← Chapters

တာအိုရသေ့ ချန်ကမ်း

Vol. 11 Ch. 141

တာအိုရသေ့ ချန်ကမ်း

Vol. 11 Ch. 141

‘ နဂါးမျိုးနွယ်က ခြင်တွေနဲ့ တိုက်ခိုက်ခဲ့ရပြီး ငါက အနိုင်ရသွားတာပေါ့လေ... ’

လီချန်ရှို့သည် နဂါးမျိုးနွယ်ထံမှ ကျေးဇူးတင်လက်ဆောင်များရသောအခါ သူသည် မရေမရာခံစားချက်ကို ခံစားလိုက်ရသည်။

လီချန်ရှို့သည် ကျောက်စိမ်းဧကရာဇ်၏ လက်ဆောင်များကို ရရှိသောအခါ တစ်စုံတစ်ခုကို နားလည်သွားလေတော့သည်။

နဂါးမျိုးနွယ်သည် တိုက်ပွဲကို အနိုင်ရရှိခဲ့သော်လည်း သူသည် ထိုမှ အကျိုးအမြတ်ရခဲ့၏။ သူသည် သူ၏ နတ်တန်ခိုးအနည်းငယ်ကိုသာ အကုန်ခံခဲ့ရသည်။ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းအချို့ ဖျက်ဆီးခံခဲ့ရ၍ အနည်းငယ် အဆုံးအရှုံးရှိခဲ့သော်လည်း သူသည် ရတနာများကို ပြန်၍ လက်ခံရရှိခဲ့သည်။

သူသည် နဂါးမျိုးနွယ်ထံမှ ကျေးဇူးတင်ပင် ခံခဲ့ရပြီး သူတို့အား ကိစ္စကြီးတစ်ခု အကူအညီပေးခဲ့မိသလိုပင် ဖြစ်သွားခဲ့လေသည်။

‘ ငါ ဒီလိုမျိုး ကျေးဇူးတင်ခံနေရတာ ဘယ်နှစ်ခါတောင်ရှိပြီလဲ ’

‘ ထားလိုက်ပါတော့ ဘာမှမဖြစ်လာရင် အကောင်းဆုံးပါပဲ ’

နဂါးနန်းတော်မှ ပေးသောလက်ဆောင်များသည် အဖိုးတန် ဝိညာဉ်ကျောက်တုံးများဖြစ်သည်။ ထိုအထဲမှ အနည်းငယ်သည် ရတနာစစ်များဖြစ်သော သန္တာကျောက်တန်းများ၊ ပုလဲများနှင့် ညလင်းပုလဲများ စသည်တို့ ဖြစ်ကြသည်။

နဂါးနန်းတော်သည် အတွေ့ရများသော ပစ္စည်းများဖြစ်သည့် ရွှေ၊ ငွေတို့ကို လက်ဆောင်ပေးမည်မဟုတ်ပေ။ အဖိုးတန်ပစ္စည်းများ၊ ဝိညာဉ်ကျောက်တုံးများနှင့် သေတ္တာကြီးတစ်ဒါဇင်ကို လီချန်ရှို့၏ စက္ကူကိုယ်ပွားက လက်ခံခဲ့၏။ ထိုပစ္စည်းများသည် သေမျိုးလောကတွင် အသုံးဝင်မည် မဟုတ်ပေ။

ထိုအထဲတွင် သိုလှောင်ဓမ္မအဆောင်များလည်း အများအပြားပါ၏။ ထိုအရာများသည် အရေးပါသော အရာများဖြစ်သည်။

လီချန်ရှို့သည် ရတနာများထဲမှ အချို့ကို ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့သော ရှုံးရွာမှ စုန်းကဝေလူသား နတ်တမန်တော်များကို ပေးခဲ့၏။ ရတနာအချို့ကိုလည်း ဘုံကျောင်းများ ပြန်တည်ဆောက်ရာတွင် အသုံးပြုခဲ့သည်။

ထို့နောက်...

စက္ကူကိုယ်ပွားနှစ်ရုပ်သည် ရတနာပစ္စည်းများကို ရေတွက်ကိုင်တွယ်ခြင်းနှင့် ထိုရတနာများပေါ်တွင် စုန်းကဝေ တံဆိပ်တော်များ ကပ်ခြင်းတို့ကို လုပ်ရန် ဆယ်ရက်မှ လဝက်ခန့် အလုပ်များနေမည်ဖြစ်ကြောင်း လီချန်ရှို့တွေးလိုက်၏။

သို့သော် ထိုရတနာများ၏ အကူအညီဖြင့်ဆိုလျှင် ချုံတောင်လေး၏ ပြီးပြည့်စုံသော ကာကွယ်မန္တန်အစီအရင်နှင့် ချုံတောင်လေး၏ ရွေ့လျားအစီအစဉ်ကို ပို၍ လျင်မြန်စွာ တိုးတက်သွားမည် ဖြစ်ပေသည်။

သူ့နောက်ကွယ်တွင် ထောက်ပံ့ပေးမည့်သူ ရှိလာပြီဖြစ်သော်လည်း ပြေးရဦးမည်...အဟမ်း...ဖြစ်သည်။

သူ့နောက်ကွယ်တွင် တန်ခိုးစွမ်းအားကြီးသူများ ရှိလာပြီဖြစ်သော်လည်း မည်သည့် အရေးပေါ်အခြေအနေအတွက်မဆို အပြည့်အဝကြိုတင်ပြင်ဆင်ထားရမည် ဖြစ်၏။

‘ ကိစ္စကောင်းတွေဖြစ်လာတဲ့အချိန်မှာ သိပ်ကျေနပ်ရောင့်ရဲနေမယ်ဆိုရင် အဲ့ကိစ္စကောင်းနဲ့ ညီမျှတဲ့ မကောင်းတဲ့ကိစ္စတွေ ဖြစ်လာမှာပဲ ’

