← Chapters

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

Vol. 6 Ch. 60

အခန်း (၆၀)

ချေမှုန်းခြင်း (၂)

ဝမ်ကျင်း၏ အမိန့်ပေးမှုအောက်တွင် စီရင်စုနယ်စားမင်းအိမ်တော်မှ အမိန့်စာများနှင့် လျှို့ဝှက်စာအမြောက်အမြားကို ဆက်တိုက် ပေးပို့လိုက်လေသည်။

စစ်စခန်းအတွင်း၌မူ စစ်သည်များသည် အရာရှိအသီးသီးတို့၏ အမိန့်ပေးမှုအရ စစ်ထွက်ရန် အသင့်ပြင်ဆင်နေကြပြီး၊ ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများကိုလည်း တစ်ခုပြီးတစ်ခု အပြည့်အစုံ ပြင်ဆင်နေကြပြီ ဖြစ်သည်။

ချန်ကန်းသည် ပို့ဆောင်လာသော တောင်ပုံရာပုံ ရိက္ခာများကို ကြည့်ရင်း၊ ဝဝလင်လင် စားသောက်ထားကြသဖြင့် အားအင်ပြည့်ဝကာ စိတ်ဓာတ်တက်ကြွနေသည့် စစ်သည်တော်များကို ငေးမောကာ စိတ်လှုပ်ရှားကြည်နူးမှုကို မအောင့်နိုင် ဖြစ်နေရသည်။

သူသည် ဝမ်ကျင်း နန်ယန်ကို မသိမ်းပိုက်မီကတည်းက စစ်တပ်ထဲတွင် စစ်ဗိုလ် တစ်ဦးအဖြစ် အမှုထမ်းခဲ့ခြင်း ဖြစ်သည်။

ထိုနှစ်များကို ပြန်လည်တွေးတောမိလျှင် နန်ယန်စီရင်စု၏ ဘဏ္ဍာရေးမှာ ဆင်းရဲချို့တဲ့လှပြီး စစ်တပ်အတွင်းရှိ ဘဝမှာလည်း အလွန်ကြမ်းတမ်းလှသည်။ စစ်သည်လစာကို ထားဦးတော့၊ ဝဝလင်လင် စားသောက်နိုင်ရန်ပင် ပြဿနာဖြစ်နေခဲ့ပြီး လက်နက်နှင့် သံချပ်ကာများလည်း ပြတ်လပ်နေခဲ့သည်။ စစ်သည်များ၏ စိတ်ဓာတ်မှာ အောက်ခြေသို့ ကျဆင်းနေခဲ့ပြီး စစ်သေနာပတိ မာကျိ၏ တင်းကျပ်သော စစ်စည်းကမ်းသာ မရှိခဲ့လျှင် စစ်တပ်၏ အမိန့်စနစ်ပင် ပြိုကွဲသွားလောက်ပြီ ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ စီရင်စုမင်း၏ ရာထူးတိုးမြှင့်ပေးမှုကြောင့် သူ့အား ပိုမိုကြီးမားသော လုပ်ပိုင်ခွင့်နှင့် ဆုလာဘ်များ ပေးသနားခဲ့ရာ၊ သူ၏မိသားစုဘဝမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာပြီး ကိုယ်လုပ်တော်အသစ် နှစ်ဦးပင် ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

စစ်သည်များ၏ လစာမှာလည်း တစ်ခါမျှ နောက်ကျခြင်း မရှိခဲ့ဘဲ၊ ရဲရဲဝံ့ဝံ့ တိုက်ခိုက်သူများကိုလည်း ရက်ရက်ရောရော ဆုချီးမြှင့်တတ်ပေသည်။

ယခုအချိန်တွင် ချန်ကန်းနှင့် နန်ယန်စစ်သည်များ၏ ရင်ထဲ၌ ဝမ်ကျင်း၏ အမိန့်မှာ အကြွင်းမဲ့ဖြစ်ပြီး၊ ဝမ်ကျင်းကို ဆန့်ကျင်ဝံ့သူ မည်သူမဆို သူတို့ကို ဆန့်ကျင်ခြင်းပင် ဖြစ်သည်ဟု သတ်မှတ်ထားကြတော့သည်။

