ဆရာဒေါ်လေးသာ ဆရာဒေါ်လေးကို နိုင်၏
Vol. 11 Ch. 144
လီချန်ရှို့သည် သူ၏ဆရာဘွားဘွား ဂိုဏ်းတွင် ကြာရှည်နေမည်မဟုတ်ကြောင်း ကြားလိုက်ရသောအခါ အတန်ငယ် စိတ်ပျက်သွား၏။
သူသည် ဆရာဘွားဘွားကို မန္တန်အစီအရင်တည်ဆောက်ရာတွင် ပါဝင်ခိုင်းပြီး ချုံတောင်လေးအတွက် အဖိုးတန်ရတနာများ ရှာခိုင်းရန် ရည်ရွယ်ထားခြင်းပင်။
အဟမ်း... ထိုအရာများသည် အရေးမကြီးပေ။
သူမသည် သူမတပည့်များ၏ အခြေအနေကိုလာကြည့်ရန် ပြန်လာခြင်းသာဖြစ်ပြီး ရက်အနည်းငယ်သာ နေမည်ဆိုပါကလည်း ချုံတောင်လေးသည် ပုံမှန်အတိုင်းဆက်၍ တည်ငြိမ်အေးချမ်းနိုင်မည်ဖြစ်၍ ကောင်းသောကိစ္စပင် ဖြစ်သည်။
လီချန်ရှို့၏ ခေါင်းထဲတွင် အကြံတစ်ခုရှိပြီးဖြစ်သည်။ ကျန်းလင်းအာသည် ချီယွမ်အတွက် သူ့ကို အားကိုးရမည်ဟု ပြောပြီးနောက် သူ ပြောလိုက်၏။
“ ဆရာဘွားဘွား... ကျွန်တော် ဆရာ့ကို မပြောဘဲ ထိမ်ချန်ထားတဲ့ ကိစ္စနှစ်ခုရှိပါတယ်။ ဒါပေမဲ့ ဆရာဘွားဘွားကိုတော့ ကျွန်တော်ပြောပြမှရပါမယ် ”
“ မင်းဆရာကို မပြောဘဲ ထိမ်ချန်ထားပေမယ့် ငါ့ကိုတော့ပြောရမယ့်ကိစ္စက ဘာကိစ္စတွေလဲ ”
ကျန်းလင်းအာသည် လီချန်ရှို့ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ သူမသည် မည်သည့် မူမမှန်သည့်ကိစ္စကိုမှ သတိမပြုမိခဲ့ချေ။ သူမသည် အပြင်လောကတွင် နှစ်ပေါင်းများစွာ တိုက်ခိုက်ရှင်သန်ခဲ့ရသူတစ်ယောက်ဖြစ်သဖြင့် အသိအမြင်စူးရှ၏။
ထိုအခိုက်တွင် သူမ၏ အသိအမြင်သည် သူမ၏ မြေးတပည့်နှစ်ယောက်အတွင်းမှ ယခုမှ သူမ မြင်ဖူးသည့် ရှေ့တွင်ရှိနေသော တာအိုပေါင်းစည်းခြင်းအဆင့်ရှိသည့် မြေးတပည့်သည် သူမ၏ ဒုတိယတပည့်ထက် ပို၍ ယုံကြည့်အားထားရသည်ဟု သူမကို ပြောနေ၏။
လီချန်ရှို့သည် မအီမသာမျက်နှာထားဖြင့် ဖြေလိုက်၏။
“ ဆရာက စိတ်ထိခိုက်လွယ်တယ်...အဲဒါကြောင့် ကျွန်တော် သူ့ကို မပြောပြတာပါ။ ဒါပေမဲ့ ဆရာဘွားဘွားရဲ့ စိတ်ဓာတ်ကတော့ ခိုင်မာမယ်လို့ ကျွန်တော်ထင်တယ်။ ဆရာဘွားဘွားကတော့ စိတ်လိုက်မာန်ပါ မလုပ်လောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်... ”
ကျန်းလင်းအာ၏ လက်ချောင်းလေးများသည် အတန်ငယ် တုန်ခါသွား၏။ သူမ ချက်ချင်းပြောလိုက်သည်။
“ မင်းရဲ့ဆရာဒေါ်လေး...တစ်ခုခုဖြစ်နေတာများလား... ”
သူမသည် အမှန်ပင် ဉာဏ်ကောင်းသူဖြစ်ပေသည်။
‘ အဲ့လိုဆိုတော့လည်း ငါနောက်ဆက်ပြောရမှာ လွယ်သွားတာပေါ့ ’
လီချန်ရှို့ သက်ပြင်းချ၍ ပြောလိုက်သည်။
“ ဆရာဒဏ်ရာရသွားတုန်းက ဆရာဒေါ်လေးက မြောက်ကျွန်းကို ဆေးပင်ရှာဖို့ဆိုပြီး သွားပါတယ်။ အဲဒီမှာ အဆိပ်သားရဲတစ်ကောင်ကြောင့် ဒဏ်ရာရသွားခဲ့တယ်။ ဂိုဏ်းကတာဝန်ရှိသူတွေကလည်း သူ့ကို အချိန်မီမကယ်နိုင်ခဲ့ပါဘူး။ ဆရာဒေါ်လေးက လွန်ခဲ့တဲ့ နှစ်ရှစ်ရာကျော်လောက်ကတည်းက ပြန်ဝင်စားပြီးခဲ့ပါပြီ... ”
ကျန်းလင်းအာသည် သူမ၏ မျက်လုံးများကို မှိတ်လိုက်သည်။ သူမ၏ အသက်ရှူသံသည် ခေတ္တမျှ မူမမှန်ဖြစ်နေ၏။ မကြာမီ သူမ အသက်ပြင်းပြင်း ရှူထုတ်လိုက်၏။
