အခန်း (၁၂၆၃-၁၂၆၄)
Vol. 110 Ch. 1263-1264
အခန်း ၁၂၆၃
“ဒီပုံစံအတိုင်းဆိုရင် ငါဆယ်ယူရရှိသမျှ ရိက္ခာသေတ္တာအားလုံးကို အခုမဖွင့်ဘဲ သိမ်းထားပြီး အားလုံး SSS အဆင့် ရောက်သွားမှ ဖွင့်မယ်ဆိုရင် စာအုပ်တွေ ရနိုင်တာပေါ့။”
“သူဌေးပြောတဲ့ သဘောအရဆိုရင်တော့ တကယ် အဲ့ဒီလိုပဲ။ ငါတို့လည်း ငါတို့ရဲ့ ရိက္ခာသေတ္တာတွေကို မဖွင့်သေးဘဲ စောင့်ကြည့်ရမယ့်ပုံပဲ။”
“နောက်ထပ် အဆင့်တက်မယ့်လူတွေရေ... နည်းနည်းလောက် နှေးနှေးလုပ်ပေးကြပါဦး။ ငါတို့လည်း အဲ့ဒီသိုင်းပညာတွေကို လေ့ကျင့်ချင်သေးတယ်။”
“ဟုတ်တယ်။ ငါ ငယ်ငယ်ကတည်းက သိုင်းလောကအိပ်မက်တွေ ရှိခဲ့တာ။ လူတိုင်း ငါ့ကို အဲ့ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးပေးကြလိမ့်မယ်လို့ မျှော်လင့်တယ်။”
“မင်းတို့တွေ ဘာတွေတွေးနေကြတာလဲ။ သိုင်းပညာသင်ယူဖို့ အခွင့်အရေးရှိလာပြီဆိုမှတော့ ရှာနိုင်ငံသားတိုင်းက အဲ့ဒါအတွက် အစွမ်းကုန် ကြိုးစားကြမှာပဲ။”
“ငါ့မှာ မေးစရာတစ်ခုရှိတယ်။ ငါက SSS အဆင့် မဟုတ်သေးရင် တခြားမဟာမိတ်အဖွဲ့တွေကတစ်ဆင့် သိုင်းပညာကို လေ့လာလို့ရမလား။”
“ဒါလည်း ဖြစ်နိုင်တာပဲ မဟုတ်ဘူးလား။ စာအုပ်တွေက ရလာပြီးသားပဲဥစ္စာ။ ငါ့မျက်စိကို လာပိတ်ပြီး မကြည့်ခိုင်းဘဲ နေလို့ရမှာမို့လို့လား။”
“ဒါဆို ငါတို့တွေ ကြိုက်တဲ့အချိန် သင်ယူလို့ရတယ်ဆိုတဲ့ သဘောပေါ့။”
ထိုအခါ ရှောင်းယီက ကြားထဲမှ မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
“ငါရရှိထားတဲ့ အချက်အလက်တွေအရဆိုရင် SSS အဆင့်ကို မရောက်သေးဘဲ အဲ့ဒါတွေကို အတင်းအဓမ္မ ကျင့်ကြံဖို့ ကြိုးစားရင် ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေနိုင်တယ်။”
“အာ... မဖြစ်နိုင်တာ။”
“ငါကတော့ ဖြစ်နိုင်တယ်လို့ ထင်တယ်။ စဉ်းစားကြည့်လေ...။ ကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေက ဘာလို့ လူတိုင်း SSS အဆင့်ရောက်မှ သိုင်းပညာစာအုပ်တွေကို ပေါ်လာအောင် လုပ်ရတာလဲ။ အဲ့ဒါက SSS အဆင့် မရောက်မချင်း မကျင့်ကြံနိုင်ဘူးဆိုတဲ့ သဘောကို ဖုံးကွယ်ထားတာ မဟုတ်ဘူးလား။”
“အဲ့လိုပုံစံပဲ။ ဟင်း... ငါကတော့ ကယ်ပေါက်တစ်ခု ရှာမလို့ပဲ။ ဒါပေမဲ့ မရနိုင်တော့တဲ့ပုံပဲ။”
“ကယ်ပေါက်ရှာဖို့ချည်းပဲ အမြဲမတွေးနဲ့။ တကယ်လို့ ကယ်ပေါက်တစ်ခု ရှိနေရင်တောင်မှ ကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေက အဲ့ဒါကို သိသွားရင် ပြုပြင်ထိန်းသိမ်းမှုနဲ့ အပ်ဒိတ်တွေ လုပ်ပြီးတဲ့နောက် မင်းတို့လည်း ထိုက်တန်တဲ့ အပြစ်ပေးမှုကို ခံရမှာပဲ။”
“ဟုတ်ပါတယ်။ ဒါပေမဲ့ ငါ့မှာ ရုတ်တရက် အကြံတစ်ခု ရလာတယ်။ ဟိုးအရင်တုန်းက သူဌေး ပြောခဲ့ဖူးတာကို ငါမှတ်မိသေးတယ်။ ရှားနိုင်ငံမှာ ရှေးဟောင်းသိုင်းပညာမိသားစုတွေ ရှိတယ်ဆိုတာလေ။ အဲ့ဒီရှေးဟောင်းသိုင်းပညာမိသားစုတွေဆီကနေ မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာခဲ့တဲ့ သိုင်းပညာလျှို့ဝှက်ကျမ်းတွေကကော အခုစာအုပ်တွေလိုမျိုး အရာတွေပဲလား။”
“ငါ့အထင်တော့ အဲ့ဒါတွေက အမျိုးအစားတူတွေ ဖြစ်ရမယ်။ ဒါပေမဲ့ အဲ့ဒါက ရှေးဟောင်းသိုင်းပညာမိသားစုက လူတစ်ယောက်ယောက် ထွက်လာပြီး ရှင်းပြမှ သိရမှာ။”
