အခန်း ၉၀၈
Vol. 61 Ch. 908
အခန်း (၉၀၈) ရွှေအမြုတေ ဓားသွားဝိညာဉ်။ နတ်ဘုရားမျိုးစေ့ လေးခု။ (၅)
သူတို့နှစ်ဦး တွေ့ဆုံကြလျှင် ညှိနှိုင်းမှုကို ရွေးချယ်ကြမည်လား။ အကယ်၍ တကယ်တမ်း တိုက်ခိုက်ကြလျှင် ရှီကျင့်ထျန်းက သူ့ကို အနိုင်ယူနိုင်ပါ့မလားဆိုတာကို ရှီမိသားစုဝင်များမှာ မစိုးရိမ်ဘဲ မနေနိုင်ကြပေ။
ဗလတောင့်တောင့် ခန္ဓာကိုယ်နှင့် အကြီးအကဲက လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ကျောက်တုံးဘုရင်ကို ယုံကြည်လိုက်စမ်းပါ။ သူက ငါတို့ ရှီမိသားစုရဲ့ သိုင်းဝိဇ္ဇာသူတော်စင် ဘိုးဘေးတွေထက်တောင် မနိမ့်ကျဘူး။ သူ ရှုံးမှာ မဟုတ်ဘူး..."
ထိုအကြီးအကဲသည် ရှီကျင့်ထျန်း အနိုင်ရလိမ့်မည်ဟုသာ မျှော်လင့်နိုင်တော့သည်။
'ကျောက်တုံးဘုရင်ရဲ့ စရိုက်အရ သူက တာ့ဝူဖုန်းနဲ့ ညှိနှိုင်းမှာ မဟုတ်ဘူး။ တိုက်ခိုက်ဖို့ပဲ ရွေးချယ်မှာ။ သူကိုယ်တိုင် ကျင့်ကြံပြီး သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာတာရော ဘာဖြစ်လဲ။ သူ့လက်ထဲမှာရှိတဲ့ ကျောက်တုံးဘုရင် မျက်လုံးနဲ့ဆိုရင် သူ ကျိန်းသေ အနိုင်ရမှာပဲ။'
ထိုအကြီးအကဲသည် စိတ်ထဲမှ တိတ်တဆိတ် တွေးနေမိသည်။ သူသည် ရှီကျင့်ထျန်း၏ စရိုက်ကို ကောင်းစွာ သိထားသည်။ ရှီကျင့်ထျန်းသည် မောက်မာပြီး အရှုံးပေးတတ်သူ မဟုတ်သဖြင့် တာ့ဝူဖုန်းနှင့် ထိပ်တိုက်တွေ့မည်မှာ သေချာသလောက် ရှိနေသည်။
သို့သော် များမကြာမီမှာပင် အကြီးအကဲ၏ မျက်နှာမှာ ပျက်ယွင်းသွားတော့သည်။ အကြောင်းမှာ ကျောက်ရုပ်များအဖြစ် ပြောင်းလဲခံထားရသော လီမိသားစုဝင်များ၏ ခန္ဓာကိုယ် မျက်နှာပြင်တွင် အက်ကြောင်းများ ပေါ်လာပြီး အတွင်းမှ အသားစများကို ပြန်လည် မြင်တွေ့လာရသောကြောင့် ဖြစ်သည်။
"ကျောက်တုံးဘုရင်ရဲ့ နတ်ဘုရားစွမ်းရည်တွေ ပျောက်ကွယ်နေပြီ... ဒါဆိုရင် ကျောက်တုံးဘုရင်က..."
