← Chapters

အခန်း (၃၁၉-၃၂၁)

Vol. 22 Ch. 319-321

အခန်း (၃၁၉-၃၂၁)

Vol. 22 Ch. 319-321

အခန်း(၃၁၉)

“ အဲ့ဒီမိစ္ဆာကောင်လေးက သတ္တိရှိလွန်းတာလား ရူးမိုက်လွန်းတာလား ငါမသိဘူး… သူက လိုအင်ဆန္ဒမိစ္ဆာသွေးကြောကိုတောင် ဖွဲ့စည်းရဲတယ်… ဒါပေမဲ့ ဒီအရှင်က မင်းကို စိတ်ဝင်စားသွားပြီ… ဟား ဟား… လိုအင်ဆန္ဒစွမ်းအား ဒီလောက်နည်းနည်းလေးက ဘယ်လိုလုပ် လောက်ပါ့မလဲ… ငါမင်းကို လက်တစ်ဖက်ငှားပေးမယ်… အဲ့ဒါကို မင်းပျော်ပျော်ခံစားကြည့်လိုက်ပါ… ကျွတ်… ကျွတ်… ”

အရှင်သခင်ကုရုံ၏ မျက်လုံးများက မြန်ဆန်စွာ ရွေ့လျားသွားသည်။ သူ၏ မျက်လုံးထဲ၌ အထင်သေးရှုံ့ချသော အကြည့် ထွက်ပေါ်လာသည်။ ရုတ်တရက်ဆိုသလို သူ့လက်ထဲ၌ ငုံးဥအရွယ်အစားခန့်ရှိသော အနက်ရောင်ပုတီးစေ့တစ်လုံး ထွက်ပေါ်လာသည်။ သူက ထိုပုတီးစေ့ကို မိစ္ဆာကပ်ဘေးဒုက္ခမိုးတိမ်ထံသို့ ပစ်ပေါက်လိုက်သည်။ ပုတီးစေ့သည် လျှပ်စီးတန်းပမာ အလျင်ဖြင့် မိစ္ဆာကပ်ဘေးဒုက္ခမိုးတိမ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။

“ ဂျိန်း… ”

မိုးကြိုးသွားတစ်စင်းက ကပ်ဘေးဒုက္ခမိုးတိမ်ထဲမှ ထွက်ပေါ်လာပြီး ပုတီးစေ့ကို ပစ်ချလိုက်သည်။ ထိုအခါ ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။ ပုတီးစေ့သည် မိုးကြိုးကို လုံးဝ မခုခံပေ။

ထို့နောက် ပုတီးစေ့၏ မျက်နှာပြင်ပေါ်မှာ အက်ကွဲရာများ ထွက်ပေါ်လာသည်။ မကြာမီ ပုတီးစေ့က တိုက်ရိုက် အက်ကွဲသွားသည်။ ထိုအခါ အနက်ရောင်အခိုးအငွေ့က ပုတီးစေ့အတွင်းမှ ဒီရေသဖွယ် ထွက်ပေါ်လာသည်။

ပမာဏများပြားသော အနက်ရောင်အခိုးအငွေ့က ကောင်းကင်တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ ထို့နောက် ယင်းတို့က အိမ်ပြန်သွားသော ပျံလွှားငှက်များသဖွယ် ကပ်ဘေးဒုက္ခမိုးတိမ်ထဲသို့ ဝင်ရောက်သွားသည်။ ဤအခိုက်အတန့်မှာ ကပ်ဘေးဒုက္ခမိုးတိမ်က အောက်ခြေမဲ့သော တွင်းနက်တစ်ခုသဖွယ် ဖြစ်လာသည်။ ယင်းက ပမာဏများပြားသော အနက်ရောင်အခိုးအငွေ့ကို အရူးအမူး စုပ်ယူလိုက်သည်။

“ ဟား ဟား… မိစ္ဆာကောင်လေး… အဲ့ဒါကို ပျော်ပျော်ကြီး ခံစားလိုက်ပါ… ဒီအရှင်ရဲ့ သဘောထားကြီးမှုကို အလဟဿမဖြစ်စေနဲ့ ”

အရှင်သခင်ကုရုံက ထူးဆန်းစွာ ရယ်မောလိုက်သည်။

“ နင် သီရှီထျန်ကို ဘာလုပ်လိုက်တာလဲ ”

ထိုမြင်ကွင်းကို မြင်သောအခါ ချန်းရှီ၏ အမူအရာက ပြောင်းလဲသွားသည်။ သူက မျက်မှောင်ကြုတ်လိုက်သည်။ ထိုပုတီးစေ့က မည်သည့်အရာဖြစ်ကြောင်း သူမသိသော်လည်း ယင်းက ကောင်းမွန်သောအရာ မဟုတ်နိုင်ကြောင်း သူသိသည်။ ယင်းက အလွန်ဆိုးသွမ်းသောအရာ ဖြစ်ရမည်။

သူက လက်ဆန့်ထုတ်လိုက်ပြီး သတ္ထုဒြပ်စင် ကောင်းကင်ဘုံမိုးကြိုးပန်းထံမှ နောက်ထပ်ပွင့်ချပ်တစ်ခုကို နုတ်လိုက်သည်။ ထို့နောက် သူက အေးတိအေးစက် မျက်နှာထားဖြင့် အော်ပြောလိုက်သည်။

“ ငါဘာလုပ်ခဲ့လဲ ဟုတ်လား… အဲ့ဒီမိစ္ဆာကောင်လေးက လိုအင်ဆန္ဒစွမ်းအားကို ဖွဲ့စည်းချင်နေတာမလား… အဲ့ဒီလိုရည်ရွယ်ချက်ရှိတဲ့ ပုဂ္ဂိုလ်တွေက အရမ်းရှားပါးတယ်… အဲ့ဒါကြောင့် ငါက သူ့ကို ကူညီဖို့ ‘ လိုအင်ဆန္ဒတစ်ရာမိစ္ဆာပုတီးစေ့’ကို သူ့ဆီ ပစ်လွှတ်ပေးလိုက်တာပါ… ဟဲ ဟဲ… ဒီအရှင်က ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာပါ ”

“ ဘာပြောတယ်… အစောနက ပုတီးစေ့က ‘ လိုအင်ဆန္ဒတစ်ရာပုတီးစေ့လား ’ ”

ချန်းရှီ၏ အမူအရာက သိသိသာသာ ပျက်ယွင်းသွားသည်။ သူက အရှင်သခင်ကုရုံကို အေးတိအေးစက် စိုက်ကြည့်လိုက်သည်။

“ ဘယ်လောက် ရက်စက်ယုတ်မာလိုက်လဲ… လိုအင်ဆန္ဒမိစ္ဆာသွေးကြောကို ဖွဲ့စည်းဖို့ မလွယ်ကူဘူးဆိုတာ နင်သိတယ်… တကယ်လို့ တစ်စုံတစ်ယောက်က လိုအင်ဆန္ဒစွမ်းအားကို ထိန်းချုပ်ချင်တယ်ဆိုရင် အရမ်းသန်စွမ်းတဲ့ စိတ်ခွန်အားကို ပိုင်ဆိုင်ထားရမယ်… ဒါ့အပြင် တစ်ကြိမ်စီမှာ လိုအင်ဆန္ဒစွမ်းအားကို နည်းနည်းပဲ စုပ်ယူနိုင်တယ်… အဲ့လိုမဟုတ်ဘဲ အများကြီး စုပ်ယူလိုက်မယ်ဆိုရင် အသိစိတ်ကွယ်ပျောက်သွားနိုင်တယ်… ဒါကို နင်က ‘ လိုအင်ဆန္ဒတစ်ရာမိစ္ဆာပုတီးစေ့ ’ကို သူ့ဆီ ပစ်လွှတ်လိုက်တယ် ”

“ တကယ်လို့ သီရှီထျန် တစ်ခုခုဖြစ်သွားမယ်ဆိုရင် ဒီဘုရင်က စွမ်းအင်အားလုံး ကုန်ရင်ကုန်သွားပါစေ… နင့်ကို မရရအောင် သတ်ပစ်မယ် ”

သူက အေးစက်စက် အော်ပြောလိုက်သည်။ သူက စိတ်ထဲမှာတော့ သီရှီထျန်အတွက် တိတ်တဆိတ် ဆုတောင်းပေးနေသည်။

‘ သီရှီထျန်… သီရှီထျန်… နင်တောင့်ခံနိုင်ရမယ်… တကယ်လို့ မတော်တဆတစ်ခုဖြစ်ခဲ့ရင် ငါချန်းရှီက နင့်အတွက် သေချာပေါက် လက်စားပြန်ချေပေးမယ် ’

အစတွင် သူက ထိုပုတီးစေ့ကို မမှတ်မိပေ။ သို့သော်လည်း ယင်း၏ နာမည်ကို သူကြားပြီးနောက် ‘ လိုအင်ဆန္ဒတစ်ရာမိစ္ဆာပုတီးစေ့ ’နှင့်ပတ်သက်သော သတင်းအချက်အလက်များကို ပန်းမျိုးတစ်ရာကောင်းကင်နတ်သမီး၏ အမွေအနှစ်ထဲမှာ ရှာတွေ့သွားသည်။

ထိုမိစ္ဆာပုတီးစေ့၏ ဇစ်မြစ်ကြောင့် သူက မျက်မှောင်မကြုတ်ဘဲ မနေနိုင်ပေ။

သူသိထားသော သတင်းအချက်အလက်များအရ ခရမ်းရွှေကုန်းမြေထဲတွင် အကန့်အသတ်မဲ့ဆန္ဒဘုံဟု ခေါ်သော လျှို့ဝှက်ဆန်းကြယ်သည့် အံ့ဖွယ်နယ်မြေတစ်ခု ရှိသည်။

