အခန်း (၃၂၅-၃၂၇)
Vol. 22 Ch. 325-327
အခန်း(၃၂၅)
သူက သီရှီထျန်ကို စူးစိုက်ကြည့်လိုက်ပြီး မကျေမချမ်း အော်ပြောသည်။
“ သီရှီထျန်… ငါမင်းကို မှတ်ထားလိုက်ပြီ… ဒီနေ့ ရန်ကြွေးကို အနှေးနဲ့အမြန် မင်းနဲ့ ဖြေရှင်းမယ်… မင်းကများ ငါ့ကို သတ်ချင်တယ်လား… အရာအားလုံးသိဆရာကြီးတောင် ငါ့ကို မသတ်နိုင်ခဲ့တာ မင်းလို မိစ္ဆာပေါက်စလေးက ငါ့ကို သတ်နိုင်မယ်တဲ့လား… မင်းမှာ အဲ့လိုအရည်အချင်းမရှိဘူး ”
သူက စကားဆုံးသည်နှင့် သူ့အရှေ့မှ သစ်ပင်ကြီးဆီသို့ တန်းမတ်စွာ ပြေးသွားသည်။ ထူးဆန်းသည်မှာ သူ့ခန္ဓာကိုယ်က သစ်ပင်ကြီးနှင့် တွေ့ဆုံသွားသည့်အခါ ရေတစ်စက်က ပင်လယ်ထဲသို့ ပြုတ်ကျသွားသည့်အလား မည်သည့်သဲလွန်စမှမကျန်ဘဲ ပျောက်ကွယ်သွားသည်။ သူ၏ ခန္ဓာကိုယ်က သစ်ပင်ကြီးထဲသို့ မည်သည့်အသံမှမထွက်ဘဲ ထူးဆန်းစွာ ဝင်ရောက်သွားသည်။
“ ဘန်း ”
သစ်ပင်ကြီးထဲသို့ သူဝင်ရောက်သွားသည်နှင့် ကျားဝိညာဉ်ဓားမော့က သစ်ပင်အရှေ့မှာ ထွက်ပေါ်လာပြီး သစ်ပင်ကို ထက်ခြမ်းခုတ်ပိုင်းပစ်လိုက်သည်။ သစ်ပင်ကြီးက အလယ်မှ နှစ်ခြမ်းကွဲထွက်သွားသော်လည်း အရှင်သခင်ကုရုံ၏ ပုံရိပ်ကို မမြင်တွေ့ရပေ။ ဤသည်မှာ သူက မည်သည့်သဲလွန်စမှမကျန်ဘဲ လေထဲမှာ ပျောက်ကွယ်သွားသည့်အလားပင်။ ယင်းက အလွန်ထူးဆန်းသည်။
“ ရီသစ်သားနတ်ဘုရားလွတ်မြောက်ခြင်း ”
ယင်းကို ဘေးမှာ ရပ်နေသော ချန်းရှီ မြင်သွားသောအခါ သူက မျက်မှောင်ကြုတ်လိုက်သည်။ အံ့ဩသော အကြည့်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
လောကကို ယင်ယန်နှင့် ဒြပ်စင်ငါးပါးဖြင့် ဖွဲ့စည်းထားသည်ဟု ပြောကြသည်။ ရှေးခေတ်ကာလတွင် မဟာနတ်ဘုရားတစ်ပါးက ဒြပ်စင်ငါးပါးနတ်ဘုရားလွတ်မြောက်ခြင်း ပညာရပ်ကို ဖန်ဆင်းခဲ့သည်။ ထိုပညာရပ်က ဒြပ်စင်ငါးပါးပေါ်မှာ အခြေခံသည်။ ယင်းတို့က ရီသစ်သားနတ်ဘုရားလွတ်မြောက်ခြင်း၊ ကျန်းသတ္ထုနတ်ဘုရားလွတ်မြောက်ခြင်း၊ လီမီးနတ်ဘုရားလွတ်မြောက်ခြင်း၊ ဝူတုမြေနတ်ဘုရားလွတ်မြောက်ခြင်းနှင့် ယင်ရေနတ်ဘုရားလွတ်မြောက်ခြင်းတို့ ဖြစ်ကြသည်။ ကျင့်ကြံသူအများစုက ယင်းတို့ကို သစ်သားလွတ်မြောက်ခြင်း၊ သတ္ထုလွတ်မြောက်ခြင်း အစရှိသဖြင့် အလွယ်ခေါ်ကြသည်။
ရှေးခေတ်ကာလမှ ပညာရပ်များနှင့် မျက်မှောက်ခေတ်ပညာရပ်များတွင် သိသာသော ကွဲပြားခြားနားမှုများ ရှိသည်။ ဥပမာ ရှေးခေတ်ကာလမှ ဒြပ်စင်ငါးပါးနတ်ဘုရားလွတ်မြောက်ခြင်း ပညာရပ်သည် မျက်မှောက်ခေတ်၏ ဒြပ်စင်ငါးပါးလွတ်မြောက်ခြင်း ပညာရပ်ထက် အဆပေါင်းများစွာ ပိုပြီးအစွမ်းထက်သည်။ အဘယ့်ကြောင့်ဆိုသော် ဒြပ်စင်ငါးပါးလွတ်မြောက်ခြင်း ပညာရပ်မှာ တားမြစ်ချက်များနှင့် ကန့်သတ်ချက်များ ရှိသည်။ သို့သော်လည်း ဒြပ်စင်ငါးပါးနတ်ဘုရားလွတ်မြောက်ခြင်း ပညာရပ်မှာ ထိုသို့ကန့်သတ်ချက်များ မရှိပေ။
အကယ်၍ တစ်စုံတစ်ယောက်က ဒြပ်စင်ငါးပါးနတ်ဘုရားလွတ်မြောက်ခြင်း ပညာရပ်ကို အသုံးပြုလိုက်မည်ဆိုလျှင် သူက မိုင်တစ်ထောင်အကွာအဝေးသို့ ထွက်ပြေးလွတ်မြောက်သွားလိမ့်မည်။ ကျင့်ကြံခြင်းအဆင့်မြင့်မားသော ပညာရှင်များဆိုလျှင် မိုင်တစ်သိန်းအကွာအဝေးသို့ ချက်ချင်း ထွက်ပြေးနိုင်ကြသည်။
ထို့ကြောင့် အရှင်သခင်ကုရုံက ဒဏ္ဍာရီလာ ရီသစ်သားနတ်ဘုရားလွတ်မြောက်ခြင်းကို အသုံးပြုလိုက်ကြောင်း ချန်းရှီ မြင်သွားသောအခါ အံ့ဩသွားသည်။ တစ်နည်းဆိုရသော် သူ့ခန္ဓာကိုယ်က သစ်သားတစ်မျိုးကို ထိတွေ့လိုက်သည်နှင့် မိုင်တစ်ထောင်အကွာအဝေးဆီသို့ ချက်ချင်း ရောက်ရှိသွားလိမ့်မည်။
ယင်းက အမှန်တကယ် အံ့ဩဖွယ်ကောင်းသည်။
ရှေးခေတ်ကာလမှာ အသက်ရှင်ကျန်ရစ်ခဲ့သော မွန်းစတားအိုကြီးများသာလျှင် ထိုသို့ပညာရပ်ကို တတ်ကျွမ်းကြသည်။ အရှင်သခင်ကုရုံသည် အမှန်တကယ်ပင် မွန်းစတားအိုကြီးတစ်ယောက် ဖြစ်သည်။ သူ့လက်ထဲမှာ မည်မျှများပြားသော ဝှက်ဖဲကတ်များရှိနေကြောင်း မည်သူသိနိုင်မည်နည်း။
“ ဟွန့် ”
အေးစက်စက် အလင်းက သီရှီထျန်၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက အံ့ဩသောအမူအရာကို မဖော်ပြချေ။ အရှင်သခင်ကုရုံက ရှေးခေတ်မှ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သူသိသည်။ သို့ဖြစ်၍ သူ့ဆီမှာ ဤနေရာမှ ထွက်ပြေးလွတ်မြောက်နိုင်မည့် နည်းလမ်းများစွာရှိနိုင်သည်။ သူ့ကို သတ်ပစ်ရန်သည် မလွယ်ကူပေ။