“ အဲဒါကရော နတ်ရေတံခွန်တောင်နဲ့ ပတ်သက်နေလား ”
“ ဆရာဒေါ်လေး ဝမ်ကျန်းယွီက ဆရာ့ရဲ့ တာအိုအခြေခံကို ကုသပေးဖို့ အဖိုးတန်ဆေးပင်သွားရှာတာပါ။ ဆရာရဲ့ တာအိုအခြေခံဒဏ်ရာရသွားရတယ်ဆိုတာလည်း တာအိုရသေ့ခွိုက်စစ် အကွက်ချ အကောက်ကြံခဲ့လို့ပါ။ အဲဒီတော့ သူနဲ့ ပတ်သတ်တယ်လို့ ပြောရမှာပါပဲ ”
ကျန်းလင်းအားသည် သူမ၏ လက်ဝဲလက်သီးကို ဆုပ်လိုက်၏။ ကျားဖြူဝိညာဉ် ဓားကြီးသည် အလင်းမှိန်မှိန် တောက်ပသွား၏။
“ တာအိုရသေ့ခွိုက်စစ် ဘယ်လိုသေသွားတယ်ဆိုတာ မင်းသိလား။ သူက ဂိုဏ်းအပြင်က ရန်သူတစ်ယောက် သတ်တာခံလိုက်ရတယ်လို့တော့ ပြောတယ်။ သူတော်တော် ကံကောင်းသွားတာပဲ ”
လီချန်ရှို့သည် ခေတ္တမျှတွေးတော၍ ကျန်းလင်းအာကို ကြည့်လိုက်သည်။ ကျန်းလင်းအာ စိတ်ပြန်တည်ငြိမ်သွားသောအခါ သူပြောလိုက်သည်။
“ အဲ့ကိစ္စက ကျွန်တော် ဆရာ့ဘွားဘွားကို တင်ပြရမယ့် ဒုတိယကိစ္စပါ။ ကျွန်တော် တစ်ရက်တုန်းက တိုက်တိုက်ဆိုင်ဆိုင် အိပ်မက် မက်ခဲ့ပါတယ်... ကျွန်တော် နေရာတစ်ခုကို အိပ်မက် မက်ခဲ့တာပါ ”
“ အဲဒီနေရာက မြောက်ကျွန်းနယ်စပ်က မြို့လေးတစ်မြို့ထင်တယ်။ တာအိုရသေ့ခွိုက်စစ်က တစ်ယောက်ယောက်က သူ့ပုံစံ ဟန်ဆောင်ထားတာတွေ့သွားလို့ အဲ့လူနောက်ကို လိုက်သွားခဲ့ပါတယ်။ အဲ့ တာအိုရသေ့ခွိုက်စစ်က ရက်စက်ပါတယ်။ သူက အဲ့သူ့ပုံစံဟန်ဆောင်ထားတဲ့သူကို သတ်ချင်နေတာပါ..ဒါပေမဲ့ သူပဲ အဲ့အဆိပ်သုံးတဲ့ အယောင်ဆောင်လူကြောင့် သတိမေ့သွားခဲ့ပါတယ်။ အဲဒီလူက တာအိုရသေ့ခွိုက်စစ်ကို ချိုင့်ဝှမ်းလေးတစ်ခုကို ခေါ်သွားပြီး အဆိပ်ဆေးလုံးကိုသုံးပြီး သူ့ရဲ့ တာအိုအခြေခံကို ဖျက်ဆီးပစ်လိုက်ပါတယ်... ”
“ ပြီးတော့ အဲ့လူက လျှပ်စီးဓမ္မမန္တန်အစီအရင်ကိုသုံးပြီး နတ်ဝိဇ္ဇာကောင်းကင်ပြစ်ဒဏ် မိုးကြိုးတွေလောက်အစွမ်းရှိတဲ့ မိုးကြိုးလျှပ်စီးတွေနဲ့ ခွိုက်စစ်ကို ပစ်ချလိုက်ပါတယ်။ အဲဒါကြောင့် ခွိုက်စစ်ရဲ့ ခန္ဓာကိုယ်ကသေဆုံးသွားပြီး ဝိညာဉ်ကလည်း ပျောက်ကွယ်သွားပါတယ် ”
“ နောက်တော့ အဲ့လူက တာအိုရသေ့ခွိုက်စစ်ရဲ့ အသွင်နဲ့ပဲ မြောက်ကျွန်းထဲကို ဝင်ရောက်ပျောက်ကွယ်သွားပါတယ် ”
“ ပြီးတော့ ကျွန်တော်လည်း နိုးလာတာပါပဲ ”
“ ကောင်းပြီ... ”
ကျန်းလင်းအာ အံကြိတ်၍ ပြောလိုက်သည်။
“ ငါကိုယ်တိုင် မသတ်လိုက်ရတော့ ငါ့ရဲ့ အမုန်းတရားတွေက ပြေပျောက်မှာ မဟုတ်ဘူး... ”
ထို့နောက် ကျန်းလင်းအာသည် သူမ၏ မျက်လုံးများကို မှိတ်၍ အာရုံစိုက်လိုက်သည်။ သူမ ပတ်ပတ်လည်ရှိ ကိုယ်ရောင်ကိုယ်ဝါများသည် တဖြည်းဖြည်းပြန်၍ တည်ငြိမ်လာ၏။
ကျန်းလင်းအာ ပြန်၍ မျက်စိဖွင့်လိုက်သောအခါ သူမ၏ မျက်နှာလေးသည် ညှိုးငယ်နေ၏။ သူမသည် ကုလားထိုင်အဝိုင်းလေးတွင် ထိုင်၍ တွေဝေနေ၏။
လီချန်ရှို့သည် မည်သို့မှ ဆက်မပြောတော့ဘဲ တိတ်တဆိတ်သာ စောင့်နေလေသည်။
ကျန်းလင်းအာသည် သူမ၏ခံစားချက်များကို လျင်မြန်စွာ တည်ငြိမ်အောင်လုပ်လိုက်ပြီး တီးတိုးပြောလိုက်သည်။
