← Chapters

အခန်း (၃၁၆-၃၁၈)

Vol. 22 Ch. 316-318

အခန်း (၃၁၆-၃၁၈)

Vol. 22 Ch. 316-318

အခန်း(၃၁၆)

ကပ်ဘေးဒုက္ခမိုးကြိုးများထဲတွင် သတ္ထုဒြပ်စင် ကပ်ဘေးဒုက္ခမိုးကြိုးက ဤလောက၏ အထက်ရှဆုံးနှင့် ကြောက်စရာအကောင်းဆုံး တိုက်ခိုက်စွမ်းအား ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မိုးကြိုးထဲမှာ အလွန်အားကောင်းသော သတ္ထုချီက ကိန်းအောင်းနေသောကြောင့်ပင်။ သတ္ထုချီသည် အသန်မာဆုံး တိုက်ခိုက်ရေးစွမ်းအားများအနက် တစ်ခုဖြစ်သည်။ မိုးကြိုးဆင်းသက်လာသည့်အခါ ယင်းက မရေမတွက်နိုင်သော ဓားလှံမြားများအဖြစ် ဖွဲ့စည်းသွားလိမ့်မည်။ ထို့ပြင် လက်နက်တစ်ခုစီမှာ ကောင်းကင်ဘုံမိုးကြိုးက ကိန်းအောင်းနေသေးသည်။

သို့ဖြစ်လေရာ ကပ်ဘေးဒုက္ခမိုးတိမ်ထဲတွင် ကပ်ဘေးဒုက္ခမိုးကြိုးကို ခုခံခြင်းက အလွန်အမင်း ခက်ခဲသောအလုပ် ဖြစ်သည်။ အရှင်သခင်ကုရုံသည်ပင် သူသတိပေါ့ဆလိုက်သည့်အခိုက် သူ၏ အဝတ်အစားက ဖုန်မှုန့်ဖြစ်သွားခဲ့သည် မဟုတ်ပါလော။

သီရှီထျန်၏ အရှေ့မှ မိစ္ဆာကပ်ဘေးဒုက္ခက သာမန်ကပ်ဘေးဒုက္ခ မဟုတ်ပေ။ ယင်း၏ ကပ်ဘေးဒုက္ခမိုးကြိုးစွမ်းအားသည် သာမန်မိစ္ဆာသားရဲတစ်ကောင် ခုခံနိုင်သောအရာ မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ယင်းက ပထမအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

အကယ်၍ ချီဟောင်၊ ပိုင်ယွဲ့နှင့် တခြားမိစ္ဆာသားရဲများသာ ကပ်ဘေးဒုက္ခမိုးတိမ်ထဲသို့ ဝင်ရောက်သွားမည်ဆိုလျှင် သူတို့က အသက်ရှူချိန်အနည်းငယ်အတွင်းမှာ ကောင်းကင်ဘုံမိုးကြိုးကြောင့် မီးသွေးတုံးဖြစ်သွားကြလိမ့်မည်။ ဤကပ်ဘေးဒုက္ခက အလွန်ကြောက်စရာကောင်းသည်ဟု ပြောခြင်းက ချဲ့ကားထားခြင်း မဟုတ်ပေ။ အကယ်၍ ရှေးဟောင်းမိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်ကို သူတို့လျှောက်လှမ်းထားသည်ဆိုလျှင်ပင် သူတို့၏ မိစ္ဆာခန္ဓာကိုယ်က သတ္ထုဒြပ်စင် ကပ်ဘေးဒုက္ခမိုးကြိုးကို ခုခံနိုင်ကြလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် အရှင်သခင်ကုရုံသည် ကပ်ဘေးဒုက္ခမိုးတိမ်ထဲသို့ သီရှီထျန်ဝင်ရောက်သွားကြောင်း မြင်သောအခါ စိတ်ထဲမှာ နှာခေါင်းရှုံ့လိုက်သည်။ သီရှီထျန်ကို သူ့လက်ဖြင့် ကိုယ်တိုင် မသတ်နိုင်သည့်အတွက် အနည်းငယ် သူစိတ်ပျက်သွားသည်။

“ သီရှီထျန် အဲ့ဒီမိစ္ဆာကပ်ဘေးဒုက္ခကို သေချာပေါက် ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်… နင်ကတော့… အခု ငါတို့ကြားက ရန်ငြိုးကို ဖြေရှင်းဖို့ အချိန်ကျပြီ ”

ချန်းရှီသည် ကပ်ဘေးဒုက္ခမိုးတိမ်ထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး အရှင်သခင်ကုရုံကို အေးစက်စက် ကြည့်လိုက်သည်။ သူ၏ မထူးမခြားနား မျက်နှာပေါ်မှာ ဒေါသအရိပ်အယောင် ထွက်ပေါ်လာသည်။ သူက လက်ဆန့်ထုတ်လိုက်ပြီး သတ္ထုဒြပ်စင် ကောင်းကင်ဘုံမိုးကြိုးပန်းထဲမှ ဓားပုံသဏ္ဍာန် ပွင့်ချပ်ကို နုတ်ယူလိုက်သည်။ သူက ပွင့်ချပ်ကို သူ၏ လက်နှစ်ချောင်းကြားထဲမှာ ညှပ်လိုက်သည်။

ထို့နောက် သူ၏ လက်ချောင်းများထံတွင် ရွှေရောင်အလင်း ထွန်းလင်းလာသည်။ တစ်ဆက်တည်းမှာ သူ့လက်ချောင်းများကြားထဲမှ ပွင့်ချပ်က ရွှေရောင်တောက်ပသွားသည်။ မကြာမီ အံ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ရွှေရောင်ပွင့်ချပ်သည် တစ်ခုမှ နှစ်ခု၊ နှစ်ခုမှ သုံးခု၊ ထိုမှတဖန် လေးခုသို့ တိုးပွားသွားသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ရွှေရောင်ပွင့်ချပ်ရာထောင်ချီက သူ့အရှေ့မှာ စုဝေးသွားသည်။ ပွင့်ချပ်တစ်ခုစီက ဖော်မပြနိုင်အောင် အလွန်ထက်ရှပြီး လေထဲမှာ တလူလူ လွင့်မျောနေသည်။

ထို့ပြင် ရွှေရောင်အလင်းက ကောင်းကင်တစ်ခွင် လင်းထိန်သွားသည်။

ယင်းကို အသင်္ချေပုံရိပ်အတတ်ပညာဟု ခေါ်သည်။ အသင်္ချေပုံရိပ်အတတ်ပညာသည် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးပညာရပ်တစ်ခု ဖြစ်သည်။ မရေမတွက်နိုင်သော ပုံရိပ်များက မူလခန္ဓာကိုယ်မှ ခွဲထွက်သွားလိမ့်မည်။ ပုံရိပ်များက မည်မျှများပြားပါစေ မူလခန္ဓာကိုယ်က တစ်ခုတည်းရှိလိမ့်မည်။

အံ့ဖွယ်ကောင်းသည်မှာ ထိုပုံရိပ်များသည် မူလခန္ဓာကိုယ်နှင့် တစ်ပုံစံတည်းတူညီပြီး တူညီသော စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ သို့သော် ထိုတိုက်ခိုက်ရေးပညာရပ်မှာ အားနည်းချက်တစ်ခုရှိသည်။ အကယ်၍ မူလခန္ဓာကိုယ်ဖျက်ဆီးခံရမည်ဆိုလျှင် တခြားပုံရိပ်များသည်လည်း တစ်ပြိုင်နက်တည်း ပျက်စီးသွားလိမ့်မည်။

“ ဟွန့်… ငါအရှင်က ဘာလို့ မင်းလို ကလေးမလေးကို ကြောက်ရမှာလဲ ”

အလင်းရောင်က အရှင်သခင်ကုရုံ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အေးစက်စက် အော်ပြောလိုက်သည်။ သူက မီးခိုးဖြူရောင်တုတ်ကို မြှောက်လိုက်ပြီး အကြမ်းပတမ်း ဝှေ့ယမ်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူ့လက်ထဲမှ တုတ်ချောင်းက မရေမတွက်နိုင်သော သစ်ပင်အကိုင်းအခတ်များအဖြစ် ပြောင်းလဲသွားပြီး သူ၏ တစ်ကိုယ်လုံးကို အထပ်ထပ် ရစ်ပတ်သွားသည်။ ထို့နောက် သူက မရေမတွက်နိုင်သော ရွှေရောင်ပွင့်ချပ်များထံသို့ လက်ညှိုးညွှန်လိုက်သည်။

သူက ထူးဆန်းသော အတတ်ပညာတစ်ခုကို ထုတ်ဖော်လိုက်စဉ် သူ့စိတ်က တုတ်ချောင်းနှင့်အတူ အဆုံးမဲ့စွာ ပြန့်ပွားသွားသည်။ သူလက်မလျော့သေးသရွေ့ သူ့လက်ထဲမှ တုတ်ချောင်းက ရပ်တန့်သွားလိမ့်မည် မဟုတ်ချေ။

“ ဗုန်း… ဗုန်း… ”

ကောင်းကင်ယံတွင် မရေမတွက်နိုင်သော ရွှေရောင်ပွင့်ချပ်များက မီးခိုးဖြူရောင်သစ်ပင်အကိုင်းအခတ်များနှင့် ထိပ်တိုက် တွေ့ဆုံသွားကြသည်။ ကျယ်လောင်သော ပေါက်ကွဲသံများ တရစပ်ထွက်ပေါ်လာသည်။

ယခု ကောင်းကင်ဘုံကပ်ဘေးဒုက္ခမိုးတိမ်ထံမှ ဖိအားက ထက်ဝက်ကျော် လျော့ကျသွားသော်လည်း မည်သူမှ ချိုင့်ဝှမ်းထဲမှ မထွက်သွားကြချေ။ သူတို့က ချန်းရှီဖြတ်ကျော်ခဲ့သော ပထမအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခမိုးတိမ်အောက်မှာ တိုက်ခိုက်နေကြသည်။

