← Chapters

အခန်း (၁၂၆၅-၁၂၆၆)

Vol. 110 Ch. 1265-1266

အခန်း (၁၂၆၅-၁၂၆၆)

Vol. 110 Ch. 1265-1266

အခန်း ၁၂၆၅

“အခြားအသက်ရှင်ကျန်ရစ်သူတွေကတော့ သဘာဝကျကျ ဘာမှကန့်ကွက်စရာမရှိဘူးလေ။ ကျွန်းပိုင်ရှင်အနည်းငယ်ကလွဲရင် ကျန်တဲ့အသက်ရှင်ကျန်ရစ်သူတွေအားလုံးက စာချုပ်ကတ်တွေ သုံးထားတာလေ။ သူတို့က ကန့်ကွက်ရဲပါ့မလား။”

“ဪ... ဒါကြောင့်ကိုး။ အကုန်လုံး စာချုပ်အချုပ်ခံထားရတာပဲ။ အမှန်တော့ ဒါကလည်း ကောင်းပါတယ်။ အချင်းချင်း စကားများငြင်းခုံရတဲ့ ဒုက္ခတွေ ငြိမ်းသွားတာပေါ့။”

“အမှန်ပဲ။ ကံဆိုးတာက ငါ့ဆီမှာ စာချုပ်ကတ်တွေ အလုံအလောက်မရှိဘူး။ မဟုတ်ရင် ငါလည်း သူတို့အားလုံးကို စာချုပ်ချုပ်ပစ်လိုက်မှာ။ ဒါဆိုရင် ငါလုပ်ချင်တာ အကုန်လုပ်လို့ရပြီ။”

“လူတိုင်း သိုင်းပညာ စာအုပ်တွေကို မြင်ဖူးကြပြီလား။”

“ဒါပေါ့။ နာမည်ကြီး သိုင်းပညာအမျိုးအစားတွေ အကုန်ပေါ်လာတာပဲ။ ထိုက်ချိ၊ ဝင်ချွမ်း၊ ပါးကွားကျန်း မင်းလိုချင်တာ အကုန်ရှိတယ်။”

“ငါတို့မဟာမိတ်အဖွဲ့ထဲမှာတော့ SSS အဆင့်ကို မရောက်သေးတဲ့လူ နှစ်ယောက် ကျန်သေးလို့ ဒီနေ့ ရိက္ခာသေတ္တာတွေကို အခုထိ မဖွင့်ရသေးဘူး။”

“သူတို့က တကယ်ကြီး ဒီလောက်တောင် နှေးနေတာလား။”

“ဟုတ်တယ်။ ဒါပေမဲ့ ရောက်ခါနီးပါပြီ။ ဒီနေ့မွန်းလွဲပိုင်းလောက်ဆိုရင် တစ်ဖွဲ့လုံး SSS အဆင့်ကို ရောက်သွားလိမ့်မယ်လို့ ခန့်မှန်းရတာပဲ။”

ထိုအချိန်တွင် ကျန်းယွင်ထျန်းသည် ဒေသခံများ၏ ပြင်းထန်သော ခုခံမှုနှင့် တကယ်ပင် ရင်ဆိုင်နေရသည်။

ယခင်က ဒေသခံများကို တိုက်ခိုက်ရသည်မှာ အလွန်ရိုးရှင်းပါသည်။ တိုက်ချင်းပစ်ဒုံးကျည် အနည်းငယ် ပစ်လွှတ်လိုက်ရုံဖြင့် အခြေခံအားဖြင့် အားလုံး ပြီးပြတ်သွားခဲ့သည်။

သို့သော် ယခုအခါ ဒေသခံများ၌ပင် ဒုံးကျည်ကာကွယ်ရေးစနစ်များ ရှိနေပြီဖြစ်သည်။ ၎င်းမှာ ၁၀၀ ရာခိုင်နှုန်း ကြားဖြတ်ဟန့်တားနိုင်ခြင်းမျိုး မဟုတ်သော်လည်း ကျန်းယွင်ထျန်းတို့ဘက်ကို တကယ်ပဲ အခက်အခဲအတော်များများ ဖြစ်ပေါ်စေခဲ့သည်။

ထို့ပြင် တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များက ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်အတွင်း အစွမ်းထက်သော လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

ယနေ့ သွားရောက်ကူညီပေးခဲ့သော ပထမဆုံး အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့တွင် တိုက်လေယာဉ်တစ်စီးမှာ ရန်သူဒေသခံများ၏ ပစ်ခတ်မှုကြောင့် ပျက်ကျသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် လေသူရဲက အချိန်မီ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ မဟုတ်ပါက ယီရန်ပင်းအဖွဲ့၏ ပထမဆုံး လေသူရဲအသက်ဆုံးရှုံးမှု ဖြစ်ပွားသွားပေလိမ့်မည်။

“နည်းပြ... ရန်သူ့ရဲ့ လေကြောင်းရန်ကာကွယ်ရေး ပစ်ခတ်မှုက အရမ်းပြင်းထန်လွန်းတယ်။”

ထွက်ပြေးလွတ်မြောက်လာခဲ့သော လေသူရဲက ရင်တထိတ်ထိတ်ဖြင့် ပြောလိုက်သည်။ ကျန်းယွင်ထျန်းက သူတို့ကို ကြည့်ပြီး လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“ဒါကမှ တကယ့်စစ်မြေပြင်ပဲ။ အရင်က လုပ်ခဲ့တာတွေအကုန်လုံးက တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေး လေ့ကျင့်ခန်းတွေပဲရှိသေးတယ်။ ဘာလဲ... မင်းတို့က ကြောက်နေတာလား။”

