← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉) မမူးမချင်း မပြန်ကြေး

ဤလူတစ်ရာကျော်၏ တညီတညွတ်တည်း ထွက်ပေါ်လာသော အော်ဟစ်ဝန်ခံသံကို ကြားလိုက်ရသည့်ခဏ၌ ကျောက်ယွမ်က တစ်ခဏမျှ ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။

"ငါ ပြော ပြလိုက်တဲ့ ဒီစည်းကမ်းချက်က တကယ်ပဲ လွယ်လွန်းနေတာများလား"

အမှန်တကယ်တော့ ကျောက်ယွမ် ပြော ပြသည့် စည်းကမ်းချက်က လွယ်ကူလွန်းနေခြင်း မဟုတ်ပေ ၊ သူကိုယ်တိုင်ကသာ အစောပိုင်းတွင် အတွေးလွန်နေခဲ့ခြင်း ဖြစ်ပေသည်။

သူ၏ မူလအတွေးတွင်မူ ဤလူတစ်ရာကျော်သာ သး့နောက်သို့ တောက်လျှောက် လိုက်ပါလာပါက သူတို့၏ နေ့စဉ် အဝတ်အစား၊ အစားအသောက်၊ နေထိုင်မှုနှင့် သွားလာမှု ကိစ္စအားလုံးကို သူက တာဝန်ယူပေးရလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သူတို့၏ ကျင့်ကြံခြင်း အရင်းအမြစ် ကိစ္စများကိုပါ ဖြေရှင်းပေးရနိုင်သည်ဟု တွေးတောမိခဲ့၏။

သို့သော်လည်း အမှန်တကယ်တွင်မူ ဤလူတစ်ရာကျော်သည် မူလကတည်းက ဤကဲ့သို့သော အရာများကို စိတ်ကူးပင် မယဉ်ခဲ့ကြပေ ။

"ဒါက..." ကျောက်ယွမ်က ဤအချိန်တွင် စကားပင် ဆွံ့အသွားခဲ့ရသည်။

မတတ်နိုင်သည့်အဆုံး ကျောက်ယွမ်က ခဏမျှ တွေးတောပြီးနောက် ထပ်မံပြောလိုက်သည်။ "ငါ့ရဲ့ ဒုတိယမြောက် စည်းကမ်းချက်ကတော့... မင်းတို့အားလုံး ငါ့ရဲ့ အမိန့်ကို မည်သည့်အကြောင်းပြချက်မှမရှိဘဲ လုံးဝ နာခံရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါ နောက်ထပ် လျှောက်လှမ်းမယ့် လမ်းခရီးက အလွန်ပဲ အန္တရာယ်များနိုင်ပြီး အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်လို့ပဲ။ တကယ်လို့ မင်းတို့ ဒါကို မလုပ်နိုင်ဘူးဆိုရင် အခုကတည်းက မင်းတို့ဘာသာ မင်းတို့ ထွက်သွားနိုင်တယ်"

"ကျေးဇူးရှင် စိတ်ချပါ၊ ကျွန်တော်တို့က ကျေးဇူးရှင်နောက်ကို လိုက်ဖို့ ဆုံးဖြတ်ပြီးကတည်းက ကျေးဇူးရှင်ရဲ့ အမိန့်မှန်သမျှကို မြေဝယ်မကျ နာခံဖို့ အဆင်သင့်ပါပဲ"

"ဟုတ်ပါတယ် ကျေးဇူးရှင်၊ ကျွန်တော်တို့ရဲ့ အသက်တွေကို ကျေးဇူးရှင်ကပဲ ကယ်တင်ပေးခဲ့တာပါ၊ အသက်ဆုံးရှုံးရမှာကို ဘာလို့ ကြောက်နေရဦးမှာလဲ။ အဲ့ဒီ အမှောင်ထုတွေ ဖုံးလွှမ်းနေတဲ့ မိုင်းတွင်းထဲကနေ ထွက်ခွာနိုင်ခဲ့တာတင်ပဲ ကျွန်တော်တို့အတွက် ဒုတိယအကြိမ် ပြန်လည်မွေးဖွားခွင့် ရခဲ့တာနဲ့ တူတူပါပဲ"

ထို့နောက်တွင် ထိုလူတစ်ရာကျော်က တစ်ယောက်တစ်ပေါက်နှင့် ဆက်တိုက် အော်ပြောကြတော့သည်၊ သို့သော်လည်း သူတို့ပြောသမျှ စကားလုံးတိုင်းက ဤဒုတိယမြောက် စည်းကမ်းချက်အပေါ်တွင် မည်သည့် သဘောထားကွဲလွဲမှုမျှမရှိကြောင်းကိုသာ ပြသနေခဲ့သည်။

ကျောက်ယွမ်လည်း ရိပ်မိလိုက်ပေသည်၊ ဤဒုတိယမြောက် စည်းကမ်းချက်ကိုလည်း သူတို့အားလုံး သဘောတူညီခဲ့ကြပြီ ဖြစ်ကြောင်းကိုပင်။

ကျောက်ယွမ်က စိတ်ထဲကနေ တွေးတောလိုက်သည်။ "ကြည့်ရတာ တတိယမြောက် စည်းကမ်းချက်ကလည်း သူတို့ကို အခက်တွေ့စေမှာ မဟုတ်တော့ဘူးထင်တယ်"

ကျောက်ယွမ်က တတိယမြောက် စည်းကမ်းချက်ကို အသစ်ပြန်လည် ပြောင်းလဲရမလားဆိုတာ ဇဝေဇဝါ ဖြစ်နေခဲ့၏။

ထိုစဉ် အစောဆုံး စကားပြောခဲ့သည့် လူက ပြော လိုက်သည်။ "ကျေးဇူးရှင်... ကျေးဇူးရှင် ပြောတဲ့ ဒုတိယမြောက် စည်းကမ်းချက်ကိုလည်း ကျွန်တော်တို့ သဘောတူပါတယ်၊ တတိယမြောက် စည်းကမ်းချက်ကိုသာ မြန်မြန် ပြောပြ ပေးပါဦး"

ထိုလူက ဤသို့ ပြောလိုက်သည့်အချိန်၌ စိတ်လှုပ်ရှားတက်ကြွနေသည့် အမူအရာပင် ပေါ်လွင်နေခဲ့ရသည်။

"တတိယမြောက် စည်းကမ်းချက်ကတော့... မင်းတို့က ငါ့နောက်ကို လိုက်ဖို့ ရွေးချယ်ခဲ့ကြပြီးပြီဆိုတော့ နောင်ကျရင် မင်းတို့ထဲကနေ တစ်ယောက်ယောက်ကသာ သစ္စာဖောက်မယ့် အပြုအမူမျိုး လုပ်ဆောင်ခဲ့မယ်ဆိုရင် ငါက ဘယ်လိုမှ တွန့်ဆုတ်မနေဘဲ ငါကိုယ်တိုင် လက်စသတ် ရှင်းပစ်မှာပဲ"