“ နောက်ကျမှ ကျွန်းကြီးငါးကျွန်းနဲ့ စကြဝဠာတိုက်တစ်သောင်းအတွင်းမှာ ငါ လိုက်ရှာလိုက်မယ်။ မင်းရဲ့ ဆရာဒေါ်လေး ဘာအဖြစ်ပြန်ဝင်စားသွားပြီး ဘယ်မှာရှိနေလည်းဆိုတာ ငါ အစွမ်းရှိသလောက် ကြိုးစားပြီးရှာမယ် ”
“ ဆရာဘွားဘွား... ငရဲပြည်ကို ရန်ကျောင်းတော်ရဲ့ တပည့်အနေနဲ့ လက်ဆောင်နည်းနည်းယူသွားပြီး အဲဒီက တစ္ဆေအစေခံတွေဆီ စုံစမ်းရင်ရော ဘယ်လိုလဲ ”
လီချန်ရှို့သည် ခေါင်းခါ၍ သက်ပြင်းချလိုက်သည်။
“ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းနေတော့ ငရဲပြည်ကို သေမျိုးလောကက မြို့ပြနတ်မင်းဘုံကျောင်းကနေ ဖြတ်သန်းပြီး ဝင်လို့မရဖြစ်နေတယ်။ မဟုတ်ရင် ကျွန်တော် သေချာပေါက် ကိုယ်တိုင်သွားမေးကြည့်မှာပဲ... ”
“ ဟုတ်သားပဲ... ငါဘာလို့ အဲဒါကို မတွေးမိရတာလဲ...အာ... ”
ကျန်းလင်းအာသည် လီချန်ရှို့ကို မယုံသင်္ကာဟန်ဖြင့် ကြည့်လိုက်သည်။
လီချန်ရှို့ စိတ်ထဲမှ သက်ပြင်းချလိုက်၏။ ထိုဆရာဘွားဘွားသည် လှည့်စားရန် အမှန်ပင် မလွယ်ချေ။
သို့သော် သိပ်၍ ကိစ္စမရှိပေ။ သူသည် ထိုအခိုက်တွင် အချိန်မရွေး ဆရာဘွားဘွားကို အနိုင်ယူရန် ပြင်ဆင်ထားပြီးဖြစ်သည်။
လီချန်ရှို့သည် ကျန်းလင်းအာကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်၏။ သူသည် မလုံမလဲ ခံစားမနေရပေ။
ကျန်းလင်းအာ ရေရွတ်လိုက်သည်။
“ ကြည့်ရတာ ငါ့ရဲ့ ဒုတိယတပည့်က အထင်ကြီးစရာကောင်းတဲ့ တပည့်တစ်ယောက်ကို ရထားတဲ့ပုံပဲ ”
“ ဟုတ်ပါတယ်... ကျွန်တော့်ရဲ့ ညီမလေးလင်းအယ်က တော်တော်လေးကို ထူးချွန်ပါတယ်... ”
လီချန်ရှို့ ပြောလိုက်သည်။
“ ဒီနေ့ ဆရာဘွားဘွားရဲ့ သူရဲကောင်းဆန်တဲ့ ဟန်ပန်ကို ကျွန်တော် တော်တော်လေး အထင်ကြီးလေးစားမိပါတယ်။ ဒါပေမဲ့ ဆရာဘွားဘွား... ကျွန်တော့်ရဲ့ အိပ်မက်အကြောင်းကို ဘယ်သူ့ကိုမှ ပြောမပြတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်... ”
ကျန်းလင်းအာ တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။
“ ငါက သတိလက်လွတ် လုပ်တတ်တဲ့သူမို့လို့လား။ မင်းရဲ့... အိပ်မက်ထဲကလူက ဘယ်လို လုပ်လိုက်တာလဲ ”
“ အဲဒါတော့ ကျွန်တော် မသိပါဘူး ”
“ မသိဘူး ဟုတ်လား ”
ကျန်းလင်းအာ ခပ်ဖြည်းဖြည်း ခေါင်းညိတ်လိုက်၏။
“ မင်းက ဒုတိယတပည့်ကို ကောင်းကောင်း ဂရုစိုက်နေတယ်ဆိုတာ ငါပြောနိုင်ပါတယ်... မင်းအတွက် ခက်ခဲခဲ့ရပြီ ”
လီချန်ရှို့ ဦးညွှတ်၍ ပြောလိုက်သည်။
“ ကျွန်တော် အခု အမှားလုပ်မိသွားပါတယ်... ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ ဆရာဘွားဘွား... ”
“ ဘာလို့လဲ... ငါ ဂိုဏ်းအပြင်မှာ လှည့်လည်သွားလာနေတဲ့ နှစ်တွေအတွင်းမှာ ထူးချွန်ပြောင်မြောက်တဲ့သူတွေ၊ ထူးဆန်းတဲ့သူတွေ အများကြီးကို တွေ့ခဲ့ရတယ်။ အဲဒါက ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ နောက်ဆုံးတော့ ဒုတိယတပည့် ခံစားခဲ့ရတာတွေက ငါ့ရဲ့အပြစ်တွေပါပဲ။ ငါက ဂိုဏ်းထဲမှာ မရှိခဲ့လို့ သူတို့ကို မကာကွယ်ပေးနိုင်ခဲ့တာပဲ။ ငါ သူတို့နှစ်ယောက်ကို ဒုက္ခတွေ ခံစေမိခဲ့ပြီ... ”
