← Chapters

ဟေးဒီးစ် သတ်ဖြတ်ခြင်း

Vol. 86-89 Ch. 1332

ဟေးဒီးစ် သတ်ဖြတ်ခြင်း

Vol. 86-89 Ch. 1332

လက်ရှိတွင် ဝူချီဖုန်းက ငါးလည်းသေ ပိုက်ကွန်လည်းဆုံးဟူသည့်ပုံစံဖြင့် တိုက်ခိုက် လာလေသည်။

“ဟေးဒီးစ် သတ်ဖြတ်ခြင်း”

သရဲတစ္ဆေပေါင်း ထောင်ချီအော်ဟစ်လာသည့် အသံမျိုး ပဲ့တင်ထပ်၍ ထွက်ပေါ်လာပြီး ထောင်ချီသော အနက်ရောင် အလင်းတန်းများ ပြိုင်တူ ဖြာထွက်လာကာ ပြင်းထန်သော အဖျက်စွမ်းအင် ပျံ့လွင့်လာ၏။

မိစ္ဆာဆန်ကာ ပြင်းထန်လွန်းသည်။ ထိုစွမ်းအင်က ငရဲမှ ထွက်ပေါ်လာပုံရပြီး ဝူချီဖုန်းသည်လည်း ငရဲမှ နတ်ဆိုး နတ်ဘုရားအသွင် ပြောင်းသွားပုံပေါ်ကာ သူ့တစ်ကိုယ်လုံးမှ မကောင်းသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။ လူတိုင်း ထိတ်လန့်ကြောက်ရွံ့သွားကြသည်။

*ဒါ ဘာစွမ်းအင်ကြီးလဲ၊ ဘာလို့ နတ်ဆိုးတစ်ကောင် ပြန်ရှင်လာသလိုမျိုး ဖြစ်ရတာလဲ*

ယဲ့ဖန်တောင်မှ မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ ဤစွမ်းအင်က သူ့အား အလွန် ရင်းနှီးသလို ခံစားရစေပြီး သူ ငရဲဘုံသို့ ပြန်ရောက်နေသည်ဟု ထင်မှတ်သွားရစေသည်။

*ရင်းနှီးလွန်းလိုက်တာ*

ယဲ့ဖန် ထိုသို့ ခံစားမိသည်နှင့် တစ်ချိန်တည်းမှာပင် ရှုပ်ထွေးသော အမူအရာမျိုး ဖြစ်လာမိသည်။ ဤသိုင်းကွက်ကို မည်သူ တီထွင်ခဲ့မှန်း သူ မသိသော်လည်း တစ်ဖက်လူက ငရဲမှလာသူ ဖြစ်ရပေမည်။

သူ့အပြုအမူက လူတိုင်း၏ မျက်လုံးတွင် ထူးဆန်းလွန်းနေသည်။

*ပုံမှန် မဟုတ်ဘူး*

*သူက အရူးပဲ*

ဝူချီဖုန်း၏ ကြောက်စရာကောင်းသော အရှိန်အဝါနှင့် နတ်ဆိုးအသွင်အပြင်ကြောင့် သူတို့အားလုံး မှင်တက်နေ သော်လည်း ယဲ့ဖန်က စိတ်ရှုပ်ထွေးပုံ ပေါ်နေ၏။

*ဒီကောင်က နှလုံးသားမရှိတာလား၊ အကြောက်တရားဆိုတာ ဘာလဲ မသိဘူးလား*

လက်ရှိတွင် ဝူချီဖုန်းကို မြင်သည့်သူတိုင်း မကြောက်ဘဲ မနေနိုင်ကြချေ။ သို့သော် အရှေ့မှ ယဲ့ဖန်က ဂရုစိုက်ပုံပင် မပေါ်ချေ။

ဤသည်ကိုမြင်သော် လူတိုင်းသည် ကြောက်စရာကောင်းသော ဝူချီဖုန်း ရှိနေသည်ကိုပင် မေ့သွားပြီး ယဲ့ဖန်အား အထိတ်တလန့် ကြည့်လာကြသည်။ လက်ရှိ ယဲ့ဖန်က ပိုကြောက်စရာကောင်းပြီး ထူးဆန်းလွန်းသည်ဟု ခံစားမိ နေသည်။

