အခန်း ၄၀၂
Vol. 33 Ch. 402
အပိုင်း (၄၀၂) - ပြန်ရောက်လာခြင်း
လဆန်းတစ်ရက်နေ့၏ ချန်အန်းမြို့တော်တွင် နှင်းများ သည်းထန်စွာ ကျဆင်းနေသည်။ သို့သော်လည်း သည်းထန်လှသော နှင်းစက်များက မြို့တော်၏ တက်ကြွလှုပ်ရှားနေသော အရှိန်အဝါကိုတော့ မဟန့်တားနိုင်ခဲ့ပေ။
လမ်းမပေါ်ရှိ နှင်းထုများသည် လမ်းသွားလမ်းလာများ၏ ခြေရာများကြောင့် လမ်းကြောင်းများအဖြစ် ပြောင်းလဲနေပြီဖြစ်သည်။ လှော်ထားသော သစ်အယ်သီးနံ့ သင်းပျံ့နေသည့် လမ်းဘေးဈေးသည်များ၏ အော်ဟစ်ရောင်းချသံများနှင့် သူတို့ထမ်းပိုးများဆီမှ ကြေးခေါင်းလောင်း မြည်သံများသည် လေနှင်းများကြားထဲ တိုးဝှေ့ပျံ့လွင့်နေသည်။
ထို့ပြင် ခမ်းနားလှသော အဆောက်အအုံများဆီမှ ထွက်ပေါ်လာသည့် စောင်းတီးခတ်သံများသည်လည်း ဆော့ကစားနေကြသော ကလေးငယ်များ၏ ရယ်မောသံများနှင့် ရောနှောလျက်ရှိသည်။
ကူမော့သည် အနီရောင်မိန်းမပျိုနှင့် စောင်းဆရာတို့ကို ဦးဆောင်ကာ လမ်းမတစ်လျှောက် လျှောက်လှမ်းလာရင်း စည်ကားလှသော ချန်အန်းမြို့တော်ကို ကြည့်ကာ စိတ်နှလုံး မသာမယာ ဖြစ်နေမိသည်။
သူတို့ ဖြတ်သန်းလာခဲ့ရသည့် လမ်းခရီးတစ်လျှောက်ရှိ မြို့များအားလုံးမှာ စစ်ပွဲကြောင့် ခြောက်ကပ်ပျက်စီးနေခဲ့ပြီဖြစ်သည်။ သို့သော် မြို့တော် ချန်အန်း တစ်ခုတည်းသာလျှင် စစ်ဘေးဒဏ်ကို မခံစားရဘဲ ခမ်းနားဆဲဖြစ်သည်။
ထို့နောက် သူတို့ခရီးဆက်လာခဲ့ရာ ချန်ရန်မင်းသမီး၏ စံအိမ်တော်သို့ ရောက်ရှိလာခဲ့ကြသည်။ တံခါးစောင့်က ကူမော့ကို မှတ်မိသဖြင့် ရိုသေစွာဖြင့် အထဲသို့ ဖိတ်ခေါ်လိုက်သည်။
စံအိမ်တော်အတွင်းသို့ ဝင်ရောက်ပြီး စင်္ကြံလမ်းတစ်လျှောက် လျှောက်လာစဉ်မှာပင် ကူချူတုန်းသည် အတွင်းဘက်ဝင်းထဲမှ ပြေးထွက်လာကာ ကူမော့ကို ဝမ်းသာအားရ ပြေးဖက်လိုက်တော့သည်။ ထို့နောက် သူမသည် ဝမ်းသာလွန်း၍ ကူမော့အား မနားတမ်း စကားတွေ ဆက်တိုက်ပြောနေတော့သည်။
"အစ်ကိုကြီး... အစ်ကိုကြီး ထွက်သွားတာ လေးလနီးပါး ရှိသွားပြီနော်..."
"ကျွန်မ ပြောပြဦးမယ်၊ အခုတလော မြို့တော်မှာ သူငယ်ချင်းတွေ အများကြီး ရထားတယ်လေ... သူတို့တွေ အကုန်လုံးက အရမ်းကို လှကြတာပဲ... အစ်ကိုကြီး သွားကြည့်ပါဦး၊ ဘယ်သူက ကျွန်မတို့ရဲ့ မရီးလောင်း ဖြစ်ဖို့ သင့်တော်မလဲ ဆိုတာကိုလေ..."