ယေဘုယျအားဖြင့်ဆိုရသော် ဤလောကမှ သက်ရှိသတ္တဝါအားလုံးသည် လိုအင်ဆန္ဒကို သူတို့မသေဆုံးခင်အထိ အမြဲမပြတ် ထုတ်လွှတ်နေကြသည်။ ထိုလိုအင်ဆန္ဒများက နှစ်ပေါင်းထောင်သောင်းချီကြာအောင် နေရာတစ်နေရာတည်းမှာ စုဝေးသွားကြသည်။ နောက်ဆုံးမှာ အဆုံးမဲ့သော လိုအင်ဆန္ဒများက အတူတကွ သိပ်သည်းသွားပြီး ဆင့်ကဲပြောင်းလဲသွားကာ ထူးဆန်းအံ့ဖွယ်နယ်မြေတစ်ခု ဖြစ်လာသည်။

ယင်းကို အကန့်အသတ်မဲ့ဆန္ဒဘုံဟု‌ ခေါ်သည်။

အကန့်အသတ်မဲ့ဆန္ဒဘုံထဲတွင် ဤလောကမှ သက်ရှိသတ္တဝါအားလုံး၏ လိုအင်ဆန္ဒများ စုဝေးနေကြသည်။ တစ်စုံတစ်ယောက်သည် အကန့်အသတ်မဲ့ဆန္ဒဘုံထဲသို့ ဝင်ရောက်သွားလျှင် အဆုံးမဲ့သော လိုအင်ဆန္ဒများဖြင့် တွေ့ကြုံရလိမ့်မည်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။

အကန့်အသတ်မဲ့ဆန္ဒဘုံထဲတွင် ကိန်းအောင်းနေသော လိုအင်ဆန္ဒစွမ်းအားက အလွန်သိပ်သည်းလေရာ ယင်းကို လျော့မတွက်နိုင်ပေ။ လိုအင်ဆန္ဒစွမ်းအားက အကန့်အသတ်မဲ့ဆန္ဒဘုံထဲမှာ နှစ်ပေါင်းထောင်သောင်းချီကြာအောင် စုဝေးနေလေရာ ယင်း၏ ပမာဏက တိုင်းတာမရနိုင်ပေ။ ယင်းကို အဆုံးမဲ့သည်ဟု လွယ်လွယ်ပြောနိုင်သည်။ ခရမ်းရွှေကုန်းမြေ၏ အသန်မာဆုံး ပုဂ္ဂိုလ်များသည်ပင် အကန့်အသတ်မဲ့ဆန္ဒဘုံထဲသို့ အလွယ်တကူ မဝင်ရောက်ဝံ့ကြချေ။

အမှန်မှာ လူအများအပြားက အကန့်အသတ်မဲ့ဆန္ဒဘုံထဲသို့ ဝင်ရောက်သွားခဲ့ကြသည်။ သူတို့ထဲမှ အများစုက ကမ္ဘာမြေတုန်ဟီးစေနိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သို့သော်လည်း လူအနည်းစုသာလျှင် အကန့်အသတ်မဲ့ဆန္ဒဘုံထဲမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ကြသည်။

အကန့်အသတ်မဲ့ဆန္ဒဘုံနှင့်သက်ဆိုင်နေသော ပစ္စည်းနှစ်ခုရှိသည်။

တစ်ခုက လိုအင်ဆန္ဒတစ်ရာမိစ္ဆာပုတီးစေ့ ဖြစ်သည်။ ထိုမိစ္ဆာပုတီးစေ့က အကန့်အသတ်မဲ့ဆန္ဒဘုံထဲမှာ မွေးဖွားလာသောအရာ ဖြစ်သည်။ အကန့်အသတ်မဲ့ဆန္ဒဘုံထဲတွင် လိုအင်ဆန္ဒစွမ်းအားက အတိုင်းအတာတစ်ခုထိ သိပ်သည်းသွားသည့်အခါ မိစ္ဆာပုတီးစေ့ ဖြစ်လာလိမ့်မည်။ သို့ဖြစ်၍ လိုအင်ဆန္ဒတစ်ရာမိစ္ဆာပုတီးစေ့ထဲ၌ သိပ်သည်းနေသော လိုအင်ဆန္ဒစွမ်းအားက အလွန်အားကောင်းသည်။

ရှေးခေတ်ကာလတွင် နတ်ဆိုးကျင့်ကြံသူတစ်ယောက်က စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့သည်။ သူက လိုအင်ဆန္ဒမိစ္ဆာပုတီးစေ့တစ်လုံးကို လူတစ်သန်းနေထိုင်သော မြို့တစ်မြို့ဆီသို့ ပစ်လွှတ်လိုက်သည်။ မိစ္ဆာပုတီးစေ့က လေထဲမှာ ပေါက်ကွဲသွားပြီး ပုတီးစေ့ထဲမှ ပမာဏများပြားသော လိုအင်ဆန္ဒစွမ်းအားက မြို့တစ်မြို့လုံးကို အပြည့်ဖုံးလွှမ်းသွားသည်။

နေ့တစ်ဝက်အတွင်းမှာပင် မြို့ထဲမှ လူတစ်သန်းစလုံးက အဆုံးမဲ့သော လိုအင်ဆန္ဒများထဲမှာ နစ်မြုပ်သွားကြသည်။ ထို့ပြင် မြို့သည် သက်ရှိများနေထိုင်ရန် မသင့်တော်သော တားမြစ်နေရာတစ်ခု ဖြစ်လာသည်။

ယင်းကို ကြည့်ခြင်းအားဖြင့် လိုအင်ဆန္ဒတစ်ရာမိစ္ဆာပုတီးစေ့ထဲမှာ မည်မျှများပြားသော လိုအင်ဆန္ဒစွမ်းအားက ကိန်းအောင်းနေကြောင်း သိနိုင်ပေသည်။

ဒုတိယရတနာက ပိုပြီးနာမည်ကျော်ကြားသည်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ဆင့်ကဲပြောင်းလဲပြီးနောက် အကန့်အသတ်မဲ့ဆန္ဒဘုံထဲမှ အဆုံးမဲ့သော လိုအင်ဆန္ဒစွမ်းအားသည် ပုံရိပ်ယောင်လောကဟုခေါ်သော ရတနာတစ်မျိုးကို မွေးဖွားပေးလိုက်သည်။

အမှန်မှာ ထိုရတနာသည် ပန်းချီကားတစ်ချပ် ဖြစ်သည်။ ယင်းကို လိပ်လိုက်သည့်အခါ ပန်းချီစာလိပ်တစ်ခု ဖြစ်လာလိမ့်မည်။ သို့သော်လည်း ထိုပန်းချီကားက ပုံရိပ်ယောင်လောကဖြစ်သည်။

ထိုရတနာ၏ စွမ်းအားက မရိုးရှင်းပေ။ ယင်းက ဤလောကမှ သက်ရှိအားလုံး၏ လိုအင်ဆန္ဒကို အဓိကပစ်မှတ်ထားသည်။ တစ်စုံတစ်ယောက်မှာ လိုအင်ဆန္ဒရှိနေသေးသရွေ့ မည်သို့မှ မလွတ်မြောက်နိုင်ပေ။

ဤသို့ပြောကြသည်။

“ လူတိုင်းမှာ လိုအင်ဆန္ဒရှိတယ်… ဒါပေမဲ့ လူတွေရဲ့ အခြေအနေတွေ၊ ပတ်ဝန်းကျင်တွေ၊ တာဝန်တွေနဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကြောင့် လိုအင်ဆန္ဒအတိုင်း မလုပ်ဆောင်နိုင်ကြဘူး… သူတို့က နှလုံးသားထဲက လိုအင်ဆန္ဒကို မျိုသိပ်ထားရုံကလွဲပြီး ဘာမှမတတ်နိုင်ကြဘူး… သူတို့ထဲက တချို့က လိုအင်ဆန္ဒကို လက်လွှတ်ခဲ့တဲ့အတွက် နောင်တရလာကြတယ်… အားမလိုအားမရ ဖြစ်လာကြတယ် ”

ပုံရိပ်ယောင်လောကတွင် အလွန်ကြီးမားသော လျှို့ဝှက်ဆန်းကြယ်မှု ကိန်းအောင်းနေသည်။

နှလုံးသားထဲမှာ လိုအင်ဆန္ဒရှိနေသေးသရွေ့ မည်သူမှ ပုံရိပ်ယောင်လောက၏ စွမ်းအားထံမှ မလွတ်မြောက်နိုင်ပေ။ မည်သို့ဖြစ်ပါစေ ဤလောကမှ သက်ရှိသတ္တဝါအများစုမှာ နောင်တကိုယ်စီရှိကြသည်။

အကယ်၍ သင့်မှာသာ နောက်တစ်ကြိမ် ပြန်စတင်နိုင်မည့် အခွင့်အရေးရှိသည်ဆိုလျှင် ထိုအခွင့်အရေးကို လက်လွှတ်ခံမည်လော။

အတိတ်မှ မိမိ၏ လုပ်ရပ်အပေါ် နောင်တရနေသူများသည် ပုံရိပ်ယောင်လောကထဲသို့ ဝင်ရောက်သွားသည့်အခါ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ကြတော့ပေ။

ပုံရိပ်ယောင်လောကအမည်ရသော ရတနာသည် ရှေးခေတ်ကာလ၌ အတော်လေး နာမည်ကျော်ကြားသည်။ ယင်းက အဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်သည်။ ယင်းကို အသုံးပြုနိုင်သော အံ့ဖွယ်နည်းလမ်းများက တစ်ခုမကပေ။

အခြားတစ်ဖက်မှာတော့ မိစ္ဆာကပ်ဘေးဒုက္ခမိုးတိမ်ထဲမှ သီရှီထျန်သည် မိုးမြေကြားမှ လိုအင်ဆန္ဒစွမ်းအားကို သူ့ဘာသာ စုပ်ယူနေသည်။ ယင်းက သူ၏ ထိန်းချုပ်နိုင်မှုအတွင်းမှာ ရှိသည်။ ယင်းကို သူလိုအပ်သလောက် စုပ်ယူနိုင်သည်။ ယေဘုယျာအားဖြင့်ဆိုရသော် ပျော်ရွှင်မှုမိစ္ဆာသွေးကြောကို ဖွဲ့စည်းခြင်းက သီရှီထျန်အတွက် မည်သည့်အန္တရာယ်မှ မရှိနိုင်ပေ။ သို့သော်လည်း ဤအခိုက်အတန့်မှာ အရှင်သခင်ကုရုံ၏ ဝင်နှောင့်ယှက်မှုကြောင့် မုန်တိုင်းတစ်ခုက သူ့ထံမှာ ရုတ်တရက် ဖြစ်ပေါ်လာသည်။