ဤလီမိသားစု တပည့်များမှာ ရှီကျင့်ထျန်း၏ 'ကျောက်တုံးဘုရင် မျက်လုံး' ကြောင့် ကျောက်ရုပ်များ ဖြစ်နေခြင်း ဖြစ်သည်။ ယခု နတ်ဘုရားစွမ်းရည်၏ အစွမ်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီဆိုလျှင် အကျိုးဆက်မှာ ထင်ရှားလှပေပြီ။
"မဖြစ်နိုင်တာ... ကျောက်တုံးဘုရင်က ရှီမိသားစုရဲ့ သိုင်းဝိဇ္ဇာသူတော်စင် ဘိုးဘေးတွေနဲ့ တန်းတူပဲလေ။ သူ မရှုံးနိုင်ဘူး... တစ်ခုခု မှားနေတာ ဖြစ်ရမယ်" ရှီမိသားစု သိုင်းပညာရှင် အများအပြားမှာ ခေါင်းများကို အကြိမ်ကြိမ် ခါယမ်းနေကြသည်။ သိုင်းဝိဇ္ဇာသူတော်စင် အဆင့်သို့ တက်လှမ်းထားသော ရှီကျင့်ထျန်း ဘေးဒုက္ခနှင့် တွေ့ကြုံရလိမ့်မည်ဟု သူတို့ မယုံကြည်နိုင်ကြပေ။
"ဒါဆိုရင်... ဆရာစူးက ရှီကျင့်ထျန်းကို တကယ်ပဲ နှိမ်နင်းလိုက်တာလား" အပျော်ရွှင်ဆုံးသူမှာ လီကျန့်ကောင်း ဖြစ်သည်။ သူသည် သူ၏ရှေ့မှ ဖြစ်ရပ်များကို အံ့အားသင့်စွာ ကြည့်နေသော်လည်း တစ်ဖက်တွင်မူ ၎င်းမှာ မှားယွင်းသော မျှော်လင့်ချက် ဖြစ်နေမည်ကို စိုးရိမ်နေမိသေးသည်။
"စာပေနိဗ္ဗာန်ဘုံ ပွင့်သွားပြီ... ဒါဆိုရင်..." မကြာမီမှာပင် လီကျန့်ကောင်းသည် တစ်ခုခုကို ခံစားလိုက်ရပြီး သူ၏ နှလုံးခုန်သံများ မြန်လာသည်။
"အဖေ... အကြီးအကဲတာ့" အဝေးမှ လူပုံရိပ်နှစ်ခုကို မြင်လိုက်ရသောအခါ သူသည် နောက်ဆုံးတွင် စိုးရိမ်မှုများကို စွန့်ပစ်ကာ အော်ဟစ်လိုက်တော့သည်။
စာပေနိဗ္ဗာန်ဘုံအတွင်းသို့ ဝင်လာသူများမှာ စူးချန်ခုန်းနှင့် လီစုန့်တို့ ဖြစ်သည်။
"ကျန့်ကောင်း... သား ဘာမှမဖြစ်တာ မြင်ရတော့ တကယ်ကို ဝမ်းသာတယ်ကွာ" လီကျန့်ကောင်းကို မြင်သောအခါ လီစုန့်သည်လည်း သက်ပြင်းတစ်ချက်ကို အသာချနိုင်တော့သည်။ လီစုန့်သည် လီကျန့်ကောင်း၏ ပုခုံးကို ခပ်တင်းတင်း ပုတ်လိုက်သည်။ မဟာမီးလျှံ အင်ပါယာသို့သွားကာ စူးချန်ခုန်းကို အကူအညီတောင်းခဲ့ခြင်းမှာ လီကျန့်ကောင်း ပြုလုပ်ခဲ့သမျှထဲတွင် အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်ပေသည်။
"အကြီးအကဲတာ့... ကျွန်တော်တို့ လီမိသားစုမှာ အကြီးအကဲကို ပြန်ပေးဆပ်ဖို့ ဘာမှမရှိပါဘူး။ တန်ဖိုးအရှိဆုံးဆိုလို့ ကျွန်တော့်ဆီက နတ်ဘုရားမျိုးစေ့ပဲ ရှိပါတယ်..." လီစုန့်သည် စူးချန်ခုန်းကို ကြည့်ကာ ကျေးဇူးတင်စွာ ပြောလိုက်သည်။ စူးချန်ခုန်းသည် သူတို့တစ်မိသားစုလုံးကို ကယ်တင်ခဲ့သဖြင့် လီစုန့်သည် မိမိ၏ အသက်သွေးကြောဖြစ်သော နတ်ဘုရားမျိုးစေ့ကိုပင် ပေးဆပ်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
