စော်ကားတာ လွန်သွားပြီ
Vol. 81-85 Ch. 1212
ယဲ့ဖန်နှင့် ကျုံးဝမ်တို့ လက်ချင်းတွဲ၍ ချမ်အိမ်တော်၏ ခန်းမထဲသို့ လျှောက်လာကြသည်။
“ကျုံးဝမ် ရောက်လာတာလား၊ လာ … အဘိုးဘေးနား လာထိုင်”
ယဲ့ဖန်နှင့် ကျုံးဝမ်တို့ ပေါ်လာသည်နှင့် အဘိုးအိုတစ်ယောက်က စိတ်လှုပ်ရှားစွာ ထရပ်၍ ကျုံးဝမ်အား ထပ်ခါ ထပ်ခါ လက်ယပ်၍ လှမ်းခေါ်လေသည်။
ယခုတလော ကျုံးဝမ် စိတ်မချမ်းသာမှန်း သူ သိနေသောကြောင့် ကျုံးဝမ်နှင့် ပတ်သက်၍ သူ အမြဲ စိုးရိမ်ခဲ့ရသည်။ ယနေ့ မွေးနေ့ ညစာစားပွဲကိုတောင်မှ ကျုံးဝမ် တက်လိမ့်မည်ဟု သူ မျှော်လင့်မထားရဲပေ။ မထင်မှတ်ထားဘဲ ကျုံးဝမ်က တကယ် ရောက်လာခဲ့သည်။
“ဘိုးဘိုး”
ချမ်ပေါ်ထုံကို မြင်လိုက်ရသည့် အခိုက်မှာပင် ကျုံးဝမ် မျက်ရည်လည်ရွဲ ဖြစ်သွားရသည်။
“မင်းအသံ ပြန်ကောင်းသွားပြီလား”
ချမ်ပေါ်ထုံ ရုတ်တရက် ဝမ်းသာအားရဖြစ်သွားပြီး အသံပင် တုန်လာရသည်။ ကျုံးဝမ်ကမူ ငိုယိုနေသဖြင့် ခေါင်းသာ ညိတ်ပြလိုက်သည်။
“ကောင်းတယ် ကောင်းတယ်”
ချမ်ပေါ်ထုံ မျက်ရည်မကျဘဲ မနေနိုင်တော့ချေ။ သူသည် ကျုံးဝမ်ထံ လျှောက်လာပြီး သူမလက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လာသည်။
“ငါ့ဝမ်အာလေးရဲ့ဘဝက အရမ်း ခက်ခဲနေမှာ မဟုတ်မှန်း အဘိုး သိပြီးသား”
“အဖေ ဒီနေ့က ပျော်ရမယ့်နေ့လေ၊ ဘာလို့ ငိုနေမှာလဲ၊ ပျော်နေသင့်တာကို”
“ဟုတ်တယ်၊ ကျုံးဝမ် အသံအိုး ပြန်ကောင်းလာတာလည်း ကောင်းတဲ့ကိစ္စပဲလေ၊ ဒီနေ့က အပျော်တွေ နှစ်ထပ်ကွမ်းတဲ့နေ့ပဲ၊ ကောင်းကောင်းလေး ပျော်ရွှင်ဖို့ပဲ လိုတော့တာ”
အခြားသူများကလည်း သူမကို အလျင်အမြန် လာနှုတ်ဆက်သည်။
“ကျုံးဝမ် နင် ဘာလို့ ဒရိုင်ဘာကို အထဲဝင်ခိုင်းတာလဲ၊ ဒါ သူ လာရမယ့်နေရာလား၊ သူ ဝတ်စားထားတာကလည်း ဆိုးလိုက်တာ၊ ငါတို့နေရာကို ညစ်ပတ်အောင် မလုပ်နဲ့၊ သူ့ကို မြန်မြန် ပြန်ထွက်သွားခိုင်းလိုက်”
ထိုစဉ် လူလတ်ပိုင်းအရွယ် မုတ်ဆိတ်မွေးနှင့် အမျိုးသားတစ်ယောက်က ရယ်မော၍ ပြောလာသည်။ သူ့စကားကို ကြားပြီး ကျုံးဝမ်ဘေး၌ ရှိနေသော ယဲ့ဖန်ကို လူတိုင်း သတိထားမိသွားကာ ပြိုင်တူ မျက်မှောင်ကြုတ် လာကြသည်။
အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်သည် အလွန် သာမန်ဆန်သော အဝတ်အစားများကို ဝတ်ထားပြီး ရှင်းလင်း ပြတ်သားသော မျက်ခုံးမှလွဲ၍ တစ်ကိုယ်လုံး၌ အာရုံစိုက်ရန် ထိုက်တန်သော အရာများ မရှိပေ။
အရာရှိ သို့မဟုတ် လူချမ်းသာ တစ်ယောက်၏ အရှိန်အဝါသာမက ဟန်ပန်အနေအထားလည်း မရှိချေ။ ချမ်မိသားစု၏ ကလေးများတွင် အစိုးရဌာနများ၌ အရာရှိများ ဖြစ်နေသူများ ရှိသလို နိုင်ငံခြား၌ စီးပွားရေး လုပ်ငန်း လုပ်သူများ ဖြစ်ကြသည်။ သူတို့အားလုံးက အဆင့်အတန်း မြင့်သော လူများ ဖြစ်ကြလေသည်။
ယဲ့ဖန်နှင့် ကျုံးဝမ်တို့၏ ပတ်သက်မှုကို သူတို့ ရိပ်မိသော်လည်း ယဲ့ဖန်က သိုက်တူးသမားဟု သူတို့ ထင်နေ၏။
*ဒီလိုဆင်းရဲသားက ဘာအရည်အချင်း ရှိလို့ ချမ်မိသားစုရဲ့ ခြံဝင်းထဲ ဝင်လာရဲရတာလဲ*
“ဦးလေး ဘာပြောလိုက်တာလဲ”
ကျုံးဝမ် ချက်ချင်း စိတ်တိုသွားသည်။ သူမ၏ အဒေါ်များနှင့် ဦးလေးများက တူမဖြစ်သော သူမထက် သားသမီးများကိုသာ ပိုချစ်ပြီး ဘယ်တော့မှ အပြစ်မတင်တတ်ချေ။ သူတို့သည် အခွင့်အရေး ရသည့်အခါတိုင်း သူမကို အစွမ်းကုန် ကြိုးစား၍ ပြဿနာရှာကြသည်။ သို့သော် သူတို့ သူမကို စော်ကားသည်ကို သည်အတိုင်း ထားလိုက်နိုင်သော်လည်း သူတို့ကို ယဲ့ဖန်အပေါ် စော်ကားခွင့် မပေးနိုင်ပါ။
“အာ … ငါ အထင်လွဲသွားမိတာလား”
မုတ်ဆိတ်မွေးနှင့် လူလတ်ပိုင်းအရွယ်အမျိုးသားက ကြောက်လန့်သလို မျက်နှာဖြူရော်သွားဟန်ဖြင့် ဟန်လုပ်၍ မေးလာသည်။
“ဒါဆိုရင် သူက ဘယ်သူ …”
“ယဲ့ဖန်၊ ကျုံးဝမ်ရဲ့ ချစ်သူ”
ယဲ့ဖန်က ညင်သာစွာ ပြောလိုက်သော်လည်း လေသံက နှိမ့်ချခြင်း မရှိသလို မောက်မာခြင်းလည်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤလူများက သူ့အပေါ် အထင်သေး ရွံရှာနေကြောင်း သူသည်လည်း အတိုင်းသာ မြင်နေရသည်။ သို့ရာတွင် စကြဝဠာ၏ နတ်ဆိုးဧကရာဇ်၊ ငရဲဘုံ၏ အရှင်သခင်ဖြစ်သောသူသည် ဤလူများကို ပြန်တုံ့ပြန်ရန် စိတ်မပါပေ။
