အခန်း ၂၀၁
Vol. 21 Ch. 201
အခန်း (၂၀၁) - နတ်ဝိညာဉ်အဆင့် လူလိမ်
ကျားမိစ္ဆာသည် ချိုးယွီနင်ကို ကြည့်ကာ အလွန် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"မင်းတို့က တာအိုကို ကောင်းကောင်း နားလည်ပုံရတယ်... အဲဒါ ကောင်းတယ်..."
"ငါ့ရဲ့ တောင်းဆိုချက်ကတော့ တကယ်တော့ အရမ်း ရိုးရှင်းပါတယ်... သားရဲတစ်ကောင်ကို ဒီကနေ ခေါ်ထုတ်သွားဖို့ မင်းတို့ ကူညီပေးစေချင်တယ်..."
"သားရဲတစ်ကောင် ခေါ်ထုတ်သွားရမယ်..."
ချိုးယွီနင် ချက်ချင်း မျက်မှောင်ကြုတ်သွား၏။
ဤနေရာမှ ထွက်ခွာခြင်းဆိုသည်မှာ သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေမှ ထွက်ခွာခြင်းကို ဆိုလိုကြောင်း စကားကို သူ နားလည်လိုက်သည်။
သို့သော် သားရဲ တစ်ကောင် သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေမှ ထွက်ခွာခွင့်ရရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ချေ။
ဤကိစ္စတွင် အခက်အခဲ နှစ်ခု ရှိနေသည်။
ပထမဆုံး အခက်အခဲမှာ သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေနှင့် ပြင်ပကမ္ဘာကို ဆက်သွယ်ထားသော တံခါးပေါက်ပင် ဖြစ်သည်။
ဤတာအိုတံခါးပေါက်သည် နှစ်ဖက်သွားလာခွင့်ပြုထားသော်လည်း အပြင်မှဝင်လာသည်ဖြစ်စေ၊ အတွင်းမှထွက်သွားသည်ဖြစ်စေ မဖြစ်မနေ လိုအပ်ချက်တစ်ခု ရှိနေသည်။ ထိုအချက်မှာ တစ်ဖက်လူ၏ စွမ်းအားသည် ရွှေမြုတေအဆင့်အောက်တွင်သာ ရှိရမည်။
ရွှေမြုတေအဆင့်ကို ကျော်လွန်သွားသည်နှင့် နတ်ဘုရားတစ်ပါးပင်လျှင် ဝင်ရောက်နိုင်မည် မဟုတ်ပေ။
ဤအချက်ကို လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက နတ်ဝိညာဉ်အဆင့်နှင့် ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ရှိ ကျင့်ကြံသူများက မရေမတွက်နိုင်အောင် စမ်းသပ်ခဲ့ပြီး ဖြစ်သည်။
ဒုတိယ အခက်အခဲမှာ သားရဲကိုယ်တိုင်နှင့် ဤကမ္ဘာအကြား ဆက်သွယ်မှုပင် ဖြစ်သည်။
ဤကိစ္စမှာ အဓိကအားဖြင့် သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေအတွင်းရှိ သားရဲများနှင့် သက်ဆိုင်ပေသည်။
သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေတွင် မွေးဖွားလာသော သားရဲများသည် မွေးဖွားချိန်မှစ၍ ဤကမ္ဘာနှင့် ဆက်သွယ်မှု ရှိသည်။
သူတို့ ဆက်လက် ကျင့်ကြံလေလေ ဤကမ္ဘာနှင့် ဆက်သွယ်မှု ပိုမို နက်ရှိုင်းလာလေလေ ဖြစ်သည်။
သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေမှ ထွက်ခွာသွားသည်နှင့် ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ ဖြစ်ကာ အထောက်အပံ့ အားလုံး ဆုံးရှုံးသွားမည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် ထိုသားရဲများအတွက် ကျန်ရှိနေမည့်အရာမှာ သေဆုံးခြင်းသာ ဖြစ်သည်။
ဤသည်မှာ သားရဲယဉ်ပါးစေခြင်း အတတ်ကို ကျင့်ကြံသော ဂိုဏ်းသားတစ်ဦးက သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေနှင့် ဆက်နွယ်မှု ရှိသော သားရဲကို သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေမှ ခေါ်ထုတ်သွားရန် ကြိုးစားခဲ့စဉ်က ရှာဖွေတွေ့ရှိခဲ့သော လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။
"ကျွန်တော် စီနီယာရဲ့ ကမ်းလှမ်းချက်ကို လက်ခံချင်ပေမဲ့ ခက်ခဲလိမ့်မယ် ထင်တယ်..."