ကျောက်ယွမ် ပြောလိုက်သည့် စည်းကမ်းချက် သုံးခုလုံးကို ကြားပြီးစီးသွားသည့်တိုင် ဤလူတစ်ရာကျော်ထဲတွင် ကန့်ကွက်သည့် အသံဟူ၍ လုံးဝ ထွက်ပေါ်မလာခဲ့ပေ ။ လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိနေခဲ့ကြသည်။

ကျောက်ယွမ် ပြော ပြလာသည့် ဤစည်းကမ်းချက် သုံးခုက မည်ကဲ့သို့သော စည်းကမ်းချက်များ ဖြစ်နိုင်ပါအံ့နည်း။

ဒါက သူတို့ကို သူ့ နောက် ကနေ လိုက်ပါခွင့်ပြုရန်အတွက် ကြိုတင်၍ သတ်မှတ်ပေးလိုက်သည့် တောင်းဆိုချက်များသာ ဖြစ်ပေသည်။

ထိုအချိန်၌ အစောပိုင်းက ဦးဆောင်၍ ဒူးထောက်ခဲ့သည့် လူသည် နောက်တစ်ကြိမ် ထပ်မံ ဒူးထောက်ချလိုက်ပြန်သည်။

"ကျေးဇူးရှင်... ကျေးဇူးရှင် ပြော တဲ့ စည်းကမ်းချက် သုံးခုစလုံးကို ကျွန်တော် အပြည့်အဝ သဘောတူပါတယ်၊ ကျွန်တော်တို့ကို လက်ခံပေးတဲ့အတွက် ကျေးဇူးရှင်ကို ကျေးဇူးတင်ပါတယ်" ပြောပြီးသည်နှင့် သူက ဦးညွှတ်အရိုအသေပေး လိုက်တော့သည်။

ကျန်ရှိနေသော လူတစ်ရာကျော်သည်လည်း ထိုနည်းတူစွာ လိုက်လံလုပ်ဆောင်ကြပြန်သည်။

"ကျေးဇူးရှင်... ကျွန်တော်တို့ရဲ့ အသက်က ကျေးဇူးရှင်အပိုင်ပါပဲ "

ပြောပြီးနောက်တွင် လူတစ်ရာကျော်လုံးက ကျောက်ယွမ်ကို တပြိုင်နက်တည်း ဦးညွှတ်အရိုအသေပေး ကြလေသည်။

ဤမျှ ဆူ ညံလှသော လူတစ်ရာကျော်ကို ကြည့်ရင်း ကျောက်ယွမ်မှာ အတော်လေး ခေါင်းခဲသွားခဲ့ရသည်၊ ဤအခြေအနေက သူ အလိုချင်ဆုံး ရလဒ်တော့ မဟုတ်ပေ ။

သို့သော်လည်း အခြေအနေက ဤအဆင့်အထိ ရောက်ရှိလာခဲ့ပြီဖြစ်ရာ သူလည်း အလိုက်သင့်သာ လက်ခံလိုက်ရတော့သည်။

နောင်ကျလျှင် ဤလူတစ်ရာကျော်က သူ၏ လက်အောက်ငယ်သားများကဲ့သို့ သူ့ နောက်ကနေ လိုက်ပါ နေထိုင်ကြတော့မည် မဟုတ်ပါလား။

"အားလုံး ထကြပါ။ နောင်ကျရင် ဒီလိုမျိုး စိတ်အလိုကျ ဒူးထောက်တာမျိုး မလုပ်ကြပါနဲ့၊ တကယ်လို့ ဒီအမိန့် ကို ဖောက်ဖျက်မယ်ဆိုရင်တော့ မင်းတို့ဘာသာ မင်းတို့ ထွက်သွားကြပါ"

ဤလူတစ်ရာကျော်က အကြောင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခဏခဏ ဒူးထောက်တတ်ကြသည်ကို ကြည့်ရင်း သူတို့သည် ယခင်က သေချာပေါက် အနိုင်ကျင့် ခေါင်းပုံဖြတ်ခံရလွန်းသဖြင့် အကျင့်ဖြစ်နေခြင်း ဖြစ်ကြောင်း သူ သိရှိလိုက်သည်။

ဤကျင့်ကြံခြင်းလောကတွင်မူ ဤကဲ့သို့သော အခြေအနေက အလွန်ပင် ပုံမှန်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူကတော့ ဤအရာကို မလိုအပ်ပေ ။

အကြောင်းမှာ သူ၏ သခင်ဖြစ်သူ ချန်ကျီသည်လည်း သူ့အပေါ်ကို ဤကဲ့သို့ ဘယ်သောအခါမျှ တောင်းဆိုခဲ့ခြင်း မရှိသောကြောင့်ပင် ဖြစ်သည်။

အခြေအနေက ဤသို့ ဖြစ်သွားပြီဖြစ်ရာ ကျောက်ယွမ်သည်လည်း တွန့်ဆုတ်မနေတော့ဘဲ လေးနက်ကျယ်လောင်သော လေသံဖြင့် အော်ပြောလိုက်တော့သည်။ "ငါ့နာမည်က ကျောက်ယွမ် လို့ ခေါ်တယ်။ မင်းတို့အားလုံး ငါ့နောက်ကို လိုက်ဖို့ ရွေးချယ်ခဲ့ကြပြီဆိုမှတော့ ငါကလည်း မင်းတို့အပေါ်ကို သေချာပေါက် တာဝန်ယူပေးရလိမ့်မယ်။ ဒီနေ့ကစပြီး ဘယ်သူမှ မင်းတို့ကို ထပ်ပြီး နှိပ်စက်အနိုင်ကျင့်ဝံ့မှာ မဟုတ်တော့ဘူး။ ထို့အတူပဲ... ယဲ့မိသားစု ကလည်း သေချာပေါက် သူတို့ ခံရမယ့် ပြစ်ဒဏ်ကို ပြန်လည် ရရှိစေရမယ်"

ကျောက်ယွမ်က ယဲ့မိသားစု၏ အကြောင်းကို ထပ်မံ ပြောဆိုလိုက်သည့်ခဏ၌ ဤလူတစ်ရာကျော်၏ မျက်နှာအမူအရာများက သိသိသာသာ ပြောင်းလဲသွားခဲ့ကြသည်။

အချို့လူများက ကြောက်လန့်တကြား ဖြစ်သွားကြပြီး အချို့လူများကမူ အလွန်အမင်း ဒေါသထွက်သွားကြ၏။

