ဗြုန်းစားကြီး ရောက််ချလာပါသော
Vol. 11 Ch. 142
“ ဒီကောင်စုတ်ကတော့... ”
မန္တန်အစီအရင်အောက်ခြေ ပြုလုပ်ရာတွင် အာရုံစိုက်နေသော လီချန်ရှို့သည် သူ၏အာရုံအချို့ကို ဂိုဏ်းကိုလှည့်လည်စောင့်ကြပ်ရန် တာဝန်ကျသော တုန်လှုပ်နေသည့် တပည့်၏ နောက်ကျောကို အာရုံခံရန်သုံးလိုက်သည်။
ထိုလူသည် လွန်စွာကံဆိုး၏။ သူသည် သူနှင့် မျိုးဆက် နှစ်ဆက်ကွာသော ဂိုဏ်းအတွင်းရှိ နတ်မိမယ်သုံးဦး၏ အကျည်းတန်သော မျက်နှာဆေးခြယ်မှုများကို မြင်ခဲ့ရ၏။ သူမတို့သည် စိတ်ထိန်း၍ သွေးထွက်သံယိုဖြစ်အောင် မလုပ်ခဲ့သဖြင့် တော်ပေသေးသည်။ သူမတို့သည် ထိုတပည့်ကို ခြောက်လှန့်ရုံသာ ခြောက်လှန့်ခဲ့သည်။
လွန်စွာကြောက်မက်ဖွယ် ဟန်ပန်ရှိနေသော ကျိုးကျိုးသည် သူမ၏ ဆူးချွန်တင်းပုတ်ကြီးကိုကိုင်၍ သစ်သားခွေးခြေလေးပေါ်သို့ ခြေတစ်ဖက်တင်လိုက်သည်။ သူမ၏ အကြည့်တစ်ချက်သည်ပင် ထိုလှည့်လည်စောင့်ကြပ်ရန် တာဝန်ကျသည့် တပည့်လေးကို ကြက်သီးများထသွားစေသည်။ မျက်နှာသစ်ကာ သန့်ရှင်းလိုက်ပြီဖြစ်သော ယုံချင်ရွှမ်းယာသည် မျက်နှာထား ခပ်တင်းတင်းရှိနေ၏။ သူမ၏ အကြည့်များသည် အေးစက်စက်ဖြစ်နေရာ တပည့်လေးသည် နေမထိထိုင်မသာ ဖြစ်နေလေသည်။
ကံအားလျော်စွာ ပြုံးနေသော လင်းအယ်သည် အချိန်မီထွက်လာလေ၏။ သူမသည် ထိုအမျိုးသားတပည့်ကို ထွက်ပေါက်ပေးရန်ဟု အကြောင်းပြ၍ ထိုတပည့်ကို စကားလုံးတစ်ထောင် ကျိန်စာကို ကျိန်ဆိုစေလိုက်သည်။ ထိုအခါမှသာ မိန်းမပျိုလေးသုံးဦးသည် ထိုအမျိုးသားတပည့်ကို ပြန်သွားခွင့် ပေးလိုက်ကြလေတော့သည်။
ထိုတပည့်သည် စာပို့ကျောက်စိမ်းပြားလေးပေးရန် ချုံတောင်လေးသို့ လာခဲ့ခြင်းပင်။
သူပြန်သွားသောအခါတွင် ယခင်က သူ၏အတွေးများကို ပျက်ဆီးစေသည့် ကြီးမားသော စိတ်ဒဏ်ရာတစ်ခု ရရှိသွားလေသည်။
ထိုစာပို့ကျောက်စိမ်းပြားလေးကား သူ၏ ဆရာအတွက်ပင် ဖြစ်လေ၏။
လီချန်ရှို့ အတန်ငယ် မျက်မှောင်ကြုတ်လိုက်၏။
သူ၏ဆရာ စာလက်ခံရရှိလျှင် သေချာပေါက် ပြဿနာတစ်ခုခုဖြစ်တော့မည်ဟု သူ၏ မသိစိတ်က ပြောနေ၏။ လီချန်ရှို့ပင် သူ၏ စက္ကူကိုယ်ပွားကို ပို့လွှတ်ရန် မလိုလိုက်ပေ။ ထူးချွန်သော ချီကျင့်ကြံသူ မိန်းမပျိုလေးသုံးဦးသည် ထိုစာပို့ကျောက်စိမ်းပြားလေးကို စံအိမ်ထဲတွင် လေ့လာနေပြီဖြစ်သည်။
လင်းအယ်က အတန်ငယ်မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ ဆရာ့အတွက် နောက်စာတစ်စောင်လား... ”
ကျိုးကျိုးသည် နားမလည်နိုင်ဟန်ဖြင့် မေးလိုက်၏။
“ အစ်ကိုချီယွမ်ဆီမှာ ပြင်ပက မိတ်ဆွေတွေရှိလို့လား။ သူ အရင်ကလည်း ဂိုဏ်းအပြင်ကို သိပ်မသွားဖူးပါဘူး ”
ယုံချင်ရွှမ်းယာသည်လည်း အပြင်လူများမရှိတော့သဖြင့် ခပ်တန်းတန်း ဆက်မနေတော့ဘဲ စကားဝင်ပြောလိုက်၏။
“ ဆရာဒေါ်လေးကျိုး... တကယ်လို့ ဆရာဦးလေးချီယွမ်က ဂိုဏ်းကနေ အပြင်ကို သိပ်မထွက်ဖူးဘူးဆိုရင် အစ်ကိုချန်ရှို့နဲ့ ညီမလေး လင်းအယ်ကို သူ့တပည့်အဖြစ် ဘယ်လိုလုပ် လက်ခံခဲ့တာလဲ ”
