← Chapters

ချုံတောင်လေးမှ ကျွန်ုပ် “ အစ်ကို ”လင်း

Vol. 11 Ch. 143

ချုံတောင်လေးမှ ကျွန်ုပ် “ အစ်ကို ”လင်း

Vol. 11 Ch. 143

‘ ဒီဆရာဘွားဘွားက ငါတွေးထားတဲ့ အဆိုးဆုံးထက် ပိုပြီး ဆိုးတာပဲ... ’

လီချန်ရှို့သည် သူ၏ရှေ့မှ တိမ်ပေါ်တွင် သက်ပြင်းချကာ ညီးညူနေသော အေးစက်စက်မျက်နှာထားပိုင်ရှင် မိန်းကလေးကို ကြည့်လိုက်သည်။ သူမသည် ဒေါသကိုထိန်းချုပ်ထားရကြောင်း သိသာလေသည်။ သူ၏ ခေါင်းထဲတွင် အတွေးတစ်ချက်လက်သွား၏။

လီချန်ရှို့သည် ဂိုဏ်းသို့ရောက်စက သူ့ဆရာ၏ တဲအိမ်အတွင်းရှိ ကမ္ပည်းပြားများကို ကြည့်ခဲ့ရာတွင် နှောင်ကြိုးမဲ့လင်းကျန်းဆိုသူကို ဖော်ရွေသောမျက်နှာထားရှိသည့် တာအိုရသေ့အိုကြီးဟု အလိုလို တွေးမိခဲ့၏။ နှောင်ကြိုးမဲ့လင်းကျန်းသည် မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အရေးမကြီးပေ။

သို့သော် ထိုဆရာဘွားဘွားဟုဆိုရမည့် ကျန်းလင်းအာသည် မိန်းမပျိုလေးတစ်ဦး၏ ရုပ်သွင်၊ ကိုယ်လုံးကိုယ်ပေါက်ရှိပေသည်။ သူမသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက တစ်စုံတစ်ယောက်ကို ချစ်မိခဲ့သဖြင့် သူမ၏ ရုပ်သွင်ကို ထိုကဲ့သို့ပင် မူသေထားခဲ့ခြင်း ဖြစ်နိုင်ချေများလေသည်။

ထိုအရာသည် ချစ်မှုပွေခြင်း၏ အကျိုးအကြောင်းများပင် ဖြစ်နိုင်ပေသည်။

သူမသည် အဆင့်တက်နိုင်ရန် ပြင်ပလောကသို့သွား၍ လေ့ကျင့်ခဲ့၏။ ထို့နောက် သူမသည် သူမကိုယ်သူမ ကာကွယ်ရန် ပြန်လာခဲ့၏။ သူမသည် ဒဏ်ရာရရှိထားပြီး ပင်ပန်းနွမ်းနယ်နေ၏။ သူမသည် သူမ၏ ဒဏ်ရာများကို လုံးဝပျောက်ကင်းအောင် မကုသရသေးသဖြင့် အမာရွတ်ဖျော့ဖျော့များသည် သူမ၏ စွန့်စားသွားလာမှု အထိမ်းအမှတ်များအဖြစ် ကျန်ရစ်နေပေသည်။

ထို့ကြောင့် သူမသည် ကမ္မနှောင်ကြိုး များစွာပါဝင်သည့် သံသရာဝဲရဟတ်တစ်ခုအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိသာလေသည်။

ထို့ပြင် သူမ၏ စိတ်သည် အကဲဆတ်၏။ သူမတွင် ခက်ထန်သောအကြည့်၊ ပြားသောရင်နှင့် ပုသောအရပ်တို့ ရှိလေ၏။

အဟမ်း... သို့သော် သူမထံတွင် တမူထူးခြားသော အရာတစ်ခု ရောယှက်နေသကဲ့သို့ ထင်ရပေသည်။

လီချန်ရှို့သည် ဆရာဦးလေးကျိုးဝူကို ကြည့်၍ ပြောလိုက်သည်။

“ ဆရာဦးလေး... သုံးချောင်းထောက်ဆေးတောင်ကို အမြန်သွားပြီး အကြီးအကဲဝမ်လင်းယွမ်ကို နတ်ရေတံခွန်တောင်ကို အမြန်လာဖို့ သွားခေါ်လိုက်ပါ ”

ကျိုးဝူ နားမလည်နိုင်အောင် ဖြစ်သွား၏။

“ ဘာလို့ မင်းက အဲ့အဆိပ်အကြီးအကဲကို နတ်ရေတံခွန်တောင်ကို သွားစေချင်ရတာလဲ ”

လီချန်ရှို့က အသံပို့လွှတ်၍ ပြောလိုက်သည်။

“ ခဏနေရင် ဖြစ်လာမယ့် ရန်ပွဲကို တားဖို့ပါ ”

ကျိုးဝူ၏ တိုတောင်း၊ ထူထဲသော မျက်ခုံးမွှေးသည် ကွေးညွတ်သွား၏။ ရုတ်ခြည်းပင် သူသဘောပေါက်သွားပြီး သူ၏ တာအိုလက်တွဲဖော်ကို ဆွဲလိုက်သည်။

ကျိုးဝူသည် ခြေဖျားထောက်၍ ကျိုးရှစ်သည် ငုံ့ပေးရ၏။ သူတို့နှစ်ဦးသည် တစ်ယောက်နားအတွင်းသို့ တစ်ယောက် တီးတိုးပြောနေကြ၏။ ထို့နောက် ကျိုးဝူသည် နောက်လှည့်ကာ တိမ်စီး၍ ထွက်သွားလေတော့သည်။ သူသည် သုံးချောင်းထောက်ဆေးတောင်သို့ ခပ်သုတ်သုတ်ထွက်သွားပြီး ကျိုးရှစ်သည် ကောင်းကင်ခွင်းတောင်သို့ သွားလိုက်၏။