သူတို့အားလုံး သိကြပေသည်၊ ကျောက်ယွမ်တွင် သူတို့ကို မိုင်းတွင်းထဲကနေ ကယ်ထုတ်ပေးနိုင်သည့် စွမ်းအား ရှိနေသည်ဖြစ်ရာ သူပြောလိုက်သည့် ယဲ့မိသားစုကို အာခံမည့် ကိစ္စက သေချာပေါက် လေထဲက စကားသက်သက် မဟုတ်ကြောင်းကိုပင်။

ထို့အပြင် ယခင်က မိုင်းတွင်းအတွင်း၌ တိုက်ပွဲကြီး ဖြစ်ပွားခဲ့စဉ်ကလည်း သူတို့အားလုံး ရှိနေခဲ့ကြသဖြင့် ကျောက်ယွမ်က တစ်ယောက်တည်း မဟုတ်ကြောင်းကိုလည်း သူတို့ သိရှိထားကြသည်။

ကျောက်ယွမ်တို့ ရင်ဆိုင်ဖြေရှင်းမည့် ရန်သူကလည်း သူတို့၏ မူလရန်သူ ဖြစ်သော ယဲ့မိသားစု ဖြစ်နေသဖြင့် ထို့ကြောင့်သာ သူတို့က မည်သို့မျှ နောက်မဆုတ်ဘဲ ကျောက်ယွမ်နောက်သို့ အပြတ်အသတ် လိုက်ပါရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပေသည်။

ကျောက်ယွမ်က စကားပြောပြီးနောက် ဤလူတစ်ရာကျော်၏ မျက်နှာအမူအရာ မှန်သမျှကို အသေအချာ အကဲခတ်လိုက်သည်။

ကျောက်ယွမ်ကိုယ်တိုင်ကလည်း ယခင်က သံနက်မိုင်းတွင်းထဲ၌ မိုင်းလုပ်သားအဖြစ် လုပ်ကိုင်ခဲ့ဖူးသဖြင့် ထို့ကြောင့် ဤလူတစ်ရာကျော်၏ လက်ရှိ စိတ်ခံစားချက်ကို အလွန်ပင် ကိုယ်ချင်းစာ နားလည်နိုင်ခဲ့ခြင်း ဖြစ်သည်။

ခဏမျှ ကြာပြီးနောက်တွင်မူ ကျောက်ယွမ်၏ စိတ်ခံစားချက်က ပြန်လည် တည်ငြိမ်သွားခဲ့ရ၏။

"ကောင်းပြီ..."

ကျောက်ယွမ်က လက်ဝါးနှစ်ဖက်ကို အောက်သို့ အနည်းငယ် ဖိနှိပ်ပြလိုက်သည်တွင် လူတိုင်းက ချက်ချင်း တိတ်ဆိတ်သွားကြသည်။ "အခု လောလောဆယ်တော့ တို့တွေ အရင်ဆုံး နားခိုဖို့ နေရာတစ်ခု သွားရှာကြစို့"

"ဟုတ်ကဲ့ပါ" လူတစ်ရာကျော်က တပြိုင်နက်တည်း ပြန်ဖြေ လိုက်သော အသံက မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားခဲ့သည်။

ကျောက်ယွမ်က လူတိုင်း၏ စိတ်ဓာတ်တက်ကြွမှုကို ကြည့်ရင်း စိတ်ထဲကနေ မချင့်မရဲ ကျိတ်၍ တွေးတောလိုက်မိသည်။ "ငါက အပြင်လောကကို ဗဟုသုတရှာဖို့ အခုမှ စထွက်တာကို၊ ချက်ချင်းပဲ တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်မိပြီပေါ့ ဒီအခြေအနေကို သခင် ဆီကို လှမ်းပြီး သတင်းပို့ဖို့ လိုအပ်မလား မသိဘူး"

ဝမ်နန်မြို့ အတွင်း

ချန်ကျီက ဆိုင်ကို အလှဆင် ပေးမည့် အလုပ်သမားများကို ရှာဖွေပြီးစီးသွားခဲ့ပြီ ဖြစ်သလို ဆိုင်းဘုတ်အသစ်ကိုလည်း အပ်နှံထားခဲ့ပြီး ဖြစ်သည်။

သူက ဆိုင်အလှဆင် မည့် တာဝန်ခံနှင့် အလှဆင် ရမည့် တောင်းဆိုချက်များကို ဆွေးနွေးတိုင်ပင်ပြီး ဈေးနှုန်းကိုပါ သေချာ ညှိနှိုင်းပြီးနောက်တွင်မူ အလှဆင် တာဝန်ခံက သုံးရက်အတွင်း အရာအားလုံးကို အပြီးသတ် ပြင်ဆင်ပေးမည်ဟု ကတိပြုလိုက်သည်။

"အနန္တ ကုန်စုံဆိုင်" ၏ အလှဆင် မှုအတွက် ချန်ကျီက အလွန်အမင်း စိတ်မပူ ၊ သူက အနန္တနေရာလွတ် အတွင်းရှိ အနန္တ ဆိုင်၏ ပုံစံအတိုင်းသာ တိုက်ရိုက် အလှဆင် ခိုင်းလိုက်ခြင်း ဖြစ်သည်။

အကြောင်းမှာ သူက ဤကဲ့သို့သော ရှေးဟောင်းပုံစံ ဗိသုကာလက်ရာများကို နားမလည်သောကြောင့်ပင်၊ အလှဆင် တာဝန်ခံက သူ့ကို မည်သည့် တောင်းဆိုချက်များ ရှိသလဲဟု မေးမြန်းလာသည့်အခါ၊ သူက အနန္တ ဆိုင်၏ ပုံပန်းသဏ္ဍာန်ကိုသာ တိုက်ရိုက် ပုံဖော် ရှင်းပြလိုက်ခြင်း ဖြစ်ပေသည်။

အရာအားလုံးကို အဆင်ပြေအောင် စီစဉ်ပြီးစီးသွားသည်တွင် ချန်ကျီက ကျောက်လင်းအာကို ခေါ်ဆောင်၍ အိမ်တော်သို့ အမြန်ဆုံး ပြန်လာခဲ့ကြသည်။

"လင်းအာ... လာ၊ ငါတို့တွေ ဆက်ကြရအောင်"

"သခင်... ဒီလောက်တောင် မြန်နေတာလား၊ တစ်ခုခု အရင် မစား တော့ဘူးလား"