လီချန်ရှို့ အတန်ကြာတွေးတောလိုက်သည်။

သူ၏ရင်တွင်းမှ ပျော်ရွှင်မှုများသည် တဖြည်းဖြည်း စိုးရိမ်မှုအဖြစ် ပြောင်းလဲသွားပြီး သူ၏ ပတ်ဝန်းကျင်ကို စတင် လေ့လာလိုက်လေတော့သည်။

သို့ရာတွင် လီချန်ရှို့သည် နဂါးနန်းတော်မှပေးခဲ့သော ရတနာများကို ရေတွက်၍ ပြီးသွားသောအခါ ရင်းနှီးသောလူတစ်ယောက်သည် ရင်းနှီးသောလမ်းတစ်ခုရှိ ရင်းနှီးသောဘုံကျောင်းတစ်ခုအတွင်းသို့ ဝင်သွားကြောင်းကို အာရုံရလိုက်၏။

ထိုသူသည် ကျောက်စိမ်းဧကရာဇ်ကို ခေါ်လာခဲ့ဖူးသော စစ်သူကြီးတုံမုဖြစ်သည်။

လီချန်ရှို့သည် သူ၏စက္ကူကိုယ်ပွားကို ဆံပင်ဖြူများရှိသော ပိန်ပိန်ပါးပါး တာအိုရသေ့အိုကြီးအသွင်အဖြစ် ပြောင်းလဲစေလိုက်၏။ ထိုတာအိုရသေ့အိုကြိးသည် မြင်းမြီးနှင်တံကိုကိုင်ထားပြီး အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူသည် စစ်သူကြီးတုံမုကို အပြေးသွားတွေ့လိုက်၏။

ယခင်က လီချန်ရှို့သည် စစ်သူကြီးတုံမုကို အခြားပင်လယ်စောင့်နတ်မင်းဘုံကျောင်းသို့ သွားရန်မှာထားခဲ့သော်လည်း သူ၏စကားများသည် ဘယ်ဘက်နားမှဝင်၍ ညာဘက်နားမှ ပြန်ထွက်သွားပုံရလေသည်။

တောတောင်မြစ်ချောင်း ဝိညာဉ်ပန်းချီကားထဲသို့ ဝင်သွားပြီးသောအခါ စစ်သူကြီးတုံမုသည် စိုးရိမ်တကြီးမေးလိုက်၏။

“ ပင်လယ်စောင့်နတ်မင်း အဆင်ပြေရဲ့လား ”

“ ဟုတ် ပြေပါတယ်... အခုလို စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”

“ ဒီတစ်ခေါက် ကျွန်တော် တစ်ယောက်တည်း စိုးရိမ်နေတာ မဟုတ်ပါဘူး။ အရှင်ဧကရာဇ်က ကျွန်တော့်ကို ဒီကို လွှတ်လိုက်တာပါ ”

“ အိုး..ဟုတ်လား။ အခုလို စိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ် အရှင်ဧကရာဇ် ခင်ဗျား... ”

တာအိုရသေ့အိုကြီးသည် လက်နှစ်ဖက်ဆုပ်၍ ကောင်းကင်သို့ မော့ကြည့်ကာ အရိုအသေပေးလိုက်လေသည်။ သူ၏ အပြုံးသည် သိပ်၍ ပြောင်းလဲမသွားသေးပေ။

စစ်သူကြီးတုံမုသည် သူ့ကို မသိမသာ လေ့လာလိုက်၏။ မည်သည်ကြောင့်မှန်းမသိသော်လည်း သူသည် ပင်လယ်စောင့်နတ်မင်း၏ စက္ကူကိုယ်ပွားကို မြင်လိုက်ရသောအခါ ထိုသူ၏ အမူအကျင့်နှင့် တာအိုသင်္ကေတများသည် အတန်ငယ်ကွဲပြားနေသည်ဟု ထင်မိနေလေသည်။

ပင်လယ်စောင့်နတ်မင်းသည် ယခင်ကထက် ပို၍ တည်ငြိမ်ကာ ပို၍ ယုံကြည်မှုရှိလာသကဲ့သို့ ထင်ရလေသည်။ သူ၏ ဆံပင်ဖြူများသည် ပို၍ နူးညံ့တောက်ပနေပေသည်။

“ ပင်လယ်စောင့်နတ်မင်း...ဒါက အရှင်ဧကရာဇ်ပေးလိုက်တဲ့ လက်ဆောင်တွေပါ ”

စစ်သူကြီးတုံမုသည် သိုလှောင်ဓမ္မအဆောင် လက်ပတ်နှစ်ကွင်းကိုကိုင်၍ ပြုံးကာ ပြောလိုက်သည်။

“ ပင်လယ်စောင့်နတ်မင်းအတွက် အမိန့်တော်က အတည်မပြုရသေးဘူး ဖြစ်နေပါတယ်။ နတ်မင်းရာထူးကို တရားဝင် မချီးမြှင့်နိုင်သေးလို့ ဒီတစ်ခေါက်တော့ ဒီလက်ဆောင်လေးတွေက သိပ်ပြီး ဂုဏ်ရှိမှာ မဟုတ်ပါဘူး။ ပင်လယ်စောင့်နတ်မင်း နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ် ”

လီချန်ရှို့သည် ရှေ့သို့လျှောက်သွားလိုက်ပြီး လက်ပတ်နှစ်ကွင်းကို လက်ခံလိုက်လေသည်။ ထို့နောက် သူက လေးလေးနက်နက်ပြောလိုက်၏။

“ အခုလို လက်ဆောင်ပေးတဲ့အတွက် အရှင်ဧကရာဇ်ကို ကျေးဇူးတင်ပါတယ် ”

ထို့နောက်သူသည် လက်ပတ်နှစ်ကွင်းကို ကိုင်၍ ‌ရှေ့သို့ ခြေလှမ်းဝက်တိုးကာ ၎င်းတို့ကို စစ်သူကြီးတုံမုထံ ပြန်၍ ကမ်းပေးလိုက်လေသည်။

