မွေးနေ့ညစာစားပွဲ
Vol. 81-85 Ch. 1211
*ကျွန်မ အနာကျင်ဆုံးနဲ့ စိတ်ဓာတ်အကျဆုံး ဖြစ်နေတဲ့အချိန်မှာ ပေါ်လာပေးလို့ ကျေးဇူးတင် ပါတယ်၊ မဟုတ်ရင် ကျွန်မ ထပ်ပြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး*
*ကျွန်မကို အသက်ဆက်ရှင်ချင်တဲ့ သတ္တိပေးလို့ ကျေးဇူးတင်ပါတယ်*
*ကျွန်မကို ဘာဖြစ်ဖြစ် အမြဲချစ်နေပေးလို့ ကျေးဇူးတင်ပါတယ်*
ယဲ့ဖန်သာ ပေါ်မလာလျင် သူမ ယခုချိန်အထိ အသက်ရှင်နေလိမ့်မည်ဟု အာမခံနိုင်မည် မဟုတ်ပါ။ ယဲ့ဖန်က သူမ ခန္ဓာကိုယ်ကိုသာမက စိတ်ဝိညာဉ်ကိုပါ ကယ်တင်ခဲ့သည်။ သူမ၌ ပြောချင်သော စကားများ အခွန်း တစ်ထောင် မက ရှိနေသော်လည်း လက်ရှိတွင် သူမသည် မျက်နှာဖြူရော်၍ အားယုတ်သလို ဖြစ်နေ၏။
ယဲ့ဖန် သက်ပြင်းချ၍ သူမကျောကိုပွတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
“ငါ့ဘဝသာ ခက်ခဲကြမ်းတမ်းပြီး ဆူးညှောင့်တွေ ရှိနေပါစေ မင်းဘဝကိုတော့ ငြိမ်းချမ်းပြီး ပူပန်မှုကင်းတဲ့ ဘဝမျိုး ဖြစ်စေချင်တယ်”
အချိန် မည်မျှ ကြာသွားမှန်း မသိတော့ချိန်တွင် ကျုံးဝမ် စိတ်ပြန်တည်ငြိမ်လာပြီး မျက်လုံးထောင့်မှ မျက်ရည်စ များကို သုတ်လိုက်သည်။
“ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မ စိတ်လွတ်သွားတယ်”
“ရပါတယ်၊ ဖြစ်တတ်တာပဲ”
ယဲ့ဖန် ပြုံး၍ ပြောလိုက်သည်။
“ကောင်းလိုက်တာ၊ အခု ကျွန်မအသံ ပြန်ကောင်းသွားပြီဆိုတော့ မနက်ဖြန်ညကျရင် ကျွန်မ သီချင်းဆိုလို့ ရပြီ”
“မနက်ဖြန်ညလား၊ မင်း ဒီလောက် အလျင်လိုနေတာလား”
“မနက်ဖြန်ညကျရင် ကျွန်မအဘိုးရဲ့ အသက်ရှစ်ဆယ် မွေးနေ့ပွဲ ရှိတယ်လေ၊ သူက ကျွန်မ သီချင်းဆိုတာ နားထောင်ရတာကို သဘောအကျဆုံးပဲ၊ ကျွန်မ ဆွံ့အသွားကတည်းက နေ့တိုင်း အိမ်ကို မျက်ရည်တွေနဲ့ ပြန်သွားတာ၊ ကျွန်မ အဘိုး ဖုန်းခေါ်တိုင်း မကိုင်ရဲခဲ့ဘူး၊ ကျွန်မ သူ့ကို ဒီည အံ့ဩသွားအောင် လုပ်ပေးမလို့လေ”
ကျုံးဝမ်က ရိုးသားစွာ ပြုံးပြလေသည်။ သူမအမေက စောစီးစွာ ကွယ်လွန်သွားခဲ့ပြီး သူမအဖေက မကောင်းသော လောင်းကစားသမား ဖြစ်သည်။ သူမအဘွားက သူမကို မတူသလို ဆက်ဆံခဲ့ပြီး သူမကို သံယောဇဉ်ရှိသူဟူ၍ အဘိုးသာ ရှိခဲ့သည်။
