အခန်း ၄၁၃
Vol. 33 Ch. 413
အပိုင်း (၄၁၃) - မီးချီလင် ပေါ်ထွက်လာခြင်း ၂
ထိုအချိန်မှာပင် အသံတစ်ခု ထွက်ပေါ်လာလေသည်။
ကူမော့သည် မော့ကြည့်လိုက်ရာ ယုရှီကျို ကို မြင်လိုက်ရလေသည်။
သုံးနှစ် ကြာသွားခဲ့ပြီ ဖြစ်ကာ ယုရှီကျို မှာ အရပ်အမောင်းမှလွဲ၍ အခြား ဘာမှ ပြောင်းလဲသွားပုံ မပေါ်ဘဲ အသားမည်းမည်းနှင့် ဆယ်ကျော်သက် မျက်နှာလေးကို ပိုင်ဆိုင်ထားဆဲ ဖြစ်လေသည်။
ယုရှီကျို သည် ဓားတစ်လက်ကို လွယ်ထားပြီး ၎င်းမှာ ကူမော့ သူ့ကို ပေးခဲ့သော ဓား ပင် ဖြစ်လေသည်။
"ရှီကျို... မတွေ့ရတာ ကြာပြီ... ဒီမှာ ဘာလုပ်နေတာလဲ... မင်းက မီးဝိညာဉ်မျိုးနွယ်စု ကလား..."
ကူမော့က မေးလိုက်သည်။
ယုရှီကျို သည် ရှေ့သို့ တိုးလာကာ ဦးညွှတ်လိုက်ပြီး
"သူရဲကောင်း ကူမော့... ကျွန်တော်က မီးဝိညာဉ်မျိုးနွယ်စု ရဲ့ လက်ရှိ အစောင့်အရှောက် ပါ... ခင်ဗျား... ခင်ဗျားက မီးနတ်ဘုရား ကို သတ်ဖို့ ရောက်လာတာလား..."
"မီးနတ်ဘုရား ဟုတ်လား... မီးချီလင် လား..."
ကူမော့က မေးလိုက်သည်။
ယုရှီကျို က ခေါင်းညိတ်လိုက်ပြီး
"မီးနတ်ဘုရား ဆိုတာ မီးချီလင် ပါပဲ..."
"ငါ တကယ်ပဲ သူ့ကို သတ်ဖို့ ရောက်လာတာပါ..."
ကူမော့သည် ဘာကိုမျှ ဖုံးကွယ်ခြင်း မရှိဘဲ တိုက်ရိုက် ပြန်ဖြေလိုက်ပြီး
"မင်းတို့ မျိုးနွယ်စု က ငါ့ကို တားချင်နေတာလား..."
ယုရှီကျို က
"သူရဲကောင်း ကူမော့... ခင်ဗျားက လောကမှာ နံပါတ်တစ် ပါ၊ ပြီးတော့ ဒဏ္ဍာရီလာ မသေမျိုး နဲ့လည်း ပူးပေါင်းထားသလို၊ စစ်တပ်ကြီးရဲ့ အကူအညီလည်း ရထားတယ်လေ... ကျွန်တော် ကလွဲရင်၊ မျိုးနွယ်စု က ဘယ်သူမှ မကျင့်ကြံ ကြလို့ ခင်ဗျားကို တားဆီးဖို့ အရည်အချင်း မပြည့်မီကြပါဘူး..."
" ဒီတစ်ခါတော့ ခင်ဗျား အောင်မြင်မှာ မဟုတ်ဘူးလို့ ပြောဖို့ ဖိတ်ခေါ်လိုက်တာပါ...... ခင်ဗျား အမြန် ထွက်သွားသင့်ပါတယ်..."
"ဘာကို ဆိုလိုတာလဲ..."
ကူမော့က ဇဝေဇဝါဖြင့် မေးလိုက်သည်။
ယုရှီကျို က လေးနက်သော အသံဖြင့်
"ကပ်ဆိုးနတ်ဘုရား ဟာ ခို့ရွှီး ရှေးဟောင်းမြို့တော် ထဲမှာ အရှုံးမရှိတဲ့သူပါ... မီးနတ်ဘုရား ကိုပါ ပေါင်းထည့်လိုက်မယ် ဆိုရင်တော့ ခင်ဗျားမှာ အနိုင်ရဖို့ အခွင့်အရေး လုံးဝ မရှိတော့ပါဘူး... သူရဲကောင်း ကူမော့... ခင်ဗျားကို ဒီမှာ မသေစေချင်လို့ အကြံပေးနေတာပါ..."