“ဟားဟား … မောက်မာလိုက်တဲ့ အပြုအမူပဲ၊ မင်းက လူကြီးတွေရှေ့မှာတောင် တော်တော် မောက်မာတာပဲ၊ ငါတို့ ချမ်မိသားစုကို မင်းမျက်လုံးထဲတောင် မထည့်ဘူးနဲ့တူတယ်”
မုတ်ဆိတ်မွေးနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားက ပျက်ရယ်ပြု၍ ယဲ့ဖန်ကို စိုက်ကြည့်လေသည်။ ထိုသူသည် ကျုံးဝမ်၏ ဦးလေး ချမ်ဖုန်းဖြစ်ပြီး ချမ်ရှုရန်၏ ဖခင်အရင်းလည်း ဖြစ်ပေသည်။
“ဒါဆိုရင်လည်း မင်း ဒီမှာ ဘာလုပ်နေသေးတာလဲ၊ မြန်မြန် ထွက်မသွားဘူးလား”
ချက်ချင်းဆိုသလိုပင် ချမ်ဖုန်းက အော်ထုတတ်လေသည်။ အခြားသူများကလည်း အထင်သေးစွာ ပြုံးနေ ကြသည်။
“ချမ်ဖုန်း ယဲ့ဖန်မှာ အဲ့လိုအကျင့်ရှိရင်ရှိနိုင်တာပဲ၊ အဲ့ဒါကြောင့် ပြဿနာရှာမနေနဲ့”
ချမ်ပေါ်ထုံက ချက်ချင်း ငေါက်လိုက်ပြီး ယဲ့ဖန်ကို ပြုံးကာ ပြောလိုက်သည်။
“ယဲ့ဖန် ဒီကိုလာ ငါ့ဘေးမှာထိုင်”
ချမ်ပေါ်ထုံက ယဲ့ဖန်ကို တကယ် သဘောကျမှန်း မြင်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကျုံးဝမ်၏ အမြင်ကို သူ ယုံကြည်သောကြောင့်ပင်။
“ကျေးဇူးတင်ပါတယ် အဘိုး”
ယဲ့ဖန်သည်လည်း ပြုံး၍ ချမ်ပေါ်ထုံဘေး၌ ပြန်ထိုင်လိုက်သည်။ လူတိုင်း၏ အမူအရာများက ချက်ချင်း အေးခဲသွားပြီးနောက် သူတို့မျက်နှာများက မည်းမှောင်လာလေသည်။
*ဒီကောင်က မောက်မာရုံတင်မကဘဲ ငါတို့ကိုပါ မထီမဲ့မြင် လုပ်တာပါလား*
ထိုစဉ် ချမ်ရှုရန်နှင့် လီကျန်းဟဲတို့ ရောက်လာသည်။ ယဲ့ဖန်က ချမ်ပေါ်ထုံဘေး၌ ထိုင်၍ ရယ်မော စကားပြော နေသည်ကို မြင်လိုက်ရသောအခါ ဒေါသထွက်သွားသည်။
ထို့ကြောင့် ချမ်ရှုရန်သည် မီးသွေးခဲပေါ် တက်ထိုင်မိသကဲ့သို့ မနေနိုင်ဘဲ တန်း၍ တိုက်ခိုက်လေသည်။
“ယဲ့ဖန် ဟုတ်တယ်မလား၊ နင် ဖျင်အန်းမြို့မှာ ဘာအလုပ်လုပ်လဲ”
လူတိုင်း စကားပြောနေကြသည်ကို ရပ်၍ ယဲ့ဖန်ကို ဝိုင်းကြည့်လာ၏။ ယဲ့ဖန် မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်သည်။
“အခု ကျုပ်မှာ အလုပ်မရှိဘူး”
*ဟာသပဲ*
*ငါ့လို နတ်ဆိုးဧကရာဇ်က အလုပ်လုပ်ဖို့ လိုလို့လား*
