အခန်း ၃၆၀
Vol. 26 Ch. 360
အပိုင်း(၃၆၀)
ယီရင်သည် သူမ၏ ဓားအပေါ်သို့ လက်မတင်မိစေရန် လက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။ ၎င်းက ဘာမျှ အထောက်အကူ ဖြစ်မည်မဟုတ်သော်လည်း သူမကို ပိုမို ခံစားရ သက်သာစေလိမ့်မည် ဖြစ်လေ၏။ သူတို့သည် သူတော်စင် တစ်ပါး၏ လက်ချက်ဖြင့် သေဆုံးရန် ဆံခြည်တစ်မျှင်စာမျှသာ လိုတော့ကြောင်း သူတို့ကိုယ်တိုင်ပင် သိမထားခဲ့ကြချေ။
"မင်းတို့က တကယ့် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာဖို့ အရမ်း အားနည်းလွန်းနေတဲ့အတွက်..."
အာကူရာ ချာရီတီက ပေါ့ပေါ့ပါးပါးပင် ဆက်ပြောလေသည်။
"မင်းတို့ကို အထဲဝင်ခွင့် ပြုဖို့ ငါတို့ ဆုံးဖြတ်လိုက်တယ်၊ ငါတို့ အတွက် အကောင်းဆုံး အနေနဲ့ဆိုရင် မင်းတို့က ငါတို့ တပည့်တွေအတွက် လေ့ကျင့်ရေး သက်သက် ဖြစ်သွားနိုင်တယ်၊ အဆိုးဆုံး အနေနဲ့ဆိုရင် မင်းတို့က ဘာကိုမှ ထိခိုက်စေမှာ မဟုတ်သလို၊ ကံကောင်းရင် ကိုယ်ပိုင် အခွင့်အရေးလေး နည်းနည်းပါးပါး ရသွားနိုင်တယ်လေ..."
သူမသည် ဆောက်ဖြင့် ယီရင်ကို ချိန်ရွယ်လိုက်လေ၏။
"ဒါဆို... အဲဒီ အဆင့်နိမ့် ရွှေအဆင့် က ဘာလို့ တံခါးပေါက်ကို ဖျက်ဆီးပစ်ရတာလဲ ဆိုတာ ငါ့ကို ပြောစမ်းပါ..."
ယီရင် အသက်ရှူမှားသွားခဲ့လေ၏။
"ဘယ်လို လုပ်လိုက်တယ် ဆိုတာကိုတော့ ငါ နားလည်တယ်၊ မဟူရာ မီးတောက် လမ်းစဉ် မှာ အကျော်ကြားဆုံး နဂါးရဲ့ အသက်ရှူခြင်း မျိုးကွဲတွေထဲက တစ်ခု ရှိတယ်လေ၊ ဒါပေမဲ့ သူက တံခါးပေါက်ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့တာ အထင်အရှားပဲ၊ အဲဒါ ဘာကြောင့်လဲ ဆိုတာ ငါ သိချင်တယ်..."
အာကူရာ ချာရီတီ သည် လက်ပိုက်ကာ စောင့်ဆိုင်းနေခဲ့လေ၏။
"လင်းတုန်း ဘာကြောင့် အဲဒီလို အလုပ်တွေ လုပ်ရတာလဲ ဆိုတာကိုတော့ ကျွန်မ ရှင်တို့ကို အသေအချာ ပြောမပြနိုင်ဘူး..."
ယီရင်က တီးတိုးရေရွတ်လိုက်သည်။
"ဒါပေမဲ့ ကျွန်မ ခန့်မှန်းချက် တစ်ခု နှစ်ခုလောက်တော့ ပေးနိုင်ပါတယ်..."
သူမသည် လင်းတုန်း မတော်တဆ လုပ်မိသွားခြင်း မဟုတ်ကြောင်း ချာရီတီ အနေဖြင့် သေချာပါသလားဟု မေးချင်ခဲ့သည်။ သို့သော် ထိုအမျိုးသမီးမှာ သူတော်စင် တစ်ပါး ဖြစ်လေ၏။ သူမ သိထားပြီး ဖြစ်သည်။
"သူ တိုက်ခိုက်နေရသလိုမျိုး ကြားရလို့လား..."