တာအိုရသေ့အိုကြီးချီယွမ်မှာမူ ယခင်ကဖြစ်ပျက်ခဲ့သည့် ကိစ္စများကို သူ၏ဆရာကို ရိုးရိုးရှင်းရှင်းသာ ပြောပြနေ၏။

ကျန်းလင်းအာသည် လက်သီးခပ်ဖွဖွဆုပ်၍ အံကြိတ်ထားလေသည်။

“ ဒုတိယတပည့်... ငါမင်းကို ဒီလိုသင်ပေးထားလို့လား။ သူများကခေါ်တာနဲ့ မင်းကသွားရောလား ”

ချီယွမ်သည် ခေါင်းငုံ့၍ သက်ပြင်းချလိုက်သည်။

“ ကျွန်တော် ဦးနှောက်မရှိတာပါ။ ကျွန်တော့်ကို အပြစ်ပေးပါ ဆရာ... ”

“ ငါက တောင်ကိုပြန်လာတာ ကိုယ့်ဘာသာပြန်သုံးသပ်ဖို့ပဲ... ”

ကျန်းလင်းအာက တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။

“ ငါ ဂိုဏ်းထဲက မိတ်ဆွေဟောင်းတချို့နဲ့တွေ့ပြီးရင် ဒီကိစ္စနဲ့ပတ်သတ်ပြီး မင်းကို သင်ခန်းစာပေးဖို့ ပြန်လာခဲ့မယ် ”

“ ဟုတ်..ဟုတ်ကဲ့ပါ ”

တာအိုရသေ့အိုကြီးချီယွမ်သည် အသံတုန်တုန်ရင်ရင်ဖြင့် ပြန်ဖြေလိုက်၏။ သူချက်ချင်းထရပ်လိုက်ပြီး နောက်လှည့်၍ သူ၏ တပည့်နှစ်ဦးကို ကြည့်လိုက်သည်။

“ ဆရာ... ကျွန်တော့်မှာ တပည့်နှစ်ဦးရှိနေပါပြီ... ချန်ရှို့၊ လင်းအယ်.. အဲ့မှာပဲ ရပ်မနေနဲ့လေ။ မြန်မြန်လာ.. နှုတ်ဆက်လိုက်ကြ ”

ထို့ကြောင့် လီချန်ရှို့နှင့် လင်းအယ်တို့သည် တိမ်စီး၍ အနီးသို့သွားလိုက်ပြီး အတူတကွ ဦးညွှတ်လိုက်၏။

ချီကျင့်ကြံသူများသည် ကောင်းကင်နှင့်မြေကြီးကို ဒူးထောက်ခြင်း၊ တန်ခိုးရှင်များကို ဒူးထောက်ခြင်းမှလွဲ၍ သူတို့သည် စိတ်မပါလျှင် အခြားသူများကို အလွယ်တကူ ဦးမညွှတ်ကျပေ။ သူတို့သည် တာအိုနှုတ်ဆက်သည့်ပုံစံကိုသာ လုပ်လေ့ရှိကြသည်။

“ နှုတ်ခွန်းဆက်သပါတယ် ဆရာဘွားဘွား... ”

“ ဒုတိယတပည့်... မင်းက တပည့်လက်ခံထားတာလား ”

ကျန်းလင်းအာ ဟန်ဆောင်ပြုံးလိုက်ပြီး သူမ၏ ဒေါသကို ယာယီဖိနှိပ်ထားလိုက်လေသည်။

သူမသည် သူမ၏ခါးပတ်ကြိုးမှ ကျောက်စိမ်းလက်စွပ်နှစ်ကွင်းကို ထုတ်ယူလိုက်ပြီး နတ်တန်ခိုးဖြင့် ရစ်ပတ်၍ လီချန်ရှို့နှင့် လင်းအယ်တို့ထံသို့ ပေးလိုက်၏။ သူမသည် ဆရာဘွားဘွားတစ်ဦးအနေဖြင့် သူမ၏ အကြင်နာတရားကို ပြသရန် အကောင်းဆုံးကြိုးစားလိုက်သည်။

အနီးကပ်ကြည့်သောအခါ ကျန်းလင်းအာ၏ ရုပ်သွင်သည် လွန်စွာလှပသည်ဟု ဆိုနိုင်ပေသည်။

သို့သော် သူမ၏ကိုယ်ပေါ်ရှိ သတ်ဖြတ်လိုသော အရောင်အဝါများသည် လွန်စွာအားကောင်းလှ၏။ လင်းအယ်သည် သူမကို ကြည့်ပင်မကြည့်ဝံ့ပေ။

ကျန်းလင်းအာက ပြောလိုက်၏။

“ ငါ့အနေနဲ့ ဆရာဘွားဘွားဖြစ်တာ ပထမဆုံးအကြိမ်ပဲ။ ငါမင်းတို့ကို ဘာပြောရမယ်မှန်းမသိဘူး။ မင်းတို့ရဲ့ဆရာက မြေနတ်ဝိဇ္ဇာဆိုတော့ မင်းတို့ အပင်ပန်းအဆင်းရဲ ခံခဲ့ရပြီ။ ဒီလက်စွပ်နှစ်ကွင်းက မင်းတို့ဆရာနဲ့ ဆရာဒေါ်လေးတို့အတွက် ရည်ရွယ်ထားတာ။ အခုတော့ မင်းတို့နှစ်ယောက်ကိုပဲ ပေးလိုက်မယ်။ မင်းတို့ မင်းတို့ရဲ့ဆရာနဲ့အတူ ချုံတောင်လေးကို ပြန်လိုက်သွားလိုက်... ငါ လုပ်စရာရှိတဲ့ အလုပ်ကလေးတွေ သွားလုပ်လိုက်ဦးမယ် ”