“ အိုး..ဟုတ်သားပဲ... ချန်ရှို့နဲ့လင်းအယ်က ဂိုဏ်းကို ဖွင့်ပွဲအခမ်းအနားတုန်းက ဝင်ခဲ့တာမှ မဟုတ်ဘဲ... ”
ကျိုးကျိုးသည် သူမ၏ ချောမွေ့နေသော မေးစေ့လေးကို ပွတ်၍ သူမ၏အမြင်ကို ပြောလိုက်သည်။
“ ငါ ဒီကျောက်စိမ်းပြားကိုဖွင့်ပြီး ကြည့်ကြည့်ချင်တယ်... ”
ယုံချင်ရွှမ်းယာက ခပ်သွက်သွက် မေးလိုက်သည်။
“ ရွှမ်းယာတို့ ဘယ်လိုလုပ်ရမှာလဲ ”
သို့သော် သူမတို့နှစ်ဦး စကားပြောဆိုနေစဉ် လင်းအယ်သည် စာပို့ကျောက်စိမ်းတွင်ပါသည့် အကြောင်းအရာများကို ဖွင့်ကြည့်လိုက်လျှင် ပျောက်ကွယ်သွားမည် စိုးသဖြင့် ချရေးထားရန် စုတ်တံနှင့် စက္ကူတစ်ရွက်ကို ယူထားပြီးပေပြီ။ သူမသည် ပြောနေခြင်းထက် ထလုပ်လိုက်ခြင်းကို အားသန်သူဖြစ်၏။
လီချန်ရှို့သည် စိတ်ထဲမှနေ၍ လင်းအယ်ကို ချီးမွမ်းလိုက်ပြီး သူမ၏ စေ့စပ်သေချာမှုအတွက် ဆယ်မှတ်ပေးလိုက်လေ၏။
ထို့နောက် လင်းအယ်သည် ကျောက်စိမ်းပြားပေါ်ရှိ တံဆိပ်တော်များတွင် အသံဖမ်းတံဆိပ်တော်များ၊ မကောင်းသောမန္တန်များ ပါလာမည်စိုး၍ ဂရုတစိုက် စတင်စစ်ဆေးလိုက်သည်။ လီချန်ရှို့သည် သူမကို နောက်ထပ် ဆယ်မှတ်ထပ်ပေးလိုက်သည်။
သို့ရာတွင် စစ်ဆေးပြီးနောက် လင်းအယ်သည် သူမ၏ ဓမ္မတန်ခိုးများကို ကျောက်စိမ်းပြားအတွင်းသို့ တိုက်ရိုက်ပို့လွှတ်လိုက်၏။ သူမသည် ကျောက်စိမ်းပြား လုံခြုံမှုရှိ၊ မရှိကို အတည်ပြုရန် သူမ၏ဘေးတွင် ရှိနေသော အတုမဲ့နတ်ဝိဇ္ဇာကို အပြည့်အဝအသုံးမချခဲ့ပေ။ ထို့ကြောင့် လီချန်ရှို့သည် သူမထံမှ အမှတ်ခြောက်ဆယ် ပြန်နှုတ်လိုက်သည်။
ကျောက်စိမ်းပြားပေါ်တွင် အလင်းတန်းများပေါ်လာပြီးနောက် စာတစ်စောင်အဖြစ် စုစည်းသွားသောအခါ လီချန်ရှို့၏ အသံပို့လွှတ်မှုသည် လင်းအယ်၏နားအတွင်းသို့ ဝင်သွားလေ၏။
“ စိတ်ငြိမ်သုတ္တန်ကို အခါလေးဆယ်ကူးရမယ် ”
လင်းအယ်သည် သူမ၏နဖူးကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်လိုက်ရလေတော့သည်။ ခေတ္တမျှ ရေရွတ်နေပြီးနောက် သူမသည် စုတ်တံကိုလျင်မြန်စွာ ကောက်ကိုင်လိုက်၍ စာများကို ကူးရေးလိုက်လေ၏။
မြေအောက်လျှို့ဝှက်ခန်းအတွင်းရှိ လီချန်ရှို့သည် သူ၏နတ်အာရုံကို အသုံးပြု၍ အလင်းစာသားများကို ဖတ်ရှုလိုက်သည်။ သူသည် အတန်ငယ်မျက်မှောင်ကြုတ်လိုက်ပြီး မန္တန်အစီအရင်အောက်ခြေ ပြုလုပ်နေခြင်းကို ရပ်တန့်လိုက်၏။ သူသည် ခုံအနောက်တွင်ထိုင်နေရာမှ ထရပ်လိုက်သည်။
အမှန်ပင် တစ်စုံတစ်ခု ထပ်မံဖြစ်ပွားခဲ့ ပြန်ပေပြီ။
သို့သော် ထိုကိစ္စသည် ကောင်းသလား၊ ဆိုးသလား သူ မပြောနိုင်သေးပေ။ သူ့အပေါ်တွင် သိပ်၍ အကျိုးသက်ရောက်မည် မဟုတ်ပေ။
ဝိညာဉ်သားရဲမွေးမြူရေးခြံ ဘေးရှိ စံအိမ်ထဲတွင် ကျိုးကျိုးသည် မျက်နှာသေဖြင့် စာကိုဖတ်ကြည့်နေပေပြီ။