လေသူရဲများက ချက်ချင်းပင် မတ်မတ်ရပ်ကာ သံပြိုင်အော်ဟစ်လိုက်ကြသည်။

“မကြောက်ပါဘူး။”

“မကြောက်ဘူးဆိုရင်လည်း မင်းတို့ရဲ့ တိုက်လေယာဉ်တွေဆီ ပြန်သွားကြ။ ဆက်ပြီး တိုက်ခိုက်ကြ။ ငါ့အတွက် ဆက်ပြီး ဗုံးကြဲကြစမ်း။ ရန်သူ့ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကြားထဲမှာ မင်းတို့ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်တဲ့ အချိန်ကျမှ မင်းတို့ သိုင်းဝိုင်းက ဆင်းရမယ်။”

ကျန်းယွင်ထျန်းက ဟိန်းဟောက်လိုက်သည်။

“ဟုတ်ကဲ့။”

လေသူရဲများက ပြန်လည်တုံ့ပြန်လိုက်ကြပြီးနောက် ၎င်းတို့၏ တိုက်လေယာဉ်များဆီသို့ အပြေးအလွှား ပြန်သွားကြတော့သည်။ ကျန်းယွင်ထျန်းက ဝေါ်ကီတော်ကီကို ကောက်ကိုင်ကာ ပြောလိုက်သည်။

“ဒါက မင်းတို့အတွက် တိုက်လေယာဉ်မောင်းနှင်တဲ့ နည်းစနစ်ကို ငါနောက်ဆုံးအကြိမ် သရုပ်ပြပေးတာပဲ။ သေချာကြည့်ထားကြ။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းသည် တိုက်လေယာဉ်တစ်စီးပေါ်သို့ တက်ကာ လေယာဉ်တင်သင်္ဘော၏ ကုန်းပတ်ပေါ်မှ ပျံတက်သွားပြီး ဒေသခံများ၏ ခံစစ်စခန်းများဆီသို့ ဦးတည်ကာ အရှိန်ပြင်းစွာ မောင်းနှင်သွားတော့သည်။

ဒေသခံများ၏ လေကြောင်းရန်ကာကွယ်ရေးစနစ်သည်လည်း ချက်ချင်းပင် စတင်အလုပ်လုပ်ခဲ့လေသည်။

လေကြောင်းရန်ကာကွယ်ရေး လက်နက်မျိုးစုံက တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်ကြပြီး ပိုက်စိပ်တိုက် ပစ်ခတ်မှုကွန်ရက်ကြီးတစ်ခုကို ဖန်တီးလိုက်သော်လည်း ကျန်းယွင်ထျန်းက တိုက်လေယာဉ်ကို ဘေးစောင်းလျက် ထိုပစ်ခတ်မှုကွန်ရက်၏ ကွက်လပ်များကြားမှ ရှောင်ကွင်းဖြတ်သန်းသွားခဲ့ပြီး တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်ရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်များကိုပါ တိုက်ခိုက်လိုက်သည်။

“ဒပ်...ဒပ်...ဒပ်...ဒပ်...”

“ဝှစ်... ဝှစ်... ဝှစ်”

စက်အမြောက်များနှင့် လေကြောင်းဒုံးကျည်များ အားလုံးကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်တော့သည်။

“ဝုန်း... ဝုန်း... ဝုန်း”

ရန်သူ၏ လေကြောင်းရန်ကာကွယ်ရေးစနစ်သည် ကျန်းယွင်ထျန်း၏ တိုက်လေယာဉ်တစ်စီးတည်းကြောင့် ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ရ၏။

“ဘာတွေ ကြောင်ငေးနေတာလဲ။ သံပူတုန်း ရိုက်ကြစမ်း။”

ကျန်းယွင်ထျန်းက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ဟုတ်ကဲ့။”

နောက်မှ လိုက်ပါလာသော တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များသည် ထိုပွင့်သွားသော လမ်းကြောင်းမှတစ်ဆင့် ချက်ချင်း ထိုးဖောက်ဝင်ရောက်ကာ မရပ်မနား ဗုံးကြဲတိုက်ခိုက်ခြင်းကို စတင်လိုက်ကြတော့သည်။

ကျန်းယွင်ထျန်းက အခြေအနေကို ဂရုတစိုက် စောင့်ကြည့်နေပြီး လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အစားထိုးဖြည့်တင်းရန် ကြိုးစားနေသော အဖွဲ့ဆီသို့ တိုက်ရိုက် ဦးတည်မောင်းနှင်သွားခဲ့သည်။ ထိုအဖွဲ့သည် အသစ်စက်စက် လေကြောင်းရန်ကာကွယ်ရေး ပစ္စည်းကိရိယာများကို ဤဘက်သို့ သယ်ဆောင်လာနေကြခြင်း ဖြစ်သည်။

တိုက်လေယာဉ်၏ စက်အမြောက်သံများ ထပ်မံ ဟိန်းထွက်လာပြီး ထိုအဖွဲ့မှ လူအများစုမှာ တိုက်လေယာဉ်၏ ပစ်ခတ်မှုကြောင့် ချက်ချင်းပင် အမှုန့်ဖြစ်သွားခဲ့ရတော့သည်။

၎င်းတို့သည် ၎င်းတို့၏ မူလလေကြောင်းရန်ကာကွယ်ရေး အမြောက်များကို အသုံးပြု၍ အသည်းအသန် ရုန်းကန်ရန် ကြိုးစားခဲ့ကြသေးသည်။

