အခန်း (၁၂၆၁-၁၂၆၂)
Vol. 110 Ch. 1261-1262
အခန်း ၁၂၆၁
ကျန်းယွင်ထျန်းသည် အနည်းငယ် အံ့အားသင့်သွားပြီးနောက် ၎င်းအား လက်မထောင်ပြလိုက်သည်။
“မင်းတို့မဟာမိတ်အဖွဲ့က စီမံခန့်ခွဲမှု တော်တော်ကောင်းတာပဲ။ ဒီလိုအလုပ်မျိုးအတွက် မင်းကိုယ်တိုင်တောင် လိုက်သွားစရာ မလိုဘူးပေါ့။”
လီရှန်းက လက်နှစ်ဖက်ကို ဖြန့်ပြကာ ပြန်ဖြေလိုက်သည်။
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်း တစ်ခုကို ရှာဖို့အတွက် တကယ်ပဲ လူအများကြီး မလိုပါဘူး။ အခုဆို သူဌေးရဲ့ ပံ့ပိုးကူညီမှုကြောင့် ကျွန်တော်တို့ကိုယ်တိုင် လုပ်စရာတောင် မလိုတော့ဘူး။ သင်္ဘောတစ်စီး စီစဉ်ပေးလိုက်ရုံပါပဲ။ ရှာတွေ့တာနဲ့ ချက်ချင်း အစီရင်ခံကြလိမ့်မယ်။”
ကျန်းယွင်ထျန်း နောက်တစ်ကြိမ် အံ့အားသင့်သွားခဲ့လေသည်။
“ဒါက တကယ်ကို နည်းလမ်းကောင်းတစ်ခုပဲ။”
အမှန်တော့ လီရှန်း၏ မဟာမိတ်အဖွဲ့တစ်ခုတည်းသာ ထိုသို့လုပ်ဆောင်နေခြင်းမဟုတ်ဘဲ အခြားမဟာမိတ်အဖွဲ့များအားလုံးလည်း ထို့အတူပင် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူဌေး၏ အရင်းအမြစ်များက အလွန်စျေးသက်သာလှပေသည်။ လူများကို ရှာဖွေဖို့အတွက်သာ စီစဉ်ပေးရန် လိုအပ်ပြီး သူဌေးက ၎င်းတို့ကို တိုက်ခိုက်သိမ်းပိုက်ပေးရန် ကူညီပေးလိမ့်မည်ဖြစ်သည်။
“အစီရင်ခံပါတယ် နည်းပြ။ အနီးနားက ကူညီပံ့ပိုးမှု လိုအပ်တဲ့ အဖွဲ့တွေ အားလုံးကို ကူညီပေးပြီးပါပြီ။ ကျွန်တော်တို့ ပြန်ကြတော့မလား။”
စစ်သားတစ်ယောက်က ပြေးလာပြီး အစီရင်ခံလာခဲ့သည်။
“အင်း မဟာမိတ်အဖွဲ့ဆီ ပြန်ကြစို့။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်ပြီးနောက် လီရှန်းကို နှုတ်ဆက်လိုက်သည်။ အခြား လေယာဉ်တင်သင်္ဘော လေးစင်းသည်လည်း ထိုနည်းတူပင် လုပ်ဆောင်ခဲ့ကြ၏။ တည်နေရာကူးပြောင်းရန် ဗဟိုချက်တစ်ခုကို ရွေးချယ်ပြီးနောက် ထိုဗဟိုချက်မှနေ၍ အနီးနားရှိ အဖွဲ့များကို ပံ့ပိုးကူညီရန် တိုက်ချင်းပစ်ဒုံးကျည်များကို အသုံးပြုခဲ့ကြသည်။
ရှောင်းယီသည် ပံ့ပိုးကူညီမှုပေးရန် လေယာဉ်တင်သင်္ဘောများနှင့်အတူ လိုက်မသွားခဲ့သော်လည်း ဂရုချက်ထဲတွင် တိုက်ချင်းပစ်ဒုံးကျည်၏ စွမ်းပကားကို မြင်တွေ့ခဲ့ရပြီးဖြစ်သည်။
ပစ်လွှတ်ခြင်းဖြစ်စေ၊ ပစ်မှတ်ကို ထိမှန်ခြင်းဖြစ်စေ အရာအားလုံး၏ ဗီဒီယိုမှတ်တမ်းများ ရှိနေခဲ့သည်။
“သူဌေးက တကယ်လန်းလွန်းတယ်။ အကယ်၍ မနေ့ကသာ တိုက်ချင်းပစ်ဒုံးကျည်ကို သုံးခဲ့မယ်ဆိုရင် မဟာအင်ပါယာကြီး လေးခုက ပိုပြီးတော့တောင် မြန်မြန်ဆန်ဆန် ပျက်စီးသွားလောက်တယ်။”
“တိုက်ချင်းပစ်ဒုံးကျည်တွေကို သုံးဖို့အတွက် ပစ်မှတ်သတ်မှတ်ဖို့ လိုတယ်လေ။ မဟာအင်ပါယာကြီး လေးခုနဲ့ တိုက်ခိုက်တုန်းက သူဌေးက ပစ်မှတ်သတ်မှတ်ဖို့အတွက် အဲ့ဒီနေရာကို ကိုယ်တိုင်သွားခဲ့ရတာ။ သူကိုယ်တိုင် အဲ့ဒီကို ရောက်နေမှတော့ ဗုံးကြဲလေယာဉ်တွေကို သုံးလိုက်တာက ပိုပြီး အဆင်မပြေဘူးလား။”
“ဒါလည်း ဟုတ်တာပဲ။ ဒါပေမဲ့ ငါတို့မဟာမိတ်အဖွဲ့က သူဌေးရဲ့ လေယာဉ်တင်သင်္ဘောကို မမြင်ရတော့ သူလာပြီး မကူညီတော့ဘူးလို့ ထင်နေတာ။”
“ဟုတ်တယ်။ သူဌေးက ငါတို့ကို ကူညီဖို့ အဝေးပစ်ဗုံးကြဲလေယာဉ်တွေကို သုံးလိမ့်မယ်လို့ ငါက တောက်လျှောက်ထင်နေတာ။ ဒါပေမဲ့ နောက်ဆုံးတော့ သူက ဒုံးကျည်တစ်စင်းကို တိုက်ရိုက်ပစ်လွှတ်လိုက်တော့တာပဲ။”
“ဒီတိုက်ချင်းပစ်ဒုံးကျည်ရဲ့ စွမ်းအားက အရမ်းကြီးမားလွန်းတယ်လို့ ငါခံစားရတယ်။”
“ဒါက သာမန်ကျည်ဆန်တွေ၊ ဗုံးတွေနဲ့ လက်ပစ်ဗုံးတွေထက် အများကြီး ပိုပြင်းထန်တာတော့ အမှန်ပဲ။”
ရှောင်းယီသည် တိုက်ချင်းပစ်ဒုံးကျည်အပေါ် လူတိုင်း၏ မှတ်ချက်များကို ကြည့်ရှုနေစဉ်မှာပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ရုတ်တရက် အသံမြည်လာခဲ့သည်။
“ဒီ ဒီ...”