ယီရင်က မေးခွန်းထုတ်သည့် လေသံဖြင့် မေးလိုက်သည်။
ချာရီတီ က ခေါင်းညိတ်ပြလိုက်လေ၏။
"ဒါဆိုရင် သူက ရန်သူကို အထဲမှာ ပိတ်လှောင်ထားဖို့ ကြိုးစားတာ ဖြစ်နိုင်တယ်၊ 'မင်းတို့ကို ငါနဲ့အတူ အသေခံ ဆွဲခေါ်သွားမယ်' ဆိုတဲ့ ခံစားချက်မျိုးပေါ့..."
ယီရင်က ပြောလိုက်သည်။ သူတော်စင်က သူမ၏ ဒုတိယ ခန့်မှန်းချက်ကို စောင့်ဆိုင်းနေခဲ့သည်။ သို့သော် ၎င်းကို ပြောရန်မူ ပို၍ ခက်ခဲလှပေ၏။
"ကျွန်မ ကျိန်တော့ မပြောရဲဘူး၊ ဒါပေမဲ့... ကျွန်မသာ ခန့်မှန်းရမယ် ဆိုရင်... သူက တစ်ယောက်ယောက်ကို အထဲ... ဝင်မလာအောင် တားဆီးချင်လို့ နေမှာပါ..."
"မင်းကို တားဆီးချင်လို့ပေါ့..."
ချာရီတီ က တိုးညှင်းစွာ ပြောလိုက်သည်။ ယီရင်က သူမကို ခေါင်းတစ်ချက် ညိတ်ပြလိုက်လေ၏။
"ငါ့ရဲ့ မြေးဝမ်းကွဲ အထဲမှာ ရှိတယ်... တကယ်လို့ မဟူရာ မီးတောက် အင်ပါယာ ဒါမှမဟုတ် အဆုံးမဲ့ ဓား သူတော်စင် က ချိန်ခွင်လျှာကို ပျက်ပြားအောင် လုပ်ဖို့ လှုပ်ရှားနေတယ်လို့ ငါ ထင်ခဲ့ရင်၊ စည်းကမ်းကို ထိန်းသိမ်းဖို့ ငါကိုယ်တိုင် လှုပ်ရှားမှာပေါ့..."
ယီရင်သည် ပခုံးကို ဆန့်တန်းလိုက်ပြီး သူတော်စင် ၏ မျက်လုံးများကို ရင်ဆိုင်ကြည့်လိုက်လေ၏။ ပုံမှန်အားဖြင့် သူမ၏ ဆရာ၏ ဂုဏ်ပုဒ်ကို လူသိများသော်လည်း၊ သူမ၏ လမ်းစဉ် ကို မည်သူမျှ မှတ်မိလေ့ မရှိချေ။ သူမ၏ ဆရာကို သိကျွမ်းခဲ့သူများသာလျှင် သိရှိကြလေသည်။
"ဒါပေမဲ့ အဲဒါက တိုက်ဆိုင်မှုတစ်ခုထက် ပိုမယ်မထင်ပါဘူး..."
ချာရီတီ က လက်ခံလိုက်သည်။
"ငါတို့က နောက်တစ်နှစ်နေမှ တစ္ဆေရေ ကို ပြန်လာဖို့ အစီအစဉ်ဆွဲထားတာ... ဒါပေမဲ့ ဖီးနစ်ငှက်ရဲ့ သောင်းကျန်းမှုကြောင့် ဒီအိတ်ဆောင်ကမ္ဘာက အဲဒီလောက် ကြာကြာခံမှာ မဟုတ်တော့ဘူး... ငါတို့က ဒီနေရာမှာ ရှိနေရမယ့်သူတွေ မဟုတ်ဘူး... ငါတို့ရဲ့ အစီအစဉ်တွေကို ဖြတ်ဟန့်ပြီး ငါတို့ကို နှောင့်ယှက်ဖို့ မင်းကို လွှတ်လိုက်တဲ့သူဆိုရင်တော့... အရမ်းကို အရည်အချင်းမဲ့လွန်းရာ ကျနေလိမ့်မယ်..."