သို့သော်လည်း လေကြောင်းရန်ကာကွယ်ရေး ပစ်ခတ်မှုကွန်ရက်ကြီးကိုပင် ထိုးဖောက်ဝင်ရောက်နိုင်သည့် ရက်စက်လှသော လူတစ်ယောက်အတွက်မူ ဤမျှရိုးရှင်းလှသော လေကြောင်းရန်ကာကွယ်ရေး အမြောက်များဖြင့် မည်သို့လျှင် ထိမှန်နိုင်ပါမည်နည်း။

ကျန်းယွင်ထျန်းသည် တိုက်လေယာဉ်ကို လျှပ်တပြက် လှုပ်ရှားမှုများဖြင့် မောင်းနှင်ကာ ရန်သူ့၏ လေကြောင်းရန်ကာကွယ်ရေးအမြောက်များကို ရှောင်တိမ်းခဲ့ပြီးနောက် စက်အမြောက်ဖြင့် ဆက်လက်တိုက်ခိုက်ကာ ထိုအဖွဲ့ကို လုံးဝ အပြတ်ရှင်းပစ်လိုက်တော့သည်။

သူ မထွက်ခွာမီမှာပင် တိုက်လေယာဉ်ပေါ်ရှိ ဒုံးကျည်များကို လေကြောင်းရန်ကာကွယ်ရေး ပစ္စည်းကိရိယာများပေါ်သို့ ဗုံးကြဲချခဲ့သေးသည်။

“ဝုန်း...”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ခုလေးတင် ထုတ်လုပ်ထားသော ထိုလေကြောင်းရန်ကာကွယ်ရေး ပစ္စည်းကိရိယာများသည် ကျန်းယွင်ထျန်းကြောင့် နောက်တစ်ကြိမ် ထပ်မံပျက်စီးသွားခဲ့ရပြန်သည်။

ဤအချိန်တွင် အခြားတိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များ၏ တိုက်ခိုက်မှုအောက်၌ ဒေသခံများ၏ လေကြောင်းရန်ကာကွယ်ရေးစနစ်မှာ လုံးဝ ပျက်စီးသွားခဲ့ပြီဖြစ်သည်။

ဒေသခံများသည် အသည်းအသန် ခဏမျှ ဆက်လက်ခုခံခဲ့ကြသော်လည်း နောက်ဆုံးတွင်တော့ စိတ်ပျက်လက်ပျက်ဖြင့်သာ လက်နက်ချခဲ့ကြရတော့သည်။

ယခင်က ကူညီပံ့ပိုးရေး တာဝန်တစ်ခုကို ဆယ်မိနစ် သို့မဟုတ် မိနစ်နှစ်ဆယ်အတွင်း အလွယ်တကူ ပြီးမြောက်နိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ တစ်နာရီအပြည့် အချိန်ယူခဲ့ရသည်။

ခဲယမ်းမီးကျောက် အမြောက်အမြား ပြုန်းတီးသွားခဲ့ရရုံသာမက တိုက်လေယာဉ်တစ်စီးပါ ဆုံးရှုံးလိုက်ရသည်။

အကူအညီရရှိသွားသော အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့သည် ပျက်စီးသွားသော တိုက်လေယာဉ်အတွက် ၎င်းတို့ တာဝန်ယူမည်ဖြစ်ကြောင်း ချက်ချင်း အသိပေးလာခဲ့၏။

ဘာပဲဖြစ်ဖြစ် ဒေသခံများ သိမ်းပိုက်ထားရာမှ ၎င်းတို့ ရရှိလိုက်သော အုတ်မြစ်ကျောက်ကျွန်း သည် စတုရန်းမီတာ ငါးသန်းအပြည့် ကျယ်ဝန်းသည် မဟုတ်ပါလော။

ရှောင်းယီတို့ အနည်းငယ် တွက်ချက်ကြည့်ပြီးနောက် အခြားအဖွဲ့ကို အုတ်မြစ်ကျောက် တစ်သိန်း ပေးဆောင်ရန် သတ်မှတ်ခဲ့ကြသည်။

အခြားအဖွဲ့အနေဖြင့် ဤမျှများပြားသော အုတ်မြစ်ကျောက်များကို တစ်ပြိုင်နက်တည်း ထုတ်ပေးနိုင်လိမ့်မည်မဟုတ်ဟု သူတို့ ထင်ထားခဲ့သော်လည်း ကျန်းယွင်ထျန်းက စျေးနှုန်းကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ထိုအဖွဲ့သည် အုတ်မြစ်ကျောက်တစ်သိန်းကို ယီရန်ပင်းမဟာမိတ်အဖွဲ့ထံ ချက်ချင်း လွှဲပြောင်းပေးလာခဲ့သည်။

“ငါတို့ ကျပန်းကြုံတွေ့ရတဲ့ ဘယ်သူမဆို ဒီလောက်တောင် ချမ်းသာလိမ့်မယ်လို့ ငါမထင်ထားမိဘူး။”

ကျန်းယွင်ထျန်းက မှတ်ချက်ချလိုက်သည်။

“ဟုတ်တယ်။”

ရှောင်းယီက ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။

“ဒီနေ့ တိုက်ပွဲကို ဘယ်လိုခံစားရလဲ။”

“အတော်လေး အလုပ်ရှုပ်တယ်။”

ကျန်းယွင်ထျန်းက လေးနက်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။

“ဒေသခံတွေရဲ့ အခြေအနေကို ကြည့်ရတာ ငါတို့အနေနဲ့ ယီတုန်းနိုင်ငံရဲ့ အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့ကို သိမ်းပိုက်ဖို့ဆိုတာ အရမ်းခက်ခဲလိမ့်မယ်။ အကယ်၍ သိမ်းပိုက်နိုင်ခဲ့ရင်တောင်မှ ငါတို့ဘက်က အလွန်ကြီးမားတဲ့ ပေးဆပ်မှုမျိုး လုပ်ရလိမ့်မယ်။”