“အလုပ်မရှိဘူးလား၊ ဒါဆို ကပ်စားပေါ့”
ချမ်ရှုရန်က ပျက်ရယ်ပြုလေသည်။
*အလုပ်တောင် မရှိတဲ့ ဆင်းရဲသားပဲ၊ သူက ငါတို့ရှေ့မှာ ဘယ်လိုတောင် အရှက်မရဘဲ နေနိုင်တာလဲ*
တစ်ဖက်မှ လီကျန်းဟဲသည်လည်း ဤသည်ကိုကြားပြီး သေချာပေါက် နိုင်ပေါက်ရပြီဟု တွက်ကာ ချက်ချင်း ရယ်မောလိုက်သည်။
“ငါတို့ ကျုံးဝမ်က မင်းကို တစ်သက်လုံး ထောက်ပံ့အောင် ကြံစည်နေတာတော့ မဟုတ်ဘူးမလား၊ မင်း တကယ်လည်း လုပ်နိုင်တာပဲ”
လူတိုင်းက ယဲ့ဖန်ကို အထင်သေးသလို ကြည့်လာကြသည်။ ချမ်ပေါ်ထုံတောင်မှ မနေနိုင်ဘဲ မသိမသာ မျက်မှောင်ကြုတ် လိုက်မိသည်။
*ယောက်ျားတစ်ယောက်က သူ့စားဝတ်နေရေးတောင် မဖြေရှင်းနိုင်ရင် သူ့မိန်းမကို ဘယ်လို ဂရုစိုက်ပြီး ကလေးတွေကို ပျိုးထောင်နိုင်မှာလဲ*
“ရှင် ဘာသိလို့လဲ၊ ယဲ့ဖန်က အလုပ်တစ်ခုမှ လုပ်စရာမလိုဘူး၊ သူ ပါးစပ်လေးလှုပ်လိုက်တာနဲ့ လူတော်တော် များများက သူသုံးဖို့ ပိုက်ဆံတွေ ပို့ကြမှာ”
ကျုံးဝမ် ပြန်ချေပပြောဆိုလိုက်သည်။
*ဒီအရူးတွေ ဘာမှလည်း နားမလည်ဘဲနဲ့ ဘာလို့ ဒီလိုလုပ်တာလဲ၊ ယဲ့ဖန်ကို အရှက်ခွဲချင်တာလား*
“ပါးစပ်ဟလိုက်တာနဲ့ တစ်ယောက်ယောက်က သူသုံးဖို့ ပိုက်ဆံပေးမယ်၊ ရူးနေလိုက်၊ နင် ရူးနေလိုက်တော့”
ချမ်ရှုရန်က ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ အထင်သေးစွာ ပျက်ရယ်ပြုလိုက်သည်။ လီကျန်းဟဲကလည်း သက်ပြင်းချ၍ မတတ်သာဟန်ဖြင့် ပြောလာသည်။
“ကျုံးဝမ် မင်း လှည့်စားခံလိုက်ရပြီလို့ ငါ ထင်တယ် ဟုတ်တယ်မလား၊ ပါးစပ်ဟလိုက်ရုံနဲ့ တခြားလူက ငွေပို့ပေးတယ် ဟုတ်လား၊ ငါတောင် အဲ့လိုမလုပ်နိုင်တာ၊ သူက ဘာလို့ လုပ်နိုင်မှာလဲ”
“ဟေ့ကောင် ငါ မင်းကို အခြေခံလုပ်ငန်း လုပ်ဖို့ အကြံပေးလိုက်မယ်၊ ငါတို့ အမျိုးတွေကို တစ်ချက်ကြည့်လိုက်ဦး၊ ငါ့ ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီမှာ လာလုပ်၊ ငါ မင်းကို တစ်လ နှစ်သောင်းပေးမယ်၊ ငါ မင်းကို ဂရုစိုက်မှာပါ၊ ဟုတ်ပြီလား”
လီကျန်းဟဲက ယဲ့ဖန်ရှေ့၌ ပို၍ကြီးကျယ် မြင့်မြတ်သူအဖြစ် ဟန်ထုတ်နေ၏။