ထိုသို့ပြောပြီးနောက် ကျန်းလင်းအာသည် လင်းအယ်နှင့် လီချန်ရှို့တို့ကို အတန်ငယ် ကြည့်လိုက်၏။ သူမသည် ရှေ့သို့ခြေတစ်လှမ်းတိုး၍ အတော်အတန်ပြောင်မြောက်သော ကိုယ်ဖော့အတတ်ကို ထုတ်သုံးလိုက်ပြီး ဂိုဏ်းဂိတ်တံခါးရှေ့တွင် ဆင်းသက်လိုက်သည်။

သူမကို ခေါ်၍ပြန်လာသော အကြီးအကဲနှစ်ဦးသည် ကျန်းလင်းအာ တစ်စုံတစ်ခုလုပ်တော့မည်ကို သိ၍ သူမနောက်သို့ ချက်ချင်းလိုက်သွားလိုက်ကြ၏။

အကြီးအကဲတစ်ဦးက အော်ပြောလိုက်၏။

“ ဂိုဏ်းတူ တူမလေးကျန်းလင်းအာ... ဂိုဏ်းက တရားခံကို အပြစ်ပေးပြီးသွားပါပြီ... ”

ကျန်းလင်းအာသည် မည်သို့မှ ပြန်မဖြေလိုက်ဘဲ ဂိတ်တံခါးဆီသို့ လျင်မြန်စွာ လျှောက်သွားလိုက်၏။ ဂိတ်တံခါးအနောက်တွင် တောင်ကာမန္တန်အစီအရင်ကြီး၏ အလင်းနံရံသည် သိမ်မွေ့စွာ တောက်ပနေလေသည်။ ဂိတ်တံခါးကို စောင့်ကြပ်နေသော နတ်ဝိဇ္ဇာသည် ချီတုံချတုံဖြစ်နေပြီး သူမကို ဝင်ခွင့်ပေးရမည်လော၊ မပေးရဘူးလော မဝေခွဲနိုင်ဖြစ်နေ၏။

ကျန်းလင်းအာက တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။

“ ကျမ ဂိုဏ်းကထွက်သွားတုန်းက ဂိုဏ်းကခွင့်ပြုချက်ရခဲ့တယ်... အခု ကျမအဆင့်တက်နိုင်ခဲ့လို့ ပြန်လာတာပဲ။ ကျမက သွေးစွန်းခဲ့တဲ့ သူတစ်ယောက်မလို့ ဂိုဏ်းက ကျမကို အထင်အမြင်သေးတာလား... ”

“ အဲဒါက... ”

ဂိတ်စောင့် နတ်ဝိဇ္ဇာအိုကြီးနှစ်ပါးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ သူတို့၏ လက်ထဲရှိ ဓမ္မအဆောင်လေးများသည် တချိန်တည်း တောက်ပလာသဖြင့် သူတို့သည် ဂိတ်တံခါးကို ဖွင့်ပေးလိုက်လေသည်။

ကျန်းလင်းအာသည် သူတို့ကို လက်နှစ်ဖက်ဆုပ်ကာ ကျေးဇူးတင်လိုက်ပြီး ဂိုဏ်းတွင်းသို့ ဝင်သွားလေတော့သည်။

သူမသည် တောင်ကာမန္တန်အစီအရင်အတွင်းသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် သိမ်မွေ့စွာ ရပ်တန့်လိုက်သည်။

သူမ၏ လက်ဖဝါးအရွယ်သာရှိသည့် ကျောက်စိမ်းကဲ့သို့ ဝင်းမွတ်သန့်စင်သော ခြေထောက်လေးသည် ဂိုဏ်းအတွင်းရှိ တံဆိပ်တော်များ ရေးဆွဲထားသော ကျောက်ပြားလေးပေါ်သို့ နင်းလိုက်ရာ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ‌ပေါ်လာ၏။

ထို့နောက်တွင် ကျန်းလင်းအာသည် လေးညှို့မှလွှတ်လိုက်သော မြားတစ်စင်းသဖွယ် တဟုန်တိုး ပြေးထွက်သွားလေတော့သည်။ သူမသည် လေထဲတွင် စူးရှသောသွေးရောင်အလင်းတန်းတစ်ခုကဲ့သို့ ပျံသန်းသွားပြီး နတ်ရေတံခွန်တောင်ဆီသို့ ဦးတည်သွားလိုက်လေသည်။

ကောင်းကင်နတ်မင်းအဆင့်ရှိသော အကြီးအကဲနှစ်ဦးသည် သူမ၏‌နောက်သို့ အလျင်အမြန်လိုက်သွားကြ၏။ သို့သော် သူတို့၏ ပျံသန်းမှု အမြန်နှုန်းသည် ကျန်းလင်းအာထက် များစွာနိမ့်ကျလေသည်။

လီချန်ရှို့က မျက်ခုံးပင့်၍ ပြုံးလိုက်သည်။ လင်းအယ် နူးညံ့စွာ ရေရွတ်လိုက်၏။

“ အစ်ကိုကြီး... ဆရာဘွားဘွားက စွမ်းအားကြီးတယ်လို့ ထင်ရတာပဲ ”