"မလိုပါဘူး၊ ငါက အခုဆိုရင် အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီပဲဥစ္စာ၊ ရက်အနည်းငယ်လောက် ထမင်းမစားရင်တောင် ဘာမှ မဖြစ်ဘူး။ မြန်မြန်လုပ်ပါ၊ ငါ တကယ်ကို မစောင့်နိုင်တော့ဘူး"

ကျောက်လင်းအာမှာ မတတ်နိုင်သည့်အဆုံး ချန်ကျီ၏ အစီအစဉ်အတိုင်းသာ အလိုက်သင့် လုပ်ဆောင်ပေးရတော့သည်။

သီချင်းအသစ် သင်ကြားမှုက နောက်တစ်ကြိမ် ပြန်လည် စတင်ခဲ့လေပြီ ဖြစ်သည်။

ချင်းယွမ်ဂိုဏ်း၊ အတွင်းစည်းတပည့်များ နေထိုင်ရာ

လိုက်လံစုံစမ်းပြီးနောက်မှသာ ချန်ဖန်သည် သူကသာ သဘောတူညီပါက မည်သူ့ကိုမဆို သူ၏ ကျင့်ကြံခြင်းဂူအတွင်းသို့ ဝင်ရောက်ခွင့်ပြုနိုင်ကြောင်း သိရှိလိုက်ရသည်။

ထို့ကြောင့် ချန်ဖန် ပထမဆုံး လုပ်ဆောင်သည့် ကိစ္စကတော့ ယွီရှင်းစစ်ကို ဖိတ်ခေါ်လိုက်ခြင်း ဖြစ်ပေသည်။

"စီနီယာအစ်ကို... အစ်ကို့ရဲ့ ကျင့်ကြံခြင်း အမြန်နှုန်း က ဘယ်လိုဖြစ်လို့ ဒီလောက်တောင် မြန်နေရတာလဲ။ ဂိုဏ်းကို ရောက်တာ တစ်လတောင် မပြည့်သေးဘူး၊ အုတ်မြစ်ချခြင်းအဆင့်ကို တက်လှမ်းနိုင်သွားပြီပေါ့"

ယွီရှင်းစစ်က ချန်ဖန်၏ ဖိတ်ခေါ်မှုကို ရရှိသည့်ခဏ၌ မျက်နှာတစ်ခုလုံး မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေခဲ့ရသည်၊ ချန်ဖန်က သူ့ကို နောက်ပြောင်နေသည်ဟုသာ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ချန်ဖန်က သူ့ကို ခေါ်ဆောင်၍ အတွင်းစည်းတပည့်များ နေထိုင်ရာ နေရာသို့ ရောက်ရှိလာသည့်တိုင်အောင် သူက တဝက်သာ ယုံကြည်နေခဲ့သေး၏၊ အကြောင်းမှာ ဤနေရာသို့ လာရောက်နိုင်ရုံမျှဖြင့် မည်သည့်အရာကိုမျှ သက်သေမပြနိုင်သောကြောင့်ပင်။

သို့သော်လည်း ချန်ဖန်က သူပိုင်ဆိုင်သည့် ကျင့်ကြံခြင်းဂူ၏ အကာအကွယ် အစီအရင်ကို ဖွင့်လှစ်လိုက်သည့် အချိန်၌မူ...

နှစ်ယောက်သား အတူတကွ ချန်ဖန်၏ ကျင့်ကြံခြင်းဂူအတွင်း၌ ရပ်နေကြစဉ် ယွီရှင်းစစ်က လုံးဝ ဆွံ့အမှင်တက်သွားခဲ့ရတော့သည်။

"ဒါတွေက ကံတရားကြောင့်ပါ၊ ငါ အပြင်ကို တာဝန်သွားလုပ်တုန်းက မတော်တဆ အံ့ဖွယ်အခွင့်အရေးတစ်ခုနဲ့ တိုးခဲ့လို့ပါ" ချန်ဖန်က အလွန်ပင် တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။

"ဒါက..." ယွီရှင်းစစ်၏ မျက်နှာထက်တွင် မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေဆဲပင်။ "အဲ့ဒီ အံ့ဖွယ်အခွင့်အရေးနဲ့ ဘယ်နေရာမှာ တိုးခဲ့တာလဲ၊ ငါ့ကို မြန်မြန်ပြောပြဦး၊ ငါလည်း သွားချင်လို့၊ စီနီယာအစ်ကို့ရဲ့ ကံတရားက တကယ်ကို အားကျစရာပဲ"

"ဟားဟား... အံ့ဖွယ်အခွင့်အရေးဆိုတာ ကြိုတင်ပြင်ဆင်ထားတဲ့ လူတွေအတွက်ပဲ သီးသန့်ရှိတာပါ" ချန်ဖန်သည် ယွီရှင်းစစ်က သူ့ကို စနောက်နေမှန်း သိသဖြင့် သူကလည်း လိုက်လံစနောက်၍ ပြန်လည်ပြောဆိုလိုက်သည်။

"ဒီအကြောင်းတွေကို ထားလိုက်ပါတော့၊ ငါ ဒီတစ်ခေါက် အပြင်သွားတုန်းက အဆင့်မြင့် ဝိုင် အကောင်းစား နှစ်အိုး ဝယ်လာခဲ့တယ်၊ ဂျူနီယာညီလေး... မြန်မြန် လာမြည်းကြည့်၊ အရသာ ဘယ်လိုလဲလို့ပေါ့"

ချန်ဖန်က ပြောပြောဆိုဆိုဖြင့် ဝိုင် နှစ်အိုးကို ထုတ်ယူလိုက်သည်။

"စီနီယာအစ်ကိုက သိနေသေးတာပဲ " ယွီရှင်းစစ်က နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်သော်လည်း လက်လှုပ်ရှားမှုကမူ အလွန်ပင် မြန်ဆန်လှပေသည်။

နားနေဆောင်အတွင်း၌ ယွီရှင်းစစ်က ချန်ဖန် ထုတ်ယူလိုက်သည့် ဝိုင်အိုးကို ချက်ချင်းပင် လှမ်းယူကာ အမြန် မော့သောက်လိုက်တော့သည်။

သောက်ပြီးနောက်တွင် ယွီရှင်းစစ်က သူ၏ နှုတ်ခမ်းကို သုတ်လိုက်ရင်း ပြော လိုက်၏။ "ဝိုင်ကတော့ တကယ့်ကို အကောင်းစားပဲ၊ ဒါပေမဲ့ ဒီဝိုင်တစ်အိုးတည်းနဲ့တော့ စီနီယာအစ်ကို အုတ်မြစ်ချခြင်းအဆင့်ကို တက်လှမ်းနိုင်သွားတဲ့အတွက် ပေးရမယ့် ပြစ် ဒဏ် ဝိုင် အဖြစ် မလောက်သေးဘူးနော်"

