← Chapters

အခန်း ၄၁၂

Vol. 33 Ch. 412

အခန်း ၄၁၂

Vol. 33 Ch. 412

အပိုင်း (၄၁၂) - မီးချီလင် ပေါ်ထွက်လာခြင်း ၁

စစ်တပ်ကြီး မြို့အတွင်းသို့ တဖြည်းဖြည်း ဝင်ရောက်လာသည်နှင့် ယဲ့ကျင့်လန် မှာ ရတနာ ရှာဖွေရန် အမိန့်ပေး ပြင်လိုက်စဉ်မှာပင် ချီမြောင်ရွှမ် က သူ့ကို တားမြစ်လိုက်သည်။

ချီမြောင်ရွှမ်က ခပ်ဖွဖွ ရယ်မောလိုက်ရင်း

"မ‌ လောနဲ့ဦး ကောင်လေး... ကောင်းကင်ကို ကြည့်လိုက်စမ်း..."

ယဲ့ကျင့်လန် သည် မော့ကြည့်လိုက်ရာ ထိုအခိုက်အတန့်မှာပင် သူ၏ မျက်လုံးများမှာ ကျုံ့ဝင်သွားတော့သည်။

ရှေးဟောင်းမြို့တော် ကောင်းကင်ယံထက်တွင် မမြင်ရသော ဧရာမလက်ကြီးတစ်ဖက်က ဖိချလိုက်သကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသော သဲမုန်တိုင်းကြီးတစ်ခုမှာ အရှိန်ပြင်းစွာ ကျရောက်လာနေပါသည်။

ထိုသဲမုန်တိုင်းအတွင်းရှိ ရွှေရောင်သဲတိုင်ကြီးများသည် ပေါက်ကွဲထွက်သွားပြီး လေထုထဲတွင် ဆန်းကြယ်သော မန္တန်များနှင့် လောင်ကျွမ်းနေသော ဝင်္ကပါများကို ပုံဖော်ကာ ကောင်းကင်တစ်ခုလုံးကို အက်ကြောင်းထင်အောင် လောင်ကျွမ်းစေခဲ့သည်။

ထိုအချိန်တွင် "ဂျွတ်" ဟူသော အသံနှင့်အတူ ရှေးဟောင်းမြို့ရိုးကြီးများသည် ဧရာမဂီယာကြီးများအလား လက်ယာရစ်ပြောင်းပြန် စတင်လည်ပတ်လာပြီး အုတ်ခဲများကြားမှ စိမ့်ထွက်လာသော အလင်းတန်းများကြောင့် သဲကန္တာရထဲ၌ ချိတ်ဆွဲထားသော ဧရာမသံလိုက်အိမ်မြှောင်ကြီးတစ်ခုအသွင် ပြောင်းလဲသွားခဲ့သည်။

တစ်ပြိုင်နက်တည်းမှာပင် မြို့တော်ပတ်လည်ရှိ ရွှေရောင်သဲပြင်ကြီးသည်လည်း သွေးရောင်အဖြစ် ပြောင်းလဲဆူပွက်လာကာ သံရည်ပူလှိုင်းလုံးကြီးများအလား မြို့တော်ဆီသို့ တိုးဝင်လာပြီး မီးတောက်နေသော သဲတံတိုင်း တစ်ဆယ့်နှစ်ခုကို ဖန်တီးလိုက်လေသည်။

ဤကဲ့သို့ ကမ္ဘာပျက်မတတ် ပြင်းထန်လှသော အပူရှိန်နှင့် ဖိအားများကြောင့် ယဲ့ကျင့်လန်သည် တစ်ကိုယ်လုံး တင်းကျပ်သွားပြီး လှုပ်ရှားမရနိုင်လောက်အောင် အန္တရာယ်နှင့် ရင်ဆိုင်လိုက်ရတော့သည်။

ချီမြောင်ရွှမ်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး ယဲ့ကျင့်လန် ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။

"ကောင်လေး... ဒါကပဲ ငါ မင်းရဲ့ အကူအညီ လိုအပ်တဲ့ နေရာပေါ့... ဒီဟင်းလင်းပြင်ဝင်္ကပါ သာ ကျရောက်လာပြီ ဆိုရင်တော့ ဒီနေရာဟာ မီးချီလင် ရဲ့ နယ်ပယ် အဖြစ် ပြောင်းလဲသွားတော့မှာ သေချာတယ်..."

ယဲ့ကျင့်လန် ၏ သူငယ်အိမ်များမှာ ကျုံ့ဝင်သွားသည်။ သူ ချီမြောင်ရွှမ် ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားတော့သည်။ သူသည် ဓားရှည်ကို ဝှေ့ယမ်းကာ သဲထဲသို့ ထိုးစိုက်လိုက်ပြီး အော်ဟစ်လိုက်သည်။

"တပ် တစ်ခုလုံး... ငါ့အမိန့်ကို နားထောင်ကြ... စစ်ဝင်္ကပါ ကို အသက်သွင်းလိုက်ကြစမ်း..."