သီရှီထျန်က ဤလောက၏ အခက်ခဲဆုံးဖြစ်သော လိုအင်ဆန္ဒမိစ္ဆာသွေးကြောကို ဖွဲ့စည်းနိုင်ခဲ့သော်လည်း ယင်းက လိုအင်ဆန္ဒစွမ်းအားကို သူထိန်းချုပ်နိုင်သည်ဟု မဆိုလိုပေ။ သူက လိုအင်ဆန္ဒစွမ်းအားကို သူ့ခန္ဓာကိုယ်ထဲမှာ ယာယီသာ ချုပ်ထိန်းထားနိုင်သည်။ အမှန်မှာ သူက ခန္ဓာကိုယ်ထဲ၌ တံတားတစ်စင်း ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ထိုတံတားက အပြင်လောကမှ လိုအင်ဆန္ဒစွမ်းအားနှင့် ချိတ်ဆက်နေသည်။ ထို့ကြောင့် သူက မိုးမြေကြားမှ လိုအင်ဆန္ဒစွမ်းအားကို စုပ်ယူနိုင်သွားသည်။

သူ၏ အသိစိတ်သည်ပင် အချိန်ကာလတစ်ခုကြာပြီးမှ ဝမ်းနည်းခြင်းမိစ္ဆာသွေးကြော၏ အကျိုးသက်ရောက်မှုကို ခုခံနိုင်သွားသည်။ သူက ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောထဲမှ ဝမ်းနည်းမှုနှင့် တဖြည်းဖြည်း နေသားကျသွားသည်။ ထိုအခါမှသာ သူက စိတ်အေးသွားပြီး ဝမ်းနည်းခြင်းမိစ္ဆာသွေးကြော၏ အကျိုးသက်ရောက်မှုကို နောက်ထပ် စိုးရိမ်ရန် မလိုတော့ပေ။

သို့သော်လည်း လိုအင်ဆန္ဒစွမ်းအားသည် သူ၏ ထိန်းချုပ်မှုအောက်မှာ တစ်ခါမှ မရှိခဲ့ပေ။ သူက လိုအင်ဆန္ဒစွမ်းအားကို ခန္ဓာကိုယ်ထဲမှာ သိမ်းဆည်းထားရုံသာ တတ်စွမ်းသည်။ ယင်းက သူ့အတွက် မည်သည့်စွမ်းအားမှ မပေးအပ်ခဲ့ပေ။

ယခု မိစ္ဆာသွေးကြောကို သူဖွဲ့စည်းခြင်းက အနာဂတ်အတွက် ကြိုပြင်ဆင်ထားခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် သူက အခြေခံအုတ်မြစ်ချနေခြင်း ဖြစ်သည်။

အစတွင် သီရှီထျန်သည် သင့်တင့်လျောက်ပတ်သော အချိန်ရောက်မှ တတိယမြောက် မိစ္ဆာသွေးကြောကို ဖွဲ့စည်းမည်ဟု စီစဉ်ထားခဲ့သည်။ သူက တတိယမြောက် မိစ္ဆာသွေးကြောကို မဖွဲ့စည်းခင် သူ့ကိုယ်ပိုင် ကျင့်စဉ်အသစ်တစ်ခု ဖန်တီးမည်ဟု ရည်ရွယ်ထားခဲ့သည်။

သို့သော်လည်း ဤလောကတွင် တချို့အစီအစဉ်များသည် ကိုယ်စိတ်ကူးထားသကဲ့သို့ ဖြစ်မလာပေ။

ဥပမာ သူ၏ လက်ရှိအခြေအနေဖြစ်သည်။ အစတွင် သူသည် ယခုအချိန်မှာ မိစ္ဆာကပ်ဘေးဒုက္ခကို ကျော်လွှားရန် မရည်ရွယ်ထားပေ။ သို့သော်လည်း အရှင်သခင်ကုရုံကို အချိန်ဆွဲချင်သောကြောင့် ကပ်ဘေးဒုက္ခကို မဖြစ်မနေ သူလှုံ့ဆော်လိုက်ရသည်။

ကပ်ဘေးဒုက္ခထံမှ ဖိအားဖြင့် အရှင်သခင်ကုရုံကို ယာယီ သူတားဆီးနိုင်ခဲ့သော်လည်း သူသည်တော့ အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မိစ္ဆာကပ်ဘေးဒုက္ခကို မည်သည့်ပြင်ဆင်ထားမှုမှမရှိဘဲ ချက်ချင်း စတင်လိုက်ရသည်။

အကယ်၍ မိစ္ဆာကပ်ဘေးဒုက္ခ၏ စွမ်းအားက ပုံမှန်ထက် အဆပေါင်းများစွာ ပိုပြီးသန်စွမ်းသွားမည်ဆိုလျှင်ပင် ကိစ္စမရှိပေ။ သူ့မှာ အလွန်သန်စွမ်းသော စိတ်ခွန်အား ရှိသည်။ ကပ်ဘေးဒုက္ခကို သူကျော်လွှားနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။ အကန့်အသတ်မဲ့နာကျင်မှုကို သူတောင့်ခံနိုင်သည်။ သူက အံတင်းတင်းကြိတ်ပြီး ယင်းကို တောင့်ခံမည်။ မည်သို့ဖြစ်ပါစေ ထိုနာကျင်မှုက သူ၏ ရုပ်ခန္ဓာကိုယ်ကို ပိုပြီးသန်စွမ်းစေလိမ့်မည်။ ယင်းက ကောင်းချီးနှင့် ကျိန်စာ အတူဒွန်တွဲနေသောအရာ ဖြစ်သည်။ သူ၏ အားထုတ်မှုက အလဟဿမဖြစ်သွားပေ။

မိစ္ဆာသွေးကြောကို ဖွဲ့စည်းသည့်အခါ လိုအင်ဆန္ဒစွမ်းအားပမာဏက လိုအပ်သည်ထက် ပိုများသွား၍ မရပေ။ အကယ်၍ ပိုများသွားမည်ဆိုလျှင် ဆိုးဝါးသော တစ်စုံတစ်ခု ဖြစ်လာလိမ့်မည်။ လိုအင်ဆန္ဒစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ အစုလိုက်အပြုံလိုက် ဝင်ရောက်လာမည်ဆိုလျှင် နောက်ဆက်တွဲက အလွန်ကြောက်စရာကောင်းလိမ့်မည်။ မိစ္ဆာသွေးကြောဖွဲ့စည်းသည့် လုပ်ငန်းစဉ်က သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားလိမ့်မည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲ၌ မြှုပ်ကွယ်နေသော လိုအင်ဆန္ဒများက ဒလဟော စုပြုံထွက်လာလိမ့်မည်။

ထိုအချိန်ကျလျှင် သူ၏ စိတ်ခွန်အားက မည်မျှသန်စွမ်းပါစေ အဆုံးမဲ့သော လိုအင်ဆန္ဒထဲမှာ သူနစ်မြုပ်သွားလိမ့်မည်။

အခန်း(၃၂၀)

“ မဟုတ်သေးဘူး… ဘာလို့ အဲ့ဒီလိုဖြစ်တာလဲ… ဒီလောက်များပြားတဲ့ လိုအင်ဆန္ဒစွမ်းအားက ဘာလို့ ငါ့ခန္ဓာကိုယ်ထဲ အမြန် ဝင်ရောက်လာနေတာလဲ… ငါ အဲ့လောက်များတဲ့ လိုအင်ဆန္ဒစွမ်းအားကို မဆွဲဆောင်ခဲ့ပါဘူး… တကယ်လို့ ငါဆွဲဆောင်ခဲ့တယ်ဆိုရင်တောင် အဲ့ဒါက ပျော်ရွှင်မှုစွမ်းအားတစ်ခုတည်း ဖြစ်ရမယ်… အခုက စိတ်ခံစားချက်ခုနစ်မျိုးစလုံးနဲ့ လိုအင်ဆန္ဒခြောက်မျိုးစလုံးတောင်… ဒါဘယ်လိုဖြစ်တာလဲ ”

ကပ်ဘေးဒုက္ခမိုးတိမ်ထဲတွင် သီရှီထျန်သည် တတိယမြောက် မိစ္ဆာသွေးကြောကို ဖွဲ့စည်းရန် သေချာအာရုံစူးစိုက်ထားသည်။ သို့သော်လည်း သူစတင်ဆောင်ရွက်လိုက်သည့်အခါ သူ၏ ဘေးပတ်ဝန်းကျင်က တစ်စုံတစ်ခု လွဲမှားနေကြောင်း ရှာတွေ့သွားသည်။ သူ၏ ဘေးပတ်ဝန်းကျင်တွင် လိုအင်ဆန္ဒစွမ်းအားဖြင့် ပြည့်နှက်နေသည်။ ထိုအခြေအနေက သူ၏ ထိန်းချုပ်နိုင်စွမ်းအောက်မှာ မရှိပေ။

ဤသည်မှာ သူက လိုအင်ဆန္ဒများဖြင့် ပြည့်နှက်နေသော နယ်မြေတစ်ခုထဲသို့ ရုတ်တရက် ပြုတ်ကျသွားသည့်အလားပင်။ သူ၏ ဘေးပတ်ဝန်းကျင်မှာ လိုအင်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။ ထို့ပြင် ယင်းတို့က သူ့ခန္ဓာကိုယ်ထဲသို့ ဒလဟော တိုးဝင်လာနေသည်။