ရှောင်းယီက အနည်းငယ် စဉ်းစားပြီး မေးလိုက်သည်။

“အကယ်၍ ငါတို့ တိုက်ချင်းပစ်ဒုံးကျည်တွေကိုသုံးပြီး အိမ်အရောက်ပို့စနစ်ကိုပဲ ဆက်သုံးရင်ကော။”

“ဒါက အလွန်အမင်း ဖြုန်းတီးရာကျလိမ့်မယ်။ ပြီးတော့ ရလဒ်ကောင်း ထွက်ချင်မှလည်း ထွက်လိမ့်မယ်။”

ကျန်းယွင်ထျန်းက ခေါင်းခါယမ်းလိုက်သည်။

“အင်း... ငါနားလည်ပြီ။ အကယ်၍ နောက်ထပ် ကူညီပံ့ပိုးရေးတာဝန်တွေ မရှိတော့ရင် အနီးဆုံးမှာရှိတဲ့ ယီတုန်းနိုင်ငံ အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့ကို ရှာပြီး ငါတို့ သွားပြီးစမ်းသပ်ကြည့်ကြတာပေါ့။”

ရှောင်းယီက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ကောင်းပြီ။”

ဒေသခံများကိုမူ အရင်ဆုံး ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေသေးသည်။ ၎င်းတို့ သိမ်းပိုက်ထားသော အုတ်မြစ်ကျောက်ကျွန်းများတွင် ဖမ်းဆီးခြင်းခံထားရသော အသက်ရှင်ကျန်ရစ်သူများ ရှိနေနိုင်ခြေ များသည်။

ထိုအသက်ရှင်ကျန်ရစ်သူ အုပ်စုကို အရင်ဆုံး သွားရောက်ကယ်တင်ရပေမည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကိစ္စကိုမူ အချိန်ယူပြီးမှသာ လုပ်ဆောင်ရတော့မည်ဖြစ်သည်။

ထိုစဉ် ဆုဝမ်က ရှောင်ယီထံသို့ မက်ဆေ့ခ်ျတစ်ခု ပို့လာခဲ့သည်။

“ကျွန်းပိုင်ရှင်... ဒီနေ့ ရှေးဦး ဧရာမသားရဲကြီးတွေနဲ့ ရေနေသတ္တဝါတွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေ တိုးလာတယ်လို့ အသက်ရှင်ကျန်ရစ်သူ အတော်များများက သတင်းပို့နေကြတယ်။”

ရှောင်းယီက သူမကို အကြောင်းပြန်လိုက်ပြီးနောက် ယီထျန်းဂရုချတ်သို့ ပြောင်းလဲကြည့်ရှုလိုက်သည်။

“သေစမ်း... ကိုယ့်မဟာမိတ်အဖွဲ့ထဲက ပြဿနာတွေကိုတောင် မဖြေရှင်းနိုင်သေးဘဲနဲ့ ယီတုန်းနိုင်ငံရဲ့ အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့ကို သွားတိုက်ဖို့ ပြောနေကြတာ တကယ်ဟာသပဲ။”

“ဟုတ်တယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ သတိပေးချက်က တကယ်ကြီး နောက်ပြောင်နေတာ မဟုတ်ဘူး။ ရေနေသတ္တဝါတွေရဲ့ တိုက်ခိုက်မှုတွေက လုံးဝကို ပိုပြီးပြင်းထန်လာတယ်။”

“ရှေးဦး ဧရာမသားရဲကြီးတွေလည်း စွမ်းရည်တွေ တိုးလာတယ်။ အရင်ကဆို သူဌေးရဲ့အဖွဲ့က အများဆုံး ကြိုးထိန်းတော်ပီဒို နှစ်လုံးလောက်နဲ့တင် တစ်ကောင်ကို ကိုင်တွယ်နိုင်တယ်။ အခုဆို လေးလုံးသုံးရင်တောင် မရချင်တော့ဘူး။”

“ချီးပဲ... လူတိုင်း SSS အဆင့်ကို မရောက်ခင်မှာတင် ငါအရင်ဆုံး မခံနိုင်တော့ဘဲ သေသွားမလား မသိဘူး။”

“စိတ်မပျက်ကြပါနဲ့။ ငါ အဆင့်မြှင့်တင်မှုမြေပုံကို စစ်ဆေးကြည့်ပြီးပြီ။ အခုဆို ကျန်တဲ့လူက လေးငါးထောင်လောက်ပဲ ရှိတော့တယ်။”

ထိုအရာကို မြင်သောအခါ ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ သွားကာ မြေပုံစာမျက်နှာသို့ ပြောင်းလဲကြည့်ရှုလိုက်သည်။ အဆင့်မြှင့်တင်မှုမြေပုံတွင် ပြသနေသည်မှာ “SSS အဆင့်သို့ ရောက်ရှိပြီးသူ အရေအတွက် / လူဦးရေစုစုပေါင်း - ၁၉၆၉၄၁ / ၂၀၂၂၀၄” ဟူ၍ ဖြစ်သည်။

ကိန်းဂဏန်းနှစ်ခုကြားရှိ ကွာဟချက်မှာ ၅၂၆၃ ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရသော် အသက်ရှင်ကျန်ရစ်သူများထဲတွင် SSS အဆင့်သို့ မရောက်သေးသူ လူဦးရေ ၅၂၆၃ ဦးသာ ကျန်ရှိတော့ခြင်း ဖြစ်သည်။

