖြိုခွင်းကာ မိုးပြာရောင်သိမ်းငှက်အသွင်ကို ဖျက်စီးလိုက်၏။ မိုးပြာရောင်အလင်းမှာ ပြိုကွဲသွားပြီး မန်ဟိုက လူအသွင်ဖြင့် ရုပ်ပျက်ဆင်းပျက်ပေါ်လာသည်။ သူ့ရင်ဘတ်တစ်ခုလုံး ဟောင်းလောင်းပွင့်နေ၍ ကလီစာများကိုပင် မြင်နေရ၏။
သူ့ကို အဆက်မပြတ်ကုစားပေးနေသော မြစိမ်းဧကရာဇ်ထာဝရဂါထာ၏ အံ့ဖွယ်အားထုတ်မှုကြောင့်မဟုတ်လျှင် မန်ဟိုမှာ သေချာပေါက် သေသွားခဲ့လိမ့်မည်။ ၎င်းဖြင့်ပင် သူ့မှာ အလွန်စိုးရိမ်ရသောအခြေအနေတွင် ဖြစ်ကြောင်း ထင်ရှားသည်။
“ဆိုတော့ ဒါက ပါရာဂွန်ပေါ့လေ...” သူက အလျှော့မပေးလိုသောမျက်ဝန်းများဖြင့် တွေးသည်။ ပါရာဂွန်အောဂူနှင့် တိုက်ခိုက်ခဲ့တုန်းက ဤမျှမပြင်းထန်ခဲ့ပေ။ ယခုအချိန်တွင် သူ့မှာ ပိတ်မိနေသည့်အတွက် ပါရာဂွန်တစ်ဦး၏ ကြောက်မက်ဖွယ်အင်အားကို ရင်ဆိုင်ရုံမှတစ်ပါး ရွေးချယ်စရာမရှိ ဖြစ်နေသည်။
ထို့အပြင် ဤပါရာဂွန်က အနှစ်သာရ ၇ ခုအဆင့်သာ ရှိသေးသည်။
ရွှေမန္တန်ဝင်္ကပါက မန်ဟို့အပေါ် ထိုးဆင်းလာနေသဖြင့် တဂျုန်းဂျုန်းမြည်သံများ ပဲ့တင်ထပ်နေသည်။ သူက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်ရာ ပါရာဂွန်တံတားမှ တောက်ပသောအရောင်အဝါ ဖြာထွက်လာသည်။
ပါရာဂွန်တံတား၏ဖိအားက ရွှေမန္တန်ဝင်္ကပါကို တုန်ခါလာစေပြီးနောက်ဆုံး တစစီ ကျိုးပျက်သွားစေတော့သည်။ ပါရာဂွန်တံတားလည်း တုန်ရီသွားသော်လည်း ရွှမ်းဖန်အပေါ် ဆက်လက်ဖိနှိပ်လိုက်၏။
ရွှမ်းဖန်၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ သူသည် ပါရာဂွန်တံတားကို သေသေချာချာ စိုက်ကြည့်ပြီးနောက် မျက်နှာရိပ်ခနဲ ဖြစ်သွားပြီး နောက်ဆုတ်ရင်း မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ လက်ချောင်းဖြင့် သူ၏နဖူးအပေါ် ဖိချလိုက်သည်။ ချက်ချင်းပင် သူ၏ခေါင်းထိပ်မှ ရွှေအလင်းရောင်သည် ရွှေခြင်္သေ့တစ်ကောင်အသွင်ပြောင်းရင်း ဖြာထွက်သွား၏။ ရွှမ်းဖန်၏မျက်နှာထက်တွင် လောဘအရိပ်အယောင်တို့ ပေါ်လာပြီး သူက တဟားဟား ရယ်တော့သည်။
“ယုံတောင်မယုံနိုင်ဘူး အဲဒီတံတားကို ... ငါ ရအောင် ယူမယ်” ရွှေခြင်္သေ့သည် ရွှမ်းဖန်၏အသိစိတ်မျှင်တစ်မျှင် ဖြစ်သည်။ ၎င်းက ပါရာဂွန်တံတားကို လှည့်ပတ်ရစ်သိုင်းရင်း ၎င်းနှင့်မန်ဟို့အကြားက ဆက်သွယ်မှုကို ဖြတ်တောက်ဖို့ ပါရာဂွန်စွမ်းအားကို အသုံးပြုတော့သည်။