“ဒါနဲ့ ယဲ့ဖန် ဒီည ကျွန်မချစ်သူအဖြစ် ကျွန်မနဲ့အတူ လိုက်ခဲ့ပေးပါ၊ ကျွန်မအဘိုးက တွေ့တိုင်း ကျွန်မကို အိမ်ထောင်ပြုဖို့ ပြောနေတာ၊ ကျွန်မ တစ်ယောက်တည်း နေနေရမှာကို အဘိုး စိုးရိမ်နေမှန်း ကျွန်မ သိပါတယ်၊ အဲဒါကြောင့် ဒီည နှစ်ထပ်ကွမ်း အံ့ဩသွားအောင် လုပ်ချင်တာ”
“ပြဿနာ မရှိဘူး”
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။ ကျုံးဝမ်အတွက် သားသမီးဝတ္တရားက ပြသခဲလှသည်။ ထို့ကြောင့် သူ ဤအကူအညီအား မငြင်းရက်ပါ။ ယဲ့ဖန်ထံမှ သဘောတူကြောင်း ကြားလိုက်ရသောအခါ ကျုံးဝမ် ပို၍ စိတ်လှုပ်ရှားလာ၏။
“ဒါဆို ရှင် ဒီည ပြင်ဆင်ရမယ်၊ ဒီညက ကျွန်မတို့ မိသားစု တွေ့ဆုံပွဲလေ၊ ကျွန်မအဘိုးက အရမ်း မာနကြီးတဲ့လူ၊ မြေးသမက်ဖြစ်တဲ့ရှင်က မျက်နှာပျက်အောင် လုပ်လို့ မဖြစ်ဘူး”
*မျက်နှာရအောင်လုပ်ရမယ်တဲ့လား*
ယဲ့ဖန်က ပြုံးတုံ့တုံ့လုပ်နေသဖြင့် ဘာစဉ်းစားရမှန်း မသိ ဖြစ်နေ၏။ ညခုနစ်နာရီသို့ ရောက်သောအခါ ယဲ့ဖန်က ကျုံးဝမ်ကို အဖော်လုပ်၍ သူမအဘိုး၏ မွေးနေ့ပွဲသို့ လိုက်လာခဲ့သည်။
ကျုံးဝမ်၏ အပြောအရဆိုလျင် သူမအဘိုးသည် အငြိမ်းစား အထူးစစ်သားတစ်ဦးဖြစ်ပြီး တာဝန်ကျစဉ်က အာဏာရှိခဲ့သူ ဖြစ်ပြီး ဖျင်အန်းမြို့၌ အရေးပါသော ပုဂ္ဂိုလ်တစ်ယောက်ဟု သတ်မှတ်နိုင်ပေသည်။
ယခု သူ အငြိမ်းစားယူသွားသော်လည်း သူ၏အဆင့်အတန်းက မယုတ်လျော့သေးပေ။ စံအိမ်အိုကြီး တစ်လုံးကို ရောက်လာပြီးနောက် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ကားပါကင်ထိုးနေသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။ ထိုလူနှစ်ယောက်က ကျုံးဝမ်ကို မြင်သောအခါ အမျိုးသမီး၏ မျက်နှာတွင် မချိုမချဉ် အမူအရာ ပေါ်လာပြီး ကျုံးဝမ်နားသို့ လျှောက်လာ၏။
“အိုး … ဒါ ငါတို့ရဲ့ စူပါစတားကြီး မဟုတ်လား၊ ဪ … ဆောရီး၊ ငါ မေ့သွားတယ်၊ နင်က အခု စူပါစတားမှ မဟုတ်တော့တာ၊ ဟားဟားဟား …”
ထိုစကားကြောင့် ကျုံးဝမ်၏ မျက်နှာ မည်းမှောင်သွားပြီး ချက်ချင်း ခွန်းတုံ့မခံ ပြန်ပြောလိုက်သည်။
“ချမ်ရှုရန် နင် စကားမပြောလည်း ဘယ်သူမှ နင့်ကို အအလို့ သဘောမထားဘူး”