စူးချန်ခုန်းက ထိုစကားကို ကြားသောအခါ ရယ်မိသွားပြီး ခေါင်းခါပြလိုက်သည်။ "လီမိသားစု ခေါင်းဆောင်၊ ခင်ဗျားတို့က ကျွန်တော့်ကို အကျိုးအမြတ် တစ်ခုတည်းအတွက်ပဲ လှုပ်ရှားတဲ့သူလို့ ထင်နေတာလား။ ကျွန်တော် ခင်ဗျားတို့ရဲ့ နတ်ဘုရားမျိုးစေ့ကို စိတ်မဝင်စားပါဘူး။ ဒါကို ကိုယ့်ဘာသာကိုယ်ပဲ သိမ်းထားလိုက်ပါ"
လက်ရှိ စူးချန်ခုန်းအတွက် လီမိသားစုထံမှ ပြန်ပေးဆပ်မှုကို သူ အမှန်တကယ် မလိုအပ်ပေ။ နတ်ဘုရားမျိုးစေ့မှာ လီမိသားစုအတွက် အလွန်အရေးကြီးပြီး နောင်အနာဂတ်တွင် မိသားစု ပြန်လည် တင့်တယ်လာစေရန် အထောက်အကူပြုမည့် အရာ ဖြစ်သည်။ စူးချန်ခုန်းသည် သူတို့၏ နောက်ဆုံးမျှော်လင့်ချက်ကို လုယူမည့်သူ မဟုတ်ပေ။ သူ ရရှိထားသော အကျိုးအမြတ်မှာပင် လုံလောက်နေပြီ ဖြစ်သည်။
"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်..." လီစုန့်က ထပ်ခါတလဲလဲ ကျေးဇူးတင်နေမိသည်။ ရှီကျင့်ထျန်း သေဆုံးသွားသဖြင့် ကျောက်ရုပ် ဖြစ်နေသော လီမိသားစု လူငယ်များမှာလည်း ပြန်လည် နိုးထလာကြသည်။ လီစုန့်ကို ခြိမ်းခြောက်ရန် အသတ်ခံလိုက်ရသူ အနည်းငယ်မှလွဲ၍ ကျန်ရှိသူများမှာ အန္တရာယ်ကင်းကြသည်။
လီမိသားစုဝင်များမှာ စိတ်သက်သာရာရသွားကြသော်လည်း ရှီမိသားစု သိုင်းပညာရှင်များမှာမူ ဆုံးရှုံးမှုများဖြင့် ပြည့်နှက်သွားတော့သည်။ စူးချန်ခုန်းနှင့် လီစုန့်တို့ အန္တရာယ်ကင်းကင်း ပြန်လာခြင်းနှင့် ရှီကျင့်ထျန်း၏ နတ်ဘုရားစွမ်းရည်များ ပျောက်ကွယ်သွားခြင်းတို့မှာ အဖြေတစ်ခုတည်းကိုသာ ညွှန်ပြနေသည်။ ရှီကျင့်ထျန်းဟာ စူးချန်ခုန်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့လေပြီ။
ဗလတောင့်တောင့် ခန္ဓာကိုယ်နှင့် အကြီးအကဲသည် မျက်နှာကို အတင်းလုပ်ပြုံးကာ စူးချန်ခုန်းအား ဦးညွှတ်လိုက်သည်။ "အကြီးအကဲတာ့... စောစောက ကျွန်တော်တို့ မလေးမစား လုပ်မိတာတွေအတွက် တောင်းပန်ပါတယ်။ ကျွန်တော်တို့က မျက်စိကန်းနေတဲ့ လူမိုက်တွေပါ။ အကြီးအကဲအနေနဲ့ သက်ညှာပေးပါဦး။ ကျွန်တော်တို့ ရှီမိသားစုက အကြီးအကဲရဲ့ ခွင့်လွှတ်မှုကို ရဖို့ ဘယ်လိုပေးဆပ်မှုမျိုးကိုမဆို လုပ်ဖို့ အသင့်ပါပဲ။"
ထိုအကြီးအကဲသည် စူးချန်ခုန်းထက် များစွာ အသက်ကြီးသော်လည်း သူ့ကိုယ်သူ နှိမ့်ချကာ စူးချန်ခုန်းကို အကြီးအကဲဟုသာ ခေါ်ဆိုနေတော့သည်။ ရှီကျင့်ထျန်း သေဆုံးသွားပြီဖြစ်ရာ သူတို့ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ စူးချန်ခုန်း၏ သနားညှာတာမှုကို တောင်းခံရန်သာ ရှိတော့ကြောင်း သူ ကောင်းစွာ သိထားလေသည်။