“[ယီရန်ပင်း မဟာမိတ်အဖွဲ့ရှိ အသက်ရှင်ကျန်ရစ်သူအားလုံး SSS အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါပြီ။ အသက်ရှင်ကျန်ရစ်သူများ အဆင့်မြှင့်တင်မှုမြေပုံအား ဖွင့်လှစ်လိုက်ပါပြီ။]”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ရုတ်တရက် ပေါ်လာသော အကြောင်းကြားစာကို မြင်လိုက်ရသောအခါ ရှောင်းယီသည် အနည်းငယ် ထိတ်လန့်သွား၏။ ထို့နောက် မြေပုံမျက်နှာပြင်ကို ချက်ချင်း ဖွင့်ကြည့်လိုက်သည်။ ထိုအချိန်တွင် မြေပုံမျက်နှာပြင်ပေါ်၌ အပိုရွေးချယ်စရာတစ်ခု ပေါ်လာခဲ့လေသည်။ ၎င်းမှာ ‘အသက်ရှင်ကျန်ရစ်သူများ အဆင့်မြှင့်တင်မှုမြေပုံ’ ပင်ဖြစ်သည်။
ရှောင်းယီ ထိုရွေးချယ်စရာကို နှိပ်လိုက်သည်။ ထိုအခါ မြေပုံ၏ ညာဘက်အပေါ်ထောင့်တွင် ဒေတာအချက်အလက်တစ်ခု ပေါ်လာခဲ့လေသည်။
[SSS အဆင့်သို့ ရောက်ရှိသွားသော လူဦးရေ / စုစုပေါင်းလူဦးရေ - ၁၈၆၉၄၁ / ၂၀၂၂၀၄။]
ထို့ပြင် အောက်ရှိမြေပုံပေါ်တွင် ယီရန်ပင်းမဟာမိတ်အဖွဲ့ ရှာဖွေစူးစမ်းထားပြီးဖြစ်သော ကျွန်းများအားလုံးတွင်လည်း အလားတူ ဒေတာများကို ပြသနေသည်။
ဥပမာအားဖြင့် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ ပင်မကျွန်းပေါ်တွင် ပြသထားသော ဒေတာမှာ - ၉၈၆ / ၉၈၆ ဖြစ်သည်။
ဆိုလိုသည်မှာ ပင်မကျွန်းပေါ်ရှိ SSS အဆင့်သို့ ရောက်ရှိသွားသော အသက်ရှင်ကျန်ရစ်သူ အရေအတွက်မှာ ၉၈၆ ဦးဖြစ်ပြီး စုစုပေါင်း လူဦးရေမှာလည်း ၉၈၆ ဦးဖြစ်သည်။
ဤနည်းဖြင့် သူရှာဖွေစူးစမ်းထားသော နေရာတစ်ခုဖြစ်နေသရွေ့ ထိုနေရာရှိ အသက်ရှင်ကျန်ရစ်သူများကို သူကိုယ်တိုင် ရှာမတွေ့သေးလျှင်ပင် မြေပုံပေါ်တွင် မြင်တွေ့နိုင်မည်ဖြစ်သည်။
ရှောင်းယီက ခေါင်းညိတ်လိုက်မိ၏။
“ဒီလိုပဲ ဖြစ်သင့်တာပေါ့။ မဟုတ်ရင် ဒီလိုကျယ်ပြောလှတဲ့ ကမ္ဘာကြီးထဲမှာ SSS အဆင့်ကို မရောက်သေးတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို တစ်ယောက်ချင်းစီ လိုက်ရှာဖို့က အရမ်းခက်ခဲလိမ့်မယ်။”
ထိုမြေပုံကို မြင်ပြီးနောက် ရှောင်းယီ အနည်းငယ် စိတ်အေးသွားပြီး မဟာမိတ်အဖွဲ့တွင်း ဂရုချက်ထဲသို့ အသံဖိုင်တစ်ခု ပေးပို့လိုက်သည်။
“ဦးလေးအန်း၊ အစ်ကိုကျန်း၊ ခင်ဗျားတို့ဘက်ကနေ လူအင်အားပိုစိုက်ပြီး အပြင်ထွက် ရှာဖွေစူးစမ်းဖို့ စီစဉ်ပေးလိုက်ပါ။”
“ကျွန်းပိုင်ရှင် တစ်ခုခု ရှာတွေ့ထားလို့လား။”
သူတို့နှစ်ဦးလုံးက ထိုစာကို တစ်ချိန်တည်းနီးပါး ပေးပို့လာကြသည်။
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ မြေပုံစာမျက်နှာကို လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံရိုက်ကာ ဂရုထဲသို့ ပို့ပေးလိုက်သည်။