"ဘုန်း.."

အမိန့်ပေးသံနှင့်အတူ မျက်စိတစ်မှိတ်အတွင်းမှာပင် စစ်သည်များထံမှ ပေါက်ကွဲထွက်လာသော တိုက်ခိုက်ရေး ချီစွမ်းအား များမှာ ရွှေရောင် ဒီရေလုံးကြီးအလား တိုးထွက်လာပြီး ဝင်္ကပါ၏ အူတိုင်ဖြစ်သော ဗိုလ်ချုပ်၏ စစ်အလံဆီသို့ စုစည်းသွားတော့သည်။

လိပ်နက် တစ်ကောင်ကို ပန်းထိုးထားသော စစ်အလံမှာ ရုတ်တရက် မျက်စိကျိန်းမတတ် ရွှေရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ ထို‌့နောက် အလင်းတန်း မှာ တံတိုင်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဖိနှိပ်လာသော မီးတောက်များနှင့် ပြင်းထန်စွာ ဆောင့်မိသွားတော့သည်။

တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ မီးတောက်ခြေတံများနှင့် အလင်းတံတိုင်းကြီးတို့ ထိတွေ့ကာ စူးရှသောမြည်ဟည်းသံများနှင့်အတူ မီးခိုးတန်းများအဖြစ် ပြောင်းလဲပျောက်ကွယ်သွားကြသည်။

ထိုအခိုက်အတန့်တွင် ယဲ့ကျင့်လန်သည် စစ်အလံကို လျှင်မြန်စွာ ဝှေ့ယမ်းလိုက်ပြီး မြင်းသည်တော် တစ်ထောင်ကို တစ်ပြိုင်နက်တည်း ရှေ့သို့ ချီတက်စေခဲ့သည်။ သူတို့၏ သိပ်သည်းသော တိုက်ခိုက်ရေးချီစွမ်းအား အရှိန်အဝါကြောင့် ရှေ့မှပိတ်ဆို့နေသော မီးတံတိုင်းကြီးမှာ လုံးဝပျောက်ကွယ်သွားခဲ့ရသည်။

သို့သော်လည်း ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံမှ အမည်းရောင်မိုးရေများ ရုတ်တရက် ရွာကျလာပြီး မြေပြင်ပေါ်ရှိ ကျောက်ပြားများကို တိုက်စားသွားသည်။

ယဲ့ကျင့်လန် ကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ မီးတောက်နေသော အက်ကြောင်းများကြားမှ စီးဆင်းလာသည့် အမည်းရောင်မြူခိုးစီးကြောင်းကြီးကို မြင်တွေ့လိုက်ရသည်။ ထိုစွမ်းအင်အမျှင်တန်းများသည် ဝဲဂယက်များ၊ ပြေးလွှားနေသော သားရဲအရိပ်များနှင့် အောက်သို့ ထိုးဆင်းလာသော မရေမတွက်နိုင်သည့် ထူးဆန်းသော လူသားမျက်နှာများအဖြစ် ကစဉ့်ကလျား ပြောင်းလဲနေကြသည်။ ချီလင်သွေး အစွမ်းကြောင့် ထူးကဲသော အာရုံခံနိုင်စွမ်းရှိသည့် ယဲ့ကျင့်လန်သည် ထိုအမည်းရောင်မြူခိုးများကို ပြင်းထန်သော အဆိပ်ငွေ့များအဖြစ် ချက်ချင်းသိရှိသွားပြီး သတိပေးရန် အော်ဟစ်လိုက်တော့သည်။

"ချီမြောင်ရွှမ် ... ဟို ကပ်ဆိုးနတ်ဘုရား က စပြီး လှုပ်ရှားလာပြီဟေ့..."

ချီမြောင်ရွှမ် သည် သဲ့သဲ့မျှ ပြုံးလိုက်ပြီး ယဲ့ကျင့်လန် ၏ ဘေးတွင် ဝဲပျံလာကာ ပြောလိုက်သည်။

"ကောင်လေး... မင်းရဲ့ တိုက်ခိုက်ရေး ချီစွမ်းအားတွေကို သုံးပြီးတော့ ဟင်းလင်းပြင်ဝင်္ကပါ ကို ငါ့အတွက် တားထားပေးရုံပဲ... ဒီကပ်ဆိုးနတ်ဘုရား ကိုတော့ ငါ့လက်ထဲပဲ ထားလိုက်ပါ၊ အလွန်ဆုံး နာရီဝက် အတွင်းမှာတင် ငါ အပြတ်လိုက်မယ်..."

“နာရီဝက် ဟုတ်လား...”