ချန်းရှီသည် ပထမအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သွားသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ထဲမှ အမြူတေဓာတ်လုံးက ပထမအကြိမ် အသွင်သဏ္ဍာန်ပြောင်းလဲခြင်းနယ်ပယ်သို့ ဝင်ရောက်သွားသည်။

ယခု သူက ဝိညာဉ်သန္ဓေတည်နယ်ပယ် မသေမျိုးကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်နိုင်သွားသည်။ မျက်မှောက်ခေတ်မိစ္ဆာမျိုးနွယ်စုတွင် သူ့ကို မိစ္ဆာဘုရင်တစ်ပါးဟု သတ်မှတ်နိုင်သွားသည်။

အရှင်သခင်ကုရုံ၏ လက်ရှိခွန်အားက မည်မျှသန်မာကြောင်း မည်သူမှ မသိပေ။ သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်က နှောင်းပိုင်းအဆင့် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်မှာ ဖြစ်သည်။ သို့သော်လည်း သူ၏ တိုက်ပွဲစွမ်းအားသည် ဝိညာဉ်သန္ဓေတည်နယ်ပယ် မသေမျိုးကျင့်ကြံသူတစ်ယောက်ထက် အားမနည်းပေ။ ထို့ပြင် သူ့မှာ ထူးဆန်းသော ဓမ္မအတတ်ပညာများနှင့် ဓမ္မရတနာများ ရှိသည်။ သို့ဖြစ်၍ သူ့ကို လျော့မတွက်သင့်ပေ။ သို့မဟုတ်လျှင် အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်သည်။

တိုက်ပွဲသည် စတင်သည်နှင့်ချက်ချင်း အလွန်ပြင်းထန်သည်။

ချိုင့်ဝှမ်းထဲမှ တိုက်ပွဲနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ချိုင့်ဝှမ်းအပြင်ဘက်မှ တိုက်ပွဲက ပိုပြီးရက်စက်ကြမ်းကြုတ်သည်။ အနက်ရောင်မျောက်ဝံဘုရင်က သူ၏ နတ်ဘုရားခွန်အားကို ထုတ်ဖော်လိုက်ပြီး ပြင်ပမသေမျိုးကျင့်ကြံသူကိုးယောက်ထဲမှ အမျိုးသမီးကျင့်ကြံသူတစ်ယောက်ကို ရက်စက်ကြမ်းကြုတ်စွာ သတ်ပစ်လိုက်သည်။ ကျန်ကျင့်ကြံသူရှစ်ယောက်သည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်မှာ ဖြစ်ကြပြီး ဓမ္မရတနာများကို အသုံးပြုနေကြသည်။ မိစ္ဆာသားရဲဘုရင်များနှင့် မသေမျိုးကျင့်ကြံသူများကြားမှ တိုက်ပွဲက အလွန်ပြင်းထန်သည်။ ဒဏ်ရာဒဏ်ချက်များသည် မိစ္ဆာသားရဲဘုရင်များ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ သို့သော်လည်း ရက်စက်ကြမ်းကြုတ်မှုအပိုင်းတွင် မည်သူမှ မိစ္ဆာသားရဲဘုရင်များကို မယှဉ်နိုင်ပေ။ သူတို့က အထက်စီးမှ ဖိနှိပ်တိုက်ခိုက်နေကြသည်။

ဤအခိုက်အတန့်မှာ ဝမ်ဖုန်းအာက မဒူဆာနှင့် တိုက်ခိုက်နေသည်။ သူတို့၏ တိုက်ပွဲက အလွန်ပြင်းထန်ပြီး အန္တရာယ်များသည်။

သို့သော် ကပ်ဘေးဒုက္ခမိုးတိမ်ထဲမှာ ရောက်နေသော သီရှီထျန်သည်လည်း သက်တောင့်သက်သာရှိမနေပေ။

“ အား ”

ကပ်ဘေးဒုက္ခမိုးတိမ်ထဲသို့ သူဝင်ရောက်သွားသည့်အခါ သူ့အရှေ့မှ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက မရေမတွက်နိုင်သော မိုးကြိုးများကြားထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ရွှေရောင်မိုးကြိုးတိမ်တိုက်များက ရှေ့တိုးနောက်ဆုတ် ရွေ့လျားနေကြသည်။ ဖော်မပြနိုင်အောင် အလွန်ထက်ရှသော အရှိန်အဝါက ထိုရွှေရောင်မိုးကြိုးများထံမှ ထွက်ပေါ်နေသည်။ ကပ်ဘေးဒုက္ခမိုးတိမ်ထဲသို့ သူဝင်ရောက်သွားသည့်အခါ မရေမတွက်နိုင်သော ရွှေရောင်မိုးကြိုးများက သူတို့၏ ပစ်မှတ်ကို ရှာတွေ့သွားဟန် ရ၏။

“ ဂျိန်း… ဂျလိန်း… ”

မရေမတွက်နိုင်သော မိုးကြိုးသွားများက ကျယ်လောင်သော မြည်ဟိန်းသံနှင့်အတူ သီရှီထျန်အပေါ်သို့ အကြမ်းပတမ်း ကျဆင်းလာကြသည်။ ဤသည်မှာ ထိုမိုးကြိုးသွားများက သူ့ကို အပိုင်းပိုင်းအစစ ဖျက်ဆီးပစ်ချင်နေဟန် ရ၏။ ယင်းက အလွန်ကြောက်စရာကောင်းသည်။ အကယ်၍ သာမန်လူတစ်ယောက်က ထိုမြင်ကွင်းကို မြင်သွားမည်ဆိုလျှင် ကြောက်လန့်သွားပြီး နေရာမှာတင် သတိမေ့သွားလိမ့်မည်။

သူမျှော်လင့်ထားသကဲ့သို့ပင် သူ့ခန္ဓာကိုယ်ပေါ်မှ ဝတ်စုံနက်က မိုးကြိုးကြောင့် အပိုင်းပိုင်းအစစ ဆုတ်ပြဲသွားပြီး ပြာဖြစ်သွားသည်။ အော်ဟစ်ညည်းညူသံသည်ပင် သူ့ပါးစပ်မှ အထိန်းအချုပ်မဲ့စွာ ထွက်ပေါ်လာသည်။

“ ရှီထျန်… အသွင်သဏ္ဍာန်ပြောင်းလဲခြင်း ကပ်ဘေးဒုက္ခက အပြင်ဘက်ကနေ ကျော်လွှားရတဲ့ဟာ မဟုတ်ဘူး… နင် ကပ်ဘေးဒုက္ခမိုးတိမ်ထဲ ဝင်ရောက်ပြီး ကောင်းကင်ဘုံမိုးကြိုးကို နင့်ရဲ့ မိစ္ဆာခန္ဓာကိုယ်နဲ့ ခုခံတားဆီးရမယ်… အချိန်ကြာကြာ နင်ခုခံနိုင်လေ ပိုကောင်းလေပဲ… နင်မခုခံနိုင်တဲ့အခါ ကောင်းကင်ဘုံမိုးကြိုးက နင့်ရဲ့ မိစ္ဆာခန္ဓာကိုယ်ကို ဝါးမျိုသွားလိမ့်မယ် ”

“ ကပ်ဘေးဒုက္ခကျော်လွှားနေတဲ့အချိန် ခန္ဓာကိုယ်ပေါ်မှာ ဖြတ်သန်းစီးဆင်းနေတဲ့ မိုးကြိုးတွေကို မခုခံပါနဲ့… မိုးကြိုးကို နင့်ရဲ့ ခန္ဓာကိုယ်ထဲက အသွေးအသားတွေဆီ စီးဆင်းသွားပါစေ… အဲ့ဒီနောက် အသွေးအသားတွေကို နင့်ရဲ့ မိစ္ဆာအာရုံနဲ့ စေခိုင်းပြီး မိုးကြိုးကို စုပ်ယူပါ… များများ နင်စုပ်ယူနိုင်လေ နင့်ရဲ့ အနာဂတ်အလားအလာက ပိုပြီးကောင်းမွန်လေ ဖြစ်တယ်… နောက်ဆုံးကျရင် နင့်ရဲ့ စိတ်ခွန်အားကို အသုံးပြုပြီး ခန္ဓာကိုယ်ကို နင်စိတ်ကူးထားတဲ့ အသွင်သဏ္ဍာန်အတိုင်း ပြောင်းလဲပါ… ”

ချန်းရှီပြောခဲ့သော စကားများက သူ့ခေါင်းထဲမှာ ပြန်ပေါ်လာသည်။

“ ပြင်ပရုပ်ဝတ္ထုတွေကို အသုံးပြုပြီး မိုးကြိုးကို ခုခံလို့မရဘူး… ငါ့ရဲ့ ရုပ်ခန္ဓာကိုယ်နဲ့ပဲ အဲ့ဒါကို ခုခံရမယ်… မိုးကြိုးကို အသုံးပြုပြီး ငါ့ရဲ့ မိစ္ဆာခန္ဓာကိုယ်ကို ထုဆစ်သန့်စင်မယ် ”

သီရှီထျန်၏ မျက်လုံးထဲမှာ ဆုံးဖြတ်ချက်ပြတ်သားသော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူက အစွမ်းထက်သော မိစ္ဆာတစ်ကောင်ဖြစ်လာချင်လျှင် ပင်ပန်းဆင်းရဲဒဏ်ကို သေချာပေါက် ရင်ဆိုင်ကျော်လွှားရလိမ့်မည်။ ထိုသဘောတရားကို ကောင်းမွန်စွာ သူနားလည်သည်။ ထို့ကြောင့် သူက အံတင်းတင်းကြိတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်မှ နာကျင်မှုကို တောင့်ခံလိုက်သည်။ သူ၏ ရုပ်ခန္ဓာကိုယ်က အလွန်သန်မာသော်လည်း မရေမတွက်နိုင်သော မိုးကြိုးသွားများ၏ ပစ်ခတ်မှုကြောင့် သေးငယ်သော ဒဏ်ရာဒဏ်ချက်များက သူ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ သူ၏ ကြွက်သားများက မြွေများသဖွယ် အရူးအမူး လူးလွန့်သွားသည်။ သူ့ခေါင်းပေါ်မှ ဆံပင်က ထောင်မတ်သွားသည်။ သူက စက္ကန့်ပိုင်းလေးအတွင်းမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသည်။