“အသက်ရှင်ကျန်ရစ်သူများ အဆင့်မြှင့်တင်မှုမြေပုံ ဟုတ်လား။ ဒါက ဘယ်နေရာမှာ SSS အဆင့်ကို မရောက်သေးတဲ့လူ ဘယ်နှစ်ယောက်ရှိလဲဆိုတာ ပြပေးနိုင်တယ်ပေါ့။”
အန်းယွဲ့က အံ့သြတကြီး ပြောလိုက်သည်။
“ဟုတ်တယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အဲ့ဒါကြောင့် ကျုပ်တို့ ရှာဖွေစူးစမ်းမှုတွေကို အရှိန်ပိုမြှင့်ပြီး မြူခိုးတွေကို ဖယ်ရှားပစ်ရမယ်။ အဲ့ဒီလိုဆိုရင် SSS အဆင့်ကိုမရောက်သေးတဲ့ အသက်ရှင်ကျန်ရစ်သူတွေ ဘယ်နေရာမှာ ရှိနေသေးလဲဆိုတာကို မြေပုံပေါ်က အညွှန်းတွေကနေတစ်ဆင့် ဆုံးဖြတ်နိုင်လိမ့်မယ်။”
“ဝိုး... ဒီလုပ်ဆောင်ချက်က တော်တော်မိုက်တာပဲ။ အခုမှ ရလာတာလား။”
ကျန်းယွင်ထျန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ငါ့မှာ အဲ့လိုစွမ်းရည်မျိုး မရှိဘူး။”
ရှောင်းယီက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေလိုက်သည်။
“ငါတို့ မဟာမိတ်အဖွဲ့ထဲက အသက်ရှင်ကျန်ရစ်သူအားလုံး SSS အဆင့်ကို ရောက်သွားလို့ ဒီလုပ်ဆောင်ချက်ကို ဖွင့်ပေးလိုက်ပြီဆိုပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အခုလေးတင် အကြောင်းကြားစာ ပို့လာတာ။”
“ဪ... ဒါကြောင့်ကိုး။”
လူတိုင်း ရုတ်တရက် သဘောပေါက်သွားခဲ့ကြသည်။
“ဒါဆိုရင်တော့ ငါတို့ရဲ့ ပန်းတိုင်က အရမ်းကို ရှင်းလင်းသွားပြီပေါ့။”
အန်းယွဲ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အင်း... အားလုံးပဲ။ လူတွေကို အမြန်ဆုံး လေယာဉ်တွေသုံးပြီး မြေပုံဆွဲခိုင်းဖို့ စီစဉ်ပေးကြပါ။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့။”
ထို့နောက် ရှောင်းယီသည် သူ၏လက်ကိုင်ဖုန်းကို ကောက်ကိုင်ကာ ယီထျန်းဂရုချတ်ကို ဖွင့်လိုက်သည်။
“ကျုပ်တို့ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မြေပုံက အဆင့်မြှင့်တင်လိုက်ပြီ။”
“ဘာအဆင့်မြှင့်တာလဲ။ လုပ်ဆောင်ချက်အသစ်တွေ ပါလာလို့လား။ ကျုပ်တို့ဆီမှာတော့ အဆင့်မမြှင့်ရသေးပါဘူး။”
“မဖြစ်နိုင်တာ။ ပိတ်ရက်ဖြစ်နေရင်တောင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က များသောအားဖြင့် သန်းခေါင်ကျော်မှ အပ်ဒိတ်လုပ်တာ မဟုတ်ဘူးလား။”
“ဟုတ်တယ်။ စောစောကလူက ဂျင်းထည့် နေတာပဲ ဖြစ်ရမယ်။ သူ့ကို ဂရုမစိုက်နဲ့။”
“သေစမ်း... ဘယ်သူက ဂျင်းထည့်နေလို့လဲ။ ဂျင်းထည့်တဲ့ကောင် တစ်မိသားစုလုံး သေပါစေကွာ။ ငါတို့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ အသက်ရှင်ကျန်ရစ်သူများ အဆင့်မြှင့်တင်မှုမြေပုံ ပေါ်လာတာ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အကြောင်းကြားစာအရဆိုရင် ငါတို့မဟာမိတ်အဖွဲ့ထဲက အသက်ရှင်ကျန်ရစ်သူအားလုံး SSS အဆင့်ကို ရောက်သွားပြီးမှ ပွင့်လာတဲ့ လုပ်ဆောင်ချက်အသစ် ဖြစ်ရမယ်။ မယုံရင် ငါ ဓာတ်ပုံပြမယ်။”