ထိုအမျိုးသမီးသည် ကျုံးဝမ်၏ ဝမ်းကွဲ ချမ်ရှုရန်ဖြစ်ပြီး ကလေးဘဝကတည်းက ကျုံးဝမ်နှင့် မတည့်ပေ။ အဘယ်ကြောင့်ဆိုသော် ကျုံးဝမ်က အပြင်လူ ဖြစ်သော်လည်း သူမအဘိုးက ကျုံးဝမ်ကို အချစ်ဆုံး ဖြစ်သဖြင့် အလွန် မနာလို ဝန်တိုမိသည်။ ထို့ကြောင့် သူမသည် အမြဲတမ်း ကျုံးဝမ်၏ အမှားတိုင်းကို မရရအောင် လိုက်ရှာလေ့ ရှိသည်။
သို့သော် ကျုံးဝမ်က သူမထက် ပိုသာနေ၏။ ကျုံးဝမ်က အသက်ငယ်ငယ်၌ ဖျော်ဖြေရေး ကုမ္ပဏီတစ်ခု၏ ရွေးချယ်ခြင်း ခံရကာ အနုပညာလောကထဲသို့ ခြေချနိုင်ခဲ့သည်။
နှစ်အနည်းငယ် ကြာပြီးနောက် ကျုံးဝမ်သည် အနုပညာနယ်ပယ်၌ ဘုရင်မတစ်ပါး ဖြစ်လာခဲ့ပြီး နိုင်ငံတစ်ဝိုက်တွင် ကျော်ကြားလာလေသည်။
သူမ၏ ကျုံးဝမ်အပေါ် ကလေးဘဝက မနာလိုမှုသည် နောက်ပိုင်း၌ မလိုမုန်းတီးသော မနာလိုမှုအထိ ပြောင်းလဲ သွားခဲ့သည်။
ကျုံးဝမ် ဆွံ့အသွားပြီး ဘုရင်မအဖြစ်မှ ပြုတ်ကျသွားသည်ဟု ကြားလိုက်ရချိန်တွင် သူမသည် သုံးရက်ဆက်တိုက် ဧည့်သည်များကို ဖိတ်၍ ပျော်ရွှင်စွာ ဖိတ်ကြား၍ သောက်စား ပျော်ပါးခဲ့သည်။
ဆွေမျိုးအပေါ် မည်သို့သော သံယောဇဉ်မှမရှိသည့် ကျုံးဝမ်၏ ဝမ်းကွဲပင် ဖြစ်လေသည်။
“နင့်အသံ…”
ကျုံးဝမ်၏ အသံကို ကြားလိုက်ရပြီးနောက် ချမ်ရှုရန် ရုတ်တရက် မျက်နှာပျက်သွားသည်။
“ဟုတ်တယ် ငါ့အသံက ပြန်ကောင်းနေပြီ၊ အနုပညာလောကထဲ ငါ ပြန်လာဖို့ သိပ်မကြာတော့ဘူး”
ကျုံးဝမ် အားရကျေနပ်စွာ ပြုံးလိုက်သည်။ သူ့စကားကြောင့် ချမ်ရှုရန် ရုတ်တရက် မျက်နှာမည်းမှောင်သွားပြီး စိတ်ထဲ၌ ကျိတ်၍ ကျိန်ဆဲလိုက်သည်။
*ဘုရားသခင်က ဒီခွေးမကို တစ်သက်လုံး အအဖြစ်သွားအောင် လုပ်သင့်တာကို*
သို့သော် ချမ်ရှုရန်က တစ်ခဏအတွင်း ပျက်ရယ်ပြုလိုက်သည်။
“အနုပညာလောကထဲ ပြန်ဝင်ဖို့ လွယ်မယ်လို့ ငါ မထင်ဘူး၊ ဟုတ်တယ်မလား၊ နင် အရင်က ဘာလုပ်ခဲ့လဲ မေ့နေပြီလား၊ ကျွတ်စ် … ကျွတ်စ် … ကျွတ်စ် … ကျုံးဝမ် နင်က တကယ် အံ့ဩစရာပဲ”
“ဘယ်အမျိုးသမီးမှ မထိန်းချုပ်နိုင်တဲ့ အရာရှိတယ်လေ၊ နင် ယောကျ်ားတစ်ယောက် လိုချင်တယ်ဆိုရင် ရည်းစားထားပေါ့၊ ဒီလောက် ယောကျ်ားတွေ အများကြီးနဲ့ ပလူးမှတော့ နင့်အစား ငါ ရှက်မိတယ်”
