← Chapters

အခန်း (၃၂၂-၃၂၄)

Vol. 22 Ch. 322-324

အခန်း (၃၂၂-၃၂၄)

Vol. 22 Ch. 322-324

အခန်း(၃၂၂)

အရှင်သခင်ကုရုံသည် ပမာဏများပြားသော လိုအင်ဆန္ဒစွမ်းအားကို အသုံးပြု၍ သီရှီထျန်ကို သူ့ဘာသာ ပေါက်ကွဲသွားစေရန် လုပ်ဆောင်ချင်သည်။ သို့မဟုတ် သူက သီရှီထျန်ကို အဆုံးမဲ့သော လိုအင်ဆန္ဒစွမ်းအားထဲမှာ နစ်မြုပ်သွားစေချင်သည်။ သို့သော်လည်း မိစ္ဆာပုတီးစေ့ထဲမှ လိုအင်ဆန္ဒစွမ်းအားက အလွန်မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။ ယင်းက လုံးဝ သာမန်မဟုတ်ပေ။ ထို့ပြင် ကပ်ဘေးဒုက္ခမိုးတိမ်က မပျောက်ကွယ်သေးပေ။

ယင်းက သီရှီထျန်၏ အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မိစ္ဆာကပ်ဘေးဒုက္ခဖြစ်သည်။ အကယ်၍ သီရှီထျန် သေဆုံးသွားမည်ဆိုလျှင် မိစ္ဆာကပ်ဘေးဒုက္ခက သူ့အလိုအလျောက် ပျောက်ကွယ်သွားလိမ့်မည်။ သို့သော်လည်း ယခုအချိန်မှာ မိစ္ဆာကပ်ဘေးဒုက္ခက ပန်းမျိုးတစ်ရာချိုင့်ဝှမ်း၏ အပေါ်မှာ ဆက်လက် တည်ရှိနေဆဲပင်။ ယင်း၏ ဆိုလိုရင်းမှာ သီရှီထျန် မသေဆုံးသေးပေ။ သူက အသက်ရှင်နေသေးသည်။

“ မဟုတ်မှလွဲရော အဲ့ဒီမိစ္ဆာကောင်လေးဆီမှာ လိုအင်ဆန္ဒစွမ်းအားကို ဆန့်ကျင်နိုင်တဲ့ ရတနာတစ်ခုခု ရှိနေတာများလား ”

ထိုအတွေးက အရှင်သခင်ကုရုံ၏ စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ သူက တိတ်တဆိတ် ခန့်မှန်းလိုက်သည်။

“ အဲ့ဒါဖြစ်နိုင်တယ်… မဟုတ်ရင် အဲ့ဒီမိစ္ဆာကောင်လေးက ဘယ်လိုလုပ် လိုအင်ဆန္ဒမိစ္ဆာသွေးကြောကို ဖွဲ့စည်းနိုင်မှာလဲ… လိုအင်ဆန္ဒတစ်ရာမိစ္ဆာပုတီးစေ့ကတောင် သူ့ကို ဘာမှမလုပ်နိုင်ဘူးလား… သူက တစ်ခုခု ထူးဆန်းနေတာ ဖြစ်ရမယ်… ဒါမှမဟုတ်ရင် သူ့ဆီမှာ အစွမ်းထက်ရတနာတစ်ခု ရှိနေတာ ဖြစ်ရမယ် ”

အတွေးများစွာက အရှင်သခင်ကုရုံ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

“ ရှီထျန် တောင့်ထားဦး… နင် သေချာပေါက် တောင့်ခံနိုင်ရမယ်… နင် ဘာမှမဖြစ်ရဘူး… နင် လွယ်လွယ်နဲ့ မသေဘူးလို့ ငါယုံကြည်တယ် ”

အခြားတစ်ဖက်တွင် ချန်းရှီသည် ကပ်ဘေးဒုက္ခမိုးတိမ်ကို စိုးရိမ်ကြောင့်ကြစွာ ကြည့်လိုက်သည်။ ဆိုးဝါးသော မတော်တဆတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာမည်ကို သူစိုးရိမ်သည်။ ကပ်ဘေးဒုက္ခမိုးတိမ် မပျောက်ကွယ်သွားသေးသရွေ့ သီရှီထျန် အသက်ဆက်ရှင်နိုင်ရန် မျှော်လင့်ချက်ရှိနေဆဲပင်။

… … …

“ ဘန်း ”

အမည်မသိအချိန်ကာလတစ်ခု ကြာမြင့်သွားသည်။ ယင်းက မျက်စိတစ်မှိတ်အချိန် ဖြစ်နိုင်၏။ သို့မဟုတ် ယင်းက တစ်နာရီ သို့မဟုတ် ဆယ်ရက် သို့မဟုတ် လဝက်ဖြစ်နိုင်၏။

ရုတ်တရက်ဆိုသလို ကမ္ဘာတုန်ဟီးစေမည့် ကျယ်လောင်သော ဟိန်းသံက မိစ္ဆာကပ်ဘေးဒုက္ခမိုးတိမ်ထဲမှ ပဲ့တင်ထွက်လာသည်။ ရက်စက်ကြမ်းကြုတ်သော လေကြမ်းက ကပ်ဘေးဒုက္ခမိုးတိမ်ထဲမှ ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ ကပ်ဘေးဒုက္ခမိုးတိမ်က ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားတော့မည့်အလားပင်။

ရွှေရောင်မိုးကြိုးများက ကပ်ဘေးဒုက္ခမိုးတိမ်ထဲမှ အရူးအမူး ကျဆင်းလာကြသည်။ ယင်းတို့က စက္ကန့်ပိုင်းလေးအတွင်းမှာ အရပ်ရှစ်မျက်နှာဆီသို့ ပျံ့နှံ့သွားကြသည်။

“ ဂျိန်း… ဂျလိန်း… ”

အရှင်သခင်ကုရုံနှင့် ချန်းရှီ၏ ဦးခေါင်းထက်တွင် ရွှေရောင်ကောင်းကင်ဘုံမိုးကြိုးများက အရူးအမူး ပေါ်လျှိုးလာကြသည်။ ယင်းတို့က ဒေါသူပုန်ထနေကြသည့်အလား ချိုင့်ဝှမ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားကြသည်။ ထိုမိုးကြိုးသည် သာမန်မိုးကြိုးမဟုတ်ပေ။ ယင်းက မိုးမြေ၏ ဖန်ဆင်းမှုကြောင့် မွေးဖွားလာသော မိုးကြိုးဖြစ်သည်။ သာမန်မိုးကြိုးများသည် ကောင်းကင်ဘုံကပ်ဘေးဒုက္ခမိုးကြိုးကို မယှဉ်နိုင်ကြပေ။

သို့သော်လည်း တစ်ခုထူးခြားသည်မှာ ထိုကောင်းကင်ဘုံမိုးကြိုးများက ဦးတည်ချက်မရှိဘဲ မြေကြီးပေါ်သို့ ကျဆင်းလာကြသည်။ ယင်းတို့ကို တားဆီးရန်သည် မဖြစ်နိုင်သောအရာ မဟုတ်ပေ။

ထိုမြင်ကွင်းကို ချန်းရှီ မြင်သွားသောအခါ သူက ဝမ်းသာပျော်ရွှင်သွားသည်။ သူက လက်ထဲမှ ချီချောင်ပန်းခြင်းတောင်းကို သူ၏ ဦးခေါင်းထက်သို့ ပစ်လွှတ်လိုက်သည်။ ပန်းခြင်းတောင်းသည် လေထဲမှာ သိမ်မွေ့ညင်သာစွာ လှည့်ပတ်သွားပြီး ခုနစ်ရောင်ခြယ်နတ်ဘုရားအလင်းကို ထုတ်လွှတ်လိုက်သည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ ကောင်းကင်ဘုံမိုးကြိုးများကို စုပ်ယူလိုက်သည်။ ချီချောင်ပန်းခြင်းတောင်း၏ အံ့ဖွယ်စွမ်းရည်အောက်မှာ ကောင်းကင်ဘုံမိုးကြိုးများက ထွန်းလင်းတောက်ပသော ရွှေရောင်မိုးကြိုးပန်းပွင့်များအဖြစ် သန့်စင်ခံလိုက်ရသည်။

တစ်ချိန်တည်းမှာ သူက စိတ်ထဲမှာ တွေးလိုက်သည်။ အစောနက ဟိန်းသံသည် ရုပ်ခန္ဓာကိုယ်၏ အကန့်အသတ်ကို ချိုးဖြတ်လိုက်သော သီရှီထျန်၏ ကြုံးဝါးသံ ဖြစ်နိုင်သည်။ ကြည့်ရသည်မှာ လိုအင်ဆန္ဒတစ်ရာမိစ္ဆာပုတီးစေ့မှ ထုတ်လွှတ်လိုက်သော လိုအင်ဆန္ဒစွမ်းအားက သီရှီထျန်အပေါ် သက်ရောက်မှုမရှိဟန် ရ၏။ ယခု သူက နောက်တစ်ဆင့်အနေနှင့် မိစ္ဆာအမြူတေဓာတ်လုံးကို ဖွဲ့စည်းရလိမ့်မည်။

ကောင်းကင်ဘုံမိုးကြိုး၏ ပစ်ခတ်မှုကို တောင့်ခံခြင်းသည် ကပ်ဘေးဒုက္ခကျော်လွှားခြင်း၏ အခက်ခဲဆုံးနှင့် အနာကျင်ဆုံးအပိုင်း ဖြစ်သည်။ ယခု သူက ထိုအပိုင်းကို ဖြတ်ကျော်နိုင်သွားပြီဖြစ်လေရာ မိစ္ဆာအမြူတေဓာတ်လုံး ဖွဲ့စည်းခြင်းက သူ့အတွက် မည်သည့်ပြဿနာမှ မရှိနိုင်ပေ။