ယဲ့ကျင့်လန် က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

"မီးချီလင် သာ ထွက်လာရင် ဘယ်လိုလုပ်မလဲ..."

ချီမြောင်ရွှမ်က ခပ်ဖွဖွ ရယ်မောလိုက်ရင်း ဆိုသည်။

"အရင်ကဆိုရင်တော့ လူတွေ အများကြီး သေရမှာပေါ့၊ ဒါပေမဲ့ အခုတော့..."

သူသည် ကူမော့ကို လက်ညှိုးထိုးပြကာ

"အရိုင်းစိုင်ကောင် ကူမော့ ရှိနေတာပဲ၊ ဘာကို ကြောက်နေရဦးမှာလဲ..."

စကားဆုံးသည်နှင့် ချီမြောင်ရွှမ် သည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး သူ၏ လက်တစ်ဖက်ကို ခေါင်းပေါ်သို့ မြှောက်လိုက်လေသည်။ ထိုအခိုက်အတန့်တွင် ထိတ်လန့်ဖွယ်ကောင်းသော စုပ်ယူအား တစ်ခု သူ၏ လက်မှ ပေါ်ထွက်လာပြီး ချက်ချင်းပင် ဧရာမ ဝဲဂယက်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားကာ လွှမ်းမိုးလာသော အဆိပ်ငွေ့များ တိုက်ရိုက် စုပ်ယူပစ်လိုက်တော့သည်။

ထို့နောက် သူသည် ကောင်းကင်ယံရှိ အဆိပ်ငွေ့များနှင့် ဖုန်မှုန့်များကြားသို့ ပျောက်ကွယ်သွားတော့သည်။

ချက်ချင်းပင် စွမ်းအင်လှိုင်းများ ကောင်းကင်ယံတွင် ပေါက်ကွဲထွက်လာပြီး ချီမြောင်ရွှမ် နှင့် ကပ်ဆိုးနတ်ဘုရား တို့ တိုက်ပွဲ စတင်နေပြီ ဖြစ်ကြောင်း ပြသနေလေသည်။

ဟင်းလင်းပြင်ဝင်္ကပါ မှာ ဆက်လက် လည်ပတ်နေပြီး ခို့ရွှီး ရှေးဟောင်းမြို့တော် တစ်ခုလုံးကို အသက်ဝင်နေစေ၏။ ဆက်တိုက် မြင့်တက်လာသော အပူရှိန်ကြောင့် သံချပ်ကာအပြည့် ဝတ်ဆင်ထားသော မြင်းသည်တော်များကိုပင် ပင်ပန်းနွမ်းနယ်လာစေသည်။

ယဲ့ကျင့်လန် ၏ အမူအရာမှာ လေးနက်နေပြီး

. "နာရီဝက် ဟုတ်လား..."

"ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ..."

ကူမော့က ခပ်ဖွဖွ ရယ်မောလိုက်ပြီး ရှေ့သို့ ချက်ချင်း ခြေတစ်လှမ်း တိုးလိုက်သည်။ သူ၏ မူလအစပြန်ခြင်း ချီစွမ်းအား ကို လည်ပတ်ကာ ရေခဲစစ်မှန်သော ချီစွမ်းအား များဖြင့် ပေါင်းစပ်ပြီး လက်ဝါးဖြင့် ရိုက်ထုတ်လိုက်လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လေဟာနယ်မှာ အေးခဲသွားပြီး အေးစက်သော လေလှိုင်းများ တိုးထွက်လာကာ အပူရှိန်ကို လျင်မြန်စွာ လျှော့ချပေးလိုက်တော့သည်။

ယဲ့ကျင့်လန် သည် ကူမော့အား လက်မထောင်ပြလိုက်ပြီးနောက် ခို့ရွှီး နိုင်ငံတော်မှ ချန်ရစ်ခဲ့သော ရတနာများကို မြို့အတွင်း ရှာဖွေရန် အဖွဲ့တစ်ဖွဲ့ကို ညွှန်ကြားလိုက်လေသည်။

ကူမော့သည် မြင့်မားသော အဆောက်အအုံ တစ်ခုပေါ်သို့ ပျံသန်းသွားပြီး ကောင်းကင်ယံရှိ လှိုင်းထန်နေသော သဲမုန်တိုင်းကို မော့ကြည့်နေလိုက်သည်။ အတွင်း၌ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကို သူ မမြင်နိုင်သော်လည်း အစွမ်းထက်သော စွမ်းအား နှစ်ခု ရင်ဆိုင်တိုက်ခိုက်နေသည်ကိုတော့ ခံစားမိနေလေသည်။