“နင် …”
ကျုံးဝမ် ဒေါသူပုန်ထသွားသည်။
“အဲ့ကိစ္စကို မီဒီယာမှာ ရှင်းပြီးသွားတာ ကြာနေပြီ၊ ဒီကိစ္စနောက်ကွယ်က လူတွေလည်း ပေါ်သွားပြီ၊ အခုထိ ဒီကိစ္စကို ယုံနေတဲ့လူတွေက ရူးနေတဲ့လူတွေ ဒါမှမဟုတ် စိတ်ချို့ယွင်းနေတဲ့လူတွေလို့ ငါ ထင်တယ်၊ မင်းရော ဘယ်လူစားထဲမှာ ပါတာလဲ”
ကျုံးဝမ်၏ အနောက်မှ ထွက်ပေါ်လာသော လှောင်ပြောင်စကားကြောင့် အခြေအနေက ရုတ်တရက် တင်းမာသွားသည်။
“နင်က ငါ့ကို လာပြောရဲတယ်လား”
ချမ်ရှုရန်က ကျုံးဝမ်ဘေးနားမှ ယဲ့ဖန်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ယဲ့ဖန်၏ ဝတ်စုံကိုမြင်ပြီး သူမမျက်လုံးတွင် မကျေမနပ် ဖြစ်ဟန်များ ပေါ်လာသည်။
*ဆင်းရဲသား မျိုးမစစ်ကများ ငါ့ကို ဒီလို လာပြောရဲတယ်ပေါ့လေ*
ယနေ့ ယဲ့ဖန်သည် တမင်သက်သက် ဝတ်စုံပြည့် ဝတ်လာခဲ့သည်။ ယင်းက အလွန် စုတ်ပြတ်မနေသော်လည်း နာမည်ကြီး အမှတ်တံဆိပ် မဟုတ်ပေ။ ထို့ကြောင့် ချမ်ရှုရန်က ဆင်းရဲသားဟု ထင်သွားလေ၏။
“မင်းတို့ ဘာတွေ ပြောနေတာလဲ”
ထိုစဉ် ချမ်ရှုရန်၏ ခင်ပွန်း လီကျန်းဟဲ ရောက်လာသည်။ ကျုံးဝမ်ကို မြင်သောအခါ သူ့မျက်လုံး၌ မွှန်ထူသွားသော အရိပ်အယောင်များ ပေါ်လာသည်။ သူ ကျုံးဝမ်အား တစ်ကြိမ်မက ပိုးပန်းချင်ခဲ့သော်လည်း ကျုံးဝမ်က သူ့ကို လျစ်လျူရှုခဲ့သည်။
“အခုလေးတင် ကျုံးဝမ်ရဲ့ ရည်းစားက ကျွန်မကို အပြစ်တင်တယ်လေ”
ချမ်ရှုရန်က ယဲ့ဖန်ကို စိတ်ဆိုးမာန်ဆိုးဖြင့် လက်ညှိုးထိုးပြသည်။
“ဪ”
လီကျန်းဟဲ၏ အကြည့်က ယဲ့ဖန်ပေါ် ရောက်သွားချိန်တွင် အထင်သေးသော အရိပ်အယောင်များ ပေါ်လာသည်။ ထို့နောက် သူ့ရွှေနာရီနှင့် ခါး၌ပတ်ထားသော စိန်စီထားသည့် ခါးပတ်ကို တစ်ချက်ကြည့်လိုက်ပြီး ပိုပို၍ မာန်တက် လာ၏။
*ဒါ ကျုံးဝမ်ရဲ့ ရည်းစားလား၊ မြင်မကောင်း ရှုမကောင်းလိုက်တာ*
လီကျန်းဟဲသည် ကျုံးဝမ်က သူ့ထက်ချမ်းသာသော လူတစ်ယောက်ယောက်ကို ရှာ၍ ချစ်သူအဖြစ် ထားလိမ့်မည်ဟု ထင်ခဲ့မိသည်။ သို့ရာတွင် နာမည်ကြီး အမှတ်တံဆိပ်တစ်ခုပင် မရှိသည့် လူမွဲ ဖြစ်နေလိမ့်မည်ဟု ထင်မထားမိပေ။