“ တပည့် ကျန်းယွီနှင့် ချီယွမ်သို့ ... အရင်တုန်းက ကောင်းကင်နတ်မင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးရှာမယ်ဆိုပြီး ငါ အာဒိကပ္ပလောကထဲကို ထွက်သွားပြီး အဓိက စကြဝဠာတိုက်ကြီးတွေကို ခရီးထွက်ခဲ့တယ်။ အခု အရင်ရက်ပိုင်းကပဲ ငါ ဉာဏ်အလင်းပွင့်ပြီး ကောင်းကင်နတ်မင်းအဆင့်ကို ရောက်သွားပြီ။ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင်လုပ်ပြီးရင် မင်းတို့နှစ်ယောက်ဆီကို အလည်လာဖို့ ငါဂိုဏ်းကို ပြန်လာခဲ့မယ်... ”
“ နှစ်တွေကို တွက်ကြည့်မှ ငါ မင်းတို့နှစ်ယောက်နဲ့ မတွေ့တာ နှစ်တစ်ထောင်နီးပါးလောက် ရှိခဲ့ပြီပဲ။ မင်းတို့နှစ်ယောက်ရော ဂိုဏ်းမှာ လုံခြုံရဲ့လားလို့ ငါတွေးမိတယ်။ အရင်တုန်းက ငါက ငါ့အဆင့်တက်ဖို့ပဲ အာရုံစိုက်ခဲ့မိတာပဲ။ ငါ မင်းတို့နှစ်ယောက်အပေါ်မှာ တော်တော်လေး အပြစ်ရှိသလိုခံစားရပါတယ်။ ဒါပေမဲ့ ငါ့မှာလည်း ရွေးချယ်စရာမရှိခဲ့ဘူးလေ။ ငါဂိုဏ်းမှာပဲနေပြီး မင်းတို့ကို အဖော်မပြုပေးနိုင်ခဲ့ဘူး။ ငါ စိတ်မကောင်းဖြစ်မိပါတယ်။ ငါဂိုဏ်းကို ပြန်ရောက်ရင် မင်းတို့အကြောင်းတွေ ငါ့ကို ပြန်ပြောပေါ့။ ငါလည်း အဆင့်တက်သွားပြီဆိုတော့ တော်တော်လေးပျော်နေတယ်။ ငါ့ရဲ့မိတ်ဆွေ အတုမဲ့နတ်ဝိဇ္ဇာတစ်ပါးကို ဒီစာကို မင်းတို့နှစ်ယောက်ဆီကို ပို့ခိုင်းလိုက်တာ။ လေးစားစွာဖြင့်... မင်းတို့ရဲ့ဆရာ ”
လင်းအယ်က မေးလိုက်သည်။
“ ဒါက ဆရာ့ရဲ့ ဆရာဆီကစာလား။ အဲဒီတော့ သူက အစ်ကိုကြီးနဲ့ လင်းအယ်တို့ရဲ့ ဆရာဘိုးဘိုးပေါ့ ”
ကျိုးကျိုးသည် နားမလည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်၏။
“ သူ့ရဲ့ နာမည်ကဘာပါလိမ့်... ငါ ဂိုဏ်းကိုရောက်ခါစက သူ့ကို အကြိမ်နည်းနည်းလောက် တွေ့ဖူးပါတယ်... ”
ယုံချင်ရွှမ်းယာက လေသံဖျော့ဖျော့ဖြင့်ပြောလိုက်သည်။
“ ဆရာဦးလေးချီယွမ်ရဲ့ ဆရာရဲ့ တာအိုနာမည်က နှောင်ကြိုးမဲ့ လင်းကျန်းပါ။ သူက အတုမဲ့နတ်ဝိဇ္ဇာအဆင့်မှာပဲ နှစ်ပေါင်းသုံးထောင်လောက် တစ်နေခဲ့ပြီး အဆင့်မတက်နိုင်ဖြစ်နေခဲ့တာတဲ့။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က သူက ဂိုဏ်းပြင်ကိုသွားပြီး ကျင့်ကြံဖို့ဆုံးဖြတ်ခဲ့တယ်တဲ့။ အဲ့နောက်တော့ သူက ဂိုဏ်းနဲ့ အဆက်အသွယ်ပြတ်သွားတယ်ပြောတာပဲ... ”
ကျိုးကျိုးသည် မျက်တောင်ခတ်၍ ပြုံးစေ့စေ့လုပ်လိုက်သည်။
“ ရွှမ်းယာလေး... မင်းက သေသေချာချာ လေ့လာထားတာပဲ ”
“ အဲ့..အဲ့လိုမဟုတ်... ”
ယုံချင်ရွှမ်းယာသည် ရင်ခုန်စိတ်လှုပ်ရှားသွားရ၏။ သို့သော်လည်း သူမသည် လျင်မြန်စွာပင် စိတ်ငြိမ်အောင်လုပ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။
“ အများကြီး လျှောက်တွေးမနေပါနဲ့ ဆရာဒေါ်လေး... ရွှမ်းယာက အစ်ကိုချန်ရှို့ရဲ့ အကြောင်းကိုပိုသိချင်လို့ ဒီကိစ္စကို မေးထားတာပါ ”
ယုံချင်ရွှမ်းယာသည် ယုံကြည်မှုရှိရှိပြောလိုက်သဖြင့် ကျိုးကျိုးသည် အတန်ငယ် မလုံမလဲဖြစ်သွားရ၏။