“ယဲ့ဖန် နင့်ဝမ်းကွဲယောက်ဖကို ကျေးဇူးတင်လိုက်လေ၊ ဒီလိုအခွင့်အရေးမျိုးက နှစ်ခါမရဘူး”
ချမ်ဖုန်းကလည်း ဝင်ပြောလေသည်။ ဤသို့သော သမက်မျိုး ရထားသဖြင့် ဂုဏ်ယူနေမိသည်။ တစ်ဖက်မှ ယဲ့ဖန်သည် အသုံးမကျတော့ ချီးထုပ် ဖြစ်နေသည် မဟုတ်ပါလော။
“ယောက်ျား အဲ့လိုမပြောနဲ့လေ၊ သူက ယဲ့ဘုရင် ဖြစ်နေရင် ဘယ်လိုလုပ်မလဲ”
ချမ်ရှုရန်က တခစ်ခစ်ရယ်၍ ပြောလိုက်သော်လည်း သူမစကား၌ သရော်သံများ ပါနေသည်။
“ယဲ့ဘုရင် ဟုတ်လား”
လီကျန်းဟဲက ယဲ့ဖန်ကို အထင်သေးစွာ တစ်ချက်ကြည့်၍ ပြောလိုက်သည်။
“သူသာ ယဲ့ဘုရင်ဆိုရင် ငါက ယဲ့ဘုရင်ရဲ့ အဖေပဲပေါ့”
ချက်ချင်းဆိုသလိုပင် လီကျန်းဟဲ တုန်လှုပ်သွားရသည်။ ဘာကြောင့်မှန်းမသိသော်လည်း တစ်စုံတစ်ရာက သူ့ခေါင်းနားမှ ဖြတ်သွားသည်ဟု ခံစားမိကာ တစ်ကိုယ်လုံး ချွေးပြန်လာမိသည်။ တစ်စုံတစ်ယောက်၏ ဆူးငြောင့်ခလုတ် ဖြစ်သွားသည့်ပုံပင်။
ထိုအခိုက်တွင် သူ့ရှေ့မှ ယဲ့ဖန်၏ မျက်လုံးများက တွင်းနက်ကဲ့သို့ နက်မှောင်လာပြီး သူ၏ ဝိညာဉ်ကို ဝါးမျိုတော့မည်ဟု ခံစားမိသွားရသည်။
“မင်း ခုနက စကားကို ထပ်ပြောကြည့်လိုက်”
ယဲ့ဖန်၏ ခပ်တိုးတိုးအသံက ငရဲ၌ မြည်ဟီးနေသော သေမင်း ခေါင်းလောင်းသံလိုပင်။ သူ ကြောက်လန့်ကာ ကြက်သီး ထလာမိသည်။
ယဲ့ဖန်အတွက် ဤလူများသည် အရေးမပါသော ပုရွက်ဆိတ်ကောင်များသာ ဖြစ်သည်။ သူ စိတ်မလိုလျင် ရိုက်သတ်လိုက်၍ ရပေသည်။ သို့သော် ထိုပုရွက်ဆိတ်ကောင်များက ကိုယ့်နေရာကိုယ်မသိဘဲ သူ့အား စိန်ခေါ် လာပါက နောင်တတရားဆိုတာ ဘာလဲ သိအောင် ပြရန် သူ ဝန်မလေးပါ။
“ဂလု”
လီကျန်းဟဲ တံတွေးမျိုချလိုက်မိပြီး ထပ်ပြောရဲသည့် သတ္တိ မရှိတော့ပေ။ သူ့ရှေ့၌ ဧရာမသားရဲတစ်ကောင်က ပါးစပ်ဖြဲ၍ ရှိနေသည်ဟု ခံစားနေရသည်။ သူ စကားတစ်ခွန်းမျှ ပြောလိုက်သည်နှင့် အစားခံလိုက်ရလောက်သည်။
“ဆင်းရဲသား မျိုးမစစ်ကောင်က ငါ့ချမ်အိမ်တော်မှာ လာအော်ရဲတယ်ပေါ့လေ၊ မင်းက ဘာမို့လို့လဲ”
ချမ်ဖုန်းက ချက်ချင်း စားပွဲကို ဖြန်းခနဲရိုက်၍ ယဲ့ဖန်ကို စူးစိုက်ကြည့်လေသည်။