“ဟေ့ကောင် မင်း ပထမဆုံး အလည်လာတဲ့နေ့မှာ မောက်မာတာ မသင့်တော်ဘူး၊ ဟုတ်တယ်မလား၊ ငါ့မိန်းမကို မင်း ပြန်တောင်းပန်ခွင့် ပေးလိုက်မယ်”
လီကျန်းဟဲက ယဲ့ဖန်အား သုန်မှုန်စွာ စိုက်ကြည့်၍ သူ့အား တမင်သက်သက် အရှက်ခွဲချင်နေပုံရသည်။ လီကျန်းဟဲ ဟူသော သူသည်သာ သူမနှင့် ထိုက်တန်သည်ဟု ကျုံးဝမ်ကို သိစေချင်နေ၏။
“အရူး”
ယဲ့ဖန်က သရော်ပြုံး ပြုံးလိုက်သည်။
“ဘာ”
လီကျန်းဟဲနှင့် သူ့ဇနီးတို့ ချက်ချင်း မျက်နှာပျက်သွားလေသည်။ ထို့နောက် လီကျန်းဟဲ၏ မျက်နှာက ပိုမည်းမှောင်လာပြီး မကျေမချမ်းဖြင့် ပြောလိုက်သည်။
“ဟေ့ကောင် ငါ ဘယ်သူလဲ မင်း မသိဘူးလား၊ ငါ့ကိုများ ဒီလို ပြောရဲတယ်ပေါ့လေ၊ ယုံချင်ယုံ မယုံချင်နေ၊ ငါ တစ်ခွန်း ပြောလိုက်တာနဲ့ မင်းကို ဒီလောကထဲကနေ ထာဝရ ပျောက်ကွယ်သွားအောင် လုပ်လို့ရတယ်ကွ”
သူသည် အသားတင်အမြတ် ဆယ်ဘီလီယံကျော်ရှိသည့် နာမည်ရှိ ကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌဖြစ်ပြီး ဖျင်အန်းမြို့၏ အထင်ကရ ပုဂ္ဂိုလ်တစ်ယောက်ဟု သတ်မှတ်နိုင်၏။ သို့သော် ယဲ့ဖန်က သူ့ကို စော်ကားရဲသည်တဲ့လား။
“မင်းနာမည်ကို ငါ မှတ်မိနေရလောက်တဲ့အထိ မင်းက အဆင့်မမီဘူး”
ယဲ့ဖန်၏ အသံက ရေခဲတမျှ အေးစက်နေပြီး အထက်စီးဟန်ပေါ်နေသည်။ သူကဲ့သို့ နဂါးတစ်ကောင်က ပုရွက်ဆိတ်များ၏ အမည်ကို ဘယ်လိုလုပ် သတိရရမည်နည်း။
သို့သော် လီကျန်းဟဲတို့ လင်မယားနှစ်ယောက်၏ အမြင်တွင် သူ့စကားက အလွန် ရယ်ရနေ၏။ သူတို့နှစ်ယောက်သား နေရာမှာတင် ကြက်သေ သေနေမိသည်။
*ငမွဲက ငါတို့ရှေ့မှာ လာဟန်ကိုယ့်နေတာလား*
*သူက လောကထဲက အရာအားလုံးက သူ့ရှေ့မှာ ပုရွက်ဆိတ်လောက်ပဲ ရှိတယ်ဆိုတဲ့ ဟန်မျိုးတောင် လုပ်နေ လိုက်သေးတယ်*
*ဒီကောင်က ဘာကောင်လဲ*
“အဲ့တော့ မင်းက ကြီးမြတ်တဲ့လူဖြစ်ရမယ် ဟုတ်လား”
လီကျန်းဟဲက ထူးဆန်းသော ရယ်သံမျိုးနှင့် ရယ်လိုက်ပြီးနောက် ဟန်လုပ်၍ ဆက်ပြောလေသည်။
“ဪ … ငါ သိပြီ၊ မင်းက ဖျင်အန်းမြို့ရဲ့ အချမ်းသာဆုံး ထန်မင်လီပဲ ဖြစ်ရမယ်”
“ယောကျ်ား ရှင်ကလည်း မေ့နေပြန်ပြီလား၊ ထန်မင်လီရဲ့ မျိုးရိုးက ထန်လေ”
ချမ်ရှုရန်ကလည်း သူ့ယောကျ်ားနှင့် ပူးပေါင်း၍ အလိုက်သင့် လိုက်ပြောသည်။
