အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
အခန်း (၄၅) လင်းအာ၊ မင်း သီချင်း ဆိုတတ်လား
"သေချာပေါက် သေကြောင်းကြံစည်တာပဲ၊ မူလကတော့ မင်းကို အသက်တစ်ချောင်းချန်ထားပြီး ခွေးလိုဝက်လို ဆက်ရှင်သန်ခွင့် ပေးမလို့ပဲ၊ ဒါပေမဲ့ အခုကြည့်ရတာတော့ အဲ့လိုလုပ်ဖို့ မလိုတော့ဘူးပဲ"
ချန်ကျီ၏ မျက်လုံးများက ရုတ်တရက် စူးရှထက်မြလာပြီး သူ့လက်ထဲမှ မီးတောက်လုံးတစ်လုံး ပစ်ထွက်သွားခဲ့သည်။
တာဝန်ခံကမူ ကံကြမ္မာကို အရှုံးပေးလိုက်သည့်အလား မျက်လုံးများကိုသာ မှိတ်ထားလိုက်မိတော့သည်။
ဤအခိုက်အတန့်တွင် သူ အရင်က ပြုလုပ်ခဲ့ဖူးသမျှသော မကောင်းမှုအဝဝသည် မျက်စိရှေ့၌ တရိပ်ရိပ် ဖြတ်သန်းသွားခဲ့သည်။
တကယ်လို့ သူ့ကို နောက်ထပ် အခွင့်အရေးတစ်ကြိမ် ထပ်ပေးမယ်ဆိုရင်လည်း သူက ဒီလိုပဲ ထပ်လုပ်ဦးမည် ဖြစ်ပေသည်။
သို့သော်လည်း သူက ဒီထက်မက ပိုပြီး ပြတ်ပြတ်သားသား လုပ်ဆောင်မည်ဖြစ်ကာ တစ်ဖက်လူက သူ့ကို ပြန်လည်အနိုင်ယူနိုင်မည့် အခြေအနေမျိုး လုံးဝ ဖြစ်ခွင့်ပေးတော့မည် မဟုတ်ပေ ။
တာဝန်ခံ၏ ခန္ဓာကိုယ်က မီးတောက်များကြားတွင် တစ်စစ ပျောက်ကွယ်သွားခဲ့ရပြီး ဖြည်းဖြည်းချင်း ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရချေပြီ။
ချန်ကျီ၏ မျက်နှာတွင် မည်သည့်အမူအရာမျှ ရှိမနေသော်လည်း ဝိညာဉ်အနက်ရှိုင်းဆုံးနေရာဆီမှ တစ်စုံတစ်ခုက ပြေလျော့သွားခဲ့သကဲ့သို့ ခံစားလိုက်ရသည်။
ဝိညာဉ်ထဲက အသံတစ်သံက အော်ဟစ်လိုက်သလိုမျိုး ဖြစ်ပြီး အနှောင်အဖွဲ့များမှ လွတ်မြောက်သွားခဲ့ရသည့်အလားပင်။
ကျောက်လင်းအာက ချန်ကျီ၏ ဘေးနားတွင် လိုက်ပါလာရင်း သူ့ကို တစ်ချက်တစ်ချက် ခိုးကြည့်နေမိသည်။
သူမ ခံစားမိသည်မှာ ချန်ကျီ၏ ဤကဲ့သို့သော ပုံစံမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ခြင်း ဖြစ်ပေသည်။
သူမ၏ အထင်တွင် ချန်ကျီက မည်သည့်အရာကိုမျှ ဂရုမစိုက်တတ်ဘဲ အမြဲတမ်း အေးဆေးတည်ငြိမ်ကာ လေပြေလေညင်းကဲ့သို့ ဖြတ်သန်းတတ်သူ ဖြစ်သည်။
နေ့ရက်တိုင်းကို အပူအပင်မရှိ ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေတတ်သဖြင့် မည်သည့်အရာကမျှ သူ့ကို လွှမ်းမိုးနိုင်ခြင်း မရှိသကဲ့သို့ပင်။
သူမ သိသည်မှာ ယခုအချိန်က မေးမြန်းရမည့် အချိန်မဟုတ်ပေ၊ သူမက ကိုယ်ပွားတစ်ခုသာ ဖြစ်သဖြင့် အမိန့်ကို နာခံပြီး လိုက်နာရန်သာ လိုအပ်သည်။
ထို့ပြင် ချန်ကျီ ဘာပဲလုပ်လုပ် သူ့တွင် ကိုယ်ပိုင်အကြောင်းပြချက် ရှိလိမ့်မည်ဟု သူမ ယုံကြည်ထားသဖြင့် ပိုပြီး မေးမြန်းနေရန် မလိုအပ်ပေ ။
ချန်ကျီနှင့် ကိုယ်ပွား ကျောက်လင်းအာတို့ ထွက်သွားပြီးနောက် မကြာမီအချိန်မှာပင် မြို့သခင်အိမ်တော်၏ ကင်းလှည့်တပ်ဖွဲ့ ရောက်ရှိလာခဲ့သည်။
ကင်းလှည့်တပ်ဖွဲ့ ရောက်ရှိလာချိန်တွင် အခင်းဖြစ်ပွားရာနေရာ၌ ဘာမျှ ရှိမနေတော့ဘဲ စောစောက တိုက်ခိုက်ခဲ့သည့် စွမ်းအားအကြွင်းအကျန်အချို့သာ ကျန်ရစ်ခဲ့သည်။
ကင်းလှည့်တပ်မှူးက ဤအခြေအနေကို မြင်တွေ့လိုက်ရသောအခါ ချက်ချင်းပင် လူအားလုံးကို လူစုခွဲစေပြီး စောစောက တိုက်ပွဲဖြစ်ပွားခဲ့သည့် သဲလွန်စများကို ပတ်ပတ်လည်တွင် လိုက်လံရှာဖွေခိုင်းလိုက်၏။
ဝမ်နန်မြို့အတွင်း၌ တိုက်ခိုက်ရဲသည့်အပြင် သေချာပေါက် လူသတ်မှုပါ ကျူးလွန်သွားခြင်း ဖြစ်သည်။
ဒါက သူတို့ကို လုံးဝ မျက်စိထဲမထည့်ခြင်းပင် ဖြစ်ပေသည်။
ကင်းလှည့်တပ်မှူးက ပတ်ဝန်းကျင်တစ်ခုလုံးကို စစ်ဆေးကြည့်ရှုခဲ့သော်လည်း ဘာမျှ ရှာမတွေ့ခဲ့ပေ ။
ဒီနေရာမှာ စောစောက တိုက်ခိုက်သွားခဲ့သည့် လူများ၏ အော်ရာကိုလည်း ခြေရာခံ၍ မရတော့ပေ။
