← Chapters

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း (၂၀၅) - ကျေးဇူးတင်ပါတယ်

ချန်လော့သည်လည်း တောင်ပံပါသော မြွေကို မြင်တွေ့ရသဖြင့် အနည်းငယ် အံ့အားသင့်သွား၏။

သူသည် သားရဲများနှင့် ပတ်သက်သည့် မှတ်တမ်းများကို မဖတ်ဖူးသော်လည်း မြွေမိစ္ဆာများနှင့် ပတ်သက်၍ အသိပညာ အချို့တော့ ရှိထားသည်။

အဆိပ်ဖန်တီးခြင်း အတတ်ပညာကို သင်ယူနေစဉ်အတွင်း အဆိပ်စာအုပ်တစ်အုပ်တွင် မြွေမိစ္ဆာများနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်အချို့ကို သူ တွေ့ခဲ့ဖူးသည်။

ယခု သူတို့ရှေ့တွင် ပေါ်လာသော နတ်ဝိညာဉ်အဆင့် မြွေမိစ္ဆာ သုံးကောင်မှာ ကွဲပြားခြားနားသော အမျိုးအစား သုံးမျိုး ဖြစ်ကြသည်။

ဧရာမ မြွေကြီး၊ အဆိပ်များ၌ ကျွမ်းကျင်သော အဆိပ်မြွေနက် နှင့် အမြန်နှုန်းနှင့် အချိန်တိုအတွင်း ပျံသန်းနိုင်စွမ်းကြောင့် လူသိများသော မျိုးရိုးဗီဇပြောင်း တောင်ပံပါသော မြွေ တို့ဖြစ်ကြသည်။

ဤမြွေမိစ္ဆာ သုံးကောင်မှာ လုံးဝ ဆန့်ကျင်ဘက်ဖြစ်ကြပြီး သူတို့ မွေးဖွားလာချိန်မှစ၍ လုံးဝ ဆန့်ကျင်ဘက်ဖြစ်သော သတ္တဝါများဖြစ်လာရန် ကံကြမ္မာက ဖန်တီးထားသည်။

စာအုပ်ထဲတွင် သူတို့ အချင်းချင်း မတည့်ကြရသည့် ရိုးရှင်းသော အကြောင်းရင်းကို ဖော်ပြထား၏။

၎င်းမှာ မတူညီဘဲ မွေးဖွားလာခြင်းက အကြီးမားဆုံး မူလအပြစ်ပင်။

ထိုအုပ်စု သုံးခုသည် သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ကြသည်ဟု မဆိုနိုင်သော်လည်း ၊ သူတို့သည် အနည်းဆုံးတော့ ပြေလည်၍မရသော ရန်သူများ ဖြစ်ကြသည်။

ချန်လော့သည် ဤလုံးဝ ဆန့်ကျင်ဘက်ဖြစ်သော မြွေမိစ္ဆာ သုံးကောင်က ယခု မြွေအုပ်စု တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်ကို မြင်ပြီး အနည်းငယ် အံ့အားသင့်နေမိသည်။ သို့သော် ပြန်လည် စဉ်းစားကြည့်ပါက ၎င်းမှာ အံ့ဩစရာမရှိပေ။

ပြင်ပရန်နှင့် ကြုံတွေ့ရချိန်တွင် ၊ အကြီးမားဆုံး ပဋိပက္ခများကိုပင် ခေတ္တ ဘေးဖယ်ထားရမည်ဖြစ်ပြီး ပြင်ပရန်ကို ဖြေရှင်းပြီးမှသာ အတွင်းပိုင်း ပဋိပက္ခများကို ဖြေရှင်းရမည် ဖြစ်သည်။

ဤမြွေမိစ္ဆာ သုံးကောင် ပေါင်းစည်းသွားရခြင်းမှာ ထိုအကြောင်းရင်းကြောင့် ဖြစ်နိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ၊ ကောင်းကင်နတ်ဆိုးတောအုပ်အတွင်း၌ နတ်ဝိညာဉ်အဆင့် သားရဲများစွာ ရှိနေပြီး အုပ်စုတစ်ခုတည်းတွင် မြွေမိစ္ဆာ နှစ်ကောင် ရှိနေနိုင်သည်မှာလည်း သဘာဝကျပေသည်။