သီရှီထျန်မသိထားသည်မှာ အရှင်သခင်ကုရုံက ‘ လိုအင်ဆန္ဒတစ်ရာမိစ္ဆာပုတီးစေ့ ’ကို ကပ်ဘေးဒုက္ခမိုးတိမ်ထဲသို့ ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။ ကပ်ဘေးဒုက္ခမိုးကြိုး၏ ပစ်ခတ်မှုအောက်မှာ ပုတီးစေ့က အက်ကွဲသွားပြီး ယင်းထဲမှ လိုအင်ဆန္ဒစွမ်းအားက အပြင်သို့ ပေါ်လျှိုးလာသည်။ ထို့ပြင် လိုအင်ဆန္ဒစွမ်းအားက ကပ်ဘေးဒုက္ခမိုးတိမ်နှင့် ပေါင်းစပ်သွားသည်။ ထို့ကြောင့် ကပ်ဘေးဒုက္ခမိုးကြိုးထဲမှာ ပမာဏများပြားသော လိုအင်ဆန္ဒစွမ်းအားက တွယ်ကပ်နေသည်။

ထို့ပြင် ယခုအချိန်မှာ သီရှီထျန်က တတိယမြောက် မိစ္ဆာသွေးကြောကို ဖွဲ့စည်းနေသည်။ မိစ္ဆာသွေးကြောဖွဲ့စည်းရန်အလို့ငှာ လိုအင်ဆန္ဒစွမ်းအားကို အဆက်မပြတ် သူစုပ်ယူနေရန် လိုအပ်လိမ့်မည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်က ဝါးမျိုခြင်းစွမ်းအားကို အလိုအလျောက် ထုတ်လွှတ်နေသည်။ သို့ဖြစ်လေရာ ကပ်ဘေးဒုက္ခမိုးတိမ်ထဲမှာ ပေါင်းစပ်နေသော လိုအင်ဆန္ဒစွမ်းအားက နေအိမ်ရှာတွေ့သွားသည့်အလား သူ့ခန္ဓာကိုယ်ထဲသို့ ဒလဟော ဝင်ရောက်လာသည်။ ထိုသို့ဝင်ရောက်လာမှုကို သူမရပ်တန့်နိုင်ပေ။

စက္ကန့်ပိုင်းလေးအတွင်းမှာ သီရှီထျန်သည် သူ့ခန္ဓာကိုယ်ထဲ၌ လိုအင်ဆန္ဒများဖြင့် ပြည့်နှက်နေကြောင်း ရှာတွေ့သွားသည်။ ယင်းက သူ့အား အဆုံးမဲ့သော လိုအင်ဆန္ဒထဲမှာ နစ်မြုပ်သွားစေလိမ့်မည်။

“ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း… လိုအင်ဆန္ဒစွမ်းအားကို ဝါးမျိုစမ်း ”

သီရှီထျန်၏ အမိန့်ပေးမှုအောက်မှာ သူ၏ မိစ္ဆာစံအိမ်ထဲ၌ လွင့်မျောနေသော ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက တုံ့ဆိုင်းမနေဘဲ စလှုပ်ရှားလိုက်သည်။ ကျောက်စိမ်းကုချင်းက နတ်ဆိုးဆန်သော ကျောက်စိမ်းအလင်းလွှာတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုအလင်းလွှာထဲတွင် အံ့ဖွယ်ကောင်းသော ဝါးမျိုခြင်းစွမ်းအား ထွက်ပေါ်လာသည်။ ထိုဝါးမျိုခြင်းစွမ်းအားက သူ၏ တစ်ကိုယ်လုံး၌ ထွက်ပေါ်လာပြီး လိုအင်ဆန္ဒစွမ်းအားကို ကုချင်းထဲသို့ ဆွဲခေါ်သွားသည်။

ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းသည် အဆင့်တတ်ပြီး ဆင့်ကဲပြောင်းလဲရန် လိုအင်ဆန္ဒစွမ်းအားကို စုပ်ယူနိုင်ပေသည်။ ယင်းက လိုအင်ဆန္ဒစွမ်းအားကို စုပ်ယူနိုင်သော ဤလောက၏ အကောင်းဆုံး ဓမ္မလက်နက်ဖြစ်သည်။

ထို့ပြင် လိုအင်ဆန္ဒစွမ်းအားသည် ကုချင်းကို ဓမ္မရတနာအဖြစ် အဆင့်တတ်လှမ်းသွားရန် ကူညီပေးနိုင်သည်။

“ မိစ္ဆာသွေးကြောကို အမြန်ဆုံး ငါဖွဲ့စည်းမှဖြစ်မယ်… ဒီလောက်များပြားတဲ့ လိုအင်ဆန္ဒစွမ်းအားက ငါ့အရှေ့မှာ ရုတ်တရက် ထွက်ပေါ်လာတယ်… မဟုတ်မှလွဲရော အပြင်ဘက်မှာ တစ်ခုခုဖြစ်နေတာများလား… မိစ္ဆာကပ်ဘေးဒုက္ခကို ငါအမြန်ဖြတ်ကျော်ပြီး မိစ္ဆာအမြူတေဓာတ်လုံးကို ဖွဲ့စည်းရမယ်… ပြီးသွားရင် ငါအပြင်ထွက်ပြီး ငါ့အမေနဲ့ ညီလေးကို ဖမ်းဆီးသွားခဲ့တဲ့ အဲ့ဒီအမျိုးသမီးကျင့်ကြံသူကို သတ်ပစ်မယ်… ငါ့ရဲ့ မဟာရန်သူကို အသက်ရှင်ရက် ပြန်မလွှတ်နိုင်ဘူး ”

သီရှီထျန်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မိစ္ဆာသွေးကြောဖွဲ့စည်းခြင်းတွင် အာရုံစူးစိုက်လိုက်သည်။ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း၏ ကူညီပေးမှုအောက်မှာ သူ့ခန္ဓာကိုယ်ထဲသို့ ဒလဟော ဝင်ရောက်လာသော လိုအင်ဆန္ဒစွမ်းအားက ကုချင်း၏ ဝါးမျိုသန့်စင်ခြင်းခံလိုက်ရသည်။ သို့ဖြစ်၍ လောလောဆယ်တွင် သူ့ခန္ဓာကိုယ်ထဲမှ လိုအင်ဆန္ဒစွမ်းအားက သူ၏ ထိန်းချုပ်မှုအောက်သို့ ပြန်ရောက်သွားသည်။

သူက နောက်ထပ် တုံ့ဆိုင်းမနေဘဲ လိုအင်ဆန္ဒစွမ်းအင်ထဲမှ ပျော်ရွှင်မှုစိတ်ခံစားချက်ကို တိုက်ရိုက် ဆွဲထုတ်လိုက်သည်။ ထို့နောက် သူက ပျော်ရွှင်မှုစိတ်ခံစားချက်ကို သူ၏ မိစ္ဆာသွေးကြောနှင့် စတင်ပေါင်းစပ်လိုက်သည်။

မိစ္ဆာသွေးကြောကို ဖွဲ့စည်းခြင်းက သူ့အတွက် ခက်ခဲသောအလုပ် မဟုတ်ပေ။ အတိတ်မှာ သူက ယင်းကို နှစ်ကြိမ်တိုင်တိုင် တွေ့ကြုံပြီးပြီ ဖြစ်၏။ သို့ဖြစ်၍ မိစ္ဆာသွေးကြော ဖွဲ့စည်းခြင်းက သူ့အတွက် ငှက်ပျောသီးအခွံနွှာစားရသကဲ့သို့ လွယ်ကူပေသည်။ သူက ပျော်ရွှင်မှုစိတ်ခံစားချက်ကို သူ၏ မိစ္ဆာသွေးကြောထဲသို့ အဆက်မပြတ် သွန်းလောင်းလိုက်သည်။ ယခင်တစ်ခေါက်တွင် သူက ဒုတိယမြောက် မိစ္ဆာသွေးကြောကို သူ၏ အရှေ့လက်သည်းတစ်ဖက်ထဲမှာ ဖွဲ့စည်းခဲ့သည်။ ဤတစ်ကြိမ်တွင် သူက ကျန်ရှိသော လက်သည်းထဲမှာ တတိယမြောက် မိစ္ဆာသွေးကြောကို ဖွဲ့စည်းလိုက်သည်။

သူက တတိယမြောက် မိစ္ဆာသွေးကြောကို စနစ်တကျ ဖွဲ့စည်းလိုက်ပြီး ယင်းကို သူ၏ ဘယ်ဘက်ကျားလက်သည်းထဲမှာ အစားထိုးလိုက်သည်။ ထို့ပြင် အသစ်ဖွဲ့စည်းသွားသော မိစ္ဆာသွေးကြောက ယခင်သူဖွဲ့စည်းခဲ့သော မိစ္ဆာသွေးကြောနှစ်ခုနှင့်လည်း အတူတကွ ဆက်သွယ်သွားသည်။ မိစ္ဆာသွေးကြော ဖွဲ့စည်းသွားသည်နှင့်ချက်ချင်း အဆုံးမဲ့သော ဝမ်းသာပျော်ရွှင်မှုက သူ၏ ခန္ဓာကိုယ်ထဲမှာ ဒလဟော ထွက်ပေါ်လာသည်။ ထို့နောက် ဝမ်းသာပျော်ရွှင်သော စိတ်ခံစားချက်က သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်လာသည်။

ထိုအခါ သီရှီထျန်သည် ရယ်မောချင်စိတ်ကို မထိန်းချုပ်နိုင်တော့ပေ။ သူက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ သူက အူလှိုက်သည်းလှိုက် ဝမ်းသာသွားသည်။ သူသည် ထိုသို့ဝမ်းသာပျော်ရွှင်မှုမျိုး တစ်ခါမှ မခံစားဖူးပေ။ သူ၏ နှလုံးသားထဲမှ ဝမ်းသာမှုကို ဖွင့်ထုတ်ရန် ဟက်ဟက်ပက်ပက် သူရယ်မောလိုက်သည်။

ထူးဆန်းသော ထိုခံစားချက်သည် ရှင်းပြရန် အလွန်ခက်ခဲသည်။

သို့သော်လည်း ကောင်းသည့်အချက်တစ်ချက်မှာ ပျော်ရွှင်မှုမိစ္ဆာသွေးကြော အသက်ဝင်လာသည်နှင့်ချက်ချင်း တစ်ချိန်လုံး ငြိမ်သက်နေခဲ့သော ဝမ်းနည်းမှုမိစ္ဆာသွေးကြောက ဝမ်းနည်းမှုကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။

ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုသည် အပြန်အလှန် တွေ့ဆုံသွားကြပြီး အချင်းချင်း ဆန့်ကျင်လိုက်ကြသည်။ ထိုနှစ်ခု၏ ဆန့်ကျင်မှုက သူ့ခန္ဓာကိုယ်ထဲမှာ မျှခြေညီသော အခြေအနေကို ဖြစ်ပေါ်စေသည်။ မျှခြေညီသော အခြေအနေကြောင့် သူသည် ဝမ်းသာပျော်ရွှင်မှုဖြင့် ယာယီသက်ရောက်မခံရတော့ပေ။

တစ်နည်းဆိုရသော် သူ၏ စိတ်အခြေအနေက ယခင်ကဲ့သို့ မဆိုးဝါးတော့ချေ။ အနည်းဆုံးတော့ ဝမ်းသာပျော်ရွှင်မှုက သူ၏ ထိန်းချုပ်နိုင်မှုအတွင်းမှာသာ ရှိ၏။ သို့သော်လည်း သီရှီထျန်သည် နည်းနည်းမှ မပျော်ရွှင်နေပေ။ ယင်းအစား သူ့နှလုံးက ရုတ်တရက် အမြန်ခုန်မြည်လာသည်။ ဖော်မပြနိုင်သော ခါးသီးမှုက သူ့နှလုံးသားထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။

“ တင်း… တုန်… ”

မိစ္ဆာစံအိမ်ထဲမှ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း၏ ကြိုးကိုးချောင်းသည်လည်း တုန်ယင်သွားသည်။ နောက်အခိုက်အတန့်မှာ မီးခိုးရောင်အခိုးအငွေ့က ကျောက်စိမ်းကုချင်း၏ မျက်နှာပြင်တစ်ခုလုံးပေါ်မှာ အမြန်ထွက်ပေါ်လာသည်။ အနက်ရောင်မျဉ်းကြောင်းများက ကုချင်း၏ ကိုယ်ထည်တစ်ခုလုံးသို့ မြန်ဆန်စွာ ပျံ့ပွားသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်စိမ်းကုချင်းက အနက်ရောင်သို့ ပြောင်းလဲသွားသည်။

ဤအခိုက်အတန့်မှာ ကျောက်စိမ်းကုချင်းက အလွန်မိစ္ဆာဆန်လာသည်။ သာမန်လူများသည်ပင် အကြည့်တစ်ချက်ဖြင့် ကျောက်စိမ်းကုချင်းထံမှ မိစ္ဆာအရှိန်အဝါကို အာရုံခံနိုင်ပေသည်။ ကျောက်စိမ်းကုချင်း၏ ကိုယ်ထည်တစ်ခုလုံး အနက်ရောင်သို့ ပြောင်းလဲသွားသည့်အခိုက် ကုချင်းကြိုးများက အမြန်တုန်ခါလာသည်။ လိုအင်ဆန္ဒစွမ်းအားသည် ကျောက်စိမ်းကုချင်းထဲသို့ နောက်ထပ် မစီးဆင်းနိုင်တော့ပေ။ ကြည့်ရသည်မှာ လိုအင်ဆန္ဒစွမ်းအားအပေါ် ကုချင်း၏ စုပ်ယူနိုင်စွမ်းက ယင်း၏ အကန့်အသတ်သို့ ရောက်ရှိသွားဟန် ရသည်။

“ ကျောက်စိမ်းကုချင်းထဲမှာ လိုအင်ဆန္ဒစွမ်းအားနဲ့ ပြည့်လျှံနေပြီ ”

သီရှီထျန်က ခါးသီးစွာ ပြုံးလိုက်သည်။ ကျောက်စိမ်းကုချင်းသည် လုံးလုံး အနက်ရောင်သို့ ပြောင်းလဲသွားသည်နှင့် အဆင့်တတ်လှမ်းရန် စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ ယင်းက အဆင့်တတ်လှမ်းပြီး ဓမ္မရတနာအဖြစ် ဆင့်ကဲပြောင်းလဲသွားတော့မည် ဖြစ်သည်။ သို့ဖြစ်၍ ကျောက်စိမ်းကုချင်းသည် လိုအင်ဆန္ဒစွမ်းအားကို နောက်ထပ် လက်မခံနိုင်တော့ပေ။ ဓမ္မရတနာအဖြစ် အဆင့်တတ်လှမ်းသွားပြီးမှသာလျှင် ကျောက်စိမ်းကုချင်းက လိုအင်ဆန္ဒစွမ်းအားကို ထပ်မံ စုပ်ယူနိုင်လိမ့်မည်။

အမှန်မှာ ယင်းက ထူးဆန်းသောကိစ္စ မဟုတ်ပေ။ ကျောက်စိမ်းကုချင်းကို သူဖန်တီးသန့်စင်ခဲ့သည်မှာ နှစ်နှစ်ခန့် ရှိသွားပြီ ဖြစ်သည်။ ထိုအတောအတွင်းမှာ ကျောက်စိမ်းကုချင်းက မိုးမြေကြားမှ လိုအင်ဆန္ဒစွမ်းအားကို အဆက်မပြတ် စုပ်ယူနေခဲ့သည်။ တစ်နေ့ပြီးတစ်နေ့ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားသည့်အခါ ကျောက်စိမ်းကုချင်းထဲမှာ စုစည်းသွားခဲ့သော လိုအင်ဆန္ဒစွမ်းအားပမာဏက စိတ်ကူးမယဉ်နိုင်သော အဆင့်သို့ ရောက်ရှိသွားသည်။

ထို့ပြင် ‘ လိုအင်ဆန္ဒတစ်ရာမိစ္ဆာပုတီးစေ့ ’ ထဲမှ လိုအင်ဆန္ဒစွမ်းအားသည် အလွန်အမင်း သန့်စင်သည်။ မည်သို့ဖြစ်ပါစေ ယင်းက အကန့်အသတ်မဲ့ဆန္ဒဘုံထဲမှာ နှစ်ပေါင်းရာချီကြာမြင့်ပြီးမှ မွေးဖွားလာခဲ့သောအရာ ဖြစ်သည်။ ယင်းထံမှ လိုအင်ဆန္ဒစွမ်းအားက ကျောက်စိမ်းကုချင်းထဲသို့ အဆုံးမဲ့စွာ စီးဆင်းသွားသည်။ ထိုပမာဏများက အလွန်များပြားလေရာ ကျောက်စိမ်းကုချင်းသည်ပင် နောက်ထပ် လက်မခံနိုင်တော့ပေ။ အကယ်၍ ကျောက်စိမ်းကုချင်းကို အစကတည်းက ‘ လိုအင်ဆန္ဒတစ်ရာမိစ္ဆာပုတီးစေ့ ’ဖြင့် အားဖြည့်ပေးမည်ဆိုလျှင် ယင်းက ပုတီးစေ့ထဲမှ လိုအင်ဆန္ဒစွမ်းအားကို အကုန်သန့်စင်နိုင်လိမ့်မည်။

သို့သော်လည်း နှစ်နှစ်ကြာပြီးမှ ‘ လိုအင်ဆန္ဒမိစ္ဆာပုတီးစေ့ ’ဖြင့် အားဖြည့်ပေးလိုက်သည့်အခါ ကျောက်စိမ်းကုချင်းက ပုတီးစေ့ထဲမှ လိုအင်ဆန္ဒစွမ်းအားကို အကုန်အစင် လက်မခံနိုင်တော့ပေ။ ယင်းက အများဆုံး သုံးပုံနှစ်ပုံခန့်သာ ဝါးမျိုနိုင်ခဲ့သည်။ ကျန်တစ်ပုံသည်တော့ စုပ်ယူမခံရဘဲ ထိုအတိုင်း ဆက်ရှိနေသည်။ ယင်းက သုံးပုံတစ်ပုံမျှသာဖြစ်သော်လည်း ထိုထဲမှာ ကိန်းအောင်းနေသော လိုအင်ဆန္ဒစွမ်းအားက စိတ်ကူးမယဉ်နိုင်အောင် အလွန်များပြားသည်။

“ ဂျိန်း… ဂျလိန်း… ”

မရေမတွက်နိုင်သော မိုးကြိုးများက သူ့ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ကျဆင်းလာနေသည်။ ထိုမိုးကြိုးများထဲတွင် အဆုံးမဲ့သော လိုအင်ဆန္ဒစွမ်းအားက ကိန်းအောင်းနေသည်။

မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ မိစ္ဆာသွေးကြောသုံးခုစလုံး၌ လိုအင်ဆန္ဒစွမ်းအားဖြင့် ပြည့်နှက်သွားသည်။ ကျောက်စိမ်းကုချင်း မစုပ်ယူနိုင်သော လိုအင်ဆန္ဒစွမ်းအားက မိစ္ဆာစံအိမ်ထဲသို့ ချက်ချင်း စီးဆင်းသွားသည်။

ယင်းက သူ၏ မိစ္ဆာစံအိမ်ထဲမှာ လွင့်မျောနေသော လိုအင်ဆန္ဒမိုးတိမ်နှင့် ပေါင်းစည်းသွားသည်။ အနက်ရောင်မိုးတိမ်သည် တဖြည်းဖြည်း အရွယ်အစားကြီးမားလာသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ မိုးတိမ်က မိစ္ဆာစံအိမ်၏ ထက်ဝက်ကျော်ကို ဖုံးလွှမ်းသွားသည်။ အကယ်၍ ထိုအတိုင်း ဆက်သွားနေမည်ဆိုလျှင် သူ၏ မိစ္ဆာစံအိမ်တစ်ခုလုံးက လိုအင်ဆန္ဒမိုးတိမ်ကြောင့် ပြိုကွဲပျက်စီးသွားနိုင်သည်။