“ဟေးဒီးစ် သတ်ဖြတ်ခြင်း၊ လတ်စသက်တော့ ဟေးဒီးစ် သတ်ဖြတ်ခြင်းပါလား၊ လူကြီးမင်းယဲ့ သတိထားပါ”

ဟွမ်ထျန်းချန် ချက်ချင်း အော်ဟစ်၍ သတိပေးလိုက်သည်။ သူသည် အသိပညာ ဗဟုသုတ ပေါများသူ ဖြစ်သောကြောင့် ဟေးဒီးစ် သတ်ဖြတ်ခြင်းအား ဘယ်လိုလုပ် မသိဘဲ နေနိုင်မည်နည်း။

၎င်းသည် နာမည်ကျော် မိစ္ဆာသိုင်းကွက်ဖြစ်ပြီး တစ်ကြိမ်သာလျင် ပေါ်ထွက်လာဖူးသည်။ ထိုသိုင်းကွက်အား ထုတ်ဖော်သူမှာ ငရဲဘုံမှ နတ်ဆိုးဖြစ်ပြီး ဟေးဒီးစ်ဟု အမည်တွင်လေသည်။

သူသည် ငရဲမှလာသူ ဖြစ်သောကြောင့် ယန်နယ်မြေ၌ ရန်လိုခြင်း ခံရပြီး အဖွဲ့အစည်းအစားလုံး၏ ဖိအားပေးခြင်း ခံရကာ သူ၏ အမျိုးသမီးတောင်မှ နှိပ်စက်ညှင်းပန်းခြင်း ခံခဲ့ရသည်။ ထို့ကြောင့် ဟေးဒီး ဒေါသူပုန် ထခဲ့လေသည်။

ထိုနေ့၌ သူသည် ဤသိုင်းကွက်ဖြင့် သူတော်စင်သခင်အဆင့် ဆယ့်နှစ်ယောက်ကို သူတစ်ယောက်တည်း သတ်ဖြတ်ခဲ့သဖြင့် နယ်မြေတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

ထိုတိုက်ပွဲသည် အလွန်အမင်း ဆိုးရွားခဲ့ပြီး နေနှင့်လတို့ ပျောက်ကွယ်ခဲ့သလို တောတောင်မြစ်ချောင်း ပျက်စီးကာ သွေးများ ချောင်းသဖွယ် စီးခဲ့ပြီး ထိုတိုက်ပွဲ၌ လူတစ်သန်းကျော် သေဆုံးခဲ့ရသည်။

ဤသိုင်းကွက်အား ယဲ့ဖန်ဆိုလျင်တောင်မှ မလွတ်မြောက်နိုင်မှာ စိုးရသည်။ ဤမိစ္ဆာစွမ်းအင်က မယုံနိုင်စရာ ကောင်းလှသည်။

“လူကြီးမင်းယဲ့ သူ့ကို မြန်မြန်တားပါ၊ ခင်ဗျား သူ့ကို ဒီမိစ္ဆာသိုင်းကွက် သုံးခွင့်ပေးလို့ မဖြစ်ဘူး”

ဟွမ်ထျန်းချန် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ဤနတ်ဆိုးသိုင်းကွက်ကို ထုတ်ဖော်လိုက်သည်နှင့် ဆယ်မိုင်အတွင်း မည်သည့် သတ္တဝါမှ အသက်ရှင်နိုင်မည် မဟုတ်ကြောင်း သူ သိနေသည်။ သို့သော် ယဲ့ဖန်က လှုပ်ရှားမှု မရှိချေ။

“ငါ့ကိုတားမယ် ဟုတ်လား၊ နောက်ကျသွားပြီ၊ ဒီမိစ္ဆာသိုင်းကွက်ကို ထုတ်လိုက်တာနဲ့ မင်း သေဖို့ပဲ စောင့်နေ လိုက်တော့”