“ စစ်သူကြီးတုံမု... ”

“ ဟေ... ဘာလုပ်တာလဲ။ ကျွန်တော်က အဲဒီလိုအကျင့်ရှိတဲ့ နတ်မင်းမဟုတ်ပါဘူး... ”

စစ်သူကြီးတုံမုသည် မျက်မှောင်ကြုတ်၍ လက်ခါပြလိုက်သည်။ တာအိုရသေ့အိုကြီးသည် ပြုံး၍ လက်ပတ်နှစ်ကွင်းကို ထိုးပေးနေ၏။ သူက ပြောလိုက်သည်။

“ ဒီလက်ဆောင်တွေရတယ်ဆိုတာ စစ်သူကြီးတုံမုက အရှင်ဧကရာဇ်ရဲ့ရှေ့မှာ ကျွန်တော့်ရဲ့ ကောင်းသတင်းတွေကို ပြောပေးလို့ပါ။ ဒါကို ကျွန်တော့်ရဲ့ မင်္ဂလာလက်ဖွဲ့အနေနဲ့ လက်ခံလိုက်ပါ... ”

ဝိညာဉ်ပန်းချီကားအတွင်းရှိ လူနှစ်ယောက်သည် တစ်ယောက်လက်ဆောင်ကို တစ်ယောက်ငြင်းဆိုနေကြလေ၏။ သူတို့သည် အတန်ကြာမှ ရပ်တန့်သွားကြ၏။

ထို့ကြောင့် ကျောက်စိမ်းဧကရာဇ်၏ လက်ဆောင်ကို တစ်ဝက်စီခွဲလိုက်ကြရလေတော့သည်။

လီချန်ရှို့၏ နှလုံးသားသည် ရိုးတိုးရွတဖြစ်သွား၏။ သို့သော် ထိုကိစ္စသည် လိုအပ်သော အဆင့်တစ်ခုဖြစ်ကြောင်း သူသိလေ၏။ သူသည် လဘိုးဘိုးနှင့် ပြောခဲ့သော စကားများကြောင့် ကောင်းကင်ဘုံခုံရုံးများ၏ နတ်မင်းများသည် ထိုကိစ္စတွင် ဝါသနာပါကြသည်ကို သူ သိရှိထားပြီးဖြစ်လေသည်။

ထို့နောက် သူတို့နှစ်ဦးသည် အတန်ကြာ ထွေရာလေးပါး စကားစမြည်ပြောလိုက်၏။

လီချန်ရှို့သည် နဂါးမျိုးနွယ်အကြောင်း ကျောက်စိမ်းဧကရာဇ်ကို ပြောပြရန် အလျင်မလိုပေ။ လက်ရှိတွင် ပြောရန် အချိန်မကျသေးသလို သူစကားအများကြီး ပြောမိသွားလျှင် ကျောက်စိမ်းဧကရာဇ်သည် သူ့ကို သံသယဝင်သွားနိုင်ပေသည်။

စစ်သူကြီးတုံမုသည် စကားပြောရန် အကြောင်းအရာရှာနေ၏။ သူသည် ပင်လယ်စောင့်နတ်မင်း၏ အမည်ကို သိချင်နေပေသည်။ သို့သော် ပင်လယ်စောင့်နတ်မင်းသည် သူသတိမမူမိခင်မှာပင် စကားလမ်းကြောင်းလွှဲနေ၏။

နောက်ဆုံးတွင် စစ်သူကြီးတုံမုသည် ရွေးစရာမရှိတော့သဖြင့် တိုက်ရိုက်သာ မေးလိုက်ရလေတော့သည်။

“ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာပြီမဟုတ်လား။ ကျွန်တော့်အနေနဲ့ မိတ်ဆွေရဲ့ တာအိုနာမည်ကို မသိဘူးဆိုတော့ ရိုင်းရာကျနေတယ်... ကျွန်တော် မိတ်ဆွေရဲ့ နာမည်ကို သိလို့ရမလားခင်ဗျာ။ အဲဒီလိုဆို အရှင်ဧကရာဇ်ကို ပြန်တင်ပြတဲ့အခါမှာလည်း လွယ်ကူတာပေါ့ ”

လီချန်ရှို့၏ စက္ကူကိုယ်ပွား တာအိုရသေ့အိုကြီးသည် ရုတ်ခြည်းပင် ပြုံး၍ ခေါင်းညိတ်လိုက်၏။ သို့သော် လီချန်ရှို့၏ စိတ်များသည် လှုပ်ရှားနေပေသည်။

‘ ငါသူ့ကို ငါ့ရဲ့နာမည်အစစ်ပြောလိုက်ရမလား ’

‘ အဲဒီလိုဆိုရင် တန်ခိုးရှင်က ငါ့ရဲ့ ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို ဖုံးကွယ်ဖို့ ကူညီထားတာ အလကားဖြစ်သွားမှာပေါ့... ’

သူ၏ အနာဂတ်အစီအစဉ်သည် ကောင်းကင်ဘုံခုံရုံးလက်အောက်သို့ဝင်၍ ကျောက်စိမ်းဧကရာဇ်နှင့် တန်ခိုးရှင်တို့အတွက် တာဝန်ထမ်းဆောင်ရန်ဖြစ်သော်လည်း တောင်သမုဒ္ဒရာ၏ ပင်လယ်စောင့်နတ်မင်းသည် ပုန်းကွယ်နေသော ပညာရှင်တစ်ဦးမဟုတ်ဘဲ သာမန်တပည့်လေးတစ်ဦးဖြစ်ကြောင်းကိုသာ ကျောက်စိမ်းဧကရာဇ်သိသွားလျှင် သူ၏ ဆန်းကြယ်၍ စိတ်ဝင်စားဖွယ်ကောင်းသော နတ်ဝိဇ္ဇာအိုကြီးဆိုသည့် ပုံရိပ်သည် ပျက်ဆီးသွားပေလိမ့်မည်။

