အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
အခန်း (၄၇) လမင်းကြီး ဘယ်သောခါမှ လင်းထိန် ပါအံ့နည်း
မကြာမီအချိန်မှာပင် လင်းယုံဖုန်းက ဝတ်စုံတစ်ထပ် ကြီးကို ပွေ့ပိုက်လျက် လျှောက်လာခဲ့သည်။
"ဂျူနီယာညီလေး... ရော့၊ ဒါက ငါ မင်းအတွက် အခုတင် သေသေချာချာ ရွေးပေးလာတဲ့ ဝတ်စုံတွေပဲ၊ မင်းနဲ့ တကယ့်ကို ကွက်တိဖြစ်မှာ"
"စီနီယာအစ်ကို့ကို ကျေးဇူးတင်ပါတယ်" ချန်ဖန်က ဝတ်စုံများကို လှမ်းယူကာ တစ်ချက်ကြည့်ပြီးနောက် သိုလှောင်အိတ် ထဲသို့ တိုက်ရိုက် ထည့်သိမ်းလိုက်သည်။
"ဂျူနီယာညီလေးကလည်း ဘာတွေလာပြီး အားနာနေတာလဲ၊ ငါ တို့တွေက ဂိုဏ်းတူ ညီအစ်ကိုတွေပဲဥစ္စာ၊ ကျေးဇူးတင်နေဖို့ မလိုပါဘူး။ လာ... စီနီယာအစ်ကို မင်းကို အဆင့်မြင့်တဲ့ ကျင့်ကြံခြင်းဂူ အကောင်းစားတစ်လုံးဆီ ခေါ်သွားပြီး ရွေးခိုင်းမယ်"
လင်းယုံဖုန်းက ပြောပြောဆိုဆိုဖြင့် ချန်ဖန်ကို အပြင်သို့ ဆွဲခေါ်သွားတော့သည်။
ချန်ဖန်မှာ လင်းယုံဖုန်း၏ လွန်လွန်ကဲကဲ ဖော်ရွေမှုကို တကယ့်ကို မခံစားနိုင်တော့သဖြင့် အလိုက်သင့်သာ အတင်းလိုက်ပါသွားရတော့၏။
မကြာခင်မှာပင် သူတို့နှစ်ဦးက အတွင်းစည်းတပည့်များ နေထိုင်ရာ ကျင့်ကြံခြင်းဂူများရှိရာ နေရာသို့ ရောက်ရှိလာခဲ့ကြသည်။
"ဂျူနီယာညီလေး... ဒီက ကျင့်ကြံခြင်းဂူတွေထဲမှာ လူမနေတဲ့ ဂူမှန်သမျှကို မင်း စိတ်ကြိုက် ရွေးချယ်လို့ရတယ်"
လင်းယုံဖုန်း ညွှန်ပြသည့် ဘက်သို့ ချန်ဖန် လှမ်းကြည့်လိုက်ရာ တောင်ထိပ် ငါးခုစလုံးတွင် ကျင့်ကြံခြင်းဂူများစွာ စီတန်းတည်ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
ဤအတွင်းစည်းတပည့်များ နေထိုင်ရာ နေရာသို့ ခြေချလိုက်သည်နှင့် ချန်ဖန်က ဤနေရာ၏ ဝိညာဉ်စွမ်းအား က အပြင်စည်း နေရာများထက် ပိုမို သိပ်သည်းမှု ရှိနေကြောင်း ချက်ချင်းပင် ခံစားလိုက်ရသည်။
"ဂျူနီယာညီလေး ကြည့်လိုက်၊ ဒီက ကျင့်ကြံခြင်းဂူ တိုင်းမှာ အကာအကွယ် အစီအရင် တစ်ခုစီ ရှိကြတယ်။ မင်း ဂူတစ်လုံးကို သဘောကျလို့ ရွေးပြီးပြီဆိုရင် မင်းရဲ့ ဂိုဏ်းတိုကင် နဲ့ တစ်ချက် စကန်ဖတ် လိုက်ရုံပဲ၊ ဒါဆိုရင် ဒီဂူက မင်းတစ်ယောက်တည်းပိုင် ဖြစ်သွားပြီ။ နောင်ကျရင် မင်းရဲ့ ဂိုဏ်းတိုကင် ရှိမှသာ ဒီဂူရဲ့ အစီအရင်ကို ဖွင့်နိုင်မှာ"
"စီနီယာအစ်ကို့ရဲ့ ရှင်းပြမှုကို ကျေးဇူးတင်ပါတယ်၊ တကယ်လို့ ကျွန်တော် တစ်ယောက်တည်းသာ ဆိုရင် သေချာပေါက် အကြာကြီး လိုက်ရှာ နေရဦးမှာ"
"ဂျူနီယာညီလေးက နောက်ထပ် အားနာစရာ စကားတွေ ပြောပြန်ပြီ၊ မင်းက ဒီလိုမျိုး အားနာနေဦးမယ်ဆိုရင် ငါ့ကို စီနီယာအစ်ကိုတစ်ယောက်အနေနဲ့ အဖက်မလုပ်တာပဲ" လင်းယုံဖုန်းက ပြောရင်းနှင့် အနည်းငယ် စိတ်ဆိုးချင်ယောင်ဆောင် ပြလိုက်သည်။
"ကောင်းပါပြီ... ကောင်းပါပြီ၊ ကျွန်တော်ပဲ စကားမှားသွားတာပါ" ချန်ဖန်က အခုအချိန်တွင် လင်းယုံဖုန်း၏ အပြုအမူများကို ကြည့်လေလေ ပို၍ ထူးဆန်းလေလေဟု ခံစားရသော်လည်း စကားအလိုက်သင့်သာ ပြန်လည်ပြောဆိုလိုက်သည်။
သူက ဤလင်းယုံဖုန်းတစ်ယောက် ဘာ ဉာဏ် ဆင်နေသလဲဆိုတာကို စောင့်ကြည့်ချင်နေခြင်း ဖြစ်ပေသည်။
လင်းယုံဖုန်းက ချန်ဖန်ကို ခေါ်ဆောင်၍ ရှေ့သို့ ဆက်လက်လျှောက်လှမ်းရင်း လူမနေသည့် ကျင့်ကြံခြင်းဂူတစ်ခု၏ အရှေ့သို့ ရောက်တိုင်း အမြဲ မေးနေခဲ့သည်။ "ဂျူနီယာညီလေး... ဒီဂူကော ဘယ်လိုလဲ"
ချန်ဖန်ကမူ မည်သည့်ဂူတွင် နေထိုင်ရမည်ကို အမှန်တကယ် စိတ်ကူးမရှိပေ ၊ သူက ချက်ချင်းမရွေးဘဲ အချိန်ဆွဲနေခြင်းမှာ လင်းယုံဖုန်းကို ပိုမို အကဲခတ်လို၍သာ ဖြစ်သည်။