ချန်းရှီက စိတ်ထဲမှာ ဝမ်းသာပျော်ရွှင်သွားသည်။ အတိတ်မှာ သူသည်လည်း အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မိစ္ဆာကပ်ဘေးဒုက္ခကို ဖြတ်ကျော်ခဲ့ဖူးသည်။ ထို့ပြင် သူ့ဆီမှာ ရှေးခေတ်ပန်းမျိုးတစ်ရာကောင်းကင်နတ်သမီး၏ အမွေအနှစ်လည်း ရှိသည်။ ထိုအမွေအနှစ်သည် သီရှီထျန်၏ သွေးမျိုးဆက်အမွေအနှစ် နှိုင်းယှဉ်နိုင်သောအရာ မဟုတ်ပေ။

သွေးမျိုးဆက်အမွေအနှစ်သည် ဘိုးဘေးများ၏ ကျင့်ကြံခြင်းမှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းနှင့် ကျင့်စဉ်တချို့ကိုသာ ထောက်ပံ့ပေးနိုင်သည်။ သူတို့က ဘိုးဘေးများ၏ ကျင့်ကြံခြင်းအမွေအနှစ်အားလုံးကို ရရှိခြင်း မဟုတ်ပေ။ သို့သော်လည်း ချန်းရှီသည် ပန်းမျိုးတစ်ရာကောင်းကင်နတ်သမီး၏ အမွေအနှစ်အားလုံးနီးပါးကို ရရှိခဲ့သည်။ သို့ဖြစ်၍ ကပ်ဘေးဒုက္ခမိုးတိမ်ထံမှ ရုတ်တရက် အပြောင်းအလဲက မည်သို့ကြောင့် ဖြစ်ပေါ်လာကြောင်း ချက်ချင်း သူသိသွားသည်။

“ အဲ့ဒီကောင်စုတ်လေးက ဒီလောက်တောင် ကံကောင်းတယ်လား ”

အေးတိအေးစက် အလင်းတန်းက အရှင်သခင်ကုရုံ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ကပ်ဘေးဒုက္ခမိုးတိမ်ကို ဖျက်ဆီးပစ်ချင်သည်။ သို့သော်လည်း ထိုကပ်ဘေးဒုက္ခမိုးတိမ်က သာမန်မဟုတ်ပေ။ သူ၏ လက်ရှိစွမ်းအားအရ ကပ်ဘေးဒုက္ခမိုးတိမ်ကို ဖျက်ဆီးပစ်ရန် မည်သို့မှမဖြစ်နိုင်ပေ။

ထို့ကြောင့် ကပ်ဘေးဒုက္ခမိုးတိမ်ထဲမှ သီရှီထျန်ကို သူဘာမှမလုပ်နိုင်ပေ။ သူက ကပ်ဘေးဒုက္ခမိုးတိမ်၏ အပြောင်းအလဲများကို ရပ်ကြည့်နေရုံသာ တတ်စွမ်းသည်။

“ ဘန်း… ဘန်း… ဘန်း… ”

မကြာမီ ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ ကောင်းကင်ယံတွင် ဧရာမတွင်းပေါက်တစ်ခု ထွက်ပေါ်လာဟန် ရသည်။ ဧရာမဝဲကတော့တစ်ခုက ကပ်ဘေးဒုက္ခမိုးတိမ်၏ အပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ဝဲကတော့သည် အနက်ရောင်ဖြစ်ပြီး ဟာလာဟင်းလင်းဖြစ်နေသည်။

နောက်အခိုက်အတန့်မှာ မရေမတွက်နိုင်သော အနက်ရောင်ချီက ဝဲကတော့၏ ဘေးပတ်ဝန်းကျင်တွင် ထူးဆန်းစွာ ထွက်ပေါ်လာသည်။ ထိုအနက်ရောင်ချီထဲမှာ အဆုံးမဲ့သော မိစ္ဆာစိတ်ဆန္ဒ ကိန်းအောင်းနေဟန် ရ၏။

အနက်ရောင်ချီသည် ပေါ်လျှိုးလာသည်နှင့်ချက်ချင်း ဝဲကတော့ထဲသို့ တန်းမတ်စွာ ဝင်ရောက်သွားသည်။ ထိုဝဲကတော့သည် လိုအင်ဆန္ဒဝဲကတော့မှလွဲ၍ တခြားမဟုတ်ပေ။ ဤအခိုက်အတန့်မှာ လိုအင်ဆန္ဒစွမ်းအားသည် အရပ်မျက်နှာအသီးသီးထံမှ ပေါ်လျှိုးလာနေသည်။ သို့ဖြစ်၍ ပမာဏများပြားသော လိုအင်ဆန္ဒစွမ်းအားက ဝဲကတော့ထဲမှာ စုဝေးသွားသည်။ တစ်ဆက်တည်းမှာ လိုအင်ဆန္ဒစွမ်းအားက ကပ်ဘေးဒုက္ခမိုးတိမ်ထဲသို့လည်း ဝင်ရောက်သွားသည်။ မိုးကောင်းကင်က ဤအခိုက်အတန့်မှာ မီးရှူးမီးတိုင်သဖွယ် ဖြစ်လာသည်။ မီးရှူးမီးတိုင်၏ အောက်မှာ ကပ်ဘေးဒုက္ခမိုးတိမ် တည်ရှိသည်။

မရေမတွက်နိုင်သော အသွေးအသားအပိုင်းအစများက ကပ်ဘေးဒုက္ခမိုးတိမ်တစ်ခုလုံးထဲမှာ ပြည့်နှက်နေသည်။ ထိုအသွေးအသားအပိုင်းအစများက ဘေးပတ်ဝန်းကျင်မှ လျှပ်စီးတန်းများနှင့် လျှပ်စီးထဲမှ ဖန်ဆင်းခြင်းစွမ်းအားကို အဆက်မပြတ် ဝါးမျိုနေသည်။

အသွေးအသားအပိုင်းအစတစ်ခုစီသည် ဤအခိုက်အတန့်မှာ နတ်ဘုရားအလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။ သွေးချီအနှစ်သာရသည် အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားသည်။ သွေးချီအနှစ်သာရထဲမှာ ဖန်ဆင်းခြင်းစွမ်းအားဖြင့် ပြည့်နှက်နေဟန် ရ၏။ ဤသည်မှာ အသွေးအသားအပိုင်းအစများက ကြီးမားသော ဆင့်ကဲပြောင်းလဲမှုတစ်ခုကို တွေ့ကြုံနေသည့်အလားပင်။

“ ဝုန်း ”

ထိုအသွေးအသားအပိုင်းအစများသည် သီရှီထျန်၏ သွေးချီအနှစ်သာရမှလွဲ၍ တခြားမဟုတ်ပေ။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ကွဲထွက်နေသည်။ အစောနက သူရပ်နေခဲ့သော နေရာမှာ သွေးနီရောင်နှလုံးတစ်ခုတည်း ကျန်ရှိတော့သည်။

နှလုံးသည် အလွန်သန်မာစွာ ခုန်မြည်နေသည်။ နှလုံးတစ်ချက်ခုန်မြည်သွားတိုင်း မရေမတွက်နိုင်သော လျှပ်စီးတန်းများက နှလုံး၏ ဝါးမျိုခံလိုက်ရသည်။ နှလုံးခုန်နှုန်းသည် အလွန်မြန်ဆန်ပြီး ဖော်မပြနိုင်အောင် အားကောင်းသည်။ အမည်မသိ အချိန်ကာလတစ်ခု ကြာမြင့်သွားသည်။

အသွေးအသားအပိုင်းအစများက လျှပ်စီးတန်းအားလုံးကို ဝါးမျိုနိုင်သွားသည့်အခါ ကျယ်လောင်သော မြည်ဟိန်းသံ ပဲ့တင်ထပ်လာသည်။ ရုတ်တရက်ဆိုသလို နေရာအနှံ့တွင် ပြန့်ကျဲနေသော အသွေးအသားအပိုင်းအစများက နှလုံးဆီသို့ ဦးတည်သွားကြသည်။ ဤသည်မှာ ယင်းတို့က အသိုက်ဆီသို့ ပြန်သွားနေကြသော ပျံလွှားငှက်များအလားပင်။ အသွေးအသားအပိုင်းအစအားလုံးက နှလုံးတစ်ဝိုက်မှာ ချက်ချင်း စုဝေးသွားကြသည်။

စောစောက အသွေးအသားအပိုင်းအစများသည် လျှပ်စီးတန်းများထံမှ ဖန်ဆင်းခြင်းစွမ်းအားကို စုပ်ယူခဲ့ကြသည်။ ဤအခိုက်အတန့်မှာ ဖန်ဆင်းခြင်းစွမ်းအား၏ အံ့ဖွယ်အကျိုးသက်ရောက်မှုကြောင့် အသွေးအသားအပိုင်းအစများ အတူတကွ စုဝေးသွားသည့်အခါ ယင်းတို့က အသက်ရှိလာကြသည်။

အသွေးအသားအပိုင်းအစများက တီကောင်များသဖွယ် လူးလွန့်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဧရာမကျားနက်တစ်ကောင်က ဗလာဟင်းလင်းပြင်ထဲမှာ အသစ်တဖန် ပြန်မွေးဖွားလာသည်။ သူ၏ ခန္ဓာကိုယ်က အလွန်အမင်း ကြီးမားသည်။ သူက ဧရာမတောင်ကုန်းတစ်ခုသဖွယ် ကပ်ဘေးဒုက္ခမိုးတိမ်အပေါ်မှာ ရပ်နေသည်။ သူက ဒေါသူပုန်ထနေသည့်အလား သို့မဟုတ် ရူးသွပ်နေသည့်အလား အလွန်ကြောက်စရာကောင်းပုံပေါ်သည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်အမွှေးအမျှင်များက အလွန်သိပ်သည်းသော အနက်ရောင်အလင်းကို ထုတ်လွှတ်နေသည်။ ထိုအနက်ရောင်အလင်းထဲမှာ မိစ္ဆာအရှိန်အဝါ ကိန်းအောင်းနေသည်။

ကောင်းကင်ဘုံမိုးကြိုးများက ကျားနက်အပေါ်သို့ ကျဆင်းလာနေသော်လည်း ယင်းက အသစ်တဖန် ပြန်မွေးဖွားလာသော မိစ္ဆာခန္ဓာကိုယ်အပေါ် မည်သည့်ထိခိုက်ဒဏ်ရာမှ မဖြစ်စေပေ။ ယင်းအစား မိုးကြိုးနှင့် လျှပ်စီးတန်းများက သူ၏ ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်များမှတဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