“မှန်တယ်။ အခုလောက်ဆို ရှေးဟောင်းသိုင်းပညာမိသားစုတွေလည်း လူတိုင်း SSS အဆင့်ကို ရောက်နေလောက်ပြီ မဟုတ်လား။ သူတို့ရဲ့ ရုပ်ခန္ဓာကြံ့ခိုင်မှုက အစကတည်းက ငါတို့ထက် ပိုကောင်းတယ်လေ။”
“ငါတို့ ရိက္ခာသေတ္တာထဲက ရလာတဲ့ စာအုပ်တွေကို မမြင်ရသေးတော့ လောလောဆယ် အဲ့ဒီစာအုပ်တွေရဲ့ အခြေအနေကို မဆုံးဖြတ်နိုင်သေးဘူး။”
“ရှေးဟောင်းသိုင်းပညာမိသားစုက လူတစ်ယောက် တကယ် ထွက်လာပြီဗျို့။ အပေါ်က ဆရာကြီးတို့... ခင်ဗျားတို့ဆီမှာ သိုင်းပညာစာအုပ်တွေ တစ်အုပ်မှ မရသေးဘူးလား။”
“ငါတို့မဟာမိတ်အဖွဲ့ထဲမှာ SSS အဆင့်ကို မရောက်သေးတဲ့ အသက်ရှင်ကျန်ရစ်သူ အနည်းငယ် ရှိနေသေးလို့ပါ။”
“မဖြစ်နိုင်တာ။ ရှေးဟောင်းသိုင်းပညာမိသားစုတွေက အားလုံး အရမ်းမိုက်ကြတယ် မဟုတ်ဘူးလား။”
“ဘယ်လောက်ပဲ တော်တဲ့ ရှေးဟောင်းသိုင်းပညာမိသားစုဖြစ်ဖြစ် သာမန်လူတွေတော့ ရှိတာပဲလေ။”
“ဒါလည်း ဟုတ်တာပဲ။ ကောင်းပြီ... စာအုပ်တွေ ရလာရင် ထူးခြားချက်တွေကို ပြောပြဖို့ မမေ့နဲ့ဦးနော်။”
ဂရုချတ်ကို ကြည့်ရင်း ရှောင်းယီသည် သူ၏လက်ကိုင်ဖုန်းကို ပိတ်လိုက်ပြီး အကြောဆန့်ကာ ဘေးဘက်ရှိ ဝရန်တာသို့ လျှောက်လာခဲ့လိုက်သည်။
ကျွန်း၏ အကျယ်အဝန်းက ပို၍ပို၍ ကြီးမားလာသောကြောင့် ယခုအခါ ဗီလာ၏ ဝရန်တာတွင် ရပ်နေသော်လည်း ပင်လယ်ပြင်ကို လုံးဝမမြင်ရတော့သလို ပင်လယ်လေညင်းကိုလည်း မခံစားရတော့ပေ။
“ငါ ဗီလာကို ကုန်းတွင်းပိုင်းထဲမှာ မဆောက်ခဲ့သင့်ဘူး ထင်တယ်။”
ရှောင်ယီက တီးတိုးရေရွတ်လိုက်မိသည်။
အရှိန်အဟုန်ပြင်းဆဲဖြစ်သော အပူရှိန်ကို ခံစားရင်း ဗီလာကို ပင်လယ်ကမ်းခြေတွင် ဆောက်ခဲ့လျှင် ပိုကောင်းမည်ဟု ရှောင်းယီ ပထမဆုံးအကြိမ်အဖြစ် တွေးမိသွားခဲ့သည်။
တီတီ... တီတီ...
ရှောင်းယီ၏ လက်ကိုင်ဖုန်း အသံမြည်လာခဲ့သည်။ သူ လျှောက်သွားကာ ဖုန်းကိုင်လိုက်၏။
“ကျွန်းပိုင်ရှင် အပန်းဖြေစခန်းကို သွားပြီး လျှောက်လည်ကြရအောင်။ ဘာပဲဖြစ်ဖြစ် သန်းခေါင်ယံအထိ စောင့်ရမှာပဲလေ။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“ကောင်းပြီ၊ အပန်းဖြေစခန်းက ဘားမှာ တွေ့ကြတာပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်၏။ ယနေ့သည် သီတင်းပတ်၏ နောက်ဆုံးနေ့ဖြစ်ပြီး လူတိုင်းက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် အပ်ဒိတ်ဖြစ်မည့် သတိပေးချက်များ ရှိ၊ မရှိ သိနိုင်ရန် သန်းခေါင်ယံအချိန်အထိ စောင့်ဆိုင်းရသည်ကို အလေ့အထတစ်ခုလို ဖြစ်နေကြပြီဖြစ်သည်။
ယခုအခါတွင် လက်ကိုင်ဖုန်းများ ခေတ်စားလာမှုကြောင့် အသက်ရှင်ကျန်ရစ်သူ အရေအတွက် ပိုမိုများပြားလာကာ ၎င်းတို့၏ ပိတ်ရက်များကို အပန်းဖြေစခန်းတွင် လာရောက်ကုန်ဆုံးရန် ရွေးချယ်လာကြသည်။ ပြဿနာတစ်ခုခုရှိပါကလည်း ၎င်းတို့၏ လက်ကိုင်ဖုန်းများကို အသုံးပြု၍ တိုက်ရိုက် ဆက်သွယ်နိုင်ကြသည်။
ယနေ့တွင်လည်း ဘားထဲ၌ လူများဖြင့် ပြည့်နှက်နေခဲ့ပြန်သည်။ ရှောင်းယီ ဘားထဲသို့ လျှောက်ဝင်လာသောအခါ လူအများအပြားက သူ့ကို နှုတ်ဆက်လာကြ၏။
ရှောင်းယီက သူတို့ကို တစ်ယောက်ချင်းစီ ပြန်လည်နှုတ်ဆက်ပြီးနောက် အပေါ်ဆုံးထပ်ရှိ သီးသန့်အခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
ကျန်းယွင်ထျန်းနှင့် အခြားလူများသည် ထိုနေရာတွင် အကြိတ်အနယ် စကားပြောဆိုနေကြပြီဖြစ်သည်။