ဝူချီဖုန်းက ခက်ထန်သော မျက်နှာထားနှင့် ပြောလိုက်သည်။

“ယဲ့ဖန် ဒါ မင်း ငါ့ကို အထင်သေးခဲ့တဲ့အတွက် အဆုံးသတ်ပဲ၊ အခုမှ နောင်တရလည်း နောက်ကျသွားပြီ၊ ငရဲကို သွားပြီး နောင်တရနေလိုက်တော့”

ဝူချီဖုန်း သွက်သွက်ခါအောင် ရူးသွားလေပြီ။ သူ သေရမည်ဖြစ်သော်လည်း မသေခင် ယဲ့ဖန်ကိုပါ သူနှင့်အတူ ခေါ်သွားနိုင်မည် ဖြစ်သဖြင့် သူ ကျေနပ်နေ၏။

“အဖေ ဒီလိုလုပ်လို့ မဖြစ်ဘူးလေ၊ ကျွန်တော် ဘာလုပ်ရမလဲ၊ အဖေ ကျွန်တော့်ကို မတော်တဆ ထိခိုက်အောင် လုပ်မိမယ်လေ”

ဝူကျောယို အလန့်တကြား ထအော်လေသည်။ ဝူချီဖုန်းက သူတို့ကိုပါ အတူတူ သတ်ရန် ကြံစည်ထားလေသလား။

“မတော်တဆ ထိခိုက်မိမယ် ဟုတ်လား”

ဝူချီဖုန်းက သူ့ကို အရေးမစိုက်သလို စိုက်ကြည့်လေသည်။

“ငါ အစကတည်းက မင်းကိုပါ အတူတူ သတ်ဖို့ စီစဉ်ထားတာ”

ဝူကျောယို တုန်လှုပ်သွားပြီး ဝူချီဖုန်းအား မယုံနိုင်သလို ကြည့်လိုက်သည်။ သူ၏ မွေးဖခင်အရင်းက သူ့ကိုပါ သတ်မည်ဟု တကယ် ပြောနေသည်တဲ့လား။

“ဝူချီဖုန်းဆိုတဲ့ ငါ့ဂုဏ်သိက္ခာက မင်းလိုအသုံးမကျတဲ့ကောင်ရဲ့ လက်ထဲမှာ ပျက်စီးသွားရတာ၊ ငါ့ဘဝမှာ နောင်တ အရဆုံးက မင်းကို မွေးခဲ့မိတာပဲ၊ မင်းက ဒီလောက် အသုံးမကျမှန်း ကြိုသိခဲ့ရင် ငါ မင်းကို အစကတည်းက သတ်ပစ် လိုက်တယ်”

ဝူချီဖုန်းက အေးတိအေးစက် ခနဲ့လိုက်သည်။ ဝူကျောယိုကြောင့်သာ မဟုတ်လျင် ယနေ့ သူ ဤသို့ အဆုံးသတ်မည် မဟုတ်ပါ။

ယခု သူ သေရမည်ဆိုလျင် ဝူကျောယိုကိုပါ သူနှင့်အတူ မြှုပ်နှံပစ်ပေမည်။ လက်ရှိတွင် ဝူချီဖုန်း၏ ခန္ဓာကိုယ်၌ အနက်ရောင် နတ်ဆိုးစွမ်းအင်နှင့် ပြည့်နှက်နေပြီး လောကထဲသို့ ငရဲ ခေါ်လာသည်ဟု ထင်မှတ်မှားရကာ ယဲ့ဖန်အား ရုတ်ချည်းဆိုသလို တိုက်ခတ်လာ၏။

ခြေလှမ်းတိုင်းက လောကကို စုတ်ဖြဲနေပြီး မကြာခင်မှာပင် လမ်းတစ်ခုလုံး ပျက်စီးလာ၏။ မသိလျင် ကမ္ဘာပျက်ကပ် ကျရောက်လာသည်ဟုပင် ထင်မှတ်မှားရပြီး ဤမြင်ကွင်းက ကြောက်စရာ ကောင်းလာသည်။

“သေပေတော့”