"တပ်မှူး၊ ဘာမှ ရှာမတွေ့ပါဘူး၊ ခြေရာလက်ရာ အနည်းငယ်မျှပင် ချန်မထားခဲ့ပါဘူး၊ တစ်ဖက်လူက ကျွမ်းကျင်ပညာရှင်တစ်ယောက်ပဲ"
"စောစောက အော်ရာအရဆိုရင် အုတ်မြစ်ချခြင်းအဆင့်က ကျွမ်းကျင်ပညာရှင်တစ်ယောက်နဲ့ တော်တော်လေး တူတယ်"
"ဒါဆို တပ်မှူး၊ ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ"
ကင်းလှည့်တပ်မှူးက မတတ်နိုင်သည့်အလား သက်ပြင်းတစ်ချက် ချလိုက်မိသည်၊ သူတို့က ချီသန့်စင်ခြင်းအဆင့်မျှသာ ရှိကြပြီး အုတ်မြစ်ချခြင်းအဆင့်ရှိသူကို သွားရောက်ဖမ်းဆီးဖို့ ဆိုသည်မှာ သေကြောင်းကြံစည်နေခြင်းနှင့် မခြားပါလား။
"ငါ အရင်ဆုံး မြို့သခင်ဆီ ပြန်ပြီး သတင်းပို့လိုက်မယ်၊ မြို့သခင်ကပဲ အဆုံးအဖြတ်ပေးလိမ့်မယ်။ မင်းတို့တွေကတော့ ဒီအနီးအနားမှာ ဆက်ပြီး စစ်ဆေးရှာဖွေဦး၊ အသုံးဝင်မယ့် သဲလွန်စတစ်ခုခု ရှာတွေ့နိုင်မလားလို့ပေါ့ ။ ပြီးတော့ မကြာသေးခင်က ပျောက်ဆုံးသွားတဲ့လူ ရှိမရှိဆိုတာကိုလည်း စုံစမ်း ကြည့်"
"ဟုတ်ကဲ့"
....
ချန်ကျီ၏ အိမ်တော်
ချန်ကျီနှင့် ကျောက်လင်းအာတို့ ပြန်လည်ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။
"သခင်..."
ကျောက်လင်းအာက ချန်ကျီ အိမ်ပြန်ရောက်ကတည်းက အခုထိ စကားတစ်ခွန်းမျှ မပြောသေးသည့်အပြင် မျက်နှာအမူအရာကလည်း အနည်းငယ် ညှိုးငယ်နေသည်ကို မြင်တွေ့လိုက်ရသည်။
ချန်ကျီက ခေါင်းခါလျက် ပြုံးပြလိုက်၏။ "ငါ ဘာမှမဖြစ်ပါဘူး"
သူ သိသည်မှာ ကျောက်လင်းအာက သူ့ကို စိတ်ပူနေခြင်း ဖြစ်ပေသည်။
အိမ်တော်သို့ ပြန်ရောက်လာသည့် ချန်ကျီက သူ့ရဲ့ ပက်လက်ကုလားထိုင်ကြီးပေါ်သို့ ပြန်လည်လှဲလျောင်းလိုက်သည်။
"မင်း တွေးနေတာမလား၊ ငါ ဒီနေ့ ဘာကြောင့် ဒီလိုမျိုး လုပ်ခဲ့ရလဲဆိုတာကိုလေ "
ကျောက်လင်းအာက တိတ်ဆိတ်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
"ဒါက ကံတရားရဲ့ အကျိုးပေး ကြောင့်လည်း ဖြစ်နိုင်သလို စိတ်ထဲက အဖုအထစ်တစ်ခုကို ပေါက်ကွဲထုတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်"
ထို့နောက် ချန်ကျီက ကျောက်လင်းအာကို မူလခန္ဓာကိုယ်ပိုင်ရှင်၏ အတိတ်နောက်ခံ အကြောင်းအရာများကို ပြောပြလိုက်လေသည်။
ကျောက်လင်းအာက နားထောင်ပြီးနောက် အလားတူ ဒေါသထွက်မိသွားကာ တစ်ချက်တစ်ချက် သွားကြိတ်သံများပင် ထွက်ပေါ်လာခဲ့သည်။
"သခင်၊ ကျွန်မ ခံစားရတာက သခင်က သူ့အပေါ်ကို တော်တော်လေး သဘောထားကြီးလွန်းပါသေးတယ်၊ သူ့ကို ဒီလောက်အထိ အလွယ်တကူ သေခွင့်မပေးသင့်ဘူး။ ဒီလိုလူမျိုးကို သံနက်မိုင်း တွင်း ထဲကို ပို့ပစ်လိုက်ပြီး တစ်သက်လုံး တူး ခိုင်းပစ်ရမှာ"
"ဟားဟား၊ အခုကျတော့ ငါ့ကို ရက်စက်တယ်လို့ မထင်တော့ဘူးပေါ့" အကြောင်းအရာများကို ရင်ဖွင့်ပြောပြလိုက်ပြီးနောက်တွင်မူ ချန်ကျီ၏ စိတ်အခြေအနေကလည်း ပေါ့ပါးသွားခဲ့ရပြီ ဖြစ်သည်။
"သခင် လုပ်သမျှ အားလုံးက မှန်ကန်ပါတယ်"
"ဟားဟား၊ ကောင်းပြီ၊ ဒီကိစ္စက ပြီးသွားပြီဆိုတော့ မင်း အနန္တ နေရာလွတ် ထဲကို သွားပြီး ကျောက်ယွမ် တို့ဘက်က လူတွေ ပြောင်းရွှေ့တဲ့ကိစ္စ ဘယ်လိုရှိလဲဆိုတာ သွားကြည့်လိုက်ဦး"
"ဟုတ်ကဲ့ပါ၊ သခင်"
ကျောက်လင်းအာက အနန္တနေရာလွတ် ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ချန်ကျီကမူ ပက်လက်ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း သီချင်းလေးတစ်ပုဒ်ကို ညည်းဆိုနေခဲ့၏။
"မက်မွန်ရွက်ဖျား ကော့ပျံလို့နေ... မိုးကုတ်စက်ဝိုင်းဆီအထိ မိုးမခပင်တွေ အုပ်ဆိုင်းလို့နေ... အရာရာကို သိမြင်တဲ့ လူကြီးမင်းရယ်... ကျွန်ုပ် ရင်ဖွင့်သံကို နားစွင့်ပေးပါဦး..."
