အခန်း ၃၅၈
Vol. 26 Ch. 358
အပိုင်း(၃၅၈)
အမည်းရောင် ရဲတိုက်ကြီး၏ အရှေ့ဘက်ရှိ တံခါးကြီးများသည် သဲပြင်ကို ပွတ်တိုက်လျက် ပွင့်ဟသွားလေသည်။ ယီရင်သည် မတ်တတ်ရပ်ရန် ကြိုးစားလိုက်သည်။ သူမ၏ ခမ်းခြောက်နေသော အမြုတေ ကြောင့် ခေါင်းမူးဝေသွားခဲ့သည်။
ပိုင်ရိုသည် သူ၏ လေးလံသော သံချပ်ကာကို ဝတ်ဆင်လျက် သူတို့ဆီသို့ ခြေဆောင့်ကာ လျှောက်လာခဲ့သည်။ ယီရင် လှမ်းမမီနိုင်သော အကွာအဝေးတွင် သူက ရပ်နေခဲ့လေသည်။ ထိုသို့ နေရန်ပင် လိုအပ်မည် မဟုတ်ချေ။ သူမသည် လှောင်ချိုင့်ထဲမှ ယုန်တစ်ကောင်ထက်ပင် တိုက်ခိုက်လိုစိတ် နည်းပါးနေခဲ့ပြီ ဖြစ်သည်။
သို့သော် သူ့ကို မြင်လိုက်ရသည်နှင့် သူမ၏ အမုန်းတရားနှင့် ဒေါသများ ပွက်လောရိုက်လာမှုကိုမူ မတားဆီးနိုင်ခဲ့ပေ။ အကယ်၍ သူသာ သူမကို မတားဆီးခဲ့လျှင်၊ သူမ ယခု ဤနေရာတွင် ရှိနေမည် မဟုတ်ချေ။
မာစီသည် သူမ၏ ဆံပင်နှင့် ဝတ်ရုံများပေါ်မှ သဲများကို ခါချလိုက်ပြီး တံခါးပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ သူမသည် သဲပြင်တွင် ခလုတ်တိုက်မိပြီး ဝင်ပေါက်ဆီသို့ ခြေလှမ်းအနည်းငယ်မျှ ယိမ်းယိုင်သွားခဲ့လေသည်။
ဖီးသင်ထားသော ခရမ်းရောင် ယူနီဖောင်းကို ဝတ်ဆင်ထားသည့် ထိပ်ပြောင်ပြောင်နှင့် အဘိုးအို တစ်ဦး အပြေးအလွှား ထွက်လာခဲ့သည်။ မာစီကို မြင်သောအခါ သူသည် အရှိန်လျှော့လိုက်ပြီး ခြေလှမ်းတိုင်းတွင် သူမကို အရိုအသေပေးလျက် လျှောက်လာခဲ့လေသည်။
"တောင်းပန်ပါတယ် သခင်မလေး... တောင်းပန်ပါတယ်..."
မာစီ မျက်နှာလင်းလက်သွားပြီး သူ၏ဆီသို့ အပြေးအလွှား သွားလိုက်သည်။
"အဘိုးအို လို... ကျွန်မကို မှတ်မိလား..."
အဘိုးအို လို သည် တွန့်ဆုတ်သွားပြီး၊ ဒူးထောက်ကာ သူ၏ နဖူးကို သဲပြင်နှင့် ထိကပ်လိုက်လေသည်။
"ကျွန်တော်မျိုး ဘယ်လောက်ပဲ နှိမ့်ချပြီး တောင်းပန်ပါစေ လုံလောက်မှာ မဟုတ်ပါဘူး... ဒါပေမဲ့ သခင်မလေးရဲ့ မေးခွန်းတွေကို ဖြေကြားခွင့် ပိတ်ပင်ခံထားရပါတယ်... ဘယ်လို အဖြေမျိုးက သခင်မလေးကို ကူညီပေးရာ ရောက်သွားမလဲ ဆိုတာကို ကျွန်တော်မျိုး သေချာ မသိနိုင်လို့ပါ..."
မာစီ၏ မျက်နှာပေါ်ရှိ ရွှင်လန်းမှုများ ပျောက်ကွယ်သွားခဲ့သည်။ သူမ အောက်သို့ ငုံ့ကြည့်လိုက်သည်။
"အို... ရပါတယ်... စိတ်မပူပါနဲ့..."