လီချန်ရှို့သည် တစ်စုံတစ်ခုပြောရန် ပြင်လိုက်စဉ် သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် ပြည့်နှက်နေသော အော်လိုက်သံတစ်သံက တောင်ကာမန္တန်အစီအရင်ကြီးကို ဖြတ်သန်း၍ လွင့်ပျံလာသည်ကို ရုတ်တရက်ကြားလိုက်ရလေသည်။

“ နတ်ရေတံခွန်တောင်က ခွိုက်စစ်ရဲ့ဆရာ ထွက်ခဲ့စမ်း... ”

ချုံတောင်လေးသို့ပြန်၍ သူ၏ဆရာကို စောင့်နေရန် ဟန်ပြင်နေသော ချီယွမ်သည် ထိုအသံကိုကြားလိုက်ရသောအခါ ခပ်သွက်သွက်ပြောလိုက်၏။

“ ချန်ရှို့... မြန်မြန်... မင်းရဲ့ ဆရာဘွားဘွားကို သွားပြီး ဖျောင်းဖျလိုက်စမ်းပါ ”

“ လင်းအယ်... ချုံတောင်လေးကို ဆရာနဲ့အတူ ပြန်သွားလိုက်... ”

လီချန်ရှို့သည် နောက်လှည့်၍ တောင်ကာမန္တန်အစီအရင်အတွင်းသို့ ဝင်လိုက်၏။ သူသည် တိမ်စီး၍ နတ်ရေတံခွန်တောင်ဆီသို့ ခပ်ဖြည်းဖြည်း ပျံသန်းသွားလိုက်သည်။ အခြားအရာများကို ထည့်မတွက်သေးဘဲနှင့်ပင် သူ၏ ဆရာဘွားဘွားသည် ခွိုက်စစ်ကို မရှာဘဲ ခွိုက်စစ်၏ဆရာကို တိုက်ရိုက်ရှာလိုက်ခြင်းကြောင့် လီချန်ရှို့ သူမကို အထင်ကြီးမိသွားပြီဖြစ်သည်။

နတ်ရေတံခွန်တောင်ပေါ်တွင် ကောင်းကင်နတ်မင်းအဆင့်ရှိသော အရောင်အဝါအချို့ထွက်ပေါ်လာ၏။ ကျန်းလင်းအာသည် လေထဲတွင် တိတ်တဆိတ်ရပ်နေလေသည်။ သူမ၏ ချပ်ဝတ်ဂါဝန် အစွန်းပိုင်းသည် အတန်ငယ် လှုပ်ခတ်နေပြီး သူမ၏ ဆံပင်ရှည်များသည်လည်း လေထဲတွင် ဝဲလွင့်နေပေသည်။

ထိုဆရာဘွားဘွားသည်...

လီချန်ရှို့သည် သူမကို ကြည့်လေလေ သူမသည် မဆိုးလှဟု ခံစားလာရလေလေပင်။

ကျန်းလင်းအာသည် နတ်ရေတံခွန်တောင်သို့သွား၍ ခွိုက်စစ်၏ဆရာကို တိုက်ရိုက်စိန်ခေါ်လိုက်လေသည်။

နတ်ရေတံခွန်တောင်၏ တောင်သခင်သည် ဂိုဏ်းမှ အကြီးအကဲများနှင့်အတူ ထွက်လာ၏။ ကျန်းလင်းအာသည် သူ့ကို အဖက်မလုပ်လိုက်ဘဲ ရှင်းပြချက်ပေးရန်သာ ပြောလိုက်သဖြင့် ထိုသူများသည် မည်သို့ပြန်ပြောရမည်မသိဖြစ်သွားလေသည်။

လီချန်ရှို့ စောင့်ကြည့်နေသည်မှာကြာပြီဖြစ်သည့် ခွိုစ်စစ်၏ဆရာဖြစ်သော ကောင်းကင်နတ်မင်းအဆင့်ရှိသည့် အကြီးအကဲတစ်ဦး လျင်မြန်စွာ ထွက်ပေါ်လာ၏။

ကျန်းလင်းအာက မေးလိုက်သည်။

“ နင်လား... ”

ထိုအကြီးအကဲသည် ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူမည်သို့မှ မပြောနိုင်သေးခင်မှာပင် ကျန်းလင်းအာ၏ လက်ဖဝါးအတွင်းမှ သွေးရောင်တစ်ခုထွက်ပေါ်လာပြီး ခွိုက်စစ်ဆရာ၏ လက်ဝဲပခုံးကို တိုက်ရိုက်ထိမှန် ဖောက်ထွက်သွားလေသည်။

လီချန်ရှို့မှလွဲ၍ ကောင်းကင်ပေါ်ရှိ ကောင်းကင်နတ်မင်းအဆင့်ရှိသူများသည် ကျိုးလင်းအာမည်သို့ တိုက်ခိုက်လိုက်သည်ကို မည်သူမှ မသိလိုက်ကြပေ။

ခွိုက်စစ်၏ဆရာသည် အလစ်ခံလိုက်ရ၏။ သူ၏ လက်ဝဲပခုံးကို သွေးရောင်အလင်းတန်းက ဖောက်ထွက်သွားသဖြင့် သူ၏နောက်ကျောဘက်မှနေ၍ သွေးများ ပန်းထွက်သွားသည်။ သူ၏ ကာကွယ်နတ်အလင်းသည် ရုတ်ခြည်းပင် ဖျက်ဆီးခံလိုက်ရပေပြီ။

အကယ်၍ ထိုအလင်းတန်းသည် ထိုကောင်းကင်နတ်မင်း၏ သေစေလောက်သည့်နေရာများကိုသာ ထိမှန်ခဲ့ပါက မသေခဲ့လျှင်ပင် ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားမည် ဖြစ်သည်။

