အခန်း ၂၀၂
Vol. 21 Ch. 202
အခန်း (၂၀၂) - မယုံကြည်မှု
"ငါလည်း အသက်ကြီးလာပြီဆိုတော့ ငါ့စွမ်းအားက အရင်တုန်းကလို မဟုတ်တော့ဘူး..."
"တကယ်လို့ မင်းတို့သာ လွန်ခဲ့တဲ့ နှစ်ရာအနည်းငယ်လောက်က စောပြီးရောက်လာခဲ့ရင် အဲဒီမြွေမိစ္ဆာအုပ်စု တစ်ခုလုံးကို ငါ တစ်ယောက်တည်းနဲ့တင် ရှင်းပစ်လို့ ရတယ်..."
ကျားမိစ္ဆာသည် သူ၏ မျက်နှာပေါ်တွင် မတတ်သာသော အမူအယာဖြင့် ဆိုလိုက်၏။
ဘေးတွင် ရပ်နေသော ချန်လော့သည် သူ့ကို လျစ်လျူရှုနေလေ၏။
ကျားမိစ္ဆာ၏ စကားသည် အမှန်ဖြစ်မဖြစ် မည်သူသိနိုင်မည်နည်း။
သို့သော် ကျားမိစ္ဆာသည် ချန်လော့နှင့် အခြားသူများကို မလှည့်စားခဲ့ပေ။ အကယ်၍ သူတို့သာ လွန်ခဲ့သော နှစ်တစ်ရာခန့်က ရောက်ရှိလာခဲ့ပါက ၊ ကျားမိစ္ဆာသည် ထိပ်ဆုံးအဆင့်တွင် ရှိနေဆဲဖြစ်ကာ သူသည် ထိုမြွေမိစ္ဆာအုပ်စုကို အလွယ်တကူ အနိုင်ယူနိုင်မည်မှာ သေချာသည်။
တစ်ဖက်တွင် နတ်ဝိညာဉ်အဆင့် သားရဲ သုံးကောင် ရှိနေလျှင်ပင် ၎င်းမှာ ပြဿနာကြီးတစ်ခု မဟုတ်ချေ။
သို့သော် ကျားမိစ္ဆာသည် သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေတွင် နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့ရာ သူ၏ သက်တမ်းမှာ ကုန်ဆုံးခါနီးဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။
ထို့အပြင် သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေ၏ ကန့်သတ်ချက်များကြောင့် သူသည် ဝိညာဉ်ပြောင်းလဲခြင်းအဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိဘဲ သူ၏ စွမ်းအားများမှာ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။
"ရပါတယ်... ကျွန်တော့်ရဲ့ တခြားအဖော်တွေကို ခေါ်ပြီး စီနီယာနဲ့ အတူတူ သွားကြတာပေါ့..."
"နတ်ဝိညာဉ်အဆင့် မြွေမိစ္ဆာ သုံးကောင်ကတော့ ကိုင်တွယ်လို့ ရလောက်ပါတယ်..."
ခေတ္တမျှ သေချာစွာ စဉ်းစားပြီးနောက် ချိုးယွီနင်က ဆိုလိုက်သည်။
နတ်ဝိညာဉ်အဆင့်ရှိ မြွေမိစ္ဆာ သုံးကောင်မှာ သူတို့အတွက် ပြဿနာကြီးတစ်ခု မဟုတ်ချေ။
သူ၏ လက်ထဲတွင် ရောင်စဉ်ဖြာ လက်နက် သုံးခု ကျန်ရှိနေသေးပြီး ချန်လော့၏ လက်ထဲတွင်လည်း ရောင်စဉ်ဖြာ လက်နက် တစ်ခု ကျန်ရှိနေသေးသည်။
ထို့အပြင် ကျားမိစ္ဆာမှာ သူသည် တစ်ကောင်ကို ကိုင်တွယ်နိုင်ကြောင်း ပြောထားသဖြင့် သူတို့သည် နှစ်ကောင်ကိုသာ ကိုင်တွယ်ရန် လိုအပ်မည်ဟု ဆိုလိုသည်။
အချိန်ကိုက် အသုံးပြုမည်ဆိုပါက ရောင်စဉ်ဖြာ လက်နက်ဖြင့် ထိုနတ်ဝိညာဉ်အဆင့်ရှိ မြွေမိစ္ဆာ သုံးကောင်ကို ကိုင်တွယ်ရန်မှာ ပြဿနာကြီးတစ်ခု ဖြစ်လာမည် မဟုတ်ပေ။
ပြဿနာမှာ သူတို့သည် နတ်ဝိညာဉ်အဆင့်ရှိ မြွေမိစ္ဆာ သုံးကောင်သာမက အလားတူ အစွမ်းထက်သော အခြားမြွေမိစ္ဆာများကိုပါ ကိုင်တွယ်ရန် လိုအပ်နေခြင်းပင်။
အထူးသဖြင့် ထိုရွှေမြုတေအဆင့် မြွေမိစ္ဆာ နှစ်ဆယ်ကျော်မှာ သူတို့အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်။
"စီနီယာ... ကျွန်တော့်အဖော်တွေကို ခေါ်လိုက်ဦးမယ်... ခဏလောက် စောင့်ပေးပါဦး..."
