အခန်း (၁၂၆၇-၁၂၆၈)
Vol. 110 Ch. 1267-1268
အခန်း ၁၂၆၇
ကျန်ရှိနေသူများအားလုံး မှင်တက်သွားကြ၏။
“အဲ့ဒီလောက်တောင် မြန်တာလား။”
ရှောင်းယီက မေးလိုက်သည်။
“ဟုတ်တယ်။ တစ်ယောက်ယောက်က အသက်ရှင်ကျန်ရစ်သူ အဆင့်တိုးမြှင့်မှု မြေပုံပေါ်က ကိန်းဂဏန်းတွေကို စခရင်ရှော့ရိုက်ထားတယ်။ ကြည့်ကြည့်လိုက်...။”
ဒူခန်းက သူ၏ မိုဘိုင်းလ်ဖုန်းကို ရှောင်းယီ၏ မျက်နှာရှေ့သို့ တည့်တည့် ယူဆောင်လာခဲ့သည်။
[SSS အဆင့်သို့ တိုးမြှင့်ပြီးသူ အရေအတွက် / စုစုပေါင်း လူဦးရေ - ၂၀၂၁၀၂ / ၂၀၂၁၁၂]
ထိုကိန်းဂဏန်းနှစ်ခုကို မြင်လိုက်ရသောအခါ ရှောင်းယီ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
အကြောင်းရင်းတစ်ခုမှာ အဆင့်မြှင့်တင်မှု အပြည့်အဝပြီးမြောက်ရန် နောက်ဆုံး နောက်ကျကျန်နေသူ ဆယ်ဦးသာ လိုတော့ခြင်းကြောင့် ဖြစ်သည်။
နောက်ထပ် အကြောင်းရင်းတစ်ခုမှာ စုစုပေါင်း လူဦးရေသည် ယခင်ကထက် ၉၂ ဦး လျော့နည်းသွားခြင်းကြောင့် ဖြစ်ပြီး ၎င်းတို့သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် လုပွဲအတွင်း သေဆုံးသွားခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။
“ငါတို့အဖွဲ့ကို အမိန့်ပေးလိုက်။ ဒီည မနားရဘူး။ အုတ်မြစ်ကျောက်ကျွန်းတွေကို အလှည့်ကျ လိုက်ရှာကြရမယ်။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့ပါ။”
ကျန်းယွင်ထျန်းက တုံ့ပြန်ပြီးနောက် မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် အမိန့်ကို ချက်ချင်း ထုတ်ပြန်လိုက်သည်။
လူတိုင်း စိတ်မပါလက်မပါဖြင့် ညစာကို စားခဲ့ကြရ၏။ အသက်ရှင်ကျန်ရစ်သူအားလုံးသည်လည်း ထိုကိန်းဂဏန်းကို သိရှိလိုက်ကြပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိသေးသူများမှာ ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။
ယခင်က လူအများအပြား SSS အဆင့်သို့ မရောက်သေးချိန်တွင် လူတိုင်းက အချိန်အများကြီး လိုသေးသည်ဟု အမှန်တကယ် ခံစားခဲ့ရသည်။
သို့သော် လူတိုင်း၏ အဆင့်မြှင့်တင်မှုနှုန်းက ဤမျှလောက်အထိ မြန်ဆန်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
“အားလုံးကို တောင်းပန်ပါတယ်။ အဆင့်မြှင့်တဲ့နှုန်းကို နည်းနည်းလောက် လျှော့ပေးကြပါဦး။ ငါတို့ မဟာမိတ်အဖွဲ့မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မလုံလောက်သေးလို့ပါ။”
“မှန်တယ်။ နောက်ဆုံး ကျန်တဲ့ ဆယ်ယောက်ရေ... မင်းတို့ကို တကယ်တောင်းပန်ပါတယ်ကွာ။ ဘာမှ ထပ်မစားကြပါနဲ့ဦး။”
“ငါလည်း မကြာခင်ကမှ အဆင့်တက်သွားတာ။ ငါ ဘာမှမစားပေမဲ့ ငါ့ရဲ့ အဆင့်က တဖြည်းဖြည်းချင်း အလိုလို တက်နေတုန်းပဲ။”
“သေစမ်း... ဒါက ကမ္ဘာ့စည်းမျဉ်းတွေက ငါတို့ကို သက်သက် ကစားနေတာပဲ။ သူက ငါတို့ကို အသက်ရှင်ဖို့ လမ်းတောင် မပေးတော့ဘူးလား။”
“အခု နောက်ဆုံး ကိုးယောက်ပဲ ကျန်တော့တယ်။”
“ညီအစ်ကိုတို့... ငါတော့ ရင်တုန်နေပြီ။ ဘာလုပ်ရမလဲ။”