ကူမော့က
"ငါ ကပ်ဆိုးနတ်ဘုရား ကို မနိုင်ဘူးဆိုတာ မင်း အဲဒီလောက်တောင် သေချာနေတာလား..."
ယုရှီကျို က
"သူရဲကောင်း ကူမော့... ခင်ဗျားရဲ့ သိုင်းပညာက ပြိုင်ဘက်ကင်းတာ မှန်ပေမဲ့ ခု အခြေအနေကတော့ မတူပါဘူး... ဒါက ခို့ရွှီး ရှေးဟောင်းမြို့တော် လေ... ကပ်ဆိုးနတ်ဘုရား က သူ့ကို ဘယ်သူမှ မယှဉ်နိုင်ဘူးလို့ ကျွန်တော့်ကို ကိုယ်တိုင် ပြောခဲ့တာပါ..."
ကူမော့က သံသယဖြင့်
"ကပ်ဆိုးနတ်ဘုရား က ခို့ရွှီး ရှေးဟောင်းမြို့တော် ထဲမှာ အမြဲတမ်း ရှိနေခဲ့တာလား..."
ယုရှီကျို ခေါင်းယမ်းလျက်
"မဟုတ်ပါဘူး၊ သူနဲ့ အဲဒီ မသေမျိုး က တစ်ယောက်ရဲ့ တည်ရှိမှုကို တစ်ယောက်က အာရုံခံနိုင်ကြတယ်... သူက ဝင်မလာခဲ့ပါဘူး၊ ကျွန်တော် သူ့ကို အပြင်မှာ တွေ့ခဲ့တာပါ..."
ကူမော့၏ သူငယ်အိမ်များမှာ အနည်းငယ် ကျုံ့ဝင်သွားပြီး
"သူတို့ တစ်ယောက်ရဲ့ တည်ရှိမှုကို တစ်ယောက် အာရုံခံနိုင်တယ်ဆိုတာ မင်း ဘယ်လို သိတာလဲ... ကပ်ဆိုးနတ်ဘုရား က မင်းကိုပြောပြခဲ့တာလား..."
ယုရှီကျို က ခေါင်းညိတ်လိုက်သည်။
ကူမော့က ဆိုသည်။
"ကောင်းပြီ... ငါ နားလည်ပါပြီ... သတိပေးတဲ့အတွက် ကျေးဇူးပါပဲ..."
"သူရဲကောင်း ကူမော့... ခင်ဗျား အခုပဲ ထွက်သွားသင့်ပါတယ်..."
ယုရှီကျို က ဆိုသည်။
ကူမော့သည် ခပ်ဖွဖွ ရယ်မောလိုက်ပြီး ယုရှီကျို ၏ ပုခုံးကို ပုတ်ကာ ဘာမှ ထပ်မပြောတော့ဘဲ လှည့်ကာ ခို့ရွှီး ရှေးဟောင်းမြို့တော် ဆီသို့ ပျံသန်းသွားတော့သည်။
ဤဟင်းလင်းပြင်ဝင်္ကပါ မှာ တကယ်ကို ထူးဆန်းလှပေသည်။ ခို့ရွှီး ရှေးဟောင်းမြို့တော် မှနေ၍ တောင်တန်း ရွာလေးအတွင်းသို့ ဝင်ရောက်ခြင်းမှာ အခြားကမ္ဘာ တစ်ခုသို့ ကူးဖြတ်သွားသကဲ့သို့ ဖြစ်သော်လည်း ရွာမှနေ၍ ရှေးဟောင်းမြို့တော် သို့ ပြန်လာခြင်းမှာမူ အလွန် လွယ်ကူလှသည်။
သူသည် ရှေးဟောင်းမြို့တော် နှင့် အလှမ်းဝေးသောနေရာတွင် ရှိနေဆဲ ဖြစ်သော်လည်း ခြေတစ်လှမ်းတည်းဖြင့် မြို့အတွင်း၌ ပေါ်လာခဲ့ပြီး တောင်တန်း ရွာလေးမှာမူ အရိပ်အယောင်မျှပင် မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။
ရွာအဝင်ဝတွင် ယုရှီကျို သည် ကူမော့ ပျောက်ကွယ်သွားသည်ကို ကြည့်ကာ သက်ပြင်း ချလျက်
"သူရဲကောင်း ကူမော့... ကျွန်တော် တောင်းပန်ပါတယ်... ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့လို့ပါ... ဓားကို သင်ပေးခဲ့တဲ့ ခင်ဗျားရဲ့ ကျေးဇူးကို စော်ကားမိတဲ့အတွက် တောင်းပန်ပါတယ်..."