ချိုးယွီနင်သည် စကားပြောဆိုနေစဉ် ကျောက်စိမ်းဝါးတစ်ပိုင်းကို ထုတ်ယူကာ စကားအနည်းငယ် တီးတိုးပြောလိုက်၏။
ထို့နောက် ချက်ချင်းပင် သူသည် ကျောက်စိမ်းဝါးကို ချိုးလိုက်ရာ နောက်တစ်စက္ကန့်တွင် ကျောက်စိမ်းဝါးမှာ အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာ အသီးသီးသို့ ပျံသန်းသွားတော့သည်။
ချန်လော့နှင့် အခြားသူများသည် ထိုနေရာတွင် ဆယ်မိနစ်ခန့် စောင့်ဆိုင်းနေခဲ့ကြသည်။ ခြေသံများကို ကြားလိုက်ရသဖြင့် သူတို့ လှည့်ကြည့်လိုက်ရာ ကျန်းချွန်းရှန်းနှင့် အခြားသူများ ပြေးလာနေသည်ကို မြင်တွေ့လိုက်ရသည်။
ကျန်းချွန်းရှန်းနှင့် အခြားသူများ ရောက်ရှိလာပြီး ကျားမိစ္ဆာကို မြင်လိုက်ရချိန်တွင် သူတို့အားလုံး အံ့ဩတုန်လှုပ်သွားကြသည်။
ထို့နောက် ချက်ချင်းပင် သတိထားသည့် အမူအရာအဖြစ်သို့ ပြောင်းလဲသွားကာ သူတို့၏ လက်ချောင်းများမှာ သိုလှောင်အိတ်ဆီသို့ ရောက်ရှိသွားသည်။
ချိုးယွီနင်သည် အသံကို ပေးပို့ရန် ကျောက်စိမ်းဝါးကို အသုံးပြုခဲ့သော်လည်း၊ သို့သော် ကျောက်စိမ်းဝါးသည် ရိုးရှင်းသော အချက်အလက်များကိုသာ ပေးပို့နိုင်ပြီး ဇာတ်လမ်းတစ်ခုလုံးကို ပြောပြနိုင်ခြင်း မရှိချေ။
ထို့ကြောင့် ချိုးယွီနင်သည် ထိုအချိန်က အခြေအနေကို ရှင်းလင်းစွာ မပြောပြခဲ့ရသဖြင့် ကျန်းချွန်းရှန်းနှင့် အခြားသူများမှာ ဤနေရာတွင် အဖြူရောင်အတောင်ပံပါသော ကျားမိစ္ဆာ တစ်ကောင် ရှိနေကြောင်းကို မသိရှိခဲ့ကြပေ။
ယခု ဤအဖြူရောင်အတောင်ပံပါသော ကျားမိစ္ဆာကို မြင်လိုက်ရသဖြင့် တုန်လှုပ်သွားကြမည်မှာ သဘာဝကျပေသည်။
ထိုအခြေအနေကို မြင်သောအခါ နားလည်မှုလွဲမှားမည်ကို စိုးရိမ်သဖြင့် ချိုးယွီနင်က အလျင်အမြန် ရှင်းပြလိုက်သည်။
"ဒီအဖြူရောင်အတောင်ပံပါတဲ့ ကျားမိစ္ဆာ စီနီယာက ငါတို့ကို ကူညီပေးဖို့ ရောက်နေတာပါ..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျန်းချွန်းရှန်းမှာ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် သူ၏ရှေ့ရှိ ကျားမိစ္ဆာကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်၏။
သို့သော် ထို့နောက် သူသည် ခေါင်းညိတ်လိုက်ပြီး သိုလှောင်အိတ်ပေါ်မှ လက်ကို ဖယ်ကာ ကျားမိစ္ဆာကို လေးစားစွာဖြင့် အရိုအသေပေးလိုက်သည်။
"ဂျူနီယာ ကျန်းချွန်းရှန်း... စီနီယာကို ဂါရဝပြုပါတယ်..."
ထိုအခြေအနေကို မြင်သောအခါ အခြားဂိုဏ်းသားများလည်း သူ့နောက်မှ လိုက်၍ အရိုအသေပေးလိုက်ကြသည်။
"ကျွန်တော်တို့ စီနီယာကို ဂါရဝပြုပါတယ်..."