"ဘာလို့ ဒီဝမ်နန်မြို့ကြီးထဲမှာ သီချင်းနားထောင်ပြီး အနားယူမယ့် ကပြဖျော်ဖြေရေး နေရာမျိုး တစ်ခုမှ မရှိရတာလဲ။ သက်ပြင်းချစရာပဲ၊ တကယ့်ကို နှမြောဖို့ကောင်းတယ်၊ ဒီကျင့်ကြံခြင်းကမ္ဘာက ရှေးခေတ်ကာလတွေနဲ့ တော်တော်လေး တူပါလျက်နဲ့ ဘာလို့ မရှိရတာလဲ မဖြစ်ဘူး၊ ကိုယ်တိုင် ညည်းနေရတာက ဘာမှ အဓိပ္ပာယ်မရှိဘူး၊ အချိန်ရရင် ဒီသီချင်းလေးတွေကို လင်းအာကို သင်ပေးရမယ်၊ သူမ ဆိုရင်တော့ သေချာပေါက် နားထောင်လို့ တော်တော်လေး ကောင်းမှာပဲ"
မကြာမီအချိန်မှာပင် ကျောက်လင်းအာ၏ ခေါ်ဆိုမှု ကို ရရှိသဖြင့် ချန်ကျီက သူမကို အနန္တနေရာလွတ် ထဲမှ အပြင်သို့ ပြန်လည်ထုတ်ပေးလိုက်သည်။
"သခင်၊ သံနက်မိုင်း တွင်း ထဲက မူလမိုင်း တွင်းအလုပ်သမားတွေ အားလုံးကို မေ့မြောအောင် လုပ်ပြီးတော့ အနန္တနေရာလွတ် ထဲကနေ ပြောင်းရွှေ့ပေးလိုက်ပါပြီ။ အခု မိုင်းတွင်းထဲမှာ ယဲ့မိသားစုဝင် ၃၀ နဲ့ ကိုယ်ပွား ၂၄ ယောက်ပဲ ကျန်ပါတော့တယ်။ နောင်ကျရင်တော့ သတ္တုတွင်းတူးတဲ့ အရှိန် က အရင်လောက် မြန်တော့မှာ မဟုတ်ဘူး"
"ဘာမှမဖြစ်ပါဘူး၊ အခု ကိုယ်ပွား ၂၄ ယောက်လုံးက အုတ်မြစ်ချခြင်း အဆင့် ၄ ကျင့်ကြံခြင်းအဆင့်တွေ ရှိနေကြတာဆိုတော့ တူးတဲ့အမြန်နှုန်း ကလည်း သိပ်ပြီး နှေးသွားမှာ မဟုတ်ပါဘူး၊ ဘယ်မိုင်းတွင်းကများ အုတ်မြစ်ချခြင်းအဆင့် ဒီလောက်အများကြီးကို သတ္တုတွင်းတူးခိုင်းနိုင်လို့လဲ။ ဒါ့အပြင် ကိုယ်ပွားအရေအတွက်ကလည်း နေ့တိုင်း တိုးပွားနေတာဆိုတော့ မိုင်းတွင်းတူးတဲ့ကိစ္စကို စိုးရိမ်စရာမလိုပါဘူး"
"ဟုတ်ကဲ့ပါ၊ ပြီးတော့ ကျောက်ယွမ် က မေးနေပါတယ်၊ သူ့ရဲ့ နောက်ထပ် တာဝန်က ဘာဖြစ်မလဲဆိုတာကိုပါ"
"သူ တာ့ချန်မင်းဆက် ရဲ့ နယ်စပ်ကို ရောက်သွားပြီလား"
"ဟုတ်ပါတယ်၊ သခင်"
ချန်ကျီက ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် "ဒါဆိုရင်တော့ သူ့ဘာသာသူ စိတ်ကြိုက် လှည့်လည်သွားလာခွင့် ပေးလိုက်တော့၊ ငါ့ကိုယ်စား ဒီကျင့်ကြံခြင်းကမ္ဘာကြီးကို ကြည့်ရှုခိုင်းလိုက်တာပေါ့၊ တကယ်လို့ ကံကောင်းထောက်မစွာနဲ့ အခွင့်အရေး တစ်ခုခု ရှာတွေ့ရင်တော့ ပိုကောင်းတာပေါ့"
ကျောက်ယွမ် ကို နေရာ အရပ်ရပ် သို့ လှည့်လည်သွားလာခွင့် ပေးလိုက်ခြင်းက ချန်ကျီ သူကိုယ်တိုင် ကျင့်ကြံခြင်းလောကတစ်ခုလုံးကို လှည့်လည်ကြည့်ရှုနေသကဲ့သို့ ဖြစ်ပေသည်။
ရွှမ်ထျန်းတိုက်ကြီး က အလွန်ပင် ကျယ်ပြောလှသည်၊ ချန်ကျီအနေဖြင့် သွားရောက်လည်ပတ်ချင်စိတ် ရှိသော်လည်း အပြင်ကမ္ဘာက အလွန်ပင် အန္တရာယ်များလှသည့်အပြင် သူ၏ ခွန်အားကလည်း မလုံလောက်သေးပေ ။
အခု ကျောက်ယွမ် က သူ့ကိုယ်စား လှည့်လည်သွားလာပေးမည် ဖြစ်သဖြင့် သူကိုယ်တိုင်လည်း အပြင်ကမ္ဘာသို့ တစ်ခေါက် ရောက်ရှိသွားခဲ့သကဲ့သို့ ခံစားရစေသည်။
ဒါ့အပြင် ကျောက်ယွမ် က ကိုယ်ပွားတစ်ခု ဖြစ်သဖြင့် မည်သည့်အန္တရာယ်ကိုမျှ စိုးရိမ်ရန် မလိုအပ်ပေ ၊ သူ့တွင် ကိုယ်ပိုင် ခွန်အားများ ရှိသည့်အပြင် ကိုယ်ပွားများ၏ မသေနိုင်သော အစွမ်းသတ္တိလည်း ရှိနေသောကြောင့်ပင်။
တစ်နေ့နေ့တွင် ကျောက်ယွမ် အပြင်မှာ တကယ်ပဲ သေဆုံးသွားခဲ့လျှင်ပင် အနန္တနေရာလွတ် ထဲတွင် ပြန်လည် အသက်ရှင်လာမည် ဖြစ်သဖြင့် အိမ်သို့ ပြန်ရောက်လာမည်သာ ဖြစ်သည်။
ထိုစဉ် ချန်ကျီက ရုတ်တရက် ပြောလိုက်၏။ "လင်းအာ၊ မင်း သီချင်း တွေ ဆိုတတ်လား"