*ဆင်းရဲသားကများ ငါ့သားမက်ကို ငါ့ရှေ့မှာ ခြိမ်းခြောက်ရဲတယ်ပေါ့လေ၊ ငါ့ကို မရှိတဲ့အရာလို သဘောထား နေတာလား*
ယဲ့ဖန်၏ အေးစက်စက်အကြည့်များက ချမ်ဖုန်းပေါ် ရောက်လာသည်။ ထိုအခါတွင်မှ လီကျန်းဟဲတစ်ယောက် ဖိအား လျော့သွားသလို ခံစားလိုက်ရပြီး သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူ့ကျောပြင်တစ်ခုလုံး ဇောချွေး များဖြင့် စိုရွှဲနေကြောင်း သတိထားမိသွားသည်။
“ဟုတ်တယ် ကျွေးတဲ့လက်ကို ပြန်ကိုက်တဲ့ခွေးပဲ၊ လူကောင်းဆိုတာကို နင် မသိဘူးလား၊ ငါ့ယောက်ျားက နင့်ကို အလုပ်ရှာပေးတာတောင် နင်က ကျေးဇူးတင်ရကောင်းမှန်း မသိဘူးပဲ”
“ဘာလဲ နင်က တစ်သက်လုံး ထမင်းရည်ပဲ သောက်ချင်တာလား”
ချမ်ရှုရန်၏ အသံက ပိုပို၍ မာရေကျောရေနိုင်လာပြီး စကားလုံးတိုင်းက တိုက်ခိုက်သော စကားလုံးများ ဖြစ်လာသည်။
“တော်လောက်ပြီ”
ထိုစဉ် ချမ်ပေါ်ထုံက လေသံမာမာဖြင့် အော်ငေါက်လိုက်ပြီး ခက်ထန်သော အကြည့်များဖြင့် ကြည့်လိုက်သည်။
*ငါ့ကို သေပြီလို့ ထင်နေကြတာလား၊ ဟမ် …*
“အဖေ ကျွန်တော် တကယ် ကြည့်မနေနိုင်တော့ဘူး၊ ဒီကောင့် အမူအကျင့်ကိုက ပြဿနာ၊ ဘယ်ဧည့်သည်က လက်ဆောင်မပါဘဲ လာလို့လဲ၊ သူက ကျွန်တော်တို့ ချမ်မိသားစုကို အလေးအနက် မထားဘူး”
ချမ်ဖုန်းက ဖြောင့်မတ်မှန်ကန်သော အမူအရာဖြင့် ပြောလေသည်။ ထိုစကားကို ကြားသော် ကျုံးဝမ် ရင်လေး သွားပြီး သူမ သတိလက်လွတ်ဖြစ်ကာ ယဲ့ဖန်ကို လက်ဆောင်ပြင်ဆင်ပေးဖို့ တောင်းဆိုရန် မေ့သွားခဲ့သည်။ ထို့ကြောင့်ပင် သူမ ယခု အငိုက်မိသွားရလေသည်။
ချက်ချင်းဆိုသလိုပင် ချမ်မိသားစုဝင်များက သုန်မှုန်သော အမူအရာများ ဖြစ်လာကြသည်။ ချမ်ပေါ်ထုံတောင်မှ မျက်နှာ မည်းမှောင်လာ၏။
အဘယ်ကြောင့်ဆိုသော် ယနေ့ပွဲ၌ ချမ်မိသားစုဝင်များအပြင် သူ၏ ယခင် လုပ်ဖော်ကိုင်ဖက်များနှင့် တပည့်များ ရှိနေကြသည်။ သူသည် မျက်နှာလိုချင်သော လူစားမျိုးဖြစ်သဖြင့် ယခု အရှက်ရသလို ခံစားလာရသည်။
*ကျုံးဝမ်က တကယ်ပဲ အမြင်မရှိတာလား*