"ဂျူနီယာညီလေး... ငါကြည့်ရတာတော့ အဲ့ဒီဘက်က ဂူက မဆိုးဘူး၊ ဝိညာဉ်စွမ်းအားကလည်း တခြားနေရာတွေထက် ပိုပြီး သိပ်သည်းတယ်၊ ကျင့်ကြံရင်လည်း သေချာပေါက် တစ်ဝက်အားစိုက်ရုံနဲ့ နှစ်ဆခရီးရောက် မှာပဲ"
လင်းယုံဖုန်း ညွှန်ပြသည့် ကျင့်ကြံခြင်းဂူကို ချန်ဖန် လှမ်းကြည့်လိုက်ရာ အမှန်ပင် ဝိညာဉ်စွမ်းအားက သာမန်ဂူများထက် ပိုမို သိပ်သည်းနေခဲ့သည်။
သို့သော်လည်း သူက ချက်ချင်း ဆုံးဖြတ်ချက်မချသေးဘဲ ပြန်မေးလိုက်သည်။ "စီနီယာအစ်ကိုကော ဒီနေရာမှာပဲ နေတာလား"
"ဒါပေါ့... မဟုတ်ရင် ငါက ဘယ်မှာ သွားနေရမှာလဲ" လင်းယုံဖုန်းက ချန်ဖန်ကို အကြာကြီး လိုက်လံပြသပေးခဲ့သော်လည်း တစ်ခုမျှ ရွေးချယ်ခြင်း မရှိသေးသဖြင့် အနည်းငယ် စိတ်မရှည် ဖြစ်လာသော်လည်း သူ၏ စိတ်ဆိုးမှုကို အောင့်အီးလျက် ပြောလိုက်လေသည်။
"ဒါဆိုရင် စီနီယာအစ်ကို့ရဲ့ ဂူတည်နေရာလေးကို ကျွန်တော့်ကို ပြောပြပေးပါဦး၊ စီနီယာအစ်ကိုက ဒီနေ့ ကျွန်တော့်ကို ဒီလောက်အထိ ကူညီပေးတာဆိုတော့ နောင်ကျရင် ကျွန်တော် စီနီယာအစ်ကို့ရဲ့ ဂူဆီကို လူကိုယ်တိုင် လာဂါရဝပြု ရအောင်လို့ပါ"
ချန်ဖန်က ဤလင်းယုံဖုန်းက လွန်လွန်ကဲကဲ ဖော်ရွေလွန်းနေသဖြင့် အခြေအနေက ပုံမှန်မဟုတ်ဘဲ တစ်ခုခု ထူးခြားနေသည်ဟု ခံစားမိသည်။ "ဒီလင်းယုံဖုန်းက ငါအပြင်မှာ ရခဲ့တယ်ဆိုတဲ့ အံ့ဖွယ်အခွင့်အရေးပေါ်ကို စိတ်ယိုင်နေတာများလား"
"ဟမ်" လင်းယုံဖုန်းက တစ်ခဏမျှ ဇဝေဇဝါ ဖြစ်သွားခဲ့ရ၏၊ "သူ ငါ့ရဲ့ ရည်ရွယ်ချက်ကို ရိပ်မိသွားတာလား"
စိတ်ထဲတွင် သံသယဝင်သွားသော်လည်း လင်းယုံဖုန်းက မျက်နှာအမူအရာ မပျက်ဘဲ တည်ငြိမ်စွာ ပြော လိုက်သည်။ "ငါ့ရဲ့ဂူက လင်းရှုတောင်ထိပ်၊ ဂူအမှတ် ၅၅ မှာပဲ"
ဤဂူတည်နေရာက သူ့ဘာသာသူ အလွယ်တကူ လျှောက်ပြောလိုက်ခြင်းသာ ဖြစ်ပေသည်၊ ချန်ဖန် သူ့ကို လာရှာမည်ကိုလည်း သူ မကြောက်ပေ ။ တကယ်လို့ လာရှာခဲ့လျှင်ပင် သူဂူထဲမှာ မရှိဟန်ဆောင်ခြင်း (သို့မဟုတ်) ဂူပြောင်းသွားပြီဟု အကြောင်းပြချက် ပေးလိုက်ရုံသာ ဖြစ်သည်။
"ကောင်းပါပြီ၊ ကျွန်တော် မှတ်ထားလိုက်ပါပြီ၊ အချိန်ရရင် စီနီယာအစ်ကို့ဆီ သေချာပေါက် လာခဲ့ပါ့မယ်"
ချန်ဖန်က လင်းယုံဖုန်း၏ မသဘာဝကျသော အမူအရာကို ရိပ်မိလိုက်သဖြင့် စောစောက သူပြောလိုက်သည့် တည်နေရာကလည်း အတုအယောင်သာ ဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။
"စီနီယာအစ်ကို... ဒီနေ့ ကျွန်တော့်ကို လိုက်ပြပေးရတာ တော်တော်လေး ပင်ပန်းသွားပါပြီ၊ ကျွန်တော်လည်း ဆက်ပြီး မရွေးတော့ပါဘူး၊ စီနီယာအစ်ကို ညွှန်ပြတဲ့ ဒီဂူကိုပဲ ရွေးလိုက်တော့မယ်"
ပြောပြောဆိုဆိုဖြင့် ချန်ဖန်က လင်းယုံဖုန်း စောစောက ညွှန်ပြခဲ့သည့် ကျင့်ကြံခြင်းဂူဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
မူလနေရာတွင် ရပ်ကျန်ရစ်ခဲ့သည့် လင်းယုံဖုန်းကမူ အနည်းငယ် အံ့အားသင့်သွားခဲ့ရ၏၊ စောစောကအထိ တဂျီဂျီရွေးချယ်နေပြီးမှ အခုကျမှ ရုတ်တရက်ကြီး ချက်ချင်း ဆုံးဖြတ်လိုက်ခြင်းကြောင့်ပင်။
သို့သော်လည်း ကိစ္စမရှိပေ ၊ ရွေးချယ်ပြီးသွားလျှင် အဆင်ပြေပြီ ဖြစ်သည်။
လင်းယုံဖုန်းသည် ချန်ဖန်ကို ကြည့်ရင်း သူ၏ မျက်ဝန်းထဲတွင် မည်းမှောင်ကောက်ကျစ်သော အကြည့်တစ်ချက် ဖြတ်သန်းသွားခဲ့သည်။
ထိုစဉ် ချန်ဖန်က ရုတ်တရက် လှည့်ကြည့်လိုက်ပြီး အော်ပြောလိုက်၏။ "စီနီယာအစ်ကို... လာပြီး ကူကြည့်ပေးပါဦး"
ချန်ဖန်၏ ရုတ်တရက် လှည့်အကြည့်တွင် လင်းယုံဖုန်းမှာ ကြောက်လန့်တကြားဖြစ်ကာ ချက်ချင်းပင် မျက်နှာအမူအရာကို အတင်းပြောင်းလဲလိုက်ရသည်။ "သူ ငါ့ကို ရိပ်မိသွားတာလား"
ထို့နောက် လင်းယုံဖုန်းက အပြုံးတုကြီးဖြင့် ပြန်ဖြေလိုက်သည်။ "လာပြီ ဂျူနီယာညီလေး..."