ကျန်းလင်းအာသည် ရုတ်ခြည်းပင် ရှေ့သို့ ပျံသန်းသွားလိုက်၏။ သူမ၏ မျက်ဝန်းအကြည့်များသည် လွန်စွာ စူးရှနေပေသည်။ သူ၏နောက်ကျောမှ ဓားရှည်ကြီးသည် ကြမ်းကြုတ်သောသားရဲဖြစ်သည့် သွေးကြောင်းများ စွန်းထင်နေသော ကျားဖြူကြီးအသွင် ပြောင်းသွားလေသည်။ သူမ၏ လက်ထဲတွင်မူ ဓားမြှောင်တိုလေးနှစ်ချောင်းကို ကိုင်ထား၏။

ဘေးမှ ကောင်းကင်နတ်မင်းများသည် ကျန်းလင်းအာကို တားရန် အလျင်အမြန်ကြိုးစားလိုက်ကြလေသည်။ သို့သော် ကျားဖြူကြီးသည် ကျန်းလင်းအာကို ကာကွယ်ပေးထားပြီး သွေးလှိုင်းကြီးများ ထုတ်လွှတ်နေ၏။ ထိုမြင်ကွင်းသည် ပရမ်းပတာ နိုင်လှပေသည်။

နတ်ရေတံခွန်တောင်၏ တောင်သခင်သည် လွန်စွာဒေါသူပုန်ထနေပေပြီ။ သူသည် ကျန်းလင်းအာကို သူအစွမ်းရှိသမျှသုံး၍ တိုက်ခိုက်လိုက်ပြီး လက်ဝါးနှင့် ရိုက်လိုက်လေသည်။

သို့သော် လက်ဝါးသည် ကျန်းလင်းအာကို မထိသေးခင်မှာပင် သုံးချောင်းထောက်ဆေးတောင်မှနေ၍ လူတစ်ယောက် ပျံသန်းလာ၏။ ထိုသူကား အကြီးအကဲဝမ်လင်းယွမ်ပင်။

အကြီးအကဲဝမ်လင်းယွမ်သည် ရုတ်ခြည်းပင် ထိုလက်ဝါးချက်ကို ဝင်ကာလိုက်ပြီး လက်ဝါးရိုက်ချက်တစ်ချက် ပြန်သုံး၍ နတ်ရေတံခွန်တောင်၏ တောင်သခင်ကို နောက်သို့ လွင့်သွားအောင် လုပ်လိုက်လေသည်။ သူသည် ကျန်လက်တစ်ဖက်ဖြင့် ကျန်းလင်းအာကို ဖိထားလိုက်ပြီး သူမကို ယာယီထိန်းချုပ်ထားလိုက်သည်။

သူသည် ရန်ပွဲကို ရပ်တန့်ရန် တုံ့ဆိုင်းမနေခဲ့ပေ။

“ ရပ်လိုက်ကြ... ”

အကြီးအကဲဝမ်လင်းယွမ်သည် အေးစက်စက် ပြောလိုက်သည်။ သူသည် မျက်မှောင်ကြုတ်၍ ကျန်းလင်းအာကို ကြည့်လိုက်သည်။

ကျန်းလင်းအာသည် မည်သည့်စကားမှ မဆိုချေ။ သူမသည် နောက်လှည့်လိုက်ရာ သူမ၏ ပတ်ပတ်လည်တွင် ဓားအရိပ်များ ထွက်ပေါ်လာလေသည်။ ၎င်းတို့သည် လေထဲတွင် ကခုန်နေသော ပန်းပွင့်ဖတ်များကဲ့သို့ပင်။ ၎င်းတို့သည် လှပသော်လည်း ၎င်းတို့ထဲတွင် သတ်ဖြတ်လိုသောအငွေ့အသက်များ လျှို့ဝှက်ပါရှိကြလေသည်။

အကြီးအကဲဝမ်လင်းယွမ် သူမကို ဖိရန် သုံးထားသော နတ်တန်ခိုးများသည် သူမကြောင့် ရုတ်ခြည်းပင် ပျက်ဆီးသွား၏။

ထို့နောက် ကျန်းလင်းအာသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် သရဲတစ်ကောင်သို့ ဖြစ်နေပြီး သူမသည် လေထဲတွင် ပုံရိပ်ဆယ်ခုမျှ ဖန်ဆင်းလိုက်လေသည်။ သူမသည် ကောင်းကင်နတ်မင်းအချို့ကို အလွယ်တကူပင် ဖြတ်ကျော်သွားပြီး ခွိုက်စစ်၏ ဆရာကို တိုက်ခိုက်လိုက်၏။

လီချန်ရှို့သည် သူမကို စိတ်ထဲမှ ချီးကျူးလိုက်၏။

သူ၏ ဆရာဘွားဘွားသည် အမှန်ပင် သေရေးရှင်ရေး အတွေ့အကြုံများကို ကျော်ဖြတ်ခဲ့ဖူးသူဖြစ်၍သာ ထိုကဲ့သို့ ပြောင်မြောက်သော သတ်ဖြတ်အတတ်ကို တတ်ကျွမ်းခဲ့ခြင်းဖြစ်ပေမည်။

သူမသည် တိုက်ခိုက်ရန် တုံ့ဆိုင်းမနေပေ။ သူမသည် သူမ၏ အကန့်အသတ်ကိုသိ၏။ သူမသည် သူမ၏ ခန္ဓာကိုယ်နှင့် တိုက်ကွက်များကို ပြောင်းလဲခဲ့၏။

သို့သော် ဆရာဘွားဘွားသည် ထိုသူကို အစကတည်းက ထိခိုက်ဒဏ်ရာရအောင်သာ ပြုလုပ်လို၍ သတ်ဖြတ်လိုခြင်းမဟုတ်ပေ။ ထို့ကြောင့်သာ သူမဘက်က တပမ်းရှုံးနေရခြင်းဖြစ်သည်။