ယီရင်သည် သူမ၏ မေးခွန်း မေးချင်စိတ်ကို ဆက်လက် မထိန်းသိမ်းထားနိုင်တော့ချေ။
"ဟို အဆင့်နိမ့် ရွှေအဆင့် လေ... သူ အသက်ရှင်နေသေးလား..."
"ငါ နောက်ဆုံး စစ်ဆေးကြည့်တုန်းကတော့ သူ အသက်ရှင်နေသေးတယ်..."
သူတော်စင် သည် သူမ၏ တုံ့ပြန်မှုကို စောင့်ကြည့်နေခဲ့သည်။ ထို့ကြောင့် ယီရင်က ခံစားချက်ကင်းမဲ့နေသည့်ဟန်ဖြင့်သာ နေလိုက်လေ၏။
"သူ ဆက်ပြီး အသက်ရှင်နေနိုင်မယ်ဆိုရင် ကြီးမားတဲ့ ဆုလာဘ်တွေကို ရိတ်သိမ်းနိုင်လိမ့်မယ်... ဒါပေမဲ့ ထွက်ပေါက်တစ်ခုတော့ သူ ရှာဖို့ လိုလိမ့်မယ်..."
"ဒါဆို တခြား ထွက်ပေါက် ရှိသေးတာပေါ့..."
"ဒီကျွန်းပေါ်မှာ တစ္ဆေရေ ကို ဝင်လို့ရတဲ့ တခြား ဝင်ပေါက်တစ်ခု ရှိသေးတယ်... မြေပုံ..."
သူမသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ အဘိုးအို လို သည် ဖြတ်ကနဲ ပေါ်လာပြီး၊ ဟောင်းနွမ်းနေသော စက္ကူတစ်ရွက်ကို သူမ၏ လက်ဖဝါးထဲသို့ ထည့်ပေးလိုက်လေ၏။ ထို့နောက် အရိုအသေပေးကာ ပြန်လည် ပျောက်ကွယ်သွားလေသည်။ ယီရင်သည် သူ၏ လှုပ်ရှားမှုများကို မျက်ခြည်မပြတ် လိုက်မကြည့်နိုင်ခဲ့ချေ။
စက္ကူကို လက်နှစ်ချောင်းကြားတွင် ညှပ်ထားရင်း၊ သူတော်စင် က ၎င်းကို ယီရင်ထံသို့ ကမ်းပေးလိုက်သည်။
"ဒါက ဒုတိယ တံခါးပေါက် ပါဝင်တဲ့ ဒီကျွန်းရဲ့ မြေပုံကြမ်းပဲ..."
ယီရင်သည် လက်သီးနှစ်ဖက်ကို ဆုပ်ကာ ငွေရောင် နှလုံးသား သူတော်စင် ကို အရိုအသေပေးလိုက်လေ၏။
"ကျေးဇူးပါပဲ... ရှင်က... တော်တော်လေး အကူအညီဖြစ်ပါတယ်..."
ကူညီလွန်းနေသည်။ ၎င်းက သံသယဖြစ်ဖွယ် ကောင်းလှလေ၏။
သူတော်စင် သည် ယီရင်ကို လက်ညှိုးထိုးပြလိုက်သည်။
"မင်းအတွက် အကူအညီ ဖြစ်တာပါ... ငါ့ရဲ့ တူမ အတွက် မဟုတ်ဘူး..."
"အာ..."
ထိုစကားက ယီရင်ကို အနည်းငယ် သက်သာရာရသွားစေခဲ့သည်။ အာကူရာ မိသားစု အတွင်းတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ဖြစ်စေ၊ သူမက အခွင့်ကောင်းယူနိုင်လေ၏။
"နောက်ဆုံး မေးခွန်းတစ်ခုလောက်..."
