အပိုင်း(၇၀)-ပူလွောင်တောင်တန်းသို့ပြန်သွားခြင်း
Vol. 001 Ch. 70
“ဆရာဖန် ဒီမှာဘာလုပ်နေတာလဲ” ဖန်ကျိရှင်း၏ အရိပ်ကို ရှီမာယူယူမြင်သော်အခါ သူမမေးလိုက်သည်။
ထိုလမ်းသည် ကျောင်းသားများနေရပ်သို့ ဦးတည်သောလမ်းဖြစ်၍ အသွားအလာနည်းသည်။ အထူးသဖြင့် မနက်စောစောဖြစ်၍ လမ်းတွင် ဘယ်သူမှမရှိပေ။ ထိုနေရာတွင် သူမအား ဆရာဖန်စောင့်နေသည်မှာ လုံးဝပင် မမျှော်လင့်ထားသောအရာဖြစ်သည်။
“မင်းကို စောင့်နေတာ” ရှီမာယူယူအား ကြည့်ကာ ဖန်ကျိရှင်း ဂရုမစိုက်သလိုပြောလိုက်သည်။
“တစ်ခုခုများဖြစ်လို့လား” တည်ငြိမ်နေသော ဖန်ကျိရှင်းအား ရှီမာယူယူတွေ့သောအခါ လှုပ်ရှားနေသော စိတ်များသည် တည်ငြိမ်စပြုလာသည်။
“မင်းတို့အားလုံး ဒီနေ့ကျောင်းကနေ ထွက်သွားမယ်လို့ ဝူရန်ဖေ မနေ့က ငါ့ကိုလာပြီးပြောတယ်” ဖန်ကျိရှင်းပြောလိုက်သည်။
သူတို့ ထိုကဲ့သို့လျင်မြန်စွာ ထွက်ခွာမည်ကို မထင်ခဲ့ပါ။ နောက်ထပ်ရက် အနည်းငယ်စောင့်မည်ဟု ထင်ထားခဲ့သော်လည်း ဝူရန်ဖေနှင့် ကျန်သူများသည် စိတ်ပူ၍ဖြစ်နိုင်သည်။
“ဟုတ်တယ်၊ နည်းနည်းလောက်စောသွားချင်တယ်လို့ သူတို့ပြောတယ်” သူမခေါင်းညိတ်လိုက်သည်။
“ဒီတစ်ကြိမ်လုပ်ရမယ့် မစ်ရှင်က အခက်ဆုံးပဲ၊ အန္တရာယ်လည်းအများဆုံးပဲ မင်းကိုယ်ကိုယ့်ကို ဂရုစိုက်” ဖန်ကျိရှင်းပြောလိုက်သည်။
“ဂရုစိုက်ပါ့မယ်၊ စိုးရိမ်ပေးတာကို ကျေးဇူးတင်ပါတယ်၊ တခြားမရှိတော့ရင် ဆရာက ကျွန်တော့်ကို စောင့်နေတာဆိုတော့ ကျွန်တော်အရင်သွားလိုက်ပါဦးမယ်” ရှီမာယူယူ ပါးပြင်အား ပွတ်လိုက်ကာ ပြုံးပြီး ပြောလိုက်သည်။
“သွားပါ” ဖန်ကျိရှင်းသည် လက်ဝှေ့ပြလိုက်သည်။ ရှီမာယူယူထွက်သွားသည်ကို ကြည့်ရင်းရေရွတ်လိုက်သည် “သူမဆီက သွေးအနံ့ရတယ်၊ ဒီတစ်ခေါက်ကဘာတွေဖြစ်လာတာလဲ”
“ဆရာ အဲလူတွေနဲ့အတူ သူကကို မစ်ရှင်လုပ်ဖို့ စိတ်ချတယ်ပေါ့” အဝေးမှ အသံတစ်သံထွက်လာသည်။
“စိတ်ချတယ် မချဘူးဆိုတာမရှိဘူး၊ သူမသွားချင်တယ်ဆို သွားခွင့်ပြုရမှာပေါ့၊ အတွေ့အကြုံက လူတစ်ယောက်ရဲ့အားတိုးဖို့ အခွင့်ရေးကောင်းပဲ” ဖန်ကျိရှင်းပြောပြီးနောက် လမ်းထဲမှ အေးဆေးစွာထွက်သွားလိုက်သည်။