ထိုသို့ဆိုလျှင် သူ၏ဩဇာသက်ရောက်မှုသည် များစွာလျော့ကျသွားမည်ဖြစ်ပြီး သူ့အနေဖြင့် မည်သည့်ကိစ္စကိုမှ အဆင်ပြေပြေလုပ်ကိုင်နိုင်တော့မည် မဟုတ်ချေ။

လီချန်ရှို့အနေဖြင့် ကျောက်စိမ်းဧကရာဇ်သည် သူ့ကို ထူးခြားသောသူတစ်ဦးအဖြစ် ဆက်မြင်စေနေလိုသေးပေသည်။

သူ၏ ရင်ခုန်သံများ မြန်လာ၏။

‘ ငါနာမည်က လီချန်ရှို့ဆိုတော့ ဒီလိုဆိုရင်ရော ဘယ်လိုလဲ... ’

စက္ကူကိုယ်ပွား တာအိုရသေ့အိုကြီးသည် ပြုံး၍ ပြောလိုက်၏။

“ ရွှမ်ဂိုဏ်းက အံ့ဩဖွယ်ကောင်းတဲ့ လောကဘုံတစ်ခုမှာ တည်ရှိပါတယ်။ နတ်ဝိညာဉ်တွေဆိုတာ သူတို့ဘာသာ ပေါက်ဖွားကြီးပြင်းလာကြတာပါ။ ကျွန်‌တော့်မှာ တခြားရည်ရွယ်ချက်မရှိပါဘူး။ ကျွန်တော်က အမတလမ်းစဉ်ကိုပဲ လျှောက်လှမ်းချင်တာပါ ”

စစ်သူကြီးတုံမု မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

“ မိတ်ဆွေ... မိတ်ဆွေရဲ့ တာအိုနာမည်က ဒီစာကြောင်းလေးကြောင်းထဲမှာ ဝှက်ထားတာလား ”

တာအိုရသေ့အိုကြီးသည် ပြုံး၍ မေးလိုက်၏။

“ ဆရာမု ... ရန်ကျောင်းတော်က ကျော်ကြားတဲ့သူတွေရဲ့နာမည်ကို ဆရာမု ဘယ်လောက်သိလဲ ”

စစ်သူကြီးတုံမု တွေးတောလိုက်၏။

‘ နှစ်ယောက်ပဲသိတယ်... ’

‘ တစ်ယောက်က အရှင်ထိုက်စန့်လောင်ကျွင်း..နောက်တစ်ယောက်က အရှင်ရွှမ်းဒူ... ’

‘ ဟုတ်သားပဲ... အရှင်ရွှမ်းဒူမှာက တာအိုနာမည်ရော ရိုးရိုးနာမည်ရော မရှိဘူး။ ပြီးတော့ ထိုက်ကျိပန်းချီကားက သူ့ကို ကမ္မနှောင်ကြိုးတွေ မရစ်တွယ်နိုင်အောင် ကာကွယ်ပေးတယ်... ’

‘ ရန်ကျောင်းတော်က ပညာရှင်တွေက နာမည်သုံးရတာကို မကြိုက်ကြဘူးလား ’

‘ အဲဒီလိုဆိုရင် သူတို့တွေ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုခေါ်ကြလဲ ’

“ ကျွန်တော်က ရွှမ်းဒူဘုံကျောင်းက အလယ်အလတ်တာအိုရသေ့တစ်ပါးပါ။ ကျွန်တော်က ရွှမ်းဒူဘုံကျောင်းက မထင်မရှား ပညာရှင်လေးပါ။ ကျွန်တော်က အရှင်ထိုက်စန့်လောင်ကျွင်းရဲ့ အမည်ခံတပည့်လေးပါ ”

စစ်သူကြီးတုံမု စိတ်ပြန်စုစည်းလိုက်ပြီး ခါးသက်သက်ပြုံးလိုက်၏။

“ ဒါပေမဲ့ ကျွန်တော် အရှင်ဧကရာဇ်ကို ဘယ်လိုပြန်တင်ပြရမလဲ ”

စက္ကူကိုယ်ပွား တာအိုရသေ့အိုကြီးသည် ပြုံး၍ ပြောလိုက်၏။

“ ဒီနေ့ ကျွန်တော် ကိုယ့်ကိုယ်ကို နာမည်ပေးလိုက်ပါမယ်။ ဒီနေ့ကစပြီး ကျွန်တော် ကိုယ့်ကိုယ်ကို တာအိုရသေ့ချန်ကမ်းလို့ ခေါ်ပါမယ်။ အရှင်ဧကရာဇ်ကို အဲဒီလိုပြန်တင်ပြလိုက်ပါ ”

“ ကောင်းပါပြီ ”

စစ်သူကြီးတုံမုသည် ပြုံးလိုက်ပြီး စက္ကူကိုယ်ပွား တာအိုရသေ့အိုကြီးကို ဦးညွှတ်ကာ ထိုအကြောင်းကို တင်ပြရန် ‌ကောင်းကင်ဘုံသို့ ပြန်တက်သွားလေတော့သည်။

လီချန်ရှို့သည် စစ်သူကြီးတုံမုကို ပြန်လိုက်ပို့ပြီးသောအခါ စက္ကူကိုယ်ပွားလက်ထဲရှိ ကျောက်စိမ်းဧကရာဇ်ပေးလိုက်သော လက်ဆောင်ကို ကြည့်လိုက်၏။ ထိုလက်ဆောင်များမှာ ဝိညာဉ်ကျောက်တုံးများနှင့် အဖိုးတန်ရတနာများသာ ဖြစ်သည်။