လင်းအယ်သည် စာများကို ကူးယူပြီးသွားပြီဖြစ်ပြီး သက်ပြင်းသဲ့သဲ့ချလိုက်၏။
“ ဒီကိစ္စကတော့ ဒုက္ခများတော့မယ် ထင်တယ် ”
“ ဘာဒုက်ခလဲ... ”
ကျိုးကျိုးက မေးလိုက်သည်။
“ ဒါက ကောင်းတဲ့ကိစ္စပဲ။ ငါတို့ ရေကန်ဘေးမှာ တဲအိမ်နောက်တစ်လုံးဆောက်ဖို့ ကူပေးရမလား ”
လင်းအယ် ခါးသက်သက်ပြုံးလိုက်၏။
သူမ၏ အစ်ကိုကြီးသည် သူမ၏ဆရာနှင့် သဘောတူညီမှု လုပ်ပြီးသွားပြီဖြစ်ပြီး ချုံတောင်လေးပေါ်တွင် သူ့စိတ်ကြိုက်လုပ်၍ရကြောင်းကို သူမ ပြောပြ၍မရပေ။
အကယ်၍ ကောင်းကင်နတ်မင်းအဆင့်ရှိသော ဆရာဘိုးဘိုးပြန်လာပါက သူမ၏ အစ်ကိုကြီး လုပ်ဆောင်ထားသော တချို့အရာများနှင့် ဝှက်ဖဲအချို့ ပေါ်သွားမည် ဖြစ်သည်။
ရုတ်တရက် တစ်စုံတစ်ယောက် ပြောလိုက်သံကို ကြားလိုက်ရ၏။
“ ဒါက ဆရာဘိုးဘိုး ချုံတောင်လေးကို ပြန်လာတော့မယ့် ပျော်စရာကိစ္စပဲ။ ညီမလေး စိတ်မပူပါနဲ့ ”
ချီကျင့်ကြံသူ မိန်းမပျိုလေးသုံးဦးသည် တံခါးအပြင်ရှိ တောလမ်းလေးကို လှည့်ကြည့်လိုက်ကြ၏။ သူမတို့သည် အသံကြား၍သာ လှည့်ကြည့်လိုက်ရခြင်းဖြစ်ပြီး တစ်စုံတစ်ယောက်ချဉ်းကပ်လာခြင်းကို သူမတို့သတိမထားမိကြပေ။
လီချန်ရှို့သည် ဖြည်းဖြည်းချင်းလျှောက်လာ၏။
သူသည် သာမန် အပြာရင့်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး မီးခိုးရောင် ဖိနပ်တစ်ရံကို စီးထား၏။ သူ၏ဆံပင်ရှည်များကို ဂိုဏ်းတွင်းရှိ တပည့်များတွင် အတွေ့ရများသော ပုံစံအတိုင်း ခေါင်းစည်းကြိုးဖြင့် စုစည်းချည်နှောင်ထား၏။ သူသည် မပြုံးတပြုံး ရှိနေပြီး သူ့ထံမှ ဖော်ရွေသော သာမန်အငွေ့အသက်များကို ရနေလေသည်။
ယုံချင်ရွှမ်းယာသည် ရှေ့သို့ခြေနှစ်လှမ်းတိုး၍ အော်ခေါ်လိုက်သည်။
“ အစ်ကိုချန်ရှို့ ”
“ အင်း... ”
လီချန်ရှို့သည် ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး လင်းအယ်ကို ‘ အားလုံးအဆင်ပြေပါတယ် ’ဟူသော အကြည့်ဖြင့် ကြည့်လိုက်၏။
လီချန်ရှို့သည် လိုရင်းကိုသာ တန်းပြောလိုက်၏။
“ စာမှာပါတဲ့ အကြောင်းအရာအရဆိုရင် ဆရာဘိုးဘိုးက ဆရာနဲ့ ဆရာဒေါ်လေးဝမ်ကျန်းယွီတို့ ပြဿနာနဲ့ ကြုံခဲ့ရတာကို မသိသေးတဲ့ပုံပဲ။ ဆရာဘိုးဘိုးရဲ့ စိတ်နေသဘောထားက ဘယ်လိုများဖြစ်မလဲ... ကျွန်တော် ဒီကိစ္စကို ဆရာနဲ့ ပိုင်ဖန်ခန်းမဆီကို တင်ပြရမယ် ”
လီချန်ရှို့ ထိုသို့ပြောလိုက်သောအခါ ကျိုးကျိုး၊ ယုံချင်ရွှမ်းယာနှင့် လင်းအယ်တို့သည် ကိစ္စတစ်ခုကို တွေးမိသွားကြ၏။
စာထဲတွင်ပါသည့်အတိုင်းဆိုလျှင် ကောင်းကင်နတ်မင်းလက်သစ်သည် သူ၏တပည့်နှစ်ဦးအပေါ်တွင် အပြစ်ရှိနေသလို ခံစားနေရကြောင်းရေးထား၏။
အကယ်၍ ‘ နှောင်ကြိုးမဲ့ လင်းကျန်း ’ ပြန်လာသောအခါ သူ၏ တပည့်တစ်ယောက်သည် ပျောက်ဆုံးနေပြီး သူ၏ အခြားတပည့်တစ်ယောက်သည် တာအိုအခြေခံထိခိုက်နေသည်ကို သိသွားပါက....