"သီချင်း တွေ လား" ကျောက်လင်းအာက ချန်ကျီကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ သီချင်း တွေဆိုတာ တကယ်တော့ အရမ်းရိုးရှင်းပါတယ်၊ ငါ မင်းကို သင်ပေးမယ်" ချန်ကျီ သိမြင်လိုက်သည်မှာ ကျောက်လင်းအာက အကြောင်းအရာ တော်တော်များများအပေါ်တွင် တော်တော်လေး စိမ်းသက်နေသေးခြင်း ဖြစ်ပေသည်။
သို့သော်လည်း ကိစ္စမရှိပေ ၊ သူ ချန်ကျီ ကိုယ်တိုင် သိရှိထားသည့်အပြင် သင်ကြားပေးရန်အတွက်လည်း အချိန်များစွာ ရှိနေသောကြောင့်ပင်။
ထို့ပြင် ကျောက်လင်းအာ၏ ပင်ကိုယ်အသံကလည်း နားထောင်လို့ အလွန်ကောင်းလှပေရာ တကယ်လို့ သီချင်းဆိုတတ်သွားခဲ့လျှင် သေချာပေါက် နူးညံ့သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိနေလိမ့်မည် ဖြစ်သည်။
ထို့နောက် ချန်ကျီက ကျောက်လင်းအာကို အချိန်မဆိုင်းဘဲ ဂီတပညာရပ်များကို စတင်သင်ကြားပေးလေတော့သည်။
သူ့အနေဖြင့် ကျောက်လင်းအာ၏ သီဆိုသံကို နားထောင်ရန်အတွက် တကယ့်ကို မစောင့်ဆိုင်းနိုင်တော့ပေ ။
တာ့ချန်မင်းဆက် ၏ နယ်စပ်အနီး တနေရာတွင်
ကျောက်ယွမ်က ချန်ကျီထံမှ နောက်ဆုံးရရှိသော တာဝန်ကို လက်ခံရရှိပြီးနောက် မျက်နှာတစ်ခုလုံး ဝေခွဲမရ ဖြစ်နေခဲ့သည်။
ချန်ကျီက သူ့ကို စိတ်ကြိုက် လှည့်လည်သွားလာခွင့် ပေးလိုက်သော်လည်း သူ ဘယ်နေရာကို သွားရမည်ကို မသိပေ ။
ကျောက်ယွမ် က မတတ်နိုင်သည့်အဆုံး အရင်က ဝယ်ယူထားခဲ့သော မြေပုံကို ဖြန့်ကြည့်လိုက်သည်။ "ဝမ်နန်မြို့ကနေ ဒီကိုလာတဲ့ လမ်းတစ်လျှောက်မှာ ကျင့်ကြံခြင်းဂိုဏ်း အချို့ကို ဖြတ်သန်းခဲ့ရသလို မိစ္ဆာသားရဲ အော်ရာတွေ ရှိနေတဲ့ တောအုပ်အချို့လည်း ရှိနေခဲ့တယ်။ သခင်က ငါ့ကို စိတ်ကြိုက် လှည့်လည်ပြီး အခွင့်အရေးတွေကို ကိုယ်တိုင်ရှာခိုင်းတာဆိုတော့ ငါ ဒီနေရာတွေကို ပြန်သွားကြည့်ရင် ကောင်းမလား"
အရင်ကတော့ ဘေးကင်းလုံခြုံတဲ့ နေရာတစ်ခုဆီကို အမြန်ဆုံးရောက်ရှိဖို့အတွက် ကျောက်ယွမ် က ချင်းယွမ်ဓား ကို စီးနင်း ပြီး လမ်းတစ်လျှောက်လုံး အရှိန်အဟုန်မြှင့် ပျံသန်းခဲ့ခြင်း ဖြစ်သည်။
နယ်စပ်အထိ ရောက်ရှိလာခဲ့ပြီးမှသာ ဝမ်နန်မြို့နှင့် လုံလောက်စွာ ဝေးကွာသွားပြီဟု ခံစားရသဖြင့် ရပ်တန့်လိုက်ခြင်း ဖြစ်သည်။
လမ်းတစ်လျှောက်လုံးတွင် မည်သည့်အရာများ ရှိနေသည်ကိုမူ ခပ်ဖျတ်ဖျတ်မျှသာ လှမ်းမြင်ခဲ့ရပြီး အားကောင်းသော အော်ရာများကို ခံစားမိပါက ချက်ချင်းပင် လမ်းလွှဲစီးနင်း ခဲ့သည်။
အခု ပြန်လည်စဉ်းစားကြည့်မည်ဆိုလျှင်မူ ချန်ကျီ ပြောကြားခဲ့သည့် အခွင့်အရေးများက ထိုနေရာများတွင် ရှိနေနိုင်ခြေ ရှိပေသည်။
ဆုံးဖြတ်ချက်ချပြီးနောက် ကျောက်ယွမ် က မြေပုံကို ပြန်သိမ်းလိုက်ပြီး ဓားပျံကို ထပ်မံ စီးနင်းလျက် နေရာတစ်ခုဆီသို့ ဦးတည်ပျံသန်းသွားခဲ့လေတော့သည်။
သူ ဤတစ်ခေါက်တွင်မူ နေရာတိုင်းကို အသေအချာ လိုက်လံစုံစမ်းမည်ဖြစ်ကာ ချန်ကျီ ပြောကြားခဲ့သည့် အခွင့်အရေးကို သေချာပေါက် ရှာဖွေမည် ဖြစ်ပေသည်။
ဝမ်နန်မြို့တွင် ရှိနေသည့် ချန်ကျီသာ ကျောက်ယွမ် တွင် ဤကဲ့သို့သော စွဲလမ်းမှု ရှိနေသည်ကို သိရှိသွားခဲ့လျှင် ကျောက်ယွမ် ကို စိတ်ကြိုက် လှည့်လည်သွားလာခွင့် ပေးလိုက်ခြင်းက မှန်ကန်သော ဆုံးဖြတ်ချက် ဟုတ်မဟုတ်ဆိုတာကို သေချာပေါက် တုံ့ဆိုင်းသွားမိလိမ့်မည် ဖြစ်သည်။