မိစ္ဆာစံအိမ်သည် မိစ္ဆာကျင့်ကြံသူများ၏ အခြေခံအုတ်မြစ် ဖြစ်သည်။ အကယ်၍ မိစ္ဆာစံအိမ်ဖျက်ဆီးခံရမည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းအုတ်မြစ်က ဖျက်ဆီးခံရလိမ့်မည်။ သူ၏ မိစ္ဆာခန္ဓာကိုယ်သည်ပင် ပေါက်ကွဲသွားပြီး ဖုန်မှုန့်ဖြစ်သွားလိမ့်မည်။

“ ဘယ်သူလဲ… ဘယ်သူက ငါ့ကို ဒုက္ခပေးချင်တာလဲ… ဘာလို့ လိုအင်ဆန္ဒစွမ်းအားက အဲ့လောက်များပြားနေတာလဲ… ငါဘာဆက်လုပ်ရမလဲ… ဒီအန္တရာယ်ကို ငါဘယ်လို ကျော်လွှားရမလဲ ”

စိတ်ပျက်အားလျော့နေစဉ် သီရှီထျန်က သူ၏ ဦးနှောက်ကို အမြန်အလုပ်ခိုင်းလိုက်သည်။ အတွေးအမျိုးမျိုးက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း ထိုအတွေးအားလုံးက မြန်ဆန်စွာ ငြင်းပယ်ခံလိုက်ရသည်။ ပိုပြီးအန္တရာယ်များလေ သူ၏ စိတ်အခြေအနေက ပိုပြီးတည်ငြိမ်လာလေ ဖြစ်၏။ ယခု သူက မယုံကြည်နိုင်စရာကောင်းသော အခြေအနေမှာ ရှိနေသည်။

သူက ဖြေရှင်းနည်းတစ်ခုကို မြန်ဆန်စွာ တွေးနေစဉ် သူ့နှလုံးသားထဲမှာ ရူးသွပ်စွာ အော်လိုက်သည်။ သူ့ဆီမှာ လိုအင်ဆန္ဒစွမ်းအားကို စုပ်ယူနိုင်သောအရာက ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းတစ်ခုတည်း ရှိသည်။ သို့သော်လည်း ယခုအချိန်မှာ နတ်ဆိုးကုချင်းက ယင်း၏ နောက်ဆုံးအကန့်အသတ်သို့ ရောက်ရှိသွားသည်။ တစ်နည်းဆိုရသော် ယခု သူက မျှော်လင့်ချက်မဲ့သော အခြေအနေသို့ ကျရောက်နေသည်။ သူ၏ လွတ်လမ်းအားလုံးက ဖြတ်တောက်ခံလိုက်ရ၏။

“ ငါဘာလုပ်ရမလဲ… ငါဘာလုပ်သင့်လဲ… ”

အတွေးအမျိုးမျိုးနှင့် အကြံအမျိုးမျိုးက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း ထိုအတွေးများနှင့် အကြံများက တစ်ခုမှ အသုံးမဝင်ပေ။ ထိုစဉ် လိုအင်ဆန္ဒစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး ဝင်ရောက်လာနေသည်။ လိုအင်ဆန္ဒစွမ်းအား ထပ်မံ တိုးပွားလာခြင်းက သေခြင်းတရားဆီသို့ ခြေတစ်လှမ်း သူနီးကပ်သွားခြင်းပင်။

မျက်စိတစ်မှိတ်အတွင်းမှာ မိစ္ဆာစံအိမ်ထဲမှ လိုအင်ဆန္ဒမိုးတိမ်က တဖြည်းဖြည်း ပိုကြီးမားလာသည်။ ထိုသို့အရေးကြီးအခိုက်အတန့်မှာ အလင်းရောင်တစ်ခုက သူ၏ စိတ်ထဲမှာ ဖြတ်ခနဲ ထွက်ပေါ်လာသည်။ ထိုအလင်းရောင်က အောင်မြင်နိုင်ခြေရှိသော အကြံဉာဏ်တစ်ခု ဖြစ်သည်။ အစတွင် သူက ထိုအကြံဉာဏ်ကို လက်လျော့ရန် စဉ်းစားလိုက်သည်။ သို့သော်လည်း သူ၏ မိစ္ဆာစံအိမ်ထဲတွင် လိုအင်ဆန္ဒမိုးတိမ်က အလွန်မြန်ဆန်စွာ ကြီးမားလာနေကြောင်း သူရှာတွေ့သွားသောအခါ ရူးသွပ်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

အခန်း(၃၂၁)

“ ဘာပဲဖြစ်ဖြစ် ဒီအခြေအနေအထိ ငါရောက်လာပြီ… ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် သေချာပေါက် ငါသေဆုံးသွားလိမ့်မယ်… အဲ့ဒီနည်းလမ်းက အရမ်းအန္တရာယ်များတယ်ဆိုရင်တောင် အောင်မြင်နိုင်ခြေရှိနေသေးတယ်… တကယ်လို့ ငါသေသွားမယ်ဆိုရင်လည်း ဘာဖြစ်လဲ… ငါမသေခင်မှာတော့ ကြိုးစားလို့ရနိုင်သမျှ အရာအားလုံးကို ကြိုးစားခဲ့မယ်… ဒီနေ့ ငါအသက်ဆက်ရှင်နိုင်မလား သေဆုံးသွားမလားဆိုတာ ကောင်းကင်ဘုံရဲ့ ဆန္ဒပေါ်မှာ မူတည်နေတယ် ”

သူ၏ မှိတ်ထားသော မျက်လုံးက ရုတ်တရက် ပြန်ပွင့်သွားသည်။ သူ၏ မျက်လုံးထဲမှာ ရူးသွပ်မှုဖြင့် ပြည့်နှက်နေသည်။ သူက နောက်ဆုံးအခြေအနေသို့ ရောက်နေပြီ ဖြစ်၏။ အရှေ့သို့ ဆက်တိုးသည်ဖြစ်စေ အနောက်ဆုတ်သည်ဖြစ်စေ သူက သေခြင်းတရားကို ရှောင်လွှဲနိုင်လိမ့်မည်မဟုတ်ချေ။

တစ်နည်းဆိုရသော် သူ့မှာ တခြားရွေးချယ်စရာ မရှိတော့ပေ။ ရှိသမျှအစွမ်းကုန် သူအသုံးပြုမှသာလျှင် အသက်ဆက်ရှင်နိုင်ရန် အခွင့်အရေးတစ်ခု ရလိမ့်မည်။

“ ဒီနေ့ ငါမရူးသွပ်ရင် ငါအသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး… ဘယ်သူပဲ ငါ့ကို ဒုက္ခပေးခဲ့ပါစေ ဒီနေ့ ငါမသေသွားဘဲ အပြင်ပြန်ထွက်လာနိုင်မယ်ဆိုရင် အဲ့ဒီရန်ကြွေးကို သေချာပေါက် ငါရှင်းမယ် ”

“ လာစမ်း… လိုအင်ဆန္ဒစွမ်းအားတွေ ငါ့ဆီ လာစမ်း ”

သီရှီထျန်သည် သူ့နှလုံးသားထဲမှာ ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ သူ၏ အသိစိတ်က အမှန်တကယ် ရူးသွပ်သွားသည်။ သို့တိုင် သူက မူလအသိစိတ်ကို မဆုံးရှုံးသွားပေ။

သူ၏ မိစ္ဆာစံအိမ်ထဲတွင် မိစ္ဆာသန့်စင်ခြင်းမီးဖိုက အရူးအမူး လှည့်ပတ်နေသည်။ သူ၏ အတွေးတစ်ချက်ကြောင့် မိစ္ဆာစံအိမ်ထဲမှ လိုအင်ဆန္ဒစွမ်းအားက မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲသို့ အရူးအမူး စီးဆင်းသွားသည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ သွေးချီအနှစ်သာရသည် မိစ္ဆာသွေးကြောများကို ဖြတ်သန်းစီးဆင်းသွား၍ မိစ္ဆာစံအိမ်ထဲသို့ ဝင်ရောက်သွားသည်။ ထိုမှတဖန် မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲသို့ စီးဆင်းသွားသည်။ သွေးချီအနှစ်သာရသည် ကျောက်စိမ်းမီးဖိုထဲတွင် အဆက်မပြတ် လူးလွန့်နေပြီး သန့်စင်ခံလိုက်ရသည်။ တစ်ချိန်တည်းမှာ သွေးချီအနှစ်သာရက ပမာဏများပြားသော လိုအင်ဆန္ဒစွမ်းအားနှင့် ပေါင်းစပ်သွားသည်။

“ အား… ”

ဖော်မပြနိုင်သော နာကျင်မှုကြောင့် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ထဲတွင် ယခင်ကတည်းက ဖွဲ့စည်းထားပြီးသော မရီဒျန်များက အတင်းအဓမ္မ ဆွဲထုတ်ခံလိုက်ရသည်။ ထို့နောက် ယင်းတို့က မိစ္ဆာစံအိမ်ထဲသို့ ပို့လွှတ်ခံလိုက်ရသည်။ ထိုမှတဖန် မရီဒျန်များက မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

မိစ္ဆာသန့်စင်ခြင်းမီးဖို၏ အရူးအမူး သန့်စင်ပေးမှုအောက်မှာ မရီဒျန်များက သွေးချီအနှစ်သာရနှင့် လိုအင်ဆန္ဒစွမ်းအားဖြင့် ပေါင်းစပ်သွားသည်။

မှန်ပေသည်။ ယခု သီရှီထျန်က မိစ္ဆာသွေးကြောများကို ဖွဲ့စည်းရန် လုပ်ဆောင်နေသည်။ သူက နောက်ထပ် မိစ္ဆာသွေးကြောများကို ဖွဲ့စည်းတော့မည်။ သူက အစောနကမှ တတိယမြောက် မိစ္ဆာသွေးကြောကို ဖွဲ့စည်းထားခဲ့သည်။

ဤတစ်ကြိမ်တွင် သူက စတုတ္ထမြောက် မိစ္ဆာသွေးကြောနှင့် ပဉ္စမမြောက် မိစ္ဆာသွေးကြောကိုသာမက မိစ္ဆာသွေးကြော(၁၃)ခုစလုံးကို ဖွဲ့စည်းတော့မည်။