ထိုသို့ ရေရွတ်နေစဉ်မှာပင် ယုရှီကျို ၏ ခန္ဓာကိုယ်မှ မီးတောက်များ ထွက်ပေါ်လာပြီး သူ၏ အသားအရေမှာ သွေးရောင်အဖြစ် ပြောင်းလဲသွားကာ၊ ကွဲအက်သွားပြီးနောက်တွင်မူ အကြေးခွံများအဖြစ် ပြောင်းလဲသွားတော့သည်။
"ဂရွမ်း..."
ယုရှီကျို သည် ရုတ်တရက် ဟိန်းဟောက်လိုက်ရာ သူ၏ အဝတ်အစားများမှာ ချက်ချင်းပင် လောင်ကျွမ်းသွားပြီး ခန္ဓာကိုယ်မှာ လိမ်ကောက်ကာ ပြောင်းလဲသွားတော့သည်။
နောက်တစ်ခဏမှာပင် မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာပြီး တစ်ဖန် ဟိန်းဟောက်လိုက်ပြန်ကာ သူ၏ လက်မောင်းများမှာ ရှေ့သို့ ထိုးထွက်သွားပြီး သားရဲခြေထောက် နှစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။
သူသည် ကျွဲကြီး တစ်ကောင်ခန့် အရွယ်အစားရှိကာ ပြင်းထန်သော မီးတောက်များ လောင်ကျွမ်းနေသည့် ချီလင် တစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။
တစ်ချိန်တည်းမှာပင် ချီလင် နှစ်ရာ ၊ သုံးရာခန့်သည် တောင်တန်း ရွာလေးထဲမှ ပြေးထွက်လာကြပြီး ထိတ်လန့်ဖွယ်ရာ ဟိန်းဟောက်သံများကို ထုတ်လွှတ်လျက် မီးပင်လယ်ကြီးအလား အပြင်ဘက်သို့ ပြေးထွက်လာကြတော့သည်။
နောက်တစ်ခဏမှာပင် ချီလင်များသည် ခို့ရွှီး ရှေးဟောင်းမြို့တော် အတွင်း၌ ပေါ်ထွက်လာကြလေသည်။
စစ်သည်များ မတုံ့ပြန်နိုင်မီမှာပင် ချီလင် များသည် စစ်တပ် ဝင်္ကပါဆီသို့ ပြေးဝင်လာကြသည်။တခဏမျှ စစ်ဝင်္ကပါ မှာ စတင် လျော့ရဲလာပြီး တိုက်ခိုက်လိုစိတ်များလည်း ယိမ်းယိုင်သွားတော့သည်။
သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ယဲ့ကျင့်လန် မှာ လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။ သူသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး သူ၏ ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ ပေပေါင်းများစွာ ရှည်လျားသော ဓားစွမ်းအင်များမှာ ဦးဆောင်လာသော ချီလင် ကို တိုက်ရိုက် နှစ်ခြမ်းခွဲပစ်လိုက်သဖြင့် သွေးများ ပန်းထွက်သွားတော့သည်။
"ဘာကို ကြောက်နေရမှာလဲ... သူတို့တွေက သားရိုင်းတိရစ္ဆာန် တွေ သက်သက်ပဲ..."
ယဲ့ကျင့်လန် က အော်ဟစ်လိုက်ရာ သူ၏ တပ်ဖွဲ့များ၏ စိတ်ဓာတ်ကို ချက်ချင်း တည်ငြိမ်သွားစေသည်။ ထို့နောက် သူသည် ဓားရှည်ကို ဝှေ့ယမ်းကာ အော်ဟစ်လိုက်
"မြင်းသည်တော် တွေ... ရှေ့သို့ချီ..."