ကျိုးကျိုးသည် လက်ပိုက်၍ တီးတိုးပြောလိုက်၏။
“ ငါ့ရဲ့ဆရာနဲ့ အစ်ကိုချီယွမ်ရဲ့ဆရာတို့က တော်တော်လေး ရင်းနှီးတယ်ဆိုတာတော့ ငါ အစ်ကိုငါးပြောတာ ကြားဖူးတယ်။ နှစ်ဦးနှစ်ဖက် တိုက်ခိုက်မှုတွေ မဖြစ်ရအောင် ငါ့ဆရာကို အကူအညီတောင်းလိုက်ရမလား ”
လီချန်ရှို့ ခေါင်းခါ၍ ပြောလိုက်သည်။
“ ကျွန်တော့်တို့ တစ်ဖက်က တိုက်ခိုက်မှာကို မတားနိုင်ရင် ဒီအကူအညီတောင်းတာက အလကားဖြစ်သွားမှာပဲ ”
“ ဟမ်... မင်းပြောတာ ဘာအဓိပ္ပာယ်လဲ ”
ကျိုးကျိုး ခေါင်းရှုပ်သွား၏။
လင်းအယ်က ပြောလိုက်သည်။
“ အစ်ကိုကြီး... ကောင်းကင်နတ်မင်းအဆင့်ရှိတဲ့ ဆရာဘိုးဘိုးက...တကယ်အဆင်ပြေရဲ့လား ”
“ မပူပါနဲ့... ”
လီချန်ရှို့ ပြုံး၍ ပြောလိုက်သည်။
“ ဆရာက အခုတလော သိပ်ပြီး စိတ်ဓာတ်ကျမနေတော့ဘူးဆိုပေမယ့် အခုထက်ထိ အပြည့်အဝ ပြန်ကောင်းသေးတာမဟုတ်ဘူး။ တကယ်လို့ ဆရာဘိုးဘိုးသာပြန်လာမယ်ဆိုရင် ဆရာပြန်ပြီး စိတ်ဓာတ်ပြန်တက်လာမှာပဲ ”
ဘေးတွင်ရှိနေသော ကျိုးကျိုးသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားသော်လည်း ပြောသင့်၊ မပြောသင့် ချီတုံချတုံဖြစ်နေ၏။
သို့သော် လီချန်ရှို့သည် စတင် အစီအစဉ်ဆွဲနေပြီဖြစ်သည်။ ထိုအခြင်းအရာကို မြင်သောအခါ ကျိုးကျိုးသည် သူမ၏ စကားလုံးများကို ပြန်မျိုချလိုက်လေတော့သည်။
“ နောက်မှ ဆရာ အခန်းအောင်းကျင့်မနေဘူးဆိုရင် ဒီကိစ္စကို သွားပြောတာပေါ့... ”
ကျိုးကျိုး သူမဘာသာ ရေရွတ်လိုက်၏။
သူမ၏ အမြင်တွင် အစ်ကိုချီယွမ်၏ ဆရာသည် အလွန် စိတ်မြန်လက်မြန်ရှိ၏။ သူသည် ခက်ထန်၍ စကားဖြင့်ပြောခြင်းထက် လက်ဖြင့်ဖြေရှင်းရန် အားသန်သူတစ်ယောက်ဖြစ်၏။
******
ချီယွမ်သည် စာကိုဖတ်လိုက်ပြီးနောက် စိတ်တက်ကြွသွား၏။ ထို့နောက် သူသည် ကောင်းကင်သို့ မော့ကြည့်၍ သက်ပြင်းချလိုက်လေသည်။ သူ၏ပါးပြင်ထက်သို့ မျက်ရည်များ လိမ့်ဆင်းလာလေသည်။ သူသည် စာကိုအကြိမ်ကြိမ် ပြန်ဖတ်နေပြီး သူ၏ အရေးအကြောင်းများနှင့် လက်သည် တုန်ခါနေလေတော့သည်။
“ ဆရာက အသက်ရှိနေသေးတယ်ဆိုတော့ ကောင်းတဲ့ကိစ္စပဲ ”
လီချန်ရှို့သည် ရုတ်တရက် ပေါ်လာသည့် ဆရာဘိုးဘိုးဆိုသူအပေါ် သိပ်၍ အမြင်မကြည်ပေ။
နတ်ဝိဇ္ဇာပင်မဖြစ်သေးသော သူ၏တပည့်နှစ်ဦးကို ဂိုဏ်းထဲတွင် ချန်ထားခဲ့ခြင်းသည် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်းဟု လီချန်ရှို့ခံစားနေရ၏။