အနီးအနားတွင် ဤမြွေမိစ္ဆာများကို ပူးပေါင်းသွားစေရန် တွန်းအားပေးခဲ့သော အစွမ်းထက်သည့် မျိုးနွယ်စု တစ်ခုခု ရှိနေမည်မှာ သေချာသည်။

ထိုအကြောင်းနှင့် ပတ်သတ်၍ ချန်လော့ အနေဖြင့် စိတ်မဝင်စားချေ။ အကြောင်းမှာ ဤအရာများက သူနှင့် ဘာမှမဆိုင်သောကြောင့် ဖြစ်သည်။

သူ့အတွက် အမှန်တကယ် အရေးကြီးသည်မှာ ဤမြွေမိစ္ဆာများက ချိုးယွီနင်နှင့် အခြားသူများ၏ လျှို့ဝှက်လက်နက် မည်မျှကို ကုန်ခမ်းသွားအောင် လုပ်နိုင်မည်နည်း။

"အကယ်၍ ချိုးယွီနင်ရဲ့ ရောင်စဉ်ဖြာ လက်နက် သုံးခုလုံး ကုန်သွားပြီး အဲဒီ မှော်ရတနာတွေပါ ကုန်သွားရင် အကောင်းဆုံးပဲ..."

"အကယ်၍ ချိုးယွီနင်သာ ဒီမှာ သေသွားရင် ပိုတောင်ကောင်းသေး…”

ချန်လော့၏ နှုတ်ခမ်းပေါ်တွင် ရက်စက်သော အပြုံးတစ်ခု လှစ်ဟသွားသည်။

သို့သော် သူ၏ အပြုံးမှာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သူသည် မြွေမိစ္ဆာ အုပ်စုကြားထဲသို့ ချက်ချင်း ပြေးဝင်သွားကာ စတင် သတ်ဖြတ်တော့သည်။

ဤသို့ ပြုလုပ်ရခြင်းမှာ အကြောင်းရင်း ရှိသည်။ ချိုးယွီနင်နှင့် အခြားသူများက မြွေမိစ္ဆာများကို သတ်ဖြတ်နေကြသော်လည်း ချန်လော့မှာ ဘေးတွင် အနားယူနေပြီး သူတို့ကို အနည်းငယ်မျှပင် မကူညီကြောင်း တွေ့ရှိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ယခု ချန်လော့သည် မြွေအုပ်စုကြားထဲသို့ ပြေးဝင်သွားပြီဖြစ်ရာ ၊ အကယ်၍ ချိုးယွီနင်နှင့် အခြားသူများက နောက်ပိုင်းတွင် သူ့ကို မေးခွန်းထုတ်လာခဲ့ရင်တောင် ပြန်ဖြေနိုင်ပေလိမ့်မည်။

သူသည် မြွေမိစ္ဆာများ၏ ဝိုင်းရံခြင်းကို ခံခဲ့ရကြောင်းနှင့် တစ်ဖက်ကို လှုပ်ရှားလိုက်ပါက အုပ်စုတစ်ခုလုံးကို သက်ရောက်မှု ရှိသွားမည်ဖြစ်ရာ သူ ဘာမှမလုပ်နိုင်ခဲ့ကြောင်း ဖြေရှင်းချက် ပေးနိုင်လိမ့်မည်။

ချန်လော့သည် ဓားတစ်လက်ကို ကိုင်ဆောင်ကာ သူ့ကို တိုက်ခိုက်လာသော မြွေမိစ္ဆာများကို အဆက်မပြတ် ခုတ်ထစ်နေစဉ် မျက်လုံးထောင့်မှ ချိုးယွီနင်နှင့် အခြားသူများက တောင်ပံပါသော မြွေ နှင့် အဆိပ်မြွေနက်တို့ကို မည်သို့တိုက်ခိုက်နေသည်ကို အကဲခတ်နေခဲ့သည်။