ဝူချီဖုန်း၏ မျက်နှာက ခက်ထန်ကြမ်းကြုတ်နေသည်။ သူ အော်ဟစ် ကြုံးဝါးနေစဉ်မှာပင် အဝတ်အစားများ စုတ်ပြဲ လာသည်။ အတောမသတ်နိုင်သော လူသတ်လိုသည့် အငွေ့အသက်များက သူ့အဝတ်အစား အပြင်ဘက်သို့ လွင့်ပျံလာပြီး ယဲ့ဖန်၏ ပတ်ဝန်းကျင်ကို ချက်ချင်း လွှမ်းခြုံသွား၏။

သူသည် ယဲ့ဖန်၏ ဦးခေါင်းထက်သို့ ရောက်လာပြီး နတ်ဆိုးစွမ်းအင်များနှင့်အတူ ယဲ့ဖန်အား အသေသတ်ရန် ကြံစည်လေသည်။

“လူကြီးမင်းယဲ့”

ဟွမ်ထျန်းချန် အလွန် စိုးရိမ်လွန်းသဖြင့် လေသံပင် ပြောင်းလဲနေပြီး စိုးရိမ်တကြီး‌ အော်ဟစ်ကာ တုန်လှုပ်နေ၏။ ဤကြောက်စရာကောင်းသော အရှိန်အဝါသည် အလွန် ပြင်းထန်ပြီး နတ်ဘုရားများတောင်မှ ပြတ်တောက် နိုင်သည်ဟု ထင်မှတ်ရလေသည်။ ဤနတ်ဆိုးစွမ်းအင်အား မည်သူမျှ မခုခံနိုင်ပါ။

“ဝုန်း ဝုန်း ဝုန်း”

ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာ၏။ ချက်ချင်းဆိုသလိုပင် ထောင်ကျော်သော စစ်သားများသည် အော်ပင် မအော်လိုက်နိုင်ဘဲ ပြာဖြစ်သွားကြသည်။ ဤနတ်ဆိုးစွမ်းအင်၏ ထိုးဖောက်မှုအောက်၌ သက်ရှိအရာအားလုံး ပျက်စီးရသည်။

လက်ရှိတွင် ဝူချီဖုန်း ရူးမတတ် ဖြစ်နေ၏။ သူ၏ သားအရင်းကိုသာမက သူ့လက်အောက်ငယ်သားများ၏ အသက်ကိုပါ လျစ်လျူရှုကာ ရှိသမျှ လူတိုင်းကို သတ်ပစ်နေလေသည်။

ကျန်ဘေးလူများအားလုံး မှင်တက်ကာ ဆောက်တည်ရာမရ ဖြစ်နေ၏။ သူတို့၏ စိတ်ထဲတွင် ယဲ့ဖန် သေချာပေါက် သေလိမ့်မည်ဟု ထင်မှတ်နေကြသည်။ ထို့အတူ သူတို့သည်လည်း ယဲ့ဖန်နှင့်အတူ သေဆုံးရပေတော့မည်။

ယဲ့ဖန်အား အနက်ရောင် အခိုးအငွေ့များက ဝါးမျိုသွားပြီး အနက်ရောင် အငွေ့များက ဒီရေအလား တိုးမြင့် လာနေကာ ယဲ့ဖန်အား သန့်စင်နေသည်ဟု ထင်မှတ်ရသည်။

“သေလိုက်တော့ သေ သေ”

ဝူချီဖုန်း သွပ်သွပ်ခါအောင် ရူးနေပြီး သူ့ကိုယ်ပေါ်၌ ဒဏ်ရာများ ပေါ်လာကာ သွေးများ ပန်းထွက်လာ၏။ သူ့ခန္ဓာကိုယ်က ဤနတ်ဆိုးစွမ်းအင်ကို လုံးဝ တောင့်မခံနိုင်ပါ။ ထို့ကြောင့် သူ့တွင် ပျက်စီးတော့မည့် လက္ခဏာများ ပြသလာကာ ဒွါရခုနစ်ပေါက်မှ သွေးများ စိမ့်ထွက်လာပြီး သူ့ခန္ဓာကိုယ်က အခြေအနေ ပိုဆိုးလာကာ တန်ပြန် လက္ခဏာများ ဖြစ်ပေါ်လာနေ၏။