“ ချွင် ”
သူက ကျားဝိညာဉ်ဓားမော့ကို အလျားလိုက် ကိုင်ထားလျက် လေထဲမှာ မတ်တတ်ရပ်နေသည်။ သူက ဆတ်ခနဲ ခေါင်းလှည့်လိုက်ပြီး ချိုင့်ဝှမ်းအပြင်ဘက်သို့ ကြည့်လိုက်သည်။ ချိုင့်ဝှမ်းအပြင်ဘက်တွင် ဧရာမပိုက်ကွန်တစ်ခုက တောအုပ်နှင့် တောင်တန်းကို ဖုံးအုပ်ထားကြောင်း သူမြင်တွေ့သွားသည်။ ပိုက်ကွန်က တစ်လောကလုံးကို ချုပ်နှောင်ချင်နေဟန် ရ၏။ မိစ္ဆာသားရဲဘုရင်များက ထိုပိုက်ကွန်အတွင်းမှာ ပိတ်မိနေကြသည်။
အခြားတစ်ဖက်မှာတော့ မသေမျိုးကျင့်ကြံသူများက ပိုက်ကွန်၏ အပြင်ဘက်မှာ သက်တောင့်သက်သာရှိနေကြသည်။ သူတို့က ပိုက်ကွန်၏ ထောင့်တစ်ထောင့်စီမှာ ရပ်နေကြပြီး ပိုက်ကွန်ကို ထိန်းချုပ်နေကြသည်။ ထို့ပြင် သူတို့က မရေမတွက်နိုင်သော ဓားချီအလင်းတန်းများကို ထုတ်လွှတ်၍ ပိုက်ကွန်ထံသို့ ပစ်ခတ်နေကြသည်။
သူတို့ထဲမှ တချို့က ဓမ္မရတနာများကို အသုံးပြု၍ အစွမ်းထက်သော တိုက်ခိုက်မှုများကို ထုတ်လွှတ်နေကြသည်။ ကျယ်လောင်သော မြည်သံများနှင့် ပေါက်ကွဲသံများက တရစပ် ထွက်ပေါ်နေသည်။ မှော်အဆောင်များသည်ပင် ကောင်းကင်ပေါ်မှာ တလူလူ ပျံ့လွင့်နေပြီး မိုးမြေဝိညာဉ်စွမ်းအားကို ဆွဲဆောင်နေသည်။ ဓမ္မမန္တန်အမျိုးမျိုးက လေထဲမှာ ဖွဲ့စည်းသွားကြပြီး ပိုက်ကွန်ထံသို့ ကျဆင်းသွားကြသည်။
ဤအခိုက်အတန့်မှာ ပေါက်ကွဲသံများ တရစပ် ပဲ့တင်ထပ်နေသည်။ လေဓားသွားများ၊ မီးတောက်ဘောလုံးများနှင့် ရေခဲအဆူးချွန်များက ပိုက်ကွန်ထံသို့ အဆက်မပြတ် ကျဆင်းသွားနေသည်။ တစ်ချိန်တည်းမှာ ပိုက်ကွန်ထဲတွင် အနက်ရောင်မျောက်ဝံဘုရင်နှင့် တခြားမိစ္ဆာသားရဲဘုရင်များက ကျယ်လောင်စွာ ဟိန်းဟောက်နေကြသည်။
“ အရှက်မရှိလိုက်တာ… ယုတ်မာလိုက်တာ… အကျင့်မကောင်းတဲ့ မသေမျိုးကျင့်ကြံသူတွေ… ကိုယ့်လူတို့ ငါတို့ရဲ့ နတ်ဘုရားစွမ်းရည်တွေကို ပြိုင်တူထုတ်လွှတ်ပြီး ဒီပိုက်ကွန်ကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်ကြရအောင် ”
“ ဒီဘာမဟုတ်တဲ့ ပိုက်ကွန်စုတ်က ငါတို့ကို ဖမ်းချုပ်ထားနိုင်လိမ့်မယ်လို့ ငါကင်းကောင် မယုံဘူး ”
အနက်ရောင်မျောက်ဝံဘုရင်က ရူးသွပ်စွာ အော်ပြောလိုက်သည်။ အလွန်အားကောင်းသော မိစ္ဆာချီလှိုင်းက သူ့ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာသည်။
“ ဟုတ်တယ်… ငါတို့ရဲ့ အစစ်အမှန်စွမ်းရည်ကို မဖော်ပြရင် မိစ္ဆာတွေက မသေမျိုးကျင့်ကြံသူတွေထက် နိမ့်ကျတယ်လို့ သူတို့ထင်သွားကြလိမ့်မယ် ”
မဒူဆာသည် ပိုက်ကွန်ထဲမှာ ပိတ်မိနေသော်လည်း ကြောက်ရွံ့သော အမူအရာကို စိုးစဉ်းမျှမဖော်ပြပေ။ သူက ယခင်ကဲ့သို့ အေးဆေးတည်ငြိမ်နေသည်။ သူက မောက်မာထောင်လွှားစွာ ခေါင်းမော့လိုက်ပြီး မသေမျိုးကျင့်ကြံသူများကို ကြည့်လိုက်သည်။ သူ၏ မထူးမခြားနား မျက်နှာပေါ်မှာ အထင်သေးရှုံ့ချသော အမူအရာ ထွက်ပေါ်လာသည်။
“ မင်းတို့တွေ ဘာမှလုပ်စရာမလိုဘူး… သူတို့အားလုံးကို ငါပဲ ဖြေရှင်းမယ်… အဲ့ဒါက ပိုက်ကွန်လေးပါပဲ… မင်း ငါ့ရဲ့ ကျားဝိညာဉ်ဓားမော့ကို ခုခံနိုင်မလား ငါကြည့်မယ် ”
“ ချိုးဖြတ်စမ်း ”
မိစ္ဆာသားရဲဘုရင်များက ပိုက်ကွန်ကို ချိုးဖြတ်ရန် သူတို့၏ မွေးရာပါသဘာဝစွမ်းရည်များကို ထုတ်သုံးတော့မည့်အချိန် ကျယ်လောင်သော အော်သံက အဝေးမှ ပဲ့တင်ထပ်လာသည်။ ထိုအော်သံထဲမှာ အရိုးခိုက်ခိုက်တုန်စေမည့် အအေးဓာတ်က ကိန်းအောင်းနေသည်။
မိစ္ဆာသားရဲဘုရင်များသည် အသံထွက်ပေါ်လာသော အရပ်ဆီသို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။
စက်ကရာက ကောင်းကင်ပေါ်မှာ လမ်းလျှောက်နေသည်။ သူက လေထိန်းချုပ်ခြင်းမန္တန်ကို အသုံးမပြုထားပေ။ ယင်းအစား သူက လေထဲမှာ ရိုးရှင်းစွာ လမ်းလျှောက်နေသည်။ သူက လေထဲမှာ ခြေတစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းနေသည်။ သူခြေထောက်ချလိုက်သည့်အခါတိုင်း ထူးဆန်းသော လှိုင်းဂယက်များက သူ၏ ခြေထောက်အောက်မှာ ထွက်ပေါ်လာသည်။ လေက တုန်ခါသွားသည်။ သူက ခြေခုနှစ်လှမ်း ဆက်တိုက် လှမ်းပြီးနောက် လေထဲမှာ ရပ်လိုက်သည်။ သူက ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှ ထွက်လာပြီး ချိုင့်ဝှမ်းအပြင်ဘက်မှာ ထွက်ပေါ်လာသည်။