ရှောင်းယီသည် ဒူခန်း ကမ်းပေးသော ဖန်ခွက်ကို လှမ်းယူရင်း မေးလိုက်သည်။
“မင်းတို့ ဘာတွေ ပြောနေကြတာလဲ။”
“တခြား ဘာရှိဦးမှာလဲ။ အခု ငါတို့အားလုံး SSS အဆင့်ကို ရောက်ကုန်ကြပြီဆိုတော့ သဘာဝအတိုင်း ဂရုထဲမှာ ပြောနေကြတဲ့ သိုင်းပညာစာအုပ်တွေအကြောင်း ဆွေးနွေးနေကြတာပေါ့။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“မင်းတို့အားလုံးက တာအိုကျမ်းစာကိုပဲ ကြိုးစားကျင့်ကြံဖို့ လိုတယ်။ အများကြီး စဉ်းစားနေစရာ မလိုပါဘူး။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။ အန်းယွဲ့နှင့် အခြားလူများက ခေါင်းညိတ်လိုက်ကြ၏။
“ကျွန်းပိုင်ရှင်... မင်း အရင်က ပြောခဲ့တာက နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ အခြေအနေတွေက SSS အဆင့် ရောက်ရမယ်။ ပြီးရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု ရှိရမယ်လို့နော်။ အခု လောလောဆယ် ငါတို့မဟာမိတ်အဖွဲ့ထဲမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် အရေအတွက်က လုံလောက်မှု မရှိသေးဘူး။ အကယ်၍ နောက်ဆုံးအထိ ကျွန်းအထိမ်အမှတ်ကျောက်တိုင် မလုံလောက်ဘူးဆိုရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိတဲ့ လူတွေကို ကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေက ဘယ်လို ကိုင်တွယ်မလဲဆိုတာ ငါမသိဘူး။”
အန်းယွဲ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ ရှောင်းယီသည်လည်း မျှော်လင့်ချက်ကင်းမဲ့သွားခဲ့သည်။
“ကျုပ်လည်း မသိဘူး။ ဟူး... ကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေက နည်းနည်းလောက် ညှာတာပေးဖို့ပဲ မျှော်လင့်ရတာပဲ။”
လူတိုင်း၏ စိတ်ခံစားချက်များ အနည်းငယ် ကျဆင်းသွားခဲ့သည်။
ဤနေရာတွင် ထိုင်နေသော လူများသည် ရှောင်းယီထံမှ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု သေချာပေါက် ရရှိကြမည်ဖြစ်သော်လည်း ၎င်းတို့၏ မဟာမိတ်အဖွဲ့ထဲတွင် အခြားအသက်ရှင်ကျန်ရစ်သူများ ရှိနေသေးသည်။
ရှောင်းယီနှင့် အခြားလူများသည် သွေးအေးရက်စက်သော တိရစ္ဆာန်များ မဟုတ်ကြချေ။ အချိန်အတော်ကြာ အတူတကွ ဖြတ်သန်းခဲ့ကြပြီးနောက် ၎င်းတို့အကြားတွင် သံယောဇဉ် အနည်းနှင့်အများတော့ ရှိနေပြီဖြစ်သည်။
“အချိန်တန်ရင် သိရမှာပေါ့။”
ရှောင်းယီက ပြုံးကာ ပြောလိုက်၏။
“အခုကတည်းက ဒီကိစ္စအတွက် ငါတို့တွေ စိတ်ပူနေရတာက ဘာမှ အဓိပ္ပာယ်မရှိဘူး။”
“အတိအကျပဲ။”
ဒူခန်းက အလိုက်ကန်းဆိုးမသိဘဲ ဝင်ပြောလိုက်သည်။
“ဖြစ်နိုင်တာက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိတဲ့လူတွေက ပိုပြီးတော့တောင် ဂရုစိုက်တာ ခံရဦးမလား မသိဘူး။”
ကျန်းယွင်ထျန်းက သူ့ကို မျက်စောင်းထိုးလိုက်သည်။
“ဒါဆိုရင်တော့ မင်း မြန်မြန်သွား မျက်နှာသစ်ပြီး အိပ်လိုက်တော့။ အိမ်မက်ထဲမှာ အကုန်ရှိတယ်။”
လူတိုင်း စကားစမြည် ပြောဆိုနေကြစဉ်မှာပင် အချိန်သည် သန်းခေါင်ယံအချိန်သို့ ဖြည်းဖြည်းချင်း ရောက်ရှိလာခဲ့ပြီး ရှောင်းယီသည်လည်း သူ၏ အိပ်ခန်းသို့ ပြန်လာခဲ့လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ သတိပေးချက်က ထပ်မံ ပေါ်လာခဲ့သည်။
“မင်းတို့တွေ တော်တော်လေး စိတ်အေးလက်အေး ရှိနေကြပုံပဲ။ နောက်တစ်ဆင့်ကို တက်လှမ်းဖို့ အခြေအနေတွေကို မင်းတို့ကို ပြောပြရမယ့် အချိန်ရောက်ပြီ။”