သို့သော် သူသည် ယင်းအဖြစ်ကို လျစ်လျူရှုထားပြီး ပို၍ ပြင်းထန်သော တိုက်ကွက်များဖြင့်သာ ယဲ့ဖန်ကို ဒေါသတကြီး တိုက်ခိုက်နေပြီး မြေပျိုကာ အက်ရာများ ဖြစ်ပေါ်လာသည်။ ကျောက်စရစ်များ လွင့်စဉ်ပျံဝဲနေကာ အရာအားလုံး တစ်ပြိုင်တည်း ပျက်စီးလာသည်။

သူ သေရမည်ဖြစ်သော်လည်း ယဲ့ဖန်ကိုပါ သူနှင့် အပါခေါ်သွားမှ ဖြစ်မည်။ ရက်စက်ပါသည်ဟု ကျော်ကြားသော ယဲ့ဖန်အား သူ့လက်နှင့် ရှင်းပစ်နိုင်မည့် အဖြစ်ကို တွေးမိတိုင်း သူ့စိတ်ထဲ၌ ကျေနပ်ပီတိစိတ် ဖြစ်ပေါ်လာရသည်။ ထို့ကြောင့် သူ၏ တိုက်ကွက်များက ဆထက်တံပိုး ပြင်းထန်လာ၏။

ခက်ထန်သော အကြည့်များဖြင့် လက်သီးတစ်လုံးပြီး တစ်လုံး ဆက်တိုက် ပစ်သွင်းနေပြီး ယဲ့ဖန် အသားပြား မဖြစ်သွားမခြင်း လက်လျှော့မည်ပုံ မပေါ်ချေ။

“ဟားဟားဟား သေလိုက်တော့ ယဲ့ဖန် မင်း သေလိုက်တော့”

ဝူချီဖုန်း အားပါးတရ ရယ်မောနေပြီး အောက်ဘက်မှ ဘာလှုပ်ရှားမှုမှ မရှိသည်ကိုမြင်ပြီး သူ ယဲ့ဖန်ကို သတ်လိုက် နိုင်ပြီဟု ခံစားလိုက်မိသည်။

“မင်းနဲ့ ကောင်းကောင်းညှိနှိုင်းတုန်းက မင်း အရေးမှမစိုက်တာ၊ မင်း ငါ့ကို ဖိအားပေးခဲ့တာလေ၊ ဒါ ငါ့ကို ဖိအားပေးတဲ့ အကျိုးဆက်ပဲ”

ယဲ့ဖန် သေခါနီးဖြစ်သော်လည်း မသေခင် စိတ်ပျက်နေသော မျက်နှာထားကို သူ မတွေ့လိုက်ရသဖြင့် အနည်းငယ် စိတ်မကောင်းသလို ခံစားလိုက်ရသည်။

သို့သော် ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာ၏။ ထိုပြောင်းလဲမှုမှာ ရုတ်တရက် မမြင်ရသော နတ်ဆိုးလက်တစ်ဖက်က ဝူချီဖုန်း၏ လည်မျိုကို ညှစ်လိုက်ပုံရပြီး သူ့ရယ်သံ တိခနဲ ရပ်တန့်သွားသည်။

အရှေ့၌ အနက်ရောင် မီးခိုးငွေ့က ဒီရေအလား တိုးမြင့်နေ၏။ သို့သော် ထိုနေရာ၌ သူ့ကိုယ်ထဲမှ အနက်ရောင် စွမ်းအင်ကို စုပ်ယူနေသော ဝဲကတော့တစ်ခု ရှိနေပုံရသည်။

ထိုနေရာ၌ ကြောက်စရာကောင်းသော သားရဲများ ရှိနေပြီး သူ၏ အဖျက်စွမ်းအင်ကို အရူးအမူး စုပ်ယူနေပုံ ရသည်။ သူ၏ ဟေးဒီးစ် သတ်ဖြတ်ခြင်း စွမ်းအင်သည် လက်ရှိ၌ သိသိသာသာ မြင်နေရသော အရှိန်ဖြင့် လွင့်ပြယ်နေသည်။