ရှီမာယူယူ ကျောင်းသားများအဆောင်သို့ပြန်လာချိန်တွင် ကျန်သောလေးယောက်သည် ပြင်ဆင်ပြီးစီး၍ သူမအား စောင့်ဆိုင်းနေသည်။
“ကျိရွှီ မင်းနောက်ထပ်နှစ်ရက်ထပ်စောင့်မယ်လို့ ပြောထားတာမဟုတ်ဘူးလား၊ ဘာလို့ဒီလောက် လောနေတာလဲ” သူမအားစောင့်ဆိုင်းပြီး သွားရန်အဆင်သင့်ဖြစ်နေသူများကို မြင်သည်နှင့် သူမဝေကျိရွှီအားရွေးပြီးမေးလိုက်သည်။
ဝေကျိရွှီသည် ဝူရန်ဖေအား အကူညီမဲ့စွာကြည့်လိုက်ပြီး ပြောလိုက်သည် “အစကတော့ သူ့ဒဏ်ရာကိုတွေးပြီး ဒဏ်ရာသက်သာအောင် နှစ်ရက်လောက်နားပါဆိုတာကို ငါတို့မပြောနိုင်အောင် အတင်းပြောလို့၊ မင်းအထုတ်တွေထုတ်ပြီးပြီလား”
“လိုအပ်တာတွေအကုန် ရှိပြီးသား” ရှီမာယူယူ သူမမှော်ဝင်လက်စွပ်အား ဝှေ့ပြလိုက်ကာ ဝမ်းသာစွာပြောလိုက်သည်။
“ဒါဆိုထွက်ကြရအောင်” ဝေကျိရွှီသည် ရှီမာယူယူ၏ နောက်ကျောအားရိုက်ကာ ကျန်သုံးယောက်ဖက် လှည့်ကာပြောလိုက်သည်။
ဝူရန်ဖေ၏ ခန္ဓာကိုယ်မှဖိအားသည် မနေ့ကလိုပင် အားနည်းနေဆဲပင်ဖြစ်သည်။ ဝေကျိရွှီပြောသည်ကိုကြားသည်နှင့် သူစကားမပြောပဲ ခြံဝန်းမှ ထွက်လာခဲ့လိုက်သည်။
“သွားရအောင်” ဘေဂုံထန်သည် ဂရုမစိုက်စွာပြောလိုက်ပြီး သူမသည်လည်းထွက်သွားလေသည်။
ရှီမာယူယူ၊ ဖက်တီးကျူနှင့် ဝေကျိရွှီတို့ သုံးယောက်သည် ပခုံးတွန့်လိုက်ကာ နောက်မှလိုက်သွားလေသည်။
“သြော် ဟုတ်သားပဲ ကျိရွှီ ငါတို့မစ်ရှင်အကြောင်းကို မင်းတို့ငါ့ကိုမပြောရသေးဘူး” သူမသည် ကျင့်ကြံခြင်းနှင့် ဆေးဖော်ခြင်းအတွက် လေ့ကျင့်ခြင်းတွင် အလုပ်ရှုပ်နေခဲြ့ပီး မစ်ရှင်နှင့်ပတ်သတ်သည့်အကြောင်းများကို မေးရန်မေ့နေကြောင်းကို ဝိညာဉ်သခင်ကုန်သည်များအသင်းသို့ သွားသည့်လမ်းမှပင် သတိရတော့သည်။
ဝေကျိရွှီ သူ့နဖူးသူရိုက်လိုက်ပြီး စိတ်တိုစွာပြောလိုက်သည် “မစ်ရှင်အကြောင်း မင်းကိုရှင်းပြဖို့မေ့နေတာ ကြည့်ဦး၊ ဒီတစ်ကြိမ် ငါတို့မစ်ရှင်က ဆေးဖက်ဝင် ပါဝင်ပစ္စည်းတွေကို ခူးဖို့ပဲ”
“ဆေး ပါဝင်ပစ္စည်းတွေဟုတ်လား” ရှီမာယူယူ အံ့သြသွားသည်။ လိုအပ်သော ဆေးပါဝင်ပစ္စည်းများကို ဆေးဆိုင်မှာ သွားဝယ်ရင်ရတာပဲမလား၊ ဘာလို့သွားပြီးရှာနေမှာလဲ။