ထိုသို့ပြောပြီးနောက် ထိုလူသည် ဓာတ်ပုံအချို့ကို တကယ်ပင် ရိုက်ယူကာ အုပ်စုထဲသို့ တင်ပေးလိုက်သည်။
“လခွမ်း... ဒါက တကယ်ကြီး အပ်ဒိတ်ဖြစ်သွားတာလား။”
“ဖိုတိုရှော့နဲ့ ပြင်ထားတာတော့ မဟုတ်ပါဘူးနော်။ သူဌေး ပေးထားတဲ့ ဖုန်းက အရမ်းအဆင့်မြင့်လွန်းတော့ ဖုန်းနဲ့တင် ကိုယ်လိုချင်သလို ဖိုတိုရှော့ပြင်လို့ရတယ်လေ။”
“ငါက ကျိန်တောင်ကျိန်ထားပြီးပြီပဲ။ ဖိုတိုရှော့ ပြင်နေပါဦးမလား။”
“သူပြောတာ အမှန်ပဲ။”
ရှောင်းယီက ဝင်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာကြီး။ ကျွန်တော့်အတွက် ရှင်းပြပေးလို့။ အခု ယုံကြပြီမလား။”
“မဖြစ်နိုင်တာ။ တကယ်ကြီး အဆင့်မြှင့်လို့ရတာလား။”
“သူဌေး ကျွန်တော်တို့ကို မြန်မြန်ပြောပြပါဦး။ ဒီမြေပုံက ဘာအတွက် သုံးတာလဲ။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“ဒီမြေပုံက SSS အဆင့်ကို မရောက်သေးတဲ့လူတွေ ဘယ်နေရာမှာ ရှိနေသေးလဲဆိုတာ ငါတို့ကို ပြောပြဖို့အတွက် သုံးတာပဲ။”
ထို့နောက် ရှောင်းယီသည် ထိုအဆင့်မြှင့်တင်မှုမြေပုံ၏ လုပ်ဆောင်ချက်ကို အသေးစိတ် ဂရုတစိုက် ရှင်းပြပေးလိုက်၏။ ၎င်းကို နားထောင်ပြီးနောက် လူတိုင်း ထပ်မံဆွေးနွေးငြင်းခုံလာကြပြန်သည်။
“အော်... ဒါကြောင့်ကိုး။ အတော်ပဲ...ငါတို့တွေ ခေါင်းမပါတဲ့ ယင်ကောင်တွေလို ဟိုဟိုဒီဒီ လျှောက်ရှာနေစရာ မလိုတော့ဘူးပေါ့။”
“ဟုတ်တယ်။ ငါတို့မဟာမိတ်အဖွဲ့ထဲက ပျင်းရိလေးတွဲနေတဲ့ ကောင်တွေကို အော်ဟစ်သတိပေးရမယ်။ အခြားလူတွေအားလုံး SSS အဆင့် ရောက်ကုန်ကြပြီ။ သူတို့ကတော့ ဒီမှာ အချိန်ဆွဲနေတုန်းပဲ။”
“ရှင်းပြပေးလို့ ကျေးဇူးပါ သူဌေး။ ဒါဆိုရင် ကျုပ်တို့မဟာမိတ်အဖွဲ့လည်း မြေပုံစဆွဲတော့မယ်။ အဲ့ဒီအချိန်ကျရင် ဘယ်သူ့ကိုမှ အားလုံးရဲ့ခြေထောက်ကို လာဆွဲထားခွင့် မပြုနိုင်ဘူး။”
“ဟုတ်တယ်၊ ဟုတ်တယ်။ ငါတို့ဆီမှာ ဒီလုပ်ဆောင်ချက် မပွင့်သေးပေမဲ့ အခုကတည်းက စပြီး အားစိုက်ထုတ်ရမယ်။”
“အားလုံးပဲ အားစိုက်ထုတ်ကြရအောင်။ နောက်တစ်ဆင့်ကို အမြန်ဆုံး တက်လှမ်းနိုင်မလားဆိုတာက လူတိုင်း ဘယ်လောက်အထိ ကြိုးစားအားထုတ်မလဲဆိုတဲ့အပေါ်မှာ မူတည်နေပြီ။”
လူတိုင်း စိတ်လှုပ်ရှားတက်ကြွလာကြသည်။
ထိုအချိန်တွင် လူတစ်ယောက်က လူအများ၏ စိတ်ဓာတ်ကို ရေအေးဖြင့် လောင်းချသကဲ့သို့ စတင်ပြောဆိုလာပြန်သည်။
“မင်းတို့အားလုံး နောက်တစ်ဆင့်ကို ဒီလောက်မြန်မြန် သွားတာ တကယ်ပဲ ကောင်းတယ်ဆိုတာ သေချာလို့လား။”
“မကောင်းလို့လား။”
“အကယ်၍ နောက်တစ်ဆင့်က ဒီထက် ပိုဆိုးနေရင်ကော။”
“ဒါက ‘အကယ်၍’ မဟုတ်ဘူး။ ဒီထက် ပိုဆိုးမှာကတော့ သေချာသလောက်ပဲ။ ဒါပေမဲ့ ရှေ့ကလမ်းက ဆူးခင်းလမ်းဖြစ်နေရုံနဲ့ ငါတို့က ရှေ့မဆက်ဘဲ ရပ်နေရမှာလား။ ကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေက ငါတို့ကို ဒီအတိုင်း အပျင်းထူခွင့် ပေးထားလိမ့်မယ်လို့ မင်းတို့ ထင်နေတာလား။”