"ဟားဟား... မင်း ဒီလိုမျိုး ပြောမယ်ဆိုတာ ငါ ကြိုသိသားပဲ" ချန်ဖန် က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အတွေး တစ်ချက် တွေး လိုက်သည်တွင် ဝိုင်အိုး သုံးလုံး ထွက်ပေါ်လာခဲ့သလို နားနေဆောင်၏ ကျောက်စားပွဲထက်၌လည်း ကောင်းမွန်လှသော မြိန်ဖွယ်ရာ စားသောက်ဖွယ်ရာများက လေထဲကနေ ဖျတ်ခနဲ ထွက်ပေါ်လာခဲ့သည်။

"ဟားဟား... စီနီယာအစ်ကိုက တကယ့်ကို လူကြီးလူကောင်းပဲ"

ယွီရှင်းစစ်က ဝိုင်အိုးကြီးများကို မြင်တွေ့လိုက်ရသည့်ခဏ၌ ချက်ချင်းပင် အပြေးအလွှား သွားရောက်စစ်ဆေးလိုက်ရာ ဝိုင်အိုးအတွင်း၌ ဝိုင်များက လျှံပယ်အောင် ပြည့်နှက်နေခဲ့ပြီး တစ်အိုးလျှင် အနည်းဆုံး ဆယ်ကျင်း (ငါး ကတ်တီ ခန့်) ရှိပေလိမ့်မည်။

ယွီရှင်းစစ်က ချန်ဖန်အတွက် အမှန်တကယ်ပင် လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်နေခဲ့ခြင်း ဖြစ်သည်၊ သူတို့နှစ်ဦးစလုံးက အုတ်မြစ်ချခြင်းအဆင့်သို့ သေချာပေါက် တက်လှမ်းနိုင်ကြလိမ့်မည်ကို ကြိုတင်သိရှိထားကြပြီး ဖြစ်သော်လည်း စောသည်နှင့် နောက်ကျသည်သာ ကွာခြားခြင်း ဖြစ်ပေသည်။

အခုအချိန်တွင် ချန်ဖန်က ကြိုတင်၍ အဆင့်တက်လှမ်းနိုင်သွားခဲ့ပြီ ဖြစ်ရာ သူကလည်း ချန်ဖန်အတွက် စိတ်ရင်းမှန်ဖြင့် ဝမ်းမြောက်ပေးနေခဲ့ခြင်း ဖြစ်ပြီး မည်သည့် မနာလိုဝန်တိုစိတ်မျှ လုံးဝမရှိပေ ။

"ဒီနေ့တော့ မမူးမချင်း မပြန်ကြေးပဲ"

"မမူးမချင်း မပြန်ကြေး"

အခန်း (၅၀) တစ်ခုခု လိုအပ် နေသလို အမြဲခံစားရခြင်း

တစ်ရက်တာ သင်ကြားပြသပြီးနောက်တွင် ကျောက်လင်းအာက ချန်ကျီ သင်ပေးခဲ့သော သီချင်းများ၏ စာသားနှင့် သံစဉ်အားလုံးကို မှတ်မိသွားခဲ့လေပြီ။

ဤစာသားနှင့် သံစဉ်များကို မှတ်သားရန်အတွက် အုတ်မြစ်ချခြင်းအဆင့်ရှိသော ကျောက်လင်းအာ အဖို့ မည်သည့် အခက်အခဲမျှ မရှိပေ။

တစ်ရက်လုံး အချိန်ကုန်သွားရခြင်းမှာ ချန်ကျီက သူမှတ်မိသမျှ သီချင်းများအားလုံးကို ကျောက်လင်းအာထံသို့ တစ်ထိုင်တည်းနှင့် အကုန်အစင် သွန်းလောင်း သင်ကြားပေးခဲ့သောကြောင့်သာ ဖြစ်သည်။

ယခုအခါ ကျောက်လင်းအာက သူမ၏ သင်ယူမှုရလဒ်ကို စစ်ဆေးခံရန်အတွက် ချန်ကျီရှေ့တွင် သီဆိုပြနေခြင်း ဖြစ်သည်။

ကျောက်လင်းအာ သီချင်းတစ်ပုဒ် သီဆိုပြီးစီးသွား၏။

ချန်ကျီက စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးပေးလိုက်သည်။ "လင်းအာ... မင်း တကယ်ကို တော်လွန်းတယ်"

ချန်ကျီ၏ ချီးကျူးမှုကို ခံလိုက်ရသဖြင့် ကျောက်လင်းအာက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းလေးငုံ့သွားကာ ပြော သည်။ "ဒါက သခင် သေချာသင်ပေးလို့ပါ"

"မဟုတ်တာ... မင်းရဲ့ အမြင်စူးရှမှုက မြင့်မားလွန်းလို့ပါ"

ကျောက်လင်းအာ၏ သီချင်းဆိုသံ သာ ချန်ကျီ နေထိုင်ခဲ့သည့် ခေတ်ကာလတွင် ဆိုပါက ထိပ်တန်း အဆိုတော်ကြီးများနှင့်ပင် ယှဉ်ပြိုင်နိုင်ပေသည်။

"လင်းအာ... ခဏလောက် စောင့်ဦး"

"?" ကျောက်လင်းအာက ချန်ကျီကို ဇဝေဇဝါဖြင့် ကြည့်လိုက်မိသည်၊ သူ ဘာလုပ်မလို့လဲဆိုတာကို သူမ နားမလည်ပေ။

ချန်ကျီက ရုတ်တရက် အလုပ်ရှုပ်သွားသည်ကိုသာ မြင်တွေ့လိုက်ရ၏။

ခဏမျှ ကြာပြီးနောက်တွင် ချန်ကျီ၏ ပက်လက်ကုလားထိုင် ဘေးနား၌ စားပွဲငယ်လေးတစ်လုံး ထပ်တိုးလာခဲ့သည်၊ ဒါက သူ ဧည့်ခန်းထဲကနေ သွားရောက်သယ်ဆောင်လာခြင်း ဖြစ်သည်။

ထိုစားပွဲငယ်လေးထက်တွင်မူ အသစ်စက်စက် နှပ်ထားသော လက်ဖက်ရည်ကြမ်းတစ်အိုး၊ ရိုးရှင်းသော မုန့်တစ်ပွဲနှင့် ဖရဲစေ့တစ်ပွဲတို့ကို ပြင်ဆင်ချထားလိုက်သည်။

အရာအားလုံးကို ပြင်ဆင်ပြီးနောက်တွင် ချန်ကျီက သက်တောင့်သက်သာဖြင့် လဲလျောင်း လိုက်ရင်း ပြော သည်။ "ကဲ... လင်းအာ၊ မင်း ဆက်ပြီး ဆိုနိုင်ပြီ"