“ အား… ကောင်းတယ်… ဒီနေ့ ကောင်းကင်ဘုံမိုးကြိုးကို အသုံးချပြီး ငါ့ရဲ့ မိစ္ဆာခန္ဓာကိုယ်ကို ထုဆစ်သန့်စင်မယ်… ဝေါင်း ”

အတွေးတစ်ချက်နှင့်အတူ သီရှီထျန်၏ ခန္ဓာကိုယ်က လှုပ်ယမ်းသွားသည်။ ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်က မူလအသွင်သဏ္ဍာန်သို့ ပြောင်းလဲသွားသည်။ အရွယ်အစားကြီးမားသော ကျားနက်တစ်ကောင်က မိုးကြိုးများကြားထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ သူ၏ နဖူးပေါ်တွင် ခရမ်းရောင်ဘုရင်အမှတ်အသားက အရူးအမူး လှုပ်ခတ်လာသည်။ နောက်အခိုက်အတန့်မှာ သူ့တစ်ကိုယ်လုံးက အလွန်မြန်ဆန်စွာ အရွယ်အစားကြီးမားသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ ကျားခန္ဓာကိုယ်က ပေတစ်ရာကျော်သွားသည်။

“ ဝုန်း ”

သူ၏ မိစ္ဆာခန္ဓာကိုယ်က ပိုပြီးကြီးမားလာလေ ကပ်ဘေးဒုက္ခမိုးတိမ်များသည်လည်း ပိုပြီးကြီးမားလာလေ ဖြစ်သည်။ မိုးကြိုးများသည် အကြင်နာမဲ့စွာ သူ့အပေါ်သို့ စုပြုံကျရောက်လာသည်။ မိုးကြိုးများသည် သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည့်အခါ မရေမတွက်နိုင်သော ရွှေရောင်ဓားမော့များအဖြစ် အသွင်ပြောင်းလဲသွားပြီး သူ့ကို ခုတ်ပိုင်းလိုက်သည်။ မိုးကြိုးများမှ အသွင်ပြောင်းလဲသွားသော ရွှေရောင်ဓားမော့များသည် အလွန်ထက်ရှသည်။

သီရှီထျန်၏ မိစ္ဆာခန္ဓာကိုယ်ဖြင့်ပင် ထိုဓားမော့များကို အပြည့်အဝ မတားဆီးနိုင်ပေ။ သွေးသည် သူ့ခန္ဓာကိုယ်ပေါ်မှ ဓားမော့အမှတ်အသားများထံမှ စီးကျလာသည်။ မိုးကြိုးပစ်ခတ်မှုကြောင့် သူ့ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်အမွှေးအမျှင်အားလုံးက ထောင်မတ်သွားသည်။ ယခုအချိန်မှာ သူက ဆူးကောင်နှင့် ဆင်တူသွားသည်။

“ အား ”

ဒဏ်ရာတစ်ခု ထွက်ပေါ်လာတိုင်း မိုးကြိုးများထဲမှ လျှပ်စီးတန်းများက ဒဏ်ရာမှတဆင့် သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းထဲသို့ စီးဆင်းသွားသည်။ ယင်းက သူ့ခန္ဓာကိုယ်အတွင်းပိုင်းကို မုန်တိုင်းသဖွယ် ဝင်နှောင့်ယှက်လိုက်ပြီး ဖျက်ဆီးပစ်လိုက်သည်။

အဆုံးမဲ့သော နာကျင်မှုက သူ့ခန္ဓာကိုယ်၏ အတွင်းနှင့်အပြင်မှာ ထွက်ပေါ်လာသည်။ ယင်းက ကပ်ဘေးဒုက္ခမဟုတ်ပေ။ ယင်းအစား စိတ်ကူးမယဉ်နိုင်သော ညှဉ်းပန်းနှိပ်စက်မှုဖြစ်သည်။ ချန်းရှီ၏ မှာကြားချက်ကို ရှင်းလင်းစွာ မှတ်မိနေသောကြောင့် သီရှီထျန်သည် သူ၏ မိစ္ဆာခန္ဓာကိုယ်ကိုသာ အသုံးပြု၍ ကောင်းကင်ဘုံမိုးကြိုးကို ခံယူလိုက်သည်။

မိစ္ဆာခန္ဓာကိုယ်ထဲမှာ အလွန်သန်စွမ်းသော အသက်ဓာတ် ကိန်းအောင်းနေသည်။ သီရှီထျန်သည် မည်သည့်အရာမှ ထိန်ချန်မနေဘဲ အစွမ်းကုန် ထုတ်သုံးလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီက ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးထံသို့ မြန်ဆန်စွာ စီးဆင်းသွားသည်။ မိုးကြိုးကြောင့် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတစ်ခုထွက်ပေါ်လာတိုင်း မိစ္ဆာချီက ထိုဒဏ်ရာထဲသို့ စီးဆင်းသွားပြီး အမြန်ဆုံး ကုသပေးလိမ့်မည်။

သို့သော် ဒဏ်ရာသည် ပြန်ကောင်းမွန်သွားသည်နှင့် မိုးကြိုးကြောင့် ထပ်မံ ကွဲထွက်သွားပြန်သည်။

အလွန်ပြင်းထန်သော နာကျင်မှုက သူ၏ အသိစိတ်ကို အဆက်မပြတ် ယိုယွင်းတိုက်စားနေသည်။ သူ၏ အသိစိတ်က အဆုံးမဲ့သော နာကျင်မှုကြောင့် စတင်ဝေဝါးလာသည်။ ယင်းက အမှန်တကယ် အလွန်နာကျင်သည်။

ယင်းက သူ့ခန္ဓာကိုယ်ကို ဓားဖြင့် ထပ်ခါတလဲလဲ လှီးဖြတ်နေခြင်းနှင့် ဆင်တူသည်။ မိုးကြိုးသည် ခန္ဓာကိုယ်အပြင်ပိုင်းကိုသာမက အတွင်းပိုင်းကိုလည်း အရူးအမူး ဖျက်ဆီးပစ်နေသည်။

အခန်း(၃၁၇)

“ အား… ငါကျရှုံးသွားလို့ မဖြစ်ဘူး… ငါသေချာပေါက် တောင့်ခံထားရမယ်… အား… ”

သူက ကျယ်လောင်စွာ အော်ဟစ်ညည်းတွားနေသော်လည်း သူ့မျက်လုံးထဲမှာ စိတ်ဓာတ်ပြတ်သားသော အကြည့် ထွက်ပေါ်နေသည်။ သူ၏ အသိစိတ်က အမှန်တကယ်ပင် ဝေဝါးနေသည်။ အဘယ့်ကြောင့်ဆိုသော် သူက အဆုံးမဲ့သော နာကျင်မှုကို ခံစားနေရသောကြောင့်ပင်။ သို့သော်လည်း သူက စိတ်ဓာတ်ပြတ်သားမှုကို အသုံးပြု၍ သူ၏ အသိစိတ် မပျောက်ကွယ်သွားအောင် လုပ်ဆောင်နေသည်။ သို့မဟုတ်ဘဲ သူ၏ အသိစိတ် ပျောက်ကွယ်သွားမည်ဆိုလျှင် သူက ထာဝရ ပျက်စီးပျောက်ကွယ်သွားနိုင်သည်။

ကောင်းကင်ဘုံကပ်ဘေးဒုက္ခသည် မည်သည့်သနားကြင်နာမှုမှ မပြချေ။ ယခုအချိန်က စိတ်ခွန်အားချင်း ပြိုင်ဆိုင်ရမည့် တိုက်ပွဲဖြစ်သည်။ ကောင်းကင်ဘုံကပ်ဘေးဒုက္ခသည် တစ်စုံတစ်ယောက်၏ စိတ်ခွန်အားကို စမ်းသပ်သောအရာ ဖြစ်သည်။

တစ်စုံတစ်ယောက်သည် အထွတ်အထိပ်သို့ တတ်လှမ်းချင်လျှင် မည်သည့်အခါမှ မယိမ်းယိုင်သွားမည့် စိတ်ဓာတ်ပြတ်သားမှုကို ပိုင်ဆိုင်ထားရမည်။ စိတ်ခွန်အားဟူသည် မည်သည့်အခါမှ အနောက်မဆုတ်မည့်၊ မည်သည့်အခါမှ လက်မလျော့မည့်၊ မည်သည့်အခါမှ ဦးမညွတ်မည့် စိတ်ဓာတ်ပြတ်သားမှုကို ရည်ရွယ်သည်။ စိတ်ခွန်အားသည် ကျင့်ကြံခြင်းတွင် မရှိမဖြစ် လိုအပ်သောအရာ ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်က ကောင်းကင်ဘုံကပ်ဘေးဒုက္ခထံ လက်လျော့လိုက်မည်ဆိုလျှင် အနာဂတ်မှာ မည်သို့သော အောင်မြင်မှုများ ရရှိနိုင်လိမ့်မည်နည်း။ စိတ်ခွန်အားက အလုံအလောက် မသန်မာလျှင် အထွတ်အထိပ်သို့ မည်သို့တတ်လှမ်းနိုင်မည်နည်း။

သီရှီထျန်၏ ခန္ဓာကိုယ်ထဲမှ နှလုံးက အပြင်းအထန် ခုန်မြည်လာသည်။ နှလုံးခုန်သံက မိုးခြိမ်းသံအလား ကျယ်လောင်သည်။ တစ်စက္ကန့်တွင် အကြိမ်ရေမည်မျှ ခုန်မြည်သွားကြောင်း မသိနိုင်ပေ။ အကယ်၍ ထိုနေရာမှာသာ တခြားလူများ၏ နှလုံးဆိုလျှင် ယင်းက ချက်ချင်း ပေါက်ကွဲသွားလိမ့်မည်။ သို့သော်လည်း သီရှီထျန်၏ နှလုံးက မိစ္ဆာစံအိမ်၏ တည်နေရာဖြစ်သည်။ မိစ္ဆာချီ၏ အဆက်မပြတ် အားဖြည့်ပေးမှုအောက်မှာ နှလုံးက သူ့ခန္ဓာကိုယ်ထဲ၌ အသန်မာဆုံး အစိတ်အပိုင်းဖြစ်လာသည်။ အထူးသဖြင့် သူ၏ မိစ္ဆာစံအိမ်က ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်ဖြစ်သည်။