ကျန်းလင်းအာသည် သူမ၏ လက်ကို ငုံ့ကြည့်လိုက်ပြီး ရုတ်တရက် လက်မြှောက်လိုက်၏။
လီချန်ရှို့သည် အလိုလို နောက်သို့ဆုတ်မိသွားပြီး သူ၏လက်ဝဲလက်ဖဝါးအတွင်း၌ ထွင်းဓားလေးကို ကိုင်ထားလိုက်သည်။
တချိန်တည်းမှာပင် ချုံတောင်လေးပေါ်ရှိ မန္တန်အစီအရင်အောက်ခြေ တစ်ဒါဇင်ကျော်သည်လည်း တောက်ပစွာ လင်းလက်လာ၏။ လီချန်ရှို့၏ အင်္ကျီလက်အတွင်းရှိ စက္ကူကိုယ်ပွားသည်လည်း ကြွေပုလင်းတစ်လုံး၏ အဖုံးကိုဖွင့်ပြီးထားပြီဖြစ်ပြီး အချိန်မရွေး ဆေးအာနိသင်များကို ထုတ်လွှတ်ရန် အသင့်ဖြစ်နေပေသည်။
သို့သော် ကျန်းလင်းအာသည် လက်မြှောက်၍ သူမကိုယ်သူမ ရိုက်ချလိုက်သည်။
လီချန်ရှို့ ဆွံ့အသွား၏။
‘ ဆရာဘွားဘွား... ဆရာဘွားဘွားသာ အဲ့လို ရုတ်တရက်ကြီးတွေ ထထလုပ်ရင် ကျွန်တော် ဆရာဘွားဘွားကို ထိခိုက်အောင် လုပ်မိသွားနိုင်တယ်... ’
ထို့နောက် ကျန်းလင်းအာ၏ မျက်နှာသည် ရောင်ကိုင်းလာပြီး သူမ၏နှုတ်ခမ်းစွန်းမှနေ၍ သွေးအနည်းငယ် စီးကျလာ၏။ သူမ၏ မျက်ဝန်းများထဲတွင် မျက်ရည်များဝေ့လာသော်လည်း သူမသည် ချက်ချင်းပင် မျက်တောင်ခတ်၍ မျက်ရည်မကျစေရန် တင်းခံထားလိုက်သည်။
သူမက ထရပ်၍ ပြောလိုက်သည်။
“ ငါ ငရဲပြည်ကို အခုချက်ချင်း သွားလိုက်မယ် ”
“ ဆရာဘွားဘွား အလျင်လိုစရာ မလိုပါဘူး ”
လီချန်ရှို့ ခပ်သွက်သွက် ပြောလိုက်သည်။
“ ဆရာဘွားဘွားက အခုမှ ဂိုဏ်းကို ပြန်ရောက်ခါစ ရှိပါသေးတယ်။ ကျွန်တော့်ရဲ့ ဆရာနဲ့ အချိန်နည်းနည်းလောက် အတူနေပါဦး။ ကျွန်တော့် တစ်လျှောက်လုံး ဒီကိစ္စကို ဆရာ့ကို မပြောဘဲနေခဲ့တာပါ။ ဆရာဒေါ်လေးက ဆရာ့ကို မတွေ့ချင်ဘူးလို့ပဲ ကျွန်တော်ပြောထားပါတယ်... အဲဒါကြောင့် ဆရာက ဝမ်းနည်းနေတာပါ... ”
“ ဟုတ်တယ်... ဒီကိစ္စကို လောစရာမလိုပါဘူး။ ငါ နည်းနည်း စိတ်လွတ်သွားတယ် ”
ကျန်းလင်းအာသည် သူမ၏ ကုလားထိုင်ဝိုင်းလေးတွင် ပြန်ထိုင်လိုက်သည်။ ထို့နောက် သူမ၏ လက်ကိုမြှောက်၍ ရောင်ကိုင်းနေသောမျက်နှာကို ပြန်လည် ပြင်ဆင်လိုက်၏။
သူမသည် တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး လီချန်ရှို့ကို ကြည့်ကာ အားတင်း၍ ခပ်မဲ့မဲ့ပြုံးလိုက်၏။
“ မင်းက... ပညာရှင်တစ်ယောက် ပြန်ဝင်စားတာလား... ”
လီချန်ရှို့ လေးလေးနက်နက် ပြောလိုက်၏။
“ ကျွန်တော် ငယ်ငယ်တုန်းက ဆရာက ကျွန်တော့်ကို ဂိုဏ်းကို ခေါ်လာခဲ့တာပါ။ ကျွန်တော်က ဆရာဘွားဘွား ဆရာ့ကိုသင်ပေးထားတဲ့ ကျင့်ကြံခြင်းနည်းတွေကိုပဲ ကျင့်ကြံခဲ့တာပါ။ ဆရာဘွားဘွား အဲ့အကြောင်းကို ဆရာ့ကို မေးကြည့်လို့ရပါတယ် ”
ကျန်းလင်းအာ ထပ်မေးလိုက်သည်။
“ ဘာလို့ ဒီနေ့ အကြီးအကဲဝမ်လင်းယွမ်က ငါ့ကို ကာကွယ်ခဲ့ရတာလဲ။ ငါက အဲ့အကြီးအကဲနဲ့ ဘာအဆက်အဆံမှ မရှိပါဘူး ”
“ ကျွန်တော် အကြီးအကဲဝမ်လင်းယွမ်ဆီက အဆိပ်သုတ္တန်တချို့ကို ရခဲ့ဖူးပါတယ်။ ပြီးတော့ ကျွန်တော်နဲ့ အကြီးအကဲဝမ်က မကြာခဏ တွေ့ဆုံလေ့ရှိပါတယ်။ အကြီးအကဲဝမ်က ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံပါတယ် ”