တာ့ချန်မင်းဆက် တစ်ခုလုံးတွင် ကျင့်ကြံခြင်းမိသားစုများနှင့် ဂိုဏ်းအသီးသီးက ပေါများ နေခဲ့ရာ ကျောက်ယွမ် ဤသို့ လုပ်ခြင်းက ပြဿနာရှာထွက်နေခြင်းနှင့် မခြားပါလား။
သို့မဟုတ် ပိုပြီး ပြင်းပြင်းထန်ထန် ပြောရမည်ဆိုလျှင်မူ ဒါက သေကြောင်းကြံစည်နေခြင်း ဖြစ်ပေသည်။
ထိုကျင့်ကြံခြင်းမိသားစုများနှင့် ဂိုဏ်းအသီးသီးတွင် သန်မာ သော ကျင့်ကြံသူများစွာ ရှိနေကြသည် မဟုတ်ပါလား။
သူ့ကဲ့သို့ သေးငယ်လှသော အုတ်မြစ်ချခြင်းအဆင့် ၄ နှင့် ဘာများ အနိုင်ယူ နိုင်ပါအံ့နည်း။
အခန်း (၄၆) ချင်းယွမ်ဂိုဏ်း၏ အတွင်းစည်းတပည့်
ချင်းယွမ်ဂိုဏ်း၊ တာဝန်လက်ခံရာဌာန
အပြင်ကနေ တာဝန်တစ်ခု ထမ်းဆောင်ပြီးကာစ ပြန်ရောက်လာသည့် ချန်ဖန်က တာဝန်အပ်နှံနေခဲ့သည်။
"ဂျူနီယာညီလေး နောက်ထပ် တာဝန်တစ်ခု ပြီးမြောက်သွားတာကို ဂုဏ်ယူပါတယ်၊ ရော့... မင်း ဒီတစ်ခေါက် တာဝန်ထမ်းဆောင်လို့ရတဲ့ ကုသိုလ်အမှတ် တွေကို အကုန်လုံး မှတ်တမ်းတင်ပေးထားပြီးပြီ"
တာဝန်လက်ခံရာဌာနမှ တာဝန်ကျတပည့်က ပြောပြောဆိုဆိုဖြင့် ချန်ဖန်ထံသို့ ဂိုဏ်းတိုကင် ကို ကမ်းပေးလိုက်သည်။
ဤဂိုဏ်းတိုကင်က ချင်းယွမ်ဂိုဏ်းတပည့်တစ်ယောက်၏ အဆင့်အတန်း သင်္ကေတ ဖြစ်ပေသည်။
အလားတူပင် ထိုတိုကင် ထဲ၌ ပိုင်ရှင်၏ ချင်းယွမ်ဂိုဏ်းအတွင်း ရရှိထားသော ကုသိုလ်အမှတ် များကိုလည်း မှတ်တမ်းတင်ထားသည်။
ဤကုသိုလ်အမှတ် များဖြင့် ချင်းယွမ်ဂိုဏ်းအတွင်း တန်ဖိုးတူညီသော ကျင့်ကြံခြင်းအရင်းအမြစ်များ၊ ကျင့်စဉ်များ၊ ဆေးလုံးများ၊ မန္တန်များ၊ အစီအရင်များ၊ အဆောင် စာရွက်များ အစရှိသည့် အရာအားလုံးကို လဲလှယ်ယူနိုင်သည်။
ချန်ဖန်ကမူ ဤအရာများကို အသုံးမလိုပေ၊ ကုသိုလ်အမှတ် များ ရလာသည့် အခါတိုင်း ဆေးလုံးအချို့နှင့် လဲလှယ်ပြီးနောက် ချန်ကျီထံသို့ ပေးအပ်လေ့ ရှိသည်။
"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို" ချန်ဖန်က လက်သီးဆုပ် လျက် အရိုအသေပေးလိုက်သည်။
"ဒါဆို စီနီယာအစ်ကို... ဘာမှကိစ္စမရှိတော့ရင် ကျွန်တော် အရင်သွားလိုက်ပါဦးမယ်၊ စီမံရေးခန်းမ ကို တစ်ခေါက် သွားစရာ ရှိသေးလို့ပါ"
ချန်ဖန်က ပြောပြီးသည်နှင့် သူ့ဘာသာသူ ထွက်သွားခဲ့သည်။
"စီမံရေးခန်းမ လား" တာဝန်လက်ခံရာဌာနမှ ချင်းယွမ်ဂိုဏ်းတပည့်က ချန်ဖန်ထွက်ခွာသွားသည့် ကျောပြင်ကို ကြည့်ရင်း ဇဝေဇဝါ ဖြစ်နေခဲ့သည်။
ဤသို့ ကြည့်လိုက်သည့်အခါ ဘာမှမဟုတ်သလို ရှိသော်လည်း သူ ကြောက်လန့်တကြား အော်ဟစ်မိလုနီးပါး ဖြစ်သွားခဲ့ရ၏။ "အုတ်မြစ်ချခြင်းအဆင့် လား... ပြီးခဲ့တဲ့တစ်ခေါက်က ချီသန့်စင်ခြင်းအဆင့်ပဲ ရှိသေးတာ မဟုတ်ဘူးလား"
ဤကာလအတွင်း ချန်ဖန်က တာဝန်များကို မကြာခဏ လာရောက်လက်ခံသဖြင့် တာဝန်လက်ခံရာဌာနမှ တပည့်က သူ့ကို တော်တော်လေး ရင်းနှီးနေခဲ့ပြီ ဖြစ်သည်။
သူ မျက်စိမမှားကြောင်း အသေအချာ အတည်ပြုပြီးနောက် တာဝန်လက်ခံရာဌာနမှ ချင်းယွမ်ဂိုဏ်းတပည့်က မချီးကျူးဘဲ မနေနိုင်တော့ပေ။ "သူ ဂိုဏ်းထဲကို ဝင်လာတာ တစ်လတောင် မပြည့်သေးဘူး မဟုတ်လား...
ဒီကျင့်ကြံခြင်းအမြန်နှုန်းကလည်း တကယ့်ကို မြန်လွန်းလှတာပဲ။
သူ့ရဲ့ မူလပါရမီက အဆင့်နိမ့် အဆင့်ပဲ ရှိတာမဟုတ်ဘူးလား၊ အပြင်မှာ တာဝန်သွားထမ်းဆောင် ရင်းနဲ့ အခွင့်အရေး တစ်ခုခုနဲ့ တိုးခဲ့လို့များလား...