လင်းယုံဖုန်း၏ စောစောက ကောက်ကျစ်သော မျက်နှာအမူအရာ ပျက်သွားသည်ကို ချန်ဖန် အသေအချာ မြင်တွေ့လိုက်ရသဖြင့် စိတ်ထဲကနေ မထီမဲ့မြင် ပြုံးလိုက်မိသည်။ "ဟမ့်... တစ်နေ့လုံး အတင်းဟန်ဆောင်နေပြီးတော့ အခုကျမှ ဟန်မဆောင်နိုင်တော့ဘူးပေါ့"
သို့သော်လည်း ချန်ဖန်က ဤကိစ္စကို အလွန်အမင်း စိတ်ထဲမထားဘဲ သူ ရွေး ချယ်လိုက်သည့် ကျင့်ကြံခြင်းဂူကို စတင်ကြည့်လိုက်သည်။
ဂူတံခါးဝ၏ ဘေးနားတွင် စာလုံးအသေးလေးအချို့ ရေးသားထားသည်ကို မြင်တွေ့လိုက်ရ၏။
"လင်းယွမ်တောင်ထိပ် ၊ ဂူအမှတ် ၂၃။"
ထိုစဉ် လင်းယုံဖုန်းက လျှောက်လာခဲ့ပြီး "ဂျူနီယာညီလေး... မင်းရဲ့ ဂိုဏ်းတိုကင် ကို ထုတ်ပြီး အဲ့ဒီစာလုံးလေးတွေပေါ်မှာ ကပ်လိုက်၊ ဒါဆိုရင် ဂူရဲ့ အစီအရင်က မင်းရဲ့ တိုကင် နဲ့ ချိတ်ဆက်သွားလိမ့်မယ်"
ချန်ဖန်က ကြားရသည်နှင့် သူ၏ ဂိုဏ်းတိုကင် ကို ထုတ်ယူကာ ဂူအမှတ် ၂၃ ဆိုသည့် စာလုံးများပေါ်တွင် ကပ်လိုက်သည်။
ချက်ချင်းပင် ဂူတံခါးအရှေ့၌ အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။
ထို့နောက် ဂူတံခါးအရှေ့တွင် ပွင့်လင်းမြင်သာသော ပါးလွှာသည့် အလွှာတစ်ခု ထွက်ပေါ်လာခဲ့ရာ ဤအရာက အကာအကွယ် အစီအရင် ဖြစ်တန်ရာသည်။
ချန်ဖန်က ဂိုဏ်းတိုကင် ကို ကိုင်ဆောင်လျက် ရှေ့သို့ လှမ်းဝင်လိုက်ရာ ထိုပါးလွှာသော အလွှာက သူ့ကို မည်သို့မျှ တားဆီးခြင်း မရှိဘဲ အလွယ်တကူ ဖြတ်သန်းသွားနိုင်ခဲ့သည်။
ချန်ဖန်က ဂူတံခါးဝတွင် ရပ်လျက် ဖိတ်ခေါ်လိုက်သည်။ "စီနီယာအစ်ကို... အတွင်းထဲကို ဝင်ပြီး ကျွန်တော့်ဂူကို လေ့လာကြည့်ပါဦးမလား"
သို့သော်လည်း ချန်ဖန် မျှော်လင့်မထားသည်မှာ လင်းယုံဖုန်းက လက်ခါပြလျက် ငြင်းငယ်လိုက်သည်။ "မလိုတော့ပါဘူး ဂျူနီယာညီလေးရာ၊ မင်းရဲ့ ကျင့်ကြံခြင်းဂူကိုလည်း ရွေးပြီးပြီဆိုတော့ ငါ့ရဲ့ တာဝန်လည်း ပြီးမြောက်သွားပါပြီ၊ မင်း ဒီနေ့ ကောင်းကောင်း အနားယူလိုက်ဦး၊ နောက်မှပဲ ငါ လာခဲ့တော့မယ်"
ပြောပြီးသည်နှင့် လင်းယုံဖုန်းက လှည့်ထွက်သွားခဲ့လေတော့သည်။
သို့သော်လည်း လှည့်ထွက်သွားသည့် လင်းယုံဖုန်း၏ မျက်နှာပေါ်က အမူအရာကမူ တကယ့်ကို တွေးတောစရာ ဖြစ်နေခဲ့သည်။
လင်းယုံဖုန်းက သူ၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ပြီး ထွက်သွားသည်ကို မြင်ရသောအခါ ချန်ဖန်က မျက်ခုံးပင့်မိသွားသည်။ "ငါ သူ့အပေါ်ကို အထင်လွဲမိသွားတာများလား"
"ထားလိုက်ပါတော့... ကိစ္စမရှိပါဘူး၊ တကယ်လို့ အထင်လွဲသွားတာပဲ ဖြစ်ဖြစ် စောစောကလည်း ငါ ဘာအမူအရာမှ ထုတ်မပြခဲ့တာပဲဥစ္စာ"
ချန်ဖန်က လှည့်ကာ ဂူတံခါးကြီးကို ဖွင့်ပြီး အတွင်းသို့ လှမ်းဝင်ခဲ့သည်။