စီရင်စု နယ်စားမင်းအိမ်တော်အတွင်း၌ ဝမ်ကျင်းသည် အစေခံများ၏ အကူအညီဖြင့် စနစ်ဈေးဆိုင်ထဲမှ သေသေချာချာ ရွေးချယ်ထားသော လက်ရာမြောက်လှပပြီး ဇိမ်ခံဆန်သော်လည်း ပေါ့ပါးလှသည့် သံချပ်ကာဝတ်စုံကို ဝတ်ဆင်လိုက်သည်။

၎င်း၏ ကာကွယ်နိုင်စွမ်းမှာ သိပ်မကောင်းလှသော်လည်း အမှန်တကယ်ပင် အလွန်ခန့်ညားထည်ဝါလှပေသည်။ နက်မှောင်သော သံချပ်ကာပေါ်တွင် ရွှေရောင်လိုင်းများနှင့် စာတန်းများ ထွင်းထုထားသည်။ ဘာပဲဖြစ်ဖြစ် အင်အားဆိုတာ ယာယီသာဖြစ်ပြီး ခန့်ညားမှုကတော့ တစ်သက်လုံးစာ မဟုတ်ပါလား။ ထို့အပြင် သူကိုယ်တိုင်လည်း ရှေ့တန်းသို့ တိုးထွက်ကာ တိုက်ခိုက်မည် မဟုတ်ချေ။

ကုရန်၊ အာဟု နှင့် အခြားကိုယ်ရံတော်များကို စုစည်းပြီးနောက်၊ သူသည် သူ၏ဘေးကင်းလုံခြုံမှုကို စိတ်ချရစေရန်အတွက် အရောင်းဆိုင်ထဲမှ ကျင်ရီဝေတပ်မှူး ၂၀ ကို ထပ်မံလဲလှယ်ကာ အနီးကပ် ခြံရံစေခဲ့သည်။

အရာအားလုံး အဆင်သင့်ဖြစ်သောအခါ၊ သူသည် စစ်စခန်းသို့ ဦးတည်ထွက်ခွာခဲ့ပြီး သူ၏စစ်တပ်ဖြင့် စစ်သူကြီး ကျန်းလျောင်နှင့် ဦးစွာ သွားရောက် ပူးပေါင်းကာ အချိန်အခါကောင်း ရောက်သည်နှင့် ကျိန်းအူမြို့ကို တိုက်ရိုက် စီးနင်းတိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့သည်။

သူသည် မြင်းကိုစီးလျက် စစ်စခန်းသို့ ဦးတည်မောင်းနှင်သွားစဉ် လမ်းတစ်လျှောက်ရှိ မြို့သူမြို့သားများထဲမှ ရေတွက်၍မရနိုင်သော မိန်းမပျိုလေးများသည် တောက်ပဆန်းပြားသော သံချပ်ကာကို ဆင်ယင်ထားပြီး ချောမောခန့်ညားသော မျက်နှာရှိသည့် ဝမ်ကျင်းကို ငေးကြည့်ရင်း သူတို့၏နှလုံးသားများ တုန်လှုပ်ချောက်ချားကာ ရင်ခုန် စိတ်လှုပ်ရှားနေကြတော့သည်။

တစ်ချိန်တည်းမှာပင် ကြိုတင်ထွက်ခွာသွားခဲ့သော ချီယန်နှင့် အခြားလူများသည် လော့နန်နိုင်ငံ၏ မြို့တော်အပြင်ဘက်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ မဟာကျင်းနိုင်ငံ၏ လက်ရာပုံစံနှင့် အလွန်တူညီသော်လည်း လူရိုင်းဆန်သော အငွေ့အသက်များစွာ ရောနှောနေသည့် မြို့ရိုးများနှင့် အဆောက်အအုံများမှာ သူတို့၏ မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။

ချီယန်နှင့် သူ၏အပေါင်းအပါများသည် ခရီးဝေးနှင်လာခဲ့ရသဖြင့် မောပန်းနွမ်းနယ်နေကြပြီး သူတို့၏အဝတ်အစားများပေါ်တွင်လည်း ဖုန်မှုန့်များ စွန်းထင်နေခဲ့သည်။ မဟာကျင်းနိုင်ငံမှ ဤမြို့တော်သို့ လာရောက်ရန်မှာ အလွန်ပင် ခက်ခဲကြမ်းတမ်းလှပြီး အထူးသဖြင့် ကျိန်းအူမြို့ကို ကွေ့ပတ်ရှောင်ကွင်းရခြင်း၊ ယွီဝူမျိုးနွယ်စုများကို တွန်းလှန်ရှောင်ရှားရခြင်းနှင့် ကြမ်းတမ်းလှသော လမ်းငယ်လေးများစွာကို ဖြတ်သန်းခဲ့ရခြင်းတို့ကြောင့် ဖြစ်သည်။