လက်ရှိတွင် ကောင်းကင်ဘုံခုံရုံးများသည် ကုသိုလ်အမြောက်အမြားရှိနေသော်လည်း ရတနာများသိပ်မရှိသေးပေ။ လီချန်ရှို့သည် ကျောက်စိမ်းဧကရာဇ်ထံမှရသော လက်ဆောင်များနှင့် နဂါးမျိုးနွယ်ထံမှရသော လက်ဆောင်များကို တုနတ်ဝိဇ္ဇာဂိုဏ်းသို့ လျှို့ဝှက်ပို့ဆောင်ရန် အချိန်တစ်လသုံးလိုက်ရလေသည်။

လီချန်ရှို့သည် လင်းအယ်ထံသို့သွား၍ သူမ၏ ကျင့်ကြံခြင်းကို လျစ်လျူမရှုရန်လည်း သတိပေးလိုက်၏။

ထို့နောက် သူသည် သူ၏ဆရာထံသို့သွား၍ သူ ငါးနှစ်မှ ဆယ်နှစ်အထိ အခန်းအောင်းကျင့်ကြံမည်ဖြစ်ကြောင်းပြောလိုက်၏။ ထိုအချိန်အတွင်း သူ့ဆရာအနေဖြင့် သူ၏ညီမလေးကို ကျင့်ကြံရန် တိုက်တွန်းပေးဖို့ တောင်းဆိုလိုက်သည်။

ထို့နောက် လီချန်ရှို့သည် ဆေးဖော်ဆောင်အနီးရှိ မန္တန်အစီအရင်များကို အသက်သွင်းလိုက်လေ၏။

သူသည် အရှင်ရွှမ်းဒူထံမှ ရထားသော ကျောက်စိမ်းပြားနှစ်ပြားကို လေ့လာရမည်ဖြစ်ပြီး အဖိုးတန်ပစ္စည်းများကို မန္တန်အစီအရင်အောက်ခြေများအဖြစ် ပြုလုပ်ရမည်ဖြစ်သည်။ ထို့ပြင် နဂါးမျိုးနွယ် ကောင်းကင်ဘုံလက်အောက်သို့ ဝင်စေရန် မည်သို့ပြုလုပ်ရမည်ကိုလည်း တွေးတောစီစဉ်ရပေမည်။

သူ ကျောက်စိမ်းဧကရာဇ်ကို ပြောလိုက်သော အမည်အတွက်မူ...

တာအိုရသေ့ချန်ကမ်းနှင့် လီချန်ရှို့တို့အကြားတွင် ဆက်စပ်မိရန် လွန်စွာခက်ခဲပေလိမ့်မည်။

လောကကြီးထဲတွင် လူပေါင်းများစွာရှိသည် မဟုတ်ပေလော။

ထို့ပြင် တုနတ်ဝိဇ္ဇာဂိုဏ်းအပြင်မှ လူမည်မျှသည် လီချန်ရှို့အကြောင်းကို သိသနည်း။

‘ ကမ်း ’ ဆိုသည်မှာ ‘ အသက် ’ ဟုအဓိပ္ပာယ်ရ၏။ တစ်စုံတစ်ယောက်၏ ‘ ကမ်း ’ကိုမေးသည်ဆိုလျှင် သူတို့၏ ‘ အသက် ’ကိုမေးသည့် သဘောပင်ဖြစ်သည်။

‘ ချန်ကမ်း ’ ဆိုသည်မှာ ‘ အိုမင်းသောအသက် ’ဟု အဓိပ္ပာယ်ရ၏။ ထိုအမည်သည် အသက်ရှည်ခြင်းနှင့် အဓိပ္ပာယ်ဆင်တူလေသည်။

‘ ငါရဲ့ မျိုးရိုးနာမည်က လီ၊ ငါ့ရဲ့ နာမည်က ချန်ရှို့... ဒီတော့ တာအိုရသေ့ချန်ကမ်းဆိုတာ လိမ်ရာတော့ မကျပါဘူး။ ငါသာ နည်းနည်းအရှက်မရှိရင် တာအိုရသေ့ချန်ကမ်းဆိုတာ ငါ့ရဲ့ စက္ကူကိုယ်ပွားတစ်ရုပ်ရဲ့ နာမည်လို့တောင် ပြောလို့ရသေးတယ်။ အဲဒီလိုဆိုတော့ရော ဘာဖြစ်သေးလဲ ’

“ အိုး... တာအိုရသေ့ချန်ကမ်း... ”

လီချန်ရှို့သည် မြေအောက်လျှို့ဝှက်ခန်းအတွင်း၌ ထိုင်၍ မျက်မှောင်ကြုတ်ကာ တွေးတောလိုက်သည်။ သူအတန်ငယ် မတင်မကျဖြစ်နေ၏။

‘ ငါသာ အဲ့တာအိုနာမည်မှာ ငါ့ရဲ့မျိုးရိုးနာမည် ထည့်ခေါ်လိုက်ရင်.... ’

‘ လီ...ချန်ကမ်း ’

ထိုအမည်ကို သူ ရင်းနှီးသလိုလို ရှိနေသော်လည်း သူ၏မှတ်ဉာဏ်များအတွင်း ဂရုတစိုက်ရှာဖွေလိုက်သော်လည်း ထိုအမည်ကို သူ မည်သည့်နေရာတွင် ကြားခဲ့ဖူးကြောင်းကို မမှတ်မိနိုင်အောင် ဖြစ်နေလေသည်။ သူသည် တစ်စုံတစ်ခုကို အာရုံရခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

လီချန်ရှို့သည် ထိုကိစ္စကို ရက်အတန်ကြာ ဂရုတစိုက်တွေးတောနေ၏။ သူပြောလိုက်သော တာအိုမည်တွင် မည်သည့်ချို့ယွင်းချက်မှ မရှိကြောင်း ခံစားလိုက်ရသောအခါ သူသည် အောင်းရိကို တွေ့ဆုံရန် အိပ်မက်အတွင်းသို့ သွားလိုက်လေ‌တော့သည်။