အမှန်ပင် အတွင်းစည်းတပည့်များ နေထိုင်ရာ ကျင့်ကြံခြင်းဂူက တကယ့်ကို ကောင်းမွန်လှပေသည်၊ ဂူအတွင်း၌ သီးခြား ကမ္ဘာငယ်လေးတစ်ခု ရှိနေသကဲ့သို့ ဖြစ်ပြီး ကျင့်ကြံခြင်းဂူဆိုသည်မှာ သာမန်တောင်လိုဏ်ဂူတစ်ခုမျှသာ မဟုတ်ပေ ။
ဂူအပြင်ဘက်က အကာအကွယ် အစီအရင်က သေချာပေါက် ပုံရိပ်ယောင် အစီအရင် အစွမ်းလည်း ပါဝင်ဟန်တူသည်။
ဂူကို အပြင်ဘက်က ကြည့်ရသည်နှင့် အတွင်းဘက်က ကြည့်ရသည်မှာ လုံးဝ ကွဲပြားခြားနားလှပေရာ ဂူအတွင်းပိုင်းသည် လောကအပြင်က နတ်သက်ကြွေ အရပ်ဒေသတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။
ဝင်ပေါက်နေရာတွင် အလတ်စား ရေကန်ငယ်တစ်ခု ရှိနေပြီး ရေကန်ထဲတွင် ပန်းမန်များနှင့် ရေကူးနေကြသော ငါးကလေးများ ရှိနေကြသည်။
ဂူအတွင်း၌ ပန်းမန်မြက်ပင်များနှင့် သစ်ပင်ကြီးများ ရှိနေသည့်အပြင် ကျောက်စားပွဲ၊ ကျောက်ကုလားထိုင်များနှင့် နားနေဆောင် များပါ အစုံအလင် ရှိနေခဲ့သည်။
ရှေ့သို့ ဆက်သွားပါက အိပ်ခန်း၊ ကျင့်ကြံခြင်းအခန်းနှင့် မီးဖိုချောင် အစရှိသည့် အခန်းတွဲများစွာ ရှိနေသည်။
"ဒီအတွင်းစည်းတပည့်တွေ နေတဲ့နေရာက အပြင်စည်းထက် တကယ့်ကို အဆပေါင်းများစွာ ပိုကောင်းတာပဲ"
"အပြင်စည်းတုန်းက နေရာကတော့ သက်ငယ်မိုး တဲစုတ်လေး တစ်လုံးပဲ ရှိတာ"
"ဒါနဲ့... ဒီအတွင်းစည်းတပည့်တွေ နေတဲ့နေရာကို အပြင်လူ ခေါ်လာလို့ ရမရဆိုတာ မသိဘူး"
"မဖြစ်ဘူး၊ မနက်ဖြန်ကျရင် တစ်ယောက်ယောက်ကို သေချာ မေးကြည့်ရမယ်"
"ပြီးတော့ ဒီလောက် အကောင်းစား နေရာကြီးကို ဂျူနီယာညီလေးယွီ ကို ခေါ်လာပြီး သေချာပေါက် ကြွားရဦးမယ်၊ သူ့ကို အားကျသွားစေရမယ်"
တွေးလေလေ ချန်ဖန်၏ စိတ်ထဲတွင် ပို၍ ပျော်ရွှင်လာလေလေ ဖြစ်ပေသည်၊ ယွီရှင်းစစ် က သူ ချင်းယွမ်ဂိုဏ်းအတွင်း၌ ရရှိခဲ့သော တစ်ဦးတည်းသော မိတ်ဆွေစစ် ဖြစ်ပေသည်။
စကားပုံအတိုင်း ဆိုရလျှင်မူ... "လမင်းကြီး ဘယ်သောခါမှ လင်းထိန် ပါအံ့နည်း၊ နှစ်ယောက်သား ဝိုင် သောက်ရင်း သီချင်းဆိုရလျှင် အကောင်းဆုံးပေါ့"
ယွီရှင်းစစ်နှင့် ဝိုင် သောက်မည့် ကိစ္စကို တွေးမိလိုက်သည်နှင့် ချန်ဖန်က စိတ်ထဲတွင် ရုတ်တရက် လိပ်ပြာမလုံ ဖြစ်သွားခဲ့ရသည်။
"ငါ အခု သခင် ဆီကို ချင်းယွမ်ဂိုဏ်းအတွင်းက ငါ့ရဲ့ အခြေအနေတွေကို လှမ်းပြီး သတင်းပို့သင့်ပြီလား"
"သခင်က မကြာသေးခင်ကတည်းက ငါ့ကို ဘာတာဝန်မှ မပေးတော့ဘူးပဲ"
"သခင်က ငါ ဝိုင် ခိုးသောက်တဲ့ ကိစ္စကို ကြိုပြီး သိသွားလို့များလား"
အခန်း (၄၈) ကိုယ်ပွားက လက်အောက်ငယ်သားများ လက်ခံခြင်း