ချီယန်သည် သူ၏အိတ်ထဲမှ မဟာကျင်းနိုင်ငံ သံတမန်၏ တရားဝင်ဝတ်စုံကို ထုတ်ယူကာ လဲလှယ်ဝတ်ဆင်လိုက်ပြီးနောက် ကိုယ်ရံတော်တစ်ဦးကို ဆံပင်နှင့် မျက်နှာ ဆေးကြောရန်အတွက် ရေသန့်ယူခဲ့ခိုင်းလိုက်သည်။ အခြားနိုင်ငံတစ်ခုသို့ စေလွှတ်သော သံတမန်တစ်ဦးအနေဖြင့် သူ၏ရုပ်ဆင်းသဏ္ဌာန်မှာ မဟာကျင်းနိုင်ငံတော်ကြီးကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။

ဆေးကြောလဲလှယ်ပြီးနောက်၊ သူသည် သံတမန်ရာထူးအာဏာပြ အမှတ်အသား တုတ်ကောက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

"အလံကို လွှင့်ထူစမ်း။ မြို့ထဲကို ဝင်မယ်။"

ထိုအဖွဲ့သည် မြင်းပေါ်သို့ တက်ကာ လော့နန်နိုင်ငံ မြို့တော်ဆီသို့ အပြင်းနှင်သွားကြပြီး၊ ကိုယ်ရံတော်နှစ်ဦးကမူ 'ကျင်း' ဟု ရေးထွင်းထားသော အလံတော်နှစ်ခုကို ဖြန့်ကာ လွှင့်ထူထားလေသည်။

မကြာမီမှာပင် သူတို့သည် မြို့တံခါးဝသို့ ရောက်ရှိသွားခဲ့ကြသည်။

ချီယန်နှင့် သူ၏အဖွဲ့သည် မြို့တံခါးအပြင်ဘက်ရှိ မြို့စောင့်စစ်သည်များ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ ကျိန်းအူမြို့ သိမ်းပိုက်ခံလိုက်ရသည့် သတင်းမှာ မြို့တော်သို့ ပျံ့နှံ့ရောက်ရှိနေပြီဖြစ်ရာ တစ်မြို့တော်လုံးမှာ တင်းမာသော အငွေ့အသက်များ၊ လှုပ်ခတ်နေသော လျှို့ဝှက်လှိုင်းလုံးများနှင့် တင်းကျပ်လှသော စောင့်ကြပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုအဖွဲ့သည် မြို့တံခါးဝသို့ ရောက်သောအခါ ချီယန်က မျက်ရိပ်ပြလိုက်သဖြင့် ချီကျိသည် မြင်းပေါ်မှ ဆင်းကာ သံသယစိတ်ဖြင့် စောင့်ကြည့်နေသော စစ်သည်တစ်ဦးကို လှမ်းပြောလိုက်သည်။

"ကျွန်တော်တို့က မဟာကျင်းနိုင်ငံတော်က လာတဲ့ သံတမန်တွေပါ၊ မင်းတို့နိုင်ငံရဲ့ အရှင်မင်းကြီးနဲ့ တွေ့ဆုံပြီး အရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အထူးလာရောက်တာဖြစ်လို့ သတင်းပို့ပေးပါ။"

ထိုစစ်သည်ငယ်သည် သူတို့၏ ဝတ်စားဆင်ယင်ပုံ၊ အထူးသဖြင့် ချီယန် ဝတ်ဆင်ထားသော သံတမန်ဝတ်စုံနှင့် လက်ထဲက တုတ်ကောက်ကို မြင်သောအခါ သံသယဖြစ်ဖွယ် မရှိတော့သော်လည်း ဤကိစ္စမှာ သူ ဆုံးဖြတ်နိုင်သည့်အရာ မဟုတ်ချေ။

"မြို့ကို အရေးပေါ်အခြေအနေထုတ်ပြန်ထားလို့ ကျွန်တော် အထက်လူကြီးဆီကို သတင်းပို့ရပါမယ်။"