“ငါ့ခေါင်းကတော့ကွာ … အဲ့ဒါကို မေ့နေတာ၊ ဒါဆို မင်းက ဖျင်အန်းမြို့က မြေအောက်လောကရဲ့ ဧကရာဇ် ကင်းမြီးကောက် လူသတ်သမား ဖြစ်ရမယ်၊ ဟုတ်တယ်မလား”
ထို့နောက် ချက်ချင်းဆိုသလိုပင် နှစ်ယောက်လုံး ဝါးလုံးကွဲ ထရယ်လေသည်။ ယဲ့ဖန်နှင့် ကျုံးဝမ်တို့သည် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်မိပြီး နှစ်ဦးလုံး၏ မျက်လုံး၌ ဘာပြောရမှန်း မသိတော့သည့် အရိပ်အယောင်များကို တွေ့လိုက်ရသည်။
လီကျန်းဟဲတို့အား အရူးများကို ဘာပြောရမှန်း မသိသဖြင့် ကြည့်နေသကဲ့သို့သော အကြည့်မျိုးဖြင့်သာ ကြည့်နေ လိုက်သည်။
*ယဲ့ဖန်ပြောတာ မှန်တယ်၊ ဒီနှစ်ယောက်က ရူးနေတာ မဟုတ်ရင် စိတ်ချို့ယွင်းနေတာပဲ*
ယဲ့ဖန်တောင်မှ သူတို့ကို ပြန်ငြင်းချင်စိတ် မရှိတော့ပေ။ သူတို့နှင့် ဖက်၍ရန်ဖြစ်ရန် အရေးမပါလှပေ။
“ဟဲ့ကောင် အရူးထမနေနဲ့၊ နင် ဦးထုပ်စိမ်း ဘယ်နှစ်ခုလောက် ဆောင်းနေရလဲဆိုတာကို နင် မသိပါဘူး၊ အဆာပြေ ဝင်စားသွားပေါ့”
ချမ်ရှုရန်က ငေါ့တော့တော့ဖြင့် လှောင်ပြောလာသည်။ ယဲ့ဖန်ကို စော်ကားသလိုလိုနှင့် ကျုံးဝမ်ကိုပါ မသိမသာ အရှက်ခွဲခြင်းပင်။
ကျုံးဝမ် ဒေါသထွက်ကာ ပြန်ပြောရန် ပြင်လိုက်သော်လည်း ယဲ့ဖန်က အရေးမစိုက်ဟန်ဖြင့် ပြုံးကာ ပြန်ပြောလိုက်သည်။
“အနည်းဆုံးတော့ သူ့ဗိုက်ထဲမှာ တစ်ခုခု သေမသွားဘူးလေ”
ချမ်ရှုရန်၏ အပြုံးက ချက်ချင်း အေးခဲသွားပြီး ထိတ်လန့်တကြား ဖြစ်ဟန် ပေါ်လာ၏။
*ဒီကောင် … သူ ဘယ်လိုသိတာလဲ*
ထိုသို့ပြောပြီးသည်နှင့် ယဲ့ဖန်က ဘေးနားမှ ကျုံးဝမ်ကိုခေါ်၍ ချမ်မိသားစု ရှိရာသို့ လျှောက်သွားလေသည်။ ချမ်ရှုရန်တို့ နှစ်ယောက်သားကမူ အချင်းချင်း တုန်လှုပ်ချောက်ချားစွာ ကြည့်၍ ကျန်ခဲ့သည်။
ချမ်ရှုရန် လုံးဝ ကြက်သေ သေသွားရသည်။ သူမ ထိုကိစ္စကို တိတ်တဆိတ် လုပ်ခဲ့ခြင်း ဖြစ်ပြီး သူမခင်ပွန်း လီကျန်းဟဲတောင်မှ မသိပေ။ ယဲ့ဖန်က ဤကိစ္စကို မည်သို့ သိသွားရသနည်း။
“သူ ခုနက ပြောသွားတာ ဘာသဘောလဲ”
လီကျန်းဟဲသည် ဉာဏ်ထက်သော လူတစ်ယောက် ဖြစ်သည်။ ယဲ့ဖန်၏ စကားကို ကြားပြီးနောက် ချမ်ရှုရန်၏ အမူအရာကိုကြည့်ပြီး သူ တစ်စုံတစ်ရာကို ချက်ချင်း သဘောပေါက်သွားသည်။