သူက မျက်လုံးမှေးကျဉ်းလိုက်သည်။ ဝမ်ဖုန်းအာကို သူစိုက်ကြည့်လိုက်သည့်အခါ အေးစက်စက် အလင်းတန်းက သူ၏ မျက်လုံးထဲမှ ပေါ်လျှိုးလာသည်။ ဝမ်ဖုန်းအာ၏ ဘေးတွင် အနီရောင်ဇာမဏီငှက်တစ်ကောင် ရှိသည်။ မီးတောက်မီးလျှံများက ၎င်းကို ဖုံးလွှမ်းထားသည်။ ၎င်းက အရွယ်ရောက်ပြီးသား ဇာမဏီငှက်တစ်ကောင် ဖြစ်သည်။ ၎င်း၏ ဘေးပတ်ဝန်းကျင်တွင် အပူချိန်က အလွန်မြင့်မားသော အဆင့်သို့ မြင့်တတ်နေသည်။
“ သေစမ်း ”
ဝမ်ဖုန်းအာကို မြင်သွားသောအခါ နက်ရှိုင်းသော အမုန်းတရားက သူ့စိတ်ထဲမှာ အထိန်းအချုပ်မဲ့စွာ ထွက်ပေါ်လာသည်။
သူ့ကို သတ်ရမယ်… သူ့ကို သတ်ရမယ်… သူက ငါ့အမေနဲ့ ညီလေးညီမလေးကို ဖမ်းခေါ်သွားတဲ့လူ…
သူ့ကို သတ်ရမယ်…
အေးစက်စက် အလင်းတန်းက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်နှင့် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ အော်သံထဲမှာ အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ကိန်းအောင်းနေသည်။
သူက နောက်ထပ် တုံ့ဆိုင်းမနေဘဲ ကျားဝိညာဉ်ဓားမော့ကို မြှောက်လိုက်ပြီး ဝမ်ဖုန်းအာ၏ ဦးခေါင်းထံသို့ ခုတ်ပိုင်းလိုက်သည်။ တောက်ပသော အလင်းရောင်က ဓားမော့ထံမှ ထွက်ပေါ်လာသည်။ အဆုံးမဲ့သော ဓားမော့ချီ ပေါ်လျှိုးလာသည့်အခါ လေဟာနယ်က တသိမ့်သိမ့်တုန်သွားသည်။ ဓားမော့ခုတ်ချက် ကျဆင်းလာသည့်အခိုက် မိုးကောင်းကင်က ဝမ်ဖုန်းအာကို အပြစ်ဒဏ်ခတ်လိုက်ဟန် ရ၏။
အလွန်အားကောင်းသော ဖိအားက ဝမ်ဖုန်းအာ၏ ခန္ဓာကိုယ်ပေါ်သို့ ဧရာမတောင်ကြီးတစ်တောင်သဖွယ် ကျဆင်းလာသည်။
“ ဇာမဏီငှက် ”
ယင်းကို ဝမ်ဖုန်းအာ မြင်သောအခါ ကြောက်လန့်တုန်လှုပ်သော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သို့တိုင် သူက ကျယ်လောင်စွာ အော်လိုက်သည်။ သူ့ဘေးမှ ဇာမဏီငှက်သည် အတောင်ပံတဖျပ်ဖျပ်ခတ်၍ မိုးကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ အလွန်အားကောင်းသော မီးတောက်မီးလျှံများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ သူက နေတစ်စင်းအသွင် ပြောင်းလဲသွားဟန် ရ၏။
ကမ္ဘာဖျက်ဆီးမည့် ဓားမော့အရှိန်အဝါနှင့် ရင်ဆိုင်နေရသော်လည်း ဇာမဏီငှက်က နောက်မတွန့်သွားပေ။ သူက ပုတီးစေ့မှ ဆင့်ကဲပြောင်းလဲသွားသော ဇာမဏီငှက်ပုံရိပ်တစ်ခုမျှသာ ဖြစ်၏။ သူ့ဆီမှာ အသိဉာဏ်မရှိပေ။ သူက ဝမ်ဖုန်းအာ၏ စေခိုင်းမှုအတိုင်းသာ လိုက်လံလုပ်ဆောင်ရမည်။
ထိုအခိုက်အတန့်မှာ သီရှီထျန်ထုတ်လွှတ်လိုက်သော ကျားဝိညာဉ်ဓားမော့ခုတ်ချက်သည် မိုးမြေစွမ်းအားနှင့် ပေါင်းစပ်သွားသည်။ သူ့ခန္ဓာကိုယ်၏ စွမ်းအားက စိတ်ကူးမယဉ်နိုင်သော အဆင့်သို့ ရောက်ရှိသွားသည်။ ထို့ပြင် သူ့အနောက်မှာ လိုအင်ဆန္ဒဝဲကတော့ရှိသည်။ ဝဲကတော့ထဲမှ လိုအင်ဆန္ဒစွမ်းအားက သူ့ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ဝင်ရောက်လာနေသည်။ ထို့ကြောင့် သူ၏ ဓားမော့ခုတ်ချက်က အလွန်အမင်း သန်စွမ်းသည်။
အနီရောင်ဇာမဏီငှက်သည် ကျားဝိညာဉ်ဓားမော့ခုတ်ချက်ကြောင့် ထက်ခြမ်းကွဲထွက်သွားသည်။ ဝှစ်ဟူသော မြည်သံနှင့်အတူ အနီရောင်ဇာမဏီငှက်၏ ခန္ဓာကိုယ်က လွင့်ပြယ်သွားသည်။ ထိုနေရာတွင် နှစ်ခြမ်းကွဲနေသော ပုတီးစေ့က ထွက်ပေါ်လာပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။
“ အား… ”
ဝမ်ဖုန်းအာက ကြောက်လန့်တကြား အော်လိုက်သည်။ သူ၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူက မည်သည့်အရာမှ ထိန်ချန်မနေဘဲ ဓမ္မရတနာအမျိုးမျိုးကို ထုတ်လွှတ်လိုက်သည်။ ယင်းတို့ထဲမှာ ဓားပျံဆယ်လက်၊ ဝိညာဉ်မှော်အဆောင်ဒါဇင်ခန့်နှင့် အမျိုးအစားစုံလင်သော ဓမ္မရတနာများ ပါဝင်ကြသည်။ သူက ထိုအရာအားလုံးကို ကျားဝိညာဉ်ဓားမော့ထံသို့ ပစ်လွှတ်လိုက်သည်။