“အဖေ ကျွန်တော်က ကျုံးဝမ်အတွက် တွေးပေးတာပါ၊ သူ လှည့်စားခံနေရမှာကို ကျန်တော် စိုးရိမ်တယ်၊ ဒီလိုလူမျိုးက ဘယ်လိုလုပ် ကျွန်တော်တို့ ကျုံးဝမ်နဲ့ ထိုက်တန်မှာလဲ”
“ကျုံးဝမ်က နာမည်ကြီး အဆိုတော်ဘုရင်မ၊ သူ့အခြေအနေနဲ့ဆို ဘယ်ယောက်ျားကိုမဆို ခေါင်းခေါက်ရွေးလို့ ရတယ်၊ သူက ဘာလို့ ဒီလို ကပ်စားကောင်နဲ့ ယူရမှာလဲ”
“ဘိုးဘိုး သမီးအဖေ ပြောတာ အဓိပ္ပာယ်ရှိတယ်၊ ဒီရက်ပိုင်းအတွင်း ကျုံးဝမ်ကို သူဌေးတွေနဲ့ မိတ်ဆက်ပေးဖို့ ကျန်းဟဲကို သမိး ပြောလိုက်မယ်၊ လူတိုင်းက ငယ်ရွယ်ပြီး ချမ်းသာတဲ့လူမျိုးပဲ ဖြစ်စေရမယ်”
ချမ်ရှုရန်က ခနဲ့သလို ရယ်၍ ယဲ့ဖန်ကိုသာ ကြည့်နေ၏။
“ပါးစပ်ပိတ်ထား၊ စားကြတော့”
ချမ်ပေါ်ထုံက ထပ်ငေါက်လိုက်သည်။ သူ ယဲ့ဖန်ကို ကာကွယ်ပေးနေသေးသော်လည်း သူ့လေသံက သိပ်မကောင်း တော့သည်ကို လူတိုင်း ခန့်မှန်းမိသည်။ ဤသည်ကိုကြည့်ပြီး ချမ်ဖုန်းတို့ သားအဖက ထီမထင်သလို ပြုံးလိုက်သည်။ ချမ်ပေါ်ထုံ ယဲ့ဖန်အပေါ် အမြင်မကြည်တော့မှန်း သူတို့ ရိပ်မိနေသည်။
“ငါ လက်ဆောင်မယူလာဘူးလို့ ဘယ်သူပြောလဲ”
ထိုအခိုက်တွင် ယဲ့ဖန်၏ မောက်မာသော စကားသံ ထွက်ပေါ်လာသဖြင့် ပြဿနာက မိုင်ကုန်အထိ ရောက်သွား လေသည်။
“မင်း ယူလာလို့လား၊ ဘယ်မှာလဲ၊ ပေါင်ကြားထဲမှာ ဝှက်ထားတာလား”
ချမ်ရှုရန် ရယ်နေသည်။ ယဲ့ဖန် လက်ချည်းဗလာဖြင့် လာသည်ကို သူမ မြင်လိုက်ရသဖြင့် ဘယ်လိုလုပ် လက်ဆောင် ပါလာနိုင်မည်နည်း။
သို့သော် ယဲ့ဖန်က ဘောင်းဘီအိတ်ကပ် နှစ်ဘက်လုံးမှ ပစ္စည်းနှစ်ခုကို ထုတ်၍ စားပွဲပေါ် တင်လိုက်သည်။
“ဒီမှာ ဒါ လက်ဆောင်ပဲ”
“ဖွီ … ဟားဟားဟား …”
လူတိုင်း မှင်တက်သွားပြီးမှ ဟားတိုက်ရယ်မောလေသည်။
*လက်ဆောင်ကို ဘောင်းဘီအိတ်ထဲ ထည့်လာတာလား၊ မင်း ဘယ်လောက်ထိ လူအထင်သေးခံချင်တာလဲ*
“ဟားဟားဟား … ဟေ့ကောင် မင်းပေါင်ကြားထဲမှာ ထည့်လာပါတော့လား”
ချမ်ဖုန်းက လှောင်ရယ်၍ ခနဲ့လေသည်။ ထိုစဉ် ချမ်ပေါ်ထုံ၏ မျက်နှာက လုံးဝ ပြာနှမ်းသွားပြီး စားပွဲကို ရိုက်၍ ဒေါသတကြီး ထရပ်လိုက်သည်။
“စော်ကားတာ လွန်သွားပြီ”