ချိုးယွီနင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မကြိုးစားဘဲ ဖြစ်နိုင်ခြေရှိသော အန္တရာယ်နှစ်ခုစလုံးကို ကျားမိစ္ဆာအား အသိပေးလိုက်သည်။
ချိုးယွီနင်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ချန်လော့ မျက်မှောင်ကြုတ်သွား၏။
အကယ်၍ ချန်လော့သာဆိုလျှင် ဤအကြောင်းကို သိထားလျှင်တောင်မှ ဖုံးကွယ်ထားရန် ရွေးချယ်ပြီး ဘာမှမသိသကဲ့သို့ ဟန်ဆောင်နေမည်မှာ သေချာသည်။
ပစ္စည်းကို ရရှိသည်နှင့် ကျားမိစ္ဆာ၏ ညွှန်ကြားချက်များကို လိုက်နာကာ သားရဲကို ခေါ်ထုတ်သွားရုံပင်။
သားရဲကောင် ခေါ်ထုတ်သွားနိုင်မလား သို့မဟုတ် ခေါ်ထုတ်သွားပြီးနောက် သေဆုံးသွားမလား ဆိုသည်မှာ သူနှင့် ဘာသက်ဆိုင်မည်နည်း။
သူသည် ခေါ်ထုတ်သွားမည်ဟုသာ ကတိပေးခဲ့ခြင်း ဖြစ်ပြီး မည်သို့ ခေါ်ထုတ်သွားမည် ဆိုသည်ကို သဘောတူထားခြင်း မရှိပေ။ အကယ်၍ သူ ခေါ်ထုတ်မသွားနိုင်လျှင်တောင် ၎င်းမှာ ကျားမိစ္ဆာ၏ ကိုယ်ပိုင်ပြဿနာသာ ဖြစ်ရာ သူနှင့် ဘာဆိုင်မည်နည်း။
ချိုးယွီနင်၏ စကားကို ကြားပြီးနောက် ကျားမိစ္ဆာသည် ချိုးယွီနင်ကို အကဲခတ်သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး၊ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လွင်လာ၏။
"စိတ်မပူပါနဲ့... သူ့ကို ခေါ်ထုတ်ခွင့်ပြုလိုက်ပြီဆိုကတည်းက အားလုံးကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပြီးပါပြီ..."
"မင်း အဲဒီအချိန်ရောက်ရင် သူ့ကို ခေါ်ထုတ်သွားဖို့ပဲ လိုတယ်..."
ကျားမိစ္ဆာက ထိုသို့ပြောလာသဖြင့် ချိုးယွီနင်သည် ရွေးချယ်စရာမရှိတော့ဘဲ ခေါင်းညိတ်လိုက်ရ၏။
"ကောင်းပြီလေ... မင်း ဘာလိုအပ်လဲဆိုတာ ပြောပါ... ငါ သွားယူပေးမယ်..."
ချိုးယွီနင်က ခေါင်းညိတ်လိုက်သည်။
“ ကျွန်တော်တို့ ကြယ်ကိုးပွင့်ပန်း နဲ့ နွေဦးနွယ်ပင် တွေ လိုအပ်တယ်..."
ထို့နောက် သူသည် တစ်ခုခုကို သတိရသွားသည့်အလား အလျင်အမြန် ဆက်ပြောလိုက်သည်။
"ပိုများများရလေ ပိုကောင်းလေပဲ..."