“တကယ်တော့ ဆေးဖက်ဝင်ပစ္စည်းတွေကို သွားရှာမယ်ဆိုတာ ငါတို့တကယ့်မစ်ရှင်ကို ဖုံးကွယ်ဖို့ပဲ” ဖက်တီးကျူရှင်းပြလိုက်သည်။ “ပူလွောင်တောင်တန်းမှာပဲရှိတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကိုသွားရှာခိုင်းတာက ဟန်ဆောင်တာပဲ အမှန်တော့ ကျောင်းက ငါတို့ကို အဲမှာသွားပြီး ငါတို့အရည်အချင်းတက်လာဖို့နဲ့ အတွေ့အကြုံတွေများအောင် သွားယူခိုင်းတာ”
ပူလွောင်တောင်တန်းအကြောင်းကြားသည်နှင့် ရှီမာယူယူအနည်းငယ် နောင်တရသွားသည်။ သူမပြန်လာသည်မှာ လအနည်းငယ်သာရှိသေး၍ အခုပြန်သွားရမည်။
“ဒါဆိုလည်းသွားရအောင်၊ ပူလွောင်တောင်တန်းကို ပို့ပေးတဲ့ ဖြတ်လမ်းတည်ဆောက်မှုရှိတဲ့ မြို့ကိုသွားရမယ်” သူတို့အလှည့်ရောက်သော် ငါးယောက်စာ ကျသင့်ငွေအား သူထုတ်ပေးလိုက်ပြီး အစေခံမိန်းကလေးအား မြို့အမည်ကို ပြောလိုက်သည်။
“ဆားမြို့၊ လူငါးယောက်” ထိုမိန်းကလေးသည်ပြောပြီးသည်နှင့် ဝေကျိရွှီအား သစ်သားသင်္ကေတငါးခု အားပေးလိုက်ပြီး ဝေကျိရွှီသည် တစ်ယောက်ချင်းစီအား ဝေပေးလိုက်သည်။
သူမလက်ထဲမှ သစ်သားသင်္ကေတာအားရှီမာယူယူကြည့်လိုက်ကာ ဒီနေရာတွင် ပုံစံစာရွက်မဖြည့်ရသည်ကို တွေးလိုက်သည်။ ထိုနေရာအားဖြတ်သွားသူများသည် အလွန်အမင်းများသဖြင့် ပုံစံစာရွက်ဖြည့်ခြင်းသည် ပြဿနာဖြစ်လာစေနိုင်သည်။
“ဆားမြို့က ဝူရန်ဖေနဲ့ ငါဆုံးဖြတ်လိုက်တဲ့နေရာပဲ” ဝေကျိရွှီသည် လျှောက်လာရင်း ရှီမာယူယူအား ရှင်းပြလိုက်သည်။ “ငါတို့ သုတေသနလုပ်လိုက်တော့ ပူလွောင်တောင်တန်းမြောက်ပိုင်းက ဝိညာဉ်သားရဲပိုနည်းတယ် အဲဒါနဲ့ အဲဒီကိုသွားဖို့ဆုံးဖြတ်လိုက်ကြတာပဲ၊ ဆားမြို့ မြောက်ပိုင်းမှာ အကြီးဆုံးမြို့ပဲ”
ဖြတ်လမ်းတည်ဆောက်မှုရှိသော အိမ်သို့ရောက်သောအခါ ဘေဂုံထန်သည် သူမ၏ သစ်သားသင်္ကေတအား ဘေးတွင်ရပ်နေသော လူအားပေးလိုက်ပြီး ဖြတ်လမ်းတည်ဆောက်မှုဘေးတွင်ရပ်ကာ ရှီမာယူယူနှင့် ကျန်သုံးယောက်ကိုကြည့်လိုက်သည်။
ပြီးခဲ့သည့်အချိန်ကိုပြန်စဉ်းစားကြည့်လျှင် ပြီးခဲ့သည့်တစ်ခေါက်သူမ ဖြတ်လမ်းတည်ဆောက်မှုကို အသုံးပြုစဉ်က ခွေးတစ်ကောင်ကဲ့သို့ ကျသွားခဲ့ရသည်။ ဖြတ်လမ်းတည်ဆောက်မှုကို ထပ်မြင်ရချိန်တွင် ရှီမာယူယူ၏ မျက်လုံးများသည် အရောင်လက်နေတော့သည်….