လို သည် မတ်တတ်ရပ်လိုက်ချိန်တွင် ငိုတော့မည့်အလား ဖြစ်နေခဲ့သည်။ သူသည် တုန်ရီနေသော လက်များဖြင့် သူ့ကိုယ်ပေါ်မှ ဖုန်များကို ခါချလိုက်ပြီး မျက်လုံးများကို မာစီထံမှ မခွာခဲ့ချေ။
သို့သော် အသက်ပြင်းပြင်း အနည်းငယ် ရှူသွင်းလိုက်ပြီးနောက်၊ သူသည် မိမိကိုယ်ကို ထိန်းချုပ်လိုက်ပြီး ကျန်ရှိနေသော သူတို့ဘက်သို့ လှည့်လိုက်လေသည်။ သူက ယီရင်ကို အပေါ်အောက် အကဲခတ်ကာ လျစ်လျူရှုလိုက်ပြီး ပိုင်ရိုကို ကြည့်လိုက်သည်။
"မင်းနဲ့ မင်းရဲ့ အစေခံက ငါ့ရဲ့ သခင်မကို အဖြေပေးရမယ်... လာခဲ့ကြ..."
ယီရင်က မာစီဆီသို့ ခေါင်းရမ်းပြလိုက်သည်။
"သူကရော..."
လိုက သူမ စကားမပြောခဲ့သကဲ့သို့ ဟန်ဆောင်ကာ ပွင့်နေဆဲဖြစ်သော တံခါးကြီးများဆီသို့ ပြန်လှည့်သွားလေသည်။
"ကျွန်မ မဟုတ်ဘူး..."
မာစီက ဝမ်းနည်းစွာ ပြောလိုက်သည်။
"ငါတို့ အထဲဝင်သွားကြရအောင်..."
သူမ စတင် လျှောက်လှမ်းလိုက်သော်လည်း လို သည် ရပ်တန့်သွားခဲ့သည်။
"အာ... ကျေးဇူးပြုပြီး သခင်မလေး... ကျွန်တော်မျိုးကို ခွင့်လွှတ်ပါ... မြင့်မြတ်လှတဲ့ သခင်မလေးရဲ့ မိခင် ပေးထားတဲ့ နာမည်အတိုင်း၊ ကျွန်တော်မျိုးအပေါ် ကရုဏာသက်ပေးပါ..."
သူသည် သူမကို ကျောခိုင်းထားဆဲဖြစ်ရာ၊ ထိုအရာက ရိုင်းရာကျသည်ဟု ယီရင် တွေးလိုက်မိသည်။ သို့သော် သူသည် တဆတ်ဆတ် တုန်ရီနေခဲ့လေသည်။ သူသည် သူမ၏ တုံ့ပြန်မှုကို မြင်ရမည်ကို အလွန်အမင်း ကြောက်ရွံ့နေခြင်းလည်း ဖြစ်နိုင်ပေသည်။
"သခင်မလေးကို အထဲဝင်ခွင့် ပြုလို့ မရပါဘူး..."
သူက ဆက်ပြောလေသည်။
"သခင်မလေးကို ခိုလှုံခွင့် ပေးသလို ဖြစ်သွားမှာမို့လို့ပါ..."
မာစီ၏ မျက်နှာသည် တစ်ခဏမျှ ရှုံ့မဲ့သွားခဲ့သည်။
"ကျွန်မ အလည်လေးတောင် ဝင်လို့ မရဘူးလား..."
"မြင့်မြတ်တဲ့ အမိန့်တော်က... အဓိပ္ပာယ် ကောက်ရ ခက်ခဲလွန်းလို့ပါ... ကျွန်တော်တို့က သခင်မလေးကို အကူအညီ ပေးလို့ မရပါဘူး... ဒါပေမဲ့ ဘယ်အရာက အကူအညီဖြစ်စေတယ်ဆိုတာ သခင်မကြီးရဲ့ အမြင်ကို ကျွန်တော်မျိုးရဲ့ အသိဉာဏ်လေးနဲ့ ဘယ်လိုလုပ် ဆုံးဖြတ်နိုင်ပါ့မလဲ... ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို ချမ်းသာပေးပြီး ဒီအပြင်ဘက်မှာပဲ စောင့်နေပေးပါ..."
မာစီသည် သူမ၏ တောင်ဝှေးကို အားပြုရင်း ခွေကျသွားလေသည်။
ယီရင်သည် အခြေအနေ အရပ်ရပ်ကို ပိုမို ရှင်းလင်းစွာ မြင်သာလာခဲ့သည်။ မိစ္ဆာနတ်ဘုရား နှင့် တိုက်ပွဲဝင်ခဲ့သော အင်ပါယာ ဖြစ်သည့် မာစီ၏ မိခင်က သူမကို နှင်ထုတ်ထားခဲ့ခြင်း ဖြစ်သည်။ မိသားစု၏ အကူအညီများကို ပိတ်ပင်ထားခဲ့သည။
ရက်စက်လွန်းသည်ဟု ထင်ရသည်။ ပုန်ကန်သော သမီးတစ်ယောက်ကို အင်ပါယာ တစ်ပါးအနေဖြင့် အပြတ်ရှင်းကာ သတ်ပစ်လိုက်လိမ့်မည်ဟု သူမ မျှော်လင့်ထားခဲ့မိသည်။ သို့ဆိုလျှင် အရာအားလုံး အဆုံးသတ်သွားမည် မဟုတ်ပါလော။
ပိုင်ရိုသည် လှုပ်ရှားခြင်း မရှိသေးသော်လည်း၊ နောက်ဆုံးတွင် သူက စကားပြောလိုက်လေသည်။
"ခင်ဗျားက အာကူရာ မိသားစု ကိုယ်စား ပြောနေတာလား..."