သူ၏ မိစ္ဆာစံအိမ်ထဲတွင် မိစ္ဆာသန့်စင်ခြင်းမီးဖိုက အရူးအမူး လှည့်ပတ်နေပြီး အဆုံးမဲ့သော ဝါးမျိုခြင်းစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ဝါးမျိုခြင်းစွမ်းအားက အရပ်မျက်နှာအသီးသီးသို့ အဆက်မပြတ် ပျံ့နှံ့သွားသည်။

“ ကျစ်… ကျစ်… ”

မရေမတွက်နိုင်သော မိုးကြိုးများက အပြင်းအထန် လှုပ်ရှားနေသည်။ အပြင်ဘက်တွင် သတ္ထုဒြပ်စင် ကောင်းကင်ဘုံမိုးကြိုးက ရှေ့တိုးနောက်ဆုတ် အဆက်မပြတ် ရွေ့လျားနေသည်။ အစက ထိုမိုးကြိုးသည် သီရှီထျန်ကို ပစ်ခတ်ချင်သည်။ သို့သော်လည်း ယခု အလွန်အားကောင်းသော ဝါးမျိုခြင်းစွမ်းအားက မိစ္ဆာသန့်စင်ခြင်းမီးဖိုထံမှ ထွက်ပေါ်လာကြောင်း ယင်းက ခံစားမိသွားသည်။

ကောင်းကင်ဘုံမိုးကြိုးသည် သူ့အား အန်တုချင်သော တစ်စုံတစ်ခုကို တွေ့ရှိသွားသည့်အလား အလွန်ဒေါသထွက်သွားသည်။ ထို့ကြောင့် ယင်းက ပိုပြီးအားကောင်းသော မိုးကြိုးစွမ်းအားနှင့်အတူ သီရှီထျန်ကို အကြမ်းပတမ်း ပစ်ချလိုက်သည်။

သီရှီထျန်သည် မိုးကြိုးနှင့် လျှပ်စီးပင်လယ်ထဲမှာ ရှိနေသည့်အလား ခံစားမိသွားသည်။ ဤသည်မှာ မိုးကြိုးပင်လယ်အတွင်းသို့ သူစိမ်းတစ်ယောက် ဝင်ရောက်လာသည့်အလားပင်။ ထို့ကြောင့် မိုးကြိုးအားလုံးက သူ့ကို ပစ်မှတ်ထားလိုက်ကြသည်။ ယင်းတို့က သီရှီထျန်ကို ပြင်ပအရာဝတ္ထုအဖြစ် သဘောထားလိုက်ပြီး သူ့ကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်ချင်ကြသည်။

ကြောက်မက်ဖွယ်ရာအဖျက်စွမ်းအားနှင့်အတူ မရေမတွက်နိုင်သော မိုးကြိုးများက သီရှီထျန်အပေါ်သို့ ကျဆင်းသွားကြသည်။

အစတွင် မိုးကြိုးများသည် သီရှီထျန်ကို ညှဉ်းပန်းနှိပ်စက်ရုံမျှသာ လုပ်ဆောင်သည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ ယင်းတို့က မိစ္ဆာသန့်စင်ခြင်းမီးဖို၏ လုပ်ဆောင်မှုကြောင့် ဒေါသထွက်သွားကြပြီး သူ့ကို ဖျက်ဆီးပစ်ရန် လုပ်ဆောင်လိုက်ကြသည်။ မိုးကြိုး၏ အဖျက်စွမ်းအားက ယခင်ကထက် အဆပေါင်းများစွာ တိုးပွားသွားသည်။ မရေမတွက်နိုင်သော ရွှေရောင်မိုးကြိုးများက ဝိညာဉ်မြွေများအဖြစ် အသွင်ပြောင်းလဲသွားကြပြီး ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားကြသည်။ နောက်အခိုက်အတန့်မှာ ယင်းတို့က သီရှီထျန်အပေါ်သို့ တစ်ပြိုင်နက် ကျဆင်းလာကြသည်။

“ ကောင်းတယ်… လာစမ်း… ”

သူ၏ နဖူးပေါ်တွင် ခရမ်းရောင်ဘုရင်အမှတ်အသားက တအိအိလှုပ်ခတ်သွားသည်။ အလျော့မပေးသော စိတ်ဆန္ဒက သူ၏ နှလုံးသားထဲမှ ပေါ်လျှိုးလာသည်။ ယင်းက သူ၏ စိတ်ဓာတ်ပြတ်သားမှုကို ပိုပြီးခိုင်မြဲစေသည်။ သူက အံတင်းတင်းကြိတ်လိုက်သည်။ သူ၏ လက်ထဲ၌ ဝိုင်နတ်ဘုရားဘူးသီးခြောက် ထွက်ပေါ်လာသည်။ သူက ကျယ်လောင်စွာ ပါးစပ်ဟလိုက်ပြီး ဝိညာဉ်ဝိုင်ကို ပါးစပ်ထဲသို့ လောင်းချလိုက်သည်။ ရွှေရောင်မျောက်မင်းဝိုင်က သူ၏ လည်ချောင်းကို ဖြတ်သန်းသွားပြီး ဝမ်းဗိုက်ထဲသို့ ဝင်ရောက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဝိညာဉ်ဝိုင်က ပမာဏများပြားသော မိစ္ဆာချီအဖြစ် သန့်စင်ခံလိုက်ရသည်။

ဤအခိုက်အတန့်မှာ သူက မည်သည့်အရာကိုမှ ကပ်စေးမနှဲနေတော့ပေ။ မိစ္ဆာကပ်ဘေးဒုက္ခကို ကျော်လွှားနိုင်မှ သူ့မှာ အနာဂတ်ရှိလာလိမ့်မည်။ ဝိညာဉ်ဝိုင်သည် တန်ဖိုးကြီးမားသည်။ သို့သော်လည်း သူ့အသက်နှင့် နှိုင်းယှဉ်လျှင် ယင်းက ဘာမှမဟုတ်တော့ပေ။

သန့်စင်ပြီး ပမာဏများပြားသော မိစ္ဆာချီ၏ ပံ့ပိုးမှုအောက်မှာ မိုးကြိုးကြောင့် ဖြစ်ပေါ်လာသော သူ့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာဒဏ်ချက်များက အလွန်မြန်ဆန်သော အလျင်ဖြင့် သက်သာပျောက်ကင်းသွားသည်။ ချန်းရှီပြောခဲ့သော စကား၏ အဓိပ္ပာယ်ကို သူနားလည်သည်။

မိုးကြိုးနှင့် လျှပ်စီးကြောင့် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်များ ထွက်ပေါ်လာသည်။ သို့သော်လည်း မိစ္ဆာချီဖြင့် ထိုဒဏ်ရာဒဏ်ချက်များကို သူကုသလိုက်သည့်အခါ ထိုအစိတ်အပိုင်းများက ယခင်ကထက် ပိုမာကျောလာပြီး ပိုသန်မာလာကြောင်း ခံစားမိသွားသည်။

သူ၏ ရုပ်ခန္ဓာကိုယ်က တဖြည်းဖြည်း ပိုပြီးသန်စွမ်းလာသည်။

ထိုမိုးကြိုးနှင့် လျှပ်စီးထဲမှာ ယိုယွင်းတိုက်စားသော စိတ်ဆန္ဒရှိသည်။ ထို့ကြောင့် မိုးကြိုးအပစ်ခံလိုက်ရသည့်အခါ သူ့ခန္ဓာကိုယ်က ယိုယွင်းတိုက်စားခံလိုက်ရသည်။ ယင်းက သူ့အား ဖော်မပြနိုင်အောင် နာကျင်စေသည်။ သို့သော် ထိုနာကျင်မှုက သူ၏ ရုပ်ခန္ဓာကိုယ်အား ပိုပြီးသန်စွမ်းစေသည်။ ထိုခံစားချက်က အလွန်အံ့ဖွယ်ကောင်းသည်။ ယခုအချိန်သည် ရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံရန် အကောင်းဆုံးအချိန် ဖြစ်သည်။ အထူးသဖြင့် ရှေးဟောင်းမိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေသည့် သူ့အတွက်တော့ ယင်းက မဟာအခွင့်အရေး ဖြစ်သည်။

သူ၏ မိစ္ဆာခန္ဓာကိုယ်က ပိုပြီးသန်စွမ်းလေ သူ၏ တိုက်ပွဲစွမ်းအားက ပိုပြီးအားကောင်းလေ ဖြစ်၏။ အထူးသဖြင့် တိုက်ခိုက်ရေးပညာရပ်များကို သူအသုံးပြုသည့်အခါ ပိုပြီးအားကောင်းသော တိုက်ပွဲစွမ်းအားကို ထုတ်လွှတ်နိုင်သွားလိမ့်မည်။

ချန်းရှီက မည်သို့ကြောင့် သူ့အား မိုးကြိုးကို အချိန်ကြာကြာ တောင့်ခံစေချင်ကြောင်း ယခု သီရှီထျန် နားလည်သွားသည်။

“ ဂျိန်း… ဂျလိန်း… ”