ရှောင်းယီသည် ယခုအခါ စိတ်ထဲတွင် အနည်းငယ် ဒွိဟဖြစ်နေမိ၏။ ၎င်းတို့အား အမြန်ဆုံး အဆင့်မြှင့်သို့ တင်စေချင်သလိုတစ်မျိုး၊ တစ်ဖက်တွင်လည်း အချိန်အနည်းငယ် ပိုယူစေချင်သလိုမျိုး ခံစားနေရသည်။

အခန်း ၁၂၆၆

ယခုတစ်ပတ်မှာ အတော်လေး ထူးခြားလှသည်။ ကမ္ဘာ့စည်းမျဉ်းများက စမ်းသပ်မှုများ၏ ခက်ခဲမှုအဆင့်ကို အစဉ်မပြတ် တိုးမြှင့်နေ၏။ အကယ်၍ ခက်ခဲမှုအဆင့်က ဤအတိုင်းသာ ဆက်တိုးနေမည်ဆိုပါက လူတိုင်း ကြာရှည် တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

ထို့ကြောင့် ရှောင်းယီသည် အသက်ရှင်ကျန်ရစ်သူများအနေဖြင့် ၎င်းတို့၏ အဆင့်ကို SSS အဆင့်သို့ အမြန်ဆုံး မြှင့်တင်နိုင်ရန် မျှော်လင့်နေမိသည်။

သို့သော်လည်း အသက်ရှင်ကျန်ရစ်သူအားလုံးက SSS အဆင့်သို့ အလျင်အမြန် မြှင့်တင်လိုက်ကြမည်ဆိုလျှင် ၎င်းတို့အနေဖြင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို ရှာဖွေရန် အချိန်လုံလောက်တော့မည် မဟုတ်ဘဲ လူအများအပြား ချေဖျက်ခြင်း ခံရနိုင်ချေ ရှိသည်။

ရှောင်းယီက စိတ်ထဲတွင် တွေးလိုက်မိသည်။

“တကယ်လို့ ဒီလိုအခြေအနေမျိုး ရောက်လာရင်တော့ ငါလည်း တစ်ကိုယ်ကောင်းဆန်ရတော့မှာပဲ။”

နောက်ပိုင်းအချိန်များတွင် ယီရန်ပင်း မဟာမိတ်အဖွဲ့မှ တပ်ဖွဲ့များသည် နေရာအနှံ့သို့ သွားရောက်ကာ ကူညီပံ့ပိုးမှုများ ပေးနေရသဖြင့် အလုပ်အရှုပ်ဆုံး ဖြစ်နေခဲ့သည်။

၎င်းတို့ ရင်ဆိုင်နေရသော ရန်သူများသည် ပိုမို အစွမ်းထက်လာသောကြောင့် ရန်သူများကို နှိမ်နင်းရန်အတွက် အချိန်နှင့် လက်နက်များကို ပိုမို သုံးစွဲခဲ့ရသည်။

ရလဒ်အနေဖြင့် ယီရန်ပင်း မဟာမိတ်အဖွဲ့အတွင်း ရင်းမြစ်များ သုံးစွဲမှုနှုန်းမှာ နှစ်ဆထက်မက မြင့်တက်လာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ယီရန်ပင်း မဟာမိတ်အဖွဲ့သည် မဟာအင်ပါယာကြီး လေးခုကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ၎င်းတို့အားလုံးကို ရင်းမြစ်များအဖြစ် စုဆောင်းရန်အတွက် ပင်မကျွန်းသို့ ပြောင်းရွှေ့ပေးခဲ့သည်။

ထို့ကြောင့်သာ ရင်းမြစ်ထောက်ပံ့မှုကို မနည်း အမီလိုက်နိုင်ခြင်း ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ ဒေသခံများ၏ အုတ်မြစ်ကျောက်ကျွန်းများကို သိမ်းပိုက်သည့် အရှိန်မှာ တဖြည်းဖြည်း နှေးကွေးလာသည်ကို ၎င်းတို့ သတိပြုမိခဲ့ကြပြီး ကျန်ယွင်ထျန်း ဦးဆောင်သော လေယာဉ်တင်သင်္ဘော အုပ်စုကြီးမှာလည်း တဖြည်းဖြည်း အားလပ်လာခဲ့သည်။

“ကျွန်းပိုင်ရှင်... အခု ငါတို့ နည်းနည်း အားနေပြီဆိုတော့ ယီတုန်းနိုင်ငံ အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့ရဲ့ ခံစစ်ကို စမ်းသပ်ကြည့်သင့်လား။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

“အင်း... ငါလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်။”

ရှောင်းယီက လေးနက်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။

“မင်း အရင်ဆုံး ယီတုန်းနိုင်ငံ မဟာမိတ်အဖွဲ့နဲ့ အနီးဆုံးမှာရှိတဲ့ အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့ဆီကို သွားနှင့်လိုက်။ ပြီးရင် ငါ့ကို အကြောင်းကြားလိုက်ပါ။”

ညနေ ၅ နာရီပင် ရှိနေပြီ ဖြစ်သော်လည်း ရှောင်းယီက စမ်းသပ်ကြည့်ရန် ပြင်ဆင်နေဆဲပင်။

မကြာမီတွင် ကျန်းယွင်ထျန်းထံမှ ယီတုန်းနိုင်ငံ အသက်ရှင်ကျန်ရစ်သူ မဟာမိတ်ကျွန်းနှင့် အနီးဆုံးနေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းစကား ရောက်လာခဲ့သည်။

ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ လေယာဉ်တင်သင်္ဘောပေါ်သို့ ကူးပြောင်းလိုက်ပြီးနောက် အပျော်စီးသင်္ဘောကို လဲလှယ်ယူကာ ညွှန်ကြားလိုက်သည်။

“ငါ အပျော်စီးသင်္ဘောနဲ့ အရင်သွားပြီး လမ်းကြောင်းကို ကင်းထောက်လိုက်မယ်။”

“ကောင်းပြီ... ဂရုစိုက်ပါ။”

ကျန်းယွင်ထျန်းက ခေါင်းငြိမ့်ပြလိုက်သည်။

အကယ်၍ ၎င်းတို့သာ လေယာဉ်တင်သင်္ဘောကြီးကို မောင်းနှင်သွားမည်ဆိုပါက လေယာဉ်တင်သင်္ဘော၏ အရှိန်ဖြင့် ယီတုန်းနိုင်ငံ ကျန်ရစ်သူ မဟာမိတ်အဖွဲ့ထံ ရောက်ရှိရန် ဆယ်နာရီကျော် ကြာမြင့်နိုင်ပြီး ရှောင်းယီက ထိုမျှအထိ မစောင့်ဆိုင်းနိုင်ပေ။

ရှောင်းယီသည် အပျော်စီးသင်္ဘောကို မောင်းနှင်ကာ အရှေ့ဘက်သို့ အရှိန်ပြင်းပြင်းဖြင့် ဦးတည်သွားလိုက်သည်။

နာရီဝက်နီးပါး ရေကြောင်းခရီး နှင်ပြီးသောအခါ ရှောင်းယီသည် ရေငုပ်သင်္ဘောကို ချက်ချင်း လဲလှယ်ယူလိုက်ပြီး ရေငုပ်သင်္ဘော ဝန်ထမ်းများကိုပါ ခေါ်ယူလိုက်သည်။

“သတိထားကြ။ အပျော်စီးသင်္ဘော ဘေးနားမှာ ရှေးဦးသားရဲကြီးတစ်ကောင် ပေါ်လာလိမ့်မယ်။ မင်းတို့ သူ့ကို ချက်ချင်း အပြတ်ရှင်းပစ်ရမယ်။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့။”

ရှေးဦးဧရာမ သားရဲကြီးမှာ ပိုမိုသန်မာလာခဲ့ပြီး ဖြစ်သောကြောင့် တစ်ချီတည်းဖြင့် လုံးဝအပြတ်ရှင်းနိုင်ရန်အတွက် ရှောင်းယီသည် ယခုအကြိမ်တွင် ရေငုပ်သင်္ဘော ၆ စင်းကို တိုက်ရိုက် လဲလှယ်အသုံးပြုခဲ့သည်။

နာရီဝက် ကုန်ဆုံးသွားသောအခါ ရှေးဦးဧရာမကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ၎င်းပေါ်လာသည့် ကာလအတွင်းမှာပင် ရေငုပ်သင်္ဘောများမှ ကြိုးထိန်းတော်ပီဒို ၆ စင်းကို ပစ်လွှတ်လိုက်ကြ၏။

“ဝုန်း...”

ရှေးဦးဧရာမသားရဲကြီးသည် ၎င်း၏ အစွမ်းကို မပြရသေးမီမှာပင် တော်ပီဒိုများဖြင့် ထိမှန်ကာ ဇာတ်သိမ်းသွားခဲ့ရသည်။

ရှောင်းယီသည် ရှေးဦးဧရာမကြီး၏ အလောင်းကို စီမံရန်အတွက် သင်္ဘောတစ်စင်းကို လဲလှယ်ယူလိုက်သည်။ ဤကဲ့သို့ ပိုမိုသန်မာလာသော ရှေးဦးဧရာမသားရဲကြီးများ၏ အသားတွင် စွမ်းအင်များ ပိုမိုပါဝင်နေသဖြင့် အသက်ရှင်ကျန်ရစ်သူများကို SSS အဆင့်သို့ ပိုမိုမြန်ဆန်စွာ ရောက်ရှိစေနိုင်သည်။

ရှေးဦးဧရာမ သားရဲကြီး၏ အန္တရာယ်မှာ မြင့်တက်လာသော်လည်း ၎င်းကို အနိုင်ယူပြီးနောက် ရရှိမည့် ဆုလာဘ်များကလည်း ပိုမိုများပြားလာခဲ့သည်။

သားရဲကြီးကို ရှင်းလင်းပြီးနောက် ရှောင်းယီသည် ရှေ့သို့ ဆက်လက် ခရီးနှင်ခဲ့၏။ နာရီဝက်ခန့် ကြာသောအခါ သူသည် ယီတုန်းနိုင်ငံ ကျန်ရစ်သူ မဟာမိတ်ကျွန်းအနီးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူသည် လေယာဉ်တင်သင်္ဘောများနှင့် ရေငုပ်သင်္ဘောအားလုံးကို လဲလှယ်ယူလိုက်၏။ ရေငုပ်သင်္ဘောများသည် ပေါ်လာတော့မည့် ဒုတိယမြောက် ရှေးဦးဧရာမသားရဲကြီးကို ကိုင်တွယ်ရန်အတွက် သဘာဝအတိုင်း အဆင်သင့်ဖြစ်နေပြီး လေယာဉ်တင်သင်္ဘောကြီးမှာမူ ယီတုန်းနိုင်ငံ ကျန်ရစ်သူ မဟာမိတ်အဖွဲ့ကို တိုက်ခိုက်ရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။