“သူ ဘာပြောတာလဲဆိုတာကို ကျွန်မ ဘယ်သိမလဲ”
ချမ်ရှုရန် ရုတ်တရက် စိတ်ညစ်သွားသော်လည်း ပြန်ချေပလိုက်သည်။
“ဘာလဲ၊ ကျွန်မဗိုက်ထဲမှာ တစ်ယောက်ယောက် သေသွားတယ်လို့ သံသယဝင်နေတာလား၊ ရှင်က ကိုယ့်မိန်းမကိုယ် မယုံဘဲ တစ်ခါပဲ ဆုံရသေးတဲ့ ဆင်းရဲသားကို ယုံနေတာလား”
“ငါ …”
လီကျန်းဟဲ ဘယ်လိုပြန်ဖြေရမလဲ မသိတော့ပေ။
“ရှင် ဘယ်သူလဲဆိုတာကို မမေ့ပါနဲ့၊ တစ်ချိန်တုန်းက ရှင်နဲ့အတူ ကျွန်မ ရှိနေခဲ့ကတည်းက ကျွန်မက မိသားစုရဲ့ အကြီးဆုံးသမီး အပျိုစင်ဘဝနော်”
ချမ်ရှုရန်က ပါးနပ်စွာ ကြိမ်းမောင်းလိုက်သည်။ သူမစကားကြောင့် လီကျန်းဟဲသည် သတိပြန်ဝင်လာပြီး လှည့်စားခံလိုက်ရကြောင်း သတိထားမိကာ ရက်စက်စွာ ပြောလိုက်သည်။
“ချီးပဲ၊ ငါ သူ လှည့်စားတာ ခံရတော့မလို့”
“ကောင်းတယ်၊ သိပ်ကောင်းတယ်၊ ငါ လုံးဝ သူ့ကို ဒီအတိုင်း မထားဘူး”
ထိုအခါတွင်မှ ချမ်ရှုရန် စိတ်အေးကာ သက်ပြင်းချလိုက်မိပြီး သူမ ထောင်ချောက်ထဲ ကျလုနီးပါး ဖြစ်သွားသည်ဟု တွေးလိုက်မိသည်။
သူမ လီကျန်းဟဲကို လက်ထပ်ခဲ့သော်လည်း သူမဗိုက်ထဲမှ ကလေးကို သတ်ခဲ့ပါသည်။ ထိုအဖြစ်က သူမ အိမ်ထောင်သက် ဒုတိယနှစ်သို့ ရောက်ခဲ့စဉ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုကလေးမှာ သူမရည်းစားနှင့် ရခဲ့သော ကလေး ဖြစ်သည်။
ထို့အပြင် သူမသည် ယခုအထိ သူမရည်းစားနှင့် အလွန် ရင်းနှီးသော ဆက်ဆံရေး ရှိနေဆဲဖြစ်ပြီး တစ်ပတ်လျင် တစ်ကြိမ်၊ နှစ်ကြိမ်မျှ အတူတူ နေနေကြသေးသည်။
*ဒီကောင့်ကို အရှင်ထားလို့ မရတော့ဘူး*
ချမ်ရှုရန်၏ မျက်လုံးတွင် လူသတ်ချင်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူမ၏ လျှို့ဝှက်ချက်ကို လူသိသွား၍ မဖြစ်ပေ။
*ဒီကိစ္စကို ဘယ်ကနေပဲသိသိ၊ သူ သိနေတဲ့အချိန်ကစပြီး သေဖို့ ကံပါသွားပြီ*
“ဟဲ့ကောင် နင် အပြစ်တင်ချင်တယ်ဆိုရင် ကံဆိုးတဲ့ နင့်ဘဝကိုပဲ အပြစ်တင်လိုက်တော့”
ချမ်ရှုရန်က အေးစက်စွာ ပြုံးလိုက်ပြီးနောက် လီကျန်းဟဲ၏ လက်ကိုချိတ်ကာ ချမ်အိမ်တော်ထဲသို့ ဝင်လာ လိုက်သည်။