အခန်း ၁၂၆၂
“အတိအကျပဲ။ အကယ်၍ ငါတို့အားလုံး SSS အဆင့်ကို မရောက်ခင် ကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေက စိတ်မရှည်တော့ဘဲ ငါတို့ကို နောက်တစ်ဆင့်ထဲ ဇွတ်အတင်း ပစ်ထည့်လိုက်မယ်ဆိုရင် ရုပ်ခန္ဓာကြံ့ခိုင်မှု အဆင့်နိမ့်တဲ့လူတွေ အသက်ရှင်ကျန်ရစ်ပါဦးမလား။”
“မှန်တယ်။ ငါတို့အနေနဲ့ အဆင့်မြှင့်တင်တာကိုပဲ အမြန်လုပ်ပြီး နောက်တစ်ဆင့်ကို တက်ကြွလှုပ်ရှားစွာနဲ့ တက်လှမ်းတာက ပိုကောင်းတယ်။ ကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေက ငါတို့ရဲ့ ကြိုးစားအားထုတ်မှုကို မြင်ပြီး ဆုလာဘ်တွေ ဒါမှမဟုတ် အားသာချက်တွေ ပိုပေးလိမ့်မယ်လို့ မျှော်လင့်ရတာပဲ။”
“အားလုံးပဲ။ သူ့စကားကို နားမယောင်ကြနဲ့။ ကိုယ့်ရဲ့ ရုပ်ခန္ဓာကြံ့ခိုင်မှုကို မြှင့်တင်ဖို့အတွက်ပဲ ကြိုးစားကြပါ။ ဘယ်လိုပဲကြည့်ကြည့် ငါတို့ဘက်က နစ်နာစရာမရှိဘူး။”
ထိုအချိန်တွင် ရှောင်းယီက ဝင်ပြောလိုက်သည်။
“လူတိုင်း ကိုယ့်ရဲ့ ရုပ်ခန္ဓာကြံ့ခိုင်မှုကို မြှင့်တင်ဖို့ အကောင်းဆုံး ကြိုးစားသင့်တယ်။ SSS အဆင့်ကို ရောက်သွားပြီးရင်တောင်မှ အပျင်းမထူကြနဲ့။ အဲ့ဒီလိုမှ ငါတို့ရဲ့ ရုပ်ခန္ဓာကြံ့ခိုင်မှု အခြေခံအုတ်မြစ်ကို ခိုင်မာစေလိမ့်မယ်။ SSS အဆင့်ကို နောက်ကျမှ ရောက်တဲ့လူတွေကတော့ အခြေခံအုတ်မြစ် တည်ဆောက်ဖို့ အချိန်မရဘဲ နောက်တစ်ဆင့်ကို ကမူးရှူးတိုး ဝင်သွားရတဲ့အတွက် အားနည်းချက်တွေ ရှိလာနိုင်တယ်။”
“သူဌေးပြောတဲ့ သဘောအရဆိုရင် SSS အဆင့်ကို ရောက်ပြီးရင်တောင်မှ ထပ်ပြီး တိုးတက်အောင် လုပ်လို့ရသေးတာပေါ့။”
“ပုံစံရတော့ အဲ့လိုပဲ။ ဒါဆိုရင် ငါလည်း အမြန်ဆုံး အဆင့်မြှင့်ရတော့မယ်။ မဟုတ်ရင် SSS အဆင့် ရောက်ပြီးတာနဲ့ ဘာမှပြင်ဆင်မထားဘဲ အဲ့ဒီမသိရသေးတဲ့ စိန်ခေါ်မှုနဲ့ တိုက်ရိုက်ရင်ဆိုင်ရရင် လုံးဝ အဆင်သင့်ဖြစ်မှာ မဟုတ်ဘူး။”
“စကားတွေ အများကြီး ပြောမနေတော့ဘူး။ ငါတော့ သွားပြီး လေ့ကျင့်တော့မယ်။”
ရှောင်းယီသည် သူ၏လက်ကိုင်ဖုန်းကို ပိတ်လိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မြေပုံပေါ်ရှိ အမှတ်အသားများကို ကြည့်လိုက်သည်။ သူတို့ စကားပြောနေကြသည့် အချိန်အတောအတွင်းမှာပင် SSS အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည့် လူဦးရေက အများအပြား တိုးလာခဲ့သည်။
အတိအကျ ထိုအချိန်တွင်ပင် လူတစ်ယောက်က ယီထျန်းဂရုချတ်ထဲသို့ မက်ဆေ့ခ်ျတစ်ခု ပို့လာခဲ့သည်။
“ငါ ဒီနေ့ ရိက္ခာသေတ္တာထဲကနေ ဟာ့ဒ်ချီကုန်းအကြောင်း ရေးထားတဲ့ စာအုပ်တစ်အုပ် တကယ်ကြီးရလာတယ်ဟ။?”