သူသည် အောင်းရိကို အသုံးချ၍ အနောက်ကျောင်းတော်သည် နဂါးမျိုးနွယ်အား ထိန်းချုပ်နိုင်ရန် ကြိုးစားမှုကို နောက်ဆုံးအထိလက်လျှော့မည်မဟုတ်ကြောင်း နဂါးမျိုးနွယ်ကို သတိပေးခိုင်းလိုက်၏။

တချိန်တည်းမှာပင် လီချန်ရှို့သည် အောင်းရိကို နဂါးမျိုးနွယ်မှ ပညာရှင်တစ်ဦး၏ အကာအကွယ်မပါဘဲ ရွှေနတ်လိပ်ကျွန်းမှ အပြင်သို့မထွက်ရန် မှာကြားလိုက်သည်။

ရွှေနတ်လိပ်ကျွန်းပေါ်တွင် တန်ခိုးရှင် အရှင်လင်းပေါင်ထျန်းကျွမ်းနေထိုင်သော မြစိမ်းနန်းတော်သို့သွားရာ လမ်းလေးတစ်ခု ရှိ၏။ အရှင်လင်းပေါင်ထျန်းကျွမ်းသည် သမိုင်းမတိုင်မီ ခေတ်ကတည်းက တန်ခိုးစွမ်းအားကြီးသူတစ်ဦးဖြစ်ပြီး နတ်ဝိဇ္ဇာနှိမ်နင်း ဓားလေးချောင်းကို ကိုင်ဆွဲခဲ့သူတစ်ဦးဖြစ်သည်။ သူသည် ရွှေနတ်လိပ်ကျွန်းပေါ်တွင် ကျင့်ကြံသလို ခွန်းလွန်တောင်ရှိ ဗလာနတ္ထိကျောက်စိမ်းနန်းတော်တွင်လည်း ကျင့်ကြံလေသည်။ ထိုနေရာများသည် များသောအားဖြင့် မမြင်နိုင်ပေ။

လီချန်ရှို့သည် အောင်းရိနှင့် အတန်ကြာဆွေးနွေးပြီးသွားသောအခါ မည်သို့မှ ထပ်မံမပြောလိုက်တော့ပေ။

သူသည် နဂါးမျိုးနွယ်နှင့် ပတ်သတ်သော ကိစ္စများကို ကိုင်တွယ်ရန် အချိန်ကောင်းကို စောင့်ရပေမည်။ သူသည် သူတစ်ယောက်တည်း၏ အစွမ်းဖြင့် နဂါးမျိုးနွယ်ကို ဖျောင်းဖျနိုင်မည် မဟုတ်ချေ။

လီချန်ရှို့၏ အတွေးများသည် ရှင်းလင်း၏။

သူ့အနေဖြင့် ကိစ္စများကို ချောမွေ့အောင်လုပ်ရမည်ဖြစ်ပြီး နှောင်နှေးအောင်လုပ်ရမည်မဟုတ်ပေ။

သူသည် နဂါးမျိုးနွယ်ကို ကောင်းကင်ဘုံလက်အောက်သို့ သွတ်သွင်းရမည့်ကိစ္စကို အောင်မြင်သည်ဆိုရုံဖြင့်မပြီးသေး လှလှပပအောင်မြင်အောင် လုပ်ရမည်ဖြစ်သည်။ သူသည် မည်သည့်ကမ္မနှောင်ကြိုးများ တွယ်ငြိမည်ကိုမှ မလိုလားပေ။

ချုံတောင်လေးပေါ်ရှိ ဆေးဖော်ဆောင်အောက်မှ မြေအောက်လျှို့ဝှက်ခန်းထဲတွင် လီချန်ရှို့သည် ကျောက်စိမ်းပြားနှစ်ပြားကို ထုတ်ယူလိုက်ပြီး ဘေးတွင်ချထားလိုက်၏။ သူသည် ထိုကျောက်စိမ်းပြားနှစ်ပြားကို မကြည့်အားသေးပေ။

သူသည် စက္ကူလိပ်အလွတ်တစ်ခုကို ဖြန့်လိုက်ပြီး ခြေဗလာဖြင့် ထိုစက္ကူပေါ်သို့ တက်လိုက်၏။ ထို့နောက် အတွေးနက်နေသော မျက်နှာထားဖြင့် ကြက်ခြေထောက်တစ်ချောင်း၊ သစ်ခွပန်းတစ်ခုနှင့် လေးခွလေးတစ်ခုတို့၏ ပုံများကို လျင်မြန်စွာရေးဆွဲလိုက်လေတော့သည်။

‘ ငါ အခြေအနေမျိုးစုံကို ရင်ဆိုင်နိုင်ဖို့ အရင်ဆုံး တန်ပြန်အစီအစဉ်တွေ ဆွဲထားရမယ်။ တခြားဘာမှမလုပ်ခင် စိတ်အေးအောင်အရင်လုပ်ရမယ် ’

အခွင့်အရေးဆိုသည်မှာ ကြိုတင်ပြင်ဆင်ထားပြီး ဆုပ်ကိုင်နိုင်မည့်သူထံသာ ရောက်လာတတ်ပေသည်။

အချိန်သည် ရေကဲ့သို့ စီးဆင်းသွား၏။ တောင်များ၊ တောအုပ်များသည် တိတ်ဆိတ်ကာ ငြိမ်သက်အေးချမ်းနေပေသည်။

လီချန်ရှို့၏ အခန်းအောင်းမှု နှစ်နှစ်မြောက်၌ ချုံတောင်လေးပေါ်ရှိ “ ကြောင်နတ်မင်းနိမိတ်ဖတ်သေတ္တာ ”ကို ပြန်၍ ဖွင့်လှစ်ခဲ့၏။ သို့သော် ဤအကြိမ်တွင် စည်းမျဉ်းတစ်ခု ရှိလေသည်။ တစ်ရက်တွင် ဝါးပြားသုံးပြားသာ ထုတ်ပေးမည် ဖြစ်သည်။