သို့သော်လည်း လက်ရှိအချိန်မှာ သီရှီထျန်က ပြိုင်ဘက်ကင်းနေသည်။ ကျားဝိညာဉ်ဓားမော့သည် ဓမ္မရတနာများကိုသော်လည်းကောင်း၊ ဓားပျံများကိုသော်လည်းကောင်း သို့မဟုတ် မှော်အဆောင်များကိုသော်လည်းကောင်း အလွယ်တကူ ပိုင်းဖြတ်လိုက်သည်။ ကျားဝိညာဉ်ဓားမော့၏ ပြိုင်ဘက်ကင်းထက်ရှမှုအောက်မှာ ယင်းတို့အားလုံးက အပိုင်းပိုင်းအစစ ပြတ်တောက်သွားကြသည်။
“ မိစ္ဆာကျား… နင့်အမေ ဘယ်မှာလဲ မသိချင်ဘူးလား ”
ကျားဝိညာဉ်ဓားမော့က ဝမ်ဖုန်းအာ၏ ဦးခေါင်းပေါ်သို့ ကျဆင်းသွားတော့မည့်အချိန် ကျယ်လောင်သော အော်သံက ထွက်ပေါ်လာသည်။ သို့သော်လည်း ကျားဝိညာဉ်ဓားမော့က တဒင်္ဂမျှသာ ရပ်တန့်သွားသည်။ ထို့နောက် ကျားဝိညာဉ်ဓားမော့က အောက်သို့ ဆက်လက် ပိုင်းဖြတ်လိုက်သည်။
ဝမ်ဖုန်းအာ၏ ခန္ဓာကိုယ်သည် ဦးခေါင်းထိပ်မှစ၍ ထက်ခြမ်းကွဲထွက်သွားသည်။
“ ဗုန်း ”
ကျားဝိညာဉ်ဓားမော့က မြေကြီးပေါ်သို့ ကျဆင်းသွားသည့်အခါ ကျယ်လောင်သော မြည်သံ ထွက်ပေါ်လာသည်။ ထိုစဉ် သီရှီထျန်၏ မျက်လုံးထဲမှ ကြည်လင်မှုက တဖြည်းဖြည်း ဝေဝါးလာသည်။ မရေမတွက်နိုင်သော လိုအင်ဆန္ဒများက သူ၏ အသိစိတ်ကို စတင်ယိုယွင်းတိုက်စားနေပြီ ဖြစ်၏။ သူ၏ အသိစိတ်က အကန့်အသတ်မဲ့သော လိုအင်ဆန္ဒများကြားမှာ အထီးကျန်လှေငယ်လေးတစ်စင်းသဖွယ် ရှိနေသည်။ သို့တိုင် အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ့မျက်လုံးထဲမှာ ထွက်ပေါ်နေဆဲပင်။ သူက တခြားမသေမျိုးကျင့်ကြံသူများကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။
“ အား… ဂိုဏ်းတူအမ သေသွားပြီ… အားလုံးပဲ… အဲ့ဒီမိစ္ဆာကောင်နဲ့ သူသေကိုယ်သေ တိုက်ခိုက်ကြရအောင် ”
ဝမ်ဖုန်းအာ၏ ခန္ဓာကိုယ်က ထက်ခြမ်းကွဲထွက်သွားပြီး သူ့ခန္ဓာကိုယ်ထဲမှ သွေးချီအနှစ်သာရက ကျားဝိညာဉ်ဓားမော့၏ ဝါးမျိုခံလိုက်ရကြောင်း မသေမျိုးကျင့်ကြံသူတစ်ယောက် မြင်သွားသောအခါ သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက လက်မြှောက်လိုက်ပြီး ဓားပျံကို ပစ်လွှတ်ရန် ပြင်လိုက်သည်။
“ ရွှတ် ”
အခန်း(၃၂၆)
သီရှီထျန်က လေထဲမှာ နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်။ အားလှိုင်းစက်ကွင်းများက သူ့ခြေဖဝါးအောက်မှာ ထွက်ပေါ်လာသည်။
“ သေစမ်း ”
သူက တစ်ဖက်လူကို တစ်ချက်ပင် မကြည့်ပေ။ သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်လေရာ ကျားဝိညာဉ်ဓားမော့၏ သာမန်ကာလျှံကာ ခုတ်ချက်က ထွက်ပေါ်လာသည်။ ကျားဝိညာဉ်ဓားမော့အလင်းတန်းက ပေတစ်ရာရှည်လျားသွားသည်။ ဓားမော့က သူ့အရှေ့မှာ စက်ဝန်းငယ်တစ်ခုကို ရေးဆွဲလိုက်သည်။ မရေမတွက်နိုင်သော ဓားမော့အလင်းတန်းများက လေထဲမှာ ပြည့်နှက်သွားသည်။ ယင်းတို့က အလွန်ထက်ရှလေရာ ဤလောက၌ မည်သည့်အရာမှ ယင်းတို့ကို မတားဆီးနိုင်သည့်အလားပင်။ ဓားမော့အလင်းတန်းများ ဖြတ်သန်းသွားသည့်အခါ လေသည်ပင် ဖြတ်တောက်ခံလိုက်ရ၏။
ဓားပျံများသည် နှစ်ပိုင်းဖြတ်တောက်ခံလိုက်ရသည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်က ဓားမော့အလင်းတန်းများဖြင့် လွှမ်းခြုံခံလိုက်ရသည်။ ဓားမော့အလင်းတန်းများ၏ သက်ရောက်မှုဧရိယာက အလွန်ကျယ်ပြောလေရာ ယင်းတို့ကို တိမ်းရှောင်ရန် မဖြစ်နိုင်ပေ။ နောက်ထပ် ကျင့်ကြံသူသုံးယောက်သည် ကျားဝိညာဉ်ဓားမော့အောက်မှာ သေဆုံးသွားကြပြီး သူတို့၏ သွေးချီအနှစ်သာရက ကျားဝိညာဉ်ဓားမော့၏ ဝါးမျိုခံလိုက်ရသည်။ အလွန်အမင်း သိပ်သည်းသော သတ်ဖြတ်ခြင်းချီက သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်မှာ စုဝေးသွားသည်။
“ ဖတ် ”
အဆုံးမဲ့သော အေးစက်မှုက သီရှီထျန်၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ သူက နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူက မြေကြီးပေါ်မှာ လမ်းလျှောက်နေသည့်အလား ခြေနင်းသံက ထွက်ပေါ်လာသည်။ ခြေလှမ်းရပ်တန့်သွားသည်နှင့်ချက်ချင်း သူက ကျားဝိညာဉ်ဓားမော့ကို နောက်တစ်ကြိမ် လွှဲယမ်းလိုက်သည်။ အလွန်ကျယ်ပြောပြီး အကန့်အသတ်မဲ့သော အရှိန်အဝါက မိုးမြေတစ်လျှောက် ပျံ့နှံ့သွားသည်။ ထိုအရှိန်အဝါနှင့် ဓားမော့အလင်းတန်း၏ သတ်ဖြတ်ခြင်းစွမ်းအားအောက်မှာ မသေမျိုးကျင့်ကြံသူများက ကြက်ကလေးငှက်ကလေးများသဖွယ် အသတ်ခံလိုက်ကြရသည်။
