အခန်း ၄၀၆
Vol. 33 Ch. 406
အပိုင်း (၄၀၆) - မြောက်ဘက်ကန္တာရဆီသို့ ဦးတည်ခြင်း - ၄
ချီမြောင်ရွှမ်သည် ကူမော့ကို အံ့ဩသောအကြည့်ဖြင့် ကြည့်လိုက်ပြီး
"မင်းက တော်တော်လေး သိထားတာပဲကိုး... ကောင်းပြီလေ၊ သီအိုရီအရ ပြောရမယ် ဆိုရင်တော့အတွင်း မိစ္ဆာ နဲ့ ပိုင်ယွီကျင်း တို့က သတ်လို့ မရတဲ့ အရာတွေပါ၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အဆင့်အတန်းတွေက သာမန် သေမျိုးလောကထက် ကျော်လွန်နေလို့လေ..."
"ဒါပေမဲ့ ဒီလောကမှာ ဘာမှ တည်မြဲတာ မရှိပါဘူး... ငါ နည်းလမ်း နှစ်ခု သိပါတယ်... ပထမ တစ်ခုကတော့ သူတို့နဲ့ တူညီတဲ့ အဆင့်ရှိတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားဖို့ပါ၊ မင်း လွန်ခဲ့တဲ့ အချိန်က လုံဟူတောင် မှာ လင်းရှောင် ကို သတ်ခဲ့တုန်းကလိုမျိုးပေါ့...”
“ သီအိုရီအရ ဆိုရင် သူက တက်လှမ်းခြင်းနယ်ပယ် ရဲ့ မူလဝိညာဉ် တစ်ယောက် ဖြစ်လို့ သတ်လို့ မရပါဘူး၊ ဒါပေမဲ့ မင်းက မင်းရဲ့ မူလဝိညာဉ် နဲ့ သူ့ကို သတ်ခဲ့တာလေ... ဒါကြောင့်မို့လို့ ပိုင်ယွီကျင်း နဲ့ အတွင်းမိစ္ဆာ တို့ကို..."
"အဲဒါ မှန်ပေမဲ့ သူတို့ နှစ်ယောက်စလုံးက တက်လှမ်းခြင်းနယ်ပယ် ထက် ကျော်လွန်နေကြတာလေ၊ ဒါကြောင့် သူတို့အတွက်တော့ တက်လှမ်းခြင်းနယ်ပယ် ထက် သာလွန်တဲ့ စွမ်းအားတွေ လိုအပ်တာပေါ့..."
ယဲ့ကျင့်လန်မှာ အတွင်း မိစ္ဆာ နှင့် ပိုင်ယွီကျင်း တို့၏ သဘောသဘာဝကို မသိရှိသော်လည်း သူတို့၏ စကားကို နားလည်သဖြင့် မေးလိုက်သည်။
"ပိုင်ယွီကျင်း နဲ့ အတွင်းမိစ္ဆာ တို့နဲ့ တူညီတဲ့ အဆင့်ရှိတဲ့ စွမ်းအား ဆိုတာ ဘာမျိုးလဲ..."
ချီမြောင်ရွှမ်က ခပ်ဖွဖွ ရယ်မောလိုက်ရင်း ဆိုသည်။
"တားမြစ်ထားတဲ့ အရာတွေပေါ့၊ လူသားလောက ရဲ့ နဂါးသွေးကြော၊ ပြန်လည်ဝင်စားခြင်းမှန်၊ နောက်ပြီး နဂါးကြေးခွံပြောင်းပြန် ဓား စတဲ့ အရာမျိုးတွေပေါ့... ဟုတ်ပါတယ်၊ ဒီလောကမှာ တခြား ရှာမတွေ့သေးတဲ့ အရာတွေလည်း အများကြီး ရှိနိုင်တာပေါ့၊ တားမြစ်ထားတဲ့ အရာတွေထက် ဘာမှ မနိမ့်ပါဘူး..."
ယဲ့ကျင့်လန် က မေးသည်။
"ခင်ဗျားက သတ်နိုင်လား.."
ချီမြောင်ရွှမ်က ခေတ္တမျှ စဉ်းစားပြီးနောက် ဆိုသည်။
"သတ်နိုင်တာပေါ့၊ ဒါပေမဲ့ သူတို့ကို သတ်ဖို့အတွက် အကြောင်းပြချက် မရှိသလို၊ သူတို့ ဘယ်မှာ ရှိနေလဲဆိုတာကိုလည်း ငါ ရှာမတွေ့နိုင်ဘူး... သူတို့ကိုယ်တိုင်ကလည်း ငါ့ကို ရှာမတွေ့နိုင်ပါဘူး..."