တောင်ပံပါသော မြွေသည် မယုံနိုင်လောက်အောင် မြန်ဆန်ပြီး ချိုးယွီနင်နှင့် အခြားသူများကြားတွင် အဆက်မပြတ် ဝင်ထွက်နေ၏။ သူတို့၏ ဓားချက်များမှာ အကြိမ်ကြိမ် လွဲချော်နေပြီး သူ့ကို အနည်းငယ်မျှပင် ထိခိုက်စေနိုင်ခြင်း မရှိချေ။

အဆိပ်မြွေနက်သည် တောင်ပံပါသော မြွေ၏ အကူအညီအောက်တွင် ရန်သူများ၏ ဟာကွက်ကို အခွင့်ကောင်းယူကာ တိုက်ခိုက်နေသည်။

ဂိုဏ်းသားများ အားလုံးသည် အဆိပ်မြွေနက်၏ အစွမ်းထက်သော အဆိပ်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီးဖြစ်ရာ သူတို့သည် ၎င်းကို မရင်ဆိုင်ရဲကြဘဲ အကြိမ်ကြိမ် နောက်ဆုတ်နေကြရသည်။

ပတ်ဝန်းကျင်ရှိ ရွှေမြုတေအဆင့် ရှိ မြွေမိစ္ဆာ ဒါဇင်ခန့်၏ အကူအညီဖြင့် ချိုးယွီနင်နှင့် သူ၏ အဖွဲ့သည် အလျင်အမြန် နောက်ဆုတ်သွားရပြီး ပြန်လည် မတိုက်ခိုက်နိုင်တော့ချေ။

မလှမ်းမကမ်းတွင် ရှိနေသော ချန်လော့သည် ဤမြင်ကွင်းကို အနည်းငယ်မျှ စိုးရိမ်ခြင်းမရှိဘဲ ကြည့်ရှုနေခဲ့သည်။

အကြောင်းမှာ တိုက်ပွဲသည် ယခုမှ စတင်ရုံသာ ရှိသေးပြီး ချိုးယွီနင်နှင့် တခြားသူများက စွမ်းအားအပြည့်အဝကို ထုတ်မပြသေးကြောင်း သူ ကောင်းကောင်း သိထားသည်။

ချန်လော့၏ ခန့်မှန်းချက်မှာ မမှားခဲ့ပေ။

နောက်တစ်စက္ကန့်တွင် ချိုးယွီနင်သည် သူ၏ သိုလှောင်အိတ်ထဲမှ ရွှေရောင်စက္ကူဖြင့် ပြုလုပ်ထားသော လူရုပ်ငယ် ဒါဇင်ပေါင်းများစွာကို ထုတ်ယူလိုက်သည်။

ထို့နောက် သူသည် လက်ထဲရှိ စက္ကူလူရုပ်ငယ်များကို လေထဲသို့ ရုတ်တရက် ပစ်တင်လိုက်သည်။

"စက္ကူဓားသမား... ပေါ်လာစမ်း..."

ချိုးယွီနင်က အော်ဟစ်လိုက်ရာ နောက်တစ်စက္ကန့်တွင် သူ ပစ်တင်လိုက်သော စက္ကူရုပ်များသည် ရုတ်တရက် ခန္ဓာကိုယ်များ ရရှိသွားပြီး မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ကျလာကြသည်။

သူတို့သည် အဖြူရောင်ဝတ်စုံများကို ဝတ်ဆင်ထားပြီး သုံးပေခန့် ရှည်လျားသော ဓားများကို ကိုင်ဆောင်ကာ သူတို့ရှေ့ရှိ မြွေမိစ္ဆာ အမြောက်အမြားကို အေးစက်စွာ စိုက်ကြည့်နေကြ၏။

သူတို့ထံမှ ထွက်ပေါ်လာသော အငွေ့အသက်ကို အကဲဖြတ်ကြည့်ရလျှင် ဤသူများ အားလုံးသည် အနည်းဆုံး ရွှေမြုတေအဆင့် ကျင့်ကြံသူ၏ အမြင့်ဆုံး စွမ်းအားနီးပါး ရှိမည်ဟု ချန်လော့ ခန့်မှန်းမိသည်။

ဤမြင်ကွင်းကို မြင်သောအခါ မလှမ်းမကမ်းတွင် ရှိနေသော ချန်လော့သည် မတတ်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

"ထိုက်ရီဂိုဏ်းက သူတော်စင် ဆိုတဲ့အတိုင်း မင်းဆီမှာ တကယ်ကို ပစ္စည်းကောင်းတွေ အများကြီး ရှိနေတာပဲ..."