အမြူတေဖွဲ့စည်းခြင်းနယ်ပယ် မသေမျိုးကျင့်ကြံသူများက ဤအခိုက်အတန့်မှာ တန်ဖိုးမဲ့သွားဟန် ရ၏။ သီရှီထျန်က ကျားဝိညာဉ်ဓားမော့ကို လွှဲယမ်းရင်း ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက်ကို သုတ်သင်ပစ်နေသည်။ ဤသည်မှာ သူက လမ်းဘေးမှ မြက်ပင်များကို သုတ်သင်ရှင်းလင်းပစ်နေသည့်အလားပင်။ သူ့ဓားမော့၏ ပြိုင်ဘက်ကင်းထက်ရှမှုကို မည်သူမှ မခုခံနိုင်ပေ။
မျက်စိတစ်မှိတ်အတွင်းမှာ သားရဲတစ်သောင်းဂိုဏ်းမှ မသေမျိုးကျင့်ကြံသူအားလုံးက အသတ်ခံလိုက်ကြရသည်။ ကျားဝိညာဉ်ဓားမော့၏ ဝါးမျိုမှုအောက်မှာ သူတို့၏ ခန္ဓာကိုယ်ထဲ၌ သွေးတစ်စက်ပင် ကျန်မနေပေ။
“ ချိုးဖြတ်လိုက်စမ်း ”
ကျားဝိညာဉ်ဓားမော့ကို ထပ်မံ လွှဲယမ်းလိုက်သည်။ ယင်း၏ ထက်ရှမှုကြောင့် မိစ္ဆာချုပ်နှောင်ပိုက်ကွန်ပေါ်မှာ ဧရာမအပေါက်တစ်ပေါက် ထွက်ပေါ်လာသည်။ ထိုပိုက်ကွန်ကို မည်သည့်သတ္ထုဖြင့် ဖန်တီးထားကြောင်း သူမသိရသော်လည်း ယင်းက ကျားဝိညာဉ်ဓားမော့၏ ထက်ရှမှုကို မခုခံနိုင်ပေ။ ထို့ပြင် ဤအခိုက်အတန့်မှာ ပိုက်ကွန်ကို ထိန်းချုပ်မည့်လူ မည်သူမှ မရှိတော့ပေ။ ထို့ကြောင့် ပိုက်ကွန်က တိုက်ရိုက် ပိုင်းဖြတ်ခံလိုက်ရသည်။
“ ဟား ဟား ဟား ”
အနက်ရောင်မျောက်ဝံဘုရင်သည် ပိုက်ကွန်အပေါက်ထဲမှ ပြေးထွက်လာပြီး သီရှီထျန်ကို ကြည့်လိုက်သည်။ သူက ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး ပြောသည်။
“ အကိုသီ… မင်းကို ငါကင်းကောင် အရမ်းလေးစားတယ်… မင်းက ဒီလိုအချိန်မျိုးမှာ ကပ်ဘေးဒုက္ခကို ဆင့်ခေါ်ရဲပြီး အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့တယ်… မင်းက အဲ့ဒီအကျင့်ယုတ်မာတဲ့ ကျင့်ကြံသူတွေကို သတ်ပစ်ခဲ့တယ်… တကယ် အံ့ဩစရာပဲ… တကယ် အံ့ဩစရာပဲ ”
“ ငါဆိုရင် သူတို့ထဲက တစ်ယောက်နှစ်ယောက်ကို သတ်ပစ်ဖို့ အတော်လေး အားစိုက်ထုတ်ရလိမ့်မယ်… မင်းကတော့ ဓားမော့တစ်ချက်နဲ့ သူတို့တွေကို အလွယ်လေး သတ်ပစ်လိုက်တယ် ”
“ ငါတို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ နောက်ထပ် ပညာရှင်တစ်ပါး ပေါ်ထွန်းလာပြီ… ကြည့်ရတာ ငါလည်းပဲ ကပ်ဘေးဒုက္ခကို ကျော်လွှားဖို့ ပြင်ဆင်သင့်ပြီ… နှစ်တွေဒီလောက်ကြာပြီဆိုတော့ အခု ငါအသွင်သဏ္ဍာန်ပြောင်းလဲဖို့ အချိန်ကျပြီ… ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက မကြာခင် ဖွင့်လှစ်တော့မယ်… အခုချိန်မှာ ငါတို့ရဲ့ အင်အားကို တတ်နိုင်သလောက် တိုးမြှင့်ထားရမယ် ”
သရဖူနီကြိုးကြာဘုရင်က သီရှီထျန်ကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ သူတို့က မိစ္ဆာသားရဲဘုရင်များဖြစ်လေရာ အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မိစ္ဆာကပ်ဘေးဒုက္ခကို အချိန်မရွေး ဖြတ်ကျော်ရန် အရည်အချင်းရှိကြသည်။ သူတို့က ပိုမိုခိုင်မာသော ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကို တည်ဆောက်ချင်သောကြောင့် အဆင့်မတတ်သေးခြင်း ဖြစ်သည်။
“ ဟုတ်တယ်… ငါတို့တွေ အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မိစ္ဆာကပ်ဘေးဒုက္ခကို ကျော်လွှားဖို့ အချိန်ကျပြီ ”
ခေါင်းသုံးလုံးရွှေခြင်္သေ့ဘုရင်က ခေါင်းညိတ်လိုက်သည်။ သူ့မျက်နှာပေါ်မှာ မထူးမခြားနား အမူအရာရှိသော်လည်း သူ့လေသံထဲမှာ ယုံကြည်မှုဖြင့် ပြည့်နှက်နေသည်။
တခြားမိစ္ဆာသားရဲဘုရင်များသည်လည်း တူညီသော စကားကို ပြောကြသည်။ သူတို့အားလုံးက ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရန် ဆုံးဖြတ်လိုက်ကြသည်။
“ သီရှီထျန်… နင်ဘယ်လိုနေလဲ… ဒဏ်ရာရသွားလား ”