သူတော်စင် က ခေါင်းညိတ်ပြလိုက်လေ၏။
"ရှင် ဘာလို့ ဒီကို ရောက်နေတာလဲ..."
ယီရင်က မေးလိုက်သည်။
"ရှင့်ရဲ့ မြေးဝမ်းကွဲက မျိုးဆက်တစ်ခုရဲ့ ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက် ဖြစ်မယ်ဆိုတာ ကျွန်မ သေချာပါတယ်... ဒါပေမဲ့ သူတော်စင် တစ်ပါးကို အစောင့်ချထားတာက ကြွက်ဖမ်းဖို့ ကျားတစ်ကောင်ကို လွှတ်လိုက်သလိုပဲလေ..."
ချာရီတီ ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြတ်သန်းသွားခဲ့သည်။
"ပိုကြီးမားတဲ့ ပြိုင်ပွဲကြီးတစ်ခု လာတော့မယ်... အခုပြိုင်ပွဲထက် အများကြီး ပိုပြီး စွန့်စားရမယ့် ပြိုင်ပွဲမျိုးပေါ့... ငါတို့အားလုံးက တူညီတဲ့ အကြောင်းပြချက်နဲ့ ဒီကို ရောက်နေကြတာလို့ ငါ ထင်တယ်... အဲဒါက ငါတို့ရဲ့ ပြိုင်ဘက်တွေကို အကဲခတ်ဖို့နဲ့ ငါတို့ကို ကျော်တက်မသွားအောင် တားဆီးဖို့ပဲ..."
"ပိုကြီးမားတဲ့ ပြိုင်ပွဲကြီး ဟုတ်လား..."
ငွေရောင် နှလုံးသား သူတော်စင်သည် လက်ကို ဆန့်ထုတ်လိုက်သည်။ သူမသည် လျင်မြန်စွာ လှုပ်ရှားပုံမပေါ်သော်လည်း၊ ယီရင် မတုံ့ပြန်နိုင်မီမှာပင် သူမ၏ လက်ချောင်းတစ်ချောင်းက ယီရင်၏ နဖူးပေါ်သို့ ရောက်ရှိနေခဲ့လေပြီ။ ရုတ်တရက်ဆိုသလို ယီရင်သည် ထိုလမ်းကြောင်းကို အကြိမ်တစ်ထောင်မျှ လျှောက်ဖူးနေသည့်အလား ထွက်ပေါက်ဆီသို့ သွားရာလမ်းကို သိရှိသွားခဲ့လေ၏။
"ပြိုင်ပွဲကြီး တစ်ခုလေ..."
ချာရီတီ က ဖြေလိုက်ပြီး၊ သူမ၏ ရုပ်တုများဆီသို့ ပြန်လှည့်သွားလေတော့သည်။
...
ယီရင် ကမ်းခြေသို့ ပြန်ရောက်လာသောအခါ၊ မာစီ တစ်ယောက် ပျော်ပွဲစား အခင်းတစ်ခုပေါ်တွင် ထိုင်လျက် ခွက်တစ်ခွက်ထဲမှ ခေါက်ဆွဲများကို စားသောက်နေသည်ကို တွေ့လိုက်ရလေ၏။ ခေါက်ဆွဲများမှာ ပူနွေးနေသည်။ ထိုအရာက ဘယ်ကများ ရောက်လာပါလိမ့်။
မာစီသည် ကမန်းကတန်း ထရပ်လိုက်ပြီး သူမ၏ ခွက်ကို ဘေးသို့ ချထားလိုက်ရာ မှောက်ကျလုနီးပါး ဖြစ်သွားခဲ့လေ၏။
"ယီရင်... နင် ပြန်မလာနိုင်တော့ဘူး ထင်နေတာ... ဟိုလေ... နောက်ထပ် တစ်နာရီလောက် ထပ်စောင့်ပြီးရင် ငါ အထဲဝင်လာမလို့ပဲ..."