ကြည့်ရတာ နေ့တိုင်း ဒီနေရာမှာပဲ အချိန်ကုန်ခံ စောင့်နေလို့တော့ မဖြစ်တော့ဘူး၊ ငါလည်း တာဝန်တစ်ခုခု လက်ခံပြီး အပြင်ဘက်ကို ထွက် ကြည့်ရရင် ကောင်းမလား"
ထွက်ခွာသွားခဲ့သည့် ချန်ဖန်ကမူ တာဝန်လက်ခံရာဌာနမှ တပည့်က မိမိအပေါ် မည်သို့ တွေးတောနေသည်ကို မသိပေ ။
သို့သော်လည်း သူက စီမံရေးခန်းမသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်၊ သူ လာရသည့် ရည်ရွယ်ချက်ကလည်း အမှန်ပင် အုတ်မြစ်ချခြင်းအဆင့်သို့ ရောက်ရှိသွားသည့် ကိစ္စကြောင့်ပင်။
သူက အခုထိ အပြင်စည်းတပည့် သာ ဖြစ်နေသေးပြီး အခု ထုတ်ဖော်ပြသထားသည့် ကျင့်ကြံခြင်းအဆင့်က အုတ်မြစ်ချခြင်းအဆင့် ဖြစ်နေသဖြင့် စီမံရေးခန်းမသို့ သေချာပေါက် လာရောက်ရမည် ဖြစ်သည်။
ဤနေရာတွင် စစ်ဆေးမှု ခံယူပြီးမှသာ ချင်းယွမ်ဂိုဏ်း၏ အတွင်းစည်းတပည့် အဖြစ် တရားဝင် ဖြစ်လာနိုင်မည် ဖြစ်ပေသည်။
ချန်ဖန် စီမံရေးခန်းမသို့ ရောက်ရုံရှိသေး၊ လူတစ်ယောက်က သူ့ကို လာရောက်တားဆီးလိုက်သည်။
"ဒီဂျူနီယာညီလေး၊ မင်းမှာ ဘာကိစ္စရှိလို့လဲ" စကားပြောရင်းနှင့် သူက ချန်ဖန်ကို အကဲခတ်ကြည့်လိုက်သည်။
ဤလူက မျက်နှာစိမ်း ဖြစ်နေသဖြင့် တစ်ခါမျှ မမြင်ဖူးပေ ။
ချန်ဖန်က တစ်ချက်ကြည့်လိုက်ရာ ဤလူ ဝတ်ဆင်ထားသည်က အတွင်းစည်းတပည့် ဝတ်စုံဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်ကလည်း အုတ်မြစ်ချခြင်းအဆင့် ဖြစ်သော်လည်း အုတ်မြစ်ချခြင်း အဆင့် ၃ မျှသာ ရှိသေးသည်။
သို့သော်လည်း ချန်ဖန်က အခုအချိန်တွင် အပြင်စည်းတပည့် အဆင့်အတန်းသာ ရှိနေသေးသဖြင့် လက်သီးဆုပ် လျက် အရိုအသေပေးလိုက်၏။ "ဒီစီနီယာအစ်ကို၊ ကျွန်တော် စီမံရေးအကြီးအကဲ ကို လာရှာတာပါ"
"အော်... စီမံရေးအကြီးအကဲကို လာရှာတာလား၊ ဘာကိစ္စရှိလို့လဲ"
ချန်ဖန်က တိုက်ရိုက်ပင် ပြောလိုက်သည်။ "စီနီယာအစ်ကို့ကို အစီရင်ခံပါတယ်၊ ကျွန်တော် အခု အုတ်မြစ်ချခြင်းအဆင့်ကို ရောက်သွားလို့ပါ၊ စီမံရေးအကြီးအကဲဆီကနေ အတွင်းစည်းတပည့်ရဲ့ ဂိုဏ်းတိုကင် ကို လာရောက်ထုတ်ယူတာပါ"
"အော်..." ဤလူကမှ ချန်ဖန်၏ ကျင့်ကြံခြင်းအဆင့်ကို အသေအချာ အကဲခတ်ကြည့်လိုက်ရာ အမှန်ပင် အုတ်မြစ်ချခြင်း အဆင့် ၁ ဖြစ်နေခဲ့သည်။
"ဒါဆို မင်း ခဏလောက် စောင့်ဦး၊ ငါ သွားပြီး စီမံရေးအကြီးအကဲကို ပြော ပေးမယ်"
"စီနီယာအစ်ကို့ကို ဒုက္ခပေးမိပါပြီ"
ခဏမျှ ကြာပြီးနောက်တွင်မူ ထိုအတွင်းစည်းတပည့်က အကြီးအကဲဝတ်စုံ ဝတ်ဆင်ထားသည့် အဖိုးအို တစ်ဦးနှင့်အတူ ရောက်ရှိလာခဲ့သည်။
ချန်ဖန်က ကြည့်စရာမလိုဘဲ ရောက်ရှိလာသည့် အဖိုးအို က ရွှေအူတိုင် အဆင့် ရှိမည်ကို သိရှိနိုင်သည်။
ချင်းယွမ်ဂိုဏ်းတွင် ရွှေအူတိုင် အဆင့် ကျင့်ကြံခြင်းအဆင့် ရှိသော တပည့်များက ဂိုဏ်း၏ အကြီးအကဲအဖြစ် ရာထူးတိုးမြှင့်ခံရနိုင်ပေသည်။
စီမံရေးအကြီးအကဲ ရောက်ရှိလာပြီးနောက် ချန်ဖန်ကို တစ်ချက်ကြည့်လိုက်၏။ "မင်းက အတွင်းစည်းတပည့် တိုကင် အတွက် လာရောက်လျှောက်ထားတဲ့သူလား"
စီမံရေးအကြီးအကဲက ချန်ဖန်၏ ကျင့်ကြံခြင်းအဆင့်က အုတ်မြစ်ချခြင်းအဆင့် ဖြစ်နေသည်ကို မြင်ရသဖြင့် အတွင်းစည်းတပည့် တိုကင် လျှောက်ထားရန် အမှန်ပင် အရည်အချင်း ပြည့်မီကြောင်း သိရှိလိုက်သည်။
အုတ်မြစ်ချခြင်းအဆင့်ရှိသော တပည့်များက အတွင်းစည်းတပည့် တိုကင် လာရောက်လျှောက်ထားခြင်းက အလွန်ပင် ပုံမှန်ဖြစ်ပေရာ သူကဲ့သို့ စီမံရေးအကြီးအကဲက ဤအလုပ်ကို လုပ်ဆောင်ရခြင်း ဖြစ်သဖြင့် အလွန်အမင်း အံ့ဩခြင်းမျိုး မရှိပေ ။