ငါးယောက်လုံး တည်ဆောက်မှုသို့ဝင်ပြီးချိန်တွင် ဖြတ်လမ်းတည်ဆောက်မှုသည် စတင်လှုပ်ရှားလာပြီး အိမ်ထဲမှ လျင်မြန်စွာပျောက်သွားတော့သည်။
သူတို့ထွက်သွားပြီးမကြာမီတွင် တခြားလူနှစ်စုသည် ဝိညာဉ်သခင်ကုန်သည်ကြီးများ အသင်းသို့ ရောက်လာကြသည်။ သူတို့ဝတ်ဆင်ထားသော အဝတ်အစားများကို ကြည့်ခြင်းအားဖြင့် အင်ပါယာကျောင်းတော်မှ ကျောင်းသားများဖြစ်ကြောင်းကို တွေ့ရသည်။
“ဆားမြို့” ထိုအထဲမှ လူတစ်ယောက်သည် သစ်သားပြားကို ထုတ်လိုက်ပြီး ဖြတ်လမ်းတည်ဆောက်မှုဘေးတွင် ရပ်နေသောသူအား စကားတစ်ခွန်းပြောလိုက်သည်။
“ဆရာ ဆားမြို့ကနေ ပူလွောင်တောင်တန်းကိုသွားမယ်လို့ တကယ်ပြောနေတာလား” ဖြတ်လမ်းတည်ဆောက်မှုသို့ ဒုတိယမြောက်ရောက်သောသူမှ ပြောလိုက်သည်။
ဆရာဟု ရည်ညွှန်းခံရသော တစ်ယောက်သည် နောက်တစ်ယောက်အား စကားမပြောပဲစိုက်ကြည့်လိုက်သည်။ သူပခုံးတွန့်လိုက်ပြီး ဘေးတွင်ရပ်နေလိုက်သည်။
ညနေစောင်းသော် ရှီမာယူယူနှင့် ကျန်သူများသည် ဆားမြို့၏ ဝိညာဉ်သခင်ကုန်သည်ကြီးများအသင်းတွင် ပေါ်လာတော့သည်။
“ငါတို့ ညအိပ်ဖို့ တည်းခိုဆောင်ကိုအရင်ရှာရမယ်၊ ပြီးတော့ ငါတို့အဲမှရှိတုန်း ပူလွောင်တောင်တန်းရဲ့ လက်ရှိအခြေအနေကို စုံစမ်းရမယ် ဟုတ်ပြီလား” ဝေကျိရွှီမေးလိုက်သည်။
“ကောင်းပြီ” ပထမဆုံး သဘောတူသူမှာ ဖက်တီးကျူဖြစ်သည်။ ဖြတ်လမ်းတည်ဆောက်မှုအား အကြာကြီးသုံးခဲ့ရသဖြင့် သူခါးနာနေပြီဖြစ်သည်။
“ငါက ဘာဖြစ်ဖြစ် အဆင်ပြေတယ်” ရှီမာယူယူပြန်ဖြေလိုက်သည်။
ဘေဂုံထန်နှင့် ဝူရန်ဖေလည်း ခေါင်းညိတ်လိုက်သည်။ ကောင်းကင်သည် မှောင်နေပြီ၊ ထို့ကြောင့် ပူလွောင်တောင်တန်းသို့ အလောတကြီးခရီးနှင်ခြင်းသည် အန္တရာယ်များသောအရာဖြစ်သည်။
သူတို့ငါးယောက်သည် အနီးဆုံးတည်းခိုဆောင်အား မေးမြန်း၍ ဝိညာဉ်သခင်ကုန်သည်ကြီးများအသင်းမှ ထွက်လာခဲ့ကြသည်။ သူတို့သည် အခန်းငါးခန်းငှားလိုက်ကြပြီး ညစာစားပြီးနောက် ကိုယ့်အခန်းတွင် နားနေလိုက်ကြသည်။