မရေမတွက်နိုင်သော မိုးကြိုးမြွေများက သူ့ထံသို့ ဆင်းသက်လာကြသည်။ သားရိုင်းတစ်ကောင်သဖွယ် ရက်စက်ကြမ်းကြုတ်သော မိုးကြိုးနှင့် လျှပ်စီးက စက်ကရာကို မျက်စိတစ်မှိတ်အတွင်း အပြည့်အဝ ဖုံးလွှမ်းသွားသည်။ မိုးကြိုးထဲမှာ ကိန်းဝပ်နေသော သတ္ထုချီသည်လည်း အကြမ်းပတမ်း ပေါက်ကွဲထွက်လာသည်။ မိုးကြိုး၏ အဖျက်စွမ်းအားအောက်မှာ ကျားနက်၏ အမွှေးအမျှင်များက ပြာဖြစ်သွားသည်။ မိုးကြိုးသည် ဓားသွားများသဖွယ် သီရှီထျန်၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ ဒဏ်ရာဒဏ်ချက်များက သူ့တစ်ကိုယ်လုံးပေါ်မှာ ထွက်ပေါ်လာသည်။ အရေအတွက်များပြားသော လျှပ်စီးကြောင်းများက သူ၏ ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်များမှတဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

လျှပ်စီးကြောင်းများက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့်အခါ ဖော်မပြနိုင်သော နာကျင်မှုက သူ၏ အသွေးအသားတစ်လက်မစီတိုင်းမှ ထွက်ပေါ်လာသည်။

“ ဒုန်း… ဒုန်း… ”

သူ၏ နှလုံးက အပြင်းအထန် ခုန်လာသည်။ တစ်စက္ကန့်တိုင်းမှာ နှလုံးက အကြိမ်ရေတစ်ရာခန့် ခုန်မြည်သွားသည်။ နှလုံးခုန်မြည်နေစဉ် အလွန်အားကောင်းသော ဝါးမျိုခြင်းစွမ်းအားက သူ၏ နှလုံးထံမှ အဆက်မပြတ် ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော မိုးကြိုးနှင့် လျှပ်စီးက နှလုံး၏ ဝါးမျိုစုပ်ယူခြင်းခံလိုက်ရသည်။ မြစ်အစင်းတစ်ထောင်က ပင်လယ်ထဲသို့ စီးဆင်းသွားသည့်အလား မိုးကြိုးနှင့် လျှပ်စီးတန်းရာချီက သူ၏ နှလုံးထဲသို့ အဆက်မပြတ် ဝင်ရောက်လာသည်။

နှလုံးသည် မိစ္ဆာစံအိမ်၏ တည်နေရာဖြစ်သည်။ လျှပ်စီးတန်းများက နှလုံးထဲသို့ ဝင်ရောက်သွားသည်။ ထိုအခါ လွှမ်းမိုးဗိုလ်ကျသော မိုးကြိုးနှင့် လျှပ်စီးတန်းများသည် နှလုံးထဲမှ မိစ္ဆာစံအိမ်ထဲသို့လည်း အရူးအမူး ဝင်ရောက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မိစ္ဆာစံအိမ်တစ်ခုလုံးတွင် မိုးကြိုးနှင့် လျှပ်စီးတန်းများဖြင့် ပြည့်နှက်သွားသည်။ မိစ္ဆာစံအိမ်ထဲတွင် အရေအတွက်များပြားသော လျှပ်စီးစက်ကွင်းများ ထွက်ပေါ်လာသည်။ သို့သော်လည်း မိစ္ဆာစံအိမ်၏ အလယ်၌ တည်ရှိသော မိစ္ဆာသန့်စင်ခြင်းမီးဖိုက အဆက်မပြတ် လှည့်နေပြီး အလွန်အားကောင်းသော ဝါးမျိုခြင်းစွမ်းအားကို ထုတ်လွှတ်နေသည်။

မိစ္ဆာသန့်စင်ခြင်းမီးဖို၏ လှည့်ပတ်မှုက အလွန်မြန်ဆန်လေရာ ကျောက်စိမ်းမီးဖို၏ အသွင်သဏ္ဍာန်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။ ကျောက်စိမ်းအလင်းရောင်ဘောလုံးတစ်လုံးက မြန်ဆန်စွာ လှည့်ပတ်နေကြောင်းသာ မြင်နိုင်ပေသည်။

ကျောက်စိမ်းမီးဖို၏ ဘေးပတ်ပတ်လည်တွင် အဖြူရောင်အလင်းဝဲကတော့တစ်ခုပင် ထွက်ပေါ်နေသည်။ ဝါးမျိုခြင်းစွမ်းအားက ထိုဝဲကတော့မှ ထွက်ပေါ်နေသည်။

ဝါးမျိုခြင်းစွမ်းအား၏ လမ်းညွှန်မှုအောက်မှာ မိစ္ဆာစံအိမ်ထဲ၌ ပြည့်နှက်နေသော မိုးကြိုးနှင့် လျှပ်စီးတန်းများက မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲသို့ အမြန်ဝင်ရောက်သွားသည်။ မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲတွင် မိစ္ဆာအရည်က တဖြည်းဖြည်း ပြန်ပြည့်လာသည်။ ထိုမိစ္ဆာအရည်သည် မိစ္ဆာချီမှလွဲ၍ တခြားမဟုတ်ပေ။ ဤအခိုက်အတန့်မှာ မိစ္ဆာအရည်က အစိုင်အခဲသို့ အသွင်ပြောင်းလဲနေသည်။

မိစ္ဆာအရည်က အစိုင်အခဲဖြစ်လာသည့်အခါ ယင်းက မိစ္ဆာမျိုးနွယ်စု၏ မိစ္ဆာအမြူတေဓာတ်လုံး ဖြစ်လာလိမ့်မည်။ ထိုသို့အခြေအနေမျိုးတွင် တစ်စုံတစ်ယောက်က မည်မျှကျင့်ကြံပါစေ သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီပမာဏက နောက်ထပ် တိုးပွားလာလိမ့်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူက ကျင့်ကြံခြင်းနယ်ပယ်၏ အကန့်အသတ်သို့ ရောက်ရှိသွားပြီ ဖြစ်၏။ အကယ်၍ သူက နောက်ထပ် နယ်ပယ်တစ်ခုဆီသို့ တတ်လှမ်းချင်သည်ဆိုလျှင် အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မိစ္ဆာကပ်ဘေးဒုက္ခကို ကျော်လွှားပြီး အမြူတေဓာတ်လုံးကို ဖွဲ့စည်းရလိမ့်မည်။

အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မိစ္ဆာကပ်ဘေးဒုက္ခသည် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကိုးဆင့်နှင့် လုံးဝ ကွဲပြားခြားနားသည်။ ကောင်းကင်ဘုံကပ်ဘေးဒုက္ခကိုးဆင့်သည် မိစ္ဆာအမြူတေဓာတ်လုံး ဖွဲ့စည်းပြီးမှ ဖြတ်ကျော်ရသော ကပ်ဘေးဒုက္ခအဆင့်ကိုးဆင့် ဖြစ်သည်။

အသွင်သဏ္ဍာန်ပြောင်းလဲခြင်း ကပ်ဘေးဒုက္ခမိုးကြိုးထဲမှာ အလွန်အားကောင်းသော အဖျက်စွမ်းအားအပြင် ထူးခြားဆန်းကြယ်သော ဖန်ဆင်းခြင်းစွမ်းအားလည်း ပါရှိသည်။ ထိုဖန်ဆင်းခြင်းစွမ်းအားက မိစ္ဆာများကို အမြူတေဓာတ်လုံး ဖွဲ့စည်းရန် ကူညီပေးသည်။ ထို့ကြောင့် မိစ္ဆာတစ်ကောင်သည် အမြူတေဓာတ်လုံး ဖွဲ့စည်းချင်သည်ဆိုလျှင် ကပ်ဘေးဒုက္ခမိုးကြိုးကို သူ၏ မိစ္ဆာစံအိမ်ထဲသို့ စုပ်ယူရလိမ့်မည်။ သူက ကပ်ဘေးဒုက္ခမိုးကြိုးထဲမှာ ကိန်းအောင်းနေသော ဖန်ဆင်းခြင်းစွမ်းအားကို သန့်စင်ပြီး သူ၏ မိစ္ဆာချီနှင့် ပေါင်းစပ်ရလိမ့်မည်။

တစ်နည်းဆိုရသော် ဖန်ဆင်းခြင်းစွမ်းအားကို ကြားခံနယ်အဖြစ် အသုံးပြု၍ အရည်ဖြစ်နေသော မိစ္ဆာချီကို မိစ္ဆာအမြူတေဓာတ်လုံးဖြစ်လာရန် သိပ်သည်းရလိမ့်မည်။ သို့မှသာ မိစ္ဆာအမြူတေဓာတ်လုံး ဖြစ်လာလိမ့်မည်။

“ အား… အား… ”

စက်ကရာသည် အလွန်သန်စွမ်းသော စိတ်ခွန်အားကို ပိုင်ဆိုင်ထားသော်လည်း ဖော်မပြနိုင်သော နာကျင်မှုကြောင့် အော်ဟစ်လိုက်ရဆဲပင်။ အကယ်၍ ပုံမှန်မိစ္ဆာကပ်ဘေးဒုက္ခဆိုလျှင် ထိုသို့သူခံစားရလိမ့်မည် မဟုတ်ချေ။ သူ၏ လက်ရှိစွမ်းအားအရ မိစ္ဆာကပ်ဘေးဒုက္ခကို သူဖြတ်ကျော်ရန် ကိုးဆယ်ရာခိုင်နှုန်း သေချာသည်။ သို့သော်လည်း ယခု သူရင်ဆိုင်နေရသော မိစ္ဆာကပ်ဘေးဒုက္ခက သာမန်မဟုတ်ပေ။ ယင်းက ချန်းရှီ၏ ကပ်ဘေးဒုက္ခနှင့် ပေါင်းစပ်ပြီးနောက် ပုံမှန်ထက် နှစ်ဆပိုပြီးသန်စွမ်းသွားသည်။ ထို့ကြောင့် သူက ဖော်မပြနိုင်သော နာကျင်မှုဝေဒနာကို ခံစားနေရသည်။