"သခင်... မနေ့ညက ချန်ဖန် ပြန်လာပြီး အစီရင်ခံပါတယ်၊ သူက အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံခြင်းကို ထုတ်ဖော်ပြသလိုက်ပြီး အခုဆိုရင် ချင်းယွမ်ဂိုဏ်းရဲ့ အတွင်းစည်းတပည့် ဖြစ်သွားပါပြီ။ ဒါပေမဲ့ သူ ကျင့်ကြံခြင်းကို ဖုံးကွယ်ဖို့ ပြောလိုက်တဲ့ အံ့ဖွယ်အခွင့်အရေးက တခြားလူတွေရဲ့ လောဘကို ဆွပေးလိုက်သလို ဖြစ်သွားပုံရတယ်၊ ဒါပေမယ့် လည်း လောလောဆယ် အရာအားလုံးက သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေပါသေးတယ်"
"အင်း... သိပြီ" ချန်ကျီက ချန်ဖန်၏ ကိစ္စကို အလွန်အမင်း စိတ်ထဲမထားပေ ။
သူ့ကို ချင်းယွမ်ဂိုဏ်းဆီ လွှတ်လိုက်ခြင်းကလည်း စိတ်ကူးပေါက်ရာ လုပ်ဆောင်ခဲ့သည့် အစီအစဉ်တစ်ခုမျှသာ ဖြစ်ပြီး သူ မည်မျှအထိ လုပ်ဆောင်နိုင်မလဲဆိုတာကတော့ အရေးမကြီးပေ ။
"လင်းအာ... မနေ့က သီချင်း ကို ဘယ်လောက်အထိ တတ် သွားပြီလဲ"
ချန်ကျီက ဤသို့ လှမ်းမေးလိုက်သည်တွင် ကျောက်လင်းအာ မှာ အနည်းငယ် အားနာသွားပြီး မျက်နှာလေး ရဲခနဲ ဖြစ်သွားခဲ့ရ၏။ သူက စကားကို ထစ်ထစ်ငေါ့ငေါ့ဖြင့် တိုးတိုးလေး ဖြေလိုက်သည်။ "တတ်... တတ်လောက်ပြီ ထင်ပါတယ်"
"ဟုတ်လား... ဒါဆိုရင် မြန်မြန်လေး ဆိုပြစမ်းပါဦး"
စောစောက ပျင်းရိပျင်းတွဲဖြင့် ပက်လက် ကုလားထိုင်ပေါ်တွင် လှဲလျောင်း နေသည့် ချန်ကျီက အခုကျမှ ရုတ်တရက် စိတ်ဝင်တစား ဖြစ်လာခဲ့သည်။
"ဒါက..." ကျောက်လင်းအာက အခုထိ သိပ်ပြီး ဟန်မဆောင်နိုင်သေးပေ ။
မိန်းကလေး ဖြစ်သည့်အပြင် အနည်းငယ်လည်း ရှက်တတ်သဖြင့် လူရှေ့သူရှေ့ ဖျော်ဖြေရမည် ဆိုသောကြောင့် ကျောက်လင်းအာမှာ ပို၍ပင် စိတ်လှုပ်ရှားပြီး အနေခက်နေခဲ့သည်။
"ကိစ္စမရှိပါဘူး၊ ဒီမှာ ငါတို့နှစ်ယောက်တည်း ရှိတာပဲဥစ္စာ၊ တကယ်လို့ မင်း ဆိုတာ မကောင်းရင်လည်း ငါ ထပ်ပြီး သင်ပေးမှာပေါ့"
"ဟုတ်ကဲ့ပါ"
ထို့နောက်တွင်မူ ကျောက်လင်းအာက စတင်သီဆိုလိုက်တော့သည်၊ သို့သော်လည်း အသံကမူ အနည်းငယ် တိုးလွန်းနေခဲ့၏။
"မက်မွန်ရွက် ထိပ်ဖျားလေးက ချွန်ထက်လွန်းလှတယ်၊ မိုးကုတ်စက်ဝိုင်း တစ်ခွင်လုံး မိုးမခရွက်တွေ ဖုံးလွှမ်းလို့နေတယ်..."
"ရတယ်၊ အသံကို နည်းနည်းလောက် ထပ်ကျယ်လိုက်၊ မင်း တကယ်ကို ကောင်းကောင်း ဆိုနိုင်ပါတယ်"
ချန်ကျီက ကျောက်လင်းအာကို အားပေးနှစ်သိမ့်ရန် ပြောနေခြင်း မဟုတ်ပေ၊ ကျောက်လင်းအာက အမှန်တကယ်ပင် အလွန် ကောင်းမွန်စွာ သီဆိုနိုင်သောကြောင့် ဖြစ်သည်။
ကျောက်လင်းအာက ခေါင်းညိတ်လိုက်ပြီး သီချင်းကို အစကနေ ပြန်လည် သီဆိုလိုက်ပြန်သည်။ "မက်မွန်ရွက် ထိပ်ဖျားလေးက ချွန်ထက်လွန်းလှတယ်၊ မိုးကုတ်စက်ဝိုင်း တစ်ခွင်လုံး မိုးမခရွက်တွေ ဖုံးလွှမ်းလို့နေတယ်၊ ဒီနေရာမှာ ရှိနေတဲ့ အဖိုးဖြစ်သူက... ကျွန်မရဲ့ စကားကို အသေအချာ နားထောင်ပေးပါ။ ဒီကိစ္စက ပေကျင်းအနောက်ပိုင်း ကျင်းရှီးလန်တျန့်ချန် မှာ ဖြစ်ပွားခဲ့တာယ်၊ လန်တျန့်ချန် လက်နက်တိုက်စခန်းမှာ စုန့် အမည်ရှိတဲ့ အဖိုးအို တစ်ယောက် ရှိတယ်..."