သူ စကားပြောပြီးသည်နှင့် ချိုးယွီနင်၏ အသံ ထွက်ပေါ်လာသည်။

"သတ်..."

ချိုးယွီနင်၏ အမိန့်ပေးသံနှင့်အတူ ဓားသမားများအဖြစ် ပြောင်းလဲသွားသော စက္ကူရုပ်များသည် ပတ်ဝန်းကျင်ရှိ မြွေမိစ္ဆာများဆီသို့ ချက်ချင်း ပြေးဝင်သွားကြတော့သည်။

ဤသို့ဖြင့် အားလုံး ရင်ဆိုင်ရန် ကျန်ရှိနေသည်မှာ "မြွေဘုရင်" နှစ်ကောင်ဖြစ်သော တောင်ပံပါသော မြွေ နှင့် အဆိပ်မြွေနက် တို့သာ ဖြစ်သည်။ ဖိအားမှာ များစွာ လျော့ကျသွားပြီဖြစ်သည်။

မီတာတစ်ရာနီးပါး အကွာတွင် ရပ်ကာ မြွေမိစ္ဆာကို သတ်ရင်း အနားယူနေသော ချန်လော့သည် အဖြူရောင် လူရိပ်နှစ်ခု သူတို့ဆီသို့ အလွန် မြန်ဆန်သော အမြန်နှုန်းဖြင့် ပြေးလာနေသည်ကို ရုတ်တရက် မြင်လိုက်ရသည်။

ထိုအဖြူရောင် လူရိပ်နှစ်ခုမှာ စက္ကူဓားသမား နှစ်ယောက်မှလွဲ၍ အခြားမဟုတ်ချေ။

ချန်လော့ မတုံ့ပြန်နိုင်မီတွင် ထိုစက္ကူဓားသမား နှစ်ယောက်သည် ချန်လော့ ရှိနေသော မြွေအုပ်စုထဲသို့ ပြေးဝင်လာခဲ့ပြီး ဖြစ်သည်။

သူတို့သည် အန္တရာယ်ကိုပင် ဂရုမစိုက်ဘဲ အတင်းဝင်ရောက်လာပြီး ချန်လော့ကို ဝိုင်းရံထားသော မြွေမိစ္ဆာများကြားမှ လမ်းကြောင်းတစ်ခုကို ဖောက်လုပ်ပေးခဲ့သည်။

စက္ကူဓားသမားများ၏ ခန္ဓာကိုယ်အများစုမှာ ၅၀ သို့မဟုတ် ၆၀ ရာခိုင်နှုန်းခန့် ပျက်စီးနေပြီး ဆိုးရွားစွာ ထိခိုက်နေကြပြီ ဖြစ်သည်။

ထိုအချိန်တွင် မလှမ်းမကမ်းမှ ချိုးယွီနင်၏ အသံ ထွက်ပေါ်လာ၏။

"ချန်လော့... အခု အချိန်ကျပြီ... အဲဒီကနေ ထွက်ခဲ့တော့..."

ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်လော့မှာ အံ့အားသင့်သွားပြီး ရုတ်တရက် ရင်ခုန်သွားမိသည်။

‘ ချိုးယွီနင်က ငါ့ကို ဒီလောက်တောင် ဂရုစိုက်တာပဲ ၊ ငါ ဒီအခြေအနေကနေ လွတ်မြောက်နိုင်ဖို့ စက္ကူဓားသမား နှစ်ယောက်ကို အထူး တာဝန်ပေးထားလိမ့်မယ်လို့ မထင်ထားဘူး…’

ဤသို့သော အကူအညီကို ရရှိသော်လည်း ချန်လော့တစ်ယောက် မပျော်နိုင်ပေ။

‘သေစမ်း... မင်းတို့နဲ့ အဲဒီ နတ်ဝိညာဉ်အဆင့် မြွေမိစ္ဆာ နှစ်ကောင်ကြားက ပင်မစစ်မြေပြင်ကနေ လွတ်မြောက်ဖို့ ငါ ဒီမှာ ပုန်းနေတာ... ဒါမှ ငါတစ်ယောက်တည်း အေးအေးချမ်းချမ်း နေလို့ရမှာလေ…’

‘ဘာလို့ စက္ကူဓားသမား နှစ်ယောက်ကို လွှတ်လိုက်ရတာတုန်း.. ငါက မင်းရဲ့ အကူအညီကို လိုအပ်လို့လား…’

သို့သော် ချန်လော့သည် ဤစကားများကို အပြင်သို့ ထုတ်ပြောနိုင်မည် မဟုတ်ရာ မချိုမချဉ် ပြုံးလိုက်သည်။

"ကျေးဇူးပဲ..."

ထိုသို့ပြောပြီးနောက် သူသည် စက္ကူဓားသမား နှစ်ယောက် ဖန်တီးပေးထားသော လမ်းကြောင်းအတိုင်း မြွေမိစ္ဆာများ၏ ဝိုင်းရံမှုမှ ပြေးထွက်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် မြွေမိစ္ဆာ အမြောက်အမြား၏ တိုက်ခိုက်မှုဖြင့် ထိုစက္ကူဓားသမား နှစ်ယောက်လည်း အသတ်ခံလိုက်ရသည်။

၎င်းကို မြင်သောအခါ မြွေမိစ္ဆာများသည် သူတို့၏ အာရုံကို ချန်လော့ထံသို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားပြီး သူ့ကို တိုက်ခိုက်ကြပြန်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ ချန်လော့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။

‘ဟေး... အနားယူဖို့ အချိန်ရောက်ပြီ…’

သို့သော် နောက်တစ်စက္ကန့်တွင် လူရိပ်အချို့က သူ့ထံသို့ အလွန် မြန်ဆန်သော အမြန်နှုန်းဖြင့် ချဉ်းကပ်လာကြသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ချိုးယွီနင်နှင့် အခြားသူများသည် စစ်မြေပြင်၏ ဗဟိုချက်ကို ၎င်း၏ မူလနေရာမှ ချန်လော့၏ ဘေးသို့ ရွှေ့ပြောင်းလိုက်ကြသည်။

သူတို့သည် ချန်လော့၏ ဘေးတွင် ရပ်ကာ မည်သည့်အချိန်တွင်မဆို ပေါ်လာနိုင်သော တောင်ပံပါသော မြွေ နှင့် အဆိပ်မြွေနက် ကို သတိထားလျက် ပတ်ဝန်းကျင်ကို အကဲခတ်နေ၏။

"ချန်လော့... စိတ်မပူပါနဲ့... မင်းကို ဘာမှ အဖြစ်မခံပါဘူး..."

ထိုစကားကို ကြားလိုက်ရချိန်တွင် ချိုးယွီနင်၏ အနောက်တွင် ရပ်နေသော ချန်လော့မှာ မဲ့ပြုံးတစ်ချက် ပြုံးလိုက်တော့သည်။

‘သေစမ်း... မင်း ငါ့အတွက် လုပ်ပေးနိုင်တဲ့ အကောင်းဆုံးက ငါနဲ့ ဝေးဝေးနေဖို့ပဲ...ငါ့ဟာငါ အစွန်းဘက်မှာ အဆင်ပြေနေတာကို... မင်းက ငါ့ကို စစ်မြေပြင်ရဲ့ အလယ်တည့်တည့်ကို ဆွဲခေါ်လာတယ်ပေါ့…’

‘ကျေးဇူးတင်လိုက်တာနော်…’

All Chapters