သူ့ခန္ဓာကိုယ်ထဲတွင် နှလုံးမှစတင်၍ ခွဲထွက်နေသော စုစုပေါင်း သွေးကြော(၁၃)ခု ရှိသည်။ ယင်းတို့က စမ်းချောင်းများသဖွယ် သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးဆီသို့ ဖြတ်သန်းစီးဆင်းနေကြသည်။ ထို့ပြင် သွေးကြော(၁၃)ခုစလုံး အပြန်အလှန် ချိတ်ဆက်နေကြသည်။ ယင်းတို့က ပြီးပြည့်စုံသော သွေးကြောလည်ပတ်မှုပုံစံအဖြစ် တည်ရှိနေကြသည်။ အရှေ့ခြေထောက်များနှင့် အနောက်ခြေထောက်များထဲမှ သွေးကြောများက ခန္ဓာကိုယ်ထဲမှ ကိုယ်တွင်းအင်္ဂါငါးခု၊ အူသိမ်အူမခြောက်ခုနှင့် ဆက်သွယ်နေကြသည်။ သွေးချီအနှစ်သာရက သူ၏ မရီဒျန်အားလုံးထဲမှာ အဆက်မပြတ် ရွေ့လျားစီးဆင်းနေသည်။

“ အား… ”

လူသားခန္ဓာကိုယ်နှင့်ဆင်တူသော စုစုပေါင်း မရီဒျန်(၃၆၅)ခုက သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးထံမှာ ထွက်ပေါ်လာသည်။ ထိုမရီဒျန်အားလုံးက နတ်ဘုရားအလင်းကို ထုတ်လွှတ်နေလေရာ သူ၏ အသွေးအသားများက ထွန်းလင်းတောက်ပသွားသည်။ ဤအခိုက်အတန့်မှာ သူက နတ်ဘုရားတစ်ပါးဖြစ်လာဟန် ရ၏။ သူ၏ ခန္ဓာကိုယ်ထဲမှ အရိုးများသည် ပျက်စီးသွားပြီးနောက် ပြန်လည်ဖွဲ့စည်းသွားကြသည်။ ကြည့်ရသည်မှာ သူ့ခန္ဓာကိုယ်က ကြီးမားသော ဆင့်ကဲပြောင်းလဲမှုတစ်ခုကို ဖြတ်ကျော်နေဟန် ရ၏။

ဤအခိုက်အတန့်မှာ အသစ်တဖန် ပြန်ဖွဲ့စည်းသွားသော အရိုးများက ကျောက်စိမ်းအလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ ယင်းတို့က အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှာ သူရှာတွေ့ခဲ့သော အစွမ်းထက်ကျားမိစ္ဆာပညာရှင်တစ်ပါး၏ မဖျက်ဆီးနိုင်သော အရိုးနှင့် ဆင်တူသွားသည်။ မှန်ပေသည်။ ယခု သူ၏ အရိုးများက မဖျက်ဆီးနိုင်သော အရိုးအဆင့်သို့ မရောက်ရှိသေးပေ။ ယင်းက အပေါ်ယံ ဆင့်ကဲပြောင်းလဲမှုမျှသာ ဖြစ်၏။ သို့သော်လည်း သူ၏ အရိုးများက ယခင်ကထက် အဆပေါင်းများစွာ ပိုပြီးသန်စွမ်းသွားသည်။ ကပ်ဘေးဒုက္ခမိုးကြိုးများထံမှ သူစုပ်ယူထားခဲ့သော ဖန်ဆင်းခြင်းစွမ်းအားက ထိုအရိုးများထဲသို့ အဆက်မပြတ် စီးဆင်းသွားသည်။ ယင်းက သူ့အရိုးများကို ဖြည်းဖြည်းချင်း ဆင့်ကဲပြောင်းလဲစေသည်။ သူ့အရိုးများက ပိုပြီးသန်စွမ်းလာသည်။

သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာသွေးကြောဆယ့်သုံးခုသည် စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးကို ကိုယ်စားပြုသည်။ မိစ္ဆာသွေးကြောဆယ့်သုံးခုသည် ဖွဲ့စည်းသွားသည်နှင့်ချက်ချင်း အလွန်ကြီးမားသော စုပ်ယူအားကို ထုတ်လွှတ်လိုက်သည်။ ထို့ကြောင့် ကပ်ဘေးဒုက္ခမိုးတိမ်၏ အပေါ်တွင် လိုအင်ဆန္ဒဝဲကတော့တစ်ခု တိုက်ရိုက် ဖွဲ့စည်းသွားသည်။ ပမာဏများပြားသော လိုအင်ဆန္ဒစွမ်းအားက သူ့ခန္ဓာကိုယ်၏ မွေးညင်းပေါက်များထဲသို့ ဒလဟော စီးဝင်လာသည်။

အတိတ်တွင် သူသည် လိုအင်ဆန္ဒစွမ်းအားကို အပြည့်အဝ မစုပ်ယူနိုင်ခဲ့ပေ။ မိစ္ဆာသွေးကြောဖွဲ့စည်းထားပြီးသော လိုအင်ဆန္ဒစွမ်းအားကိုသာလျှင် သူစုပ်ယူနိုင်သည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုး မိစ္ဆာသွေးကြော(၁၃)ခုစလုံးက သူ၏ ခန္ဓာကိုယ်ထဲမှာ ဖွဲ့စည်းသွားကြသည်။

သို့ဖြစ်၍ သူက မိုးမြေကြားမှ လိုအင်ဆန္ဒစွမ်းအားကို အပြည့်အဝ စုပ်ယူနိုင်သွားသည်။ သူစုပ်ယူလိုက်သော လိုအင်ဆန္ဒစွမ်းအားထဲမှာ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးစလုံး ပါဝင်သည်။ ထိုသို့သူစုပ်ယူလိုက်သည့်အခါ ထူးဆန်းသော အပြောင်းအလဲတစ်ခုက သူ့ခန္ဓာကိုယ်ထဲမှာ ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ သူ့ခန္ဓာကိုယ်ထဲမှ အစိတ်အပိုင်းအားလုံးက လိုအင်ဆန္ဒစွမ်းအားကို အတားအဆီးမဲ့စွာ စုပ်ယူနိုင်သွားသည်။ နောက်အခိုက်အတန့်မှာ လိုအင်ဆန္ဒစွမ်းအားက သူ၏ မိစ္ဆာစံအိမ်ထဲသို့ ဝင်ရောက်သွားသည်။

ဤအခိုက်အတန့်မှာ မိစ္ဆာစံအိမ်သည်လည်း ကြီးကြီးမားမား ပြောင်းလဲသွားသည်။ ယင်း၏ အရှိန်အဝါသည် ယခင်ကထက် အနည်းဆုံးဆယ်ဆ ပိုပြီးသန်စွမ်းလာသည်။ ယင်း၏ ဧရိယာသည်လည်း ယခင်ကထက် အဆမတန် ပိုပြီးကျယ်ပြောလာပြီး မိစ္ဆာချီနှင့် လိုအင်ဆန္ဒစွမ်းအားကို ပိုမိုများပြားစွာ လက်ခံနိုင်သွားသည်။

သို့သော်လည်း မိစ္ဆာစံအိမ်ထဲမှ လိုအင်ဆန္ဒစွမ်းအင်အားလုံးက မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲသို့ ဒလဟော တိုးဝင်သွားနေသည်။ မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲတွင် ယခင်က ပြည့်လျှံနေခဲ့သော အနက်ရောင်အရည်က ထူးဆန်းစွာ ပျောက်ကွယ်သွားသည်။ ယင်းအစား ပဲစေ့အရွယ်အစားခန့်ရှိသော ပုတီးစေ့တစ်လုံးက မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲမှာ ထွက်ပေါ်လာသည်။ ပုတီးစေ့သည် လုံးဝန်းပြီး ယင်း၏ မျက်နှာပြင်ပေါ်မှာ အနက်ရောင်အလင်းက အဆက်မပြတ် လှည့်ပတ်နေသည်။

အခန်း(၃၂၃)

ထိုပုတီးစေ့သည် အမြူတေဓာတ်လုံးမှလွဲ၍ တခြားမဟုတ်ပေ။ မိစ္ဆာမျိုးနွယ်စုတွင် ယင်းကို မိစ္ဆာအမြူတေဓာတ်လုံးဟု ခေါ်ကြသည်။ အနက်ရောင်မိစ္ဆာအရည်သည် မိစ္ဆာသန့်စင်ခြင်းမီးဖို၏ အဆက်မပြတ် သန့်စင်ပေးမှုအောက်မှာ ပဲစေ့အရွယ်အစားခန့်ရှိသော ပုတီးစေ့အဖြစ် သိပ်သည်းသွားသည်။ အမြူတေဓာတ်လုံးက ပဲစေ့အရွယ်အစားခန့်သာရှိသော်လည်း ယင်းထဲမှာ ကိန်းအောင်းနေသော မိစ္ဆာချီက အလွန်အမင်း သန့်စင်သည်။

ယေဘုယျအားဖြင့် သာမန်မိစ္ဆာသားရဲတစ်ကောင် ဖွဲ့စည်းလိုက်သော အမြူတေဓာတ်လုံးသည် အနည်းဆုံး လက်မအရွယ်အစားခန့် ရှိသည်။ သို့သော်လည်း ထိုအမြူတေဓာတ်လုံးထဲမှ မိစ္ဆာချီ၏ သန့်စင်မှုသည် ပဲစေ့အရွယ်အစားခန့်သာရှိသော သူ့အမြူတေဓာတ်လုံးထဲမှ မိစ္ဆာချီ၏ သန့်စင်မှုကို မနှိုင်းယှဉ်နိုင်ပေ။ ယင်းတို့ကြားမှ ကွာခြားမှုသည် မိုးနှင့်မြေပမာ ကြီးမားလှ၏။