သို့သော် လီချန်ရှို့သည် ထိုအကြောင်းများကို ထုတ်မပြောနိုင်ပေ။ သူသည် ဝါနုသူတစ်ဦး မဟုတ်ပေလော။ ထို့ပြင် သူ၏ ခံစားချက်များနှင့် မကျေနပ်မှုများသည် ထိုကိစ္စအပေါ် သူ၏သုံးသပ်ချက်ကို ထိခိုက်စေမည် မဟုတ်ပေ။
သူ၏ဆရာသည် ထိုဆရာဘိုးဘိုးဆိုသူကို အပြစ်မတင်သ၍ သူသည်လည်း ဆရာဘိုးဘိုးဆိုသူကို လေးစားမည်ဖြစ်သည်။
သို့သော် ဆရာဘိုးဘိုးပြန်ရောက်လာခြင်းသည် ပုံမှန် ရိုးရှင်း၊ သက်တောင့်သက်သာရှိသော ချုံတောင်လေးသည် အတန်ငယ်ပို၍ ရှပ်ထွေးလာမည် ဖြစ်သည်။ သို့တစေ သူ၏ဆရာဘိုးဘိုးဆိုသူသည် ကောင်းကင်နတ်မင်းအဆင့်ကို ရောက်ခါစသူတစ်ယောက်သာ ဖြစ်လေသည်။
ထိုဆရာဘိုးဘိုးသည် သူ၏ဝှက်ဖဲများကို မြင်နိုင်မည် မဟုတ်ကြောင်း လီချန်ရှို့ ယုံကြည်မှုရှိ၏။ ထို့ကြောင့် သူသည် အနာဂတ်တွင် ချုံတောင်လေးပေါ်ရှိ မူမမှန်မှုများကို ပို၍ ကောင်းကောင်းမွန်မွန် ဖုံးကွယ်ထားနိုင်မည်ဖြစ်ကြောင်း ယုံကြည်မှုရှိလေသည်။
ထို့ပြင် သူ့အကြောင်းကို ဆရာဘိုးဘိုးအား ပြောမပြရန် သူ့ဆရာကိုလည်း မှာကြားထားပြီးဖြစ်၏။
ချီယွမ်သည် အတန်ကြာတွေးတောပြီးနောက် ထိုကိစ္စကို သဘောတူလိုက်သည်။
နောက်ရက်အနည်းငယ်အတွင်း လီချန်ရှို့နှင့် လင်းအယ်တို့သည် အလုပ်ရှုပ်နေကြ၏။ ယုံချင်ရွှမ်းယာနှင့် ကျိုးကျိုးတို့သည်လည်း ချုံတောင်လေးပေါ်တွင် ကူညီပေးနေကြ၏။
လီချန်ရှို့သည် သူကိုယ်တိုင်ပင် သူ့ဆရာ၏ တဲအိမ်ဘေး၌ နောက်ထက်ကောက်ရိုးတဲတစ်လုံး ဆောက်လိုက်၏။
ကျိုးဝူသည်လည်း ထိုသတင်းကို ကြားလိုက်ရသောအခါ ကျိုးရှစ်နှင့်အတူရောက်လာပြီး ဝင်ရောက်ဆွေးနွေးကြ၏။ ချီယွမ်သည် နေ့စဉ် နံနက်အစောတိုင်း ဂိုဏ်းဂိတ်တံခါးကို သွားစောင့်နေပြီး သူ၏ ဆရာနှင့်တွေ့ဆုံရန် နေ့နေ့ညည မျှော်လင့်နေပေသည်။
လီချန်ရှို့သည် အစီအစဉ်ကို လျှို့ဝှက် ပြင်ဆင်၍ ချုံတောင်လေးပေါ်တွင် သူလုပ်ထားသော အရာများကို စစ်ဆေးခဲ့၏။ သူသည် မန္တန်အစီအရင်အောက်ခြေပြုလုပ်ခြင်းကို ရပ်တန့်ထားလိုက်သည်။
တဲအိမ်အသစ်ဆောက်လုပ်ပြီးသွားပြီးနောက် ခြောက်ရက်မြောက်နေ့တွင် ကျိုးကျိုးသည် အရက်အိုးကြီးကို စီး၍ ကောင်းကင်ခွင်းတောင်မှ ပျံသန်းလာ၏။
“ သူလာပြီ...သူလာပြီ... ”
“ ဂိုဏ်းက အကြီးအကဲနှစ်ယောက်က မင်းတို့ရဲ့ ဆရာဘိုးဘိုးကို သွားကြိုနေပြီ။ အစ်ကိုချီယွမ်က မင်းတို့ကို ဂိုဏ်းဂိတ်တံခါးကို အမြန်လာခဲ့ပါတဲ့ ”