“အခုဆိုရင် မင်းတို့ထဲက လူအများစုက ပထမဆုံး အခြေအနေဖြစ်တဲ့ SSS အဆင့်ကို ရောက်ရှိရမယ် ဆိုတာကို ပြည့်မီသွားကြပြီ။ ပြီးတော့ ဒုတိယ အခြေအနေကတော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု ပိုင်ဆိုင်ထားဖို့ပဲ။”
“အကယ်၍ မင်းတို့ နောက်တစ်ဆင့်ကို မတက်လှမ်းနိုင်ဘူးဆိုရင် တိုက်ရိုက် အမြစ်ပြတ် ချေမှုန်းခံရလိမ့်မယ်။”
“လူတိုင်းရဲ့ ဘဝက အခုချိန်မှာ အရမ်း သက်တောင့်သက်သာ ဖြစ်လွန်းနေတာကြောင့် နောက်အပတ်ရဲ့ စမ်းသပ်မှုတွေက တစ်ရက်ထက်တစ်ရက် ပိုပြီး ခက်ခဲလာလိမ့်မယ်။”
ထိုတိုတောင်းလှသော စာသားအချို့ကြောင့် ပျော်ပါးနေကြသည့် အသက်ရှင်ကျန်ရစ်သူများအားလုံး မှင်တက်သွားကြသည်။
“ဒါက ဘာအခြေအနေကြီးလဲ။ ငါတို့က ဘာလို့ တိုက်ရိုက် အမြစ်ပြတ် ချေမှုန်းခံရမှာလဲ။”
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိရင် တိုက်ရိုက် အမြစ်ပြတ် ချေမှုန်းခံရမယ် ဟုတ်လား။ ရူးနေတာလား...။ ငါတို့မဟာမိတ်အဖွဲ့ထဲမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိသေးတဲ့လူတွေ အများကြီး ရှိသေးတယ်ကွ။”
“ဟူး... ငါတော့ လက်လျှော့လိုက်ချင်ပြီ။ ဘာပဲဖြစ်ဖြစ် ငါတို့မဟာမိတ်အဖွဲ့ထဲမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သုံးဖို့ဆိုတာ ငါ့အလှည့် ရောက်လာမှာမဟုတ်ဘူး။”
“လက်လျှော့မယ် ဟုတ်လား။ မင်း အများကြီး တွေးနေတာပဲ။ လက်လျှော့လိုက်လည်း အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ နောက်ဆုံး သတိပေးချက်ကို မင်း မမြင်ဘူးလား။”
“သွားပြီ။ ဒါဆိုရင် ငါ SSS အဆင့်ကို အဆင့်မမြှင့်တော့ဘူး။ သေရင်လည်း အတူတူ သေကြတာပေါ့။”
“ဒါဆိုရင်တော့ မင်း ဆရာကြီးအားလုံးရဲ့ ပစ်မှတ်ထားခြင်းကို ခံရလိမ့်မယ်။”
“ဒါဆို ငါတို့ ဘာလုပ်သင့်လဲ။ ယီရန်ပင်း သူဌေး... တစ်ခုခု ပြောပါဦး။ မဟုတ်ရင် မဟာမိတ်အဖွဲ့က ပရမ်းပတာ ဖြစ်ကုန်တော့မယ်။”
“ဟုတ်တယ်။ မဟာမိတ်အဖွဲ့ တစ်ခုတည်းတင်မကဘဲ အားလုံး ပရမ်းပတာ ဖြစ်ကုန်ကြလိမ့်မယ်လို့ ငါထင်တယ်။ စာချုပ်ကတ် သုံးထားတဲ့လူတွေကလွဲရင် အခြားလူတိုင်းက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကိုယ့်အတွက်ကိုယ် လုယူချင်နေကြမှာပဲ။”
ရှောင်းယီက အနည်းငယ် တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။
“အားလုံးပဲ။ မလန့်ကြပါနဲ့။ ငါတို့မှာ အချိန်ရှိသေးတယ် မဟုတ်ဘူးလား။ လူတိုင်း အပြင်ထွက်ပြီး ရှာဖွေစူးစမ်းမှုတွေ ပိုလုပ်ကြပါ။ ဒေသခံတွေ သိမ်းပိုက်ထားတဲ့ အုတ်မြစ်ကျောက်ကျွန်းတွေကို လိုက်ရှာကြပါ။ ငါတို့မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေ ဒီလောက်တောင် လိုအပ်ချက် ရှိနေမှတော့ အခြားနိုင်ငံတွေကို အားနာနေစရာ မလိုတော့ဘူး။”
“သူဌေး ပြောတာ မှန်တယ်။ အရင်ဆုံး ငါတို့ ခြေလှမ်းမပျက်စေနဲ့။ ငါတို့မှာ အခွင့်အရေး ရှိပါသေးတယ်။”
“မနက်ဖြန်ကျရင် ငါတို့တွေ ယီတုန်းနိုင်ငံ မဟာမိတ်အဖွဲ့ကို သွားရောက်တိုက်ခိုက်ပြီး သူတို့ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို လုယူမယ်။ ဘာစိတ်အနှောင့်အယှက်မှ ဖြစ်နေစရာ မလိုဘူး။”
အခန်း ၁၂၆၄