ထိုအလုပ်ကိုပင် ပြန်စနေသဖြင့် လီချန်ရှို့သည် နဂါးမျိုးနွယ်ကို မည်သို့ကိုယ်တွယ်ရမည်ဖြစ်ကြောင်း အစီအစဉ်ဆွဲပြီးလေပြီဟု ယူဆနိုင်၏။ သူသည် သေတ္တာသုံးလုံးစာ အဝတ်များအပေါ်တွင် စာများရေးသားခဲ့ပြီး ဖြစ်သည်။

လီချန်ရှို့သည် လက်ရှိတွင် မန္တန်အစီအရင်အောက်ခြေများကို ပြုလုပ်နေပြီး အရှင်ရွှမ်းဒူသူ့အားပေးခဲ့သော ရုပ်ပြောင်းရုပ်လွဲအတတ်ကို လေ့လာနေပေသည်။

တန်ခိုးရှင် ရေးသားထားသော သုတ္တန်သည် ‘ မဟာသန့်စင်ခြင်းတာအို ’ ဟုခေါ်၏။

ထိုအထဲတွင် အနာဂတ်၌ ထွက်ပေါ်လာမည့် ကိုယ်ကျင့်တရားသုတ္တန်တွင်ပါမည့် အယူအဆများကို တွေ့ခဲ့ရ၏။ သို့သော် ထိုသုတ္တန်နှစ်ခု၏ အကြားတွင် ကြီးမားသော ကွဲပြားမှုတစ်ခု ရှိလေသည်။

လီချန်ရှို့သည် ပထမအခန်းကို ဖတ်ရှုပြီးနောက် ဆက်၍ မဖတ်ရှုဝံ့တော့ပေ။

အခြားရွေးချယ်စရာလည်းမရှိပေ။ သူသည် ပထမအခန်းကို ဖတ်ရှုပြီးသွားသောအခါ အသိအမြင်များရလာပြီး သူ၏ ဉာဏ်အလင်းပွင့်မှုကို မဖိနှိပ်ထားနိုင်တော့ပေ။ ထို့ကြောင့် သူသည် ရွေးစရာမရှိတော့သဖြင့် ကျင့်ကြံခြင်းတွင် ရှေ့သို့ခြေလှမ်းအသေးလေး လှမ်းလိုက်ရလေတော့သည်။

သူရောက်ရှိသွားသော ဉာဏ်အလင်းပွင့်‌လောကသည် နတ်ဝိဇ္ဇာအဖြစ် မတက်လှမ်းရသေးခင်က ရောက်ရှိသွားသော လောကအသေးလေးကဲ့သို့ မဟုတ်ပေ။ လီချန်ရှို့၏ ကျင့်ကြံခြင်းအဆင့်တွင် ရောက်ရှိသွားသော ဉာဏ်အလင်းပွင့်လောကသည် လောကအသေးလေးပင်ဖြစ်စေကာမူ ဂိုဏ်းအတွင်းမှ မဟာအကြီးအကဲများသည်ပင် ထိုလောကအသေးလေးကို အလုံးစုံနားလည်ရန် နှစ်တစ်ရာခန့် အချိန်ယူရမည်ဖြစ်ပေသည်။

တန်ခိုးရှင်၏ သုတ္တန်သည် အမှန်ပင် ထူးခြားကောင်းမွန်လှပေသည်။

လီချန်ရှို့သည် ‘ မဟာသန့်စင်ခြင်းတာအို ’ သုတ္တန်ကိုဖတ်၍ ဉာဏ်အလင်းပွင့်သွားပြီးနောက် သူ့အနေဖြင့် အာကာသနတ်မင်း ကောင်းကင်ပြစ်ဒဏ်ကို ခံရရန် သိပ်လိုတော့မည် မဟုတ်ကြောင်း တွေးမိလိုက်လေသည်။

လောလောဆယ်တွင် သူသည် ထိုကောင်းကင်ပြစ်ဒဏ်ကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ချေ သိပ်မမြင့်သေးပေ။ သူသည် လုံးဝယုံကြည်မှု မရှိသေးဟု ဆိုနိုင်ပေသည်။ သူသည် အာကာသနတ်မင်း ကောင်းကင်ပြစ်ဒဏ်နှင့် ပတ်သက်၍ မည်သူ့ထံကမှ နမူနာမယူနိုင်ပေ။

လီချန်ရှို့သည် အလျင်မလိုပေ။ သူသည် တန်ခိုးများကို ဆက်လက်စုဆောင်း၍ သူ၏ ကောင်းကင်ပြစ်ဒဏ်ကို အောင်အောင်မြင်မြင်‌ ကျော်လွှားနိုင်ချေကို မြှင့်တင်လိုပေသည်။

အရှင်ရွှမ်းဒူ သူ့အား ပေးခဲ့သော ရုပ်ပြောင်းရုပ်လွဲအတတ်သည် ကျောင်းတော်သုံးကျောင်းတွင် သင်ကြားပေးနေသော အတတ်များဖြင့် ကွဲပြားလေသည်။

ထိုရုပ်ပြောင်းရုပ်လွဲအတတ်သည် ‘ တာအိုပေါင်းစည်းခြင်း ’ဟု ခေါ်သော အတတ်တစ်မျိုးဖြစ်၏။

အရှင်ရွှမ်းဒူသည် လီချန်ရှို့အတွက် အသုံးဝင်နိုင်မည့် အတတ်ကို ပေးခဲ့ခြင်းပင်။ အရှင်ရွှမ်းဒူသည် လီချန်ရှို့၏ စက္ကူကိုယ်ပွားကို တွေ့သောအခါတွင် ထိုစက္ကူကိုယ်ပွား၏ မှော်အစွမ်းများကို လီချန်ရှို့ ပြီးပြည့်စုံအောင်ဆက်လုပ်နိုင်ရန်နှင့် စက္ကူကိုယ်ပွား၏ အားနည်းချက်များကို ပြင်ဆင်နိုင်ရန် ထိုအတတ်ကို ပေးခဲ့ခြင်းဖြစ်သည်။