တဲအိမ်လေးကို အလှဆင်နေသော လန်လင်းအယ်နှင့် ရေကန်ဘေးတွင် ဆေးသုတ်နေသော လီချန်ရှို့သည် သွားမည်ဖြစ်ကြောင်း ပြောလိုက်၏။ ခေတ္တမျှကြာပြီးနောက် လီချန်ရှို့သည် လင်းအယ်နှင့်အတူ တိမ်စီး၍ ဂိုဏ်းဂိတ်တံခါးဆီသို့ ပျံသန်းသွားလိုက်လေသည်။
နှောင်ကြိုးမဲ့ လင်းကျန်းသည် စကြဝဠာတိုက်တစ်သောင်းတွင် လှည့်လည်သွားလာရာမှ ပြန်လာပေပြီ။ အကယ်၍ သူသည် အရှေ့ဘက်မှ ပြန်လာခြင်းဖြစ်ပါက အရှေ့သမုဒ္ဒရာ၏ အရှေ့ဘက်ကို ဖြတ်သန်းလာရမည်ဖြစ်သည်။ ထိုနေရာကို လောကအစွန်ဟု ခေါ်ကြ၏။
လွန်ခဲ့သည် ရက်အနည်းငယ်ခန့်က တုနတ်ဝိဇ္ဇာဂိုဏ်းသည် အကြီးအကဲနှစ်ဦးကို လောကအစွန်သို့ စေလွှတ်၍ သွားရောက်စောင့်ဆိုင်းနေစေ၏။ ထိုအကြီးအကဲနှစ်ဦးသည် နှောင်ကြိုးမဲ့လင်းကျန်းကို ခေါ်ဆောင်ခဲ့ပြီ ဖြစ်သည်။
အကြီးအကဲနှစ်ဦးသည် သူ့ကို ကြိုဆိုရုံသာ သွားခြင်းမဟုတ်ပေ။ သူတို့၏ အဓိကတာဝန်သည် လင်းကျန်းအစစ်ဖြစ်ကြောင်း အတည်ပြုရန်နှင့် သူဂိုဏ်းပြင်ပတွင် လုပ်ခဲ့သည့်အကြောင်းအရာများကို စစ်မေး၍ မကောင်းသည့်အကြံအစည်များ၊ ရည်ရွယ်ချက်များ ရှိလေသလောဟု စစ်ဆေးရန်ဖြစ်သည်။
ဂိုဏ်းတွင် ထိုကဲ့သို့ ကိစ္စမျိုးဖြစ်ခဲ့သည်မှာ ယခုသည် ပထမဆုံးအကြိမ်မဟုတ်ပေ။
ထို့ကြောင့် ချီယွမ်၊ လီချန်ရှို့၊ လန်လင်းအယ်၊ ကျိုးကျိုးနှင့် ကျိုးဝူတို့သည် ဂိုဏ်းဂိတ်တံခါးတွင် နောက်ထပ် နေ့တစ်ဝက်ခန့်ထပ်စောင့်ပြီးနောက်မှ အရှေ့တောင်ဘက်မှ တိမ်ဖြူတစ်အုပ် ခပ်ဖြည်းဖြည်းပျံသန်းလာသည်ကို တွေ့လိုက်ရလေတော့သည်။
တိမ်ပေါ်တွင် ဆံပင်ဖြူများဖြင့် အကြီးအကဲနှစ်ဦးသည် အရှေ့တွင် ရပ်နေ၏။ သူတို့၏နောက်တွင် လူတစ်ယောက်ပါ၏။
လီချန်ရှို့ အတန်ငယ် မျက်မှောင်ကြုတ်လိုက်၏။ သူ၏ မျက်နှာထားသည် အနည်းငယ် ထူးဆန်းနေသော်လည်း မည်သည့်စကားမှ မဆိုလိုက်ချေ။
လင်းအယ်သည် ခြေဖျားထောက်၍ စိတ်ဝင်တစား လှမ်းကြည့်နေ၏။ သို့သော် သူမ၏ ကျင့်ကြံခြင်းအဆင့်သည် နိမ့်နေသေးသဖြင့် သူမ၏ စိတ်အာရုံသည် အကြီးအကဲနှစ်ဦးနှင့် ပါလာသောသူကို အာရုံမခံနိုင်ပေ။
ခေတ္တမျှကြာပြီးနောက် ချီယွမ်၏ နတ်အာရုံသည် အကြီးအကဲနှစ်ဦး၏ အနောက်တွင် ပါလာသော လူကို အာရုံခံမိသွား၏။
ချီယွမ်အံ့အားသင့်သွားသည်။ သူသည် ရှေ့သို့ လျင်မြန်စွာပျံသန်းသွားပြီး သူတို့ကို ကြိုဆိုလိုက်၏။
အကြီးအကဲနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဘေးသို့တိုးကာ သူတို့အနောက်ရှိ လူကို မြင်သာအောင် ပြလိုက်ကြသည်။
ထိုသူကား...