အဆင့်မြင့် အရှင်သခင် တစ်ယောက်နှင့် သူတော်စင် တစ်ပါးတို့က မလိုချင်သော နေရာတစ်ခုသို့ အဆင့်နိမ့် ရွှေအဆင့် တစ်ယောက်အနေဖြင့် အတင်းအကျပ် ဝင်ရောက်လာနိုင်မည့် အနေအထားမျိုးကို ယီရင် မမြင်ခဲ့ချေ။ သူတို့က တိုက်ရိုက် အင်အား မသုံးခဲ့လျှင်တောင်မှ ဖြစ်နိုင်မည် မဟုတ်ပေ။
"လင်းတုန်း အသက်ရှင်နေသေးတယ်..."
ယီရင်က သတင်းပို့လိုက်သည်။
မာစီက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်လေ၏။
"တခြားသူတွေရော အဆင်ပြေလား..."
"ငါ... သူတို့အကြောင်းကိုတော့ မတွေးမိဘူး..."
သူမက ဝန်ခံလိုက်သည်။
"အင်း... တခြားသူတွေက သူ့ထက် ပိုသန်မာကြတာပဲလေ... သူ အဆင်ပြေတယ်ဆိုရင် သူတို့လည်း အဆင်ပြေမှာ သေချာပါတယ်..."
"သူ့ရဲ့ မြေးဝမ်းကွဲ အထဲမှာ ရှိတယ်လို့ သူ ပြောတယ်... နင် သိတဲ့သူလား..."
မာစီသည် အခြားတစ်ဖက်သို့ အကြည့်လွှဲရင်း ခေါင်းကို ကုတ်လိုက်လေ၏။
"ဖြစ်နိုင်တယ်၊ ဟုတ်တယ်... သူ့မှာ မြေးဝမ်းကွဲ တစ်ယောက်ထက်မက ရှိတယ်၊ ဒါပေမဲ့... အဲဒါက ဟာမိုနီ အကြောင်း ပြောနေတာဖြစ်ဖို့ သေချာသလောက်ပဲ..."
"နင့်ရဲ့ ဝမ်းကွဲလား..."
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ငါတို့က လုံးဝ မတူညီတဲ့ မိသားစုခွဲတွေကပါ..."
သူမသည် အခြားတစ်ဖက်ကို ကြည့်နေဆဲဖြင့် ဆံပင်ကို လက်ချောင်းတစ်ချောင်းတွင် ရစ်ခွေနေခဲ့လေ၏။
"သူက ငါ့ရဲ့ စေ့စပ်ထားတဲ့သူလေ..."
ယီရင်၏ မျက်ခုံးများ မြင့်တက်သွားခဲ့သည်။ မာစီအနေဖြင့် ဝေးကွာသော ဝမ်းကွဲတစ်ယောက်နှင့် ပတ်သက်သည့် အချက်အလက် အနည်းငယ်မျှကို ပြန်လည် မှတ်မိနိုင်လိမ့်မည်ဟု သူမ မျှော်လင့်ထားခဲ့မိသည်။ ပထမဆုံး မြှားပစ်ချလိုက်သည်နှင့် ငါးမန်းတစ်ကောင်ကို ဖမ်းမိလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။
"ငါ မိသားစုကနေ မထွက်လာခင်ကတည်းက ပြီးဆုံးသွားခဲ့ပါပြီ..."
သူမက ထပ်ဖြည့်ပြောလိုက်သည်။
"နင်က ဖျက်လိုက်တာလား..."
"သူ ဖျက်လိုက်တာပါ... သူက အရမ်း ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အရှုံးကို ကောင်းကောင်း လက်မခံတတ်ဘူး..."
အကယ်၍ သူက လင်းတုန်းကို ပြိုင်ဘက်တစ်ယောက်အဖြစ် မြင်သွားပါက ၎င်းက ဆိုးရွားသွားနိုင်ပေသည်။ သို့သော် သူသည် အစစ်အမှန် ရွှေအဆင့် တစ်ယောက် ဖြစ်သင့်လေ၏။ ထို့အပြင် အာကူရာ တို့က သူ့ကို ကိုယ်စားပြုရန် ဤနေရာသို့ ရွေးချယ်စေလွှတ်ခဲ့ပါက၊ သူသည် သူတို့ထဲတွင် အကောင်းဆုံးများထဲမှ တစ်ယောက် ဖြစ်နေပေလိမ့်မည်။
"အရှုံးကို... နင့်ဆီကနေလား..."