ထို့နောက် ချီမြောင်ရွှမ်သည် ကူမော့ကို ကြည့်ကာ မေးမြန်းလိုက်သည်။
"နောက်ထပ် မေးစရာ ရှိသေးလား..."
ကူမော့က မေးသည်။
"အတွင်းမိစ္ဆာ နဲ့ ပိုင်ယွီကျင်း တို့မှာ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ထည် ရှိသလား..."
"ရှိတာပေါ့..."
ချီမြောင်ရွှမ်က ဆိုသည်။
"ဒါပေမဲ့ သူတို့ရဲ့ တကယ့် ကိုယ်ထည်ကို ရှာတွေ့ဖို့ ဆိုတာကတော့ မဖြစ်နိုင်သလောက်ပါပဲ... ဘာလို့လဲဆိုတော့ သူတို့က အသိစိတ် ရောင်ပြန်ဟပ်မှုတွေ ဖြစ်နေလို့လေ...”
“ ဥပမာ -အတွင်း မိစ္ဆာ ဆိုရင်၊ ချီကျင့်ကြံသူ တိုင်းမှာ အတွင်းမိစ္ဆာ ကို တွေ့နိုင်တဲ့ အခွင့်အရေး ရှိပါတယ်၊ ဒါပေမဲ့ သူတို့ အမြဲတမ်း တွေ့နေရတာကအတွင်း မိစ္ဆာ ရဲ့ ကိုယ်ပွားတွေပါပဲ... ကောင်းကင်တံခါး ကို စောင့်ကြပ်နေတဲ့ တစ်ယောက်ကလည်း အတွင်းမိစ္ဆာ ရဲ့ ကိုယ်ပွား တစ်ယောက်ပါပဲ..."
ချီမြောင်ရွှမ် ခေတ္တမျှ ရပ်လိုက်ပြီးနောက် ဆိုသည်။
"တကယ်တော့ ယဲ့နန်ထျန်း ကျင့်ကြံခဲ့တဲ့ မသေမျိုး ဂူ က အဲ့ဒီအတွင်း မိစ္ဆာ နဲ့ နည်းနည်း ဆင်တူတယ်... သူက အချိန်မရွေး တကယ့် ကိုယ်ထည်နဲ့ ကိုယ်ပွားကို ပြောင်းလဲနိုင်တယ်... အဲဒီတုန်းက ယဲ့နန်ထျန်း ရဲ့ တကယ့် ကိုယ်ထည်ဟာ ကျန်းရို့ရွှီ ရဲ့ ခန္ဓာကိုယ်ထဲမှာ ကန့်သတ်ခြင်း မခံခဲ့ရဘူး ဆိုရင်တော့ သူ အသတ်ခံရဖို့ အဲ့ လောက်မလွယ်ပါဘူး..."
"ဒါကြောင့်မို့လို့ ငါတောင်မှ အတွင်းမိစ္ဆာ ဒါမှမဟုတ် ပိုင်ယွီကျင်း ကို မသတ်နိုင်တာပါ၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့ တကယ့် ကိုယ်ထည်ကို နေရာတစ်ခုမှာ ပိတ်လှောင်ထားဖို့ ဆိုတာ မဖြစ်နိုင်လို့ပါ...”
“ ခြေရာခံဖို့ကလည်း သူတို့က သူတို့ရဲ့ ကိုယ်ပွားတွေနဲ့ အဆက်အသွယ် ဖြတ်လိုက်နိုင်တာကြောင့် ခြေရာခံဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး..."
ကူမော့သည် ခြေရာမခံနိုင်ခြင်းကို နက်ရှိုင်းစွာ နားလည်လိုက်လေသည်။
ဖုန်လိုင်ကျွန်း တွင် သူသည် တာအိုနှလုံးသားမိစ္ဆာမျိုးစေ့နည်းစနစ် ကို အသုံးပြုကာ ကျွန်းပိုင်ရှင် နှစ်ဦး ကို ထိန်းချုပ်ရန် ကြိုးစားခဲ့စဉ်က၊ ပိုင်ယွီကျင်း သည် ဆက်သွယ်မှုကို တိုက်ရိုက် ဖြတ်တောက်လိုက်သည်။
ကူမော့သည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် မေးလိုက်သည်။
"တတိယ မေးခွန်းကတော့၊ ကောင်းကင်ဘုံ ဆိုတာ တကယ် ရှိသလား ဒါမှမဟုတ် အတုလား..."
"တကယ် ရှိမှာပါ..."
ချီမြောင်ရွှမ်က ဆိုသည်။
"ငါ ဒီမေးခွန်းအတွက် အဖြေ အတိအကျ မပေးနိုင်ဘူး၊ ဘာလို့လဲဆိုတော့ ငါလည်း ကြားဖူးနားဝပဲ ရှိသေးလို့ပါ... ဒါဟာ တားမြစ် နယ်ပယ် ၁၃ ခု ထဲက အပြင်ဘက်ကောင်းကင် ဖြစ်နိုင်ပါတယ်..."