“ရင်တုန်မနေနဲ့တော့။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိတဲ့ အစ်ကိုတို့... အပန်းဖြေစခန်းမှာ သွားပြီး အတူတူ ပျော်ပွဲရွှင်ပွဲ လုပ်ကြရအောင်။ ဘာပဲဖြစ်ဖြစ် သေရမှာချင်းအတူတူ အရေးမစိုက်တော့ဘူး။”
“အားလုံး စုစုစည်းစည်းနဲ့ အပန်းဖြေစခန်းမှာ နောက်ဆုံးအကြိမ် ပျော်လိုက်ကြရအောင်။”
ယီထျန်းဂရုချတ်ထဲမှ မက်ဆေ့ခ်ျများကို မြင်သောအခါ ရှောင်းယီက ချက်ချင်း ညွှန်ကြားလိုက်သည်။
“ဦးလေးအန်း... ဒီရက်ပိုင်း အပန်းဖြေစခန်းရဲ့ လုံခြုံရေးကို မြှင့်တင်ထားလိုက်ပါ။”
“နားလည်ပါပြီ ကျွန်းပိုင်ရှင်... စိတ်မပူပါနဲ့။ ဟူကျဲက အဲ့ဒီနေရာမှာ စောင့်ကြပ်နေတာဆိုတော့ ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး။”
အန်းယွဲ့က ပြောလိုက်သည်။ ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်သည်။
လူတိုင်း နောက်ထပ်အဆင့်တစ်ခုသို့ ကူးပြောင်းရမည့်အချိန်က ပိုမိုနီးကပ်လာနေပြီး မဟာမိတ်အဖွဲ့တစ်ခုစီရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် အရေအတွက်မှာလည်း ကန့်သတ်ချက် ရှိနေခဲ့သည်။
မည်သူက ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရရှိလိမ့်မည်ကို လူတိုင်း အကြမ်းဖျင်း သိရှိနေကြပြီ ဖြစ်သည်။
ထို့ကြောင့် အသက်ရှင်ကျန်ရစ်သူ အမြောက်အမြားမှာ ယီရန်ပင်း အပန်းဖြေစခန်းသို့ ရောက်ရှိလာကြ၏။
၎င်းတို့သည် ပြဿနာမရှာကြသော်လည်း ရူးသွပ်စွာ အော်ဟစ်ရယ်မောနေကြပြီး ၎င်းတို့၏ စိတ်ထဲရှိ ကြောက်ရွံ့မှုများကို ဖွင့်ထုတ်နေကြပုံရသည်။
SSS အဆင့်သို့ မရောက်သေးသော ကျန်ရှိနေသည့် အသက်ရှင်ကျန်ရစ်သူ အရေအတွက်မှာလည်း ပို၍ပို၍ နည်းပါးလာခဲ့သည်။
ကိုးယောက်၊ ရှစ်ယောက်၊ ခုနစ်ယောက်...
သန်းခေါင်ယံအချိန်တွင်မူ SSS အဆင့်သို့ မရောက်သေးသည့် အသက်ရှင်ကျန်ရစ်သူ တစ်ဦးတည်းသာ ကျန်ရှိတော့သည်။
လူတိုင်းက ထိုသူ၏ အဆင့်တက်လာမည့်အချိန်နှင့် ကမ္ဘာ့စည်းမျဉ်းများ၏ တရားစီရင်မှုကို စောင့်ဆိုင်းနေကြပုံရသည်။
သို့သော် လူတိုင်း တစ်ညလုံး စောင့်ဆိုင်းခဲ့ကြသော်လည်း ထိုသူမှာ အဆင့်တက်မလာခဲ့ပေ။
“ဘာတွေဖြစ်နေတာလဲ။ အဲ့ဒီလူက ဒေသခံတွေရဲ့ ဖမ်းဆီးထောင်ချခြင်းကို ခံထားရလို့လား။”
“အေးလေ... သေစမ်း... ငါ တစ်ညလုံး ထိုင်စောင့်နေတာ။ သေမယ့်ရက်ကို ထိုင်စောင့်နေရတဲ့ ဒီခံစားချက်က အရမ်းနေရခက်တယ်ကွ။”
“ဟုတ်တယ်။ သတ်ချင်သတ်၊ အရေခွံခွာချင်ခွာ၊ တစ်ခါတည်း ပြီးအောင်လုပ်လိုက်ပါလား။ အခုတော့ ငါတို့ခေါင်းပေါ်မှာ ဓားမိုးထားသလိုနဲ့ ဘာဖြစ်နေမှန်းလည်း မသိရဘူး။”
“ဒီလူ ဘယ်သူလဲဆိုတာသာ ငါသိရင် သူ့ကို ငါ့ဘာသာငါ သွားသတ်ပစ်လိုက်မယ်။ ဒါက နှိပ်စက်လွန်းရာကျတယ်။”
ရှောင်းယီနှင့် တခြားလူများသည်လည်း တစ်ညလုံး မအိပ်ဘဲ စောင့်ကြည့်နေခဲ့ကြသည်။ ၎င်းတို့၏ ရုပ်ခန္ဓာကြံ့ခိုင်မှုအဆင့်ဖြင့် တစ်ညလုံး မအိပ်ဘဲ နေခြင်းမှာ ပြဿနာကြီးမဟုတ်ပေ။
ရှောင်းယီသည်လည်း နောက်ကျကျန်နေသော ဤကျန်ရစ်သူကို ကြည့်ကာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသည်။
ကမ္ဘာ့စည်းမျဉ်းများ၏ ပုံမှန်လုပ်ဆောင်ပုံ အပြုအမူအရဆိုလျှင် ဤကဲ့သို့ တစ်ယောက်တည်း နောက်ကျကျန်နေအောင် လွှတ်ထားစရာ အကြောင်းမရှိပေ။