"ဟုတ်ပါတယ် အကြီးအကဲ" ချန်ဖန်က စီမံရေးအကြီးအကဲကို လက်သီးဆုပ် လျက် အရိုအသေပေးလိုက်သည်။
"အင်း၊ တကယ် အုတ်မြစ်ချခြင်းအဆင့်ကို ရောက်နေပြီပဲ၊ မင်းရဲ့ ဂိုဏ်းတိုကင် ကို ထုတ်ပေးပါ"
ချန်ဖန်က ရိုသေကိုင်းညွတ်စွာဖြင့် သူ၏ ဂိုဏ်းတိုကင် ကို လှမ်းပေးလိုက်သည်။
စီမံရေးအကြီးအကဲက ချန်ဖန်၏ ဂိုဏ်းတိုကင် ကို စစ်ဆေးကြည့်လိုက်ရာ သူ့ကို အံ့အားသင့်စေမည့် အရာတစ်ခုကို မြင်တွေ့လိုက်ရသည့်အလားပင်။
သူက ခေါင်းမော့ကာ ချန်ဖန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်ထပ်တစ်ကြိမ် ချန်ဖန်၏ ဂိုဏ်းတိုကင် ကို ထပ်မံစစ်ဆေးကြည့်ပြန်သည်။
"ဂိုဏ်းထဲကို ဝင်လာတာ တစ်လတောင် မပြည့်သေးဘူးလား... ဂိုဏ်းထဲကို စဝင်တုန်းက ချီသန့်စင်ခြင်း အဆင့် ၇ ပဲ ရှိသေးတာလား"
ချန်ဖန်၏ ဂိုဏ်းတိုကင် ပေါ်တွင် သူ၏ အချက်အလက်အားလုံးကို အလွန်ပင် ရှင်းလင်းစွာ မှတ်တမ်းတင်ထားသည်။
စီမံရေးအကြီးအကဲက ကိုယ်ပွား ချန်ဖန်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်ပြီး စဉ်းစား ဟန်ဖြင့် ပြော လိုက်သည်။ "ကျင့်ကြံခြင်းအဆင့်က ဒီလောက်အထိ မြန်မြန်ဆန်ဆန် တက်လှမ်းနိုင်တာကို ကြည့်ရရင် မင်း အခွင့်အရေး အချို့နဲ့ တွေ့ကြုံခဲ့ရလို့ ထင်တယ်၊ ဟုတ်တယ်မလား"
မျှော်လင့်ထားသည့်အတိုင်း သံသယဝင်ခြင်း ခံလိုက်ရသော်လည်း ဆင်ခြေပေးမည့် စကားလုံးများကို ချန်ဖန်က ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်သဖြင့် မျက်နှာအမူအရာ မပျက်ဘဲ ရှင်းပြလိုက်သည်။ "တပည့်က ဂိုဏ်းထဲကို ဝင်ပြီးကတည်းက အပြင်ဘက်မှာ ဂိုဏ်းရဲ့ တာဝန်တွေကိုပဲ တောက်လျှောက် ထမ်းဆောင်နေခဲ့တာပါ၊ တာဝန်ထမ်းဆောင်နေတဲ့ အချိန်တုန်းက အခွင့်အရေး အနည်းငယ်နဲ့ တိုးခဲ့တာ အမှန်ပါပဲ"
"အော်..." စီမံရေးအကြီးအကဲက ချန်ဖန်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
အနည်းငယ် သံသယဝင်မိသော်လည်း ဂိုဏ်းအတွင်းရှိ တပည့်များထဲတွင် အံ့ဖွယ်အခွင့်အရေးများနှင့် တိုးဖူးသည့် လူဦးရေကလည်း နည်းပါးလှသည် မဟုတ်ပေ။
ကျင့်ကြံခြင်းဆိုသည်မှာ ဤကဲ့သို့ပင် ဖြစ်သည်၊ အသက်ရှင်သန်ချိန် ကြာမြင့်လာသည်နှင့်အမျှ မည်သည့်အရာနှင့်မဆို ကြုံတွေ့ရပါစေ အလွန်အမင်း ထူးဆန်းသည်ဟု ခံစားရတော့မည် မဟုတ်ပေ ။
သို့သော်လည်း တစ်လမပြည့်သည့် အချိန်တိုအတွင်းမှာတင် ချီသန့်စင်ခြင်း အဆင့် ၇ မျှသာ ရှိသောသူကို အုတ်မြစ်ချခြင်းအဆင့်သို့ မြန်မြန်ဆန်ဆန် အဆင့်တက်လှမ်းစေနိုင်ခြင်းက စီမံရေးအကြီးအကဲကို အနည်းငယ် ဇဝေဇဝါ ဖြစ်စေဆဲဖြစ်သဖြင့် သူ၏ စိတ်ဝိညာဉ်အာရုံ ဖြင့် ချန်ဖန်၏ ခန္ဓာကိုယ်ပေါ်သို့ တစ်ချက် လှည့်ပတ်စစ်ဆေးလိုက်သည်။
သို့သော်လည်း အခုအချိန်က အသေးစိတ် မေးမြန်းရမည့် အချိန်မဟုတ်ပေ။ "အခွင့်အရေးနဲ့ တိုးတာကလည်း သာမန်ကိစ္စပါပဲ၊ လမ်းမှားကို မရောက်သွားဖို့ပဲ လိုအပ်တယ်။ ဒါက မင်းရဲ့ အတွင်းစည်းတပည့် တိုကင် ပဲ၊ မင်း ချင်းယွမ်ဂိုဏ်းအတွင်းမှာ အကြီးအကဲတစ်ယောက်ကို မင်းရဲ့ ဆရာအဖြစ် စိတ်ကြိုက် ရွေးချယ်နိုင်ခွင့် ရှိတယ်။ အဲ့ဒီအကြီးအကဲက မင်းကို တပည့်အဖြစ် လက်ခံချင် မလက်ခံချင်ဆိုတာကတော့ အဲ့ဒီအကြီးအကဲရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်လိမ့်မယ်။ မင်း ဘယ်အကြီးအကဲကိုမျှ ဆရာအဖြစ် မရွေးချယ်ခဲ့ရင်တောင် အတွင်းစည်းတပည့်တွေရဲ့ ကျင့်ကြံခြင်းဂူ တစ်ခုကို မင်းရဲ့ ကျင့်ကြံခြင်း နေရာအဖြစ် စိတ်ကြိုက် ရွေးချယ်နိုင်ခွင့် ရှိပါတယ်။ ဂိုဏ်းအတွင်းက ကုသိုလ်အမှတ် လဲလှယ်ရာဌာနကလည်း အလားတူပဲ ကျင့်ကြံခြင်းကျင့်စဉ် အစရှိတဲ့ အသုံးအဆောင်ပစ္စည်း အားလုံးကို လဲလှယ်ယူနိုင်ခွင့် ရှိတယ်။ အကြီးအကဲတွေရဲ့ သင်ပြ မှု မရှိရင်တော့ ကျင့်ကြံခြင်းအပိုင်းမှာ အနည်းငယ် နှေးကွေးသွားနိုင်တာပေါ့"