ရှောင်းယီ၏ ထိုသို့ပြောစကားကြောင့် လူတိုင်းအား ၎င်းတို့၏ မျှော်လင့်ချက်နှင့် တိုက်ခိုက်လိုစိတ်များကို ပြန်လည်မွေးဖွားလာစေခဲ့သည်။
သို့သော်လည်း ယီတုန်းနိုင်ငံမှ အသက်ရှင်ကျန်ရစ်သူများသည် ယီထျန်းဂရုချတ်ထဲသို့ ခိုးဝင်ထားသော သူလျှိုများမှတစ်ဆင့် ရှားနိုင်ငံ အသက်ရှင်ကျန်ရစ်သူများ၏ ရည်ရွယ်ချက်ကို သိရှိသွားခဲ့ကြသည်။
“သေစမ်း... ဒီရှားနိုင်ငံက ကောင်တွေက ငါတို့ကို တိုက်ခိုက်ဖို့ တကယ်ကြီး ကြံစည်နေတယ်ပေါ့။ သူတို့ကိုယ်သူတို့ ဘာကောင်လဲဆိုတာ မသိကြဘူးပဲ။”
“အကယ်၍ အဲ့ဒီယီရန်ပင်းသာ အမှန်တကယ်လှုပ်ရှားလာရင် အတော်လေး ပြဿနာတက်လိမ့်မယ်။ သူတို့ရဲ့ လေယာဉ်တင်သင်္ဘော၊ တိုက်လေယာဉ်နဲ့ ဗုံးကြဲလေယာဉ်တွေက အရမ်းအစွမ်းထက်လွန်းတယ်။ ပြီးတော့ တိုက်ချင်းပစ်ဒုံးကျည်ကိုပါ ထပ်ပေါင်းလိုက်ရင် ဘယ်သူမှ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလို့ ငါထင်တယ်။”
“ဟမ့်... ရှားနိုင်ငံမှာ ယီရန်ပင်းသာ မရှိရင် ငါတို့တွေ ရှားနိုင်ငံတစ်ခုလုံးကို သိမ်းပိုက်ပြီးလောက်ပြီ။”
“အခု ငါတို့ ဘာလုပ်ကြမလဲ။”
ထိုမေးခွန်းကို ယီတုန်းနိုင်ငံမှ အသက်ရှင်ကျန်ရစ်သူတိုင်းက မေးနေကြသော်လည်း မည်သူမျှ အဖြေမရှာနိုင်ခဲ့ကြချေ။
“အစီရင်ခံပါတယ်။ အခုလေးတင် ဆယ်ယူရရှိတဲ့ ရိက္ခာသေတ္တာထဲကနေ ထုတ်လုပ်မှုပုံစံ အချို့ ရလာပါတယ်။”
“ဘာပုံစံတွေလဲ။”
“ဒုံးကျည်ကာကွယ်ရေးစနစ် ထုတ်လုပ်မှုပုံစံ၊ လေကြောင်းရန်ကာကွယ်ရေးစနစ် ထုတ်လုပ်မှုပုံစံနဲ့ ရေငုပ်သင်္ဘောဖျက်စီးရေး တော်ပီဒို ထုတ်လုပ်မှုပုံစံတွေပါ။”
“ဟားဟားဟား... ဧကရာဇ်မင်းမြတ်က ငါတို့ကို စောင့်ရှောက်တာပဲ။ ဒါတွေက ယီရန်ပင်းမဟာမိတ်အဖွဲ့ကို လုံးဝ ပစ်မှတ်ထားတိုက်ခိုက်မယ့် အရာတွေပဲ။”
ဤအချိန်တွင် ယီရန်ပင်းမဟာမိတ်အဖွဲ့မှလွဲ၍ အခြားမဟာမိတ်အဖွဲ့အားလုံးနီးပါးသည်လည်း အလားတူ ထုတ်လုပ်မှုပုံစံများကို ရရှိခဲ့ကြသည်။
အတိအကျ ထိုအချိန်တွင်ပင် လူတစ်ယောက်က ထိုထုတ်လုပ်မှုပုံစံများအကြောင်းကို ယီထျန်းဂရုချက်ထဲတွင် ဖော်ထုတ်ပြသလာခဲ့သည်။
“သူဌေး ကျွန်တော်တို့ဆီမှာ ထုတ်လုပ်မှုပုံစံတချို့ ရလာတယ်။ အဲ့ဒါတွေအကုန်လုံးက သူဌေးတို့ဘက်ကို ပစ်မှတ်ထားနေတဲ့ပုံပဲ။”
“ဟုတ်တယ်။ ငါတို့ဆီမှာလည်း တူတူပဲ။ ရေငုပ်သင်္ဘောဖျက်ဆီးရေး၊ လေကြောင်းရန်ကာကွယ်ရေး၊ ဒုံးကျည်ကာကွယ်ရေးတွေချည်းပဲ။”
“သေစမ်း... ဒီကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေက သူဌေးကို တမင်သက်သက် ဒုက္ခပေးဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ သေချာတယ်။”
ရှောင်းယီသည် ထိုမက်ဆေ့ခ်ျများကို မြင်သောအခါ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။
“ကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေက ငါ့ကို အတော်လေး ပစ်မှတ်ထားနေတာတော့ အမှန်ပဲ။”
“စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - စွမ်းရည်အဆင့်မြှင့်တင်ခြင်းကတ် ၁ ။”
ထိုဆုလာဘ်ကို မြင်သောအခါ ရှောင်းယီ သက်ပြင်းသာ ချနိုင်တော့သည်။ လောလောဆယ်တွင် သူသည် ပိုမိုအဆင့်မြင့်သော လက်နက်ခဲယမ်းမီးကျောက်များနှင့် စစ်လက်နက်ပစ္စည်းများကို ပိုမိုလိုအပ်နေပေသည်။
ရှောင်းယီသည် ကမ္ဘာ့စည်းမျဉ်းများ၏ ပစ်မှတ်ထားမှုကို ရင်ဆိုင်ဖို့ စနစ်ကို အသုံးပြုရန် ပြင်ဆင်ထားသော်လည်း အခွင့်အရေး မရှိတော့ပုံပင်။