ထိုနာကျင်မှုကို ဖွင့်ထုတ်ရန် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထိုနည်းကသာ သူ၏ နာကျင်မှုဝေဒနာကို လျော့ပါးစေလိမ့်မည်။ သူ၏ မျက်လုံးများက အလွန်ကြည်လင်နေသည်။ သူ၏ စိတ်အခြေအနေက အလွန်တည်ငြိမ်နေသည်။ သို့သော်လည်း ရူးသွပ်မှုက သူ၏ အကြည့်ထဲမှာ ထွက်ပေါ်နေသည်။ သူက အံတင်းတင်းကြိတ်လိုက်ပြီး နာကျင်မှုကို တောင့်ခံလိုက်သည်။

လျှပ်စီးပင်လယ်ထဲမှာ သူတစ်ယောက်တည်း ရှိနေသည့်အလား မရေမတွက်နိုင်သော လျှပ်စီးတန်းများက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။ မိုးကြိုးနှင့် လျှပ်စီးတန်းများ တချို့တဝက်က သူ၏ အသွေးအသားများနှင့် ပေါင်းစပ်သွားစဉ် ကျန်လျှပ်စီးတန်းများက မိစ္ဆာသန့်စင်ခြင်းမီးဖို၏ ဝါးမျိုစုပ်ယူခံလိုက်ရသည်။

မိုးကြိုးနှင့် လျှပ်စီးတန်းများထဲမှာ ကိန်းအောင်းနေသော ဖန်ဆင်းခြင်းစွမ်းအားကြောင့် သူ၏ မိစ္ဆာချီက တဖြည်းဖြည်း ဒြပ်ထည်ရှိလာသည်။

အခန်း(၃၁၈)

“ မိစ္ဆာသွေးကြောကို ဖွဲ့စည်းမယ်… ”

သီရှီထျန်က ကျယ်လောင်စွာ အော်လိုက်သည်။ သူ၏ အလွန်သန်စွမ်းသော စိတ်ခွန်အားအောက်မှာ သူ၏ အသိစိတ်က အလွန်ကြည်လင်သွားသည်။ သူက ယခုအချိန်မှာ တတိယမြောက် မိစ္ဆာသွေးကြောကို ဖွဲ့စည်းရန် ပြင်ဆင်လိုက်သည်။ သူက ထိုမိစ္ဆာသွေးကြောအတွက် ဟိုးယခင်ကတည်းက စဉ်းစားထားပြီးသား ဖြစ်သည်။ သူက တတိယမြောက် မိစ္ဆာသွေးကြောအတွက် ပျော်ရွှင်မှုကို ရွေးချယ်လိုက်သည်။

အဘယ့်ကြောင့်ဆိုသော် သူ့မှာ ဝမ်းနည်းမှုမိစ္ဆာသွေးကြော ရှိထားပြီးပြီ ဖြစ်၏။ ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုက ဆန့်ကျင်ဘက်ဖြစ်သည်။ ထို့ကြောင့် သူသည် ပျော်ရွှင်မှုမိစ္ဆာသွေးကြောထံမှ နောက်ဆက်တွဲအကျိုးဆက်ကို ဝမ်းနည်းမှုမိစ္ဆာသွေးကြောဖြင့် ထိန်းချုပ်နိုင်လိမ့်မည်။ ထို့ကြောင့် ပျော်ရွှင်မှုမိစ္ဆာသွေးကြောသည် သူ့အတွက် ဖွဲ့စည်းရန် အလွယ်ကူဆုံး ဖြစ်သည်။

သူက မိစ္ဆာအမြူတေဓာတ်လုံးကို ဖွဲ့စည်းရန် အရာအားလုံးကို ကြိုပြင်ဆင်ထားပြီးပြီ ဖြစ်သည်။

ဤအခိုက်အတန့်မှာ သီရှီထျန်သည် သူ၏ မူလအစီအစဉ်အတိုင်း မိစ္ဆာသွေးကြောကို ဖွဲ့စည်းရန် စတင်လုပ်ဆောင်လိုက်သည်။ သူက ကပ်ဘေးဒုက္မမိုးတိမ်ထဲမှာ ဖော်မပြနိုင်သော နာကျင်မှုဝေဒနာကို ခံစားနေရသော်လည်း သူ၏ စိတ်ခွန်အားက အလွန်သန်စွမ်းသည်။

ဤအခိုက်အတန့်မှာ သူ၏ စိတ်အာရုံက နှစ်ခုကွဲထွက်သွားသည်။ စိတ်အာရုံတစ်ခုက မိစ္ဆာစံအိမ်ထဲမှ မိစ္ဆာအရည်ကို အမြူတေဓာတ်လုံးအဖြစ် သန့်စင်ပေးနေစဉ် အခြားစိတ်အာရုံတစ်ခုက တတိယမြောက် မိစ္ဆာသွေးကြောဖွဲ့စည်းခြင်းကို အာရုံစိုက်နေသည်။ အလုပ်နှစ်ခုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ခြင်းက အလွန်အန္တရာယ်များသည်။ ထိုသို့လုပ်ဆောင်နိုင်ရန် တစ်စုံတစ်ယောက်သည် အလွန်သန်စွမ်းသော စိတ်ခွန်အားနှင့် ဇွဲကောင်းမှုကို ပိုင်ဆိုင်ထားရမည်။

ယင်းက ရှေးဟောင်းမိစ္ဆာကျင့်ကြံသူများ ရင်ဆိုင်ဖြတ်ကျော်ရမည့် အတားအဆီးများအနက် တစ်ခုဖြစ်သည်။ ခေတ်သစ်မိစ္ဆာကျင့်ကြံသူများသည်တော့ သူတို့၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်အားလုံးကို တည်ဆောက်ပေးရုံသာ လုပ်ဆောင်ကြရလိမ့်မည်။ သူတို့သည် မိစ္ဆာသွေးကြောများ ဖွဲ့စည်းခြင်းကို မလုပ်ဆောင်ကြချေ။ သူတို့သည် လူသားအသွင်သဏ္ဍာန်သို့ ပြောင်းလဲပြီးလျှင် လူသားများ၏ မရီဒျန်များအတိုင်း ကျင့်ကြံကြလိမ့်မည်။

“ ဂိုဏ်းတူမောင်လေးတွေနဲ့ ညီမတွေ… အဲ့ဒီမိစ္ဆာတွေကို ထိပ်တိုက် မရင်ဆိုင်ကြနဲ့… ချက်ချင်း လူစုဝေးပြီး မိုးမြေပြောင်းပြန်လှန်မိစ္ဆာချုပ်နှောင်ပိုက်ကွန်ကို ဝိုင်းရံလိုက်ကြပါ… အားလုံးပဲ… နေရာအသီးသီးယူပြီး မလွတ်မြောက်နိုင်ကွန်ချာအစီအရင်ကို ဖွဲ့စည်းကြမယ်… အဲ့ဒီမိစ္ဆာအားလုံးကို မိစ္ဆာချုပ်နှောင်ပိုက်ကွန်နဲ့ တစ်ခါတည်း ဖမ်းဆီးကြမယ်… ပြီးကျမှ သူတို့ကို ဓမ္မအတတ်ပညာတွေနဲ့ တိုက်ခိုက်ကြမယ် ”

ဝမ်ဖုန်းအာသည် သူ၏ ဘေးပတ်ဝန်းကျင်မှ အခြေအနေကို စစ်ဆေးလေ့လာလိုက်သည်။ သူ၏ ဂိုဏ်းတူမောင်လေးများနှင့် ညီမလေးများက ကျင့်ကြံခြင်းအဆင့် မြင့်မားသော်လည်း မိစ္ဆာသားရဲဘုရင်များနှင့် ရင်ဆိုင်ရသည့်အခါ အရေးနိမ့်နေကြသည်။ အနက်ရောင်မျောက်ဝံဘုရင်တစ်ကောင်တည်း သန်မာခြင်း မဟုတ်ပေ။ တခြားမိစ္ဆာသားရဲဘုရင်များသည်လည်း အလွန်သန်စွမ်းကြသည်။ ထို့ပြင် မိစ္ဆာသားရဲဘုရင်များက ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ကြသည်။

ယင်းက ထူးဆန်းသောအရာ မဟုတ်ပေ။ သူတို့က သားရဲဘုရင်ဟူသော ဘွဲ့ကို သူတို့ဘာသာ ပေးထားခြင်း မဟုတ်ပေ။ သူတို့က အလွန်ကျယ်ပြောသော ပိုင်နက်ကို အုပ်စိုးထားသည့်အပြင် သူတို့၏ လက်အောက်မှာလည်း တပည့်အများအပြား ရှိသည်။ သူတို့က မွေးရာပါသဘာဝစွမ်းရည်ကို နိုးထထားသည့် မိစ္ဆာသားရဲများ ဖြစ်ကြသည်။ ထို့ပြင် သူတို့ဆီမှာ တိုက်ပွဲအတွေ့အကြုံအများအပြား ရှိသည်။

သားရဲတစ်သောင်းဂိုဏ်းမှ ကျင့်ကြံသူအုပ်စုက မည်မျှသန်မာပါစေ အသက်တစ်ရာမပြည့်သေးသော လူငယ်များသာဖြစ်လေရာ နှစ်ပေါင်းရာချီရှင်သန်ခဲ့သော မိစ္ဆာသားရဲဘုရင်များကို မည်သို့ယှဉ်နိုင်မည်နည်း။

ထို့ကြောင့် သူတို့၏ ကျင့်ကြံခြင်းအဆင့်က မိစ္ဆာသားရဲဘုရင်များထက် ပိုမြင့်မားသော်လည်း အမှန်တကယ် တိုက်ခိုက်သည့်အခါ မိစ္ဆာသားရဲဘုရင်များကို သူတို့မယှဉ်နိုင်ကြပေ။

“ ဟုတ်တယ်… ဂိုဏ်းတူအမပြောတာ မှန်တယ်… အဲ့ဒီမိစ္ဆာသားရဲတွေကို ဖမ်းဆီးပြီး ဂိုဏ်းတူညီမလေးအတွက် ပြန်လက်စားချေမယ် ”