ချက်ချင်းပင် သံချပ်ကာအပြည့် ဝတ်ဆင်ထားသော မြင်းသည်တော် တစ်ထောင်သည် ရှေ့သို့ ချီတက်သွားကြပြီး သူတို့၏ တိုက်ခိုက်ရေး ချီစွမ်းအား များမှာ လွှမ်းမိုးနေတော့သည်။
သို့သော်လည်း ချီလင် များမှာ ကြောက်ရွံ့ခြင်း မရှိဘဲ ကြမ်းတမ်းကြကာ၊ စစ်တပ်ဆီသို့ ပြေးဝင်လာစဉ် သူတို့၏ တိုက်ခိုက်ရေး ချီစွမ်းအား များကို လောင်ကျွမ်းစေမည့် မီးတောက်များကို လွှတ်ထုတ်လိုက်ကြသည်။
ယဲ့ကျင့်လန် က စိတ်ဓာတ်ကို တည်ငြိမ်အောင် လုပ်ပေးနိုင်ခဲ့သော်လည်း လူအနည်းငယ်သာ ချီလင် များကို သတ်နိုင်ကြပြီး စစ်တပ်ကြီးမှာ အကြီးအကျယ် သက်ရောက်မှု ရှိနေဆဲ ဖြစ်လေသည်။
တိုက်ခိုက်ရေး အရှိန်အဝါများမှာ စတင် အားနည်းလာပြီး အထူးသဖြင့် ကူမော့ ၏ အေးခဲ ချီစွမ်းအား မှာ လောင်ကျွမ်းသွားသဖြင့် ပြင်းထန်သော အပူရှိန် ပြန်လည်ရောက်ရှိလာကာ စစ်တပ်ကို အားနည်းသွားစေတော့သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင်မူ ကူမော့သည် ထပ်မံ၍ တိုက်ခိုက်ခြင်း မပြုတော့ချေ၊ အကြောင်းမှာ သူသည် မီးချီလင် များ၏ တကယ့် အရှိန်အဝါကို အာရုံခံမိလိုက်သောကြောင့် ပင် ဖြစ်လေသည်။
ဤအချိန်တွင်မူ ဟင်းလင်းပြင်ဝင်္ကပါ မှာ နောက်ဆုံးတွင် ပြီးပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်နှင့် မြေကြီးမှာ အရောင်ပြောင်းသွားပြီး ကမ္ဘာကြီး တစ်ခုလုံး မီးတောက်များဖြင့် လွှမ်းခြုံသွားတော့သည်။ ကောင်းကင်ယံမှာ ကျယ်ပြောလှသော မီးပင်လယ်ကြီး ဖြစ်လာပြီး မြေကြီးမှာလည်း နီရဲသွားကာ လေထုမှာလည်း သည်းခံနိုင်စရာ မရှိအောင် ပူလောင်နေတော့သည်။
လေဟာနယ်အထက်တွင် ပူလောင်လှသော သွေးရောင်ချော်ရည်ပူလှိုင်းများနှင့်အတူ မီးဝဲဂယက်ကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။ ထိုမီးဝဲဂယက်၏ ဗဟိုချက် အက်ကြောင်းကြီးအတွင်းမှ ဟိန်းဟောက်သံနှင့်အတူ ပြင်းထန်သော စွမ်းအင်လှိုင်းများ ဖြာထွက်လာပြီး လေထုတစ်ခုလုံး ဖန်ခွက်အလား အက်ကွဲပျက်စီးသွားခဲ့သည်။
ထို့နောက် စိန်ထောင့်စတုရန်းပုံ ချော်ရည်သံချပ်ကာ အကြေးခွံများ၊ ဧရာမခြေသည်းကြီးများနှင့် ဦးချိုနှစ်ချောင်း ပေါင်းစပ်နေသည့် မီးတောက်လည်ဆံမွေးနှင့် လျှပ်စီးများ ဝန်းရံထားသော ဧရာမ ဒဏ္ဍာရီလာ "မီးချီလင်" သားရဲကြီး ထွက်ပေါ်လာခဲ့သည်။
ထိုအစစ်အမှန် မီးချီလင်၏ ဖျက်ဆီးခြင်းအရှိန်အဝါနှင့် ကြောက်မက်ဖွယ်ကောင်းမှုတို့ကို အမြင့်ဆုံးအဆောက်အအုံပေါ်မှ ကြည့်နေသည့် ကူမော့က ကိုယ်တိုင်မြင်တွေ့ကာ နားလည်သွားခဲ့သည်။
ယခင်က လုချန်းယန်နှင့် ယဲ့ကျင့်လန်တို့ ပြောင်းလဲခဲ့ဖူးသော ချီလင်ပုံစံများမှာ ယခုအစစ်အမှန် သားရဲကြီးနှင့် နှိုင်းယှဉ်ပါက ရွှံ့ခွေးနှစ်ကောင်အလား ကွာခြားလှသဖြင့် ယဲ့ကျင့်လန်ကိုယ်တိုင်လည်း မိမိ၏စွမ်းဆောင်နိုင်မှုမှာ ကျားနှင့်ကြောင်ကဲ့သို့ ကွာခြားကြောင်း သိမြင်ကာ ဝိညာဉ်အနက်ရှိုင်းဆုံးအထိ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရသည်။
ထိုအချိန်တွင် ကူမော့သည် ပြင်းထန်လှသော အအေးဒဏ်ပါဝင်သည့် ဓားချက်တစ်ချက်ကို ထုတ်လွှတ်လိုက်ရာ မီးကမ္ဘာကြီးကို ဆုတ်ဖြဲလျက် မြို့ရိုးတွင် ဧရာမကွက်လပ်ကြီးတစ်ခု ဖြစ်သွားစေခဲ့သည်။
"သွားကြစို့... အဘိုးကြီးယဲ့..."