ကျောက်လင်းအာ သီဆိုနေသည့် တစ်ချိန်တည်းမှာပင် ချန်ကျီ၏ လက်ချောင်းများက ပက်လက် ကုလားထိုင်၏ လက်တင်ပေါ်တွင် တောက်လျှောက် လိုက်လံခေါက်ဆွဲနေခဲ့ပြီး ရံဖန်ရံခါ ခေါင်းညိတ်ပြနေခဲ့ရာ ကျောက်လင်းအာအတွက် စည်းချက် လိုက်ပေးနေသည့်အလားပင်။
ကျောက်လင်းအာက သီချင်းတစ်ပုဒ် ဆိုပြီးသွားသည်တွင် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းမော့ကာ ချန်ကျီကို လှမ်းကြည့်လိုက်သည်။
"ကောင်းတယ်" ချန်ကျီက လက်ခုပ်တီးလျက် ကျောက်လင်းအာကို ချီးကျူးလိုက်၏။
"တွေ့လား... မင်း တကယ်ကို ကောင်းကောင်း ဆိုနိုင်တာပဲ၊ နောင်ကျရင်လည်း ဒီအတိုင်းပဲ ဆို။ လာ... လာ... လာ၊ ငါ မင်းကို သီချင်းအသစ် နှစ်ပုဒ် ထပ်ပြီး သင်ပေးဦးမယ်"
ချန်ကျီက သူ့ကိုယ်သူ ကျောက်လင်းအာကို သီချင်းများ သီဆိုတတ်အောင် သင်ကြားပေးခဲ့မိခြင်းအတွက် အလွန်ပင် ကံကောင်းသည်ဟု တွေးတောမိလိုက်သည်။
ဝမ်နန်မြို့တော် အတွင်း၌ သီချင်းနားထောင်စရာ ကပွဲရုံများ မရှိသော်လည်း နောင်ကျလျှင် အိမ်ထဲ၌ လှဲလျောင်းနေရုံမျှဖြင့် ကျောက်လင်းအာ၏ သာယာငြိမ့်ညောင်းသော တေးသံကို နားဆင်နိုင်တော့မည် မဟုတ်ပါလား။
ကျောက်လင်းအာကမူ အံ့ဩတုန်လှုပ်စွာဖြင့် သတိပေးလိုက်သည်။ "ဟမ် သခင်က ဒီနေ့ ထပ်ပြီး သင်ဦးမလို့လား။ ဒီနေ့ ဆိုင်အသစ်ဘက်ကို သွားရမှာ မဟုတ်ဘူးလား၊ သခင် ပြောထားတဲ့ ဆိုင်းဘုတ်တွေနဲ့ အလှဆင် တဲ့ ကိစ္စတွေလည်း ဘာမှ မလုပ်ရသေးဘူးလေ"
ချန်ကျီက ထိုအချိန်မှသာ တစ်ခုခုကို သတိရသွားသည့်အလား သူ့ပေါင်ကို ဖြတ်ခနဲ ရိုက်လိုက်မိ၏။ "မင်း သတိမပေးရင် ငါ တောင် မေ့တော့မလို့ ကောင်းပြီ... ဒါဆိုရင် ဆိုင်အသစ်ဘက်ကို အရင်သွားပြီး အလုပ်တွေကို အစီအစဉ်ချလိုက်ဦးမယ်၊ ပြီးမှ ပြန်လာပြီး ဆက်ကြတာပေါ့"
အမှန်တကယ်တော့ မနေ့ကတည်းက ဆိုင်ကို အလှဆင် ရန်အတွက် လူ သွားရှာရမည် ဖြစ်သည်။
သို့သော်လည်း မနေ့က ရုတ်တရက်ကြီး တာဝန်ခံ နှင့် တိုးခဲ့သဖြင့် ထိုတာဝန်ခံ ၏ ကိစ္စကို ဖြေရှင်းနေရသည်နှင့် ဆိုင်အလှဆင် ရမည့် ကိစ္စကို လုံးဝ မေ့လျော့သွားခဲ့ရသည်။
ချန်ကျီက ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး အိမ်တော်အပြင်ဘက်သို့ လှမ်းထွက်ရန် ပြင်လိုက်တော့သည်။
သူက ဆိုင်အလှဆင် ရမည့် ကိစ္စများကို အမြန်ဆုံး စီစဉ်ပြီးစီးအောင် လုပ်ဆောင်ကာ ကျောက်လင်းအာကို သီချင်းအသစ်များ အမြန်ဆုံး ပြန်လာသင်ပေးချင်နေခဲ့ပြီ ဖြစ်သည်။
"သခင်... ဖြည်းဖြည်းသွားပါ၊ ကျွန်မကို စောင့်ဦးလေ" ကျောက်လင်းအာမှာ ချန်ကျီတစ်ယောက် ဘာဖြစ်လို့ ရုတ်တရက်ကြီး ဤမျှအထိ တက်ကြွသွားရသလဲဆိုတာကို လုံးဝ နားမလည်နိုင်ပေ ။
"မြန်မြန်လုပ်၊ လုပ်စရာ အလုပ်တွေ အများကြီး ကျန်သေးတယ်"
"သခင်... ဖြည်းဖြည်းသွားပါရှင်"
တစ်ချိန်တည်းမှာပင် တာ့ချန်မင်းဆက် ၏ နယ်စပ်ဒေသ အရပ်တစ်ခု၌ ကိုယ်ပွား ကျောက်ယွမ်က သူ၏ နောက် ကနေ တောက်လျှောက် လိုက်ပါလာကြသော လူတစ်ရာကျော်ကို ကြည့်ရင်း ဆွံ့အမှင်တက်နေခဲ့ရသည်။
"ငါ မင်းတို့ကို အကုန်လုံး ရှင်းရှင်းလင်းလင်း ပြောပြပြီးပြီ မဟုတ်လား။ မင်းတို့ အခု လွတ်လပ်သွားကြပြီ၊ မင်းတို့ သွားချင်တဲ့နေရာကို သွားလို့ရတယ်၊ ငါ့နောက်ကို ဒီလိုမျိုး လိုက်နေစရာ မလိုတော့ဘူး" ကျောက်ယွမ် က ထိုလူတစ်ရာကျော်ကို ကြည့်ရင်း အတော်လေး စိတ်ညစ်စွာ ပြောလိုက်သည်။
ထိုစဉ် လူတစ်ရာကျော်ထဲမှ လူတစ်ယောက်က ရှေ့သို့ လှမ်းထွက်လာပြီး ပြော လိုက်၏။ "ကျေးဇူးရှင်... ကျွန်တော်တို့ရဲ့ အသက်တွေကို ကျေးဇူးရှင်ကပဲ ကယ်တင်ပေးခဲ့တာပါ၊ ကျွန်တော်တို့ သေချာပေါက် ကျေးဇူးဆပ်ရပါမယ်၊ ကျွန်တော်တို့ကို ကျေးဇူးရှင်ရဲ့ ဘေးနားမှာပဲ ခစားခွင့်ပြုပါ"