သို့သော် လိုချင်သောအရာမှာ ကြယ်ကိုးပွင့်ပန်းနှင့် နွေဦးနွယ်ပင် ဖြစ်ကြောင်း ချိုးယွီနင်၏ စကားကို ကြားလိုက်ရပြီးနောက် ကျားမိစ္ဆာ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူ၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာကာ ဖြည်းညင်းစွာ ဆိုလိုက်သည်။
"မင်းတို့က ပစ္စည်းရွေးတတ်သားပဲ..."
"စီနီယာ... ပြဿနာ တစ်ခုခု ရှိနေလို့လား..."
ချိုးယွီနင်သည် ကျားမိစ္ဆာ၏ အခက်အခဲကို မြင်တွေ့လိုက်ရသဖြင့် မေးမြန်းလိုက်သည်။
ကျားမိစ္ဆာက ခေါင်းခါကာ ပြုံးလိုက်၏။
"နွေဦးနွယ်ပင် ကတော့ အဆင်ပြေပါတယ်... ငါ့ဆီမှာ တချို့ ကျန်သေးတယ်... ဒါပေမဲ့ အဲဒီ ကြယ်ကိုးပွင့်ပန်း ကတော့..."
သူ စကားပြောနေစဉ် တစ်ခုခုကို တွေးမိသွားပုံရပြီး သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။
"ကြယ်ကိုးပွင့်ပန်း က ကြီးထွားဖို့ အလွန် ခက်ခဲတဲ့ အခြေအနေတွေ လိုအပ်တယ်... ကောင်းကင်နတ်ဆိုးတောအုပ် တစ်ခုလုံးမှာ သူ ကြီးထွားနိုင်တဲ့ နေရာ တစ်နေရာတည်းပဲ ရှိတယ်..."
"ဒါပေမဲ့ အခု အဲဒီနေရာကို မြွေမိစ္ဆာ အုပ်စုတစ်စုက သိမ်းပိုက်ထားတယ်..."
"သိမ်းပိုက်ထားတယ် ဟုတ်လား... ဒါဆိုရင် ငါတို့ အဲဒါကို ပြန်လုယူကြတာပေါ့..."
အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော လျူချီက မြွေမိစ္ဆာများနှင့် တိုက်ခိုက်ပြီး ကြယ်ကိုးပွင့်ပန်းများကို ယူဆောင်ရန် စိတ်အားထက်သန်နေသည့်အလား အော်ဟစ်လိုက်သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျားမိစ္ဆာသည် လျူချီကို မျက်လုံးပြူးကြည့်လိုက်ပြီး ပြုံးကာ ခေါင်းခါပြလိုက်၏။
"ပြန်လုယူမယ် ဟုတ်လား... မင်းက နတ်ဝိညာဉ်အဆင့် ဘယ်နှကောင်ကို အနိုင်ယူနိုင်မှာမို့လို့လဲ..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ယုံကြည်မှု အပြည့်ရှိနေခဲ့သော လျူချီမှာ လေပေါက်သွားသော ပူဖောင်းတစ်လုံးကဲ့သို့ ရုတ်တရက် ကျုံ့ဝင်သွားလေ၏။
‘နတ်ဝိညာဉ်အဆင့်နဲ့ တိုက်ခိုက်မယ် ဟုတ်လား... ထားလိုက်ပါတော့…’
ချိုးယွီနင်သည် ကျားမိစ္ဆာ၏ စကားထဲမှ တစ်ခုခုကို ရိပ်မိသွားပုံရပြီး မျက်မှောင်ကြုတ်သွားကာ မေးမြန်းလိုက်၏။
"စီနီယာ... ကြယ်ကိုးပွင့်ပန်း ကြီးထွားတဲ့ နေရာကို သိမ်းပိုက်ထားတဲ့ မြွေမိစ္ဆာတွေရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်များရှိလဲ မသိဘူး..."
ကျားမိစ္ဆာသည် ချိုးယွီနင်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းသားပေါ်တွင် မတတ်သာသော အပြုံးတစ်ခု ပေါ်လွင်လာ၏။
"တကယ်တော့ သိပ်မစွမ်းပါဘူး..."