ထိုအခွင့်အရေးသည် သူရိုးရိုးသားသား ဆက်ဆံခဲ့သဖြင့် ရခဲ့သော အခွင့်အရေးပင်။

ထို့ပြင် လီချန်ရှို့သည် ထိုအတတ်ကို အလွယ်တကူပင် တတ်မြောက်ခဲ့ပေသည်။

လီချန်ရှို့သည် ‘ မဟာသန့်စင်ခြင်းတာအို ’၏ ပထမအခန်းအကြောင်းကို တွေးမိသွားသောအခါ တစ်စုံတစ်ခုကို ရုတ်ခြည်းအမှတ်ရသွား၏။

ထိုပထမအခန်း၏ အစစာကြောင်းအချို့တွင် ‘ တည်ငြိမ်မှု ’ ဟုသော စာလုံးများပါဝင်လေသည်။

‘ နောက်တာပါ...နောက်တာပါ... ’

ထိုအရာသည် အရှင်ထိုက်စန့်လောင်ကျွင်း၏ စိတ်ငြိမ် တာအိုလမ်းကြောင်းဖြစ်ရာ သူ၏ တည်ငြိမ်မှုကိုရှာသော တာအိုလမ်းကြောင်းနှင့် ကွဲပြားပေသည်။

ထို့နေ့တွင် လီချန်ရှို့သည် ဂိုဏ်းကိုလှည့်လည် စောင့်ကြပ်ရန် တာဝန်ကျသူတစ်ဦးသည် ဂိုဏ်းဂိတ်တံခါးမှနေ၍ ခပ်သုတ်သုတ်လာနေသည်ကို အာရုံခံမိလိုက်၏။

သူသည် နတ်အာရုံကိုသုံး၍ ချုံတောင်လေးပေါ်ရှိ တော်ဝင်ကျားကစားခန်းမကို ကြည့်ရှုလိုက်သည်။ အထဲတွင် လူသုံးယောက် ကျားကစားနေသည်ကိုတွေ့သောအခါ သူသည် သူမတို့ကို မနှောင့်ယှက်လိုက်တော့ချေ။

ယုံချင်ရွှမ်းယာသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ရောက်လာခြင်းပင်။ သူမ၏ ကျင့်ကြံခြင်းအဆင့်သည် ထပ်မံတက်သွားပြန်ပြီ ဖြစ်သည်။ သူမသည် ကောင်းကင်ပြစ်ဒဏ်ကိုခံယူရန် တစ်ဆင့်သာ လိုပေတော့သည်။

သူမသည် လီချန်ရှို့ကို မတွေ့ရသဖြင့် ဆရာဒေါ်လေးကျိုးကျိုး၊ လင်းအယ်တို့နှင့် ကစားနေခြင်းဖြစ်သည်။

အမျိုးသားတပည့်တစ်ဦးသည် နတ်ကြိုးကြာတစ်ကောင်ကို စီး၍ ချုံတောင်းလေးအပေါ်သို့ ပျံသန်းလာ၏။ ထိူသူသည် သူ၏ စိတ်အာရုံကိုသုံး၍ အာရုံခံကြည့်ရာ မည်သူ့ကိုမှ ရှာမတွေ့ပေ။

ထို့ကြောင့် သူသည် ဝိညာဉ်သားရဲမွေးမြူရေးခြံအနီးမှ ထွက်ပေါ်လာသော ရယ်သံများအနောက်သို့ လိုက်ကာ ထိုနေရာသို့ ပျံသန်းသွားလိုက်လေသည်။

ထိုတပည့် စံအိမ်အနီးသို့ ပျံသန်းရောက်ရှိလာသောအခါ စကားသံများကို ကြားလိုက်ရ၏။

“ အစ်မယုံချင်က အရင်က ဒီလိုမျိုးမဟုတ်ပါဘူး။ ဘာလို့ ပြောပြီးသားစကားကို မတည်ရတာလဲ။ ရှုံးရင် အရှုံးကိုဝန်ခံပြီးတော့ အပြစ်ပေးတာကို ခံရမှာပေါ့... ”

“ အစ်မ နောက်တစ်ပွဲကျ နိုင်မှာပါ။ ဒါတွေကို အစ်မရဲ့ မျက်နှာမှာ မခြယ်ပါနဲ့။ တခြားသူတွေမြင်သွားရင် တော်တော်လေး ရှက်စရာကောင်းသွားလိမ့်မယ် ”

ထို့ကြောင့် တပည့်လေးသည် စိတ်ဝင်စားသွားပြီး ငုံ့ကြည့်လိုက်၏။ သူသည် ပြတင်းပေါက်မှနေ၍ အထဲတွင် မိန်းမပျိုလေးနှစ်ဦး တစ်ဦးနှင့်တစ်ဦး တွန်းထိုးနေသည်ကို မြင်လိုက်၏။ သူသည် မင်နက်ဖြင့် ဆွဲထားသော ဆွဲထားသော လိပ်ပုံလေးကိုလည်း မြင်လိုက်ရလေသည်။

‘ တပည့်ခေါင်းဆောင်လား... ’

ကျိုးကျိုးတစ်ယောက် ရုတ်ခြည်းပြုံး၍ ပြောလိုက်၏။

“ အပြင်မှာ ကြည့်နေတဲ့ သူတွေ တကယ်ရှိတာပဲ ”

“ ဟင်... ”

ရွှမ်းခနဲ အသံနှင့်အတူ မီးတောက်ဓားကြီးသည် ဓားအိမ်အတွင်းမှ ထွက်သွားလေတော့သည်။

All Chapters