ရှောင်းယီသည် ခေါင်းကိုခါယမ်းလိုက်ပြီး ၎င်း၏ကုတင်ပေါ်သို့သာ ပစ်လှဲချလိုက်တော့သည်။
“စွမ်းရည်အဆင့်မြှင့်တင်ခြင်းကတ်... ငါ့မှာ အခုလောလောဆယ် ဘာစွမ်းရည်မှ မရှိသေးဘူး မဟုတ်လား။ စစ်ဘက်ဆိုင်ရာ တိုက်ခိုက်ရေးပညာလား။ ဒါမှမဟုတ် ဒူခန်းဆီကနေ ကူးယူထားတဲ့ စုပ်ယူခြင်းပါရမီလား။ ဒါမှမဟုတ် ငါကျင့်ကြံနေတဲ့ တာအိုကျမ်းစာလား။”
ရှောင်းယီ တွေးတောနေမိသည်။
“စွမ်းရည်အဆင့်မြှင့်ကတ်ကို အသုံးပြုနိုင်သော လက်ရှိစွမ်းရည်များမှာ အောက်ပါအတိုင်းဖြစ်သည်။ နှစ်ဆအခြေအနေ ၊ စစ်ဘက်ဆိုင်ရာ တိုက်ခိုက်ရေးပညာ၊ ငါးဖမ်းခြင်း၊...”
စနစ်က ရုတ်တရက် သတိပေးချက် ထုတ်ပြန်လာခဲ့သည်။
ထိုသတိပေးချက်ကို မြင်သောအခါ ရှောင်းယီက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်မိသည်။
“မင်းက ငါ့ကို နှစ်ဆအခြေအနေမှာ သုံးခိုင်းနေတာနဲ့ ဘာကွာတော့လို့လဲ။”
“စွမ်းရည်အဆင့်မြှင့်တင်ခြင်းကတ်ကို နှစ်ဆအခြေအနေစွမ်းရည်တွင် အသုံးပြုမည်မှာ သေချာပါသလား။”
“သေချာတယ်။”
ရှောင်းယီက မျက်လုံးပင့်ကာ ပြန်ဖြေလိုက်သည်။
“အဆင့်မြှင့်တင်မှု အောင်မြင်ပါသည်။ နှစ်ဆတိုးစွမ်းရည်ကို လေးဆအဖြစ် အဆင့်မြှင့်တင်လိုက်ပါပြီ။ စွမ်းရည်ပွင့်ရန် ရာခိုင်နှုန်းမှာ ၂၀% ဖြစ်ပြီး ၂၄ နာရီကြာ ခံစားခွင့်ရှိမည် ဖြစ်သည်။”
စွမ်းရည်ပွင့်မည့် ရာခိုင်နှုန်းနှင့် အထွက်နှုန်း နှစ်ခုစလုံး တိုးလာသည်ကို မြင်သောအခါ ရှောင်းယီသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။
နောက်တစ်နေ့တွင် ရှောင်းယီသည် ပုံမှန်အတိုင်း မနက်ငါးနာရီတွင် နိုးထလာခဲ့ပြီး မနက်ခင်း ကျင့်ကြံပြီးနောက် မနက်စာစားရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
“ကျွန်းပိုင်ရှင် ဂရုချတ်ထဲက မက်ဆေ့ခ်ျတွေကို မြင်ပြီးပြီလား။”
ကျန်းယွင်ထျန်းက ရှောင်းယီကို မြင်မြင်ချင်း မေးလိုက်သည်။
“ဒါပေါ့...မြင်ပြီးပြီ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒါဆို ငါတို့ဆီမှာ ထုတ်သုံးဖို့ ပိုပြီးဆန်းသစ်တဲ့ လက်နက်တွေ ရှိသေးလား။”
ကျန်းယွင်ထျန်းက မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်၏။ ရှောင်းယီက ခေါင်းခါပြလိုက်သည်။
“လောလောဆယ်တော့ ငါတို့မှာရှိပြီးသား လက်နက်တွေကိုပဲ သုံးပြီး ယီတုန်းနိုင်ငံက အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကျွန်းတွေကို သိမ်းပိုက်နိုင်မလားဆိုတာ စမ်းသပ်ကြည့်ရမှာပဲ။”
ကျန်းယွင်ထျန်းက အနည်းငယ် စိတ်ပျက်သွားသည့် ပုံစံဖြင့် ခေါင်းညိတ်လိုက်သည်။
“အရင်တုန်းက ငါကိုယ်တိုင် ချက်ချင်း အရေးယူပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေအားလုံးကို လုမယူခဲ့မိတာ တကယ်ကို နောင်တရမိတယ်။”
ရှောင်းယီက ခေါင်းခါရင်း ညည်းတွားလိုက်သည်။ ကျန်းယွင်ထျန်းက ပြုံးလိုက်သည်။
“မင်း အများကြီး တွေးနေလို့ပါ။ အကယ်၍ အရင်တုန်းက မင်း တိုက်ရိုက် အရေးယူခဲ့ရင်တောင်မှ ကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေက ကြားကနေ ဝင်မစွက်ဖက်ဘူးဆိုတာ မင်း သေချာလို့လား။”