ကျန်းချွန်းရှန်းနှင့် အခြားသူများ၏ အမူအရာများကို မြင်သောအခါ ကျားမိစ္ဆာမှာ ပြုံးလိုက်သည်။ ၎င်းသည် သူတို့၏ လေးစားမှုကို အတော်လေး နှစ်သက်ပုံရပေသည်။
မကြာမီမှာပင် ကျန်းချုံနှင့် လီချန်တို့လည်း ချိန်းဆိုထားသော နေရာသို့ ရောက်ရှိလာကြသည်။
သူတို့လည်း ကျားမိစ္ဆာကို ပထမဆုံး မြင်လိုက်ရချိန်တွင် အံ့အားသင့်သွားကြပြီး ၊ ချိုးယွီနင် ရှင်းပြပြီးနောက်မှသာ အားလုံးက လက်ခံလိုက်ကြသည်။
သို့သော် အချိန်အတော်ကြာ စဉ်းစားပြီးနောက် လီချန်သည် ချိုးယွီနင်ကို ဘေးသို့ ဆွဲခေါ်သွားခဲ့သည်။
"သူက ယုံကြည်ရတယ်ဆိုတာ မင်း ဘယ်လို သေချာနိုင်မှာလဲ..."
"အကယ်၍ သူက ငါတို့ကို တိုက်ခိုက်ဖို့ အဲဒီက မြွေမိစ္ဆာတွေနဲ့ ပူးပေါင်းထားရင်ရော ဘယ်လိုလုပ်မလဲ..."
လီချန်၏ မေးခွန်းကို ရင်ဆိုင်လိုက်ရချိန်တွင် ချိုးယွီနင် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် စဉ်းစားလိုက်၏။
"အချင်းချင်း ကူညီကြရအောင်လို့ စီနီယာက ပြောတယ်..."
"ငါတို့ လိုချင်တာကို ရအောင် သူက ကူညီပေးပြီး အပြန်အလှန်အနေနဲ့ ငါတို့က သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေထဲက သားရဲတစ်ကောင်ကို ခေါ်ထုတ်သွားပေးရမှာ..."
"မင်း အဲဒါကို ယုံသလား..."
ထိုစကားကို ကြားပြီးနောက် လီချန်က ချက်ချင်း မေးမြန်းလိုက်သည်။
ချိုးယွီနင် တစ်ဖန် ကြောင်အမ်းသွားပြန်၏။
ရိုးရိုးသားသားပြောရလျှင် ကျားမိစ္ဆာသည် သူတို့ကို အမှန်တကယ် ကူညီလိုကြောင်း သက်သေပြရန် သူ့တွင် နည်လမ်းမရှိပေ။
သို့မဟုတ်ပါက တစ်ဖက်လူက သူတို့ကို တကယ်တမ်း ကူညီလိုစိတ်ရှိကြောင်း ယုံကြည်လာအောင် ကျားမိစ္ဆာက လုံလောက်စွာ သက်သေမပြနိုင်သေးခြင်းလည်း ဖြစ်နိုင်သည်။
လီချန်၏ မေးခွန်းများကို နားထောင်ပြီးနောက် သေချာ စဉ်းစားကြည့်လိုက်ရာ ၊ သူ၏ ဆုံးဖြတ်ချက်သည် အနည်းငယ် စောလွန်းနေပုံရကြောင်း သတိပြုမိသွား၏။
ကျားမိစ္ဆာသည် သူတို့ကို ကူညီရသည့် အကြောင်းရင်းမှာ သားရဲတစ်ကောင်ကို ခေါ်ထုတ်သွားရန် ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။
"ဒါဆိုရင် အခု..."
