အခန်း ၉၁၀
Vol. 61 Ch. 910
အခန်း (၉၁၀) ကျောက်တုံးကို ရွှေဖြစ်စေခြင်း။ မျိုးနွယ်စု တစ်ခုလုံး သုတ်သင်ခံရခြင်း။ (၂)
တစ်နာရီခန့်အကြာတွင် လီစုန့်သည် နဖူးမှ ချွေးများကို သုတ်လိုက်ပြီး စူးချန်ခုန်းကို ပြောလိုက်သည်။ "အကြီးအကဲတာ့... ဝင်ပေါက်ပွင့်သွားပါပြီ"
စူးချန်ခုန်းက ခေါင်းညိတ်ပြလိုက်ပြီး တွန့်ဆုတ်မနေဘဲ "အားလုံး ကျွန်တော့်နောက်က လိုက်ခဲ့ကြ" ဟု ပြောကာ ဝင်ပေါက်အတွင်းသို့ စဝင်လိုက်သည်။ လီစုန့်နှင့် လီမိသားစုဝင် အယောက် ၄၀ ကျော်မှာလည်း သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။
ကျောက်တုံးတောင်၏ အတွင်းပိုင်းမှာ ငှက်သံတေးသံများဖြင့် သာယာနေပြီး ဝိညာဉ်မြက်များနှင့် ဝိညာဉ်ပင်များ နေရာအနှံ့ ရှိနေသည်။ မြစ်ရေများမှာပင် လတ်ဆတ်သော ရနံ့များ ထွက်ပေါ်နေပြီး သာမန် သိုင်းပညာရှင်တစ်ဦးအတွက် ဤနေရာတွင် ရေချိုးရုံမျှဖြင့် ခန္ဓာကိုယ် အပြောင်းအလဲများ ဖြစ်ပေါ်နိုင်သည့် နိဗ္ဗာန်ဘုံလေးတစ်ခုနှင့် တူလှသည်။ စူးချန်ခုန်းသည် လောကကြီးကို အနှံ့အပြား ရောက်ဖူးသဖြင့် များစွာသော ကောင်းကင်ဂူနန်းများကို မြင်တွေ့ဖူးသော်လည်း ဤနေရာမှာလည်း အဆင့်အတန်းတစ်ခု ရှိကြောင်း ဝန်ခံရပေမည်။
"အပြင်လူတွေ ကျူးကျော်လာတာလား။ သူတို့ ဘယ်လိုဝင်လာတာလဲ"
"ကျောက်တုံးဘုရင်... သူ တကယ်ပဲ ကျရှုံးသွားတာလား။ အကြီးအကဲတွေ မျက်နှာပျက်ပြီး ဝင်ပေါက်ကို ချက်ချင်းပိတ်လိုက်တာ ဒါကြောင့်ကိုး။"
စူးချန်ခုန်းတို့အဖွဲ့ ဝင်ရောက်လာသည်နှင့် ရှီမိသားစုမှ အဓိကအဖွဲ့ဝင်များမှာ ထိတ်လန့်တကြား ဖြစ်သွားကြပြီး လူစုလူဝေးဖြင့် ပြန်လည်ခုခံရန် ပြင်ဆင်ကြတော့သည်။
'လူ ၄၀၀ ကနေ ၅၀၀ လောက် ရှိတယ်... မူလဓာတ်ငါးပါး သိုင်းပညာရှင် ၁၀ ယောက်ထက်မနည်းဘူး။ အဲဒီထဲမှာ အစွမ်းထက်ဆုံး သုံးယောက်က နတ်ဘုရားစွမ်းရည်အဆင့်တွေပဲ'
စူးချန်ခုန်းက တစ်ချက် အာရုံခံကြည့်ရုံဖြင့် ရှီမိသားစု၏ အင်အားကို သိလိုက်သည်။ သူတို့တွင် အမှန်တကယ်ပင် အထင်ကြီးစရာကောင်းသော အင်အားစု ရှိနေကြသည်။ စူးချန်ခုန်းသည် စကားအပို မပြောတော့ဘဲ သူ၏ ကြယ်တာရာရွှေလေးကို ထုတ်ယူကာ ကျောက်တုံးတောင်၏ အနက်ရှိုင်းဆုံးနေရာဆီသို့ မြားတစ်စင်း ပစ်လွှတ်လိုက်သည်။
"ရှူး"
ဤမြားချက်မှာ သူ၏ ရွှေအမြုတေကို အသုံးမပြုဘဲ သာမန် လေမိုးကြိုး မြားအတတ်ကိုသာ အသုံးပြုထားခြင်း ဖြစ်သည်။ သို့သော် သူ၏ ဝိညာဉ်စွမ်းအင် ထိန်းချုပ်မှုမှာ အလွန်မြင့်မားသဖြင့် ပတ်ဝန်းကျင် မိုင် ၂၀ အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ ဤမြားတစ်စင်းတည်း၌ စုစည်းသွားတော့သည်။