ကျန်းလင်းအာသည် အတန်ကြာတွေးတောလိုက်ပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်သွား၏။
သူမ ခါးသက်သက်ပြုံး၍ ပြောလိုက်သည်။
“ ဒုတိယတပည့်ရဲ့ဘေးမှာ မင်းရှိနေမှတော့ ငါထပ်ပြီး ပူပန်နေစရာမလိုတော့ပါဘူး။ မင်းရဲ့ နာမည်က ချန်ရှို့နော်... ဟုတ်တယ်မလား... ”
“ ဟုတ်ပါတယ်... ”
“ မင်းလိုချင်တာ တစ်ခုခုရှိလား ”
လီချန်ရှို့ ခေါင်းခါလိုက်သည်။ ထို့ပြင် သူသည် ရတနာအိတ်တစ်အိတ်ကို ထုတ်၍ နတ်တန်ခိုးများဖြင့် ရစ်ပတ်၍ လှမ်းပေးလိုက်သည်။
ထိုအထဲတွင် ဒဏ်ရာကုသနိုင်သော၊ အားဖြည့်ပေးနိုင်သော၊ နတ်တန်ခိုးများကို ဖြည့်တင်ပေးနိုင်သော ဆေးလုံးအမြောက်အမြား ပါလေသည်။ ထို့ပြင် ပြင်းထန်သောဒဏ်ရာများကို တည်ငြိမ်အောင်ပြုလုပ်နိုင်သော ဆေးလုံးနှစ်လုံးလည်း ပါ၏။
“ ဒါက ကျွန်တော့်ရဲ့ လက်ဆောင်အသေးလေးပါ။ အထဲမှာ ကျွန်တော် အကြီးအကဲဝမ်လင်းယွမ်ဆီကရထားတဲ့ ဆေးလုံးတွေပါပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ ဆရာဘွားဘွား... ပြီးတော့ ဘယ်သူ့ကိုမှလည်း မပြောပြပါနဲ့... ”
ကျန်းလင်းအာသည် ရတနာအိတ်ကို ယူလိုက်ပြီး ၎င်းကို သူမ၏ နတ်အာရုံဖြင့် လေ့လာလိုက်သည်။ ထို့နောက် သူမ၏ နှုတ်ခမ်းစွန်းများသည် တွန့်ကွေးသွား၏။
လီချန်ရှို့က ပြောလိုက်သည်။
“ ဆရာဘွားဘွား... ဆရာဘွားဘွားက ဂိုဏ်းပြင်မှာ ကြမ်းကြမ်းတမ်းတမ်း နေထိုင်တာဆိုတော့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ လိုပါတယ်... ”
“ မင်းက... ”
ကျန်းလင်းအာ ရယ်ရမလို၊ ငိုရမလိုဖြစ်သွားသည်။
သူမသည် မကြာသေးခင်က သူမပေးလိုက်သော သိုလှောင်ဓမ္မရတနာနှစ်ခုအတွင်းရှိ ဝိညာဉ်ကျောက်တုံးများ၊ အဖိုးတန်ပစ္စည်းများနှင့် ဆေးလုံးများ၏ တန်ဖိုးသည် ဤရတနာအိတ်အတွင်းရှိ ဆေးလုံးများ တန်ဖိုး၏ သုံးဆယ်ရာခိုင်နှုန်းပင် မရှိကြောင်း တွေးမိသွား၏။
ထို့ပြင် အသက်ကယ်နိုင်သော အစွမ်းရှိသည့် ဝိညာဉ်ဆေးလုံးတစ်လုံးသည် သူမကဲ့သို့ သေရေးရှင်ရေးအခြေအနေများကို မကြာခဏရင်ဆိုင်ရသော ကောင်ကင်နတ်မင်းအဆင့် ရောက်ခါစသူတစ်ဦးအတွက် လွန်စွာအဖိုးတန်လေသည်။
ကျန်းလင်းအာသည် မျက်နှာအရေထူထူဖြင့် ရတနာအိတ်ကို လက်ခံလိုက်ရသော်လည်း အိုးတိုးအန်းတန်း ခံစားနေရ၏။
ထို့ကြောင့် သူမသည် မတ်တတ်ထရပ်၍ သူမ၏ ရင်ဘတ်ကို ပုတ်လိုက်သည်။ သူမသည် ချပ်ဝတ်ကိုပုတ်၍ ပြတ်ပြတ်သားသားပြောလိုက်၏။
“ ငါ ကျန်းလင်းအာ မင်းလိုလူမျိုးနဲ့ သေချာပေါက် မိတ်ဆွေဖွဲ့ရမှာပဲ... ”
“ ဆရာဘွားဘွား ကျွန်တော်က ဆရာဘွားဘွားရဲ့ မြေးတပည့်ပါ ”
ကျန်းလင်းအာသည် အရေးမစိုက်ဟန်ဖြင့် ပြောလိုက်၏။
“ အဲ့တော့လည်း ငါတို့နှစ်ယောက်တည်း ရှိတဲ့အချိန်ဆို မိတ်ဆွေတွေလိုနေကြတာပေါ့... ငါ့ကို အသုံးမဝင်တဲ့ သူလို ခံစားရအောင် မလုပ်ပါနဲ့ ”
လီချန်ရှို့ ဆွံ့အသွား၏။
“ ဆရာဘွားဘွား စိတ်ချမ်းသာသလိုသာ လုပ်ပါ။ ဆရာဘွားဘွား တောင်ပေါ်မှာရှိတုန်း ကျွန်တော့်ရဲ့ ဆရာကို သင်ပြပေးသွားပါဦးခင်ဗျာ ”