ထိုသို့ပြောပြီးနောက် သူသည် လှည့်၍ မြို့ထဲသို့ ဝင်သွားခဲ့ပြီး ကျန်ရှိသော စစ်သည်များကမူ လက်နက်များကို ကိုင်စွဲလျက် ချီယန်နှင့် သူ၏အဖွဲ့ကို သေသေချာချာ စောင့်ကြည့်နေကြသည်။

ချီယန်သည် ထိုစစ်သည်များနှင့် ကျယ်ဝန်းသော်လည်း လက်ရှိတွင် ခြောက်ကပ်နေသော မြို့တံခါးဝကို ကြည့်ရင်း အခြေအနေကို သဘောပေါက်သွားခဲ့သည်။ ကျိန်းအူမြို့ ကျဆုံးသွားခြင်းက မြို့တော်အတွင်းရှိ မှူးမတ်မျိုးနွယ်စုများကို အကြီးအကျယ် ထိတ်လန့်တုန်လှုပ်စေခဲ့ပုံ ရပေသည်။

မကြာမီမှာပင် မြို့ထဲသို့ သတင်းပို့ရန် သွားခဲ့သော စစ်သည်သည် ပေါ့ပါးသော သံချပ်ကာကို ဆင်ယင်ထားပြီး မောပန်းနွမ်းနယ်သော ရုပ်ရည်ရှိသည့် သက်လတ်ပိုင်းအရွယ် စစ်သူကြီးတစ်ဦးနှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့သည်။

ထိုလူသည် ချီယန်ကို တစ်ချက်ကြည့်ပြီးနောက် နေမထိထိုင်မသာဖြစ်စွာဖြင့် လက်ဝါးချင်းယှက်၍ ဂါရဝပြုရင်း စကားဆိုလာသည်။

"ကျွန်တော်ကတော့ မြို့တော်ရဲ့ မြို့တံခါးမှူး 'လဲ့ကျဲ' ပါ။ အရှင် မဟာကျင်းနိုင်ငံတော် မြို့တော်ကနေ စေလွှတ်လိုက်တဲ့ သံတမန် ဖြစ်ပါလား။"

သူ၏ စကားနောက်ကွယ်က သဘောမှာ "သင်သည် မဟာကျင်းနိုင်ငံတော်ကြီးတစ်ခုလုံးကို ကိုယ်စားပြုသည့် သံတမန်လား၊ သို့မဟုတ် အုပ်စုတစ်စုစုကို ကိုယ်စားပြုသူလား" ဟူ၍ ဖြစ်သည်။

ထိုစကားကို ကြားသောအခါ ချီယန်သည် စိတ်ထဲ၌ အနည်းငယ် အထင်သေးသွားမိသည်။ 'မင်းတို့လို နိုင်ငံငယ်လေးတစ်ခုက ငါတို့ မဟာကျင်းနိုင်ငံတော် မြို့တော်ကနေ တိုက်ရိုက်စေလွှတ်တဲ့ သံတမန်ကို လက်ခံတွေ့ဆုံဖို့ ထိုက်တန်လို့လား။'

သို့သော်လည်း သူ၏မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခုကို ဖော်ပြလျက်၊ မြင်းပေါ်မှ ဆင်းကာ လဲ့ကျဲကို ပြန်လည် ဂါရဝပြုလိုက်သည်။

"စစ်သူကြီး လဲ့ကျဲ... ကျွန်ုပ်က မြို့တော်ကနေ စေလွှတ်လိုက်တာ မဟုတ်ပါဘူး၊ ယွဲ့ကျိုးပြည်နယ်၊ နန်ယန်စီရင်စုရဲ့ နယ်စားမင်းရဲ့ ကိုယ်စား လာရောက်တဲ့ သံတမန် ဖြစ်ပါတယ်။ ကျွန်ုပ်က အရှင်မင်းကြီးနဲ့ တွေ့ဆုံဖို့ လာခဲ့တာပါ။"

လဲ့ကျဲသည် ထိုစကားကို ကြားသောအခါ သဘောပေါက်သွားခဲ့သည်။ ထို့ကြောင့် သူသည် နန်ယန်စီရင်စု နယ်စားမင်း စေလွှတ်လိုက်သောသူ ဖြစ်နေသည်။