မဒူဆာသည် သီရှီထျန်ကို ကြည့်လိုက်သည်။ သီရှီထျန်သည် လျှပ်စီးပမာ အလျင်ဖြင့် အမြန်ရောက်ချလာပြီး မသေမျိုးကျင့်ကြံသူအားလုံးကို တစ်ယောက်ပြီးတစ်ယောက် သုတ်သင်ပစ်လိုက်သည်။ ထို့နောက် သူက လေထဲမှာ မလှုပ်မယှက် ရပ်နေသည်။ သူက ကျားဝိညာဉ်ဓားမော့ကို လက်ထဲမှာ တင်းတင်းကျပ်ကျပ် ဆုပ်ထားသည်။ ရောင်စုံအလင်းက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ရောင်စုံအလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။ ရံဖန်ရံခါ ရောင်စုံအလင်းက ပျောက်ကွယ်သွားပြီး သူက ပုံမှန်ပြန်ဖြစ်သွားသည်။ သို့သော်လည်း ယင်းက တဒင်္ဂမျှသာ ဖြစ်၏။ မကြာမီ ရောင်စုံအလင်းက သူ့မျက်လုံးထဲမှာ ပြန်ပေါ်လျှိုးလာသည်။
သူ၏ စိတ်ထဲမှာ မရေမတွက်နိုင်သော အသံများနှင့် အတွေးများ ထွက်ပေါ်လာသည်။ စိတ်ခံစားချက်အမျိုးမျိုးက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ ယင်းတို့က အဆုံးမဲ့သော လိုအင်ဆန္ဒများ ဖြစ်သည်။ သူ့နှလုံးသားထဲမှ တံခါးက ကျိုးပျက်သွားသည့်အလား အဆုံးမဲ့သော လိုအင်ဆန္ဒများက အပြင်မှာ ပေါ်လျှိုးထွက်လာသည်။ အတိတ်၌ ထိုတံခါးက အမြဲပိတ်နေပြီး သူ၏ ထိန်းချုပ်မှုအောက်မှာ ရှိသည်။ သို့သော်လည်း ယခု ထိုတံခါးက ကျိုးပျက်သွားသည်။ သို့ဖြစ်၍ လိုအင်ဆန္ဒအမျိုးမျိုးက သူ့နှလုံးသားထဲမှ အတားအဆီးမဲ့စွာ ထွက်ပေါ်လာသည်။ အတွေးအမျိုးမျိုးက သူ့စိတ်ထဲမှာ ဆည်ကျိုးသွားသကဲ့သို့ ဒလဟော ထွက်ပေါ်လာသည်။
အသိဉာဏ်ရှိသော သက်ရှိသတ္တဝါတိုင်းမှာ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုး ရှိသည်။ ဤအခိုက်အတန့်မှာ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးက သူ့စိတ်ထဲသို့ အတားအဆီးမဲ့စွာ တိုးဝင်လာသည်။
မိစ္ဆာကပ်ဘေးဒုက္ခမိုးတိမ်ထဲတွင် သီရှီထျန်သည် ပမာဏအလွန်များပြားသော လိုအင်ဆန္ဒစွမ်းအားဖြင့် ရင်ဆိုင်ခဲ့ရစဉ်က တခြားရွေးချယ်စရာမရှိသည့်အဆုံး သူ့အသက်ကို အလောင်းအစားလုပ်၍ မိစ္ဆာသွေးကြော(၁၃)ခုစလုံးကို ဖွဲ့စည်းလိုက်သည်။ ယခု သူက ခန္ဓာကိုယ်ထဲမှ မိစ္ဆာသွေးကြောအားလုံးကို ဖွဲ့စည်းပြီးသွားပြီ ဖြစ်၏။ ထိုသို့လုပ်ရပ်သည် အတိတ်မှာ တစ်ခါမှ မဖြစ်ပေါ်ဖူးသောအရာ ဖြစ်၏။ သို့သော်လည်း ထိုလုပ်ရပ်၏ နောက်ဆက်တွဲအန္တရာယ်က စိတ်ကူးမယဉ်နိုင်သော အဆင့်သို့ ရောက်ရှိသွားသည်။
ယေဘုယျအားဖြင့် သီရှီထျန်သည် တစ်ကြိမ်လျှင် မိစ္ဆာသွေးကြောတစ်ခုကိုသာ ဖွဲ့စည်းနိုင်ပေသည်။ သို့မှသာ သူက မိစ္ဆာသွေးကြောဖွဲ့စည်းခြင်း၏ နောက်ဆက်တွဲသက်ရောက်မှုကို ဖြေရှင်းနိုင်လိမ့်မည်။ မိစ္ဆာသွေးကြော၏ လိုအင်ဆန္ဒစွမ်းအားကို သူ၏ အသိစိတ်နှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်ပြီး နေသားကျအောင် အရင်ဆုံး သူဆောင်ရွက်ရမည်။ သို့မှသာ သူက နောက်ထပ် မိစ္ဆာသွေးကြောတစ်ခုကို ဖွဲ့စည်းနိုင်လိမ့်မည်။
ယင်းက အတိတ်မှာ သူလုပ်ဆောင်ခဲ့သည့်အတိုင်း အတိအကျပင်။
သို့သော်လည်း အရှင်သခင်ကုရုံ၏ ကြားဝင်နှောင့်ယှက်မှုကြောင့် သူ၏ မူလအစီအစဉ်က ပျက်စီးသွားသည်။ ထို့ကြောင့် သီရှီထျန်သည် တခြားရွေးချယ်စရာမရှိသည့်အဆုံး လိုအင်ဆန္ဒမိစ္ဆာသွေးကြောအားလုံးကို ဖွဲ့စည်းရန် ရွေးချယ်လိုက်သည်။ မိစ္ဆာသွေးကြောများကို ဖွဲ့စည်းသွားပြီးနောက် သူက အဆုံးမဲ့သော လိုအင်ဆန္ဒများကို ယာယီဖိနှိပ်နိုင်ခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သူ၏ စိတ်ခွန်အားက အလွန်သန်စွမ်းပြီး သူ့ခန္ဓာကိုယ်က လိုအင်ဆန္ဒစွမ်းအားနှင့် အတိုင်းအတာတစ်ခုအထိ သဟဇာတဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် သူက ချက်ချင်းလက်ငင်း အသိစိတ်မဆုံးရှုံးသွားဘဲ အချိန်တစ်ခဏအထိ တောင့်ခံနိုင်ခဲ့သည်။
ထို့ကြောင့် သူက အရှင်သခင်ကုရုံကို ထွက်ပြေးစေခဲ့ပြီး ဝမ်ဖုန်းအာနှင့် တခြားမသေမျိုးကျင့်ကြံသူများကို သတ်ပစ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူက မသေမျိုးကျင့်ကြံသူရှစ်ယောက်စလုံးကို သူ၏ ဓားမော့ခုတ်ချက်များဖြင့် သတ်ပစ်နိုင်ခဲ့သည်။ သူ၏ ရန်သူအားလုံး သေဆုံးသွားပြီး သူ့ရင်ဘက်ထဲမှ ဒေါသမီးဟုန်က ငြိမ်းသတ်သွားသည့်အခါ သူ၏ ထိန်းချုပ်နိုင်စွမ်းက စတင်ပျောက်ကွယ်သွားသည်။ ထို့ပြင် မိုးမြေကြားမှ လိုအင်ဆန္ဒစွမ်းအားက သူ့ခန္ဓာကိုယ်ထဲသို့ အရူးအမူး ဝင်ရောက်လာနေသည်။ လိုအင်ဆန္ဒစွမ်းအားသည် မိုးမြေကြား၌ အဆုံးမဲ့စွာ တည်ရှိသည်။