ထိုလူက ပြောပြီးသည်နှင့် လူအုပ်ထဲမှ နောက်ထပ်လူတစ်ယောက်ကလည်း ထပ်မံ ထွက်လာပြန်သည်။ "ဟုတ်ပါတယ် ကျေးဇူးရှင်... ကျေးဇူးရှင်က ကျွန်တော်တို့ကို ဒီနေရာအထိ ကယ်ထုတ်ပေးလာတာပါ၊ ဒါပေမဲ့ ကျွန်တော်တို့က ဒီအရပ်ဒေသကို မသိတယ့် နယ်စပ် ဖြစ်နေလို့ ဘယ်ကို သွားရမလဲဆိုတာ မသိပါဘူး၊ ကျွန်တော်တို့ကို ကျေးဇူးရှင်ရဲ့ ဘေးနားမှာပဲ နေခွင့်ပြုပါ"
"ကျေးဇူးရှင်... ကျေးဇူးရှင်က ကျွန်တော်တို့ကို ဒုက္ခပင်လယ်ထဲကနေ ကယ်တင်ပေးခဲ့တာဆိုတော့ ကျွန်တော်တို့ကို ဒီနေရာမှာတင် စွန့်ပစ်ပြီး ကိုယ့်ရိက္ခာ ကိုယ်ရှာ ခိုင်းလို့တော့ မဖြစ်ဘူးလေ"
ကျောက်ယွမ် ၏ စိတ်ထဲတွင် အတိုင်းအဆမရှိ ပူပန်သွားခဲ့ရသည်၊ ချန်ကျီ ပေးထားသည့် တာဝန်က သူ့ဘာသာသူ အပြင်လောကကို လှည့်လည်သွားလာရန် ဖြစ်သည်။
သူက ကျင့်ကြံခြင်းဂိုဏ်းအသီးသီးကို သွားရောက်ဗဟုသုတရှာဖွေပြီး တစ်ဆက်တည်းမှာပင် မိစ္ဆာသားရဲတောအုပ် တွေထဲကိုပါ သွားရောက်စွန့်စားရန် ကြိုတင်စီစဉ်ထားခဲ့ပြီး ဖြစ်သည်။
တာ့ချန်မင်းဆက် တစ်ခုလုံးကို လှည့်လည်ပြီး လမ်းခရီးတစ်လျှောက် ကြုံတွေ့ရသမျှ ဗဟုသုတတွေကို မှတ်တမ်းတင်ထားရန် စိတ်ကူးထားခဲ့၏၊ အကြောင်းမှာ သခင်ဖြစ်သူ ချန်ကျီက ဤကဲ့သို့သော အကြောင်းအရာများကို နားထောင်ရသည်ကို သဘောကျကြောင်း သူ သိရှိသောကြောင့်ပင်။
သို့သော်လည်း သူ မျှော်လင့်မထားသည်မှာ သံနက်မိုင်းတွင်း ထဲကနေ ကယ်ထုတ်ပေးလာခဲ့သည့် ဤမိုင်းလုပ်သား တစ်ရာကျော်က မည်သို့မျှ ထွက်မသွားဘဲ သူ့အပေါ်ကို တစ်ပါတည်း ကပ်တွယ်နေကြခြင်း ဖြစ်ပေသည်။
"ဒါက..." ကျောက်ယွမ် သည်လည်း အခုအချိန်တွင် မည်သို့လုပ်ရမည်ကို မသိတော့ဘဲ ဤလူများကို မည်သို့ ကိုင်တွယ်ရမလဲဆိုတာ ဝေခွဲမရ ဖြစ်နေခဲ့ရသည်။
အတိအကျပင် ထိုအချိန်၌ စောစောက စကားပြောခဲ့သည့် လူအချို့ထဲမှ တစ်ယောက်က ရုတ်တရက် ဒူးထောက်ချလိုက်တော့သည်။
လူတစ်ရာကျော်က တစ်ယောက် ဒူးထောက်လိုက်သည်ကို မြင်တွေ့ရသည်နှင့် ချက်ချင်းပင် အဓိပ္ပာယ်ကို သဘောပေါက်သွားကြကာ အားလုံးက လိုက်လံလုပ်ဆောင်ကြတော့၏။
တစ်ခဏအတွင်းမှာပင် လူတစ်ရာကျော်က ကျောက်ယွမ် ၏ အရှေ့၌ စီစီရီရီ ညီညာစွာ ဒူးထောက်ချလိုက်ကြသည်။
"ကျေးဇူးရှင်... ကျွန်တော်တို့ကို လက်ခံပေးပါ။ ကျွန်တော်တို့ နောင်ကျရင် သေချာပေါက် ကျေးဇူးရှင်ရဲ့ နောက်ကနေပဲ လိုက်ပါပြီး ကျေးဇူးရှင်ရဲ့ အမိန့်ကိုပဲ မြေဝယ်မကျ နားထောင်ပါ့မယ်"
"ကျေးဇူးရှင်... တကယ်လို့ ကျေးဇူးရှင်က သဘောမတူရင် ကျွန်တော်တို့ ဒီအတိုင်းပဲ တောက်လျှောက် ဒူးထောက်နေပြီး မထတော့ပါဘူး"
ကျောက်ယွမ် မှာ အခုဆိုလျှင် ပို၍ပင် အကျပ်ရိုက်သွားခဲ့ရသည်။
တကယ်လို့သာ ချန်ကျီသာ ဤနေရာတွင် ရှိနေခဲ့လျှင် သေချာပေါက် အကျယ်ကြီး အော်ဆဲမိလိမ့်မည်။
"ကောင်စုတ်တွေ... မင်းတို့ ဒါက ဗြောင်ကျကျ ကိုယ်ကျင့်တရား ခြိမ်းခြောက် နေတာပဲ၊ ဒါပေမဲ့ ငါ့မှာ ကိုယ်ကျင့်တရား မရှိတော့ မင်းတို့ရဲ့ ခြိမ်းခြောက်မှုကို မကြောက်ဘူး" ဟု ချန်ကျီက ပြောပြီးသည်နှင့် လက်ခါကာ လှည့်ထွက်သွားမည်မှာ အမှန်ပင်။
သို့သော်လည်း အခုအချိန်တွင် ဤမိုင်းလုပ်သားများနှင့် ရင်ဆိုင်နေရသည်က ကျောက်ယွမ် ဖြစ်ပြီး ချန်ကျီ မဟုတ်ပေ ။
သူ့တွင် ချန်ကျီကဲ့သို့သော ဉာဏ်ရည် မျိုး ရှိသော်လည်း ချန်ကျီ၏ လွန်ခဲ့သော ဘဝက အတွေ့အကြုံမျိုးတော့ မရှိပေ ။
"မင်းတို့ အရင်ထကြ... ငါ့ကို စဉ်းစားဖို့ အချိန်ခဏပေးပါ"
"မလုပ်ပါဘူး၊ တကယ်လို့ ကျေးဇူးရှင်က သဘောမတူရင် ကျွန်တော်တို့ သေလူလိုပဲ ဒူးထောက်နေမှာပါ"
"ဟုတ်ပါတယ်၊ ဒူးထောက်နေမှာပါ"
....