သူက မကြာသေးခင်ကမှ တတိယမြောက် မိစ္ဆာသွေးကြောကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဤအခိုက်အတန့်မှာ နောက်ထပ် မိစ္ဆာသွေးကြောများ ဖွဲ့စည်းရန် ဆောင်ရွက်တော့မည်။ ထိုအတွေးက မည်မျှရူးမိုက်ကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။ ယင်းက ရှေးခေတ်ကာလတွင် တစ်ခါမှ မရှိခဲ့ဖူးသောအရာ ဖြစ်သည်။

ရှေးခေတ်ကာလမှ အစွမ်းထက် မိစ္ဆာကျင့်ကြံသူများသည်ပင် ထိုမျှရူးမိုက်သောအရာကို မလုပ်ဆောင်ခဲ့ကြပေ။ ရှေးဟောင်းမိစ္ဆာကျင့်ကြံသူများသည် မိစ္ဆာသွေးကြောများ ဖွဲ့စည်းသော လမ်းစဉ်ကို လျှောက်လှမ်းကြသည်။ သူတို့သည် အဆင့်တစ်ဆင့် ချိုးဖြတ်သွားသည့်အခါတိုင်း မိစ္ဆာသွေးကြောတစ်ခုကို ခန္ဓာကိုယ်ထဲမှာ ဖွဲ့စည်းကြလိမ့်မည်။ ထိုနည်းဖြင့်ဆိုလျှင် သူတို့၏ ရုပ်ခန္ဓာကိုယ်က ပိုပြီးသန်မာလာပြီး စွမ်းအားသန့်စင်မှုအပေါ် သူတို့၏ အမြန်နှုန်းက တခြားကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုမြန်ဆန်သွားလိမ့်မည်။

သို့ဖြစ်၍ မိစ္ဆာသွေးကြောတစ်ခု အသစ်တိုးပွားလာခြင်းက အဆင့်သစ်တစ်ခုဆီသို့ တတ်လှမ်းသွားခြင်းပင် ဖြစ်၏။

မိစ္ဆာသွေးကြောများ ဖွဲ့စည်းထားသူများသည် သူတို့ခန္ဓာကိုယ်၏ စွမ်းအင်အနှစ်သာရကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ကြသည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်က အလွန်တောင့်တင်းသန်မာသည်။

သို့ဖြစ်၍ သူတို့၏ အနာဂတ်အလားအလာက တခြားလူများထက် ပိုပြီးသာလွန်သည်။ အကယ်၍ သူတို့သာ လမ်းတစ်ဝက်မှာ မတော်တဆဖြစ်မသွားလျှင် အထွတ်အထိပ်သို့ သေချာပေါက် ရောက်နိုင်ကြလိမ့်မည်။

အကယ်၍ သီရှီထျန်က တခြားမိစ္ဆာသွေးကြောများကို ဖွဲ့စည်းချင်သည်ဆိုလျှင် ယင်းက ကံကောင်းထောက်မ၍ အောင်မြင်သွားမည်ဆိုလျှင်ပင် ကောင်းမွန်သောအရာ မဖြစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်ထဲမှ လိုအင်ဆန္ဒစွမ်းအားပမာဏက သူ၏ ထိန်းချုပ်နိုင်စွမ်းထက် အများကြီး ကျော်လွန်နေသောကြောင့်ပင်။

မိစ္ဆာသွေးကြောတစ်ခု ဖွဲ့စည်းခြင်းက တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအမြန်နှုန်းကို တိုးမြှင့်ပေးနိုင်သည်။ မိစ္ဆာသွေးကြောအသစ်တစ်ခု ဖွဲ့စည်းသွားသည့်အခါတိုင်း မိုးမြေဝိညာဉ်စွမ်းအားကို စုပ်ယူသော သူ၏ အမြန်နှုန်းက တိုးမြှင့်သွားလိမ့်မည်။

ဥပမာ ကောင်းကင်မိစ္ဆာနတ်ဘုရားသတ်ဖြတ်ခြင်းကျင့်စဉ် ဖြစ်သည်။ ထိုကျင့်စဉ်ကို ကျင့်ကြံမည်ဆိုလျှင် တစ်စုံတစ်ယောက်သည် သတ်ဖြတ်ခြင်းစွမ်းအားမှတဆင့် သတ်ဖြတ်ခြင်းမိစ္ဆာသွေးကြောများကို ဖွဲ့စည်းနိုင်လိမ့်မည်။ မိစ္ဆာသွေးကြောများ ဖွဲ့စည်းနိုင်သော အရေအတွက်သည် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းနယ်ပယ်ပေါ်မှာ မူတည်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှာ မိစ္ဆာသွေးကြောများ ပိုမိုများပြားလာမည်ဆိုလျှင် သတ်ဖြတ်ခြင်းစွမ်းအားအပေါ် သူ၏ စုပ်ယူနိုင်စွမ်းက အဆမတန် တိုးပွားသွားလိမ့်မည်။

သို့သော်လည်း အကယ်၍ စုပ်ယူသည့်အမြန်နှုန်းက ခန္ဓာကိုယ်၏ သန့်စင်နိုင်စွမ်းထက် သာလွန်သွားမည်ဆိုလျှင် ကြီးမားသော အန္တရာယ်ဖြစ်လာနိုင်သည်။

“ တန်ဆေးလွန်ဘေး ”ဟူသော ဆိုရိုးစကားရှိသည် မဟုတ်ပါလော။ သို့ဖြစ်၍ မိစ္ဆာသွေးကြောများ ဖွဲ့စည်းခြင်းက ကောင်းမွန်သောအရာဖြစ်သော်လည်း အကယ်၍ တစ်စုံတစ်ယောက်သည် ရုပ်ခန္ဓာကိုယ်၏ လက်ခံနိုင်စွမ်းထက် ပိုမိုများပြားသော မိစ္ဆာသွေးကြောများ ဖွဲ့စည်းလိုက်မည်ဆိုလျှင် ယင်းက ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မည်။

သူတို့သည် အသိစိတ်ဆုံးရှုံးသွားကြလိမ့်မည်။ ထို့ပြင် သူတို့၏ ရုပ်ခန္ဓာကိုယ်သည်လည်း ထိခိုက်ပျက်စီးသွားလိမ့်မည်။

ယင်းက ကလေးငယ်တစ်ယောက် သူ့ထက် ပိုကြီးမားသော ဓားတစ်လက်ကို ကိုင်ဆောင်ထားခြင်းနှင့် ဆင်တူသည်။ နောက်ဆက်တွဲက ခန့်မှန်းရန် အလွန်လွယ်ကူသည်။ ဓားကို သူမထိန်းချုပ်နိုင်သည့်အခါ ဓားက သူ့အတွက် အန္တရာယ်ဖြစ်လာလိမ့်မည်။

မိစ္ဆာသွေးကြောများ ဖွဲ့စည်းခြင်းက ထိုထက် အများကြီး ပိုလေးနက်သည်။ တစ်စုံတစ်ရာ လွဲမှားသွားမည်ဆိုလျှင် သူက အသက်ဆုံးရှုံးသွားနိုင်သည်။

သီရှီထျန် နောက်ဆုံးတွေးမိသော ဖြေရှင်းနည်းက မိစ္ဆာသွေးကြောများ ဖွဲ့စည်းခြင်း ဖြစ်သည်။ ထို့ပြင် သူက မိစ္ဆာသွေးကြော နောက်ထပ် တစ်ခုနှစ်ခုကိုသာ ဖွဲ့စည်းရန် စီစဉ်နေခြင်းမဟုတ်ပေ။ ယင်းအစား စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုး၏ မိစ္ဆာသွေးကြော(၁၃)ခုစလုံး ဖြစ်သည်။

တစ်ချိန်တည်းမှာ သူက ပမာဏများပြားသော လိုအင်ဆန္ဒစွမ်းအားကို ထိုမိစ္ဆာသွေးကြောများထဲမှာ ပြည့်လျှံစေပြီး ယင်းတို့ကို သန့်စင်ပစ်မည်။ သူက ထိုနည်းလမ်းကို အသုံးပြု၍ သူ့ခန္ဓာကိုယ်ထဲမှာ ပြည့်နှက်နေသော လိုအင်ဆန္ဒစွမ်းအားကို အကုန်အစင် ဖွင့်ထုတ်ပစ်မည်။

ယင်းက သူ၏ လက်ရှိအခက်အခဲကို ဖြေရှင်းပေးနိုင်လိမ့်မည်။

သီရှီထျန်သည် နောက်ဆက်တွဲအခြေအနေကိုလည်း သိထားပြီးပြီ ဖြစ်၏။ လိုအင်ဆန္ဒစွမ်းအားထဲမှာ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးရှိသည်။ သို့ဖြစ်၍ လိုအင်ဆန္ဒစွမ်းအားက စုစုပေါင်း အမျိုးအစား(၁၃)မျိုးရှိသည်။ အကယ်၍ ယင်းတို့အားလုံးက ပေါက်ကွဲထွက်လာမည်ဆိုလျှင် သူက အဆုံးမဲ့သော လိုအင်ဆန္ဒထဲမှာ ထာဝရ နစ်မြုပ်သွားလိမ့်မည်။ သူက မည်သည့်အခါမှ ပြန်နိုးလာတော့မည် မဟုတ်ချေ။ နောက်ဆက်တွဲအကျိုးအဆက်က စိတ်ကူးမယဉ်နိုင်အောင် အလွန်ပြင်းထန်သည်။ ယင်းက သေခြင်းတရားထက် အဆပေါင်းများစွာ ပိုဆိုးဝါးသည်။