မာစီက ရှုံ့မဲ့သွားခဲ့သည်။
"ငါ ငယ်ငယ်တုန်းကဆို ငါ့ကိုယ်ငါ သိပ်ပြီး မထိန်းချုပ်ထားနိုင်ခဲ့ဘူး..."
"အင်း... အခုတော့ အဲဒီအတွက် သူ စိတ်ပူစရာ မလိုတော့ပါဘူး... နင်က အခုထိ အဆင့်နိမ့် ရွှေအဆင့် ပဲ ရှိသေးတာလေ..."
သူမသည် တောင်ဝှေးကို ပခုံးတွင် မှီထားလိုက်ပြီး ပခုံးတွန့်ပြလိုက်လေ၏။
"ပြိုင်ပွဲအပေါ်မှာ မူတည်တာပေါ့..."
ယီရင်က ထိုအကြောင်းကို စဉ်းစားတွေးတောနေဆဲမှာပင် မာစီက ဆက်ပြောလေသည်။
"သူက အဲဒီမှာ လင်းတုန်း ရှိနေတယ် ဆိုတာကိုတောင် သတိထားမိမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်... အော်သို နဲ့ ရန်ဖေးကိုတော့ သတိထားမိနိုင်တယ်၊ အဲဒါတောင် သူတို့က သူ့ကို သွားရှုပ်မှပဲ..."
ထိုစကားက ယီရင်၏ စိုးရိမ်ပူပန်မှုများကို ပိုမို တိုးပွားလာစေခဲ့လေ၏။ အစစ်အမှန် ရွှေအဆင့် များ ရှာဖွေနေကြသည့် မည်သည့် ဆုလာဘ်မျိုးကိုမဆို လင်းတုန်းသာ မတော်တဆ တွေ့ရှိသွားပါက၊ သူသည် ၎င်းတို့အတွက် တိုက်ခိုက်မည် မဟုတ်သော်လည်း တစ်နည်းနည်းဖြင့်တော့ လုယူရန် ကြိုးစားပေလိမ့်မည်။ နေထွက်လာမည်မှာ သေချာသကဲ့သို့ ထိုအချက်ကလည်း သေချာလွန်းလှလေ၏။
ယီရင်သည် သဲပြင်ကို ဖြတ်သန်း လျှောက်လှမ်းကာ သစ်တောဆီသို့ ထွက်ခွာသွားလေတော့သည်။
"ပိုင်ရို ရော ဘယ်မှာလဲ..."
မာစီက မေးလိုက်သည်။
လှည့်လိုက်ပြီးနောက် ယီရင်သည် ဘေးဘယ်ညာသို့ အကဲခတ်ကြည့်လိုက်လေ၏။
"သူ့ကို ငါ မတွေ့သလို၊ ဂရုစိုက်မယ့်သူ တစ်ယောက်ကိုမှလည်း ငါ မတွေ့ဘူး... ဒီကျွန်းရဲ့ တစ်နေရာရာမှာ တစ္ဆေရေကို ဝင်လို့ရတဲ့ တခြားလမ်းတစ်ခု ရှိသေးတယ်လို့ သူတော်စင် က ပြောတယ်၊ ဒါကြောင့် ငါ သွားရှာမလို့... အာကူရာ တွေချည်းပဲ ဒီအပြင်ဘက်မှာ ရှိနေတာ မဟုတ်ဘူး..."
သူမသည် သစ်တောထဲသို့ ဆက်လက် လျှောက်သွားခဲ့လေ၏။ အသက်အနည်းငယ် ရှူသွင်းပြီးနောက် မာစီလည်း နောက်မှ လိုက်ပါသွားလေတော့သည်။
***