“ဘာကြီးလဲ...။ မင်း အိမ်မက်မက်နေတာလား။ ရိက္ခာသေတ္တာထဲကနေ ဟာ့ဒ်ချီကုန်း စာအုပ် ရတယ် ဟုတ်လား။”
“ဟုတ်တယ်။ ငါ့ဆီမှာ စာအုပ်အပြည့်အစုံ ရှိတယ်။ မင်းတို့ ငါ့ဆီ ၆၆၆ အနီရောင်စာအိတ်လေးတွေပို့ပေးရင် အလကား ပေးလိုက်မယ်။”
“တကယ်လား။ ငါ့ကို တစ်စုံ ပို့ပေးစမ်းပါ။”
“လိမ်လည်လှည့်ဖြားမှုတွေက နေရာတိုင်းမှာ ရှိနေတာပဲ။ အားလုံးပဲ အမျိုးသားလိမ်လည်မှုဆန့်ကျင်ရေး အက်ပ်ကို အမြန်ဆုံး ဒေါင်းလုဒ်ဆွဲထားကြဦး။”
“သေစမ်း... ငါ မင်းတို့ကို နောက်နေတာ မဟုတ်ဘူးကွ။ တကယ်ရတာပါဆိုနေ။”
ထိုလူက ပြောပြောဆိုဆိုဖြင့် ဓာတ်ပုံတစ်ပုံကိုပင် ရိုက်ယူကာ ဂရုချတ်ထဲသို့ တင်လိုက်သည်။
ထိုဓာတ်ပုံထဲတွင် ရှေးဟောင်းပုံစံ စာအုပ်တစ်အုပ်ကို တွေ့ရပြီး ၎င်းပေါ်တွင် ဟာ့ဒ်ချီကုန်းဟူသော စာလုံးသုံးလုံးကို ပုံမှန်စာလုံးအလှဖြင့် ရေးသားထားသည်။
“ချီး... ဒါက တကယ်ကြီးတော့ မဟုတ်နိုင်ပါဘူးနော်။”
“စစ်ဆေးကြည့်ပြီးပြီ။ ဒီပုံက ဖိုတိုရှော့နဲ့ ပြင်ထားတာပဲ။”
“ချီးဘဲ...ဒီလို ပျင်းစရာကောင်းတဲ့ ပုံမျိုးကို ဖိုတိုရှော့ပြင်လို့ ငါက ဘာအမြတ်ရမှာလဲ။”
“လိမ်စားဖို့နေမှာပေါ့။ ဒါပေမဲ့ ငါကတော့ မကြောက်ဘူး။ ဘာလို့လဲဆိုတော့ ငါ့မှာ ပိုက်ဆံမရှိလို့ပဲ။”
“သူပြောတာ အမှန်ပဲ။ ငါတို့လည်း သိုင်းပညာအကြောင်း ရေးထားတဲ့ စာအုပ်တစ်အုပ် ရလာတယ်။”
“ဝိုး... အခုက လိမ်လည်တဲ့အဖွဲ့အစည်းကြီး ဖြစ်သွားတာလား။”
“ပုံကို ကြည့်လိုက်ဦး။”
ဂရုချတ်ထဲသို့ နောက်ထပ် ဓာတ်ပုံတစ်ပုံ ရောက်လာခဲ့ပြန်သည်။ ၎င်းမှာလည်း ရှေးဟောင်းပုံစံ စာအုပ်တစ်အုပ်ပင် ဖြစ်ပြီး ထိုက်ချိလက်သီးဟု ရေးသားထားသည်။
“အမှန်ပဲ။ ငါ့ဆီမှာလည်း တစ်အုပ်ရှိတယ်။ ကြည့်လိုက်။”
နောက်ထပ် ရှေးဟောင်းပုံစံ စာအုပ်တစ်အုပ် ဖြစ်ပြီး ရူလိုင်နတ်ဘုရားလက်ဝါးဟု ရေးသားထားသည်။
“ဟမ့်... ပထမနှစ်အုပ်ကို ငါ ဘာမှမပြောလိုပေမဲ့ မင်းရဲ့ ရူလိုင်နတ်ဘုရားလက်ဝါးကတော့ နည်းနည်း လွန်သွားပြီ။”
“ဒီနောက်ဆုံးတစ်ပုံရဲ့ ဖိုတိုရှော့ အမှတ်အသားတွေက သိသာလွန်းတယ်။”
“ဒါက မသင့်တော်ဘူးလား။ ငါ့ဆီမှာ ယင်းအရိုးဖြူလက်သည်းကိုးခုနဲ့ ဈာန်လက်ချောင်းလည်း ရှိသေးတယ်။ မင်းတို့ ဘယ်ဟာ လိုချင်လဲ။”
“ဒီနှစ်ခုက တစ်ခုခုတော့ အသုံးဝင်မယ့်ပုံပဲ။”
“ဘာအတွက် အသုံးဝင်ရမှာလဲ။ အပေါ်ကလူ...မင်းက ဒါကို တကယ်ကြီး ယုံနေတာလား။”
“သုံးမရဘဲ ဘယ်ရှိမှာလဲ။ အဲ့ဒါတွေက အိပ်ရာထဲမှာ သုံးတဲ့ သိုင်းကွက်တွေ မဟုတ်ဘူးလား။”
“သေစမ်း... အမြင်မတူတာနဲ့ တန်းပြီး လမ်းချော်တော့တာပဲ။”
ဂရုချတ်ထဲတွင် လမ်းကြောင်းများ ထပ်မံချော်ထွက်သွားသည်ကို မြင်သောအခါ ရှောင်းယီ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီးနောက် အန်းယွဲ့ကို ဖုန်းခေါ်ကာ မေးလိုက်သည်။
“ဒီနေ့ ကျုပ်တို့ ရိက္ခာသေတ္တာတွေထဲကနေ စာအုပ်လိုမျိုး ပစ္စည်းတွေ တွေ့မိသေးလား။”
“မတွေ့ပါဘူး။”
အန်းယွဲ့က အသေအချာ ပြန်ဖြေလိုက်သည်။
“ဒီနေ့ ရိက္ခာသေတ္တာတွေကို ဒီမနက်စောစောကတည်းက ဖွင့်ခဲ့တာ။ အဲ့ဒီလို ပစ္စည်းမျိုး လုံးဝမပါဘူး။”
ရှောင်းယီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ...ငါသိပြီ။”