မန်ဟို့အတွက် ဆက်သွယ်မှုကို ခိုင်မာအောင်လုပ်ရန် အချိန်မရပေ။ အတိမ်းအစောင်းမခံသော အခြေအနေဖြစ်သော်လည်း သူ မသေသရွေ့ မည်သူမှ သူ့ထံမှ တံတားကို ယူနိုင်မည်မဟုတ်ဟု သူ ယုံကြည်သည်။ ရွှမ်းဖန် နောက်ဆုတ်နေသည့်အချိန်မှာပင် မန်ဟိုက နေ၏အလယ်ရှိ မန္တန်ဝင်္ကပါထံ ဖျတ်ခနဲ နေရာရွှေ့ပြောင်းလိုက်သည်။ ထိုနေရာတွင် သူသည် မုဒြာလက်ကွက်ဖော်၍ လက်ညှိုးထိုးကာ နေထံမှ စူးရှတောက်ပသောအလင်းရောင်ကို ဖြန့်ကျက်လိုက်၏။
အံ့အားသင့်ဖွယ်ကောင်းစွာနှင့် သူကား ပါရာဂွန်ရွှမ်းဖန်နှင့် အသက်ဆယ်ရှိုက်ကျော်ကြာသည်အထိ တိုက်ခိုက်ခဲ့ပြီးဖြစ်ရာ နေအလင်းမြားကို နောက်တစ်ကြိမ် ထုတ်လွှတ်နိုင်ပြီဟု ဆိုလိုလေသည်။ စူးစူးရှရှအလင်းတန်းတစ်တန်းက ပါရာဂွန်ရွှမ်းဖန်ထံ ရွှီးခနဲ ပြေးဝင်သွားသည်။ သူသည် အလွန်နီးကပ်နေသည့်အတွက် ထိုအလင်းမြားက သူ့အပေါ် ချက်ချင်းဆိုသလို ကျရောက်သွားလေ၏။
မြားသည် သူ၏နဖူးကို စိုက်ဝင်သွားရာ ရွှမ်းဖန်မှာ တုန်ရီလျက် သွေးတစ်လုပ်အန်ရသည်။ သူ့စွမ်းအားမှာ အတန်ငယ်လျော့ကျသွားပြီး မသေသော်လည်း ချက်ချင်းဆိုသလို ပြန်ဆက်စပြုလာနေသော ဒဏ်ရာတစ်ချက်ကို သူ့နဖူးထက်တွင် မြင်ရနိုင်သည်။
ရွှမ်းဖန် ဒဏ်ရာမရဘဲ မနေကြောင်း သုံးသပ်မိရန် မန်ဟို့အတွက် တခဏသာ ကြာလိုက်သည်။ ရွှမ်းဖန်အနေဖြင့် ဒဏ်ရာကို ဖိနှိပ်ဖို့ လျှို့ဝှက်အတတ်တစ်ခုကို သုံးနေကြောင်း သိသာသည်။ နောင်တစ်ချိန်တွင် ထိုလုပ်ရပ်ကြောင့် ပြင်းထန်သော တန်ပြန်သက်ရောက်မှုကို သူ ခံစားရကောင်းခံစားရလိမ့်မည်။ လောလောဆယ်တော့ သူ၏အတိုက်အခိုက်စွမ်းရည်မှာ ဒဏ်ရာကြောင့် လျော့ကျမသွားခဲ့ပေ။
“လခွမ်း” မန်ဟို့မျက်နှာ မည်းမှောင်သွားသည်။ တစ်ချိန်တည်းမှာပင် ရွှမ်းဖန်က လှောင်ရယ်ရယ်၍ မန်ဟို့ထံ ဦးတည်လာသည်။ အနားရောက်လာသည့်အခါ သူက လက်ဝှေ့ယမ်းကာ ရွှေပင်လယ်တစ်စင်းအား အရပ်လေးမျက်နှာသို့ ဖြာထွက်သွားစေပြီးနောက် မန္တန်ဝင်္ကပါထဲရှိ မန်ဟို့ထံ ရိုက်ခတ်လိုက်စေသည်။
“ဆယ်ငါးမိနစ်မပြောနဲ့။ အဲဒီအလင်းမြားနောက်တစ်မြား ပစ်လွှတ်နိုင်တဲ့အချိန်ထိတောင် မင်း ခံမှာမဟုတ်ဘူး”
မြူထု၏အပြင်ရှိ ပါရာဂွန်ပင်လယ်အိပ်မက်မှာ ရွှမ်းဖန် မန်ဟို့ကို အမှန်တကယ် သတ်ဖို့ ကြံစည်ထားကြောင်း သဘောပေါက်လိုက်သဖြင့် မျက်နှာဖြူဖျော့သွားသည်။ မန်ဟို သူ့အား ဆယ့်ငါးမိနစ်လုံး တောင့်ခံနိုင်လိမ့်မည်ဟု သူမပင် မယုံကြည်ပေ။