ကူမော့သည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ယဲ့ကျင့်လန် ၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွားကာ ထိန်းချုပ်မရနိုင်အောင် ပေါက်ကွဲထွက်တော့မည့် ချီလင် သွေးများကို ဖိနှိပ်ရန် ယဲ့ကျင့်လန် ၏ ပုခုံးကို ရိုက်လိုက်ပြီး အော်ဟစ်လိုက်သည်မှာ။
"မင်း ပြန်မဆုတ်တော့ဘူးလား..."
ယဲ့ကျင့်လန် သည် တုံ့ပြန်လိုက်ပြီး စစ်အလံကို ချက်ချင်း ဝှေ့ယမ်းကာ သူ၏ စွမ်းအားများကို လည်ပတ်စေလျက်
"ဆုတ်... မြန်မြန် ဆုတ်... အားလုံး ဆုတ်ကြ..."
ချက်ချင်းပင် စစ်တပ်ကြီးမှာ ရူးသွပ်စွာ ဆုတ်ခွာသွားကြတော့သည်။
ကူမော့ နှင့် ယဲ့ကျင့်လန် တို့သည် တစ်ယောက်က ဓား၊ နောက်တစ်ယောက်က ဓားမော့ ကိုယ်စီ ကိုင်ဆောင်ကာ သေးငယ်သော ချီလင်များကို ခြိမ်းခြောက်ရန်အတွက် ၎င်းတို့၏ အရှိန်အဝါများကို ထုတ်လွှတ်လျက် နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့ကြသည်။
သို့သော် အစစ်အမှန် မီးချီလင်ကြီးကမူ ကူမော့နှင့် အခြားသူများကို စိတ်ဝင်စားပုံမပြဘဲ လေဟာနယ်ဆီသို့သာ စူးစိုက်မော့ကြည့်နေခဲ့သည်။ ထိုအချိန်မှာပင် ချီမြောင်ရွှမ်သည် ကောင်းကင်ယံမှ လျင်မြန်စွာ ဆင်းသက်လာပြီး သူတို့နှစ်ဦး၏ ဘေးတွင် ရုတ်တရက် ပေါ်လာကာ ကူမော့ကို ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် စတင်မေးမြန်းလိုက်တော့သည်။
"ကောင်လေး... မင်း ဘာလုပ်နေတာလဲ..."
ကူမော့က ပုခုံးတွန့်လိုက်ပြီး
"ဘာမှ မဟုတ်ပါဘူး... ကျွန်တော်က သူတို့ကို မနိုင်လို့ ထွက်ပြေးနေတာလေ... အဘိုးကြီး... ခင်ဗျား ဒါကို ဖြေရှင်းနိုင်ပါတယ်... ကျွန်တော်တို့ သေမျိုးတွေက ခင်ဗျားတို့ရဲ့ တိုက်ပွဲတွေထဲမှာ ဝင်မပါသင့်ဘူးလေ..."
ချီမြောင်ရွှမ် က စကားပင် မဆိုနိုင်တော့ဘဲ
"မင်းက ဝရမ်းပြေး တစ်ယောက်ဖြစ်တဲ့ မီးချီလင် ကို သတ်မလို့ မဟုတ်ဘူးလား.."
ကူမော့က နှုတ်ခမ်းကို တွန့်လိုက်ပြီး
"ကျွန်တော့်ကို တစ်ယောက်တည်း တိုက်ခိုင်းချင်တာလား... ကျွန်တော် မနိုင်ဘူးလေ... ထွက်ပြေးတာကလွဲပြီး ဘာလုပ်ရဦးမှာလဲ... ဝရမ်းပြေးကို သတ်ချင်ပေမဲ့ ကိုယ့်အသက်ကိုတော့ အန္တရာယ်ထဲ မတွန်းပို့နိုင်ပါဘူး...”
“ သွားတော့မယ်... အဘိုးကြီးချီ... ခင်ဗျား ဖြည်းဖြည်း လုပ်ပါ... ကျွန်တော် ခင်ဗျားကို အားပေးနေပါတယ်... တစ်ယောက်တည်းနဲ့ နှစ်ယောက်ကို တိုက်ရတာ ပြဿနာ မရှိပါဘူး..."
ချီမြောင်ရွှမ် ... "..."