"အာ..." ကျောက်လင်းအာ ခဏမျှ တုံ့ဆိုင်းသွားရသည်၊ ချန်ကျီ၏ ဤလုပ်ရပ် က သူမကို တကယ်ပဲ အမြင်ရှုပ်ထွေးစေခဲ့သည်။

အကြောင်းမှာ ကျောက်လင်းအာက ဖန်တီးထားသည်မှာ သိပ်မကြာသေးသော ကိုယ်ပွားတစ်ခုသာ ဖြစ်သဖြင့် ချန်ကျီ၏ အပြုအမူကို နားမလည်နိုင်ခြင်းက သဘာဝကျပေသည်။

"ဘာမှမဖြစ်ဘူး၊ ဆက်ဆိုပါ"

ပြောရင်း ချန်ကျီက သူ့ကိုယ်သူ လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်ပြီး ဖရဲစေ့တစ်ဆုပ်ကို ယူကာ ကျောက်လင်းအာ၏ ဖျော်ဖြေမှုကို စိတ်ပါဝင်စားစွာဖြင့် စောင့်ဆိုင်းနေတော့သည်။

ဒါက လုံးဝကို စင်မြင့်ရှေ့ကနေ ပွဲကြည့်နေသည့် ပွဲကြည့်ပရိသတ်တစ်ယောက်၏ အမူအရာမျိုးပင် ဖြစ်သည်။

ကျောက်လင်းအာလည်း ရိပ်မိလိုက်ပေသည်၊ ချန်ကျီ ဤအရာများကို ပြင်ဆင်ရခြင်းက သူမ၏ ဖျော်ဖြေမှုကို ပိုမို သက်တောင့်သက်သာဖြင့် ကြည့်ရှုခံစားနိုင်ရန်အတွက်သာ ဖြစ်ကြောင်းကိုပင်။

မတတ်နိုင်သည့်အဆုံး ကျောက်လင်းအာက ခပ်ဖွဖွလေး ပြုံးလိုက်ပြီးနောက် နောက်တစ်ကြိမ် ထပ်မံ သီဆိုလိုက်တော့သည်။

ချန်ကျီက ပြုံးရွှင်စွာဖြင့် ဖရဲစေ့များကို ကိုက်ရင်း ကျောက်လင်းအာ၏ စွဲမက်ဖွယ်ကောင်းသော သီချင်းသံကို ခံစားနေခဲ့သည်။ "ဇိမ်ရှိလှပေစွ၊ ဒီလို မြင်ကွင်းမျိုးက နတ်ပြည်မှာပဲ ရှိနိုင်တာမျိုးပဲ"

သို့သော်လည်း ကျောက်လင်းအာ သီဆိုမှု တဝက်ခန့်သို့ ရောက်ရှိသည့် အချိန်၌မူ ချန်ကျီ၏ မျက်ခုံးများက အနည်းငယ် တွန့်ကွေးသွားခဲ့ရသည်။

"တစ်ခုခု လိုအပ်နေသလိုမျိုး အမြဲ ခံစားနေရတယ်"

စိတ်ပါလက်ပါ သီဆိုနေသည့် ကျောက်လင်းအာသည်လည်း ချန်ကျီ၏ တွန့်ကွေးသွားသော မျက်ခုံးများကို သတိပြုမိသွားပုံရသည်၊ သီဆိုနေသော သီချင်းအတွင်း၌ အနည်းငယ် အမှားအယွင်း ဖြစ်ပေါ်သွားခဲ့ရ၏။

ကျောက်လင်းအာသည်လည်း သူမ၏ အမှားကို သိရှိသွားသဖြင့် သီချင်းသံကို ရပ်တန့်လိုက်သည်။ "သခင်... လင်းအာ ဘယ်နေရာမှာ လိုအပ်ချက်ရှိသွားလို့လဲဟင်"

ချန်ကျီသည်လည်း သူ ခုနက မျက်နှာအမူအရာ မမှန်သည်ကို သတိပြုမိသွားသဖြင့် အမြန်ဆုံး ပြုံးပြလိုက်ရင်း ပြောလိုက်သည်။ "မဟုတ်တာ... မင်း ဆိုတာ အလွန်ကောင်းနေပါပြီ၊ ဒါပေမဲ့ တစ်ခုခု လိုအပ်နေသလိုမျိုး အမြဲ ခံစားနေရလို့ပါ"

"တစ်ခုခု လိုအပ်နေတာလား" ကျောက်လင်းအာလည်း ဇဝေဇဝါ ဖြစ်သွားရသည်၊ သူမက ချန်ကျီ ပြောကြားထားသည့် တောင်းဆိုချက်အားလုံးအတိုင်း လုံးဝ အတိအကျ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ရာ ဘယ်လိုလုပ်ပြီး လိုအပ်ချက် ရှိနေရမှာလဲ။

ထိုစဉ် ချန်ကျီက ရုတ်တရက် သူ၏ ပေါင်ကို ဖြတ်ခနဲ ရိုက်လိုက်ရင်း တစ်ခုခုကို သဘောပေါက်သွားသည့်အလား ဆိုသည်။ "ငါ ဘာလိုနေလဲဆိုတာ သိပြီ"

ကျောက်လင်းအာက ချန်ကျီ ဤသို့ ပြောလိုက်သည်ကို ကြားသောအခါ မျက်လုံးများ လင်းလက်သွားရ၏။ "သခင် မြန်မြန်ပြော ပါ၊ ကျွန်မ ချက်ချင်း ပြင်ပါ့မယ်"

သို့သော် ချန်ကျီက ခေါင်းခါပြုံးလိုက်ရင်း ပြော သည်။ "မင်းနဲ့ မဆိုင်ပါဘူး၊ မင်းက အလွန်ကောင်းအောင် ဆိုနိုင်ပါတယ်၊ ဒါပေမဲ့ နောက်ခံတီးလုံးလေး နည်းနည်း လိုနေတာပဲ"

"နောက်ခံတီးလုံး လား" ကျောက်လင်းအာက ချန်ကျီ ပြောသည့် နောက်ခံတီးလုံးဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်း နားမလည်ပေ။

"ဒါက တူရိယာတွေနဲ့ တီးခတ်ထားတဲ့ တေးသံစဉ်ကို ပြောတာပါ၊ ဒါပေမဲ့ ဒီဝမ်နန်မြို့မှာ ပြည့်တန်ဆာအိမ်တောင် မရှိဘူးဆိုတော့ ဂီတပညာရှင်တစ်ယောက် ရှာဖို့ဆိုတာ တကယ်ကို ခက်ခဲလိမ့်မယ် ထင်တယ်"