ကျန်ရှိသော ကျင့်ကြံသူခုနှစ်ယောက်က ထိုစကားကို ကြားသောအခါ သူတို့၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုကို ချက်ချင်း ထုတ်လွှတ်လိုက်ကြသည်။ ယင်းက မိစ္ဆာသားရဲဘုရင်များကို အနောက်သို့ လွင့်စင်သွားစေသည်။ ထို့နောက် သူတို့က လေထဲသို့ ပျံတတ်သွားကြပြီး မိုးမြေပြောင်းပြန်လှန်မိစ္ဆာချုပ်နှောင်ပိုက်ကွန်ကို ဝိုင်းရံလိုက်ကြသည်။

“ မိစ္ဆာသားရဲတွေ… ငါ့ရဲ့ ဓမ္မရတနာက ဘယ်လောက်အစွမ်းထက်လဲ နင်တို့အမြင်ကျယ်အောင် ငါဒီနေ့ ပြမယ် ”

ဝမ်ဖုန်းအာက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး အရှေ့သို့ လက်ညှိုးညွှန်လိုက်သည်။ မီးတောက်ပုတီးစေ့မှ အသွင်ပြောင်းလဲသွားသော အနီရောင်ဇာမဏီငှက်က ထွန်းလင်းတောက်ပသော မီးတောက်များကို ထုတ်လွှတ်လိုက်သည်။ ဇာမဏီငှက်က ကျယ်လောင်စွာ‌ အော်မြည်လိုက်ပြီး အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်သည်။ ဇာမဏီငှက်၏ မီးတောက်များက အနီရောင်ငှက်မွှေးများအဖြစ် ဖွဲ့စည်းသွားပြီး မဒူဆာကို ချက်ချင်း လွှမ်းခြုံလိုက်သည်။ ထိုတိုက်ခိုက်မှု၏ သက်ရောက်မှုဧရိယာက အလွန်ကျယ်ပြောလေရာ မဒူဆာ မတိမ်းရှောင်နိုင်ပေ။

ဝမ်ဖုန်းအာသည် ထိုအခွင့်အရေးကို ကောင်းကောင်း အသုံးချ၍ လေထဲသို့ ပျံတတ်သွားပြီး မိစ္ဆာချုပ်နှောင်ပိုက်ကွန်၏ အရှေ့မှာ ရပ်လိုက်သည်။

အံ့ဖွယ်ကောင်းသည်မှာ မရဏကျီးကန်းဘုရင်နှင့် မရဏကျီးကန်းအုပ်စုသည် ပိုက်ကွန်ထဲတွင် အတောင်ပံတဖျပ်ဖျပ်ခတ်၍ အေးတိအေးစက် စောင့်ဆိုင်းနေကြသည်။ သူတို့သည် ယခင်ကဲ့သို့ ပိုက်ကွန်ကို ဒေါသတကြီး မတိုက်ခိုက်ကြတော့ချေ။

အဘယ့်ကြောင့်ဆိုသော် သူတို့က ဤမတိုင်ခင် နည်းလမ်းအမျိုးမျိုးကို စမ်းသပ်ကြည့်ခဲ့ပြီးပြီ ဖြစ်၏။ သို့သော်လည်း နည်းလမ်းတစ်ခုမှ အသုံးမဝင်ပေ။ ဤပိုက်ကွန်၏ မာကျောမှုက ပြိုင်ဘက်ကင်းသည်ဟု ဆိုရမည်။ ယင်းကို ဖျက်ဆီးပစ်ရန် အင်မတန် ခက်ခဲသည်။

မရဏကျီးကန်းဘုရင်သည် ပိုက်ကွန်ထဲမှာ ပိတ်မိနေသော်လည်း ကြောက်လန့်တုန်လှုပ်မနေပေ။ သူက မိစ္ဆာသားရဲဘုရင် ဖြစ်သည်။ မရေမတွက်နိုင်သော မရဏကျီးကန်းများက သူ့လက်အောက်မှာ ရှိသည်။ ထို့ပြင် သူ၏ မွေးရာပါသဘာဝစွမ်းရည်ဖြစ်သော သေမင်းနတ်ဘုရားအကြည့်ကို အသုံးပြုလိုက်သည့်အခါ မည်သည့်ကျင့်ကြံသူမှ သူ၏ အရှေ့မှာ အလွယ်တကူ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။

ပိုက်ကွန်ကို သူမချိုးဖြတ်နိုင်မှတော့ အားအင်အကုန်မခံတော့ပေ။

“ အားလုံးပဲ… မလွတ်မြောက်နိုင်ကွန်ချာအစီအရင်ကို ခင်းကျင်းဖို့ အသင့်ပြင်ထားကြ… ”

ဝမ်ဖုန်းအာက အော်ပြောလိုက်သည်။ ကျင့်ကြံသူရှစ်ယောက်သည် မိစ္ဆာချုပ်နှောင်ပိုက်ကွန်ကို ဗဟိုပြုထား၍ ဝိုင်းရံထားကြသည်။ ဤအခိုက်အတန့်မှာ သူတို့တစ်ယောက်စီက သူတို့၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားကို ပိုက်ကွန်ထဲသို့ တစ်ပြိုင်နက် ပို့လွှတ်လိုက်ကြသည်။

“ ဝှစ် ”

ပိုက်ကွန်သည် ဝိညာဉ်စွမ်းအားကို လက်ခံရရှိသွားပြီးနောက် တောက်ပသော အဖြူရောင်အလင်းလွှာကို ထုတ်လွှတ်လိုက်သည်။ အဖြူရောင်အလင်းအောက်မှာ မိစ္ဆာချုပ်နှောင်ပိုက်ကွန်က အဆမတန် ကျယ်ပြောသွားသည်။ ကျင့်ကြံသူရှစ်ယောက်သည် မိစ္ဆာချုပ်နှောင်ပိုက်ကွန်ကို အရပ်ရှစ်မျက်နှာဆီသို့ ဆွဲဆန့်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဧရာမပိုက်ကွန်က ကောင်းကင်တစ်ဝက်နှင့် မြေပြင်အပြည့်ကို ဖုံးလွှမ်းသွားသည်။ သို့ဖြစ်၍ မြေကြီးပေါ်မှ မိစ္ဆာသားရဲအားလုံးသည် ထူးဆန်းသော ပိုက်ကွန်အောက်မှာ ချွင်းချက်မရှိ ပိတ်မိသွားကြသည်။

ထူးဆန်းသည့်အချက်မှာ ပိုက်ကွန်ဖုံးလွှမ်းသွားသော ဧရိယာထဲမှ သက်ရှိများသည် ပိုက်ကွန်အပြင်ဘက်သို့ မထွက်သွားနိုင်ကြတော့ချေ။ ဤသည်မှာ ပိုက်ကွန်ဖုံးလွှမ်းသွားသော ဧရိယာက သဏ္ဍာန်မဲ့လှောင်ချိုင့်တစ်ခု ဖြစ်လာသည့်အလားပင်။

ချိုင့်ဝှမ်းထဲမှ တိုက်ပွဲက အလွန်ပြင်းထန်နေသည်။

တစ်ဖက်လူသည် ရှေးခေတ်ပန်းမျိုးတစ်ရာနတ်သမီး၏ အမွေအနှစ်ကို ရရှိထားသူဖြစ်သည်။ သူ့မှာ အထွတ်အမြတ် ကျင့်ကြံခြင်းအုတ်မြစ်နှင့် ကောင်းကင်ဘုံ၏ ကောင်းချီးပေးမှု ရှိသည်။ အခြားပုဂ္ဂိုလ်သည်တော့ ရှေးခေတ်ကာလမှစတင်၍ မျက်မှောက်ခေတ်အထိ အသက်ရှင်ကျန်ရစ်သူ ဖြစ်သည်။

မိစ္ဆာကပ်ဘေးဒုက္ခမိုးတိမ်ထဲမှာ သူရှိနေစဉ် နှစ်တစ်ထောင်ကုန်ဆုံးသွားသည်ဟု သီရှီထျန် ခံစားမိသွားသည်။ သို့သော်လည်း အပြင်လောကတွင် မိနစ်အနည်းငယ်မျှသာ ကုန်ဆုံးသွားသေး၏။ အရှင်သခင်ကုရုံသည် သူ၏ မီးခိုးဖြူရောင်တုတ်ကို အကြမ်းပတမ်း လွှဲယမ်းနေပြီး ဓားပုံသဏ္ဍာန် ရွှေရောင်ပွင့်ချပ်တစ်ခုပြီးတစ်ခုကို ဖျက်ဆီးပစ်နေသည်။

သို့သော်လည်း သူပိုပြီးဖျက်ဆီးလေ ရွှေရောင်ပွင့်ချပ်အရေအတွက်က ပိုပြီးများပြားလာလေ ဖြစ်သည်။ တိုက်ပွဲက အလွန်ပြင်းထန်လေရာ ချိုင့်ဝှမ်းထဲ၌ လေမုန်တိုင်းတစ်ခု ဖြစ်ပေါ်နေဟန် ရ၏။

“ ဟွန့် ”

အရှင်သခင်ကုရုံသည် တိုက်ပွဲအတွေ့အကြုံများပြားသူ ဖြစ်သည်။ အသင်္ချေပုံရိပ်အတတ်ပညာမှာ အားနည်းချက်ရှိကြောင်း မည်သို့ သူမသိဘဲနေမည်နည်း။ သို့သော်လည်း သူ့အရှေ့မှ ပွင့်ချပ်အားလုံးက တစ်ပုံစံတည်း တူညီနေသည်။ ယင်းတို့ထဲမှ အစစ်အမှန်ပွင့်ချပ်ကို ရှာဖွေရန် အလွန်ခက်ခဲပေသည်။ ထို့ပြင် ပွင့်ချပ်အားလုံးက အလွန်ထက်ရှသော တိုက်ခိုက်စွမ်းအားကို ပိုင်ဆိုင်ထားသည်။

မည်သို့ဖြစ်ပါစေ သက်တမ်းပိုရင့်သော ဂျင်းက ပိုစပ်သည်ဟု စကားပုံရှိသည်။ သူက အတွေ့အကြုံအလွန်များပြားလေရာ သူ့အိတ်ကပ်ထဲမှာ ဝှက်ဖဲကတ်အများကြီး ရှိသည်။ ထို့ကြောင့် မကြာမီ သူက ဖြေရှင်းနည်းတစ်ခုကို ရှာတွေ့သွားသည်။ သူက အထင်သေးရှုံ့ချစွာ အော်ပြောလိုက်သည်။