ထိုအခါ ယခင်က သူဖိနှိပ်ထားခဲ့သော လိုအင်ဆန္ဒများက သူ့ခန္ဓာကိုယ်ထဲမှာ အကြီးအကျယ် ပေါက်ကွဲသွားသည်။
ပိုပြီးဆိုးဝါးသည်မှာ ဤတစ်ကြိမ်က လိုအင်ဆန္ဒတစ်မျိုးတည်း မဟုတ်ပေ။ ယင်းအစား စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးစလုံး ဖြစ်သည်။ လိုအင်ဆန္ဒအမျိုးအစား(၁၃)မျိုးစလုံးက သူ၏ အသိစိတ်ထဲမှာ တစ်ပြိုင်နက် ထွက်ပေါ်လာသည်။ ဤလောကမှ သက်ရှိသတ္တဝါအားလုံး၏ လိုအင်ဆန္ဒများမှ ထွက်ပေါ်လာသော စွမ်းအားက မည်မျှကြောက်မက်ဖွယ်ကောင်းသနည်း။ ထိုစွမ်းအားက သီရှီထျန်၏ အလွန်သန်စွမ်းသော စိတ်ခွန်အားကို အလွယ်တကူ ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ သူက လိုအင်ဆန္ဒလှိုင်းလုံးများကြားတွင် နစ်မြုပ်သွားသည်။
သူ့စိတ်ထဲမှာ မရေမတွက်နိုင်သော အတွေးများ ထွက်ပေါ်လာသည်။
ယခု သီရှီထျန်က မူမမှန်သော အခြေအနေထဲမှာရှိနေကြောင်း မဒူဆာ မြင်သောအခါ သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ မည်သို့ဖြစ်ပါစေ သီရှီထျန်က မသေမျိုးကျင့်ကြံသူများကို လွှမ်းမိုးဗိုလ်ကျစွာ သတ်ဖြတ်ခဲ့သူ မဟုတ်ပါလော။ ယခု သူဒုက္ခရောက်နေသည့်အခါ မဒူဆာသည် ဘေးမှ ရပ်ကြည့်မနေနိုင်ပေ။ သူက သီရှီထျန်ကို အကူအညီပေးချင်သည်။
“ မဒူဆာ… သူ့ကို မထိနဲ့… အခု သူ့ရဲ့ အသိစိတ်က သူ့ရဲ့ လိုအင်ဆန္ဒတွေနဲ့ တိုက်ခိုက်နေတယ်… နင်သူ့ကို ထိလိုက်တာနဲ့ သူ့အပေါ် သက်ရောက်မှုရှိသွားလိမ့်မယ်… အဲ့ဒီအခါ သူက လိုအင်ဆန္ဒထဲမှာ ထာဝရ နစ်မြုပ်သွားလိမ့်မယ်… ဘယ်တော့မှ ပြန်နိုးလာတော့မှာ မဟုတ်ဘူး ”
မဒူဆာ၏ ကျောက်စိမ်းသဖွယ် လက်က သီရှီထျန်ကို ထိတော့မည့်အချိန် သာယာကြည်လင်သော အသံက ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ကို တားဆီးလိုက်သည်။ ချိုင့်ဝှမ်းထဲတွင် ချန်းရှီက လေထဲမှာ လမ်းလျှောက်နေပြီး သီရှီထျန်အနားသို့ မြန်ဆန်စွာ ချဉ်းကပ်သွားသည်။ သူက သီရှီထျန်၏ ခန္ဓာကိုယ်ကို စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်သည်။ သီရှီထျန်၏ မျက်လုံးများကို သူကြည့်လိုက်သည့်အခါ မရေမတွက်နိုင်သော လိုအင်ဆန္ဒများက အပြန်အလှန် ဆန့်ကျင်နေကြောင်း သတိထားမိသွားသည်။
သူက ကိုယ့်ဘာသာ စိတ်ထဲ၌ တွေးလိုက်သည်။
‘ သီရှီထျန်က လိုအင်ဆန္ဒမိစ္ဆာသွေးကြောကို တကယ် ကျင့်ကြံထားတာပဲ… ဒါပေမဲ့ အခုပုံစံကို ကြည့်ရတာ သူက အရှင်သခင်ကုရုံ ပစ်လွှတ်လိုက်တဲ့ လိုအင်ဆန္ဒတစ်ရာမိစ္ဆာပုတီးစေ့ရဲ့ သက်ရောက်မှုကို ခံစားခဲ့ရတဲ့ပုံပဲ… လိုအင်ဆန္ဒစွမ်းအားက ဒီလောကမှာ လျှို့ဝှက်အဆန်းကြယ်ဆုံး စွမ်းအားတစ်မျိုးပဲ… ရှေးခေတ်ပန်းမျိုးတစ်ရာကောင်းကင်နတ်သမီးရဲ့ အမွေအနှစ်ထဲမှာတောင် လိုအင်ဆန္ဒစွမ်းအားနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မရှိဘူး… အခု သူဘာဖြစ်နေလဲဆိုတာ ငါလည်း နားမလည်ဘူး ”
သီရှီထျန်က လိုအင်ဆန္ဒမိစ္ဆာသွေးကြောကို ဖွဲ့စည်းထားကြောင်း ချန်းရှီ သူ့ကိုယ်ပိုင်မျက်စိဖြင့် မြင်တွေ့သွားသည်။ ယင်းက ဤလောက၏ လျှို့ဝှက်အဆန်းကြယ်ဆုံးစွမ်းအား ဖြစ်သည်။ ယခု မတော်တဆမှုတစ်ခု ဖြစ်လာလေရာ နောက်ဆက်တွဲအန္တရာယ်က အလွန်ပြင်းထန်သွားသည်။ သို့သော် စိတ်မကောင်းစရာမှာ သူသည်လည်း လိုအင်ဆန္ဒစွမ်းအားအကြောင်း အများကြီး မသိပေ။ ထို့ပြင် မိစ္ဆာကပ်ဘေးဒုက္ခမိုးတိမ်ထဲမှာ သီရှီထျန် မည်သည်အရာကို တွေ့ကြုံခဲ့ကြောင်း သူမသိပေ။ သူက အကူအညီပေးချင်သော်လည်း သူ့ဆီမှာ မည်သည့်နည်းလမ်းမှ မရှိပေ။
သီရှီထျန်၏ မျက်လုံးထဲမှာ အကန့်အသတ်မဲ့သော လိုအင်ဆန္ဒများ စုဝေးနေကြောင်း သူမြင်တွေ့သွားသည်။ ယင်းတို့က စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုး ဖြစ်ကြသည်။ ယင်းတို့က သူ၏ မျက်လုံးထဲမှာ စက်ဝိုင်းသဏ္ဍာန် အဆုံးမဲ့စွာ လှည့်ပတ်နေကြသည်။
တစ်စုံတစ်ယောက်သည် ထိုမျက်လုံးများကို ကြည့်လိုက်သည်နှင့် အဆုံးမဲ့သော လိုအင်ဆန္ဒဖြင့် သက်ရောက်ခံရပြီး အသိစိတ်မဲ့သွားနိုင်သည်။ ချန်းရှီသည်ပင် သီရှီထျန်၏ မျက်လုံးကို ကြည့်လိုက်စဉ် အနည်းငယ် သက်ရောက်ခံလိုက်ရသည်။ သူက ကြောက်မက်ဖွယ်ကောင်းသော လိုအင်ဆန္ဒဘုံထဲသို့ ကျရောက်သွားသည့်အလား ခံစားမိသွားသည်။