မြားချက်မှာ လေထုထဲ၌ ကွဲထွက်သွားပြီး လေနှင့် မိုးကြိုးအသွင်သို့ ပြောင်းလဲကာ နေနှင့်လ သဏ္ဌာန် မြားနှစ်စင်းအဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ စူးချန်ခုန်း အာရုံခံမိထားသော နတ်ဘုရားစွမ်းရည်တု အဆင့်ရှိသူတစ်ဦးဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားသည်။
"ဘာ"
ကျောက်တုံးတောင် အနက်ပိုင်းရှိ ဝတ်စုံနက်နှင့် လူမှာ မျက်နှာ ပျက်ယွင်းသွားလေ၏။ ကောင်းကင်ယံမှ နေနှင့်လ ပြိုကျလာသည်ကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် အနာဂတ်တွင် သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာနိုင်သည့် ထိပ်တန်းပညာရှင် ငါးဦးထဲမှ တစ်ဦးဖြစ်သော်လည်း ဤမြားချက်ကို ရင်ဆိုင်ရသောအခါတွင်မူ ဘာမှမတတ်နိုင်ဘဲ သေခြင်းတရားကို ငြိမ်သက်စွာ စောင့်ဆိုင်းနေရတော့သည်။
"ဘုန်း"
ကြီးမားသော ပေါက်ကွဲသံကြီးမှာ တောင်တန်းတစ်ခုလုံး ဟိန်းထွက်သွားပြီး နေရောင်ခြည်နှင့် လရောင်များ ဝင်းခနဲ လက်သွားသည်။ ဝတ်စုံနက်နှင့် လူမှာ မျက်တောင်တစ်ခတ်အတွင်း အမှုန့်ဖြစ်ကာ ပျောက်ကွယ်သွားတော့သည်။ ထိုနေရာ တစ်ဝိုက်ရှိ တောင်ကုန်းများနှင့် လူများမှာလည်း ပြားချပ်သွားရသည်။ သူတို့အများစုမှာ နာကျင်မှုကိုပင် မခံစားရမီ ကမ္ဘာကြီးမှ ပျောက်ကွယ်သွားကြခြင်း ဖြစ်သည်။
" သိုင်းဝိဇ္ဇာသူတော်စင်… သိုင်းဝိဇ္ဇာသူတော်စင် တစ်ယောက် တိုက်ခိုက်နေတာပဲ။"
"ကျောက်တုံးဘုရင် ဘယ်မှာလဲ။ ကျောက်တုံးဘုရင် သခင်ကြီး ဘယ်မှာလဲ"
ပြင်းထန်လှသော ပေါက်ကွဲသံကြောင့် ရှီမိသားစုဝင် ရာပေါင်းများစွာမှာ မူးဝေထွေပြားကုန်ကြသည်။ သူတို့မှာ ကောင်းကင်ပြိုကျလာသည်ဟု ခံစားနေရပြီး သူတို့၏ သိုင်းဝိဇ္ဇာသူတော်စင် ရှီကျင့်ထျန်း လာရောက် ကယ်တင်ရန် မျှော်လင့်နေကြသည်။ ရှီကျင့်ထျန်းမှာ စူးချန်ခုန်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်ကို သူတို့ မသိကြပေ။
'ကျောက်တုံးဘုရင်... သူ တကယ်ပဲ ကျဆုံးသွားပြီ။ ကျောက်တုံးဘုရင်ကို သတ်ခဲ့တဲ့ သိုင်းဝိဇ္ဇာသူတော်စင်က ငါတို့ ရှီမိသားစုကို အမြစ်ပြတ် သုတ်သင်ဖို့ ရောက်လာတာပဲ။'
အချို့သော အကြီးအကဲများမှာ ထိတ်လန့်စွာဖြင့် အမှန်တရားကို သိလိုက်ကြသည်။ ရှီကျင့်ထျန်း၏ အသက်ဓာတ်ဖြင့် ထွန်းညှိထားသော 'ဝိညာဉ်မီးအိမ်' မှာ ဘိုးဘေးစင်မြင့်ပေါ်တွင် စောစောကပင် ကွဲအက်သွားခဲ့သဖြင့် သူတို့ ဘေးဒုက္ခကို သိရှိကာ ဝင်ပေါက်ကို ပိတ်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ရန်သူက ဤမျှ လျင်မြန်စွာ ကျူးကျော်ဝင်ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