ရုတ်တရက်ဆိုသလို ကူချူတုန်းသည် ကူမော့၏ အနောက်တွင် ရှိနေသော စောင်းဆရာနှင့် အနီရောင် မိန်းမပျိုတို့ကို သတိပြုမိသွားလေသည်။
သူမသည် စောင်းဆရာကို လုံးဝ လျစ်လျူရှုလိုက်ပြီး၊ အနီရောင်ဝတ်စုံကိုသာ မျက်လုံးများ တောက်ပလျက် စူးစိုက်ကြည့်နေတော့သည်။ အဲဒီနောက်မှာတော့ သူမက တိုးတိုးလေး မေးလိုက်သည်။
"အစ်ကိုကြီး... အခုလောက်အထိ ကြာသွားတာက တကယ်ပဲ မရီးလောင်း တစ်ယောက်ကို သွားခေါ်နေလို့ ပေါ့လေ... သူမက တကယ်ကို လှတာပဲနော်... အစ်ကိုကြီးရဲ့ အမြင်ကတော့ တကယ့်ကို ထူးချွန်တာပဲ..."
ကူမော့သည် အကူအညီမဲ့စွာဖြင့် ပြုံးလိုက်မိလေသည်။ ကူချူတုန်း ထိုသို့ ထင်မိသည်မှာလည်း အပြစ်ဆိုစရာ မရှိပါချေ။ အနီရောင် ရွေးချယ်ထားသော ခန္ဓာကိုယ်မှာ ကူမော့ မြင်ဖူးသမျှ အလှဆုံးသော အမျိုးသမီးများထက် မနိမ့်သောကြောင့် ဖြစ်လေသည်။ အနီရောင် ၏ စရိုက်မှာလည်း ပြိုင်ဘက်ကင်းလှပေသည်။
"အလုပ်အကျွေးပြုသူ ဟုန်ယီ ဟာ သခင်မလေးကို ဂါရဝပြုပါတယ်..."
စောင်းဆရာသည်လည်း လိုက်လံ ဦးညွှတ်လိုက်လေသည်။ ကူချူတုန်းက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"အလုပ်အကျွေးပြုသူ ဟုတ်လား... အစေခံမလေး လား..."
ဟုန်ယီ က အနည်းငယ် ခေါင်းညိတ်ပြလိုက်လေသည်။ ကူချူတုန်းသည် ကြောင်အအနှင့် ကူမော့ကို မော့ကြည့်လိုက်ပြီး ဆိုသည်။
"အစ်ကိုကြီး... အခုဆိုရင် အစ်ကိုကြီးက ဒီလောက်အထိ မောက်မာနေပြီ ပေါ့လေ..."
ကူမော့က ပြုံးလျက်
"နောက်မှ ငါ အေးအေးဆေးဆေး ရှင်းပြပါ့မယ်... သူတို့ရဲ့ အခြေအနေက နည်းနည်း ထူးခြားတယ်လေ၊ သူတို့က ညီမလေးအတွက် ငါရှာပေးထားတဲ့ ကိုယ်ရံတော် နှစ်ယောက်ပါ..."
ကူချူတုန်းက ချက်ချင်းပင် ပြန်လည် ချေပလိုက်သည်။
"အစ်ကိုကြီး... ကျွန်မ က မဟာသိုင်းဆရာကြီး တစ်ယောက် ဖြစ်နေပြီလေ၊ ပြီးတော့ ကျွန်မဆီမှာ စိတ်မိစ္ဆာစောင်း လည်း ရှိနေတာကို... ကိုယ်ရံတော်တွေ လိုအပ်လို့လား... ဘယ်သူက ဘယ်သူ့ကို ကာကွယ်ရမှာလဲ..."
ကူမော့က တည်ငြိမ်စွာ ပြောလိုက်သည်။
"စုချန်းချိုး တောင်မှ သူတို့ နှစ်ယောက် ပူးပေါင်းရင် အနိုင်တိုက်နိုင်မှာ မဟုတ်ဘူးနော်..."
ကူချူတုန်းက...
"ကျွန်မ ခုနက စကားပြောတာ နည်းနည်း ကျယ်သွားတယ် ထင်တယ်နော်..."