အဘယ့်ကြောင့်ဆိုသော် သီရှီထျန်က ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်နှင့် မိစ္ဆာသန့်စင်ခြင်းမီးဖိုကို ပိုင်ဆိုင်ထားသောကြောင့်ပင်။ မိစ္ဆာသန့်စင်ခြင်းမီးဖိုသည် မိစ္ဆာချီထဲမှ မသန့်စင်မှုများကို အချိန်မရွေး သန့်စင်ပေးနိုင်သည်။ ထို့ကြောင့် သီရှီထျန်၏ မိစ္ဆာချီသည် တခြားမိစ္ဆာများထက် အဆပေါင်းများစွာ ပိုပြီးသန့်စင်သည်။

ထို့ပြင် သီရှီထျန်သည် မိစ္ဆာအမြူတေဓာတ်လုံး ဖွဲ့စည်းနေသည့်အချိန် သူ၏ မိစ္ဆာချီကို နောက်ထပ် မဖိနှိပ်နိုင်တော့သည်အထိ သိပ်သည်းပစ်ခဲ့သည်။ ထို့ကြောင့် သူ၏ အမြူတေဓာတ်လုံးက ပဲစေ့အရွယ်အစားသို့ ပြောင်းလဲသွားခဲ့ခြင်းပင်။ အမှန်မှာ အစတွင် သူ၏ အမြူတေဓာတ်လုံးက လက်မအရွယ်အစားခန့်ရှိသော ပုလဲလုံးတစ်လုံး ဖြစ်သည်။ သို့သော်လည်း သီရှီထျန်က ထိုပုလဲလုံးကို အတင်းအဓမ္မ ထပ်မံ သိပ်သည်းလိုက်သည့်အခါ ယင်းက ပဲစေ့အရွယ်အစားအထိ ပြောင်းလဲသွားသည်။

မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲတွင် အနက်ရောင်မြူခိုးအလွှာတစ်ခုက မိစ္ဆာအမြူတေဓာတ်လုံးကို ဝန်းရံထားသည်။ ထိုအနက်ရောင်မြူခိုးအလွှာသည် အကန့်အသတ်မဲ့သော လိုအင်ဆန္ဒစွမ်းအားမှလွဲ၍ တခြားမဟုတ်ပေ။ လိုအင်ဆန္ဒစွမ်းအားသည် အမြူတေဓာတ်လုံးနှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားနေဟန် ရ၏။ သို့သော်လည်း အတားအဆီးတစ်ခုက ယင်းတို့နှစ်ခုကြားမှာ တည်ရှိနေသည်။

သို့ဖြစ်၍ ထိုနှစ်ခုသည် အမှန်တကယ် မပေါင်းစပ်နိုင်သေးပေ။ လိုအင်ဆန္ဒစွမ်းအားနှင့် မိစ္ဆာချီက သီးခြားတည်ရှိနေကြဆဲပင်။

ပမာဏများပြားသော လိုအင်ဆန္ဒစွမ်းအားက မိစ္ဆာသန့်စင်ခြင်းမီးဖို၏ အဆက်မပြတ် သန့်စင်ခံနေရသည်။ အနက်ရောင်အရည်တစ်စက်သည် အနက်ရောင်မြူခိုးအလွှာမှ သိပ်သည်းသွားပြီး ဆေးမီးဖိုထဲသို့ ကျဆင်းသွားသည်။

အမြူတေဓာတ်လုံးက ဖြည်းညင်းစွာ လှည့်ပတ်နေသည်။ ရုတ်တရက်ဆိုသလို အလွန်အားကောင်းသော မိစ္ဆာချီက မိစ္ဆာစံအိမ်ထဲမှ အဆက်မပြတ် တိုးထွက်လာသည်။ ထို့နောက် မိစ္ဆာချီသည် သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာသွေးကြော(၁၃)ခုထဲသို့ စီးဆင်းသွားသည်။ မိစ္ဆာချီသည် အလွန်မြန်ဆန်စွာ လှည့်ပတ်သွားသည်။ မိစ္ဆာချီ ဖြတ်သန်းစီးဆင်းသွားသည့်အခါ သူ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်များက ထိန်ထိန်လင်းသွားသည်။ ထို့ပြင် သူ၏ အသွေးအသားတစ်လက်မစီတိုင်းက ဝမ်းသာပျော်ရွှင်သော စိတ်ခံစားမှုကို ထုတ်ဖော်လိုက်ကြသည်။

“ ဝေါင်း ”

ဧရာမကျားနက်၏ တင်းကျပ်စွာ မှိတ်ထားသော မျက်လုံးက ရုတ်တရက် ပွင့်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းနှစ်ခုက သူ့မျက်လုံးထဲမှ ပျံသန်းထွက်လာပြီး ကပ်ဘေးဒုက္ခမိုးတိမ်ဆီသို့ ဦးတည်သွားသည်။ ကပ်ဘေးဒုက္ခမိုးတိမ်သည် အကြမ်းပတမ်း တုန်လှုပ်သွားပြီး နတ်ဘုရားအလင်းကြောင့် အတင်းအဓမ္မ အနောက်ဆုတ်သွားသည်။ သူ့နဖူးပေါ်မှ ခရမ်းရောင်ဘုရင်အမှတ်အသားက အပြင်းအထန် လှုပ်ခတ်သွားသည်။

ကျားနက်သည် ရုတ်တရက် ပါးစပ်ဟလိုက်ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သူက လေကို အကြမ်းပတမ်း စုပ်သွင်းလိုက်သည်။

“ ဝီး… ”

တိမ်တိုက်များနှင့် လေက သူ့အရှေ့မှာ ရုတ်တရက် ပြောင်းလဲသွားသည်။ ကပ်ဘေးဒုက္ခမိုးတိမ်သည် ကျားနက်၏ ဧရာမပါးစပ်ပေါက်ထဲသို့ အတင်းအကျပ် စုပ်သွင်းခံလိုက်ရသည်။ အရွယ်အစားအလွန်ကြီးမားသော ကပ်ဘေးဒုက္ခမိုးတိမ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာ ကျားနက်၏ ဝမ်းဗိုက်က အကန့်အသတ်မဲ့သော တွင်းနက်သဖွယ် ဖြစ်လာသည်။ သူက ပမာဏများပြားသော လိုအင်ဆန္ဒစွမ်းအားကို ခန္ဓာကိုယ်ထဲသို့ ဝါးမျိုစုပ်ယူလိုက်သည်။ အချိန်တစ်ခဏကြာအောင် လေဟာနယ်က ပုံပျက်တွန့်လိမ်သွားပြီး ကျယ်လောင်သော ကျားဟိန်းသံက အဆုံးမဲ့စွာ ပဲ့တင်ထပ်သွားသည်။

လေတိုက်ခတ်သံနှင့် မိုးခြိမ်းသံက ထွက်ပေါ်လာသည်။

အရွယ်အစားကြီးမားသော ကပ်ဘေးဒုက္ခမိုးတိမ်က ကျားနက်၏ ပါးစပ်ထဲမှာ ပျောက်ကွယ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မိုးတိမ်က အကုန်အစင် ဝါးမျိုခံလိုက်ရသည်။ နောက်အခိုက်အတန့်မှာ ဧရာမကျားနက်က လူတိုင်း၏ အရှေ့မှာ ရှင်းလင်းစွာ ထွက်ပေါ်လာသည်။ သူက လိုအင်ဆန္ဒဝဲကတော့၏ အလယ်မှာ ရပ်နေသည်။

“ ဗုန်း… ဗုန်း… ဗုန်း… ”

အလွန်အားကောင်းသော မိစ္ဆာချီက သူ့ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ မကြာမီ ပမာဏများပြားသော မိစ္ဆာချီ၏ လွှမ်းခြုံမှုအောက်မှာ ဧရာမကျားနက်က အလွန်မြန်ဆန်သော အလျင်ဖြင့် ကျုံ့သွားသည်။ တစ်ချိန်တည်းမှာ သူ၏ ကျားအသွင်သဏ္ဍာန်က ပြောင်းလဲသွားသည်။ သူ၏ အနောက်ခြေထောက်နှစ်ချောင်းက တုတ်ခိုင်သန်မာသော ပေါင်တံများအဖြစ် အသွင်ပြောင်းလဲသွားပြီး သူ၏ ခြေသည်းများက လူသားခြေချောင်းများအဖြစ် အသွင်ပြောင်းလဲသွားသည်။ သူ၏ အရှေ့ခြေထောက်နှစ်ချောင်းက လူသားလက်များအဖြစ် အသွင်ပြောင်းလဲသွားသည်။ သူ၏ ကျားဦးခေါင်းသည်လည်း လူသားဦးခေါင်းအဖြစ် အသွင်ပြောင်းလဲသွားသည်။ အနက်ရောင်ဆံနွယ်ရှည်သည် သူ၏ ကျောအနောက်မှာ လေနှင့်အတူ လွင့်မျောနေသည်။ သူ၏ တည်ရှိမှုက ဘုရင်တစ်ပါး၏ ကြီးမြတ်ခမ်းနားမှုကို ထုတ်လွှတ်နေသည်။

မောက်မာထောင်လွှားမှု၊ လွှမ်းမိုးဗိုလ်ကျမှုနှင့် ခြိမ်းခြောက်သော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထံမှ ထွက်ပေါ်နေသည်။ အထွတ်အမြတ်ဩဇာအာဏာအရှိန်အဝါက ဖုံးကွယ်မခံထားရဘဲ အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။

သူက ရှည်လျားသော ဝတ်စုံနက်ကို ဝတ်ဆင်ထားပြီး ကျားဝိညာဉ်ဓား‌မော့ကို လက်ထဲမှာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ သူက မျက်လုံးမှိတ်ထားစဉ် ရိုင်းစိုင်းကြမ်းကြုတ်သော အရှိန်အဝါက သူ့ထံမှ ထွက်ပေါ်လာပြီး အရပ်မျက်နှာအသီးသီးသို့ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။ အရှိန်အဝါပျံ့နှံ့သွားသည့်အခါ ဘေးပတ်ဝန်းကျင်တွင် ထူးဆန်းသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။

ပန်းမျိုးတစ်ရာချိုင့်ဝှမ်းအတွင်းမှ မရေမတွက်နိုင်သော ပန်းပွင့်များ၊ ပန်းပင်များနှင့် သစ်ပင်များသည် တစ်ပြိုင်နက် ဦးညွတ်လိုက်ကြသည်။

သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်အမှတ်အသားက ပိုပြီးလျှို့ဝှက်ဆန်းကြယ်လာသည်။ ခရမ်းရောင်အလင်းက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသည်။ သူ၏ ဝတ်စုံနက်သည် လေမတိုက်ဘဲ တဖျပ်ဖျပ်လှုပ်ခတ်နေသည်။ အနက်ရောင်ဆံပင်ရှည်သည်လည်း ဘယ်ညာယိမ်းနွဲ့နေသည်။ အံ့ဖွယ်အရှိန်အဝါနှင့် တွဲဖက်မြင်လိုက်ရသည့်အခါ သူ၏ အသွင်သဏ္ဍာန်က ပိုပြီးထူးခြားသာလွန်လာသည်။

အကန့်အသတ်မဲ့သော အရှိန်အဝါက သူ့ထံမှ ထွက်ပေါ်လာပြီး မိုးမြေတစ်လျှောက် ပျံ့နှံ့သွားသည်။ ယင်းက ဘုရင်တစ်ပါး၏ အထွတ်အမြတ်ဩဇာအာဏာအရှိန်အဝါ ဖြစ်သည်။

အမြူတေဓာတ်လုံးကို ဖွဲ့စည်းပြီးသွားသည့်အခိုက် သီရှီထျန်က လုံးဝ ဆင့်ကဲပြောင်းလဲသွားသည်။ သူ၏ ဩဇာအာဏာအရှိန်အဝါက ယခင်က တစ်ခါမှမရောက်ရှိဖူးသော အမြင့်ဆီသို့ ရောက်ရှိသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ ဩဇာအာဏာအရှိန်အဝါက ပန်းမျိုးတစ်ရာချိုင့်ဝှမ်းကိုသာမက အနီးနားမှ တခြားဧရိယာများကိုလည်း ဖုံးလွှမ်းသွားသည်။ ထိုဧရိယာများထဲမှ သက်ရှိသတ္တဝါများသည် ထိုအရှိန်အဝါကို အာရုံခံမိသွားသည်နှင့် မြေကြီးပေါ်မှာ ချက်ချင်း ဝပ်တွားလိုက်ကြသည်။

သူတို့က ရှင်ဘုရင်တစ်ပါးအပေါ် ဦးညွတ်နေကြခြင်း ဖြစ်သည်။ ထို့ပြင် ဝမ်းသာပျော်ရွှင်မှုက သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ယင်းက ဘုရင်တစ်ပါး မွေးဖွားလာခြင်းအပေါ် သူတို့၏ ဝမ်းသာပျော်ရွှင်မှု ဖြစ်သည်။ ထိုစိတ်ခံစားမှုသည် စစ်မှန်သည်။ သူတို့က ထိုဘုရင်အပေါ် အပြည့်အဝ အညံ့ခံလိုက်ကြသည်။

“ ဝေါင်း ”

“ ဂရား ”

“ အူး ”

“ ကျီး ”

သားရဲဟိန်းသံများ၊ သားရဲအော်သံများနှင့် ငှက်မြည်သံများက တောင်တန်းတောအုပ်ထဲမှာ အဆက်မပြတ် ပဲ့တင်ထပ်သွားသည်။ ဤအခိုက်အတန့်မှာ တောင်ပိုင်းမြေရိုင်းဒေသထဲမှ သက်ရှိသတ္တဝါအားလုံးနီးပါးသည် ပန်းမျိုးတစ်ရာချိုင့်ဝှမ်း၏ ဦးတည်ရာဆီသို့ ကြောက်ရွံ့ရိုသေစွာ ကြည့်လိုက်ကြသည်။ သားရဲထောင်သောင်းချီက တစ်ပြိုင်နက် ဟိန်းဟောက်လိုက်ကြလေရာ တောင်ပိုင်းမြေရိုင်းဒေသက သိမ့်သိမ့်တုန်သွားသည်။

“ အဲ့ဒီအရှိန်အဝါ… အထွတ်အမြတ်ဩဇာအာဏာအရှိန်အဝါမလား… သူ့မှာ ဘယ်လိုလုပ် အဲ့ဒီအရှိန်အဝါ ရှိနေတာလဲ… မဖြစ်နိုင်တာ… သူက ကပ်ဘေးဒုက္ခကို ကျော်လွှားနိုင်သွားပြီး မိစ္ဆာအမြူတေဓာတ်လုံးကို ဖွဲ့စည်းနိုင်သွားရင်တောင် ငါ့ကို အရှိန်အဝါသက်သက်နဲ့ ဖိနှိပ်နိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး ”

အရှင်သခင်ကုရုံသည် ကောင်းကင်ယံမှာ စုဝေးနေသော လိုအင်ဆန္ဒစွမ်းအားကို အဆက်မပြတ် စုပ်ယူနေသည့် သီရှီထျန်အား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သီရှီထျန်သည် လိုအင်ဆန္ဒဝဲကတော့၏ အရှေ့မှာ ကျားဝိညာဉ်ဓားမော့ကို ဆုပ်ကိုင်လျက် မတ်တတ်ရပ်နေသည်။ ဤအခိုက်အတန့်မှာ သူက ပြန်လည်နိုးထလာသော ရှေးဟောင်းမိစ္ဆာတစ်ပါးနှင့် ဆင်တူသွားသည်။ တောင်ကြီးတစ်တောင်သဖွယ် ကြီးမားလေးလံသော အရှိန်အဝါက သူ့ထံမှ တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်နေသည်။ ထိုအရှိန်အဝါက ပန်းမျိုးတစ်ရာချိုင့်ဝှမ်းကိုသာမက ဘေးပတ်ဝန်းကျင်မှ ဧရိယာများကိုလည်း ဖုံးလွှမ်းသွားသည်။

လိုအင်ဆန္ဒစွမ်းအားက သီရှီထျန်၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေကြောင်း အရှင်သခင်ကုရုံ အာရုံခံနိုင်သည်။ ဤအခိုက်အတန့်မှာ သီရှီထျန်၏ အရှိန်အဝါက အရူးအမူး မြင့်တတ်သွားနေသည်။ ဤသည်မှာ သူ့အတွက် အကန့်အသတ်မရှိတော့သည့်အလားပင်။ သူ၏ ခွန်အားက အတားအဆီးမဲ့စွာ တိုးပွားသွားသည်။ မည်သို့ဖြစ်ပါစေ မိုးမြေကြားတွင် လိုအင်ဆန္ဒစွမ်းအားက အဆုံးမဲ့စွာ တည်ရှိသည်။ ဤလောကမှာ သက်ရှိသတ္တဝါများ တည်ရှိနေသေးသရွေ့ လိုအင်ဆန္ဒစွမ်းအားက မည်သည့်အခါမှ ကုန်ခမ်းသွားလိမ့်မည်မဟုတ်ချေ။

ဤအခိုက်အတန့်မှာ လိုအင်ဆန္ဒစွမ်းအားသည် နေအိမ်တစ်လုံး ရှာတွေ့သွားသည့်အလား သီရှီထျန်၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး တိုးဝင်သွားနေသည်။ ထို့ပြင် သူ့ခန္ဓာကိုယ်က အောက်ခြေမဲ့သော တွင်းနက်ပမာ လိုအင်ဆန္ဒစွမ်းအားကို အဆက်မပြတ် စုပ်ယူနေသည်။

“ အရှင်သခင်ကုရုံ… မင်းက ငါ့ကို ဒုက္ခပေးဖို့ ကြိုးစားခဲ့တယ်မလား… ရော့ ငါ့ရဲ့ ကျားဝိညာဉ်ဓားမော့ကို မြည်းစမ်းကြည့်လိုက်… နတ်မိစ္ဆာငိုကြွေးသံ… ”

သီရှီထျန် မျက်လုံးဖွင့်လိုက်သည့်အခါ ကြောက်မက်ဖွယ်ကောင်းသော ရောင်ခြည်တန်းနှစ်ခုက သူ့မျက်လုံးထဲမှ ပျံသန်းထွက်သွားသည်။ ယင်းက နတ်ဘုရားအလင်းတန်းဖြစ်ပြီး ထိုအလင်းတန်းထဲမှာ အံ့ဖွယ်ကောင်းသောစွမ်းအား ကိန်းအောင်းနေသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ထိုအလင်းတန်းဖြင့် ထိတွေ့သွားမည်ဆိုလျှင် အသိစိတ်ဝေဝါးသွားပြီး ခေါင်းမူးနောက်သွားလိမ့်မည်။ အားနည်းသူများဆိုလျှင် သူတို့က နေရာမှာတင် သတိမေ့မြောသွားနိုင်သည်။

ပိုပြီးကြောက်မက်ဖွယ်ကောင်းသည့်အရာက သူ့မျက်လုံးထဲမှ နတ်ဘုရားအလင်းတန်းထဲမှာ အရောင်မျိုးစုံ ရှိနေသည်။ ယင်းတို့က မရေမတွက်နိုင်သော စိတ်ခံစားချက်များနှင့် လိုအင်ဆန္ဒများ ဖြစ်သည်။ ယခုအချိန်မှာ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်စလုံးက သူ့မျက်လုံးထဲမှာ အတူတကွ ယှက်ထွေနေသည်။ ယင်းက အလွန်ထူးဆန်းသည်။

သာမန်လူများသည် သူ့မျက်လုံးကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အဆုံးမဲ့သော လိုအင်ဆန္ဒထဲသို့ ကျရောက်သွားလိမ့်မည်။ ယင်းက အမှန်တကယ် ကြောက်စရာကောင်းသည်။

သူစကားပြောလိုက်စဉ် သူ့လေသံထဲမှာ အဆုံးမဲ့သော အေးစက်မှု ကိန်းအောင်းနေသည်။ ယင်းက သူ့ဘေးပတ်ဝန်းကျင်မှ လေကို ချက်ချင်း အေးခဲသွားစေနိုင်ဟန် ရ၏။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် သူ့စကားကို ကြားလိုက်သည့်အခါ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားပြီး အရိုးခိုက်ခိုက်တုန်သွားလိမ့်မည်။