တစ်ခုမှာ သန့်စင်သော မူလဝိညာဉ် စွမ်းအား ဖြစ်ပြီး ၎င်းမှာ နာမည်ဆိုးဖြင့် ကျော်ကြားလှသော လူလည်း မဟုတ် တစ္ဆေလည်း မဟုတ်သည့် ကပ်ဆိုးနတ်ဘုရား ပင် ဖြစ်ပေ၏။

မီးချီလင် ပေါ်မလာသေးသည်ကို မြင်လိုက်ရသဖြင့်၊ ကူမော့သည် ချီမြောင်ရွှမ် က သူ၏ ပစ်မှတ်ကို လုယူသွားမည် စိုးသဖြင့် သူကိုယ်တိုင် ကပ်ဆိုးနတ်ဘုရား ကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်လေသည်။

ထိုအခိုက်အတန့်မှာပင် ကူမော့သည် ရုတ်တရက် တစ်ခုခုကို ခံစားလိုက်ရသည်။ သူ၏ ကိုယ်ပိုင် ဓားအနှစ်သာရဖြစ်သော၊ တုကူး ဓားကိုးကွက် မှ သူ နားလည်သဘောပေါက်ထားသည့်ဓားအနှစ်သာရ တစ်မျှင်ကို အာရုံခံလိုက်မိခြင်း ဖြစ်လေသည်။

"ယုရှီကျို လား..."

ကူမော့၏ သူငယ်အိမ်များမှာ အနည်းငယ် ကျုံ့ဝင်သွားတော့သည်။ သူ၏ ဓားအနှစ်သာရမှာ လွန်ခဲ့သည့် သုံးနှစ်က မြောက်ဘက်ကန္တာရ သို့ ပထမဆုံးအကြိမ် ရောက်ရှိလာစဉ်က ယုရှီကျို ကိုပေးခဲ့ခြင်းဖြစ်သည်။

ကူမော့သည် သူ့ကို အလွန်ပင် လေးစားသည်။ ယုရှီကျို သည် ကူမော့ မြင်ဖူးသမျှထဲတွင် အရည်အချင်းအရှိဆုံး ဓားသမား တစ်ဦး ဖြစ်ရုံသာမက သူ၏ ပြတ်သားသော စိတ်နှင့် သူရဲကောင်းဆန်သော စရိုက်လက္ခဏာ များကလည်း ကူမော့ကို အထင်ကြီးစေခဲ့သည်။

ထို့ကြောင့် သူသည် ယုရှီကျို အား ဓားတစ်လက်နှင့် ဓားအနှစ်သာရ တစ်မျှင်ကို လက်ဆောင်ပေးခဲ့ခြင်း ဖြစ်လေသည်။

ယုရှီကျို သည်လည်း သူ့ကို ဆေးလုံး နှစ်လုံး ပေးခဲ့ပြီး ၎င်းတို့ထဲမှ တစ်လုံးကို ကူချူတုန်း က လုံဟူတောင် ရှိ ဆရာကြီးကို တိုက်ကျွေးခဲ့ကာ၊ ကျန်တစ်လုံးမှာမူ ကူချူတုန်း ၏ စာအုပ်သေတ္တာကြီးထဲတွင် သိမ်းဆည်းထားဆဲ ပင် ဖြစ်လေသည်။

ချက်ချင်းပင် ကူမော့သည် ဓားအနှစ်သာရ ထွက်ပေါ်လာရာ ဆီသို့ မူလဝိညာဉ် စွမ်းအား တစ်မျှင် ပို့လွတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူသည် ခို့ရွှီး ရှေးဟောင်းမြို့တော် အတွင်း၌ ပုန်းကွယ်နေသော ပုံရိပ်ယောင် ကမ္ဘာတစ်ခုကို မြင်တွေ့လိုက်ရလေသည်။

ကူမော့သည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး သူ၏ ဝိညာဉ် စွမ်းအားဖြင့် အစစ်မှန်နှင့် ပုံရိပ်ယောင်ကြားရှိ အခွင့်အရေး တစ်ခုကို ချက်ချင်း ဆုပ်ကိုင်ကာ အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ချက်ချင်းပင် သူ့ရှေ့၌ ရွာလေးတစ်ရွာ၌ ပေါ်လာခဲ့လေသည်။ ထူးဆန်းသည်မှာ ထိုရွာလေးသည် ခို့ရွှီး ရှေးဟောင်းမြို့တော် အတွင်း၌ ရှိနေသော်လည်း အတွင်းသို့ ဝင်ရောက်ပြီးနောက်တွင် သူသည် မြို့၏ အပြင်ဘက် ဟန်ရှကျူးတောင်ကြား ၌ ရောက်ရှိနေသည်ကို တွေ့လိုက်ရကာ ခို့ရွှီး ရှေးဟောင်းမြို့တော် ကို မြင်တွေ့နေရဆဲ ဖြစ်လေသည်။

"သူရဲကောင်း ကူမော့..."

All Chapters