လေယာဉ်တင်သင်္ဘောကို လဲလှယ်ယူပြီးနောက် ရှောင်းယီသည် အပျော်စီးသင်္ဘောကို ပြန်ပေးလိုက်သော်လည်း ရှေးဦးဧရာမ သားရဲကြီးမှာ ပေါ်လာမြဲ ပေါ်လာခဲ့လေသည်။

ထိုရေငုပ်သင်္ဘောများသည် ရှေးဦးဧရာမသားရဲကြီးကို ချက်ချင်း တိုက်ခိုက်ခဲ့ကြသော်လည်း ယခုအကြိမ်တွင်မူ တစ်ချီ တိုက်ခိုက်ပြီးနောက် ရှေးဦးဧရာမသားရဲကြီးမှာ အမှန်တကယ် သေဆုံးမသွားခဲ့ပေ။

ရှောင်းယီက မျက်မှောင်ကြုတ်လိုက်မိသည်။

“ဒီကောင်က တစ်ခါပြန်ရှင်လာတိုင်း ပိုပိုပြီး သန်မာလာတဲ့ပုံပဲ။”

“ဘာကို ဆိုလိုတာလဲ။”

ကျန်းယွင်ထျန်းက ရှောင်းယီကို ဇဝေဇဝါဖြင့် ကြည့်ကာ မေးလိုက်သည်။

“စောစောက ပထမတစ်ကောင်နဲ့ တိုးတုန်းက တစ်ချီတည်းနဲ့ အပြတ်ရှင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ တစ်ချီ တိုက်ခိုက်တာက သူ့ကို အသက်တောင် မထွက်စေနိုင်ဘူး။”

ရှောင်းယီက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ဒီတိုက်ခိုက်မှု နှစ်ကြိမ်စလုံးရဲ့ နေရာတွေက အတူတူပဲ။”

“မဖြစ်နိုင်တာ... အကယ်၍ သူက တစ်ခါပြန်ရှင်လာတိုင်း ပိုသန်မာလာမယ်ဆိုရင် သူ့ကို နှိမ်နင်းဖို့ ငါတို့မှာ ခဲယမ်းမီးကျောက်တွေ ပိုပိုပြီး လိုအပ်လာလိမ့်မယ်ဆိုတဲ့ သဘောပဲ မဟုတ်ဘူးလား။”

ကျန်းယွင်ထျန်းကလည်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဟုတ်တယ်... ဒီကမ္ဘာ့စည်းမျဉ်းတွေက ငါတို့ကို အသေဆော့ကစားချင်နေတာပဲ။”

ရှောင်းယီက ပြန်ဖြေလိုက်ပြီးနောက် ယီတုန်းနိုင်ငံ အသက်ရှင်ကျန်ရစ်သူကျွန်းကို လှမ်းမြင်နေရပြီဖြစ်သော အဝေးတစ်နေရာသို့ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

“စကြရအောင်...။ မင်းတို့ရဲ့ ဘေးကင်းလုံခြုံရေးကိုလည်း သေချာ ဂရုစိုက်ကြပါ။”

ကျန်းယွင်ထျန်းသည် သူ၏ ကိုယ်ကြပ်ဝတ်စုံးကို ဝတ်ဆင်ကာ တိုက်လေယာဉ်ပေါ်သို့ တက်လိုက်၏။

တိုက်လေယာဉ်သည် ပျံတက်သွားပြီး ယီတုန်းနိုင်ငံ အသက်ရှင်ကျန်ရစ်သူ မဟာမိတ်ကျွန်းဆီသို့ ဦးတည်ပျံသန်းသွားခဲ့သည်။

တိုက်လေယာဉ်သည် ရန်သူ့ကျွန်းနားသို့ အလျင်အမြန် ချဉ်းကပ်သွားရာ ကျွန်းပေါ်မှ ဒုံးကျည်များစွာသည်လည်း မိုးသီးများအလား အပြုံလိုက် ချက်ချင်း ပစ်လွှတ်လိုက်တော့သည်။ ကျန်းယွင်ထျန်းသည် ဒုံးကျည်များကြားရှိ ကွက်လပ်များမှ ဖြတ်ကျော်နိုင်ရန် တိုက်လေယာဉ်ကို ကျွမ်းကျင်စွာ မောင်းနှင်ခဲ့သည်။

သူ ဝမ်းသာရုံတင်ရှိသေးစဥ်မှာပင် ကျွန်းပေါ်မှ ဒုတိယအကြိမ်အဖြစ် ဒုံးကျည်များကို အပြုံလိုက် ထပ်မံပစ်လွှတ်လိုက်ပြန်သည်။

ကျန်းယွင်ထျန်းသည် တိုက်လေယာဉ်၏ ပျံသန်းအမြင့် ချက်ချင်း ထိန်းချုပ်လိုက်ရသည်။ သူ၏ အနေအထားကို အဆင်ပြေအောင် ချိန်ညှိလိုက်ပြီးနောက် တိုက်လေယာဉ်ပေါ်ရှိ ဒုံးကျည်များကို ပစ်လွှတ်လိုက်သော်လည်း ထိုဒုံးကျည်များသည် မြေပြင်သို့ မရောက်ရှိမီမှာပင် လေကြောင်းရန်ကာကွယ်ရေး စနစ်ဖြင့် ကြားဖြတ်ဖောက်ခွဲခြင်း ခံလိုက်ရလေသည်။

တိုက်လေယာဉ်က အပေါ်သို့ ဆွဲတက်သွားသော်လည်း ကျွန်းပေါ်မှ တတိယအကြိမ်အဖြစ် ဒုံးကျည်များကို ပစ်လွှတ်လိုက်ပြီး ကျန်ယွင်ထျန်း၏ တိုက်လေယာဉ်ဆီသို့ တည့်တည့် ဦးတည်လာခဲ့သည်။