တကယ်လည်း ရွှမ်းဖန်ပြောခဲ့သည့်အတိုင်း မန်ဟိုအနေဖြင့် ... အချိန်ဆွဲဖို့ ကျင့်ကြံသူတစ်သိန်းလုံးကို စတေးလိုက်လျှင်တောင်မှ ထိုမျှကြာကြာ တောင့်ခံနိုင်မည်မဟုတ်။
“ရွှမ်းဖန်” ပါရာဂွန်ပင်လယ်က မြူထုကို အလောတကြီး ထုနှက်ရင်း ဟိန်းဟောက်သည်။ တစ်ချိန်တည်းမှာပင် ပါရာဂွန်အောဂူကို စေစားဖို့ မန်ဟို ပို့လွှတ်ထားသော နတ်ဘုရားအာရုံလည်း တဖြေးဖြေး မှိန်ပျလာသည်။ ရုပ်သေးရုပ်မှာ ယခုကတည်းက နှေးကွေးလေးကန်နေပြီဖြစ်၍ နတ်ဘုရားအာရုံ လုံးလုံးလျားလျား ပျောက်ကွယ်သွားဖို့ သိပ်မကြာတော့မည်မဟုတ်ပေ။ ထို့နောက် ရုပ်သေးရုပ်သည် ... ၎င်း၏အတိုက်အခိုက်စွမ်းရည်အများစုကို ဆုံးရှုံးသွားပြီး အလိုအလျောက်သာ တုံ့ပြန်တတ်တော့မည်။
ဤမျှသာဆိုလျှင် တော်သေးသည်။ သို့သော် ဒိုင်း၏တစ်ဖက်ခြမ်းရှိ အပြင်သူစစ်တပ်မှာ စိတ်အားတက်လာကြပြီး ဝင်လာဖို့ ကြိုးစားနေကြလေပြီ။ တစ်ချိန်တည်းမှာပင် တောင်ပင်လယ်လောကသားများမှာ နေနှင့်ပတ်သက်၍ ဖြစ်ပွားနေသောအရာကြောင့် အံ့ဩတုန်လှုပ်နေကြသည်။
ထို့ထက်ပိုဆိုးသည်ကတော့ တောင်ပင်လယ်လောက၏အပြင်ရှိ ကောင်းကင်ဘုံ (၆) မှ အေးစက်စက်ရယ်သံတစ်သံ ထွက်လာသည်။ ၎င်းကား ဒုတိယပါရာဂွန်မှတစ်ပါး အခြားမဟုတ်။
ပါရာဂွန်ရွှမ်းဖန် သူ့အတွက် ဖန်တီးပေးခဲ့သော အခွင့်အရေးကို သဘောမပေါက်လျှင် သူ့အား ပါရာဂွန်ဟု မခေါ်ထိုက်ပေ။ သူ ကောင်းကင်ဘုံ (၆) မှ ကြယ်တာရာကောင်းကင်ထဲသို့ ထွက်လာသည့်အခါ တအိအိလှိုင်းထနေသော အမှောင်ထုက သူ့ကို လွှမ်းခြုံနေသဖြင့် သူ ဘယ်လိုပုံစံရှိသလဲ မည်သူမှမမြင်ရပေ။ သူသည် တောင်ပင်လယ်လောကနှင့် ဒိုင်းကို အေးစက်စက် ကြည့်ပြီးနောက် နေသို့ လှမ်းကြည့်သည်။
သူ့နှုတ်ခမ်းက သွေးအေးအေး တွန့်ချိုးပြုံးလိုက်ပြီး ရက်စက်ကြမ်းကြုတ်မှုက သူ့ထံမှ ဖြာထွက်လာသည်။ သူသည် စကားမပြောဘဲ ညာလက်ကို မြှောက်၍ မုဒြာလက်ကွက်တစ်ကွက် ဖော်သည်။ ချက်ချင်းပင် သူ၏ပတ်ပတ်လည်ရှိ တအိအိလှုပ်ရှားနေသော အမှောင်ထုသည် ပုံပျက်ရှုံ့တွပြီး ပြန့်ကားစပြုလာ၏။ သိသိသာသာပင် သူကား သူ၏စွမ်းအားအလုံးစုံကို အသုံးပြုနေလေသည်။
သူ့ထံမှ ပါရာဂွန်အရှိန်အဝါ ဖြာထွက်သွားစဉ် ... ကောင်းကင်ဘုံ (၂) ဖြစ်သော မြေထုကြီးသည် တုန်ခါစပြုလာ၏။
မမြင်ရသော လက်ကြီးတစ်ဖက်က ၎င်းကို ဆုပ်ကိုင်၍ ... တောင်ပင်လယ်လောကကို ကာကွယ်ထားသော ဒိုင်းထံ ပစ်ပေါက်နေသည့်အလား မြေထုတစ်ခုလုံး ရုတ်တရက် ရွေ့လျားစပြုလာသည်။