မင်းသမီး၏ စံအိမ်တော်သို့ ရောက်ရှိလာသောအခါ၊ ကူမော့သည် ကျန်းနိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲ၏ သက်ရောက်မှုများကို ရှင်းလင်းစွာ ခံစားမိလိုက်လေသည်။
အချစ်ဆုံး မင်းသမီး တစ်ပါး ဖြစ်သော ချန်ရန်မင်းသမီး သည် အမြဲတမ်း ခမ်းနားထည်ဝါစွာ နေထိုင်ခဲ့သူ ဖြစ်သော်လည်း၊ ယခုအခါ သူမ၏ ဝတ်စားဆင်ယင်မှုမှာ သိသိသာသာကို ရိုးရှင်းနေခဲ့ပြီ ဖြစ်လေသည်။
"မင်းကို ကြည့်ရတာ မျက်နှာသာ ပေးမခံရတော့တဲ့ ပုံစံမျိုး ပေါက်နေပြီနော်..."
ချီချီကို ပထမဆုံး မြင်လိုက်ရသည့် အချိန်တွင် ကူမော့က နောက်ပြောင်လိုက်လေသည်။ ချီချီက လျှာထုတ်ပြလိုက်ရင်း ပြန်ပြောသည်။
"ရှင်က ဘာသိလို့လဲ... ဒီမင်းသမီးက ခမည်းတော်ရဲ့ တောင်းဆိုချက်ကို တုံ့ပြန်နေတာလေ... ရှေ့တန်း စစ်မျက်နှာပြင်မှာ တိုက်ပွဲတွေက ပြင်းထန်နေသလို၊ စစ်သည်တော်တွေကလည်း နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် အပြင်းအထန် ကြိုးစားနေကြရတာလေ... ကျွန်မဆီမှာ ကူညီနိုင်တဲ့ အစွမ်းအစ အများကြီး မရှိတာ မှန်ပေမဲ့၊ သူတို့ကိုတော့ ဒုက္ခ မပေးချင်ပါဘူး... အဲဒါကြောင့် စံအိမ်တော်ထဲက ရောင်းလို့ရတာ မှန်သမျှကို ရောင်းပြီး နိုင်ငံတော် ဘဏ္ဍာတိုက်အတွက် ပိုက်ဆံတွေ စုဆောင်းပေးနေတာပေါ့..."
ကူမော့သည် ချီချီကို အံ့သြစွာ ကြည့်လိုက်ပြီးနောက် -
"အလိုလိုက်ခံထားရတဲ့ မင်းသမီးလေး တစ်ပါးဆီမှာ ဒီလောက်အထိ မြင့်မြတ်တဲ့ စိတ်ဓာတ်မျိုး ရှိလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူးဗျာ..."
"ကျွန်မကို အထင်မသေးပါဦး..."
ချီချီက ဂုဏ်ယူစွာဖြင့် ခေါင်းမော့လိုက်ရင်း ပြောလိုက်သည်။
"ကျွန်မက ဆော့ကစားရတာ ဝါသနာပါပြီး စာသိပ်မဖတ်ထားတာ မှန်ပေမဲ့၊ အခြေခံ နိယာမတွေကိုတော့ နားလည်ပါတယ်... ရှေ့တန်းမှာရှိတဲ့ စစ်သည်တော်တွေသာ အသက်နဲ့လဲပြီး မတိုက်ပေးကြဘူး ဆိုရင်တော့၊ ကျွန်မလည်း ဒီလောက် ကောင်းမွန်တဲ့ ဘဝမျိုးကို ရနိုင်မှာ မဟုတ်ပါဘူး... မင်းသမီး ဆိုတာတွေ၊ စည်းစိမ်တွေ၊ ကျော်ကြားမှုတွေ ဆိုတာတွေက... အချိန်တိုအတွင်းမှာ ပျောက်ကွယ်သွားမယ့် တိမ်တိုက်တွေလို ပါပဲ..."
ကူမော့က သူမအား လက်မထောင်ပြလိုက်ရင်း -
"မင်းသမီးလေး ရဲ့ အမြင်ကတော့ အသက်ထက်တောင် သာလွန်နေပါပြီလား! နောက်နောင်ကျရင်တော့ ကျွန်တော် မင်းကို လေးစားရတော့မှာပေါ့..."