သူသည် လီချန်ကို တစ်ချက် ကြည့်လိုက်သည်။ လီချန်၏ အမြင်ကို တောင်းဆိုနေပုံရသည်။
လီချန်က ခေါင်းလှည့်ကာ သူ၏ နောက်ကျောရှိ ကျားမိစ္ဆာကို တစ်ချက်ကြည့်လိုက်ပြီး ခေတ္တမျှ စဉ်းစားလိုက်၏။
ကျားမိစ္ဆာဘက်မှ သူတို့ကို အမှန်တကယ် ကူညီလိုခြင်း ဟုတ်မဟုတ် ၊ သို့မဟုတ် သူတို့ကို လှည့်စားရန် ကြိုးစားနေခြင်း ဟုတ်မဟုတ်ကိုလည်း မည်သူမျှ မသိနိုင်ပေ။
‘ တကယ်လို့ ဒါက အမှန်ဆိုရင်ရော... အဲဒါက သူတို့အတွက် ကောင်းတဲ့ကိစ္စတစ်ခု ဖြစ်လာမှာ သေချာတယ်လေ…’
‘ ဒီကျယ်ပြောလှတဲ့ ကောင်းကင်နတ်ဆိုးတောအုပ်ကြီးထဲမှာ ဟိုဟိုဒီဒီ လိုက်ရှာနေတာထက်စာရင် အများကြီး ပိုကောင်းတာပေါ့…’
ထို့အပြင် ဤကောင်းကင်နတ်ဆိုးတောအုပ်တွင် လွန်ခဲ့သော နှစ် ၇၀၀ ကတည်းက နတ်ဝိညာဉ်အဆင့်ရှိ သားရဲ ငါးကောင် ခြောက်ကောင်ခန့် ရှိနေခဲ့ပြီး ဖြစ်သည်။
ယခုတွင်မူ ထိုထက်သာမက အများကြီး ပိုများလာနိုင်ပြီး ဂဏန်းနှစ်လုံးအထိတောင် ကျော်လွန်သွားနိုင်သည်။
‘ဒီနေရာမှာ လှည့်လည်သွားလာရတာ တကယ်ကို မလုံခြုံဘူး... တတ်နိုင်သမျှ မြန်မြန် ထွက်သွားသင့်တယ်…’
ခေတ္တမျှ စဉ်းစားပြီးနောက် လီချန်က ဆိုလိုက်သည်။
"ကျန်းချုံရဲ့ လူတွေကို နောက်မှာ ချန်ထားရစ်ခဲ့ပြီး ငါတို့နဲ့ သုံးမိုင်ပတ်လည် အတွင်းမှာ ထားလိုက်..."
"အဲ့တိုင်းသာဆို မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုခု ဖြစ်လာရင်တောင် ငါတို့အားလုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်ရေးစွမ်းရည် ဆုံးရှုံးသွားမှာ မဟုတ်ဘူး..."
"ကျန်တဲ့သူတွေက ကျားမိစ္ဆာနောက်ကို လိုက်သွားမယ်... ဒါပေမဲ့ အားလုံးကို သတိထားဖို့ ပြောထားဖို့တော့ မမေ့နဲ့..."
ချိုးယွီနင် က ခေါင်းညိတ်လိုက်ပြီးနောက် ကျန်းချုံကို ခေါ်ကာ အခြေအနေကို အသေးစိတ် ရှင်းပြလိုက်၏။
ကျန်းချုံသည် မငြင်းဆန်ခဲ့ဘဲ ထိုအကြံကို သဘောတူလိုက်သည်။
ထို့နောက် ကျန်ရှိနေသော အဖွဲ့သည် ကျားမိစ္ဆာနောက်သို့ လိုက်ပါသွားကြလေသည်။
ကျားမိစ္ဆာသည်လည်း ကျန်းချုံနှင့် အခြားသူများ မလှုပ်မရှားဘဲ တစ်နေရာတည်းတွင် ရပ်နေဆဲဖြစ်ကြောင်း သတိပြုမိသွား၏။
"စီနီယာ... သူတို့မှာ ရှင်းစရာ ကိစ္စလေးတွေ ရှိနေသေးလို့ပါ... နောက်မှ ငါတို့နောက်ကို လိုက်လာကြလိမ့်မယ်..."
ချိုးယွီနင်သည် ရှေ့သို့ တိုးလာကာ ရှင်းပြလိုက်သည်။
နားထောင်ပြီးနောက် ကျားမိစ္ဆာသည် ဖြည်းညင်းစွာ ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
သူသည် နှစ်တစ်ထောင်နီးပါး အသက်ရှင်နေထိုင်ခဲ့သော ကျားမိစ္ဆာတစ်ကောင် ဖြစ်ရာ ချိုးယွီနင်နှင့် အခြားသူများ၏ အကြံအစည်လေးများကို မည်သို့ နားမလည်ဘဲ နေမည်နည်း။
သို့သော် လူတိုင်း မြင်နိုင်သော်လည်း အပြင်သို့ ထုတ်ပြောရန် မသင့်တော်သော အရာအချို့ ရှိပေသည်။
ထို့အပြင် သူသည် ချိုးယွီနင်အပါအဝင် အခြားသူများနှင့် နက်ရှိုင်းသော ဆက်ဆံရေးမျိုး မရှိချေ။ သူတို့ တွေ့ဆုံချိန်မှစ၍ တစ်ဦးကိုတစ်ဦး သိကျွမ်းလာသည်အထိ နာရီဝက်ခန့်မျှသာ ကြာမြင့်ခဲ့သည်။
ထို့ကြောင့် ကျားမိစ္ဆာသည် ချိုးယွီနင်နှင့် အခြားသူများ၏ မယုံကြည်မှုအပေါ် ဘာမှမပြောတော့ဘဲ ပြုံးရုံသာပြုံးကာ လမ်းဆက်ပြခဲ့သည်။