သူသည် နန်ယန်စီရင်စု နယ်စားမင်းနှင့် ပတ်သက်၍ စိမ်းလှသည်မဟုတ်ပေ။ ထိုလူငယ်စီရင်စုမင်းသည် မန်လော့မျိုးနွယ်စုကို အမြစ်ပြတ်ချေမှုန်းခဲ့ပြီး ယခုအခါတွင်လည်း ယွီဝူမျိုးနွယ်စု၏ နယ်စပ်တွင် စစ်တပ်များကို အလုံးအရင်းနှင့် စုစည်းထားကြောင်း ကြားသိထားရသဖြင့် လဲ့ကျဲအနေဖြင့် သူ့ကို ပေါ့ပေါ့တန်တန် မဆက်ဆံရဲချေ။

"သံအမတ်ကြီး... ကျွန်တော့်နောက်ကို ကြွပါ။"

ချီယန်နှင့် သူ၏အဖွဲ့သည် လဲ့ကျဲ၏ နောက်သို့လိုက်၍ မြို့ထဲသို့ ဝင်ခဲ့ကြပြီး ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားသော တည်းခိုခန်းတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ တည်းခိုခန်း၏ ဆိုင်းဘုတ်ပေါ်တွင် မဟာကျင်းစာလုံးများဖြင့် ထွင်းထုထားသော "ရှန်းဝေလို" ဟူသည့် စာလုံးသုံးလုံးကို မြင်သောအခါ၊ လော့နန်နိုင်ငံသည် မဟာကျင်းနိုင်ငံ၏ လွှမ်းမိုးမှုကို မည်မျှအထိ နက်နက်ရှိုင်းရှိုင်း ခံထားရသည်ကို တွေးတောရင်း မသက်ပြင်းချမိတော့သည်။

"အားလုံးပဲ ဒီမှာ ခေတ္တအနားယူရင်း နန်းတွင်းက ဆင့်ခေါ်တာကို စောင့်ဆိုင်းပေးပါ။"

ချီယန်က လဲ့ကျဲကို ဦးညွှတ်ဂါရဝပြုရင်း

"စစ်သူကြီး လဲ့ကျဲကို ဒုက္ခပေးမိပါပြီ။"

"အားနာစရာပါ သံတမန်ကြီး။"

ချီယန်နှင့် သူ၏အဖော်များသည် ဝဝလင်လင် စားသောက်ပြီးနောက် ပြတင်းပေါက်အပြင်ဘက်က ဝင်လုဆဲဆဲ နေမင်းကြီးကို ငေးကြည့်ရင်း မနက်ဖြန်တွင် သူတို့ကို သေချာပေါက် ဆင့်ခေါ်လိမ့်မည်ဟု တွေးတောနေကြသည်။

လော့နန်နိုင်ငံ၏ အဆင့်မြင့်အရာရှိကြီးများသည် သူတို့ကို အကြာကြီး ပစ်ထားရဲမည် မဟုတ်ပေ။ ယွီဝူမျိုးနွယ်စုတစ်ခုတည်းနှင့်တင် သူတို့မှာ ခေါင်းခဲနေရပြီဖြစ်ရာ၊ မဟာကျင်းနိုင်ငံတော်ကြီးကို ပို၍ပင် မပြစ်မှားရဲကြချေ။

သူ၏ ပစ္စည်းများကို ချထားပြီးနောက် ချီယန်သည် ချီကျိကို ခေါ်ယူလိုက်သည်။

သူ၏ ပင်ပန်းနွမ်းနယ်နေသော လူငယ်လေး၏ မျက်နှာကို ကြည့်ကာ ချီယန်က ပုခုံးကို ပုတ်လျက် ပြောလိုက်သည်။

"ကျိအာ... ငါက သံတမန်တစ်ယောက်ဖြစ်လို့ အပြင်ကို လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာဖို့ မသင့်တော်ဘူး။ အခုအချိန်မှာ တည်းခိုခန်းအပြင်ဘက်မှာ လော့နန်နိုင်ငံရဲ့ အင်အားစုအသီးသီးက ငါတို့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ လူတွေ လွှတ်ထားကြမှာ အသေအချာပဲ။"