ခွိုက်စစ်၏ ဆရာသည်လည်း အနိုင်ကျင့်ခံရန် ရည်ရွယ်ချက်မရှိပေ။ သူသည် ရုတ်ခြည်းပင် ရတနာအချို့ကို ပစ်လွှတ်လိုက်သည်။ သို့သော် ထိုရတနာများ မတောက်ပနိုင်လိုက်ခင်မှာပင် ဓားမြှောင်တစ်ချောင်းသည် ထိုတာအိုရသေ့အိုကြီး၏ နောက်၌ ထူးဆန်းစွာပေါ်ပေါက်လာပြီး သူ၏ လက်ယာဘက် ပခုံးကို ထိုးဖောက်သွားလေတော့သည်။

သူသည် သွေရောင်အလင်းတန်း ထပ်မံပေါ်ပေါက်လာသည်ကို မြင်လိုက်ရပြီးနောက် ရုတ်ခြည်းပင် အော်သံတစ်ခုကို ကြားလိုက်ရ၏။

“ ရပ်လိုက်... ”

ကျန်းလင်းအာသည် ရပ်တန့်လိုက်ပြီး ချက်ချင်းပင်နောက်ဆုတ်ကာ ကောင်းကင်ခွင်းတောင်ရှိရာသို့ ကြည့်လိုက်လေသည်။

အလင်းတန်းဆယ်ခုကျော်သည် ပျံသန်း၍ လာနေ၏။ သို့သော် သူမတို့ထံသို့ ရှေးဦးစွာရောက်လာသူသည် သူ၏လက်ကို နောက်သို့ပစ်ထား၏။ သူ၏ နားထင်နှစ်ဖက်တွင် ဆံပင်ဖြူရှည်နှစ်တန်းရှိ၏။ သူ၏ ညိုမှိုင်းနေသော မျက်နှာသည် အတော်လေး ချောမောခံ့ညား၏။ သူသည် ဂိုဏ်းအတွင်းရှိ စွမ်းအားအကြီးဆုံး ကောင်းကင်နတ်မင်းအဆင့်ရှိသူပင်။

ထိုသူကား အရှင်ဝမ်ချင်းပင်။

“ ကျန်းလင်းအာ... ဒီကိစ္စကို အဆုံးသတ်လို့မရဖြစ်သွားအောင် မလုပ်ပါနဲ့ ”

အရှင်ဝမ်ချင်းပြောလိုက်သည်။

လီချန်ရှို့သည် သူ့ ဆရာဘွားဘွား၏ စိတ်နေသဘောထားအရ သူမသည် အေးစက်စက်ရယ်မော၍ အရှင်ဝမ်ချင်း၏ စကားကို အဖက်လုပ်မည်မဟုတ်ဟု တွေးမိလိုက်၏။

သို့သော် မမျှော်လင့်ဘဲ...

“ ကောင်းပြီ... ”

ကျန်းလင်းအာ ခေါင်းညိတ်၍ သူမ၏ ဓားမြှောင်ကို ပြန်ရုတ်လိုက်သည်။

သူမသည် လျင်မြန်စွာပင် လက်ဟန်များပြုလုပ်လိုက်၏။ သူမ၏‌ဘေးရှိ ကျားဖြူကြီးသည် သွေးရောင်အလင်းတန်းများအဖြစ် ပြန်ပြောင်းသွားပြီး ဓားကြီးတစ်ချောင်အဖြစ် ပြန်စုစည်းသွားကာ သူမ၏နောက်ကျောသို့ ပြန်ရောက်သွားလေသည်။

နတ်ရေတံခွန်တောင် အပေါ်သို့ ရောက်လာပြီဖြစ်သော လီချန်ရှို့သည် မူမမှန်သော တစ်စုံတစ်ခုကို ချက်ချင်းပင် အာရုံခံမိလိုက်သည်။

ချစ်ခြင်းမေတ္တာတရားကို မေ့လျော့နေပြီဖြစ်သော ကျန်းလင်းအာ၏ မျက်လုံးများသည် ထိုသူကို ကြည့်သောအခါတွင်မူ အရောင်လက်သွားကြောင်း လီချန်ရှို့ တွေ့လိုက်ရ၏။

သို့သော် အရှင်ဝမ်ချင်းသည် မည်သည့်စကားမှ ထပ်မပြောတော့ပေ။ အခြေအနေ တည်ငြိမ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသောအခါ သူပြောလိုက်လေသည်။

“ ဒီကိစ္စကို ဒီနေရာမှာပဲ အဆုံးသတ်မယ်။ နတ်ရေတံခွန်တောင်နဲ့ ချုံတောင်လေးတို့က တစ်တောင်နဲ့တစ်တောင် ဆက်ပြီး လက်စားချေလို့မရဘူး။ မလိုက်နာရင် ဂိုဏ်းက ပြင်းပြင်းထန်ထန် အပြစ်ပေးရလိမ့်မယ် ”

“ ကျမတို့ ဒီမှာပဲ အဆုံးမသတ်နိုင်ဘူး... ”

ကျန်းလင်းအာ ပြောလိုက်သည်။

“ ကျမရဲ့ တပည့်ကြီး ပျောက်ဆုံးနေတဲ့ ကိစ္စကို သေချာစုံစမ်းပြီးတော့မှ နတ်ရေတံခွန်တောင်နဲ့ ကိစ္စကို အဆုံးသတ်နိုင်မယ် ”