မြေထုကြီးတစ်ခုလုံး တောင်ပင်လယ်လောက၏ဒိုင်းထံ ရွေ့လျားနေသော မြင်ကွင်းက တောင်ပင်လယ်လောကသားကျင့်ကြံသူများကိုသာမက အပြင်သူများကိုပါ တုန်လှုပ်သွားစေသည်။
အားလုံးအထဲ အစိုးရိမ်ဆုံးမှာတော့ ကောင်းကင်ဘုံ (၂) မှ အပြင်သူများ ဖြစ်ကြသည်။ သို့သော် သူတို့မှာ ထိုခံစားချက်များကို ဖွင့်ဟမပြောရဲ၍ စောစောက လေဆင်နှာမောင်းဒဏ်ခံခဲ့ရသော မြေထုကြီး တောင်ပင်လယ်လောက၏ဒိုင်းအား ဆောင့်တိုက်လိုက်သည်ကိုသာ ကြည့်နေနိုင်ကြ၏။
မြေထုကြီးသည် ဖြည်းဖြည်းစွာ ရွေ့လျားနေပုံရသော်လည်း မိုးနှင့်မြေကို ကိုင်လှုပ်နိုင်သော စွမ်းအားပါရှိ၏။
ဤအခိုက်အတန့်တွင် တောင်ပင်လယ်လောက၏ကျင့်ကြံသူများသည် ... ပါရာဂွန် ဆိုသည်က ဘာလဲ အမှန်တကယ် မျက်မြင်တွေ့နေရလေပြီ။
ပါရာဂွန်သည် စစ်ပွဲတစ်ပွဲလုံး၏ အခြေအနေကို လွှမ်းမိုးနိုင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ သူတို့က စိတ်ကူးဖြင့်ပင် မှန်းဆမကြည့်နိုင်လောက်အောင် ပျက်စီးစေဖို့ ဧရာမမြေထုကြီးတစ်ခုလုံးကို လက်နက်တစ်ခုအဖြစ် အသုံးပြုနိုင်သည်။ အမှန်တွင် တချို့သောကန့်သတ်ချက်များကြောင့်သာ မဟုတ်လျှင် ပါရာဂွန်တစ်ဦးသည် ကြယ်တာရာကောင်းကင်ကိုပင် ထိုသို့အသုံးပြုနိုင်လိမ့်မည်။
ကောင်းကင်ဘုံ (၂) ၏မြေထုသည် လက်ရှိမြေထုငါးခုအနက် အသေးငယ်ဆုံးဖြစ်သော်လည်း ၎င်း မည်မျှကြီးမားကြောင်း ဖော်ညွှန်းနိုင်မည့် စကားလုံးပင် မရှိပေ။ ၎င်းထံမှ ထုတ်လွှတ်နေသော ဖိအားလေးကတင် ကြယ်တာရာကောင်းကင်ကို ဖြိုခွဲဖို့ လုံလောက်၏။ ချက်ချင်းပင် တောင်ပင်လယ်လောက၏ ဒိုင်းမှာ ပြိုကွဲတော့မည့် လက္ခဏာများ ပြလာတော့သည်။
ခိတိဂဗ္ဗသည် မျက်နှာဖြူဆုပ်နေသော်လည်း ခေါင်းနောက်လှန်ကာ ဟားတိုက်ရယ်၏။ တစ်ချိန်တည်းမှာပင် သူက ဆေးလုံးတစ်လုံးကို ထုတ်ပြီး တခဏတွန့်ဆုတ်နေပြီးနောက် ဆေးလုံးများအား စားလိုက်တော့သည်။ ထို့နောက် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကား တဟုန်းဟုန်းထတောက်လာသည်။ သွေးကြောပြာပြာကြီးများက သူ၏မျက်နှာပေါ်တွင် ဖောင်းကြွလာသလို၊ အစိမ်းရောင်ချိုကြီးတစ်ချိုလည်း သူ့ခေါင်းမှ ထိုးထွက်လာ၏။