သူတို့ တည်းခိုဆောင်သို့ ရောက်တာမကြာသေးခင်တွင် နောက်လူတစ်စုသည်လည်း ဝင်လာသည်။
ရှီမာယူယူ သူမအခန်းအား ပြန်သွားကာ အိပ်ရာပေါ်တွင် ခြေပစ်လက်ပစ်လှဲလိုက်သည်။
ညစာစားချိန်တွင် လေးယောက်လုံးသည် မနက်ဖြန်ပူလွောင်တောင်တန်းကို သွားရမည်ကိုတွေး၍ စိတ်လှုပ်ရှားကာ လေးနက်သော မျက်နှာအမူအရာများဖြစ်နေကြသည်။ သို့သော် သူမသည် အချိန်အတန်ကြာ ပူလွောင်တောင်တန်းတွင်နေခဲ့သည်ဖြစ်၍ စိတ်မလှုပ်ရှားပေ။
သူမသည် မျက်နှာသစ် သွားတိုက်ပြီးသော်အခါ အိပ်ရန်စောင်ခြုံလိုက်လေသည်။
ဒုတိယမြောက်မနက်ခင်းတွင် သူတို့ထဲမှတချို့သည် အောက်သို့ဆင်းလာပြီး မနက်စာအတူစားကြလေသည်။
“မနေ့ညက တည်းခိုဆောင်ပိုင်ရှင်ဆီကနေ ပူလွောင်တောင်တန်းရဲ့ လက်ရှိအခြေအနေကို မေးပြီးသွားပြီ၊” ဝေကျိရွှီသည် မနက်စာစားရင်းပြောလိုက်သည် “ပူလွောင်တောင်တန်းက အပြင်ပိုင်းဒေသ၊ အလယ်ပိုင်းဒေသနဲ့ အတွင်းပိုင်းဒေသဆိုပြီး ခွဲထားတယ်…”
ဝေကျိရွှီပြောသောစကားများကို ရှီမာယူယူသိပြီးသားဖြစ်သည်၊ သို့သော် ထိုကဲ့သို့ အသေးစပ်ပြောနိုင်သည်ကို ကြည့်ခြင်းအရ သူသည် သတင်းအရင်းအမြစ်လိုက်ရာတွင် အရည်အချင်းရှိသည်ဟု ပြောလို့ရသည်။
“ငါတို့ အလယ်ပိုင်း ဒါမှမဟုတ် အတွင်းပိုင်းဒေသကို မသွားရင် အန္တရာယ်ကြီးကြီးမားမား မတွေ့နိုင်ဘူး” ဝေကျိရွှီထပ်ပြောလိုက်သည်။
“ဒါပေမယ့် ငါတို့ရှာရမယ့် ဆေးဖက်ဝင်ပစ္စည်းတွေက အပြင်ပိုင်းဒေသမှာမရှိဘူး၊ ရှာဖို့ အလယ်ပိုင်းဒေသကိုတော့ သွားရမှာပဲ မတတ်နိုင်ဘူး” ဖက်တီးကျူပြောလိုက်သည်။
“အလယ်ပိုင်းဒေသက အန္တရာယ်များလွန်းတယ်၊ ဖြစ်နိုင်ရင် အဲနေရာကိုရှောင်သွားပြီး အကောင်းဆုံးဖြစ်အောင်တော့ လုပ်ရမယ်” ဝေကျိရွှီပြောလိုက်သည် “သွားရအောင်၊ ပူလွောင်တောင်တန်းကို ဝင်တာ ငါ့အတွက်ပထမဆုံးအကြိမ်ပဲ၊ ဘာတွေတွေ့မလဲဆိုတာ တကယ်မျှော်လင့်မိတယ်”