သူ၏ အနက်ရောင် မီးခိုးငွေ့က တဖြည်းဖြည်း ပါးလျလာပြီး မကြာခင်မှာပင် အထဲမှ လူတစ်ယောက်ကို‌ သေချာ မြင်လိုက်ရသည်။

သူသည် ပါးစပ်ကို ကျယ်ကျယ်ဟ၍ အနက်ရောင် မီးခိုးငွေ့အား ဝမ်းဗိုက်ထဲ စုပ်ယူနေပုံက နွားတစ်ကောင် ရေသောက်နေသလိုပင်။

“အေ့”

ထို့နောက် သူသည် အေ့ခနဲ လေချဉ်တက်လိုက်သဖြင့် လူတိုင်း ထိတ်လန့်သွားကြသည်။

*ယဲ့ဖန်လား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ဝူချီဖုန်း မျက်လုံးကျွတ်ကျမတတ် ဖြစ်သွားသည်။ ယဲ့ဖန်က သူ၏ အစွမ်းအထက်ဆုံး သိုင်းကွက်ကို တားဆီး လိုက်နိုင်သည် မဟုတ်ပါလော။ ထို့အပြင် ထိုနည်းလမ်းက ထူးဆန်းလွန်းလှသည်။

*စုပ်ယူလိုက်တယ်*

*သူ အနက်ရောင် မီးခိုးငွေ့အားလုံးကို တကယ် စုပ်ယူလိုက်တာပဲ*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ယန်နယ်မြေက ဘယ်သူမဆို ဒီငရဲဘုံက သိုင်းကွက်နဲ့ တွေ့သွားရင် သေရတာ ချည်းပဲ*

*ဒါပေမဲ့ ယဲ့ဖန်က အဲ့ဒါကို အကုန် စုပ်ယူပစ်လိုက်တာလား*

*ဒါက*

အားလုံး ဆူညံပွက်လောရိုက်လာကြသည်။ သူတို့သည် ယဲ့ဖန်အား အံ့ဩထိတ်လန့်ဟန်နှင့် ကြည့်နေလေသည်။ သူတို့ ထိတ်လန့်ပြီးရင်း ထိတ်လန့်နေကြရသည်။

*ဒီကောင် နောက်တစ်ခါ ထပ်တားလိုက်ပြန်ပြီ*

*ပြီးတော့ သုံးတဲ့နည်းကလည်း ဘယ်သူမှ ထင်မထားတဲ့၊ လက်မခံနိုင်တဲ့ နည်းလမ်း*

*လူသတ်သိုင်းကွက်ကို ဝါးမျိုးပစ်လိုက်တာ၊ ဒါ ဖြစ်နိုင်လို့လား*

ယဲ့ဖန်က အနက်ရောင် အခိုးအငွေ့အား အရသာရှိသော ဟင်းလျာသဖွယ် ဝါးမျိုလိုက်သည်ကို ကြည့်ပြီး လူတိုင်း မျက်လုံးပြူးကာ မယုံနိုင်ကြချေ။

ထို့နောက်တွင် ယဲ့ဖန်၏ ခန္ဓာကိုယ်တွင် အနက်ရောင် အလင်းတန်းများ တောက်ပလာပြီး သူ၏ အရှိန်အဝါက တစ်ဟုန်ထိုး မြင့်တက်လာကာ မိုးမြေအား ဝါးမျိုနိုင်လောက်သော အရှိန်အဝါမျိုးက မိုင်တစ်သောင်းမက ပျံ့လွင့် သွားသည်။

ဤမြင်ကွင်းကိုကြည့်ပြီး ဝူချီဖုန်း ကြက်သေ သေသွားလေသည်။

*ဒီကောင်က ဒဏ်ရာအပြင်းအထန်တောင် မရတဲ့အပြင် အရှိန်အဝါတောင် တက်လာသေးတယ်*

ထို့နောက် ယဲ့ဖန်က သူ့ပါးစပ်ကို ဖြည်းဖြည်းချင်း ပြန်ပိတ်လိုက်ကာ လူတိုင်း အံ့ဩသွားစေမည့် စကားကို ပြောလာသည်။