"နတ်ဝိညာဉ်အဆင့် သုံးကောင်ရယ် ရွှေမြုတေအဆင့် အကောင်နှစ်ဆယ်ကျော်ရယ်ပဲ ရှိတာပါ... ကျန်တဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်နဲ့ ချီသန့်စင်ခြင်းအဆင့်တွေ အားလုံးပေါင်းလိုက်ရင် ငါးရာ ခြောက်ရာလောက်တော့ ရှိမယ်..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ချိုးယွီနင်ပင်လျှင် အံ့အားသင့်သွားသည်။ ကျင့်ကြံမှု မြင့်မားသည့် သားရဲအရေအတွက်မှာ ဤမျှများပြားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
"စီနီယာအနေနဲ့... နတ်ဝိညာဉ်အဆင့် မြွေမိစ္ဆာ ဘယ်နှစ်ကောင်ကို ကိုင်တွယ်နိုင်မလဲ..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျားမိစ္ဆာသည် ခေတ္တမျှ ဆွံ့အသွား၏။
‘ဘယ်နှကောင်ကို ကိုင်တွယ်နိုင်မလဲ ဟုတ်လား... ... မင်းက ငါ့ကို တကယ် အထင်ကြီးနေတာပဲ…’
‘ တစ်ယောက်ချင်းဆိုရင်တောင် တော်တော်လေး ကောင်းနေပြီလေ... ဘာများ ထပ်လိုချင်သေးလို့လဲ…’
‘ မင်းက နတ်ဝိညာဉ်အဆင့်ရဲ့ တန်ဖိုးကိုရော သိလို့လား... အဲဒါက ပေါက်စီစားပြိုင်ပွဲလို တစ်လုံးပြီးတစ်လုံး စားလို့ရမယ်များ ထင်နေသလား…’
သို့သော် မျိုးဆက်သစ်များ၏ ရှေ့တွင် မျက်နှာမပျက်စေရန် ကျားမိစ္ဆာသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး အနည်းငယ် ဟန်လုပ်ရန် ဆုံးဖြတ်လိုက်လေသည်။
"အင်း... တစ်ယောက်ချင်း အခြေအနေဆိုရင် ငါ သတ်နိုင်ဖို့ မနည်းကြိုးစားရမယ်... နှစ်ယောက်တစ်ယောက် အခြေအနေဆိုရင်တော့ သူတို့ကို ဟန့်တားထားနိုင်ဖို့ မနည်းကြိုးစားရလိမ့်မယ်..."
ထိုစကားကို ကြားပြီးနောက် ချန်လော့သည် ကျားမိစ္ဆာကို သံသယဖြစ်ဖွယ် အကြည့်များဖြင့် ကြည့်လိုက်၏။
‘သတ်နိုင်ဖို့ မနည်းကြိုးစားရမယ် ဟုတ်လား... ဟန့်တားထားနိုင်ဖို့ မနည်းကြိုးစားရမယ် ဟုတ်လား…’
‘ဘာလို့ ဒီလောက်တောင် တွန့်ဆုတ်နေတဲ့ပုံစံနဲ့ ပြောရတာလဲ... မင်းရဲ့ အခြေအနေကို မင်း သေချာ မသိဘူးလား…’
ဤလူသည် သိပ်ပြီး ယုံကြည်ရပုံမပေါ်ကြောင်း ချန်လော့ ခံစားလိုက်ရသည်။
ကျားမိစ္ဆာသည် ချန်လော့ကို ကြည့်မိလိုက်ရာ ချန်လော့၏ မျက်လုံးများထဲက သံသယကို သတိပြုမိသွား၏။
တစ်စုံတစ်ယောက်က သူ့အား အကဲခတ်နေသကဲ့သို့ ခံစားလိုက်ရသဖြင့် ကျားမိစ္ဆာသည် ချန်လော့၏ အကြည့်ကို ရှောင်လွှဲရန် အလျင်အမြန် ခေါင်းလှည့်လိုက်သည်။
ဤမြင်ကွင်းကို မြင်သောအခါ ချန်လော့၏ သံသယများမှာ ပို၍ ခိုင်မာသွားတော့သည်။
‘သေစမ်း... ငါတော့ အသုံးမကျတဲ့ နတ်ဝိညာဉ်အဆင့်နဲ့ သွားတိုးမိတာလား…’