ဤလူတစ်ရာကျော်၏ အသံများက တစ်ညံညံ ထွက်ပေါ်လာခဲ့သဖြင့် ကျောက်ယွမ် ကို ပို၍ အခက်တွေ့စေသည်။
မတတ်နိုင်သည့်အဆုံး ကျောက်ယွမ် က တည်ကြည်လေးနက်သော လေသံဖြင့် ပြောလိုက်ရတော့၏။ "ကောင်းပြီ... မင်းတို့က ငါ့နောက်ကို တောက်လျှောက် လိုက်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ငါ့မှာ မင်းတို့အတွက် စည်းကမ်းချက် သုံးခု ရှိတယ်။ တကယ်လို့ မင်းတို့က ဒီစည်းကမ်းချက် သုံးခုကို သဘောတူနိုင်ရင် ငါ မင်းတို့ကို ငါ့နောက်ကနေ လိုက်ခွင့်ပြုမယ်"
ထိုလူတစ်ရာကျော်က ကျောက်ယွမ် ၏ လေသံ လျော့ကျလာသည်ကို မြင်ရသည်နှင့် ဝမ်းသာအားရဖြင့် နားစွင့်လိုက်ကြသည်။
"ကျေးဇူးရှင် ပြောပါ၊ စည်းကမ်းချက် သုံးခု မကလို့ အခု တစ်ရာ ဖြစ်ပါစေ ကျွန်တော်တို့ အကုန်လုံး သဘောတူပါတယ်"
ကျောက်ယွမ် ကမူ မူလက စည်းကမ်းချက် သုံးခုကို တင်ပြပြီး သူတို့ကို အခက်တွေ့ကာ နောက်ဆုတ်သွားစေရန် စိတ်ကူးထားခြင်း ဖြစ်သော်လည်း ဤလူများက အရိုးခံအတိုင်း အတင်းကပ်တွယ်နေကြလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျောက်ယွမ် က စိတ်ထဲကနေ တွေးတောလိုက်သည်။ "ကြည့်ရတာ ဒီစည်းကမ်းချက် သုံးခုရဲ့ ခက်ခဲမှုကို ပိုပြီး မြှင့်လိုက်မှ ဖြစ်မယ်"
"မင်းတို့ အရင် ထကြ၊ ပြီးမှ ငါ ဒီစည်းကမ်းချက် သုံးခုကို ပြောမယ်"
ထိုလူတစ်ရာကျော်က တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လှည့်ကြည့်လိုက်ကြသော်လည်း တစ်ယောက်မျှ ထရပ်ခြင်း မရှိကြသေးပေ။
ဤသည်ကို မြင်ရသောအခါ ကျောက်ယွမ် က အနည်းငယ် စိတ်ဆိုးမာန်ဆိုး ဖြစ်သွားသည်။ "မင်းတို့က ဒီလိုမျိုး ခေါင်းမာ နေဦးမယ်ဆိုရင် ငါ့ရဲ့ စည်းကမ်းချက် သုံးခုကိုလည်း ပြောမနေတော့ဘူး"
ကျောက်ယွမ် က ဤသို့ ပြောလိုက်သည်တွင် အစောဆုံး စတင်ဒူးထောက်ခဲ့သည့် လူက ချက်ချင်းပင် ဦးဆောင်၍ ထရပ်လိုက်တော့သည်။
သူတို့အားလုံးက ကျောက်ယွမ် စိတ်အလိုမကျ ဖြစ်သွားပြီး သူတို့ကို စွန့်ပစ်ကာ တစ်ယောက်တည်း ထွက်ခွာသွားမည်ကို အလွန်ပင် ကြောက်လန့်နေကြသောကြောင့် ဖြစ်ပေသည်။
ကျောက်ယွမ် က လူတိုင်း ထရပ်လိုက်သည်ကို မြင်တွေ့ရမှသာ စကားကို ဆက်ပြောလိုက်သည်။ "ငါ့ရဲ့ ပထမဆုံး စည်းကမ်းချက်ကတော့... မင်းတို့ ငါ့နောက်ကို လိုက်ခွင့်ပြုမယ်။ ဒါပေမဲ့ မင်းတို့ရဲ့ နေ့စဉ် စားသောက် နေထိုင် သွားလာရေး ကိစ္စ မှန်သမျှကို မင်းတို့ဘာသာ မင်းတို့ ဖြေရှင်းရမယ်၊ ငါကတော့ မင်းတို့ကို ဘာမှ တာဝန်ယူပေးမှာ မဟုတ်ဘူး"
ထိုလူတစ်ရာကျော်က တစ်ယောက်ကိုတစ်ယောက် ထပ်မံ ကြည့်လိုက်ကြပြီး ကျောက်ယွမ် ပြော ပြလာသည့် ဤပထမဆုံး စည်းကမ်းချက်အပေါ်တွင် အနည်းငယ် ဝေခွဲမရ ဖြစ်သွားကြသည်။
ထို့နောက် အားလုံးက တညီတညွတ်တည်း အော်ပြောလိုက်ကြ၏။ "ပြဿနာမရှိပါဘူး"
သူတို့သည်လည်း မူလကတည်းက ကျောက်ယွမ် အပေါ် မှီခိုပြီး စားသောက် နေထိုင်ရန် စိတ်ကူးမရှိခဲ့ကြပေ ။
သူတို့အားလုံးက ခြေလက်အစုံအလင် ရှိကြသည့်အပြင် ကျင့်ကြံခြင်း အဆင့်လည်း ရှိကြသည်။
အရင်က မိုင်းတွင်းထဲ၌ ဤမျှအထိ ခါးသီးလှသော နေ့ရက်များကိုပင် တောင့်ခံကျော်ဖြတ်နိုင်ခဲ့ကြသေးရာ အခုလို အပြင်လောကတွင် စားသောက် နေထိုင်ရေး ကိစ္စက သူတို့ကို မည်သို့မျှ အခက်မတွေ့စေနိုင်ပေ ။
သူတို့၏ အခုအချိန်က အတွေးကတော့ အလွန်ပင် ရိုးရှင်းပါသည်၊ ကျေးဇူးရှင် ကျောက်ယွမ် ၏ အသက်ကယ်တင်ခြင်း ကျေးဇူးကို ဆပ်ခွင့်ရမည့် အခွင့်အရေးကိုသာ တစိုက်မတ်မတ် ရှာဖွေချင်နေကြခြင်း ဖြစ်ပေသည်။