စီမံရေးအကြီးအကဲက ဂိုဏ်းတိုကင် အသစ်ကို ချန်ဖန်၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး တစ်ချိန်တည်းမှာပင် အရင်က အပြင်စည်းတိုကင် ထဲ၌ ရှိသော အချက်အလက်အားလုံးကိုလည်း ဤတိုကင် အသစ်ထဲသို့ ပြောင်းရွှေ့ပေးလိုက်သည်။
ဤအတွင်းစည်းတပည့် တိုကင် က အပြင်ပန်းသဏ္ဌာန် ကြည့်ရုံမျှဖြင့် အပြင်စည်းတပည့် တိုကင် ထက် ပိုမို သေသပ်လှပကြောင်း ထင်ရှားလှပေသည်။
ချန်ဖန်က တိုကင် ကို သေချာသိမ်းဆည်းပြီးနောက် "အကြီးအကဲရဲ့ သတိပေးမှုကို ကျေးဇူးတင်ပါတယ်"
"အင်း၊ ရှောင်လင်း... ခဏနေရင် သူ့ကို ခေါ်သွားပြီး အတွင်းစည်းတပည့် ဝတ်စုံတွေ ထုတ်ပေးလိုက်ဦး၊ ပြီးရင် သူ့ကို ကျင့်ကြံခြင်းဂူ တစ်ခု သွားရွေးချယ်ဖို့ ခေါ်သွားပေးလိုက်"
"ဟုတ်ကဲ့ပါ အကြီးအကဲ"
"အင်း၊ မင်းတို့ သွားကြတော့" စီမံရေးအကြီးအကဲက ပြောပြီးသည်နှင့် ခြေလှမ်းခပ်သွက်သွက်ဖြင့် ထွက်ခွာသွားခဲ့သည်။
ဂိုဏ်းအတွင်း၌ ကျင့်ကြံခြင်းအမြန်နှုန်း ဤမျှအထိ မြန်ဆန်လှသော တပည့်အသစ်တစ်ယောက် ထွက်ပေါ်လာခဲ့သဖြင့် သူက သေချာပေါက် ဂိုဏ်းချုပ်ထံသို့ သွားရောက်သတင်းပို့ရမည် ဖြစ်ပေသည်။
ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲကြီး ကျင်းပမည့် နေ့ရက်ကလည်း ပိုမိုနီးကပ်လာခဲ့ပြီ ဖြစ်ရာ ဂိုဏ်းအတွင်း၌ ပါရမီရှင် မျိုးဆက်သစ်တစ်ယောက် ပိုမိုထွက်ပေါ်လာလေလေ ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲကြီးတွင် အဆင့်ကောင်းကောင်း ရရှိနိုင်မည့် မျှော်လင့်ချက်ကလည်း ပိုမိုကြီးမားလာလေလေ မဟုတ်ပါလား။
"ဂျူနီယာညီလေးချန် ၊ငါ့ကိုငါ မိတ်ဆက်ပေးပါရစေ ၊ ငါ့နာမည်က လင်းယုံဖုန်း ပါ၊ နောင်ကျရင် အပြန်အလှန် စောင့်ရှောက်ကြတာပေါ့" လင်းယုံဖုန်းက စောစောက စီမံရေးအကြီးအကဲနှင့် ချန်ဖန်တို့ ပြောဆိုခဲ့သည့် စကားလုံးများကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။
ကျင့်ကြံခြင်းအမြန်နှုန်း ဤမျှအထိ မြန်ဆန်လှသော တပည့်တစ်ယောက်ဖြစ်ပြီး အံ့ဖွယ်အခွင့်အရေးနှင့်လည်း တိုးထားသေးသဖြင့် နောင်ကျလျှင် မည်ကဲ့သို့သော အောင်မြင်မှုမျိုး ရရှိလာမလဲဆိုတာ မပြောနိုင်ပေ ၊ စောစောစီးစီး မိတ်ဆွေဖွဲ့ထားခြင်းက လုံးဝ မရှုံးပေ ။
"စီနီယာအစ်ကိုလင်း မင်္ဂလာပါ၊ နောင်ကျရင် စီနီယာအစ်ကိုကပဲ ပိုပြီး စောင့်ရှောက်ပေးပါဦး" ချန်ဖန်က လင်းယုံဖုန်း၏ အတွေး ကို ရိပ်မိသော်လည်း အလွန်အမင်း ဂရုမစိုက်ပေ ။
"ဂျူနီယာညီလေးကလည်း ဒီလောက်အထိ အားနာမနေပါနဲ့၊ ငါတို့တွေက ဂိုဏ်းတူ ညီအစ်ကိုတွေပဲဥစ္စာ၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် စောင့်ရှောက်ရမှာပေါ့" လင်းယုံဖုန်းက ယဉ်ကျေးစွာ ပြောလိုက်သည်။
"ဂျူနီယာညီလေး ခဏစောင့်ဦး၊ ငါ အခုပဲ မင်းအတွက် အတွင်းစည်းတပည့် ဝတ်စုံ သွားယူပေးမယ်၊ ဂျူနီယာညီလေး ဝတ်လိုက်ရင် သေချာပေါက် ပိုပြီး ခန့်ညားသွားမှာပဲ" လင်းယုံဖုန်းက ပြောပြီးသည်နှင့် အတွင်းဘက်သို့ လှမ်းဝင်သွားခဲ့သည်။
ချန်ဖန် တစ်ယောက်တည်း မျက်နှာပျက်လျက် ကျန်ရစ်ခဲ့ရသည်၊ ဤကဲ့သို့သော လောကဝတ် စကားလုံးများအပေါ်တွင် သူက အခုထိ သိပ်ပြီး အသားမကျသေးသောကြောင့်ပင်။ "ဒီစီနီယာအစ်ကိုလင်းက နည်းနည်းတော့ လွန်လွန်ကဲကဲ ဖော်ရွေလွန်းနေတာ မဟုတ်ဘူးလား"