သီရှီထျန်သည် မျက်လုံးဖွင့်လိုက်သည်နှင့်ချက်ချင်း သူ့လက်ထဲမှ ကျားဝိညာဉ်ဓားမော့ကို သူ့ခန္ဓာကိုယ်အပြင်ဘက်မှ ဝဲကတော့ထံ ထိုးစိုက်လိုက်သည်။ ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော လိုအင်ဆန္ဒစွမ်းအားက ကျားဝိညာဉ်ဓားမော့ထဲသို့ စီးဝင်သွားသည်။ ယင်းက ကျားဝိညာဉ်ဓားမော့ကို ချက်ချင်း နက်မှောင်သွားစေသည်။ အဆုံးမဲ့သော လိုအင်ဆန္ဒစွမ်းအား၏ အားဖြည့်ပေးမှုအောက်မှာ ကျားဝိညာဉ်ဓားမော့၏ ပယင်းရောင်အလင်းတန်းက ပေတစ်သောင်းရှည်လျားသွားသည်။ အလွန်အားကောင်းသော စွမ်းအားက ကျားဝိညာဉ်ဓားမော့ထဲမှာ သိပ်သည်းသွားသည်။

“ ဝေါင်း ”

ကျယ်လောင်သော ကျားဟိန်းသံက ကျားဝိညာဉ်ဓားမော့ထံမှ မြည်ဟိန်းထွက်လာသည်။ ယင်း၏ ဟိန်းသံက အလွန်မောက်မာထောင်လွှားသည်။

ကျားဝိညာဉ်ဓားမော့နှင့်အတူ ကောင်းကင်ပေါ်မှာ မတ်တတ်ရပ်နေစဉ် သူက မိုးမြေကို အုပ်စိုးသော ပြိုင်ဘက်ကင်းမိစ္ဆာတစ်ပါးသဖွယ် ဖြစ်လာသည်။ အဆုံးမဲ့သော ဖိအားနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာဘုရင်အရှိန်အဝါက သူ့ထံမှ ပေါက်ကွဲထွက်လာသည်။

ဤအခိုက်အတန့်မှာ သူ့မျက်လုံးထဲတွင် အရှင်သခင်ကုရုံတစ်ယောက်တည်း ရှိတော့သည်။

“ ရှီထျန်… နင်ဂရုစိုက်ပါ… ငါ့အထင်မမှားရင် အဲ့ဒီအရှင်သခင်ကုရုံက ရှေးခေတ်မှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရမယ်… သူက ဒဏ်ရာအပြင်းအထန်ရရှိထားတယ်ဆိုရင်တောင် သူ့ခန္ဓာကိုယ်က အရမ်းမာကျောတယ်… ဒါ့အပြင် သူက ထူးခြားဆန်းကြယ်တဲ့ ဓမ္မအတတ်ပညာတွေနဲ့ ဝှက်ဖဲကတ်တွေကို ပိုင်ဆိုင်ထားတယ်… သူက တကယ်သန်မာတယ် ”

ချန်းရှီသည် သီရှီထျန်၏ အလွန်သန်စွမ်းသော ပုံစံကို မြင်သွားသည်။ သို့တိုင် သူက သတိပေးလိုက်ဆဲပင်။

“ သေလိုက်စမ်း ”

သီရှီထျန်သည် လုံးဝ တုံ့ဆိုင်းမနေပေ။ သူက အာရုံစူးစိုက်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်အလုံးစုံက ကျားဝိညာဉ်ဓားမော့ထဲသို့ ဒလဟော ဝင်ရောက်သွားသည်။ သူက အေးစက်စက် အော်ပြောလိုက်သည်။ ပေတစ်သောင်းရှည်လျားသော ပယင်းရောင်ဓားမော့အလင်းတန်းထဲတွင် မရေမတွက်နိုင်သော နတ်ဘုရားပုံရိပ်များနှင့် မိစ္ဆာပုံရိပ်များက ရုတ်တရက် ထွက်ပေါ်လာကြသည်။

အခန်း(၃၂၄)

“ ရွှီး ”

သူက လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည်။ ထိုအခါ ကျားဝိညာဉ်ဓားမော့က မြန်ဆန်စွာ ရွေ့လျားသွားပြီး မိုးမြေစွမ်းအားကို သယ်ဆောင်လျက် အရှင်သခင်ကုရုံထံသို့ ခုတ်ပိုင်းလိုက်လေသည်။ ဓားမော့ခုတ်ချက် ထုတ်လွှတ်လိုက်သည့်အခါ ဓားမော့အလင်းတန်းထဲမှ နတ်ဘုရားပုံရိပ်များနှင့် မိစ္ဆာပုံရိပ်များက အသက်ဝင်လာကြသည်။ သူတို့က ဓားမော့အလင်းတန်းနှင့်အတူ ပျံသန်းသွားကြသည်။ သူတို့တစ်ကောင်စီက လက်ထဲမှာ ဓားမော့ကိုယ်စီ ကိုင်ဆောင်ထားကြသည်။

အရေအတွက်ရာထောင်ချီသော နတ်ဘုရားများနှင့် မိစ္ဆာများက ပျံသန်းသွားကြသည်။ ထိုနတ်ဘုရားများနှင့် မိစ္ဆာများက ကျားဝိညာဉ်ဓားမော့၏ ဘေးပတ်ဝန်းကျင်မှာ ရွေ့လျားကခုန်နေကြသည်။ သူတို့အားလုံးက သူတို့၏ လက်ထဲမှ ဓားမော့ကို ကိုင်မြှောက်၍ ခုတ်ပိုင်းလိုက်ကြသည်။ သူတို့၏ ဓားမော့ခုတ်ချက်များထဲမှာ နတ်ဘုရားစွမ်းအားနှင့် မိစ္ဆာစွမ်းအားသာ ကိန်းအောင်းနေခြင်းမဟုတ်ပေ။ မိုးမြေစွမ်းအားသည်လည်း ပါဝင်နေသည်။

အကယ်၍ တောင်တစ်လုံးက ထိုဓားမော့ခုတ်ချက်ဖြင့် ပိုင်းဖြတ်ခံရမည်ဆိုလျှင် အလယ်မှ ထက်ခြမ်းကွဲသွားနိုင်သည်။

ပယင်းရောင်ဓားမော့အလင်းတန်း ပျံသန်းထွက်သွားသည့်အခိုက် ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က နတ်ဘုရားများနှင့် မိစ္ဆာများကြောင့် ချိပ်ပိတ်ခံရလိုက်ဟန် ရ၏။ ဓားမော့အလင်းတန်း ကျဆင်းသွားနေသော ဧရိယာသည် နတ်ဘုရားစွမ်းအားနှင့် မိစ္ဆာစွမ်းအားအောက်မှာ အပြည့်အဝ ဖိနှိပ်ခံလိုက်ရသည်။

ဤသည်မှာ ထိုဓားမော့ခုတ်ချက်က မိုးမြေကို ဖျက်ဆီးပစ်တော့မည့်လားပင်။ သို့ဖြစ်၍ ထိုဓားမော့ခုတ်ချက်၏ စွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်း၏။

“ အဲ့ဒါ ဘယ်လိုတိုက်ခိုက်ရေးပညာရပ်လဲ… နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကို ဆင့်ခေါ်နိုင်တယ်လား… ပြီးတော့ အဲ့ဒီနတ်ဘုရားတွေနဲ့ မိစ္ဆာတွေက တကယ့်အစစ်အမှန်တွေ… အမြူတေဖွဲ့စည်းခြင်းနယ်ပယ်မှာပဲ ရှိသေးတဲ့ မိစ္ဆာကောင်လေးက ဘယ်လိုလုပ် အဲ့လောက်အစွမ်းထက်တဲ့ တိုက်ခိုက်ရေးပညာရပ်ကို တတ်ကျွမ်းထားတာလဲ ”

အရှင်သခင်ကုရုံသည် ယနေ့၌ အကြိမ်ကြိမ် အံ့ဩသွားခဲ့သည်။ စက်ကရာ၏ အပြောင်းအလဲက သူ့ကို အကြီးအကျယ် အံ့ဩထိတ်လန့်စေသည်။ နတ်မိစ္ဆာငိုကြွေးသံကို သူအာရုံခံလိုက်သည့်အခါ ထိုတိုက်ခိုက်ပညာရပ်၏ စွမ်းအားက အစစ်အမှန် နတ်မိစ္ဆာများကိုပင် သတ်ပစ်နိုင်ကြောင်း သူသိလိုက်သည်။ ထိုသို့တိုက်ခိုက်ရေးပညာရပ်ဖြင့် ပစ်မှတ်ထားခံလိုက်ရသည့်အခါ သူက မျက်ခုံးလှုပ်သွားသည်။ အလွန်ဆိုးဝါးသော နိမိတ်ကို သူအာရုံရလာသည်။

နတ်မိစ္ဆာငိုကြွေးသံ၏ စွမ်းအားက သူ့ကို သတ်ပစ်နိုင်ကြောင်း ဝေဝေဝါးဝါး သူခံစားမိသည်။ ယင်းက သူ့ကို အမြစ်ဖြတ်သုတ်သင်ပစ်နိုင်သည်။

သူက နှစ်ခါစဉ်းစားမနေဘဲ အမြန်လှုပ်ရှားလိုက်သည်။ မရေမတွက်နိုင်သော ရှေးဟောင်းနွယ်ပင်များက မြေကြီးထဲမှ အမြန်ကြီးထွားလာကြပြီး အချင်းချင်း ယှက်ထွေသွားကြသည်။ လျှပ်တစ်ပြက်အတွင်းမှာ ယင်းတို့က သူ့အရှေ့မှာ ဧရာမဒိုင်းကာတစ်ခုသဖွယ် စုစည်းသွားကြသည်။

ယင်းက မလုံလောက်သေးကြောင်း သူခံစားမိသည်။ ထို့ကြောင့် သူ့လက်ကို လှုပ်ရှားလိုက်သည်။ စက္ကန့်ပိုင်းလေးအတွင်းမှာပင် သံချေးတတ်နေသော အဝါရောင်ခေါင်းလောင်းတစ်လုံးက သူ၏ ဦးခေါင်းထက်မှာ ထွက်ပေါ်လာသည်။ ခေါင်းလောင်း၏ မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော ပန်းပင်များနှင့် သစ်ပင်များ ရှိသည်။