ဒေသခံများမှာ NPCs များဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူများမှာ ကစားသမားများ ဖြစ်ကြသည်။ ကမ္ဘာကြီး၏ စည်းမျဉ်းများသည် ကစားသမားများက NPCs များကို နှိပ်စက်ခြင်းအပေါ် ကန့်ကွက်ခြင်းမရှိသော်လည်း ကစားသမားတစ်ဦးက အခြားကစားသမားအားလုံးကို ရက်ရက်စက်စက် ဖိနှိပ်ခြေမှုန်းတော့မည်ဆိုပါက ကမ္ဘာကြီး၏ စည်းမျဉ်းများက အခြေအနေကို ဟန်ချက်ညီအောင် ပြန်လုပ်ပေးရမည်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူတို့အနေနဲ့ ကစားသမားအားလုံးရဲ့ ပါဝင်ခွင့်ရရှိမှု အသိစိတ်ဓာတ်ကို ထည့်သွင်းစဉ်းစားပေးရမည် မဟုတ်ပါလော။
ယခုတစ်ကြိမ် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ သတိပေးချက် ထွက်လာပြီးနောက် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ အဆင့်မြင့်လက်နက်များကို ပစ်မှတ်ထားသည့် စစ်လက်နက်ပစ္စည်းများကို ကစားသမားအားလုံးထံ ချက်ချင်း ဖြန့်ဝေပေးလိုက်ခြင်းက ထိုအချက်ကို ကောင်းစွာ သက်သေပြနေခဲ့လေသည်။
ကျန်းယွင်ထျန်း၏ စကားကို ကြားသောအခါ ရှောင်းယီသည် အနည်းငယ် မှင်တက်သွားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဒါလည်း ဟုတ်တာပဲ။ ကောင်းပြီ။ ဒီကိစ္စကို စိတ်ထဲ အားမလိုအားမရ ဖြစ်မနေတော့ဘူး။ ဒီနေ့ မင်းတို့ သွားရောက်တိုက်ခိုက်တဲ့အခါ သတိထားကြပါ။ ဘာပဲဖြစ်ဖြစ် အခု လူတိုင်းမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ရှိနေကြပြီ။”
“ဟုတ်ကဲ့ပါ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ရှင်သန်ရမည့် ဖိအားနှင့်အတူ အုတ်မြစ်ကျောက်၏ ဆွဲဆောင်မှုတို့ကြောင့် အသက်ရှင်ကျန်ရစ်သူအားလုံးသည် ဒေသခံများ သိမ်းပိုက်ထားသော အုတ်မြစ်ကျောက်ကျွန်းများကို ရူးသွပ်စွာ လိုက်လံရှာဖွေကြတော့သည်။
ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ပေါ်တွင်လည်း ယီရန်ပင်းမဟာမိတ်အဖွဲ့ထံမှ ကူညီပံ့ပိုးမှု တောင်းခံသည့် မဟာမိတ်အဖွဲ့များ အများအပြား တိုးပွားလာပြီး ကျန်းယွင်ထျန်းတစ်ယောက် မနက်စာစားပြီးသည်နှင့် အလျင်အမြန် ထွက်ခွာသွားခဲ့ရတော့သည်။
ထိုအချိန်တွင် အန်းယွဲ့ လျှောက်ဝင်လာပြီး ပြောလိုက်သည်။
“ကျွန်းပိုင်ရှင်... ဒီနေ့ ဆယ်ယူရရှိတဲ့ ရိက္ခာသေတ္တာထဲကနေ သိုင်းပညာစာအုပ်အချို့ တကယ်ပဲ ရလာတယ်။”
“ဒါက မနေ့က ကျုပ်ခန့်မှန်းခဲ့တဲ့အတိုင်းပဲ။ အားလုံး SSS အဆင့်ကို ရောက်သွားသရွေ့ ရိက္ခာသေတ္တာထဲမှာ သိုင်းပညာနဲ့ပတ်သက်တဲ့ စာအုပ်တွေ အော်တိုပေါ်လာလိမ့်မယ်။”
ရှောင်းယီက အနည်းငယ် ခေါင်းညိတ်ရင်း ပြောလိုက်သည်။
“ဟုတ်တယ်။”
အန်းယွဲ့က ဆက်ပြောလိုက်သည်။
“မနေ့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ သတိပေးချက်ကြောင့် မဟာမိတ်အဖွဲ့ထဲက အသက်ရှင်ကျန်ရစ်သူတွေ အခု စိတ်မအေးဖြစ်နေကြတယ်။ မင်းကိုယ်တိုင် ရှေ့ထွက်ပြီး ရှင်းပြပေးဖို့ လိုလိမ့်မယ်။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“ရုပ်မြင်သံကြားဌာနကို ဒီဘက်လာခဲ့ဖို့ ပြောလိုက်ပါ။”
“ဟုတ်ကဲ့။”
မကြာမီပင် ဗီလာအတွင်း၌ ရှောင်းယီသည် တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် မိန့်ခွန်းပြောကြားလိုက်လေသည်။
“မင်္ဂလာပါ အားလုံးပဲ...။ ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ အသက်ရှင်ကျန်ရစ်သူတို့...”