ဘေးမှ အကြီးအကဲတစ်ဦးက ဝင်ပြောလိုက်၏။

“ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက တူ‌လေးခွိုက်စစ်လည်း မြောက်ကျွန်းမှာ တိုက်ခိုက်ခံခဲ့ရပါတယ်။ သူလည်း သူ့အပြစ်သူခံသွားရပါပြီ ”

ကျန်းလင်းအာက ပြန်ပြောလိုက်၏။

“ ကျမရဲ့ ဒုတိယတပည့်က ကိုယ်တိုင်လုပ်ခဲ့တာမဟုတ်ဘူးဆိုရင် အဲဒါက ကမ္မနှောင်ကြိုးကို ဖြတ်တောက်တာလို့ ပြောလို့မရဘူးလေ ”

ထိုအခိုက်တွင် ကျန်းလင်းအာသည် အသံပို့လွှတ်မှုတစ်ခုကို ကြားလိုက်ရ၍ အတန်ငယ် မျက်မှောင်ကြုတ်သွား၏။

“ ဆရာဘွားဘွား... ကျွန်တော်က ချန်ရှို့ပါ။ ဒီကိစ္စဆိုတာ လျှို့ဝှက်ပြီး ဆွေးနွေးလုပ်ဆောင်ရမယ့် ကိစ္စပါ။ ကျွန်တော်တို့ ဒီလို ပေါ်ပေါ်ထင်ထင်ကြီး လက်စားချေလို့ မရဘူးလေ။ ပြီးတော့ အရှင်ဝမ်ချင်းလည်း ကြည့်နေပါသေးတယ် ”

ကျန်းလင်းအာသည် ခေါင်းငဲ့စောင်း၍ လီချန်ရှို့ကို ကြည့်လိုက်သည်။ ထို့နောက် သူမသည် အရှင်ဝမ်ချင်းကို ကြည့်လိုက်သည်။ သူမသည် နှုတ်ခမ်းစေ့၍ ဓားကြီးကို ကျောတွင်လွယ်လိုက်သည်။ ထို့နောက် သူမသည် နောက်လှည့်၍ ချုံတောင်လေးဆီသို့ ပျံသန်းထွက်ခွာသွားလေတော့သည်။

ထိုအခိုက်တွင် သူ၏ ဆရာဘွားဘွားနှင့် အရှင်ဝမ်ချင်းသည် သေချာပေါက် ဇာတ်လမ်းလေးများရှိရမည်ဖြစ်ကြောင်း လီချန်ရှို့ သေချာသွားပေသည်။

လီချန်ရှို့သည် အကြီးအကဲဝမ်လင်းယွမ်ကို ဦးညွှတ်လိုက်သည်။ အကြီးအကဲဝမ်လင်းယွမ်သည် ပြုံး၍ ခပ်ဖြည်းဖြည်း ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် လီချန်ရှို့သည် အကြီးအကဲများ သူ့ကို သတိမထားမိခင်မှာပဲ လျင်မြန်စွာ တိမ်စီး၍ ကျန်းလင်းအာနောက်သို့ လိုက်သွားလိုက်၏။

ပရမ်းပတာ အခြေအနေပြီးဆုံးသွားပြီးနောက် လူတိုင်းသည် ချုံတောင်လေးသို့ ပြန်ရောက်လာကြပေပြီ။

ကျန်းလင်းအာသည် ချီယွမ်၏ တဲအိမ်အတွင်း၌ ထိုင်နေ၏။ ချီယွမ်သည် ‌ဘေးတွင် ရပ်၍ ဦးညွှတ်နေ၏။ သူသည် ကောင်းကင်ပြစ်ဒဏ်ခံနေစဉ် မြေနတ်ဝိဇ္ဇာအဖြစ်သို့ ကူးပြောင်းခဲ့ကြောင်း ပြောလိုက်သည်။

လီချန်ရှို့နှင့် လင်းအယ်သည် တဲအိမ်အပြင်တွင် စောင့်ဆိုင်းနေကြလေသည်။ ကျိုးကျိုး၊ ကျိုးဝူ၊ ယုံချင်ရွှမ်းယာနှင့် ကျိုးရှစ်တို့သည် အခြေအနေကို အဝေးမှ စောင့်ကြည့်နေကြ၏။

ကျန်းလင်းအာတစ်ယောက် ယခုပင် နတ်ရေတံခွန်တောင်ကို အခက်တွေ့အောင် လုပ်ခဲ့သည်ကို သူတို့ထဲမှ အချို့သည် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရ၏။ ထိုအခိုက်တွင် သူတို့သည် ရုတ်တရက်ပြန်လာသော ဆရာဘွားဘွားနှင့် ဆရာဦးလေးတို့၏ အခြေအနေကို စောင့်ကြည့်နေပေသည်။

သူတို့သည် အတန်ငယ် ကြောက်ရွံ့နေ၏။

သူမသည် ကိစ္စအသေးလေးအတွက်ပင် သူတို့ကို သတ်ပစ်ချင် သတ်ပစ်နိုင်လေသည်။ ကောင်းကင်နတ်မင်းအဆင့်ရှိသော သူတချို့ပင် သူမကို တားနိုင်မည် မဟုတ်ပေ။

သူမသည် လူတစ်ယောက်ကို ဓားဖြင့်ထိုးချိန်တွင် မျက်တောင်တစ်ချက်ပင် မခတ်ခဲ့ချေ။

လီချန်ရှို့နှင့် လင်းအယ်တို့သည် တဲအိမ်တွင်းသို့ လာရန် အခေါ်ခံလိုက်ရ၏။ သို့သော် ခေတ္တကြာပြီးနောက် တာအိုရသေ့အိုကြီးချီယွမ်နှင့် လင်းအယ်တို့သာ အပြင်သို့ ပြန်ထွက်လာကြ၏။