သို့သော်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မြေပုံပေါ်တွင် သူ မရှာဖွေရသေးသည့် မြူခိုးထူထပ်သော ဧရိယာအကျယ်ကြီး ရှိနေဆဲဖြစ်ရာ ထိုလူ ဘယ်နေရာတွင် ပုန်းနေသည်ကို သူ မသိရှိနိုင်ခဲ့ပေ။
ရှောင်းယီ စိတ်ပျက်လက်ပျက်ဖြင့်သာ ခေါင်းခါလိုက်ပြီးနောက် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်တော့သည်။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ဆုလာဘ် - မြူခိုးသန့်စင်ခြင်းကိရိယာ ၁။”
“မြူခိုးသန့်စင်ကိရိယာ - လက်ရှိမြေပုံပေါ်ရှိ မြူခိုးများကို ဖယ်ရှားပေးနိုင်သော တစ်ကြိမ်သာသုံးပစ္စည်း။”
“ပစ္စည်းကောင်းပဲ။”
ရှောင်းယီ၏ မျက်လုံးများ တောက်ပသွားပြီး ၎င်းကို သူ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ချက်ချင်း အသုံးပြုလိုက်သည်။
ခဏချင်းမှာပင် မြေပုံပေါ်ရှိ မြူခိုးအားလုံး ပျောက်ကွယ်သွားပြီး ရှောင်းယီသည် ထိုကျန်ရစ်သူ၏ ခန့်မှန်းခြေ တည်နေရာကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိခဲ့လေသည်။
ဒေသခံတိုက်ကြီးတစ်ခုပေါ်ရှိ အသက်ရှင်ကျန်ရစ်သူ အဆင့်တိုးမြှင့်မှု မြေပုံတွင် ပြသနေသည်မှာ SSS အဆင့်သို့ တိုးမြှင့်ပြီးသူ အရေအတွက် / စုစုပေါင်း လူဦးရေ - ၀ / ၁ ဖြစ်သည်။
၎င်းက ထိုဒေသခံတိုက်ကြီးပေါ်တွင် SSS အဆင့်သို့ မရောက်သေးသည့် အသက်ကျန်ရစ်သူတစ်ဦး ရှိနေကြောင်း ညွှန်ပြနေခဲ့သည်။
ရှောင်းယီက ကျန်ယွင်ထျန်းထံသို့ ချက်ချင်း ဖုန်းခေါ်ဆိုလိုက်သည်။
“အစ်ကိုကျန်း... တပ်ဖွဲ့ကို ချက်ချင်း စုစည်းလိုက်။ အရေးမကြီးတဲ့ အလုပ်တွေအားလုံးကို ဘေးဖယ်ထားပြီး အဲ့ဒီနောက်ဆုံးအသက်ရှင်ကျန်ရစ်သူကို ရှာဖို့ ငါနဲ့အတူ တိုက်ကြီးတစ်ခုဆီ လိုက်ခဲ့။”
“ဟုတ်ကဲ့ပါ။”
ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်ပြီး တပ်ဖွဲ့ကို ချက်ချင်း စုစည်းလိုက်တော့သည်။
ရှောင်းယီသည် ဤဒေသခံတိုက်ကြီး၏ တည်နေရာကို ကြည့်ပြီးနောက် ဂရုချတ်ထဲတွင် မေးလိုက်သည်။
“ဒီတည်နေရာနဲ့ နီးစပ်တဲ့ မဟာမိတ်အဖွဲ့ ရှိလား။”
“ဒီနေရာက တော်တော်ဝေးပုံပဲ။”
“ငါတို့ဆီကနေ ကီလိုမီတာ သုံးသောင်းတိတိ ဝေးတယ်။”
“ငါတို့ဆီကနေလည်း ကီလိုမီတာ တစ်သောင်းကျော် ဝေးတယ်။”
“သူဌေး... ဘာလို့ ဒါကို မေးတာလဲ။”
ဂရုထဲရှိ မည်သည့်မဟာမိတ်အဖွဲ့မှ ထိုတိုက်ကြီး၏ တည်နေရာနှင့် မနီးစပ်သည်ကို မြင်သောအခါ ရှောင်းယီ မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုအချိန်တွင် လွတ်လပ်ခြင်းနိုင်ငံမှ ဂိမ်းဗျူဟာမြောက် ဆရာကြီး ဂျေဘီက သူ့ထံသို့ ဖုန်းခေါ်လာခဲ့သည်။
“ငါတို့ဆီမှာ မင်းပြောတဲ့နေရာနဲ့ ပိုနီးတဲ့ မဟာမိတ်အဖွဲ့တစ်ခု ရှိတယ်။ ကီလိုမီတာ တစ်ထောင်လောက်ပဲ ဝေးတယ်။”
ဂျေဘီက လိုရင်းကိုသာ တည့်တည့်ပြောလိုက်သည်။
“ငါတို့ ဖြတ်သွားလို့ ရမလား။”
ရှောင်းယီက အရေးတကြီး မေးလိုက်၏။
“အဲ့ဒါက နောက်ဆုံးကျန်တဲ့ အသက်ရှင်ကျန်ရစ်သူလား။”
ဂျေဘီက ပြန်မေးလိုက်၏။ ရှောင်းယီက ခေါင်းငြိမ့်ပြကာ “ဟုတ်တယ်” ဟု ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။ ဒါပေမဲ့ ငါလည်း အတူတူ လိုက်ရှာချင်တယ်။”