“မနေ့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှာ ပေါ်လာတဲ့ သတိပေးချက်ကို လူတိုင်း မြင်ခဲ့ကြမှာပါ။ သင်တို့ထဲက တချို့လူတွေ စိုးရိမ်ထိတ်လန့်နေကြပြီလား။”
“ဒါက သဘာဝကျပါတယ်။ လူတွေက ကိုယ်ကိုယ်တိုင် ဖျက်ဆီးခြင်းခံရနိုင်တယ်ဆိုတာကို သိလိုက်ရတဲ့အခါ ဘယ်သူမဆို ထိတ်လန့်သွားကြတာပါပဲ။”
“ဒါပေမဲ့ ကျုပ် ယီထျန်းဂရုချတ်ထဲမှာ ပြောခဲ့သလိုပါပဲ။ ကျုပ်တို့မှာ အချိန်ရှိသေးတယ်။ ပြီးတော့ လူတိုင်း အချင်းချင်း တိုက်ခိုက်လုယူပြီး အင်အားဖြုန်းတီးနေစရာ မလိုပါဘူး။”
“လက်ရှိမှာ ကျုပ်တို့ ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ အဖွဲ့တွေက အပြင်မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို အဆက်မပြတ် ရှာဖွေနေကြပြီး လူတိုင်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရရှိနိုင်ဖို့အတွက် ကျုပ် သေချာပေါက် အစွမ်းကုန် ကူညီပေးသွားမှာပါ။”
“တစ်ချိန်တည်းမှာပဲ လူတိုင်းအနေနဲ့ ရိက္ခာသေတ္တာထဲကနေ ရလာတဲ့ သိုင်းပညာရပ်တွေကို အာရုံစိုက် ကျင့်ကြံကြဖို့နဲ့ ကိုယ့်ရဲ့ ရုပ်ခန္ဓာကြံ့ခိုင်မှုကို ဆက်လက်မြှင့်တင်ထားကြဖို့ မျှော်လင့်ပါတယ်။”
“နောက်တစ်ဆင့်ကို တက်လှမ်းရမယ့် အချိန်ရောက်လာတဲ့အခါ အကယ်၍ သင့်မှာ ကောင်းမွန်တဲ့ ရုပ်ခန္ဓာကြံ့ခိုင်မှု မရှိဘူးဆိုရင် အဲ့ဒီမသိရသေးတဲ့ စမ်းသပ်မှုတွေကို ဘယ်လိုရင်ဆိုင်မလဲ။”
“အကယ်၍ သင်တို့မှာ အကြံပြုချက် တစ်စုံတစ်ရာ ဒါမှမဟုတ် သဘောထားအမြင်တွေ ရှိရင် သက်ဆိုင်ရာ နယ်မြေခေါင်းဆောင်တွေဆီ တိုက်ရိုက် တင်ပြနိုင်ပါတယ်။ သူတို့က စုစည်းပြီးနောက် ဖြေရှင်းပေးလို့ရတဲ့ ကိစ္စဆိုရင် ကူညီဖြေရှင်းပေးပါလိမ့်မယ်။ အကယ်၍ သူတို့ ဖြေရှင်းလို့မရတဲ့ ကိစ္စဆိုရင်တော့ ကျုပ်ဆီ ပေးပို့လာမှာဖြစ်ပြီး ကျုပ်ကိုယ်တိုင် ကူညီဖြေရှင်းပေးသွားမယ်။”
ရှောင်းယီ၏ မိန့်ခွန်းကို မဟာမိတ်အဖွဲ့၏ ရုပ်မြင်သံကြားနှင့် ကွန်ရက်လိုင်းများပေါ်တွင် တစ်ပြိုင်နက်တည်း ထုတ်လွှင့်ခဲ့သည်။ ထို့ကြောင့် မဟာမိတ်အဖွဲ့အတွင်းရှိ လူများသာမက အခြားမဟာမိတ်အဖွဲ့များမှ လူများသည်လည်း မြင်တွေ့နိုင်ခဲ့ကြသည်။
“ဟင်း...ယီရန်ပင်းမဟာမိတ်အဖွဲ့က အသက်ရှင်ကျန်ရစ်သူတွေကို ငါ တကယ်အားကျမိတယ်။ ဒီလို ကောင်းမွန်တဲ့ ခေါင်းဆောင်နောက်ကို လိုက်ရတော့ ရိက္ခာသေတ္တာထဲက ရလာတဲ့ သိုင်းပညာတွေကိုတောင် လူတိုင်းကို အကုန်မျှဝေပေးတယ်။ ငါတို့မဟာမိတ်အဖွဲ့ကတော့ အဲ့ဒါတွေကို မျှဝေပေးမှာလား၊ မပေးဘူးလားဆိုတာ အခုထိ မသိရသေးဘူး။”
“ငါတို့မဟာမိတ်အဖွဲ့လည်း သိုင်းပညာစာအုပ် အနည်းငယ် ရထားတယ်။ ဒါပေမဲ့ ခေါင်းဆောင်အနည်းငယ်ကိုပဲ အရင်ဆုံး သုံးစွဲခွင့်ပေးထားတယ်။ ပြီးမှပဲ အောက်ခြေကို ဖြည်းဖြည်းချင်း စီစဉ်ပေးမယ်တဲ့။”
“မှန်တယ်။ ဒီလိုအရာမျိုးကို အသက်ရှင်ကျန်ရစ်သူအားလုံးကို စိတ်ကြိုက် လျှောက်ပြီး ကျင့်ကြံခွင့် မပေးသင့်ဘူး။”
“အပေါ်က လူနှစ်ယောက်ကို မေးပါရစေ။ မင်းတို့ အဲ့လိုလုပ်တော့ မဟာမိတ်အဖွဲ့ထဲက အခြားအသက်ရှင်ကျန်ရစ်သူတွေက ဘာမှမကန့်ကွက်ကြဘူးလား။”