“ကျွန်းပိုင်ရှင်... မင်းက သူတို့ ရိက္ခာသေတ္တာထဲကနေ ဒီလို သိုင်းပညာစာအုပ်တွေ ရလာတယ်ဆိုတာကို တကယ်ယုံနေတာလား။”
အန်းယွဲ့သည်လည်း ဂရုချတ်ထဲရှိ ဆွေးနွေးမှုများကို မြင်တွေ့ခဲ့ရသည်မှာ သိသာလှပေသည်။ ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဒါဆိုရင် ကျုပ်ရဲ့ တာအိုကျမ်းစာကို ဦးလေး ဘယ်လိုရှင်းပြမလဲ။”
အန်းယွဲ့တစ်ယောက် အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက် ခေါင်းခါကာ ပြောလိုက်သည်။
“ဒါလည်း ဟုတ်တာပဲ။ မင်းက တာအိုကျမ်းစာကို ရရှိခဲ့တာ ကြာပြီဆိုတော့ ရိက္ခာသေတ္တာထဲမှာ စာအုပ်တွေ ပေါ်လာဖို့ဆိုတာလည်း ဖြစ်နိုင်တာပဲ။”
“အင်း... မနက်ဖြန်ကျရင် ရိက္ခာသေတ္တာတွေကို ပိုပြီး ဂရုစိုက်ကြည့်ပေးပါ။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့ပါ။”
ထို့နောက် ရှောင်းယီသည် ယီထျန်းဂရုချတ်သို့ ပြန်ပြောင်းလိုက်ပြီး စာအုပ်ရလာသည်ဟု ပြောဆိုခဲ့သောသူကို တိုက်ရိုက် @ ခေါ်ကာ မေးလိုက်သည်။
“တစ်ခုလောက် မေးပါရစေ။ မင်းတို့မဟာမိတ်အဖွဲ့ထဲက အသက်ရှင်ကျန်ရစ်သူအားလုံး SSS အဆင့်ကို ရောက်သွားကြပြီလား။”
“ဟုတ်ပါတယ် သူဌေး။ ပြဿနာတစ်ခုခုရှိလို့လား။”
ထိုလူက မေးလာခဲ့သည်။
“ဒါဆို မင်းတို့ ရိက္ခာသေတ္တာတွေကို ဘယ်အချိန်က ဆယ်ယူခဲ့တာလဲ။”
ရှောင်းယီက ဆက်မေးလိုက်၏။
“ကျွန်တော်တို့ ဒီနေ့မနက်စောစောက ဆယ်ယူခဲ့တာပါ။ ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက ရှေးဦးဧရာမ သားရဲကြီးကို ရင်ဆိုင်ဖို့ အလုပ်ရှုပ်နေတာနဲ့ အခုလေးမှ ဖွင့်ဖြစ်ခဲ့တာ။”
“မင်းတို့တစ်ဖွဲ့လုံး SSS အဆင့်ကို ရောက်သွားတာကော ဘယ်တုန်းကလဲ။”
“မကြာသေးခင်ကတင်ပဲဗျ။”
“ငါဆိုလိုတာက မင်းတို့တစ်ဖွဲ့လုံး SSS အဆင့်ကို ရောက်သွားတာက ရိက္ခာသေတ္တာကို မဖွင့်ခင်လား၊ ဖွင့်ပြီးမှလား။”
ရှောင်းယီက အသေအချာ ထပ်မံမေးမြန်းလိုက်သည်။
“ရိက္ခာသေတ္တာကို မဖွင့်ခင်ကတည်းကပါ။”
ထိုလူက အခိုင်အမာ ပြန်ဖြေလိုက်သည်။ ထိုအခါ ရှောင်းယီသည် အနည်းငယ် တွေးတောကြည့်လိုက်ပြီး ၎င်း၏စိတ်ထဲတွင်လည်း ခန့်မှန်းချက်တစ်ခု ရှိနေပြီဖြစ်သည်။
“သူဌေး အခြားမေးစရာ ရှိသေးလားဗျ။”
“မရှိတော့ဘူး။ အကယ်၍ မင်းက ရိက္ခာသေတ္တာထဲကနေ စာအုပ်တစ်အုပ် တကယ်ရလာတာဆိုရင် သေချာဖတ်ပြီး ကြိုးစားလေ့လာပါ။ ဒါက SSS အဆင့်ရောက်ပြီးနောက် ပိုမိုတိုးတက်လာဖို့အတွက် အရမ်းအသုံးဝင်လိမ့်မယ်။”
ရှောင်းယီက ဂရုချတ်ထဲတွင် ပြောလိုက်သည်။ ရှောင်းယီ ထိုသို့ပြောသည်ကို ကြားသောအခါ ထိုလူက အံ့သြတကြီး မေးလိုက်၏။
“သူဌေး ခင်ဗျားက ကျွန်တော်ပြောတာကို တကယ်ယုံတာလား။”
“ဒါပေါ့။ ဒါက အမှန်မဟုတ်လို့လား။”
ရှောင်ယီက ပြန်လည်မေးခွန်းထုတ်လိုက်သည်။
“မဖြစ်နိုင်တာ။ သူဌေးက တကယ်ကြီး ယုံနေတာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ မယုံဘူး။ ကြည့်ကြည့်...နောက်ပိုင်းကျတော့ ရူလိုင်နတ်ဘုရားလက်ဝါးတောင် ထွက်လာသေးတယ် “