ဂျေဘီက သူ၏ စည်းကမ်းချက်ကို ပြောလိုက်သည်။
“ရတယ်။ ဒါပေမဲ့ သူ့ကို ဖမ်းမိရမယ်၊ ပြီးတော့ သူ အသက်ရှင်နေရမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“နားလည်ပြီ။”
ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် လွတ်လပ်ခြင်းနိုင်ငံရှိ မဟာမိတ်ကျွန်းတစ်ခုသို့ အလျင်အမြန် သွားရောက်ခဲ့ကြပြီးနောက် ထိုတိုက်ကြီးဆီသို့ အပျော်စီးသင်္ဘောဖြင့် ဦးတည်မောင်းနှင်ခဲ့ကြသည်။
ရေကြောင်းခရီးတစ်ခုလုံးသည် တစ်နာရီခွဲကျော် ကြာမြင့်မည်ဖြစ်သော်လည်း နာရီဝက်တိုင်းတွင် ၎င်းတို့၏ ခရီးစဉ်ကို ဟန့်တားရန် ရှေးဦးဧရာမကြီးတစ်ကောင် ပေါ်လာလိမ့်မည် ဖြစ်သည်။
ယခုအကြိမ်တွင် ရှောင်းယီသည် ရှေးဦးဧရာမ သားရဲကြီးများကို ကိုင်တွယ်ရန်အတွက် ရေငုပ်သင်္ဘော အစင်း၂၀ ကို တိုက်ရိုက် လဲလှယ်အသုံးပြုခဲ့သည်။
တစ်နာရီနှင့် မိနစ်လေးဆယ် ကြာပြီးနောက် လူတိုင်း ထိုတိုက်ကြီးပေါ်သို့ ဆင်းသက်နိုင်ခဲ့ကြသည်။
ထို့နောက် ရှောင်းယီကိုယ်တိုင် တာဝန်ယူကာ တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခုကို တည်ဆောက်လိုက်သည်။
ရှောင်းယီက မိနစ်ဆယ်ဂဏန်းမျှဖြင့် အစီအရင်ကို အောင်မြင်စွာ တည်ဆောက်နိုင်သည်ကို မြင်သောအခါ ဂျေဘီက အံ့အားသင့်စွာ ရေရွတ်လိုက်၏။
“အိုးမိုင်ဂေါ့ဒ်... မင်းက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ ရှောင်းယီ။”
ရှောင်ယီက သူ့ကို ဂရုမစိုက်ဘဲ သူ့တပ်ဖွဲ့ကို ချက်ချင်း ခေါ်ယူလိုက်သည်။
“ဒီမစ်ရှင်က တော်တော်လေး ပင်ပန်းလိမ့်မယ်။ အားလုံးပဲ လမ်းခွဲပြီး အသက်ရှင်ကျန်ရစ်သူ ဖြစ်နိုင်ခြေရှိတဲ့ လူသားတွေကို လိုက်ရှာကြ။ အကယ်၍ သံသယဖြစ်ဖွယ် ပစ်မှတ်ကို တွေ့ရင် လန့်ဖျန့်မသွားစေနဲ့။ အတည်ပြုဖို့ ငါ့ကို အရင်ဆုံး ဆက်သွယ်ရမယ်။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့။”
ရှောင်းယီ၏ အမိန့်ပေးမှုနှင့်အတူ အဖွဲ့များသည် ၎င်းတို့၏ မော်တော်ယာဉ်များကို မောင်းနှင်ကာ အရပ်မျက်နှာအနှံ့သို့ ထွက်ခွာသွားကြတော့သည်။ မဟာမိတ်အဖွဲ့ရှိ ရဟတ်ယာဉ်အားလုံးကိုလည်း စေလွှတ်ခဲ့သည်။
ကင်းထောက်ရန်အတွက် မသင့်တော်သော တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များကိုပင် စေလွှတ်ခဲ့ရသည်။
ထိုတိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များသည် လူတစ်ယောက်ယောက် ရှိ၊ မရှိ ခန့်မှန်းခြေ အတည်ပြုရန်အတွက် ဝေးလံခေါင်သီသော နေရာများကိုသာ ရှာဖွေရန် လိုအပ်သည်။
ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည်လည်း အရပ်မျက်နှာတစ်ခုကို သဘာဝအတိုင်း ရွေးချယ်ကာ ရဟတ်ယာဉ်တစ်စင်းကို မောင်းနှင်၍ ထိုနောက်ဆုံး အသက်ရှင်ကျန်ရစ်သူကို လိုက်လံရှာဖွေခဲ့ကြသည်။
ထိုအချိန်တွင် ယီရန်ပင်း မဟာမိတ်အဖွဲ့အတွင်း၌မူ ကံစမ်းမဲနှိုက်ခြင်း စတင်နေပြီ ဖြစ်သည်။ အတွင်းလူများနှင့် ကျွန်းခွဲအချို့၏ တာဝန်ခံများမှလွဲ၍ ကျန်ရှိသူအားလုံးသည် ကံစမ်းမဲနှိုက်ခြင်းဖြင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ပိုင်ဆိုင်ခွင့် ရှိ၊ မရှိကို ဆုံးဖြတ်နေကြရသည်။