ချန်ကျီက ခေါင်းခါပြုံးလိုက်သည်။ "ထားလိုက်ပါတော့၊ လောလောဆယ်တော့ ဒီအတိုင်းပဲ ဆိုပါ၊ နောက်ခံတီးလုံးကိုတော့ နောင်ကျရင် ဂီတပညာရှင်တစ်ယောက် ရှာတွေ့မှပဲ ပြောကြတာပေါ့"

နောက်ခံတီးလုံး အကူအညီ မရှိခြင်းအပေါ် ချန်ကျီလည်း ဘာမှ မတတ်နိုင်ပေ၊ ကျောက်လင်းအာကို သီချင်းများ သီဆိုတတ်အောင် သင်ကြားပေးရန်အတွက်သာ သူ တတ်နိုင်ခြင်း ဖြစ်သည်။

သို့သော် တူရိယာ တီးခတ်ခြင်း ကိစ္စနှင့် ပတ်သက်၍မူ သူလည်း ဘာမှ မတတ်နိုင်ပေ ၊ သူက မည်သည့် ဂီတ ဗဟုသုတကိုမျှ ဘယ်တုန်းကမှ မထိတွေ့ဖူးခဲ့သဖြင့် တူရိယာများ ရှိနေသည့်တိုင်အောင် သူ တီးခတ်တတ်မည် မဟုတ်ပေ။

"ဖြစ်နိုင်တာကတော့ အနန္တနေရာလွတ် ထဲမှာ တူရိယာတွေနဲ့ သက်ဆိုင်တဲ့ မန္တန်တွေ ဒါမှမဟုတ် ရတနာ တွေ ရှိမလားဆိုတာ ရှာဖွေကြည့်ရလိမ့်မယ်" ချန်ကျီက စိတ်ထဲကနေ တွေးတောလိုက်မိသည်။

ဤသို့ဖြင့် ကျောက်လင်းအာက ဆက်လက် သီဆိုနေခဲ့ပြီး ချန်ကျီက သက်တောင့်သက်သာဖြင့် သီချင်းနားထောင်နေခဲ့သည်။

တစ်ရက်တာ အချိန်က အလွန်ပင် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရ၏။

"ကောင်းပြီ... လင်းအာ၊ ဒီနေ့အတွက်တော့ ဒီလောက်နဲ့ပဲ တော်ကြစို့"

ချန်ကျီက ကျောက်လင်းအာ၏ သီဆိုမှုကို ရပ်တန့်ခိုင်းလိုက်သည်၊ ကျောက်လင်းအာ ကိုယ်ပွား၏ ထူးခြားချက်ကတော့ တောက်လျှောက် သီဆိုနေသည့်တိုင်အောင် မည်သည့်အခါမျှ မောပန်းခြင်းကို ခံစားရမည် မဟုတ်ပေ။

"ဟုတ်ကဲ့ပါ"

"ဒီနေ့ရဲ့ သံနက်မိုင်းတွင်းကရတဲ့ ဝင်ငွေကို ပေါင်းလိုက်ရင် နောက်ထပ် ကိုယ်ပွားတစ်ခု ထပ်ပြီး လဲလှယ်ဖို့အတွက် လောက်င လောက်ပြီ ထင်တယ်"

ချန်ကျီက နေ့စဉ်နေ့တိုင်း ဘာမှမလုပ်ဘဲ ပျော်ပါးနေရုံသက်သက်သာ သိသည်ဟု ထင်ရသော်လည်း အရေးကြီးသည့် အလုပ်ကိစ္စများကိုမူ သူက စိတ်ထဲတွင် သေချာ ထည့်သွင်းထားဆဲပင် ဖြစ်သည်။

"သခင်... ကျွန်မ အခုပဲ သွားပြီး စစ်ဆေးလိုက်ပါ့မယ်"

သို့သော် ချန်ကျီက ကျောက်လင်းအာကို လှမ်းတားလိုက်ရင်း ပြုံး၍ ပြော လိုက်သည်။ "မလိုပါဘူး၊ ငါကိုယ်တိုင်ပဲ သွားလိုက်မယ်၊ မင်းက သွားပြီး စားစရာ တစ်ခုခု ပြင်ဆင်လိုက်ဦး၊ မင်း ဆိုတာကို တစ်နေ့လုံး နားထောင်နေတာနဲ့ တကယ်ပဲ နည်းနည်း ဗိုက်ဆာလာပြီ"

"ဟုတ်ကဲ့ပါ"

ကျောက်လင်းအာက အနန္တနေရာလွတ် ထဲသို့ သွားရောက်၍ သံနက်ရိုင်း များ၏ အရေအတွက်ကို စစ်ဆေးရုံမျှဖြင့် မပြီးသေးဘဲ ချန်ကျီကိုယ်တိုင်ကလည်း ဝတ်စုံစိမ်းနှင့် အမျိုးသမီးထံသို့ သွားရောက်ကာ ပြန်လည် ရောင်းခေ ရဦးမည် ဖြစ်သည်။

ထို့အပြင် ကိုယ်ပွားကို လဲလှယ်ရန်အတွက် ချန်ကျီကိုယ်တိုင် သွားရောက်ရမည် ဖြစ်ရာ ကျောက်လင်းအာကို အလုပ်ရှုပ်အောင် နောက်တစ်ခေါက် ထပ်မလွှတ်တော့ခြင်း ဖြစ်ပေသည်။

ချန်ကျီက စိတ်အာရုံကို လှုပ်ရှားလိုက်သည်နှင့် သူ၏ အသိစိတ်က အနန္တနေရာလွတ် အတွင်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ဒီနေ့တွင် ကိုယ်ပွားများ တူးဖော်ရရှိခဲ့သော သံနက်ရိုင်းများအားလုံးက အနန္တနေရာလွတ် အတွင်း၌ ပုံကျနေခဲ့ပြီ ဖြစ်သည်။

ချန်ကျီက အကြမ်းဖျင်း လှမ်းကြည့်လိုက်သည်၊ ကိုယ်ပွားများ အလုပ်လုပ်ပုံကို သူ အလွန်ပင် စိတ်ချပေသည်၊ နေ့စဉ်နေ့တိုင်း သံနက်ရိုင်းများ၏ အရေအတွက်က ယခင်နေ့ကထက် ပိုမိုများပြားလာရုံသာ ရှိပေသည်။

"ဒီနေ့ရဲ့ ပမာဏကို ပေါင်းလိုက်ရင်တော့ ကိုယ်ပွားတစ်ခု လဲလှယ်ဖို့အတွက် သေချာပေါက် လောက်င ပါပြီ"

ချန်ကျီလည်း အတော်လေး မတတ်နိုင်ပေ၊ လက်ရှိတွင် ကိုယ်ပွား ၂၇ ခု ရှိနေခဲ့ပြီ ဖြစ်ရာ ကိုယ်ပွားတစ်ခုကို ထပ်မံ လဲလှယ်ရန်အတွက် လက်ရှိတွင် အမှတ် ၂၈၀၀ အထိ လိုအပ်နေခြင်း ဖြစ်သည်။

သံနက်မိုင်းတွင်း ဘက်တွင်မူ ကိုယ်ပွားများအားလုံးက အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံခြင်း ရှိနေကြသဖြင့် မိုင်းတူးသည့် အမြန် နှုန်းက နှစ်ဆခန့် မြင့်တက်လာခဲ့သော်လည်း...