အဘိုးအို လို သည် သူ့ဘက်သို့ လှည့်လိုက်၏။ ထိုစကိုင်းဆွန်း တွင် တုတ်နှစ်ချောင်းကို ပွတ်တိုက်ရလောက်အောင်ပင် ဦးနှောက်မရှိဟု ရှင်းလင်းစွာ ဖော်ပြနေသော အထင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။
"ဒီရဲတိုက်ရဲ့ သခင်မက ငွေရောင် နှလုံးသား သူတော်စင်၊ အာကူရာ ချာရီတီ ပဲ... သူက အာကူရာ မိသားစု၊ မင်းတို့ရဲ့ ကလေးဆန်တဲ့ ဧကရာဇ်၊ ပြီးတော့ လူသားမျိုးနွယ် တစ်ခုလုံးအတွက် ကိုယ်စားပြု ပြောဆိုနေတာ... သူ့ရဲ့ အမိန့်တွေကို လိုက်နာဖို့ မင်း တုံ့ဆိုင်းနေတာကို မှတ်သားထားလိုက်မယ်..."
ပိုင်ရိုသည် ဒူးတစ်ဖက် ထောက်ကျသွားခဲ့သည်။
"ကျွန်တော် တောင်းပန်ပါတယ်... ချက်ချင်းပဲ နာခံပါ့မယ်..."
သူက ဩရှရှ အသံဖြင့် ပြောလိုက်သည်။
လို သည် မည်သည့် တုံ့ပြန်မှုမျှ မပေးဘဲ တံခါးပေါက်မှတစ်ဆင့် ဆက်လျှောက်သွားခဲ့သည်။ သို့သော် သူ ထိုသို့ လျှောက်သွားစဉ်မှာပင်၊ ဒုတိယမြောက် နေထွက်လာသည့်အလား ရွှေရောင် အလင်းတန်းတစ်ခု ကြီးထွားလာခဲ့လေသည်။ ခေါင်းပေါ်မှ မီးတောက်တစ်ခု ဖြတ်သန်းသွားသည်ဟု ခံစားလိုက်ရသဖြင့် ယီရင်သည် သူမ၏ ဓားကို ဆွဲထုတ်လိုက်ပြီး ဖြစ်သည်။ သို့သော် သူမ အလွန် ပင်ပန်းနွမ်းနယ်နေသောကြောင့် သူမ လုပ်နိုင်စွမ်းရှိသည်မှာ အနည်းငယ်မျှသာ ဖြစ်လေသည်။
ဧရာမ ရွှေရောင် မိုင်တစ်ထောင် တိမ်တိုက် ကြီးသည် နေမင်းကြီးကို ကွယ်ထားလိုက်သည်။ သို့သော် ၎င်းက လုံလောက်စွာ တောက်ပနေသောကြောင့် သူတို့အနေဖြင့် ကွာခြားချက်ကို သိပ်မသိသာခဲ့ချေ။ တိမ်တိုက်၏ မျက်နှာပြင်မှနေ၍ အမျိုးသမီး တစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့လေသည်။
"ကျူးကျော်သူတွေအတွက် ငါတို့အားလုံးမှာ မေးခွန်းတွေ ရှိနေတယ်..."
ထိုအသံက ပြောလိုက်သည်။
"ငါတို့ရဲ့ သခင်ကို လေးစားမှု နည်းနည်းပြပြီး၊ ငါတို့ကို အတူတူ မေးခွန်းထုတ်ခွင့် ပြုပါ..."
အဘိုးအို လို သည် အရပ်အလွန်ပုသောကြောင့်၊ သူ၏ ထိပ်ပြောင်နေသော ခေါင်းကို သူမ မြင်တွေ့နိုင်လေသည်။ သို့သော် သူသည် သူ၏ အစားအစာကို လာရောက် နှောင့်ယှက်နေသော ဆူညံသည့် ငှက်တစ်ကောင်ကို ကြည့်သကဲ့သို့ တိမ်တိုက်ကို မော့ကြည့်လိုက်လေ၏။ သူက ပုံမှန် လေသံဖြင့်သာ စကားပြောလိုက်ရာ၊ သူသည် အခြားသူ၏ နားအကြားအာရုံကို အလွန် ယုံကြည်ထားပုံ ရလေသည်။
"မေးခွန်းတွေ မေးမြန်းပြီးတဲ့အခါ ငါ့ရဲ့ သခင်မက သင့်တော်သလို အဖြေအားလုံးကို ထုတ်ဖော်ပြောပြလိမ့်မယ်..."