၎င်းတို့ အသက်ရှင်မလား၊ သေမလားဆိုသည်မှာ ကံကြမ္မာအပေါ်တွင်သာ တည်မှီနေတော့သည်။
အခန်း ၁၂၆၈
“ဟူး... ငါတော့ မဲမနှိုက်တော့ဘူး။ ဒီလောက်အထိ အသက်ရှင်ခဲ့ရတာတင်ပဲ တော်လှပြီ။ ကမ္ဘာ့စည်းမျဉ်းတွေရဲ့ ချေဖျက်တာကိုပဲ ထိုင်စောင့်တော့မယ်။ နောက်ထပ်အဆင့်မှာ ဒုက္ခခံရတာထက်စာရင် ဒါက ပိုကောင်းပါတယ်။”
“ဟုတ်တယ်။ ငါလည်း လက်လျှော့လိုက်ပြီ။ ဒီနောက်ဆုံး အချိန်လေးကိုပဲ ပျော်ပျော်ပါးပါး ဖြတ်သန်းလိုက်တော့မယ်။”
“ကျွန်းပိုင်ရှင်က ငါ့ကို ခိုလှုံခွင့်ပေးခဲ့လို့ အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်းပိုင်ရှင်သာ ခိုလှုံခွင့်မပေးခဲ့ရင် ငါ ငါးဗိုက်ထဲ ရောက်သွားတာ ကြာလှပြီ။ ထားလိုက်ပါတော့... ငါလည်း မလိုချင်တော့ဘူး။”
ယီရန်ပင်း မဟာမိတ်အဖွဲ့အတွင်းရှိ ကျန်ရစ်သူ အများအပြားသည် အမှန်တကယ်ပင် ကံစမ်းမဲနှိုက်မည့် အခွင့်အရေးကို ၎င်းတို့ဘာသာ ဆန္ဒအလျောက် လက်လျှော့ခဲ့ကြ၏။
အန်းယွီက မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ခေါင်းခါလိုက်မိသည်။ ဖြစ်နိုင်သည်မှာ လက်လျှော့လိုက်ခြင်းက အကောင်းဆုံးရွေးချယ်မှု ဖြစ်နေ၍လည်း ဖြစ်နိုင်သည်။
ယီရန်ပင်း မဟာမိတ်အဖွဲ့သည် မည်သည့်ါသက်ရှင်ကျန်ရစ်သူက ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ပိုင်ဆိုင်ခွင့်ရသည်ကို အလျင်အမြန် ဆုံးဖြတ်လိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို ပိုင်ဆိုင်ရန် လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်ခဲ့ကြသည်။
အန်းယွဲ့သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရရှိသေးဘဲ ကျန်ရှိနေသော ဝန်ထမ်းများကို ကြည့်ကာ ပြောလိုက်သည်။
“အားလုံးပဲ လက်မလျှော့ကြပါနဲ့။ ငါတို့ အခု အဲ့ဒီနောက်ဆုံး အသက်ရှင်ကျန်ရစ်သူကို ကိုယ်တိုင် သွားရှာနေပြီ။ တစ်ချိန်တည်းမှာပဲ ငါတို့ မဟာမိတ်အဖွဲ့က လူတွေအနေနဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေ လိုက်ရှာတာကို ဘယ်တော့မှ လက်မလျှော့ဖို့ ငါတောင်းဆိုချင်တယ်။ ကျွန်းပိုင်ရှင်ကိုယ်တိုင်က လက်မလျှော့သေးဘူး။ အဲ့ဒါကြောင့် ကျေးဇူးပြုပြီး အားလုံးပဲ လက်မလျှော့ကြပါနဲ့။”
လူတိုင်းက ခေါင်းငြိမ့်ပြကြပြီး ကျေးဇူးတင်ရှိကြောင်း ပြောလာခဲ့ကြသည်။
“ကျွန်းပိုင်ရှင်က ကျုပ်တို့အတွက် အများကြီး ပင်ပန်းခံနေရပါပြီ။”
“ကျွန်းပိုင်ရှင်က ကျုပ်တို့အပေါ် တကယ်ကို ကောင်းလွန်းပါတယ်။ ဒီဘဝမှာ ကျွန်းပိုင်ရှင်နောက်ကို လိုက်ခွင့်ရတာနဲ့တင် ဘာနောင်တမှ မရှိတော့ပါဘူး။”
“မှန်တယ်။ အားလုံးပဲ စိတ်ဓာတ်ခွန်အား မွေးကြစို့။ မဟုတ်ရင် ကျွန်းပိုင်ရှင်က သူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှာမတွေ့လို့ ငါတို့က သူ့ကို အပြစ်တင်နေတယ်လို့ ထင်သွားလိမ့်မယ်။”
“ဟားဟားဟား... ငါတို့က သဘာဝအတိုင်း ပျော်နေတာပါကွာ။”
ရှောင်းယီဘက်တွင်မူ သူသည် ထိုတိုက်ကြီး၏ ထူးဆန်းမှုကို အလျင်အမြန် သတိပြုမိခဲ့သည်။