“အဲ့ဒီတစ်ခုကတော့ ဖိုတိုရှော့နဲ့ ပြင်ထားတာ သေချာတယ်။ သံသယဖြစ်စရာကို မလိုဘူး။ ဒါပေမဲ့ သူဌေးက ဒီလိုပြောတယ်ဆိုကတည်းက ဆရာကြီးကိုယ်တိုင်လည်း စာအုပ်လိုမျိုး ပစ္စည်းတွေကို ရဖူးလို့ပဲ ဖြစ်ရမယ်။”
“မဖြစ်နိုင်တာ။ ဒါက အရမ်းရယ်စရာကောင်းလွန်းတယ်။ အကယ်၍ တက္ကသိုလ်ဝင်စာမေးပွဲ သုံးနှစ်စာ မေးခွန်းဟောင်းတွေနဲ့ ငါးနှစ်စာ ပုံစံတူမေးခွန်းတွေ ရလာမယ်ဆိုရင်တောင် ငါ ယုံရင်ယုံဦးမယ်။ ဟာ့ဒ်ချီကုန်းဆိုတာကတော့ ထားလိုက်ပါတော့။”
ရှောင်းယီသည် လူအများ၏ ဆွေးနွေးငြင်းခုံမှုများကို ကြည့်ကာ ၎င်း၏ ခန့်မှန်းချက်ကို တိုက်ရိုက် ထုတ်ဖော်ပြောဆိုလိုက်သည်။
“အားလုံးပဲ ငါကိုယ်တိုင်လည်း ရိက္ခာသေတ္တာထဲကနေ စာအုပ်တစ်အုပ်မှ မရသေးပါဘူး။”
“တွေ့လား။ ငါ ပြောသားပဲ။ ရိက္ခာသေတ္တာထဲမှာ စာအုပ်တွေ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။”
“ဒါပေမဲ့ ငါ အခြားနေရာတွေကနေတော့ ရခဲ့ဖူးတယ်။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“အာ... သူဌေးရာ စကားပြောရင် ကြားထဲမှာ စိတ်လှုပ်ရှားအောင် ခဏရပ်ရပ်ပြီး မပြောပါနဲ့လား။”
ရှောင်းယီက သူ့ကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။
“ဒီတစ်ကြိမ်မှာ တစ်ယောက်ယောက် စာအုပ်ရလာတယ်ဆိုကတည်းက ငါ သံသယဖြစ်မိတဲ့ ယန္တရားတစ်ခု ရှိတယ်။ အဲ့ဒါက အဖွဲ့ဝင်အားလုံး SSS အဆင့်ကို ရောက်ရှိခြင်းက စည်းခြားမှတ်တစ်ခုပဲ။ ဒီအခြေအနေကို ပြည့်မီသရွေ့ ရိက္ခာသေတ္တာတွေထဲမှာ စာအုပ်တွေ ပေါ်လာလိမ့်မယ်။ ပြီးတော့ ဒီစာအုပ်တွေက ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် ဆက်လက်မြှင့်တင်ဖို့အတွက် နည်းလမ်းတွေပဲ။ ဒါက လူတိုင်း SSS အဆင့် ရောက်သွားတဲ့အတွက် ကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေက ပေးတဲ့ ဆုလာဘ်လည်း ဖြစ်နိုင်တယ်။”
“မဖြစ်နိုင်တာ...။ ချီးဘဲ... ငါတော့ မခံစားနိုင်တော့ဘူး။ ငါတို့ခြေထောက်ကို ဆွဲထားတဲ့ မဟာမိတ်အဖွဲ့ထဲက ကောင်တွေကို သွားပြီး ထိုးကြိတ်ရမယ်။ ဒီလောက် ကောင်းတဲ့ဆုလာဘ်ကြီးက ဒီလို အသုံးမကျတဲ့ အကောင်အနည်းငယ်ကြောင့် ဆုံးရှုံးရတော့မယ်ကွ။”
“ဒီလိုဆိုရင် SSS အဆင့်ကို စောစောရောက်တဲ့လူတွေက အများကြီး ပိုပြီး အားသာချက် ရသွားတာပေါ့။”
“ဒါပေါ့။ မဟုတ်ရင် သူဌေးရဲ့ အဆင့်က ဘာလို့ ဒီလောက်မြန်မြန် တက်လာမှာလဲ။”
“ဒါပေမဲ့ လူတိုင်း မနက်ကတည်းက ရိက္ခာတွေကို ဆယ်ယူခဲ့ကြတာပဲ မဟုတ်ဘူးလား။ ဒီမနက်တုန်းက ဘယ်မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်အားလုံး SSS အဆင့် မပြည့်သေးဘူး မဟုတ်လား။ မပြည့်သေးရင် ဒီနေ့ ရိက္ခာသေတ္တာတွေထဲမှာ စာအုပ်တွေ မပေါ်လာသင့်ဘူးလေ။”
“မနက်တုန်းကတော့ မရှိဘူး။ ဒါပေမဲ့ အခုတော့ ရှိနေပြီ။”
ရှောင်းယီက သူတို့ကို သတိပေးလိုက်သည်။
“အခုတော့ ရှိနေပြီ ဟုတ်လား။ ဒါပေမဲ့ ရိက္ခာသေတ္တာတွေက မနက်ကတည်းက အပ်ဒိတ်ဖြစ်သွားတာလေ။”
“သူဌေး ဆိုလိုတာက ရိက္ခာသေတ္တာထဲမှာ ပါတဲ့ပစ္စည်းတွေက မဖွင့်မချင်း ဘာလဲဆိုတာ အသေအချာ မသိရသေးတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောတာကွ။”
“ရှရိုဒင်ဂါရဲ့ ရိက္ခာသေတ္တာလိုပေါ့ ဟုတ်လား။”