"ကောင်းကင်တံခါး ရဲ့ နောက်မှာလား..."
"ငါ မသိပါဘူး၊ ဘာလို့လဲဆိုတော့ ငါ ကောင်းကင်တံခါး ကို တစ်ခါမှ မမြင်ဖူးလို့ပါ..."
ကူမော့သည် ခေါင်းညိတ်လိုက်ပြီး ဆိုသည်။
"ကောင်းပါပြီ... နောက်ဆုံး မေးခွန်းကတော့ အဘိုးကြီးယဲ့ နဲ့ ပတ်သက်တာပါ... ခင်ဗျား သူ့ကို တားမြစ်ချက်တွေ လုပ်ထားတာလား..."
ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ယဲ့ကျင့်လန်သည် ချီမြောင်ရွှမ် အား မျှော်လင့်ချက်ဖြင့် ကြည့်လိုက်လေသည်။
ချီမြောင်ရွှမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်ရင်း ဆိုသည်။
"မလုပ်ပါဘူး... ဘာလို့ သူ့ကို တားမြစ်ချက်တွေ လုပ်ရမှာလဲ..."
ကူမော့က မေးသည်။
"ခင်ဗျား သူ့ကိုယ်ထဲမှာ ချီလင်သွေးတွေ သွင်းပေးပြီး ချီလင်အရိုးတွေကို အစားထိုးပေးခဲ့တာလေ... သူ ခင်ဗျားအပေါ် သစ္စာမရှိမှာကို မကြောက်ဘူးလား..."
ချီမြောင်ရွှမ်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး အိပ်ရာပေါ်တွင် လှဲလျောင်းနေရင်း ဆိုသည်။
"မလိုအပ်ပါဘူး၊ ဘာလို့ သူ့ကို သစ္စာရှိဖို့ တောင်းဆိုရမှာလဲ... သူနဲ့ ငါ့ရဲ့ ဆက်ဆံရေးက အရောင်းအဝယ် တစ်ခုပဲလေ... ငါ သူ့ရဲ့ သစ္စာရှိမှုကို မလိုချင်ပါဘူး... သူက စမ်းသပ်ချက်တွေအတွက်ပဲ အသုံးချခံရမှာဖြစ်ပြီး သူကလည်း စွမ်းအားတွေ လိုအပ်နေတာလေ... ဒါပါပဲ..."
"သစ္စာရှိတာလား... ငါတို့က အစကတည်းက တစ်ဖွဲ့တည်း မဟုတ်တာမို့လို့ သစ္စာရှိဖို့ ဆိုတာ မေးခွန်းထုတ်စရာ မရှိပါဘူး... အဆိုးဆုံး ဆိုရင်တော့ သူက ငါ့ကို သတ်ဖို့ ကြိုးစားမှာပေါ့... "
“တကယ်လို့ သူသာ ငါ့ကို တကယ်ပဲ ခြိမ်းခြောက်နိုင်မယ် ဆိုရင် ငါ အရမ်း ဝမ်းသာမှာပဲ... ဒါ့အပြင်... ဒါတွေအားလုံးက အထောက်အထား ဖော်ထုတ်ဖို့သက်သက်ပါပဲ... ငါ အထောက်အထား ပြောင်းတာက မသေမျိုး ဖြစ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အနှောင့်အယှက်တွေကို ရှောင်ရှားဖို့ပါပဲ...”
“ ကြောက်လို့ မဟုတ်ပါဘူး... လူသား ဧကရာဇ် ဖြစ်ဖြစ် သိုင်းလောက ဖြစ်ဖြစ် ဘာမှ မလုပ်နိုင်ပါဘူး... သူတို့ သိမှာက တစ်ယောက်ယောက်က မသေမျိုး ဖြစ်လာတယ် ဆိုတာပဲလေ"
ကူမော့သည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ဆိုသည်။
"ခင်ဗျား ပြောတာ အရမ်းကို အဓိပ္ပာယ် ရှိတာပဲ..."
စကားဆုံးသည်နှင့်
သူသည် ယဲ့ကျင့်လန် ၏ နဖူးပေါ်သို့ လက်ညှိုးတစ်ချောင်း ထိုးလိုက်ပြီး ယဲ့ကျင့်လန် ၏ ခြေလက်များ၊ အရိုးများနှင့် သွေးကြောများကို အမြန်ပင် စစ်ဆေးလိုက်၏။ ထို့နောက် သူ၏ ဝိညာဉ် စွမ်းအားကို အသုံးပြု၍ ယဲ့ကျင့်လန် ၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်ပြန်သည်။
"ဒါဆို ခင်ဗျား တကယ်ပဲ ဘာမှ မလုပ်ခဲ့ဘူးပေါ့"
ချီမြောင်ရွှမ်က အိပ်ရာပေါ်တွင် လှဲလျောင်းရင်း ခပ်ဖွဖွ ရယ်မောသည်။
"မလိုပါဘူး..."