သူက ဆက်လျှောက်သွားပြီး ပိုင်ရိုက သူ၏နောက်မှ လိုက်သွားခဲ့သည်။
"သဲကန္တာရ ဘုရင်ကြီး ကို နင်က နည်းနည်းလေးတောင် အလေးမထားဘူးလား..."
အမျိုးသမီး၏ လေသံမှာ ယခုအခါ ဒေါသထွက်နေပုံ ရလေသည်။
"မင်းရဲ့ အကြွင်းအကျန်တွေနဲ့ပဲ ကျေနပ်နေစမ်းပါ နဂါးမ..."
အဘိုးအို လို က နောက်ဆုံး စကားလုံးကို တံတွေးထွေးသကဲ့သို့ ရွံရှာစွာ ပြောလိုက်သည်။
"ငါ့သခင်မက မင်းကို ကောင်းကင်ပေါ်ကနေ အခုချက်ချင်း ဆွဲမချသေးတာ မင်းရဲ့ အဘိုးကိုပဲ ကျေးဇူးတင်လိုက်ပါ..."
တိမ်တိုက်ဆီမှ အမျိုးသမီး၏ အသံထက်ပင် ပိုမို ကျယ်လောင်သော ဟိန်းဟောက်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ သူမက ဒေါသတကြီးဖြင့် စကားပြောလိုက်လေ၏။
"ငါ ဒါကို မှတ်ထားမယ်..."
လို သည် နှာခေါင်းရှုံ့လိုက်ပြီး သူ၏ စိတ်ဝိညာဉ် ကို ဖုံးကွယ်ထားသော မျက်နှာဖုံးကို ဖယ်ရှားလိုက်လေ၏။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင်၊ သူကိုယ်တိုင် ပြန်လည် မဖုံးကွယ်မီ သူ၏ ပတ်လည်ရှိ လူအားလုံး၏ စိတ်ဝိညာဉ် များအပေါ်သို့ ကြီးမားလှသော ဖိအားတစ်ခု ဖိနှိပ်ကျရောက်သွားခဲ့လေသည်။
ဖိအားများ ပျောက်ကွယ်သွားသောအခါ ယီရင်သည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ရသည်။ သူသည် အဆင့်မြင့် အရှင်သခင် တစ်ယောက် ဖြစ်လေသည်။
နဂါးများသည်လည်း သူမကဲ့သို့ပင် ခံစားလိုက်ရသည်မှာ ရှင်းလင်းလှပေသည်။ အဘယ်ကြောင့်ဆိုသော် မိုင်တစ်ထောင် တိမ်တိုက် သည် ၎င်း ရောက်ရှိလာခဲ့စဉ်ကထက် ပိုမို လျင်မြန်စွာ ပျောက်ကွယ်သွားသောကြောင့် ဖြစ်လေ၏။
အဘိုးအို လို သည် သူ၏ အင်္ကျီလက်များကို ခါချလိုက်ပြီး နောက်ဆုံးတွင် ရဲတိုက်ထဲသို့ ဦးဆောင် ခေါ်သွားလေတော့သည်။
(မှတ်ချက် ။ အလယ်အလတ် အရှင်သခင် ဆိုသော အသုံးအနှုန်းကို အဆင့်မြင့် အရှင်သခင်ဟု ပြောင်းလဲ အသုံးပြုပါမည်။ နာရူ အင်ပါယာ ရောက်ရှိနေသော အဆင့် ဖြစ်ပါသည်။)
ကျင့်ကြံခြင်း အဆင့်များ -
၁။ အခြေခံ အဆင့်
၂။ ကြေးအဆင့်
၃။ သံမဏိ အဆင့်
၄။ ကျောက်စိမ်း အဆင့်
၅။ အဆင့်နိမ့် ရွှေအဆင့်
၆။ အဆင့်မြင့် ရွှေအဆင့်
၇။ အစစ်အမှန် ရွှေအဆင့်
၈။ အဆင့်နိမ့် အရှင်သခင်
၉။ အဆင့်မြင့် အရှင်သခင်
၁၀။ အထွတ်အထိပ် အရှင်သခင်
၁၁။ မဟာ အင်ပါယာ အဆင့် / လူသား ဒရက်ဂေါ့ဒ် အဆင့်/ ကပ်ဘေးနတ်ဘုရား အဆင့်
***