မိုင်းလုပ်သား တစ်ရာကျော် တူးဖော်ခြင်း မရှိတော့သဖြင့် နေ့စဉ် တူးဖော်ရရှိသည့် မိုင်းအရေအတွက်က ယခင်ကထက် မများပြားနိုင်သေးပေ ။

ယခုအခါ ကိုယ်ပွားများ တူးဖော်ရရှိသည့် သံနက်ရိုင်း များနှင့် ယဲ့မိသားစုဝင်များ တူးဖော်ရရှိသည့် သံနက်ရိုင်ယ များ အပါအဝင် တစ်ရက်တာ ထွက်ရှိမှု စုစုပေါင်းက ၇၅၀၀ ကီလိုဂရမ် သာ ရှိပြီး အမှတ်အဖြစ် ပြန်လည် ရောင်းချ ပါကလည်း အမှတ် ၁၅၀၀ သာ ရရှိပေသည်။

"ကြည့်ရတာ ကိုယ်ပွားတွေကို အရှိန်မြှင့်တင်ပေးဖို့ လိုအပ်နေပြီ ထင်တယ်"

စိတ်ထဲကနေ တွေးတောရင်း ချန်ကျီ၏ အသိစိတ်က အနန္တ ဆိုင် အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ဝတ်စုံစိမ်းနှင့် အမျိုးသမီးကို မြင်တွေ့လိုက်ရသည်တွင် ချန်ကျီက စကားအပို မပြောတော့ဘဲ ပြော လိုက်သည်။ "သံနက်ရိုင်း အားလုံးကို ရောင်း မယ်"

ဝတ်စုံစိမ်းနှင့် အမျိုးသမီး၏ မျက်နှာအမူအရာက မည်သို့မျှ ပြောင်းလဲခြင်း မရှိသလို မည်သည့် စကားမျှလည်း မဆိုပေ ။

ချန်ကျီကလည်း ဤအရာကို ယဉ်ပါးနေခဲ့ပြီ ဖြစ်သဖြင့် ဂရုမစိုက်တော့ဘဲ တိတ်ဆိတ်စွာသာ စောင့်ဆိုင်းနေလိုက်သည်။

ခဏမျှ ကြာပြီးနောက်တွင် ဝတ်စုံစိမ်းနှင့် အမျိုးသမီးက ပြော လာခဲ့သည်။ "သံနက်ရိုင်း ၇၅၀၀ ကီလိုဂရမ် ပြန်လည် ရောင်းချ ပါတယ်၊ စုစုပေါင်း အမှတ် ၁၅၀၀ "

ဝတ်စုံစိမ်းနှင့် အမျိုးသမီး၏ အသံကို ကြားလိုက်ရသည်တွင် ချန်ကျီက ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်၊ သူ၏ စိတ်ထဲက တွက်ချက်ထားမှုနှင့် အတိအကျ တူညီပေသည်။

အမှတ် အရေအတွက် ပြသသည့် နေရာတွင် ပမာဏ က ၃၃၆၀ သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့သည်၊ သံနက်ရိုင်း ပြန်လည် ရောင်းချ မှုအတွက် အမှတ်များက အကောင့်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ချန်ကျီက အမှတ်ပမာဏ ကို တစ်ချက် လှမ်းကြည့်လိုက်ရင်း ပြော လိုက်သည်။ "ကိုယ်ပွားတစ်ခု လဲလှယ်မယ်"

"ကိုယ်ပွားတစ်ခု လဲလှယ်ပါမယ်၊ အမှတ် ၂၈၀၀ ကုန်ကျပါမယ်၊ အတည်ပြုပါသလား"

"အတည်ပြုတယ်"

အမှတ် အရေအတွက်ထဲကနေ ၂၈၀၀ နုတ်ယူသွားခဲ့ပြီး လက်ကျန်ပမာဏ က ၅၆၀ သာ ကျန်ရှိတော့သည်။

ကျန်ရှိနေသော အမှတ်ကို ကြည့်ရင်း ချန်ကျီမှာ တစ်ချက်မျှ စိတ်ညစ်သွားရသည်၊ နှစ်ရက်တာ စုဆောင်းထားမှုများက တစ်ခဏအတွင်းမှာတင် မရှိတော့ပေ ။

ကိုယ်ပွား လဲလှယ်မှု ပြီးစီးသွားသည်တွင် ချန်ကျီ၏ ရှေ့မှောက်၌ လင်းလက်နေသော အရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

သူသည်လည်း ဤကိုယ်ပွားအသစ်၏ ရုပ်သွင့ ကို စိတ်ကူးပုံဖော်ရန် စိတ်မပါတော့သဖြင့် သူ၏ အမှတ်ရမှုထဲက ပုံစံတစ်ခုခုကိုသာ အလွယ်တကူ တွေးတောလိုက်ရင်း အရိပ် ထင်ရှားလာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေလိုက်သည်။

မကြာမီအချိန်အတွင်းမှာပင် ကိုယ်ပွားအသစ်က ထင်ရှားလာခဲ့ပြီး အသိစိတ် ကလည်း ကြည်လင် တည်ငြိမ်သွားခဲ့ရ၏။

ချန်ကျီက တည်ငြိမ်စွာဖြင့် ပြော လိုက်သည်။ "နောင်ကျရင် မင်းက နံပါတ် ၂၈ ပဲ၊ မိုင်းသွားတူးတော့"

နာမည်ဆိုသည်မှာ ကိုယ်ပွားများအတွက် အရေးမကြီးပေ ၊ ဒါက သတ်မှတ်ချက် သင်္ကေတတစ်ခုမျှသာ ဖြစ်သဖြင့် ချန်ကျီကလည်း အလွန်အမင်း ဇဝေဇဝါ ဖြစ်မနေတော့ပေ။

"ဟုတ်ကဲ့ပါ" နံပါတ် ၂၈ က ရိုသေစွာဖြင့် ပြန် ဖြေ လိုက်လေသည်။

All Chapters