သူသည် ကူမော့ကို ကြည့်ကာ ဆိုသည်။
"ကူမော့... ဥပမာအားဖြင့် မင်း သိုင်းပညာ တစ်ခုကို ဖန်တီးလိုက်တယ် ဆိုပါစို့... လမ်းဘေးက လူတစ်ယောက်ကို စမ်းသပ်ဖို့ မကြိုးစားခင်မှာ အဲဒီလူကို အရင်ဆုံး ထိန်းချုပ်ဖို့ နည်းလမ်း ရှာဦးမှာလား..."
"အဲဒါ မှန်တာပေါ့..."
ကူမော့သည် လက်ဖက်ရည်ကို ဖြည်းညင်းစွာ ငှဲ့သောက်လိုက်ရင်း ဆိုသည်။
"ဒါဆိုရင် ခင်ဗျား ချီလင်ရဲ့ စွမ်းအားကို ဘာလို့ စမ်းသပ်နေတာလဲ... ပြီးတော့ ဘာလို့ မီးချီလင် ကို သတ်ချင်နေတာလဲဟင်..."
ချီမြောင်ရွှမ်က ခပ်ဖွဖွ ရယ်မောလိုက်သည်။
"ပိုပြီး ကြီးမားတဲ့ စွမ်းအားတွေကို လိုက်ရှာနေတာလေ... အဲဒါ အရမ်း ထင်ရှားနေတာပဲ မဟုတ်လား... ငါ ချီလင် ရဲ့ စွမ်းအားတွေကို စုပ်ယူဖို့နဲ့ ထိန်းချုပ်ဖို့ နည်းလမ်းကို စမ်းသပ်နေတာပါ... အခုဆိုရင် ယဲ့ကျင့်လန် ဆီမှာ အောင်မြင်သွားခဲ့ပြီလေ... ငါ နည်းလမ်း ရှာတွေ့သွားပြီ ဆိုတော့ အခုဆိုရင် မီးချီလင် ကို သတ်ဖို့ သွားတော့မှာပေါ့"
စကားပြောနေရင်းပင် ချီမြောင်ရွှမ် သည် ကူမော့ကို ကြည့်လိုက်ပြီး ဆိုသည်။
"ဘာလဲ... မင်း မီးချီလင် ရဲ့ စွမ်းအားကို စိတ်ဝင်စားနေတာလားဟင်... နောက်ဆိုရင် ငါ မင်းကို နည်းနည်း ဝေပေးမယ်လေ၊ ပြီးတော့ မီးချီလင် ရဲ့ စွမ်းအားကို စုပ်ယူဖို့ ငါ ကူညီပေးမယ်၊ အဲဒါ ဘယ်လိုလဲ..."
ကူမော့က လက်ကို ဝှေ့ယမ်းလိုက်ရင်း ဆိုသည်။
"မီးချီလင် ကိုတော့ ကျွန်တော်ပဲ သတ်ပါ့မယ်၊ ပစ္စည်းတွေတော့ မလိုပါဘူး..."
ချီမြောင်ရွှမ်က ဇဝေဇဝါဖြင့် မေးသည်။
"မင်းရဲ့ အဓိပ္ပါယ် က ဘာလဲ..."
"မီးချီလင် ကလည်း ဝရမ်းပြေး တစ်ယောက်လေ"
ချီမြောင်ရွှမ် အနည်းငယ် အံ့ဩသွားပြီးနောက် အချိန်ကြာမြင့်စွာမှ ဖြည်းညင်းစွာ ဆိုသည်။
"မင်းမှာ... ဝရမ်းပြေးတွေနဲ့ ပတ်သက်ရင် တကယ့်ကို ထူးခြားတဲ့ စွဲလမ်းမှု ရှိတာပဲ"
"ခင်ဗျားက ဝရမ်းပြေးလား..."
ကူမော့က မေးသည်။
ချီမြောင်ရွှမ်က ခေါင်းယမ်းလိုက်သည်။
ကူမော့က နှုတ်ခမ်းကို တွန့်လိုက်ပြီး ဆိုသည်။
"ဒါဆိုရင်တော့ တကယ်ကို နှမြောဖို့ ကောင်းတာပဲ..."
ချီမြောင်ရွှမ်: "..."
“မင်းကို စိတ်ပျက်အောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်”
...