“ငါ ဒီလောက် သန့်စင်တဲ့ ငရဲဘုံက စွမ်းအင်ကို မစားရတာ တော်တော် ကြာနေပြီ၊ ဒါက ငရဲဘုံကို ပြန်ရောက် သွားသလိုပဲ၊ တကယ့် အာဟာရကြီးပဲ”

*အာဟာရကြီး*

ထိုစကားကို ကြားသောအခါ လူတိုင်း ယဲ့ဖန်ရှေ့၌ ဒူးထောက်လုမတတ် ဖြစ်သွားကြသည်။ ဤမျှ အဖျက်စွမ်းအင် ပြင်းထန်သော မိစ္ဆာသိုင်းကွက်က ယဲ့ဖန်၏ မျက်လုံးထဲတွင် အာဟာရတစ်ခုဟုသာ မြင်နေသည်တဲ့လား။

*ဒါ ဘာမိစ္ဆာကြီးလဲ*

*လက်မခံနိုင်စရာပဲ*

*လွန်လွန်းတယ်*

ဝူချီဖုန်း ဒေါသထွက်ကာ သွေးအန်လုမတတ် ဖြစ်သွားကြသည်။ သူ့အသက်ကိုရင်း၍ တိုက်ခိုက်သော်လည်း ယဲ့ဖန်၏ မျက်လုံးထဲတွင် သူ့တိုက်ကွက်က ဆေးရည်သဖွယ် ဖြစ်နေသည်။

ယဲ့ဖန်ကိုသတ်ရန် သူ အသက်ကိုပင် စတေးခဲ့သော်လည်း အဆုံးသတ်၌ သူ ယဲ့ဖန်ကို မသတ်နိုင်သည့်အပြင် ယဲ့ဖန်၏ ခွန်အားကို အဆမတန် တိုးမြင့်အောင် လုပ်ပေးသလို ဖြစ်သွားခဲ့သည်။ အလွန် မွန်းကြပ်ဖွယ် ကောင်းလှသည်။

“ငါ သေရမယ့် အလှည့်လားကွ”

ဝူချီဖုန်း ကောင်းကင်ကို မော့ကြည့်၍ အော်ဟစ်လိုက်သည်။ သူ မခံမရပ်နိုင်အောင် ဒေါသထွက်နေ၏။ သူ ယဲ့ဖန်ကို မသတ်နိုင်သည့်အပြင် ကံကောင်းအောင်ပါ လုပ်ခဲ့မိသည်။ သို့သော် သူကတော့ သေဆုံးရပေတော့မည်။ သူ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

ဟေးဒီးစ် သတ်ဖြတ်ခြင်းသ်ည သူတော်စင်သခင်အဆင့်ကိုပင် သတ်နိုင်၏။ သို့ရာတွင် ယဲ့ဖန်အပေါ် သုံးသောအခါ မသတ်နိုင်သည့်အပြင် ဝါးမျိုခြင်းပါ ခံလိုက်ရသည်။ ဤခံစားချက်က အလွန် မျှော်လင့်ချက် မဲ့လှသည်။

လူတိုင်း သေမတတ် ချောက်ချားနေ၏။ သူတို့ ဝူချီဖုန်း၏ လက်ရှိ ခံစားချက်ကို နားလည်နိုင်ပါသည်။ ထို့အတူ သူတို့သည်လည်း သူ့နည်းတူ ထိတ်လန့်နေကြသည်။

*ဒီလူက မကိုင်လှုပ်နိုင်တဲ့ နတ်ဆိုးပဲ*

*နတ်ဆိုးကသာ နတ်ဆိုးစွမ်းအင်ကို ဝါးမျိုရဲမှာ*

ထိုစဉ် ယဲ့ဖန်က ခေါင်းကိုမော့၍ ဝူချီဖုန်းက မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လာသည်။

“ဒီတစ်ခါ အားလုံး တကယ် အဆုံးသတ်ပြီ”

All Chapters