ထူးဆန်းဖွယ်ကောင်းသည်မှာ ခေါင်းလောင်း၏ မျက်နှာပြင်ပေါ်မှ ပန်းပင်များနှင့် သစ်ပင်များသည် မြန်ဆန်စွာ ညှိုးနွမ်းသွားကြပြီး မကြာမီ ပြန်လည်ရှင်သန်လာကြသည်။ ဤသည်မှာ သေခြင်းရှင်ခြင်းက ခေါင်းလောင်းပေါ်မှာ သံသရာစက်ဝန်းတစ်ခုသဖွယ် ဖွဲ့စည်းနေသည့်အလားပင်။

ထိုခေါင်းလောင်းထဲမှာ သံသရာစက်ဝန်း၏ စစ်မှန်သော အဓိပ္ပာယ် ကိန်းအောင်းနေဟန် ရ၏။ မည်သူမဆို ထိုခေါင်းလောင်းကို ကြည့်လိုက်သည်နှင့် သေခြင်းရှင်ခြင်းကြားထဲမှာ နစ်မြုပ်သွားလိမ့်မည်။ ထို့ပြင် ခေါင်းလောင်းကို ဖန်တီးပြုလုပ်ထားသော သတ္ထုအမျိုးအစားက အလွန်ထူးဆန်းသည်။ အမှန်မှာ ယင်းက သတ္ထုမဟုတ်ပေ။ ယင်းအစား သစ်သားတစ်မျိုး ဖြစ်သည်။ သို့ဖြစ်၍ ယင်းက သစ်သားခေါင်းလောင်း ဖြစ်သည်။ သို့သော်လည်း ထိုသစ်သားသည် သာမန်သစ်သားမဟုတ်ပေ။ မရေမတွက်နိုင်သော မှော်သင်္ကေတများက ခေါင်းလောင်းပေါ်မှာ ရွေ့လျားနေသည်။

“ ဝီး ”

မရေမတွက်နိုင်သော နတ်ဘုရားများနှင့် မိစ္ဆာများသည် ရှေးဟောင်းနွယ်ပင်များထံသို့ ဦးတည်သွားကြပြီး နွယ်ပင်များကို ခုတ်ပိုင်းလိုက်ကြသည်။ ရှေးဟောင်းနွယ်ပင်များ၏ မာကျောမှုသည် နှစ်တစ်သောင်းသက်တမ်းရှိသော ဝိညာဉ်နွယ်ပင်များထက် နည်းနည်းမှ မလျော့ပေ။ သာမန်ဓားမော့လက်နက်များက ယင်းတို့ကို အလွယ်တကူ ဖြတ်တောက်နိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ဤအခိုက်အတန့်မှာ မရေမတွက်နိုင်သော နတ်ဘုရားများနှင့် မိစ္ဆာများသည် သူတို့၏ လက်ထဲမှ ဓားမော့များဖြင့် ရှေးဟောင်းနွယ်ပင်များကို တိုက်ရိုက် ခုတ်ပိုင်းလိုက်ကြသည်။ သူတို့၏ ဓားမော့များထဲမှာ အံ့ဖွယ်ကောင်းသောစွမ်းအား ကိန်းအောင်းနေဟန် ရ၏။ သူတို့၏ ဓားမော့ခုတ်ချက်များက ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ အစွမ်းကုန်တိုက်ခိုက်မှုနှင့် ညီမျှသည်။

ယခုအချိန်မှာ နတ်ဘုရားများနှင့် မိစ္ဆာများက အရေအတွက်ရာထောင်ချီ ရှိနေကြသည်။ သို့ဖြစ်၍ နတ်မိစ္ဆာငိုကြွေးသံ၏ စွမ်းအားက ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ထောင်၏ တစ်ပြိုင်နက် တိုက်ခိုက်မှုနှင့် ညီမျှသွားသည်။ ထိုစွမ်းအားက အလွန်သန်မာလေရာ ဝိညာဉ်သန္ဓေတည်နယ်ပယ်၏ အထက်မှ ပုဂ္ဂိုလ်များသည်ပင် သေချာဂရုမစိုက်လျှင် ထိုဓားချက်ကြောင့် အပိုင်းပိုင်းအစစ ပြတ်တောက်သွားနိုင်သည်။

သို့ဖြစ်၍ ရှေးဟောင်းနွယ်ပင်များသည် နတ်ဘုရားများနှင့် မိစ္ဆာများကို အပြည့်အဝ မတားဆီးနိုင်ခဲ့ပေ။ မရေမတွက်နိုင်သော ဓားမော့ခုတ်ချက်များကြောင့် နွယ်ပင်များက အပိုင်းပိုင်းအစစ ပြတ်တောက်သွားပြီး ဖုန်မှုန့်ဖြစ်သွားသည်။ ရှေးဟောင်းနွယ်ပင်များဆီမှာ အလွန်သန်စွမ်းသော အသက်ဓာတ်ရှိသည်။ ယင်းတို့က ပြန်လည်ရှင်သန်နိုင်ကြသည်။ သို့သော်လည်း ပြန်လည်ရှင်သန်ရန် အချိန်လိုအပ်ပေသည်။ ထိုအချိန်လေးအတွင်းမှာ နတ်ဘုရားများနှင့် မိစ္ဆာများက အရှင်သခင်ကုရုံ၏ ဦးခေါင်းထက်မှာ ထွက်ပေါ်လာကြသည်။

ကျားဝိညာဉ်ဓားမော့က ပြိုင်ဘက်ကင်းထက်ရှပြီး ယင်းထဲမှာ နတ်ဘုရားစွမ်းအားနှင့် မိစ္ဆာစွမ်းအားက ကိန်းအောင်းနေကြောင်း သူအာရုံခံမိသည်။ ဤအခိုက်အတန့်မှာ သူသည် မိုးကောင်းကင်က သူ့အပေါ်သို့ ပြုတ်ကျလာသည့်အလား ခံစားမိသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ဧရာမတောင်ကြီးတစ်တောင်သဖွယ် ထွက်ပေါ်လာပြီး သူ၏ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ကို ချိပ်ပိတ်လိုက်သည်။ ယင်းက သူ၏ မျက်နှာကို အရုပ်ဆိုးအကျည်းတန်သွားစေသည်။ အကြောက်တရားက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ပြန်လည်မွေးဖွားခြင်းခေါင်းလောင်း… သေခြင်းရှင်ခြင်းက တစ်လှည့်စီ ဖြစ်ပေါ်နေတယ်… ”

အရှင်သခင်ကုရုံသည် ကျယ်လောင်စွာ အော်လိုက်ပြီး သတ္တိမွေးလိုက်သည်။ သူ၏ အတွေးတစ်ချက်ကြောင့် သူ၏ ဦးခေါင်းထက်မှ ရှေးဟောင်းသစ်သားခေါင်းလောင်းက ရုတ်တရက် တုန်ယင်လာသည်။

“ ဒေါင် ”

ခေါင်းလောင်းမြည်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ခေါင်းလောင်းမြည်သံ ပဲ့တင်ထပ်သွားသည်နှင့်ချက်ချင်း အသံလှိုင်းစက်ဝန်းများက အရပ်မျက်နှာအသီးသီးဆီသို့ ဒီရေသဖွယ် ပျံ့နှံ့သွားသည်။ အသံလှိုင်းစက်ဝန်းများ ဖြတ်သန်းသွားသည့်နေရာတိုင်း လေဟာနယ်က ပုံပျက်တွန့်လိမ်သွားပြီး ပြိုကွဲသွားသည်။ အသံလှိုင်းများက အရပ်ရှစ်မျက်နှာဆီသို့ ပျံ့နှံ့သွားသည့်အခါ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှ ပန်းပင်အားလုံးက ဖုန်မှုန့်ဖြစ်သွားသည်။ ဤသည်မှာ ယင်းတို့က အဖျက်စွမ်းအားမုန်တိုင်းဖြင့် တွေ့ဆုံသွားသည့်အလားပင်။ ငလျင်လှုပ်ခတ်သွားသကဲ့သို့ပင် ချိုင့်ဝှမ်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။

တစ်ချိန်တည်းမှာ ရှေးဟောင်းသစ်သားခေါင်းလောင်းက နတ်ဘုရားအလင်းတန်းများကို ထုတ်လွှတ်ပေးလိုက်သည်။ ထိုနတ်ဘုရားအလင်းတန်းများထဲတွင် အမျိုးအစားစုံလင်သော သစ်ပင်များနှင့် ပန်းပင်များ ထွက်ပေါ်လာကြသည်။ ထိုသစ်ပင်များနှင့် ပန်းပင်များသည် ခေါင်းလောင်းထံမှ ထွက်ပေါ်လာကြခြင်း ဖြစ်သည်။

ထိုရှေးဟောင်းသစ်သားခေါင်းလောင်းသည် ရှားပါးရတနာတစ်ခု ဖြစ်သည်။ ခေါင်းလောင်းမြည်သံ ပဲ့တင်ထပ်သွားသည့်အခါ ဟင်းလင်းပြင်က တုန်ခါသွားလိမ့်မည်။

အရှင်သခင်ကုရုံထံသို့ ဦးတည်သွားနေကြသော မရေမတွက်နိုင်သည့် နတ်ဘုရားများနှင့် မိစ္ဆာများသည် အသံလှိုင်းစက်ဝန်းများဖြင့် ရိုက်ခတ်ခံလိုက်ကြရသည်။ သူတို့က ချက်ချင်း ဖုန်မှုန့်ဖြစ်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အရေအတွက်ဒါဇင်ခန့်ရှိသော နတ်ဘုရားများနှင့် မိစ္ဆာများက အမြစ်ဖြတ်သုတ်သင်ခံလိုက်ကြရသည်။

သို့သော်လည်း ကျန်ရှိသော နတ်ဘုရားများနှင့် မိစ္ဆာများသည် မိုးမြေလမ်းညွှန်မှုအတိုင်း သူတို့၏ ဓားမော့များကို လိုက်လံရွေ့လျားလိုက်ကြပြီး ရှေးဟောင်းသစ်သားခေါင်းလောင်းပေါ်သို့ ခုတ်ပိုင်းလိုက်ကြသည်။