“အစ်ကိုကျန်း...အခုချက်ချင်း ပြန်လှည့်လာခဲ့။”

ရှောင်းယီက ကျွန်းပေါ်ရှိ လေကြောင်းရန်ကာကွယ်ရေး စနစ်များကို ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“သူတို့က လေကြောင်းရန်ကာကွယ်ရေး စနစ် ၉ စုံတောင် တပ်ဆင်ထားတယ်။ ငါတို့ လုံးဝ ထိုးဖောက်လို့ မရနိုင်ဘူး။”

“ကောင်းပြီ။”

ကျန်းယွင်ထျန်းက ပြန်ဖြေကာ လေယာဉ်ခေါင်းကို ချက်ချင်း ပြန်လှည့်ပြီး လေယာဉ်တင်သင်္ဘောဆီသို့ ပြန်လည်ပျံသန်းလာခဲ့သည်။

လေယာဉ်တင်သင်္ဘောပေါ်သို့ ဆင်းသက်ပြီးနောက် ကျန်ယွန်းထျန်းသည် တိုက်လေယာဉ်ပေါ်မှ ဆင်းလာကာ ပြောလိုက်သည်။

“ဒီလေကြောင်းရန်ကာကွယ်ရေး စနစ်တွေကို သုံးနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေက ဒေသခံတွေထက်စာရင် အများကြီး ပိုပြီး လျင်မြန်ဖြတ်လတ်ကြတယ်။”

ယခင်က ဒေသခံများကို ရင်ဆိုင်ရစဉ်က ဒုက္ခများခဲ့သော်လည်း ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပြီး အနိုင်ပင် ရရှိခဲ့သည်။

သို့သော် ယခုမူ... လုံးဝ အခွင့်အရေးမရှိတော့ပေ။

ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။

“ဆုတ်ခွာကြစို့။ ငါတို့ ဒေသခံကျွန်းတွေနဲ့ အရင်အပတ်က ကျန်ရစ်သူတွေ ထားခဲ့တဲ့ ကျွန်းတွေပေါ်မှာပဲ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို လိုက်ရှာရတော့မယ်။”

“ဟုတ်ကဲ့။”

ကမ္ဘာ့စည်းမျဉ်းများ၏ ကန့်သတ်ချက်များအောက်တွင် ယီရန်ပင်း မဟာမိတ်အဖွဲ့သည် ပထမဆုံးအကြိမ်အဖြစ် စစ်ရှုံးခြင်း အရသာကို မြည်းစမ်းခဲ့ရသည်။

ရှောင်းယီ ဗီလာသို့ ပြန်ရောက်သောအခါ ညနေ ၇ နာရီပင် ရှိနေပြီဖြစ်ပြီး လူတိုင်း ညစာစားရန်အတွက် စုဝေးနေကြပြီ ဖြစ်သည်။

“ကျွန်းပိုင်ရှင်...ယီတုန်းနိုင်ငံကို တိုက်ရတာ လွယ်ကူခဲ့ရဲ့လား။”

အန်းယွဲ့က စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။ ရှောင်းယီက ခေါင်းခါပြလိုက်သည်။

“ဒီတစ်ခါ ကမ္ဘာ့စည်းမျဉ်းတွေရဲ့ ပစ်မှတ်ထားမှုက အရမ်းပြင်းထန်လွန်းတယ်။ ကျုပ်တို့ရဲ့ လေယာဉ်တင်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေက လုံးဝ အရာမထင်ဘူး။”

“ဒါဆိုရင် ကျုပ်တို့ ဒေသခံတွေ သိမ်းပိုက်ထားတဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကိုပဲ လိုက်ရှာဖို့ အားကိုးရတော့မယ်ဆိုတဲ့ သဘောပေါ့။”

ဒူခန်းက ပြောလိုက်သည်။

“တကယ်တော့ နောက်ထပ် နည်းလမ်းတစ်ခု ရှိပါသေးတယ်။ ဒါပေမဲ့ အဲ့ဒါက တော်တော်လေး ဒုက္ခများပြီး အချိန်ကုန်တယ်။”

ကျန်းယွင်ထျန်းက ဆိုသည်။

“ပြောပြပါဦး။”

ရှောင်းယီက ကျန်းယွင်ထျန်းကို ကြည့်ကာ ပြောလိုက်သည်။

“အဲ့ဒါက ထိုးဖောက်ဝင်ရောက်ဖို့အတွက် အထူးထောက်လှမ်းရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ပဲ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ ဒီအခြေအနေမှာ အောင်မြင်မှုနှုန်းက တကယ်ကို မမြင့်မားလှဘူး။ ဘာလို့လဲဆိုတော့ ရန်သူ့ကျွန်းပေါ်မှာ ဖြစ်တဲ့အတွက် ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်ခံရဖို့ အရမ်းလွယ်ကူလွန်းလို့ပဲ။”

ရှောင်းယီက ခေါင်းခါလိုက်သည်။

“ထားလိုက်ပါတော့... ငါတို့ တခြားကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကိုပဲ အရင်ရှာကြည့်ရအောင်။”

“ကျွန်းပိုင်ရှင်... SSS အဆင့်ကို မရောက်သေးတဲ့ နောက်ဆုံး ကျန်ရစ်သူ ဆယ်ယောက်ပဲ ကျန်တော့တယ်။”

ဒူခန်းက ထမင်းစားရင်း သူ၏ မိုဘိုင်းလ်ဖုန်းကို ကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။

All Chapters