၎င်းတို့သည် ဧရိယာ၏ ဆယ်ပုံတစ်ပုံခန့်ကို ရှာဖွေပြီးခဲ့ပြီ ဖြစ်သော်လည်း ယခုအချိန်အထိ လူသားတို့၏ အရိပ်အယောင် တစ်ခုကိုမျှ ရှာမတွေ့သေးပေ။
“ဒီတိုက်ကြီးပေါ်မှာ လူသားတစ်ယောက်မှ မရှိတာများလား။”
ကျန်းယွင်ထျန်းက သံသယစိတ်ဖြင့် ပြောလိုက်သည်။
“တကယ်လို့ လူသားတစ်ယောက်မှ မရှိဘူးဆိုရင် အဲ့ဒါက ပိုတောင် ကောင်းသေးတယ်။”
ရှောင်းယီက လေးနက်သော လေသံဖြင့် ဆိုသည်။ ကျန်းယွင်ထျန်း အနည်းငယ် မှင်တက်သွားပြီးနောက် ခေါင်းငြိမ့်လိုက်သည်။
လူသားတွေမရှိတဲ့ နေရာတစ်ခုမှာ လူတစ်ယောက်ကို ရှာရတာက လူတွေအများကြီးရှိတဲ့ နေရာမှာ လူတစ်ယောက်ကို ရှာရတာထက် အမြဲတမ်း ပိုလွယ်ကူသည် မဟုတ်ပါလော။
လူသားတွေ မရှိသည့်အတွက် လေယာဉ်များကို အသုံးပြုခြင်းက အလွန်ထိရောက်မှု ရှိသည်။ လေယာဉ်များသည် မြန်ဆန်ပြီး ၎င်းတို့၏ ရှာဖွေရေး စွမ်းဆောင်ရည်က ကုန်းပေါ်ရှိ ကားများထက် အများကြီး ပိုမိုမြင့်မားသည်။
မကြာမီမှာပင် ရဟတ်ယာဉ်တစ်စင်းက ပုံမှန်မဟုတ်သော အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
“ကျွန်းပိုင်ရှင်နဲ့ နည်းပြကို သတင်းပို့ပါတယ်။ ဒီဘက်မှာ လူသားတွေ ဆောက်ထားတယ်လို့ သံသယရှိရတဲ့ အဆောက်အဦးတစ်ခုကို တွေ့ရှိထားပါတယ်။”
“မင်းရဲ့ တည်နေရာကို ပို့လိုက်။ ငါတို့ အခုချက်ချင်း လာခဲ့မယ်။”
ရှောင်းယီက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ...ကျုပ်တို့ တည်နေရာက...”
ကျန်းယွင်ထျန်းသည် ရဟတ်ယာဉ်ကို ချက်ချင်း မောင်းနှင်ကာ တစ်ဖက်လူ၏ တည်နေရာဆီသို့ ပျံသန်းသွားခဲ့သည်။
တစ်နာရီခန့် ကြာပြီးနောက် ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် ထိုရဟတ်ယာဉ်အနီးသို့ ရောက်ရှိလာခဲ့ကြသည်။ ဆင်းသက်ပြီးနောက် ရှောင်းယီက “ဘယ်မှာလဲ” ဟု မေးလိုက်သည်။
“ရှေ့ဘက် ကီလိုမီတာ တစ်ဝိုက်မှာပါ။ ရန်သူကို လန့်သွားမှာ စိုးရိမ်လို့ ကျုပ်တို့ အဲ့ဒီနေရာကို တစ်ခေါက်ပဲ ဖြတ်ပျံခဲ့တယ်။”
“တော်တယ်။”
ရှောင်းယီက ယာဉ်မောင်း၏ ပုခုံးကို ပုတ်ပေးလိုက်ပြီး သူညွှန်ပြသည့် အရပ်မျက်နှာဆီသို့ ချက်ချင်း ပြေးထွက်သွားခဲ့သည်။ ကျန်းယွင်ထျန်းကလည်း နောက်မှ ကပ်လျက် လိုက်ပါသွား၏။
ငါးမိနစ်ခန့် ကြာပြီးနောက် ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့ ထိုအဆောက်အဦးအနီးသို့ ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့၏ မျက်စိရှေ့တွင် ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသော အိမ်တစ်လုံး ရှိနေ၏။
“ဒီမှာ လူသားတွေ နေထိုင်တာ ဖြစ်ရမယ်။”
ကျန်းယွင်ထျန်းက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ ရှောင်ယီက ခေါင်းငြိမ့်ပြပြီး ခဏကြာအောင် သေချာအကဲခတ်ပြီးနောက် ထိုကျောက်အိမ်ဆီသို့ ချက်ချင်း လျှောက်သွားလိုက်သည်။
ကျန်းယွင်ထျန်းသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အထဲသို့ လိုက်မသွားတော့ဘဲ စနိုက်ပါရိုင်ဖယ်ကို ထုတ်ကာ အပြင်ဘက်မှ အကာအကွယ်ပေးရန် စောင့်ကြည့်နေခဲ့သည်။
ရှောင်းယီ ကျောက်တုံးအိမ်ထဲသို့ လျှောက်ဝင်သွားရာ အထဲတွင် ထူးခြားစွာ သန့်ရှင်းသပ်ရပ်နေသည်ကို တွေ့လိုက်ရလေသည်။