"မင်းကတော့ ကိုယ်ရံတော်နှစ်ယောက်ကို ခေါ်ပြီး မြို့ထဲမှာ အပန်းဖြေတဲ့အလား လျှောက်သွားလိုက်။ ဒါပေမယ့် သတိထားပါ... ဒီမြို့တော်ထဲက သာမန်ပြည်သူတွေ ဘာတွေပြောနေလဲ၊ ဘာတွေလုပ်နေလဲဆိုတာကို သေသေချာချာ နားစွင့်ထားရမယ်။ ပြီးတော့ ဆန်စပါးနဲ့ ရိက္ခာရောင်းတဲ့ ဆိုင်တွေရဲ့ အရောင်းအဝယ် အခြေအနေကိုလည်း လေ့လာခဲ့ဦး။"

"တမင်သက်သက် စုံစမ်းတာမျိုး မလုပ်ဘဲ သဘာဝကျကျပဲ ဖြစ်ပါစေ။ ပြီးရင်တော့ ပြည့်တန်ဆာအိမ် ဘယ်မှာရှိလဲဆိုတာ လူတစ်ယောက်ကို လှမ်းမေးပြီး အဲဒီကိုသွားကာ ပျော်ပါးလိုက်ချေ။ ဒါပေမယ့် ညမမိုးချုပ်ခင်တော့ ပြန်လာရမယ်၊ မနက်ဖြန်ရဲ့ အရေးကြီးတဲ့ ကိစ္စတွေကိုတော့ မနှောင့်နှေးစေနဲ့။ မှတ်မိရဲ့လား။"

ချီကျိသည် မူလက ချီယန်၏ ညွှန်ကြားချက်များကို အလေးအနက် နားထောင်နေခြင်းဖြစ်သော်လည်း သူ၏အစ်ကိုကြီးက သူ့ကို ပြည့်တန်ဆာအိမ်သို့ သွားခိုင်းသည်ကို ကြားလိုက်ရသောအခါ သူ၏မျက်နှာမှာ ချက်ချင်း နီရဲသွားပြီး ရှက်ကိုးရှက်ကန်းနှင့် ဂနာမငြိမ် ဖြစ်သွားတော့သည်။

"အစ်ကိုကြီး... ကျွန်တော်တို့ ဒီတစ်ခေါက် လာတာ အရေးကြီးတဲ့ ကိစ္စတွေ ရှိနေတာကို၊ ဘယ်လိုလုပ်ပြီး... ဘယ်လိုလုပ်ပြီး အဲဒီလိုနေရာမျိုးကို သွားရမှာလဲ။"

ချီယန်က သူ၏ တုံးအလှသော ညီငယ်လေး၏ ခေါင်းကို ပုတ်လိုက်ကာ၊

"ငါ သွားခိုင်းရင် သွားလိုက်စမ်းပါ။"

ထိုသို့ပြောရင်း သူသည် ငွေတုံးအချို့ကို ထုတ်ယူကာ ချီကျိ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

"ဘာလဲ... မင်း မသွားချင်ဘူးလား။"

ချီကျိသည် ငွေများကို ကိုင်လျက် ကြောင်အမ်းအမ်း ဖြစ်နေပြီး၊

"ကျွန်တော်... သွားချင်တာတော့ သွားချင်ပါတယ်... ဒါပေမယ့် ဒီလောက် ငွေအများကြီး မလိုပါဘူး။ လော့နန်နိုင်ငံက ပြည့်တန်ဆာမလေးတွေက ရွှေနဲ့ လုပ်ထားလို့လား။"

"ဒီငတုံးလေး။ မင်းကို ပြည့်တန်ဆာအိမ် သွားခိုင်းတာက မင်းရဲ့ ခြေရာကို ဖျောက်ဖျက်ရင်း မြို့ထဲက သတင်းအချက်အလက်တွေကို စုဆောင်းဖို့အတွက်ပဲ ကွ။ ငါ မင်းကို ဒီငွေတွေ ပေးတာက အဲဒီက အမျိုးသမီးတွေဆီကနေ သတင်းတွေ စုံစမ်းမေးမြန်းနိုင်အောင်လို့ ပေးတာ။ ငါ့မှာ ဤမျှလောက် ရိုးအတဲ့ ညီလေးတစ်ယောက် ရှိနေရတာ တကယ်ပဲ။ အခု ချက်ချင်း ထွက်သွားတော့။"

All Chapters