“ မပူပါနဲ့... ငါက ဂိုဏ်းထဲမှာ သုံးရက်လောက်ပဲနေဖို့ ကြံရွယ်ထားပေမယ့် မင်းမျက်နှာကိုထောက်ပြီး ဒီတစ်ခေါက် လဝက်လောက်နေပြီးမှ ပြန်သွားတော့မယ် ”
လီချန်ရှို့သည် စကြဝဠာတိုက်ကြီးများအကြောင်းကို မေးကြည့်လိုနေ၏။ သို့သော် ထိုအကြောင်းကို တွေးတောပြီးသောအခါ မမေးရန် ဆုံးဖြတ်လိုက်လေတော့သည်။
သူပို၍ မေးလျှင် ပို၍ ကမ္မနှောင်ကြိုးတွယ်လေသာ ဖြစ်သည်။
မကြာမီ ကျန်းလင်းအာနှင့် လီချန်ရှို့တို့ ပြောဆိုပြီးစီးသွား၏။ သူတို့သည် မန္တန်အစီအရင်များကို ပြန်ပိတ်လိုက်ပြီး သစ်သားတံခါးကို ဖွင့်လိုက်ပေးလိုက်ပြီး အပြင်မှလူများကို ဝင်လာခွင့်ပေးလိုက်လေသည်။
ကျန်းလင်းအာ၏ ခံစားချက်များသည် ပြန်၍ တည်ငြိမ်နေပြီဖြစ်သည်။ သူမသည် လီချန်ရှို့ပြောခဲ့သော ကိစ္စနှစ်ခုကို မကြားခဲ့ရသလိုပင်။ သူမသည် ချီယွမ်မှာ အသုံးမကျကြောင်း ပြောပြီးနောက် လင်းအယ်၏ ပါရမီကို ချီးကျူးလိုက်၏။ ကျန်လူများသည် လီချန်ရှို့ကို သံသယဖြင့် ကြည့်လိုက်ကြ၏။ ချီယွမ်သည် လီချန်ရှို့ကို ဘေးသို့ဆွဲခေါ်၍ သူ၏ ဆရာဘွားဘွားကို မည်သည့်ကိစ္စများ ပြောလိုက်သနည်းဟု မေးလိုက်၏။
လီချန်ရှို့သည် မည်သို့အကြောင်းပြရမည်ကို တွေးတောထားပြီးဖြစ်သည်။ သူ၏ ဆရာဘွားဘွားသည် သူ့ကို သင်ခန်းစာပေးခဲ့ခြင်းသာဖြစ်ပြီး နောင်တွင် ချုံတောင်လေးကို ကာကွယ်နိုင်ရန် သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း ပြန်ပြောလိုက်၏။
ချီယွမ် သူ့ကို ယုံသွား၏။
ယနေ့တွင် နတ်ရေတံခွန်တောင်သည် သွေးထွက်သံယိုကိစ္စများဖြစ်ပွားခဲ့သဖြင့် အခြေအနေတင်းမာနေ၏။
ချုံတောင်လေးမှာမူ လှုပ်လှုပ်ရှားရှား ဖြစ်နေ၏။
လီချန်ရှို့နှင့်လင်းအယ်သည် မီးဖိုဘေးတွင် ရပ်ရင်း တစ်ဦးကိုတစ်ဦး ကြည့်၍ ပြုံးလိုက်ကြ၏။ သူတို့သည် ယုံချင်ရွှမ်းယာနှင့်အတူ အလုပ်ရှုပ်နေ၏။
သို့သော် ယုံချင်ရွှမ်းယာသည် အခြားကိစ္စများတွင် ဝင်မရှုပ်ရဲသဖြင့် ဟင်းချက်ရာတွင် လာရောက်ကူညီပေးနေခြင်းပင်။
လင်းအယ်သည် အခွင့်အရေးရှာ၍ လေသံဖျော့ဖျော့ဖြင့် မေးလိုက်သည်။
“ ဆရာဘွားဘွားနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ကိုင်တွယ်ပြီးပြီလား... ”
လီချန်ရှို့ နှုတ်ခမ်းစေ့၍ ပြောလိုက်သည်။
“ လောလောဆယ်တော့ လုံခြုံပြီလို့ အပြတ်မပြောနိုင်သေးဘူး။ ဆရာဘွားဘွား ဂိုဏ်းထဲမှာ ရှိနေတုန်း ညီမလေး သူ့အနောက်ကလိုက်ပြီး ဝတ်ကြီးဝတ်ငယ် လုပ်ပေးလိုက်ပါ... ”
“ ဟုတ်ကဲ့... ”
လင်းအယ် သဘောတူလိုက်ပြီး ဆက်၍ လုပ်ကိုင်လိုက်၏။
ညနေခင်းတွင် တဲအိမ်အတွင်း၌ စားပွဲသောက်ပွဲ ကျင်းပကြ၏။
ကျိုးနတ်ဝိဇ္ဇာသုံးပါးမှလွဲ၍ အခြားမည်သည့်ဧည့်သည်မှ သူတို့ကို လာမနှောင့်ယှက်ကြပေ။
လီချန်ရှို့သည် ကျိုးဝူကို ထပ်မံသတိပေးလိုက်၏။ ကျိုးဝူသည် ‘ စိတ်မပူပါနဲ့ ’ဟူသော အကြည့်ဖြင့် ပြန်ကြည့်လိုက်၏။
ကျိုးဝူသည် အရက်မူးလာလျှင် မပြောသင့်သည်များ ပြောမိသွားမည်စိုးသဖြင့် အရက်သိပ်မသောက်ခဲ့ပေ။