သူ့အရေပြားသည်ပင် အစိမ်းရောင်ပြောင်းလာပြီး သူ၏အရွယ်အစားက မီတာသုံးရာမြင့်မားသွားလေပြီ။ မြင့်တက်လာသော အားအင်များကြောင့် သူ၏တာအိုဝတ်ရုံမှာ တစစီစုတ်ပြဲသွားသည်။ ဤအခိုက်အတန့်တွင် သူ၏စွမ်းအားက ကျင့်ကြံသူတစ်ယောက်၏စွမ်းအားမဟုတ်တော့ဘဲ ... မိစ္ဆာစွမ်းအား ဖြစ်လာချေပြီ။
သူသည် လာနေသော ကောင်းကင်ဘုံ (၂) ကို ပြန်တိုက်ခိုက်ဖို့ သူ၏ညာလက်ကို မြှောက်၍ သူ့တွင်ရှိရှိသမျှအသက်စွမ်းအားများကို အသုံးပြုရင်း လမျက်နှာပြင်အား ရိုက်ချလိုက်၏။
လအပေါ်ရှိ ကျင့်ကြံသူတစ်သိန်းသည်လည်း ခါးသီးစွာ ပြုံးရင်း ရန်သူကို ပြန်တိုက်ခိုက်ဖို့၊ တောင်ပင်လယ်လောကကို ကူညီဖို့၊ ခိတိဂဗ္ဗကို အားဖြည့်ပေးဖို့ သူတို့၏အသက်စွမ်းအား၊ ကျင့်ကြံခြင်းအခြေခံနှင့် ဝိညာဉ်များကို မန္တန်ဝင်္ကပါထဲ ပို့လွှတ်လိုက်ကြလေသည်။
ဤအခိုက်အတန့်တွင် နေနှင့်လနှစ်စင်းလုံး အန္တရာယ်ကျရောက်နေသည်။ လွန်ခဲ့သောတဒင်္ဂလေးတုန်းက တောင်ပင်လယ်လောကသည် အသာစီးရခဲ့သော်လည်း ယခုတော့ ရွှမ်းဖန်၏ကျေးဇူးကြောင့် .... ဆန့်ကျင်ဘက် ဖြစ်နေချေပြီ။
ကောင်းကင်ဘုံ ၃၃ ဘုံ၏ ပါရာဂွန်ငါးဦးအနက် ရွှမ်းဖန်၏ကျင့်ကြံခြင်းအခြေခံသည် အမြင့်ဆုံးအဆင့်မဟုတ်သော်လည်း ယခုလို အရေးပါသောစစ်ပွဲသို့ သူ့အား စေလွှတ်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူ၏ဦးဆောင်မှုအောက်တွင် ကောင်းကင်ဘုံငါးဘုံ၏အပြင်သူများသည် တောင်ပင်လယ်လောကကို တုန်လှုပ်စေလိမ့်မည်ဟု ယုံကြည်နေကြကြောင်း ထင်ရှားပေသည်။ အနည်းဆုံးတော့ ... စစ်ပွဲကို တစ်နှစ်အထိ ကြာစေလိမ့်မည်။
နေပေါ်တွင် ရွှမ်းဖန်သည် တဟားဟား ရယ်နေ၏။ သူက မန္တန်ဝင်္ကပါအထဲ၌ ရှိနေဆဲဖြစ်သော မန်ဟို့ထံ တစ်လှမ်းလှမ်းကာ ပြောသည်။ “အခု ငါ့ရဲ့အစီအစဉ်အစစ်ကို ပြောလည်း ကိစ္စမရှိတော့ဘူး။ ငါ့ရဲ့တကယ့်ပစ်မှတ်က အောဂူလည်းမဟုတ်၊ နေလည်းမဟုတ်သလို၊ မင်းတောင် မဟုတ်ဘူး ... တစ်ချိန်လုံး ငါတစ်ချက်လေးတောင် လှမ်းမကြည့်ခဲ့တဲ့ ... မင်းတို့ရဲ့ လပဲ”
ပတ်ပတ်လည်ရှိ ကျင့်ကြံသူများမှာ သွေးတပွက်ပွက်အန်နေရသည့်တိုင် တစ်ယောက်မှ ထွက်မသွားကြပေ။ လပေါ်ရှိ ကျင့်ကြံသူများအတိုင်း သူတို့က သူတို့၏ကျင့်ကြံခြင်းအခြေခံနှင့် အသက်စွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့သည် သေရလျှင်တောင်မှ မန်ဟို့အတွက် အချိန်ဆွဲပေးလိမ့်မည်။
သူတို့က မန်ဟို့ကိုယ်စား ရွှမ်းဖန်၏ပါရာဂွန်စွမ်းအားကို ခံယူပေးလိမ့်မည်။