"ကူမော့... ကျွန်မတောင် ဒီလောက်အထိ အမြင်ကျယ်နေမှတော့၊ ရှင်လည်း အမြင်ကျယ်သင့်တာပေါ့ မဟုတ်လားဟင်... ရှင်က လောကရဲ့ အကောင်းဆုံး သိုင်းသမား တစ်ယောက်ပဲလေ... တကယ်လို့ ရှင်သာ စစ်ပွဲမှာ ကူညီပေးမယ် ဆိုရင်တော့... ကျွန်မတို့ ချူနိုင်ငံသားတွေကို သေချာပေါက် အနိုင်တိုက်နိုင်ပြီး သူတို့ကို အကြီးအကျယ် ရှုံးနိမ့်သွားအောင် လုပ်နိုင်မှာပေါ့၊ ဟုတ်တယ်မလားဟင်... "
“ရှင့်အနေနဲ့ နိုင်ငံတော်ကို ကာကွယ်ပေးမယ် ဆိုရင်တော့၊ ကျွန်မ က ရှင့်ကို လက်ထပ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် စတေးခံပါ့မယ်၊ ရှင့်အတွက် သားသမီးတွေ မွေးပေးပါ့မယ်... ရှင့်အနေနဲ့ ရှေ့တန်းမှာ နိုင်ငံတော်ကို ကာကွယ်နေတဲ့ အချိန်မှာ၊ ကျွန်မက အနောက်ကနေ ရှင့်ရဲ့ အိမ်ကို စောင့်ရှောက်ပေးမယ်လေ၊ အဲဒါ ဘယ်လိုလဲ..."
ကူမော့က မျက်လုံးကို လန်ပြလိုက်ပြီး ပြောသည်။
"မင်းရဲ့ အကြံကတော့ အရမ်းကို လွန်လွန်းနေပြီနော်... မင်းက အကုန်လုံးကို အလကား ရချင်နေတာပဲလေ... ငါ့ရဲ့ သိုင်းပညာကို သုံးပြီး စစ်တိုက်ခိုင်းချင်နေသလို၊ ခန္ဓာကိုယ်ကိုလည်း လိုချင်နေသေးတာပေါ့... မင်း အကြံအစည်တွေကတော့ တကယ့်ကို မသေးလှဘူးပဲ..."
ချီချီက ပြုံးဖြီးဖြီးနှင့် ရယ်မောလိုက်ရင်း ဆိုသည်။
"ကျွန်မကတော့ ရှင့်ကို လက်ထပ်ပြီးသွားရင် ချူတုန်း နဲ့ နေ့တိုင်း အတူတူ နေလို့ရမယ်လို့ပဲ တွေးထားတာလေ..."
ကူမော့က ရယ်မောလျက် ပြန်မေးလိုက်သည်။
"မင်းက ငါ့ ညီမလေးကို လက်ထပ်ချင်နေတာ မဟုတ်လားဟင်... အဲဒါရော ဖြစ်နိုင်လို့လား..."
သူတို့ စကားပြောနေကြစဉ်မှာပင်၊ နန်းတော်အတွင်းမှ တမန်တော် တစ်ဦး ရောက်ရှိလာခဲ့လေသည်။ ကန်ဧကရာဇ်သည် ကူမော့ မြို့တော်သို့ ပြန်ရောက်လာသည်ကို သိရှိသွားသဖြင့် နန်းတော်သို့ ဖိတ်ကြားလိုက်ခြင်း ဖြစ်လေသည်။ ကူမော့သည်လည်း နဂါးသွေးကြောနှင့် ပတ်သက်သော ကိစ္စများကို ဆွေးနွေးရန် ရှိသဖြင့် တမန်တော်နှင့်အတူ ချက်ချင်းပင် လိုက်ပါသွားခဲ့လေသည်။
"အစ်ကိုကြီး..."
ကူမော့ အပြင်သို့ ထွက်လိုက်စဉ်မှာပင်၊ ကူချူတုန်းသည် သူ့နောက်သို့ ပြေးလိုက်လာပြီး ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားခဲ့လေသည်။ အဲဒီနောက်မှာတော့ သူမသည် စာအိတ်တစ်ခုကို ထုတ်ယူကာ သူ့အား ကမ်းပေးလိုက်ရင်း တိုးတိုးလေး ပြောလိုက်သည်။
"အစ်ကိုကြီး... အစ်ကို ယဲ့ကျင့်လန် က လွန်ခဲ့တဲ့ အချိန်က မြို့တော်ကနေ ထွက်သွားခဲ့ပြီလေ... သူ မထွက်သွားခင်မှာ ကျွန်မဆီကို သီးသန့် လာရှာပြီးတော့၊ ဒီစာကို အစ်ကိုကြီးဆီ ပေးခိုင်းသွားလို့ပါ..."