တဲအိမ်လေး၏ သစ်သားတံခါးသည် ပိတ်သွားပြီး တဲအပြင်ပတ်လည်တွင်လည်း မန္တန်အစီအရင်အလွှာနှစ်ထပ် ပေါ်ပေါက်လာလေသည်။

လီချန်ရှို့သည် တဲအတွင်း၌ တစ်ဦးတည်းကျန်ခဲ့လေ၏။

ကျိုးဝူသည် ရှေ့သို့ လျင်မြန်စွာ လျှောက်လာ၏။ ယုံချင်ရွှမ်းယာနှင့် ကျိုးကျိုးတို့သည်လည်း စိတ်လှုပ်ရှားနေကြ၏။ လင်းအယ်သည်လည်း မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ မျက်ဝန်းများထဲတွင် စိုးရိမ်မှုများနှင့် ပြည့်နှက်နေလေသည်။

ကျိုးဝူက ခပ်သွက်သွက်ပြောလိုက်၏။

“ ညီလေးချီယွမ်... ချန်ရှို့က ဘာလို့ အထဲမှာ ကျန်ခဲ့ရတာလဲ ”

“ ကျွန်တော့်ရဲ့ ဆရာက ချန်ရှို့ကို သင်ခန်းစာတစ်ခု ပေးချင်လို့တဲ့ ”

ချီယွမ်သည် ခေတ္တမျှတွေးတောလိုက်ပြီး ဆက်ပြောလိုက်သည်။

“ မပူပါနဲ့... ဘာမှ မဖြစ်လောက်ပါဘူး ”

“ ဘယ်လိုလုပ် မပူဘဲ နေနိုင်မှာလဲ ”

ကျိုးကျိုးပြောလိုက်၏။

“ ဒီ ဆရာဒေါ်လေးက တော်တော်လေး စိတ်မြန်လက်မြန်ရှိတယ်။ သူ ဂိုဏ်းကိုရောက်စရှိသေးတယ် ကောင်းကင်နတ်မင်းတစ်ပါးကို သွေးထွက်သံယိုဖြစ်အောင် လုပ်ပြီးသွားပြီ ”

“ စကားကို လက်လွတ်စပယ်မပြောနဲ့လေ... ”

ကျိုးဝူသည် ကျိုးကျိုးကို ဆက်မပြောရန် လျင်မြန်စွာ ရပ်တန့်လိုက်သည်။

တဲအိမ်ထဲတွင် ကျန်းလင်းအာသည် ကုလားထိုင်အဝိုင်းလေးပေါ်တွင် ထိုင်နေ၏။ ကြီးမားသော ဓားကြီးကို ဘေးတွင်ထောင်ထားသဖြင့် သူမသည် အတန်ငယ် သေးနုပ်နေသလို ထင်ရသည်။

သစ်သားတံခါးအပြင် မန္တန်အစီအရင်နှစ်ထပ်ဖြင့် ကာရံထားသော်လည်း သူမသည် နတ်အာရုံသုံး၍ ကျိုးကျိုးကို ကြည့်လိုက်ပြီး ခေါင်းငုံ့၍ သူမ၏ ချပ်ဝတ်ကို ကြည့်လိုက်သည်။

“ ငါ သူ့ကို မတွေ့တာ နှစ်တစ်ထောင်လောက်ပဲရှိသေးတာကို ဒီကလေးမလေးက ဘာလို့ဒီလောက် ထွားလာရတာလဲ... ”

လီချန်ရှို့သည် မည်သည်ကိုမှ မကြားလိုက်သည့်ဟန်ဖြင့် ဘေးတွင် တိတ်တဆိတ်ရပ်နေလေသည်။

“ မင်းက ချန်ရှို့မလား... ”

ကျန်းလင်းအာ ပြောလိုက်သည်။

“ ငါက ဒီတစ်ခေါက် ခဏပဲ ပြန်လာတာ။ ငါ ဂိုဏ်းထဲမှာ အကြာကြီးနေမှာမဟုတ်ဘူး။ ငါ အပြင်မှာ လုပ်စရာကိစ္စတွေ ရှိသေးတယ်။ ငါ နောက်ကျမှ မင်းရဲ့ ဆရာဒေါ်လေးကို သွားရှာလိုက်မယ်... နောက်ကျရင် မင်းရဲ့ဆရာကို မင်းပဲ ဂရုစိုက်ပေးလိုက် ”

လီချန်ရှို့ ရင်တုန်သွား၏။ သူတွေးလိုက်သည်။

‘ ဆရာဘွားဘွားက ငါ့ရဲ့ ချီငြိမ်မန္တရားကို ဖောက်ထွင်းမြင်သွားတာလား ’

ထိုသို့မဖြစ်နိုင်ပေ။ ချီငြိမ်မန္တရားကို အတန်ငယ် ထပ်၍ အဆင့်မြှင့်တင်ပြီးပြီဖြစ်သည်။ ထိုသို့ ဖြစ်စရာ အကြောင်းမရှိပေ။

ကျန်းလင်းအာသည် သူမ၏ နဖူးကို ပွတ်၍ ပြောလိုက်သည်။

“ မင်းရဲ့ ဆရာက နည်းနည်း ခေါင်းမာတယ်။ ပြီးတော့ တခြားသူတွေကိုလည်း အလွယ်ယုံတတ်တယ်။ မင်းကမှ ပိုပြီး အားထားရသေးတယ်လို့ ငါထင်တယ်။ ငါ သူ့ကို မင်းလက်ထဲပဲ အပ်ခဲ့ရမှာပဲ... ”

All Chapters