ဘေးတစ်ဖက်တွင်မူ မီးဖိုပေါ်တွင် ကျိုထားသော လက်ဖက်ရည်မှာ နွေးနေဆဲ ဖြစ်ရာ ဤအခန်းထဲတွင် လူတစ်ယောက်ယောက် အမှန်တကယ် နေထိုင်နေကြောင်း ညွှန်ပြနေပေသည်။
ရှောင်းယီ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ထောင့်တစ်နေရာကို ရှာကာ ပုန်းနေလိုက်သည်။ တစ်နာရီခန့် ကြာပြီးနောက် ခြေသံများ ထွက်ပေါ်လာခဲ့ပြီး တစ်စုံတစ်ယောက်သည် ကျောက်တုံးအိမ်ဆီသို့ လျှောက်လှမ်းလာနေခဲ့သည်။
သို့သော်လည်း ကျောက်တုံးအိမ်ထဲသို့ လျှောက်မဝင်မီမှာပင် တစ်ဖက်လူ၏ ခြေသံများမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
“သူ ငါ့ကို ရိပ်မိသွားတာလား။”
ရှောင်းယီတစ်ယောက် အံ့အားသင့်စွာ တွေးလိုက်မိသည်။ သူသည် တာအိုကျမ်းစာကို ကျင့်ကြံပြီးကတည်းက သူသာ ပုန်းနေမည်ဆိုပါက မည်သူမဆို သူ့ကို ရိပ်မိရန် အလွန်ခက်ခဲလှသည်ကို သိထားရမည် ဖြစ်သည်။
ဤလူက ဤမျှလောက်အထိ နိုးနိုးကြားကြား ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
“ဘယ်သူလဲ... ထွက်ခဲ့စမ်း။”
တစ်ဖက်လူက ရှားနိုင်ငံ စကားကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် လှမ်းပြောလိုက်သည်။
ရှောင်းယီသည် တွေဝေမနေတော့ဘဲ ပြတ်ပြတ်သားသားပင် အပြင်သို့ လျှောက်ထွက်ခဲ့ရာ ဝတ်ရုံနက်ကို ခြုံထားသော လူတစ်ဦးကို တွေ့လိုက်ရလေသည်။
“မသေမျိုးလား။”
တစ်ဖက်လူ၏ ပုံပန်းသဏ္ဍာန်ကို မြင်လိုက်ရသဖြင့် ရှောင်းယီက အံ့အားသင့်စွာ မေးလိုက်မိသည်။
“မင်းက ယီရန်ပင်းသူဌေးပဲဖြစ်ရမယ် ဟုတ်တယ်မလား။”
တစ်ဖက်လူက ဆက်မေးလာခဲ့သည်။ ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“ဟုတ်တယ်... ငါပဲ။ မင်း ဘာလို့ ဒီကို ရောက်နေတာလဲ။”
တစ်ဖက်လူက ခေါင်းခါပြလိုက်သည်။
“ငါက မင်းပြောတဲ့ မသေမျိုး မဟုတ်ဘူး။ သွေးစုပ်မျိုးနွယ်စုရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ။ ဒါပေမဲ့ သွေးစုပ်မျိုးနွယ်စုကိုလည်း မသေမျိုးအမျိုးအစား တစ်ခုအနေနဲ့ သတ်မှတ်လို့ရပါတယ်။”
“မင်းက ဗန်ပိုင်းယားလား။”
ရှောင်းယီက အံ့အားသင့်စွာ မေးလိုက်သည်။
“ဟုတ်တယ်။ ငါလည်း ဗန်ပိုင်းယား မဖြစ်ချင်ခဲ့ပါဘူး။ ရွေးချယ်ခွင့်သာ ရှိမယ်ဆိုရင် ငါလည်း သာမန်အသက်ရှင်ကျန်ရစ်သူတစ်ယောက်ပဲ ဖြစ်ချင်ခဲ့တာပါ။ ဒါပေမဲ့ ငါ ဘာတတ်နိုင်မှာလဲ။ ငါက ဗန်ပိုင်းယားတစ်ကောင်ရဲ့ သွေးစုပ်မျိုးဆက်သွင်းခြင်းကို ခံလိုက်ရတယ်။”
ထိုလူက အေးတိအေးစက်ဖြင့် ပြန်ဖြေလိုက်သည်။ ထိုအချိန်တွင် စနစ်မှ သတိပေးသံ ထွက်ပေါ်လာခဲ့သည်။
“လီရှင်း [S အဆင့်] - ဗန်ပိုင်းယား မြို့စားတစ်ဦး၏ သွေးစုပ်မျိုးဆက်သွင်းခြင်းကို ခံခဲ့ရသည်။ သူသည် ဗန်ပိုင်းယားတစ်ကောင် ဖြစ်လာခဲ့သော်လည်း လူသားတစ်ဦးတစ်ယောက်ကိုမျှ အကျိုးယုတ်အောင် မလုပ်ခဲ့ဖူးပါ။ ယခင်က ဗန်ပိုင်းယား၏ စာချုပ်စွမ်းအားရဲ့ လွှမ်းမိုးမှုအောက်တွင် မကောင်းမှုအချို့ကို လုပ်ဆောင်ခဲ့ဖူးသော်လည်း ဗန်ပိုင်းယားမြို့စားကို သင် သတ်ဖြတ်လိုက်ပြီးနောက် သူသည် လွတ်လပ်သူ ဖြစ်လာခဲ့သည်...”
ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။
“ငါနဲ့အတူ လိုက်ခဲ့။”
“မင်း ငါ့ကို မသတ်ဘူးလား။”
ဝတ်ရုံနက်ထဲမှ လီရှင်း၏ ဇဝေဇဝါ ဖြစ်နေသော လေသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“မင်းက လူသားတွေကို အန္တရာယ်မပြုခဲ့ဘဲ ငါက မင်းကို ဘာလို့ သတ်ရမှာလဲ။”
ရှောင်းယီက ပြန်မေးလိုက်သည်။
“ဒါပေမဲ့ ငါက ဗန်ပိုင်းယားတစ်ကောင်လေ...။ လူသားလူ့အဖွဲ့အစည်းက ငါ့ကို လက်ခံနိုင်မှာ မဟုတ်ဘူး။”
လီရှင်းက ဆိုသည်။
“မင်းကိုယ်မင်း ထိန်းချုပ်နိုင်ပြီး လူသားတွေကို အန္တရာယ်မပြုသရွေ့တော့ ယီရန်ပင်း မဟာမိတ်အဖွဲ့ထဲမှာ မင်း အသက်ရှင် နေထိုင်နိုင်ဖို့ ငါ အာမခံတယ်။”
ရှောင်းယီက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ လီရှင်းသည် အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ခေါင်းငြိမ့်လိုက်လေသည်။
သူသည်လည်း တစ်ချိန်က လူသားလူ့အဖွဲ့အစည်းထဲသို့ ဝင်ရောက်ချင်ခဲ့ဖူးသည်။ သို့သော် ရှောင်းယီက ဗန်ပိုင်းယား မြို့စားကို သတ်လိုက်သည့်အချိန်တွင် အသက်ရှင်ကျန်ရစ်သူအားလုံးက ဒေါသတကြီးဖြင့် ဗန်ပိုင်းယားများကို လိုက်လံနှိမ်နင်းခဲ့ကြသည်။ ထို့ကြောင့် သူသည် ဟိုပုန်းဒီရှောင်ဖြင့် နောက်ဆုံးတွင် အသက်ရှင်နိုင်ရန် ဤလူသူမဲ့တိုက်ကြီးသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
“မင်း သိမ်းဆည်းရမယ့် ပစ္စည်းတွေ ရှိသေးလား။”
ရှောင်းယီက မေးလိုက်သည်။ လီရှင်းက ခေါင်းခါလိုက်သည်။
“အဲ့ဒီတုန်းက လူတိုင်းရဲ့ လိုက်လံဖမ်းဆီးတာကနေ အလောတကြီး အသည်းအသန် ပြေးခဲ့ရတာဆိုတော့ ဘာပစ္စည်းမှ မယူလာနိုင်ခဲ့ပါဘူး။”
ရှောင်းယီ အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။
“မင်း ဒီတိုက်ကြီးကို ဘာလို့ ရောက်လာတာလဲ။”
“အဲ့ဒီအချိန်တုန်းက ခင်ဗျားတို့ ရှာဖွေတွေ့ရှိခဲ့တဲ့ တိုက်သစ်ကြီးပေါ်မှာ မြို့စား ပေးအပ်ထားတဲ့ မစ်ရှင်တစ်ခုကို ငါ လုပ်ဆောင်နေတာ။ အဲ့ဒီမှာ တည်နေရာကူးပြောင်းခြင်း အစီအရင်တစ်ခုထဲကို မတော်တဆ ရောက်သွားပြီး ဒီနေရာကို ရောက်လာခဲ့တာပဲ။”
လီရှင်းက ပြန်ဖြေလိုက်သည်။ ရှောင်းယီက ခေါင်းငြိမ့်လိုက်ပြီး သူ့ကို ကျန်းယွင်ထျန်းရှိရာသို့ ခေါ်ဆောင်လာခဲ့သည်။
ကျန်းယွင်ထျန်းက ဝတ်ရုံနက်ခြုံထားသော လီရှင်းကို သံသယစိတ်ဖြင့် ကြည့်ကာ မေးလိုက်သည်။
“မသေမျိုးလား။”
“မဟုတ်ဘူး... ဗန်ပိုင်းယားပဲ။”
ရှောင်းယီက ရှင်းပြလိုက်သည်။ ဗန်ပိုင်းယားဟူသော စကားကို ကြားလိုက်ရသဖြင့် ကျန်းယွင်ထျန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
ရှောင်းယီက ကျန်းးယွင်ထျန်း၏ ပုခုံးကို ပုတ်ပေးလိုက်သည်။
“စိတ်မလှုပ်ရှားပါနဲ့။ အခု ဗန်ပိုင်းယား မြို့စား မရှိတော့တဲ့အတွက် သူက လွတ်လပ်သွားပါပြီ။ ပြီးတော့ သူက လူသားတွေကိုလည်း အန္တရာယ်မပြုခဲ့ဖူးဘူး။ သူ့ကို ကိုယ်ကျင့်တရားရှိတဲ့ ဗန်ပိုင်းယားတစ်ကောင်လို့ သတ်မှတ်လို့ရပါတယ်။”
ပို၍အရေးကြီးသည်မှာ သူသည် ဆိုးသွမ်းလွန်းသော ဗန်ပိုင်းယားတစ်ကောင် ဖြစ်နေလျှင်ပင် ယခုအချိန်တွင် သူ့ကို အရေးယူ၍ မဖြစ်သေးပေ။
ရှောင်းယီအနေဖြင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို ပိုမိုရှာဖွေနိုင်ရန်အတွက် အချိန်ဆွဲရန် သူ့ကို အသုံးပြုရန် လိုအပ်နေသေးသည်။ တစ်ချိန်တည်းမှာပင် သူ့ကို ထိန်းချုပ်ထားခြင်းဖြင့် နောက်ထပ်အဆင့်သို့ မည်သည့်အချိန်တွင် တက်ရောက်မည်ကို ရှောင်းယီကိုယ်တိုင် ဆုံးဖြတ်နိုင်မည် ဖြစ်သည်။
“ကောင်းပြီ... အားလုံးကို ဆုတ်ခွာခိုင်းလိုက်တော့။ ငါတို့ လူရှာတွေ့ပြီ။”
ရှောင်းယီက ပြောလိုက်သည်။
“ဂျေဘီတို့ဘက်ကိုလည်း အကြောင်းကြားဖို့ မမေ့နဲ့။”
“ဟုတ်ကဲ့ပါ။”