ကျန်းလင်းအာမှာမူ အရက်ကို စိတ်ကြိုက်သောက်၏။ သူမသည် အရက်သုံးခွက်သောက်ပြီးသွားသောအခါ ချီကျင့်ကြံသူများထံတွင် တွေ့ရခဲသော သူရဲကောင်းအရှိန်အဝါကို ထုတ်ဖော်ပြလိုက်သည်။
သူမသည် ချပ်ဝတ်ကြီးကို ချွတ်လိုက်ပြီး ဖျင်ကြမ်းအင်္ကျီနှင့် ဂါဝန်တို့ကို ဝတ်ဆင်လိုက်သည်။ ဖျင်ကြမ်းအင်္ကျီအောက်တွင်မူ ကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ထား၏။
လီချန်ရှို့သည် တပည့်တစ်ဦး၏ဟန်ပန်ဖြင့် အကြိမ်အနည်းငယ် ထပ်ကြည့်လိုက်၏။ ဆရာဘွားဘွားသည် ခန္ဓာကိုယ် ကောက်ကြောင်း သိပ်မပေါ်လွင်ပေ။
ထို့ကြောင့် လင်းအယ်သည် သူမ၏ဆရာဘွားဘွားကို ပို၍ ခင်မင်လာပြီး ဆရာဘွားဘွားမှာမူ ကျိုးကျိုးကို မကျေမနပ်ဖြစ်လာလေတော့သည်။ ထို့ကြောင့် သူမသည် ကျိုးကျိုးကို အရက်သောက်ပြိုင်ရန် စိန်ခေါ်လိုက်၏။
သို့သော် ကျိုးကျိုးသည် ကောင်းကင်ခွင်းတောင်မှ နောက်ဆုံးတပည့်ဖြစ်သည်။ သူမသည် ငယ်စဉ်ကတည်းက အရက်စည်ထဲတွင် ကူးခတ်လာခဲ့သူဖြစ်၏။ သူမသည် နှစ်ထောင်ကျော်ကျင့်ကြံခဲ့စဉ်အတွင်း အရက်သောက်မပြတ်ခဲ့ပေ။ ထို့ကြောင့် သူမ၏ ရေချိန်သည် မိုးထိုးနေပေတော့သည်။
မကြာမီ ကျန်းလင်းအာသည် လျှာလေးအာလေး ဖြစ်လာလေ၏။ ကျိုးကျိုးသည် သူမ၏ နှုတ်ခမ်းကို သပ်လိုက်၏။ သို့သော် သူမသည် စိတ်မလှုပ်ရှားသွားပေ။
ချီယွမ်က မေးလိုက်၏။
“ ဆရာ... ဒီနှစ်တစ်ထောင်အတွင်း ဆရာ ဘယ်လိုများ နေထိုင်ခဲ့တာလဲ ”
“ ဆိုးဆိုးဝါးဝါးတော့ မဟုတ်ပါဘူး ”
ကျန်းလင်းအာ၏ မျက်နှာထားသည် အတန်ငယ် ရှုပ်ထွေးနေ၏။ ထိုမျက်နှာထားထဲတွင် ပျော်ရွှင်မှုနှင့် ခါးသီးမှုတို့ ရောယှက်နေ၏။ သို့သော် ခါးသီးမှုသာ ပို၍ များသယောင်ရှိလေသည်။
ကျန်းလင်းအာသည် ချီယွမ်၏ ပခုံးကို ပုတ်၍ တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။
“ အခုငါ့မှာ မိတ်ဆွေဆိုးတွေ အများကြီးရှိနေပြီ။ ဂိုဏ်းအပြင်မှာ မင်းရဲ့ ဦးလေး၊ ဒေါ်လေး တချို့ရှိတယ်။ မပူပါနဲ့... သူတို့ မင်းကိုအနိုင်မကျင့်စေရပါဘူး... ”
ချီယွမ် ခါးသက်သက်ပြုံးလိုက်၏။
ကျန်းလင်းအာသည် သက်ပြင်းချ၍ ခါးကြောဆန့်ကာ ပြောလိုက်သည်။
“ ဒီနေ့ ငါမင်းကို တွေ့ရတာ ငါ့ရဲ့ ကံကောင်းမှုပဲ။ အစက ငါ ကောင်းကင်နတ်မင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ ဘာမျှော်လင့်ချက်မှ မရှိခဲ့ဘူး။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ငါ အပြင်းအထန်ဒဏ်ရာရသွားပြီး သေလုမျောပါး ဖြစ်ခဲ့တယ်။ အဲဒီအချိန် ရုတ်တရက် ငါ့နှလုံးသားထဲမှာ အလင်းတစ်ချက် လက်သွားပြီး အဆင့်တက်သွားခဲ့တာပဲ ”
“ အင်း... ငါ နှစ်တစ်ထောင်လောက် မရခဲ့တဲ့ ကံကောင်းမှုတွေက အဲ့အဆင့်တက်တဲ့အချိန်မှာ တစ်ပြိုင်တည်း အကုန်ရောက်လာသလိုပဲ ”
“ ငါ့မှာ နိမိတ်ဖတ်တော်တဲ့ မိတ်ဆွေတစ်ယောက်ရှိတယ်။ ငါအဆင့်တက်ပြီးသွားတော့ သူက ငါ့အတွက် နိမိတ်ဖတ်ပေးခဲ့တယ်။ ငါကို တစ်ယောက်ယောက်က ကူညီပေးလိုက်လို့ ငါ့ရဲ့ ကံကောင်းမှုတွေက မြင့်တက်သွားတာတဲ့... ”