"အရှင်..ချမ်းသာပေးပါဗျာ။ ကျွန်တော်တို့ ရှီမိသားစု ကျူးလွန်ခဲ့တဲ့ ဘယ်လို အမှားမျိုးအတွက်မဆို အနူးအညွတ် တောင်းပန်ပါတယ်" ရှီမိသားစု အကြီးအကဲတစ်ဦးက သူ၏ အတွင်းအားဖြင့် ဟစ်အော်ကာ အသက်ချမ်းသာရာ တောင်းခံလိုက်သည်။
သို့သော် သူရရှိလိုက်သော တုံ့ပြန်မှုမှာ စူးချန်ခုန်း၏ နောက်ထပ် မြားတစ်စင်းသာ ဖြစ်သည်။
"ဘုန်း"
နေနှင့်လ ထပ်မံ ထွက်ပေါ်လာပြီး ဖျက်ဆီးခြင်း အရှိန်အဝါများက ထိုအကြီးအကဲနှင့် ပတ်ဝန်းကျင်ရှိ သိုင်းပညာရှင်များကို ချက်ချင်းပင် သုတ်သင်လိုက်တော့သည်။ စူးချန်ခုန်းအတွက်မူ ဤသိုင်းပညာရှင်များမှာ ပုရွက်ဆိတ်များပမာ အားနည်းလှသဖြင့် မည်သည့် အနှောင့်အယှက်မှ မရှိဘဲ သုတ်သင်နိုင်ခဲ့သည်။
"ဘုန်း ဘုန်း ဘုန်း"
ဂူနန်းတော် အနက်ပိုင်းတွင် ပြိုကွဲပျက်စီးသံများ ဆက်တိုက် ထွက်ပေါ်နေပြီး ခိုင်မာသောကျောက်တောင် တစ်ခုလုံး တုန်ခါနေသည်။ ဝိညာဉ်စွမ်းအင်များမှာ ထိန်းချုပ်မရဘဲ သောင်းကျန်းနေပြီး တောင်တန်းများကို ဖြိုခွဲကာ စိုက်ခင်းများကို ဖျက်ဆီးနေကြသည်။ ၎င်းမှာ ကမ္ဘာပျက်ကိန်းတစ်ခုကို မြင်တွေ့နေရသကဲ့သို့ပင်။
'ရှီမိသားစုက... သူတို့ဘာသာသူတို့ ဝိညာဉ်ကြောကို ဖျက်ဆီးလိုက်တာလား'
စူးချန်ခုန်း၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ရှီမိသားစု အကြီးအကဲတစ်ဦးသည် သိုင်းဝိဇ္ဇာသူတော်စင်၏ တိုက်ခိုက်မှုကို မခုခံနိုင်တော့ဘဲ မျိုးနွယ်စု သေဆုံးတော့မည်ကို သိရှိသွားသဖြင့် ဤသုခဘုံကို ရန်သူ့လက်ထဲ အလွယ်တကူ မရောက်စေရန် ဝိညာဉ်ကြောကို ဖျက်ဆီးကာ အတူတူ သေရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
စူးချန်ခုန်းက တိတ်တဆိတ် ခေါင်းခါလိုက်သည်။ သူ၏ အဓိက ရည်ရွယ်ချက်မှာ အမြစ်ပြတ် သုတ်သင်ရန် ဖြစ်သဖြင့် ဤနေရာ ပျက်စီးသွားတာကို ဂရုမစိုက်ပါပေ။ သူသည် မြားများကို ဆက်တိုက် ပစ်လွှတ်ကာ ရှီမိသားစု၏ အစွမ်းထက်ဆုံး ပညာရှင်များကို တစ်ဦးမကျန် သတ်ဖြတ်လိုက်သည်။
နိဗ္ဗာန်ဘုံလေး ဖြစ်ခဲ့သော နေရာမှာ ယခုအခါ အော်ဟစ်သံများ၊ ကျိန်ဆဲသံများဖြင့် ငရဲခန်းတစ်ခုပမာ ဖြစ်သွားရသည်။
"ကျန်တာကိုတော့ ကျွန်တော်တို့လက်ထဲကို လွှဲပေးလိုက်ပါ" လီစုန့်က ရှေ့သို့ လှမ်းလာကာ ပြောလိုက်သည်။ စူးချန်ခုန်း တစ်ဦးတည်း သွေးစွန်းနေသည်ကို ကြည့်ကာ သူတို့မှာ ဘာမှမလုပ်ဘဲ နေရန် စိတ်မသက်မသာ ဖြစ်နေကြခြင်း ဖြစ်သည်။ ဤသည်မှာ မူလကပင် လီမိသားစု၏ ကိစ္စဖြစ်ရာ သူတို့လည်း တာဝန်ယူသင့်သည်ဟု ခံစားနေကြသည်။
"ကောင်းပြီ... ဒါဆို ခင်ဗျားတို့ပဲ ဆက်လုပ်ကြတော့" စူးချန်ခုန်းက ပြန်လည် ဖြေကြားလိုက်သည်။