“ သူက ဆရာဘိုးဘိုးလား... ”
လင်းအယ် ခေါင်းစောင်းကြည့်လိုက်၏။ သူမ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေ၏။
အကြီးအကဲနှစ်ဦး၏ အနောက်ရှိသူသည် ဆံပင်ဖြူများ၊ မျက်နှာ အရေးအကြောင်းများရှိနေသော အဘိုးအိုကြီးတစ်ဦး မဟုတ်ပေ။
ထိုသူသည် တိုက်ပွဲဝင် ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သွေးစွန်းနေသော တံခါးပုံစံ ဓားကြီးကို လွယ်ထားသော မိန်ကလေးတစ်ဦးပင်။ သူမ၏ မျက်နှာသည် အတော်အတန်ဆွဲဆောင်မှုရှိလေသည်။
‘ မိန်းကလေးလား... ’
လီချန်ရှို့သည် ကျိုးဝူကို ကြည့်လိုက်သည်။ ကျိုးဝူသည် မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး ဟုတ်မှန်ကြောင်းပြောလိုက်၏။
“ အဲဒါ မင်းတို့ဆရာရဲ့ ဆရာ နှောင်ကြိုးမဲ့လင်းကျန်းလို့ခေါ်တဲ့ ကျန်းလင်းအာပဲ ”
လီချန်ရှို့ ဆွံ့အသွား၏။
အမှန်တွင် ရုပ်ရည်သည် အရေးမပါပေ။
အရေးပါသည့်အရာမှာ လီချန်ရှို့သည် အသက်နှစ်ထောင်ချီရှိနေသော ထိုမိန်းကလေးထံမှ သတ်ဖြတ်လိုသော အရောင်အဝါများကို ခံစားနေရခြင်းပင်။
သူမထံတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ လွန်စွာများပြားနေသဖြင့် သူမသည် အဆင့်မတက်နိုင်ခင် သေရေးရှင်ရေး ကိစ္စများကို ရင်ဆိုင်ခဲ့ရခြင်း ဖြစ်နိုင်ပေသည်။ သူမသည် တုနတ်ဝိဇ္ဇာဂိုဏ်း၏ စိတ်ငြိမ်သုတ္တန်နှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေပေပြီ။
ထိုမိန်းကလေး၏ နောက်ကျောမှ ဓားရှည်ကြီးသည် သက်ရှိများစွာ၏ သွေးများဖြင့် စွန်းနေကြောင်း လီချန်ရှို့တစ်ချက်ကြည့်ရုံဖြင့် သိနိုင်၏။ သူမ၏ သွယ်လျသော လည်ပင်းမှ ညှပ်ရိုးအထိရှိနေသော အမာရွတ်ဖျော့ဖျော့ တစ်ခုရှိလေသည်။
ထိုအခိုက်တွင် ငယ်ရွယ်သည့်ပုံပန်းရှိသော ဆရာဘွားဘွားသည် မည်သည့် ခက်ထန်သော ပုံပန်းသွင်ပြင်ကိုမှ မဖော်ပြနေပေ။ သူမသည် တာအိုရသေ့အိုကြီးချီယွမ်ကို ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများထဲတွင် အပြစ်ရှိသကဲ့သို့ ခံစားနေရသော အရိပ်အယောင်များ ရှိနေ၏။
သူမသည် လူအိုကြီးအသွင်ရှိနေသော ချီယွမ်ကို တွေ့လိုက်ရသောအခါ ရယ်သွမ်းလိုက်၏။ သူမသည် သူမ၏ ဒုတိယတပည့်ကို စနောက်လိုနေ၏။ သို့သော် သူမ၏ အပြုံးသည် လျင်မြန်စွာပင် ပျောက်ကွယ်သွားပြီး မျက်မှောင်ကြုတ်လိုက်၏။ ချီယွမ်သည် တိမ်ပေါ်တွင် ဒူးထောက်၍ အော်ပြောလိုက်သည်။
“ တပည့်ချီယွမ် ဆရာ့ကို နှုတ်ခွန်းဆက်သပါတယ် ”
ငယ်ရွယ်သော ဆရာဘွားဘွားသည် စကားပြောလိုက်ရာ သူမ၏ ကြည်လင်ပြတ်သားသော အသံကို ကြားလိုက်ရလေသည်။
“ ဒုတိယတပည့်... မင်း ဘယ်လိုလုပ် ကောင်းကင်ပြစ်ဒဏ်ခံတဲ့နေရာမှာ အမှားလုပ်မိခဲ့ရတာလဲ။ မင်း ဘယ်လိုလုပ် မြေနတ်ဝိဇ္ဇာဖြစ်လာတာလဲ။ ပထမတပည့်ရော ဘယ်မှာလဲ။ ဘာလို့ သူက ငါ့ကို ထွက်မတွေ့တာလဲ ”
ချီယွမ်သည် ပါးစပ်ဟလိုက်သော်လည်း မည်သို့ ပြောလိုက်ရမည်ကို မသိဖြစ်နေ၏။
ထိုအချိန်တွင် ချီယွမ်၏ နှလုံးသားထဲ၌ နှစ်ရှစ်ရာကျော် ကြိုးစားခဲ့ရမှုသည် မြေနတ်ဝိဇ္ဇာအဖြစ် စိတ်မကောင်းဖွယ် အဆုံးသတ်သွားရသည့်အကြောင်း ပြန်ထွက်ပေါ်လာ၏။
“ ဆရာ... ကျွန်တော် အသုံးမကျပါဘူး။ ကျွန်တော့်ရဲ့ တာအိုအခြေခံက ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့ပါတယ်။ ကျွန်တော် ဆက်ပြီး ရှင်သန်နိုင်ဖို့ မြေနတ်ဝိဇ္ဇာအဖြစ်နေထိုင်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိခဲ့ပါဘူး... ”
ဂိုဏ်းဂိတ်တံခါးရှိ လေထုသည် ရုတ်ခြည်း အေးခဲသွားသယောင် ခံစားလိုက်ရသည်။
ထိုမိန်းကလေးငယ်လေးမှနေ၍ သတ်ဖြတ်လိုသည့် အေးစက်စက် အငွေ့အသက်များ ထွက်ပေါ်လာလေတော့သည်။
သူမသည် သူ၏နောက်ကျောရှိ ဓားရှည်ကြီး၏ ဓားရိုးကို သူမ၏ သေးသွယ်သောလက်ကလေးဖြင့် ဆုပ်ကိုင်ထားပြီဖြစ်သည်။ သို့သော် သူမသည် ဖြည်းဖြည်းချင်း ပြန်လွှတ်လိုက်ပြီး လက်ကို ဘေးသို့ပြန်ချလိုက်လေသည်။
“ ဒုတိယတပည့်... ဘယ်သူက မင်းရဲ့ တာအိုအခြေခံကို ထိခိုက်အောင်လုပ်လိုက်တာလဲ။ ငါကိုပြောစမ်း.... ”