ကျန်းလင်းအာသည် ထိုသို့ပြောပြီးနောက် လီချန်ရှို့ကို ကြည့်ကာ လျှာကို အာခေါင်၌ကပ်၍ ပြုံးလိုက်သည်။ ထို့နောက် သူမသည် လေးလေးနက်နက် ပြောလိုက်၏။
“ အခု ငါ တစ်စုံတစ်ခုကို နားလည်သွားပြီ ”
တာအိုရသေ့ဂျပုကျိုးဝူသည် ပြုံး၍ ပြောလိုက်၏။
“ ကံကောင်းမှုရဲ့ အယူအဆက အရမ်းနူးညံ့သိမ်မွေ့ပါတယ် ”
“ အဲဒါက မင်း ချီကို ဘယ်လိုကြည့်ရမလဲဆိုတာ မသိလို့ပဲ... ”
ကျန်းလင်းအာသည် အပြစ်ပြောလိုက်သော်လည်း ကျိုးဝူသည် ဆက်၍သာ ပြုံးနေ၏။
ကျန်းလင်းအာ၏ မျက်နှာသည် အတန်ငယ် နီမြန်းနေ၏။ သူမက ရုတ်တရက်ထပြောလိုက်၏။
“ မင်းရဲ့ဆရာက... ဒီနှစ်တစ်ထောင်အတွင်းမှာ တာအိုလက်တွဲဖော်ရှာတွေ့သွားပြီလား ”
“ မတွေ့သေးပါဘူး ”
ကျိုးကျိုး ပြန်ဖြေလိုက်သည်။
“ ကျမရဲ့ဆရာက သံယောဇဉ်ကြီးတဲ့သူပါ။ သူက တခြားဘယ်သူ့ကိုမှ မေတ္တာရှိနိုင်မှာ မဟုတ်ပါဘူး ”
“ တခြားဘယ်သူ့ကိုမှ မေတ္တာရှိနိုင်မှာ မဟုတ်ဘူး ဟုတ်လား... ”
ကျန်းလင်းအာ နှာခေါင်းရှုံ့လိုက်သည်။
“ အရင်တုန်းက သူက သူ့နာမည်ကို အရှင်ဝမ်ချင်းဆိုပြီး ပြောင်းခဲ့တဲ့သူပဲ။ ငါပြောတာကို မယုံရင် သူ့ကိုသွားမေးကြည့်ပေါ့... ဒါပေမဲ့... စဉ်းစားကြည့်တော့... ”
ကျိုးလင်းအာသည် ဒယိမ်းဒယိုင်ထရပ်လိုက်ပြီး ကျိုးကျိုး၏ အနောက်သို့ လျှောက်သွားလိုက်၏။ သူသည် ကျိုးကျိုးကို ငုံ့ကြည့်လိုက်သည်။
“ ငါလည်း သဘောတရားတွေကို နားလည်ပါတယ်။ ဒါပေမဲ့ ဘာလို့ အဲဒါက တော်တော်လေး...ဟူး... ”
ကျိုးကျိုးသည် အကြောင်းအချို့ကြောင့် အပြစ်ရှိသလိုခံစားနေရ၏။ ပိတ်သိမ်းထားသော မှတ်ဉာဏ်များသည် အရက်ကြောင့် တိတ်တဆိတ်ပြန်ပေါ်လာလေသည်။
လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်ခန့်က သူမသည် ပုံမှန်...
ကျိုးကျိုးတုန်လှုပ်သွားပြီး ထရပ်ရန် ပြင်လိုက်ကာ ကျန်းလင်းအာ သူမကို တားသည်ကို ရှောင်လိုက်၏။ သို့သော် ကျိုးကျိုးသည် ဆက်၍ မလှုပ်ရှားနိုင်တော့ပေ။
“ ဆရာဒေါ်လေးကျန်း... ကမူးရှူးထိုးတွေ မလုပ်နဲ့နော်... ကျမက အသက်တစ်ထောင်ကျော်နေပြီ ”
“ အသက်တစ်ထောင်ကျော်တော့ရော ဘာဖြစ်သေးလဲ။ မင်းရဲ့ဆရာနဲ့ ငါက ဂိုဏ်းကို တချိန်တည်း ဝင်ခဲ့ကြတာပဲ။ ကောင်မစုတ်လေး.. မင်းကို ငါကြည့်ပါရစေဦး။ မင်းက မင်းရဲ့ အပြစ်တွေကို ဖုံးကွယ်ထားတာ ဖြစ်ရမယ်... ”
“ အာ...ချန်ရှို့... မင်းရဲ့ ဆရာဘွားဘွားကို ထိန်းပါဦး ”
“ ဟီးဟီး... ငါက ဒီနေရာမှာ ဝါအကြီးဆုံးပဲ... မင်းရဲ့ဆရာသာ မလာရင် ငါဘယ်သူ့ကို ကြောက်နေရမှာလဲ ”
ဘေးရှိ လင်းအယ်၊ လီချန်ရှို့နှင့် ယုံချင်ရွှမ်းယာတို့သည် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွား၏။
ဆရာဒေါ်လေးကျိုးကျိုး၏ ကမူးရှူးထိုးလုပ်တတ်သော အကျင့်စရိုက်သည် မည်သူ့ထံမှ ရခဲ့ကြောင်းကို သူတို့သိရှိသွားပေပြီ။
သို့ရာတွင် လီချန်ရှို့သည် ရယ်မောစနောက်နေသော်လည်း နတ်ရေတံခွန်တောင်ကို စောင့်ကြည့်သည့် သူ၏အကျင့်ကိုတော့ ဆက်ထိန်းထားလေသည်။ ထိုတောင်မှ သူများ၏ တုံ့ပြန်မှုအရဆိုလျှင် မကြာခင် ပြဿနာအချို့ကို ဖြေရှင်းရဦးမည် ဖြစ်ပေသည်။