တစ်ချိန်တည်းမှာ အသန်မာဆုံး တိုက်ခိုက်မှုဖြစ်သည့် ကျားဝိညာဉ်ဓားမော့ခုတ်ချက်သည်လည်း သစ်သားခေါင်းလောင်းပေါ်သို့ တိုက်ရိုက် ကျဆင်းသွားသည်။

ပယင်းရောင်ဓားမော့အလင်းတန်းသည် ပေတစ်သောင်းရှည်လျားသည်။ ယင်းက မိုးမြေတုန်လှုပ်သွားစေရန် လုံလောက်၏။ အလွန်အားကောင်းသော မိစ္ဆာချီအပြင် အဆုံးမဲ့သော လိုအင်ဆန္ဒစွမ်းအားသည်လည်း ထိုဓားမော့ခုတ်ချက်ထဲမှာ ပါဝင်နေသည်။ ထို့ကြောင့် ဓားမော့က ပြိုင်ဘက်ကင်းစွမ်းအားကို ထုတ်လွှတ်လိုက်သည်။

“ ထန် ”

ကျားဝိညာဉ်ဓားမော့က ရှေးဟောင်းသစ်သားခေါင်းလောင်းပေါ်သို့ ကျဆင်းသွားသည်။ ချက်ချင်းဆိုသလိုပင် အကန့်အသတ်မဲ့သော အဖျက်စွမ်းအားက ကျားဝိညာဉ်ဓားမော့ထံမှ ထွက်ပေါ်လာပြီး ရှေးဟောင်းသစ်သားခေါင်းလောင်းကို ထိမှန်သွားသည်။ ယင်းက သစ်သားခေါင်းလောင်းကို အပြင်းအထန် တုန်ခါစေသည်။ ခေါင်းလောင်းမြည်သံက အဆက်မပြတ် ပဲ့တင်ထပ်သွားသည်။

… … …

ခေါင်းလောင်းမြည်သံက ကျယ်ကျယ်လောင်လောင် ပဲ့တင်ထပ်သွားသည်။

ဘေးပတ်ဝန်းကျင်မှ လေဟာနယ်သည် သာမန်မျက်စိဖြင့်ပင် မြင်နိုင်သည်အထိ ပုံပျက်တွန့်လိမ်သွားသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ လေဟာနယ်လှိုင်းအတွန့်များပင် ထွက်ပေါ်လာကြပြီး ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

ကျားဝိညာဉ်ဓားမော့သည် ရှေးဟောင်းသစ်သားခေါင်းလောင်းပေါ်သို့ အကြမ်းပတမ်း ခုတ်ပိုင်းလိုက်သည်။ အလွန်ထက်ရှသော ဓားမော့ချီလှိုင်းများက သစ်သားခေါင်းလောင်းပေါ်သို့ အဆက်မပြတ် ရိုက်ခတ်သွားသည်။ ယင်းက ခေါင်းလောင်းမြည်သံကို တရစပ် ထွက်ပေါ်စေသည်။

ယင်းက နံနက်ခင်းတွင် ဘုရားကျောင်းမှ ထွက်ပေါ်လာသော ခေါင်းလောင်းမြည်သံနှင့် ဆင်တူသည်။

ခေါင်းလောင်းမြည်သံက သာယာငြိမ့်ညောင်းသည်။ သို့သော်လည်း ယင်းထဲမှာ သက်ရှိအားလုံးကို ပျိုးထောင်ပေးနိုင်သော အသက်ဓာတ် ကိန်းအောင်းနေသည်။

မရေမတွက်နိုင်သော နတ်ဘုရားများနှင့် မိစ္ဆာများသည် သူတို့လက်ထဲမှ ဓားမော့များဖြင့် ခုတ်ပိုင်းလိုက်ကြသည်။ သို့သော်လည်း သူတို့၏ ဓားမော့ခုတ်ချက်များသည် ရှေးဟောင်းသစ်သားခေါင်းလောင်းမှ ထွက်ပေါ်လာသော သစ်ပင်ပန်းပင်များ၏ တားဆီးခံလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် ခေါင်းလောင်း၏ မျက်နှာပြင်ပေါ်မှ ထွက်ပေါ်လာသော မရေမတွက်နိုင်သည့် ပန်းပင်များနှင့် သစ်ပင်များသည် အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ကြရသည်။ အရေအတွက်ထောင်ချီသော နတ်ဘုရားများနှင့် မိစ္ဆာများ၏ တစ်ပြိုင်နက် တိုက်ခိုက်မှုက ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ထောင်၏ အစွမ်းကုန်တိုက်ခိုက်မှုနှင့် ညီမျှသည်။

သို့ဖြစ်လေရာ ယင်း၏ အဖျက်စွမ်းအားက အလွန်အမင်း ကြီးမားသည်။

ရှေးဟောင်းသစ်သားခေါင်းလောင်းက ရှားပါးရတနာတစ်ခုဖြစ်ပြီး အကန့်အသတ်မဲ့စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း အရှင်သခင်ကုရုံ၏ လက်ရှိစွမ်းအားအရ ခေါင်းလောင်း၏ စွမ်းအားအပြည့်ကို ထုတ်လွှတ်ရန် မဖြစ်နိုင်ပေ။ ခေါင်းလောင်း၏ ကာကွယ်ပေးမှုအောက်မှာ သူ့မျက်နှာက သွေးမရှိသည့်အလား ဖြူဖျော့သွားသည်။

“ ဝေါ့ ”

သူက မိုးကြိုးအပစ်ခံလိုက်ရသကဲ့သို့ အပြင်းအထန် တုန်ယင်သွားသည်။ ဤသည်မှာ သူက ကြီးမားသော ဖိအားဖြင့် ချက်ချင်း သက်ရောက်ခံလိုက်ရသည့်အလားပင်။ သူက ပါးစပ်ဟလိုက်ပြီး သွေးအန်လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်သည်ပင် မြေကြီးထဲသို့ ကျွံဝင်သွားသည်။ မယုံကြည်နိုင်သော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ဝေါ့ ”

အရှင်သခင်ကုရုံက သီရှီထျန်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ သူက နောက်ထပ် ပါးစပ်အပြည့် သွေးအန်လိုက်သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူ့သွေးက မြေကြီးပေါ်သို့ မကျသွားပေ။ ယင်းအစား သူ့ခေါင်းပေါ်မှ ခေါင်းလောင်းပေါ်သို့ ကျဆင်းသွားသည်။

သူ့သွေးသည် ခေါင်းလောင်း၏ မျက်နှာပြင်ပေါ်သို့ ကျဆင်းသွားသည်နှင့် အလျှင်အမြန် စုပ်ယူခံလိုက်ရသည်။ ထိုအခိုက်အတန့်မှာ ခေါင်းလောင်း၏ မျက်နှာပြင်က ထွန်းလင်းတောက်ပသော ရွှေရောင်အလင်းလွှာတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ရှေးဟောင်းသစ်သားခေါင်းလောင်းထံမှ ထွက်ပေါ်လာသည်။

“ ဒေါင် ”

ရှေးဟောင်းသစ်သားခေါင်းလောင်းက ပြင်းထန်စွာ တုန်ခါသွားသည်။ ရွှေရောင်အလင်းလွှာသည် ရှေးဟောင်းခေါင်းလောင်းပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာပြီး အပြင်ဘက်သို့ ပျံ့နှံ့သွားသည်။

ဖော်မပြနိုင်အောင် ကြီးမားသော အင်အားက ချက်ချင်း ထွက်ပေါ်လာပြီး ခေါင်းလောင်း၏ မျက်နှာပြင်ပေါ်မှ ကျားဝိညာဉ်ဓားမော့ကို ကန်ထုတ်လိုက်သည်။

“ ဘန်း ”

သီရှီထျန်သည် တစ်ခါမှ သူမခံစားဖူးခဲ့သော စွမ်းအားက ကျားဝိညာဉ်ဓားမော့ထံမှ ရုတ်တရက် ပေါ်လျှိုးလာကြောင်း ခံစားမိသွားသည်။ ထိုစွမ်းအားထဲမှာ အကန့်အသတ်မဲ့သော အသက်ဓာတ် ကိန်းအောင်းနေသည်။ ယင်းက သူ၏ ကျားဝိညာဉ်ဓားမော့ကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ချင်နေသည်။ သို့သော်လည်း သီရှီထျန်က တုံ့ဆိုင်းမနေဘဲ အော်ပြောလိုက်သည်။ သူ့အနောက်မှ လိုအင်ဆန္ဒဝဲကတော့က ပြင်းထန်စွာ တုန်ယင်သွားသည်။ ပမာဏများပြားသော လိုအင်ဆန္ဒစွမ်းအားက ကျားဝိညာဉ်ဓားမော့ထဲသို့ အဆုံးမဲ့စွာ စီးဆင်းသွားသည်။

ကျားဝိညာဉ်ဓားမော့သည် ပယင်းရောင် ထွန်းလင်းတောက်ပသွားပြီး ယခင်ကထက် ပိုပြီးအစွမ်းကြီးမားသွားသည်။ နောက်အခိုက်အတန့်မှာ ကျားဝိညာဉ်ဓားမော့သည် အစောနကထက် ပိုပြီးကြီးမားသော အရှိန်အဟုန်နှင့်အတူ ရှေးဟောင်းသစ်သားခေါင်းလောင်းထံသို့ ခုတ်ပိုင်းလိုက်သည်။

“ ထန် ”

“ ဝေါ့ ”

ပြင်းထန်သော သက်ရောက်မှုအောက်မှာ အရှင်သခင်ကုရုံက နောက်ထပ် သွေးတစ်ပွက် အန်လိုက်ရသည်။ သူ၏ မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်သော အကြည့် ထွက်ပေါ်လာသည်။ သူက မီးခိုးဖြူရောင်တုတ်ချောင်းကို သူ့အရှေ့ဆီသို့ ညွှန်လိုက်သည်။ ချက်ချင်းဆိုသလိုပင် မြေကြီးက အက်ကွဲသွားပြီး ပျိုးပင်တစ်ပင်က သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ ပျိုးပင်သည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း အလွန်မြန်ဆန်စွာ ကြီးထွားလာသည်။

All Chapters