“ မင်းရဲ့ အသင်္ချေပညာရပ်က အရေအတွက်များပြားတဲ့ ပုံစံတူ ပွင့်ချပ်တွေကို ဖန်တီးနိုင်တယ်… ဒါပေမဲ့ ငါအရှင်က မသေမျိုးကျင့်ကြံခြင်းလောကမှာ နှစ်ပေါင်းထောင်ချီကြာအောင် ကျင်လည်ခဲ့တဲ့လူ… ဒီလို လှည့်ကွက်သေးသေးလေးက ငါ့အရှေ့မှာ အသုံးမဝင်ဘူး… ငါ့ရဲ့ နွယ်တစ်သောင်းကခုန်ခြင်းကို ကြည့်လိုက် ”

သူက မီးခိုးဖြူရောင်တုတ်ချောင်းကို သူ့အရှေ့၌ ညင်ညင်သာသာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ မီးခိုးရောင်ပြောင်းနေသော တုတ်ချောင်းက အဖြူရောင်သို့ ချက်ချင်း ပြန်ပြောင်းလဲသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အလွန်သန်စွမ်းသော အသက်ဓာတ်က တုတ်ချောင်းထဲမှ ချက်ချင်း ထွက်ပေါ်လာသည်။

နောက်အခိုက်အတန့်မှာ အဖြူရောင်အလင်းစက်များက မြေကြီးပေါ်သို့ မိုးရေစက်များသဖွယ် ကျဆင်းသွားသည်။

“ ဝှစ် ”

မရေမတွက်နိုင်သော နွယ်ပင်များက မြေကြီးထဲမှ ချက်ချင်း ရှင်သန်ကြီးထွားလာကြသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ ယင်းတို့က မြေပြင်တစ်လျှောက် ဖုံးလွှမ်းသွားကြသည်။ ရှေးဟောင်းနွယ်ပင်တစ်သောင်းသည် အရှင်သခင်ကုရုံကို ဗဟိုပြု၍ မီတာဒါဇင်ခန့်ကျယ်ပြောသော ဧရိယာကို အပြည့်ဖုံးလွှမ်းသွားသည်။ ထို့နောက် ယင်းတို့က ကြာပွတ်ရှည်များသဖွယ် ရွေ့လျားသွားကြပြီး ကောင်းကင်ပေါ်မှ ရွှေရောင်ပွင့်ချပ်များကို တိုက်ခိုက်လိုက်ကြသည်။

ချက်ချင်းဆိုသလိုပင် အရေအတွက်များပြားသော ရွှေရောင်ပွင့်ချပ်အားလုံးက နွယ်ပင်များ၏ တိုက်ခိုက်မှုကြောင့် အလုံးစုံ ပျက်စီးသွားကြသည်။ သို့သော်လည်း ရှေးဟောင်းနွယ်ပင်များသည် ဓားပုံသဏ္ဍာန်ရှိသော ရွှေရောင်ပွင့်ချပ်များ၏ တိုက်ခိုက်မှုကြောင့် အပိုင်းပိုင်းအစစ ဖြတ်တောက်ခံလိုက်ရသည်။

သို့သော်လည်း ယင်းတို့က တဖန်ပြန်ရှင်သန်လာကြသည်။ ရှေးဟောင်းနွယ်ပင်များနှင့် ရွှေရောင်ပွင့်ချပ်များက ချိုင့်ဝှမ်းအတွင်းမှာ အကြမ်းပတမ်း တွေ့ဆုံသွားကြသည်။ အရှင်သခင်ကုရုံသည် ရှေးဟောင်းနွယ်ပင်များကို အသုံးပြု၍ အစစ်အမှန်ပွင့်ချပ်ကို ရှာဖွေရန် ကြံရွယ်ထားသည်။

“ ဂျိန်း… ဂျိန်း… ”

ကောင်းကင်ယံတွင် ကျယ်လောင်သော မိုးခြိမ်းသံများက ဧရာမမိစ္ဆာကပ်ဘေးဒုက္ခမိုးတိမ်ထဲမှ ပဲ့တင်ထပ်လာသည်။ ဘေးပတ်ဝန်းကျင်မှ မိုးမြေဝိညာဉ်စွမ်းအားသည် ကပ်ဘေးဒုက္ခမိုးတိမ်၏ အရူးအမူး စုပ်ယူခံလိုက်ရသည်။ ထိုသို့စုပ်ယူခံနေရစဉ် ကပ်ဘေးဒုက္ခမိုးတိမ်က တဖြည်းဖြည်း ပိုပြီးအားကောင်းလာသည်။

ရုတ်တရက်ဆိုသလို အနက်ရောင်ချီလှိုင်းများက ကပ်ဘေးဒုက္ခမိုးတိမ်ထဲသို့ တိုးဝင်သွားသည်။ တစ်စုံတစ်ယောက်သည် ထိုအနက်ရောင်ချီကို အာရုံခံကြည့်လိုက်ရုံဖြင့် ယင်းက အမင်္ဂလာဖြစ်ကြောင်း ပြောနိုင်လိမ့်မည်။ ဤသည်မှာ ထိုအနက်ရောင်ချီထဲတွင် နတ်ဆိုးစွမ်းအား ကိန်းအောင်းနေသည့်အလားပင်။ အနက်ရောင်ချီသည် လေထဲမှာ သူ့ဘာသာ ထွက်ပေါ်လာသည်။ ယင်းက ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကပ်ဘေးဒုက္ခမိုးတိမ်ထဲသို့ တန်းမတ်စွာ ဦးတည်သွားသည်။ ထိုမြင်ကွင်းက အလွန်ထူးဆန်းသည်။

“ အမ်… အဲ့ဒီအနက်ရောင်ချီက… မိုးမြေကြားက လိုအင်ဆန္ဒစွမ်းအင်မဟုတ်လား ”

ချန်းရှီနှင့်တိုက်ခိုက်နေသော အရှင်သခင်ကုရုံသည် ချန်းရှီကို ဖမ်းဆီးရန် စိတ်ဆုံးဖြတ်ထားသည်။ ထိုစဉ် ကောင်းကင်ပေါ်မှ ရုတ်တရက် အပြောင်းအလဲက သူ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားသည်။ ကောင်းကင်ပေါ်သို့ သူမော့ကြည့်လိုက်သည့်အခါ ဇဝေဇဝါဖြစ်သော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ထူးဆန်းလိုက်တာ… ငါ ဒီလောကမှာ နေထိုင်ခဲ့တာ နှစ်ပေါင်းတစ်သောင်းကြာပြီ… မိုးမြေကြားက လိုအင်ဆန္ဒကို စုပ်ယူနိုင်တဲ့ ကပ်ဘေးဒုက္ခမိုးတိမ်ကို တစ်ခါမှ မကြားဖူးဘူး… အဲ့ဒါက အတိတ်မှာ တစ်ခါမှမဖြစ်ဖူးဘူး… ဟေး… အဲ့ဒါမမှန်ဘူး… မဟုတ်မှလွဲရော… ”

အံ့ဩထိတ်လန့်သော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ထို့နောက် မယုံကြည်နိုင်သော အကြည့်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက တစ်ခဏကြာ ပါးစပ်အဟောင်းသားဖြစ်သွားပြီးလျှင် တုန်တုန်ယင်ယင် ပြောသည်။

“ မဟုတ်မှလွဲရော… အဲ့ဒီမိစ္ဆာကောင်လေးက ရှေးဟောင်းမိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေသူလား… သူက လိုအင်ဆန္ဒမိစ္ဆာသွေးကြောကိုတောင် ဖွဲ့စည်းရဲတယ်လား ”

ထိုအတွေး ထွက်ပေါ်လာသည်နှင့်ချက်ချင်း သူ၏ အသိစိတ်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။ လိုအင်ဆန္ဒစွမ်းအားကို သီရှီထျန်တစ်ယောက်တည်း ရှာတွေ့ခဲ့ခြင်း မဟုတ်ပေ။

ရှေးခေတ်ကာလတွင် အလွန်ထူးချွန်သော ပါရမီရှင်များစွာ ပေါ်ထွန်းခဲ့ကြသည်။ သူတို့ထဲတွင် လိုအင်ဆန္ဒစွမ်းအားကို စိတ်ဝင်စားသော ပါရမီရှင်များ ရှိခဲ့ကြသည်။ သူတို့က လိုအင်ဆန္ဒစွမ်းအားကို သူတို့၏ ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲချင်ကြသည်။ သို့သော်လည်း သူတို့အားလုံးက အဆုံးသတ်မကောင်းခဲ့ကြပေ။ နောက်ဆုံးမှာ မည်သူမှ မအောင်မြင်ခဲ့ကြပေ။

သူတို့၏ အဆုံးသတ်က အလွန်ဆိုးဝါးသောကြောင့် နောင်မျိုးဆက်များသည် လိုအင်ဆန္ဒစွမ်းအားကို တားမြစ်စွမ်းအားအဖြစ် သတ်မှတ်လိုက်ကြသည်။ ထို့ကြောင့် လိုအင်ဆန္ဒစွမ်းအားကို မည်သူမှ အသုံးမပြုဝံ့ကြချေ။

နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်သွားခဲ့သည့်တိုင် လိုအင်ဆန္ဒစွမ်းအားကို အသုံးပြုနိုင်သော ပုဂ္ဂိုလ်တစ်ဦး မပေါ်ထွန်းလာခဲ့ပေ။

အရှင်သခင်ကုရုံက ရှေးခေတ်မှာ ရှင်သန်ခဲ့လေရာ ထိုအကြောင်းကို မည်သို့မသိထားဘဲနေမည်နည်း။ ထို့ကြောင့် ယခု သူက အလွန်အံ့ဩထိတ်လန့်သွားသည်။

All Chapters