ဖြစ်နိုင်သည်မှာ ထိုသို့လုပ်ဆောင်လိုက်လျှင် သူက သေခြင်းတရားကို ယာယီရှောင်တိမ်းနိုင်သွားလိမ့်မည်။ သို့တိုင် နောက်ဆုံးကျလျှင် သေခြင်းတရားက သူ့ဆီသို့ ရောက်လာဦးလိမ့်မည်။ မည်သို့ဖြစ်ပါစေ ဤအခြေအနေက သူ့အား မျှော်လင့်ချက်သေးသေးလေးတစ်ခု ပေးသည်။ ထိုသို့သူမလုပ်ဆောင်လျှင် လိုအင်ဆန္ဒစွမ်းအားက သူ့ခန္ဓာကိုယ်ထဲက ပေါက်ကွဲသွားလိမ့်မည်။ ထိုအခါ သူ၏ မိစ္ဆာခန္ဓာကိုယ်က မည်မျှသန်မာပါစေ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားလိမ့်မည်။ သူက မျက်စိတစ်မှိတ်အတွင်းမှာ ဖုန်မှုန့်ဖြစ်သွားလိမ့်မည်။ သို့ဖြစ်၍ သူ့မှာ တခြားရွေးချယ်စရာမရှိပေ။

သူက မိစ္ဆာအမြူတေဓာတ်လုံးကို ဖွဲ့စည်းနေရင်း မိစ္ဆာသွေးကြော(၁၃)ခုစလုံးကို ဖွဲ့စည်းရန် ကြိုးစားနေသည်။ ယင်းက မည်မျှရူးမိုက်သော လုပ်ရပ်ဖြစ်သနည်း။ သို့သော် ထိုသို့သူမလုပ်ဆောင်လျှင် အခုချက်ချင်း သေဆုံးသွားလိမ့်မည်။

“ လာစမ်း… ငါ့မှာရှိသမျှ အကုန်ထုတ်သုံးမယ် ”

ရူးမိုက်သော အတွေးက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည့်အခါ သီရှီထျန်က အံတင်းတင်းကြိတ်လိုက်သည်။ မိုးကြိုးများက သူ၏ ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ကျဆင်းလာနေသည်။ သူက အံကြိတ်၍ အဆုံးမဲ့သော နာကျင်မှုကို တောင့်ခံလိုက်သည်။ တစ်ချိန်တည်းမှာ သူက ခန္ဓာကိုယ်ထဲမှ သန့်စင်သော သွေးချီအနှစ်သာရကို အဆက်မပြတ် ဆွဲထုတ်၍ မိစ္ဆာစံအိမ်ထဲသို့ ပို့လွှတ်လိုက်သည်။

သူက သွေးချီအနှစ်သာရကို သန့်စင်ပြီး မိစ္ဆာသွေးကြောများကို ဖွဲ့စည်းလိမ့်မည်။

သီရှီထျန်၏ အစီအစဉ်က အမှန်တကယ် ထိရောက်မှုရှိသည်။ ထိုသို့သူလုပ်ဆောင်လိုက်သည့်အခါ မိစ္ဆာစံအိမ်ထဲတွင် မူလက ပြည့်လျှံနေသော လိုအင်ဆန္ဒစွမ်းအားက မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲသို့ ဒလဟော စီးဆင်းသွားသည်။ ယင်းက မိစ္ဆာစံအိမ်ထဲမှာ ဆက်လက် မပျံ့နှံ့သွားတော့ပေ။ လောလောဆယ်တွင် သူက သေဘေးကို ယာယီတိမ်းရှောင်နိုင်သွားသည်။ သို့သော်လည်း အန္တရာယ်က အပြည့်အဝ မပျောက်ကွယ်သွားသေးပေ။ ယင်းအစား တစ်ခဏ ငြိမ်သက်သွားရုံမျှသာ ဖြစ်၏။

မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲတွင် လိုအင်ဆန္ဒစွမ်းအားက အနက်ရောင်အရည်အဖြစ် သန့်စင်ခံလိုက်ရသည်။ ထူးဆန်းသည်မှာ အနက်ရောင်အရည်သည် အတူတကွ စုစည်းမနေပေ။ ယင်းအစား အနက်ရောင်အရည်က အပိုင်းဆယ်ပိုင်း ခွဲထွက်သွားသည်။ ယင်းတို့က သီရှီထျန်မဖွဲ့စည်းရသေးသော လိုအင်ဆန္ဒအမျိုးအစား(၁၀)မျိုး ဖြစ်ကြသည်။ ကျန်(၃)မျိုးသည် မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲမှ ကန်ထုတ်ခံလိုက်ရပြီး မိစ္ဆာသွေးကြောသုံးခုထဲသို့ အသီးသီး စီးဆင်းသွားကြသည်။ ယင်းတို့က ပျော်ရွှင်မှု၊ ဝမ်းနည်းမှုနှင့် အရသာခံမှု ဖြစ်ကြသည်။ သီရှီထျန်က ယင်းတို့နှင့်သက်ဆိုင်သော မိစ္ဆာသွေးကြောများကို ဖွဲ့စည်းထားပြီးပြီ ဖြစ်၏။ သို့ဖြစ်၍ မိစ္ဆာသန့်စင်ခြင်းမီးဖိုက ယင်းတို့ကို နှင်ထုတ်လိုက်သည်။

လိုအင်ဆန္ဒအမျိုးအစား(၁၀)မျိုးမှ ဖွဲ့စည်းသွားသော အနက်ရောင်အရည်(၁၀)ပိုင်းသည် သွေးချီအနှစ်သာရနှင့် အတူတကွ ပေါင်းစည်းသွားပြီး အဆက်မပြတ် သန့်စင်ခံလိုက်ရသည်။ ထိုသို့သန့်စင်နေစဉ် လိုအင်ဆန္ဒစွမ်းအားက ဝင်ရောက်လာပြီး အားဖြည့်ပေးလိုက်သည်။ ထိုအခိုက်အတန့်မှာ အနက်ရောင်အရည်(၁၀)ပိုင်းက မိစ္ဆာသွေးကြော(၁၀)ခုအဖြစ် စတင်ဖွဲ့စည်းသွားနေသည်။

မိစ္ဆာသွေးကြော(၁၀)ခုကို တစ်ကြိမ်တည်းဖြင့် ဖွဲ့စည်းခြင်း။ ယင်းက ရှေးခေတ်ကာလကတည်းက တစ်ခါမှ မဖြစ်ပေါ်ဖူးသောအရာ ဖြစ်၏။

“ ဒီနေ့… အတိတ်မှာ ဘယ်သူမှ မလုပ်ဖူးသေးတဲ့ ရူးမိုက်တဲ့အရာကို ငါလုပ်ဆောင်တော့မယ်… ငါအသက်ရှင်နိုင်မလား သေသွားမလား ကြည့်မယ်… တကယ်လို့ အရှေ့မှာ လမ်းမရှိရင် လမ်းအသစ်တစ်ခုကို ငါ့ဘာသာဖောက်မယ် ”

သီရှီထျန်က တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။ ယင်းက သေခြင်းရှင်ခြင်းအခြေအနေဖြစ်ကြောင်း ကောင်းမွန်စွာ သူသိသည်။ သို့သော်လည်း ယင်းကို သူလုပ်ဆောင်ရမည်။ သူဆုံးဖြတ်ချက်ချပြီးလျှင် သူ့မှာ နောင်တရစရာ မည်သည့်အကြောင်းမှ မကျန်ရှိတော့ပေ။ ဤလောကတွင် ဆေးမျိုးစုံရှိသော်လည်း နောင်တကို ကုသနိုင်သောဆေး မရှိပေ။

“ ဂျိန်း…ဂျလိန်း… ”

မိုးကြိုးတိမ်တိုက်များထဲမှ အကန့်အသတ်မဲ့သော လိုအင်ဆန္ဒစွမ်းအားက သီရှီထျန်ဆီသို့ ဦးတည်သွားသည်။ ‘ လိုအင်ဆန္ဒတစ်ရာမိစ္ဆာပုတီးစေ့ ’ထဲမှ လိုအင်ဆန္ဒစွမ်းအား၏ သုံးပုံနှစ်ပုံခန့်ကို ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက စုပ်ယူလိုက်သည်။ ကျန်တစ်ပုံကိုတော့ ယခု သီရှီထျန်က စုပ်ယူလိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ ဘေးပတ်ဝန်းကျင်မှ လိုအင်ဆန္ဒစွမ်းအားက သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ လျော့နည်းသွားနေသည်။

“ ခရက်… ခရက်… ”

အက်ကွဲရာများသည် ‘ လိုအင်ဆန္ဒတစ်ရာမိစ္ဆာပုတီးစေ့ ’၏ မျက်နှာပြင်ပေါ်မှာ ပိုမိုများပြားလာသည်။ ထို့နောက် ယင်းက မြန်ဆန်စွာ အက်ကွဲသွားပြီး မိုးကြိုးပစ်ချက်အောက်မှာ ဖုန်မှုန့်ဖြစ်သွားသည်။ ထိုမြင်ကွင်းက အလွန်ကြောက်စရာကောင်းသည်။

“ အမ်… လိုအင်ဆန္ဒတစ်ရာမိစ္ဆာပုတီးစေ့ရဲ့ စွမ်းအားက လူတစ်သန်းကို အဆုံးမဲ့တဲ့ လိုအင်ဆန္ဒထဲမှာ နစ်မြုပ်သွားစေနိုင်တယ်… ဒါပေမဲ့ အခု မိစ္ဆာပုတီးစေ့က အဲ့လောက်မြန်မြန် ပျောက်ကွယ်သွားတယ်လား… မဖြစ်နိုင်တာ… ကပ်ဘေးဒုက္ခမိုးကြိုးတောင် လိုအင်ဆန္ဒစွမ်းအားကို မဖျက်ဆီးနိုင်ဘူး… ဘာဖြစ်သွားတာလဲ… မဟုတ်မှလွဲရော အဲ့ဒီမိစ္ဆာကောင်လေးကြောင့်လား ”

ထိုအရာများကို ဖော်ပြရန် အချိန်ကြာသော်လည်း အမှန်မှာ ယင်းတို့က မိနစ်အနည်းငယ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ မိစ္ဆာပုတီးစေ့ထဲမှ အဆုံးမဲ့သော လိုအင်ဆန္ဒစွမ်းအားက ထူးဆန်းစွာ ပျောက်ကွယ်သွားသည်။

All Chapters