“ ဘာ… ဘာလို့ အဲ့ဒီလိုဖြစ်တာလဲ ”
မဒူဆာနှင့် တခြားမိစ္ဆာသားရဲဘုရင်များက အလန့်တကြား အော်ပြောလိုက်ကြသည်။
“ အရှင်ချန်းရှီ… ကျုပ်တို့အရှင်ကို ကူညီပေးပါဦး… မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက အရှင်မင်းကြီးမရှိလို့ မဖြစ်ဘူး… အရှင်မင်းကြီး ဘာမှမဖြစ်ရဘူး ”
အခန်း(၃၂၇)
သီရှီထျန်၏ အခြေအနေကို ကြားသွားသောအခါ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းမှ ချီဟောင်နှင့် တခြားမိစ္ဆာသားရဲများက ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။ ပိုင်စုစုက ချန်းရှီကို ဦးညွတ်လိုက်ပြီး အသနားခံသည်။
“ အရှင်ချန်းရှီ… ကျေးဇူးပြုပြီး ကျုပ်တို့အရှင်ကို ကယ်တင်ပေးပါ ”
ချီဟောင်၊ ပိုင်ယွဲ့နှင့် တခြားမိစ္ဆာသားရဲများသည်လည်း မြေကြီးပေါ်မှာ ဒူးထောက်လိုက်ကြသည်။ သူတို့တစ်ကောင်စီသည် အစောနက မသေမျိုးကျင့်ကြံသူများနှင့် တိုက်ပွဲမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားကြသည်။ သွေးက သူတို့၏ ခန္ဓာကိုယ်ပေါ်မှ စီးကျနေသည်။ သို့တိုင် သူတို့က ယင်းကို ဂရုမစိုက်ဘဲ အရှင်မင်းကြီးအတွက် အသနားခံလိုက်ကြသည်။ သူတို့က ချန်းရှီကို နောက်ဆုံးအသက်ကယ်ကောက်ရိုးအမျှင်သဖွယ် ကြည့်လိုက်ကြသည်။
“ မင်းတို့ရဲ့ အရှင်က လိုအင်ဆန္ဒစွမ်းအားကို ကျင့်ကြံတယ်… လိုအင်ဆန္ဒစွမ်းအားကို ငါလည်းပဲ ကောင်းကောင်း နားမလည်ဘူး… အခုချိန်မှာ ဆုတောင်းပေးရုံကလွဲလို့ ငါလုပ်ပေးနိုင်တာ ဘာမှမရှိဘူး… လိုအင်ဆန္ဒတွေကို သူ့ရဲ့ အသိစိတ် အောင်မြင်ကျော်လွှားနိုင်တဲ့အထိ ငါတို့စောင့်ဆိုင်းရလိမ့်မယ်… အဲ့ဒီအချိန်ကျရင် သူပြန်နိုးလာလိမ့်မယ် ”
ချန်းရှီက အကူအညီမဲ့သော လေသံဖြင့် ပြောသည်။
သီရှီထျန်သည် မည်သူမှ မလျှောက်ဖူးသေးသော လမ်းအသစ်ကို ကိုယ်တိုင်ဖောက်ထွင်းနေသည်။ သို့ဖြစ်၍ အပြင်လူများက သူ့ကို အကူအညီမပေးနိုင်ပေ။ ဖြစ်နိုင်သည်မှာ အကယ်၍ တစ်စုံတစ်ယောက်က ယခုအချိန်မှာ ‘ နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ’ကဲ့သို့ စိတ်အေးချမ်းတည်ငြိမ်စေမည့် နတ်ဘုရားသီချင်းတစ်ပုဒ်ကို တီးခတ်ပေးမည်ဆိုလျှင် သီရှီထျန်၏ အသိစိတ်က ပြန်ကြည်လင်လာနိုင်လောက်၏။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူက လိုအင်ဆန္ဒအမျိုးအစား(၁၃)မျိုးစလုံးကို တွေ့ကြုံခံစားနေရသည်။ သာမန်သီချင်းများက သူ့အပေါ် ကြီးကြီးမားမား အကူအညီမပေးနိုင်ပေ။
“ ဝှစ် ”
ချန်းရှီက သီရှီထျန်၏ မျက်လုံးကို ထပ်မံ ကြည့်လိုက်သည်။
ရုတ်တရက်ဆိုသလို ရောင်စဉ်တန်းနှစ်ခုက သီရှီထျန်၏ မျက်လုံးထဲမှ ပျံသန်းထွက်လာသည်။ နတ်ဘုရားအလင်းတန်းများက မယုံကြည်နိုင်ဖွယ်ကောင်းသော အလျင်ဖြင့် ချန်းရှီကို ဖုံးလွှမ်းသွားသည်။
တစ်ချိန်တည်းမှာ သီရှီထျန်က ပါးစပ်ဟလိုက်ပြီး ရောင်စုံမြူခိုးငွေ့ကို ချန်းရှီ၏ မျက်နှာအား မှုတ်ထုတ်လိုက်သည်။
“ မကောင်းတော့ဘူး ”
ယခု ချန်းရှီက သီရှီထျန်၏ အရှေ့တည့်တည့်မှာ ရပ်နေလေရာ ရောင်စုံမြူခိုးငွေ့ကို အချိန်မီ မတိမ်းရှောင်နိုင်ခဲ့ပေ။ ထို့ပြင် သူက အပြောင်းအလဲတစ်ခု ထိုသို့ရုတ်တရက် ဖြစ်ပေါ်လာလိမ့်မည်ဟု မထင်ထားသောကြောင့် မည်သည့်ပြင်ဆင်မှုမှ မပြုလုပ်ထားပေ။ ရောင်စဉ်တန်းနှစ်ခုက သူ၏ မျက်လုံးထဲသို့ ဝင်ရောက်သွားသောအခါ တစ်ခါမှ သူမတွေ့ကြုံဖူးသော လိုအင်ဆန္ဒများက သူ့စိတ်ထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။
ထို့ပြင် သူက ရောင်စုံမြူခိုးငွေ့ကို ပါးစပ်နှင့် နှာခေါင်းမှတဆင့် ခန္ဓာကိုယ်ထဲသို့ ရှူသွင်းမိသွားသည်။ ထို့နောက် သူ၏ အသိစိတ်က ယဇ်မူးသွားသည်။
ဖော်မပြနိုင်သော အကြောင်းအရင်းတချို့ကြောင့် သူ၏ ခန္ဓာကိုယ်က ပူလောင်လာသည်။ လိုအင်ဆန္ဒအမျိုးမျိုးက သူ၏ စိတ်ထဲမှာ ပြည့်နှက်သွားသည်။ ယခင်က တစ်ခါမှ မရှိခဲ့ဖူးသော လိုအင်ဆန္ဒများက သူ၏ ခန္ဓာကိုယ်ထဲမှာ မြစ်တစ်စင်းသဖွယ် စီးဆင်းသွားသည်။
“ ဝှစ် ”
ထိုစဉ် သန်စွမ်းကြံ့ခိုင်သော လက်တစ်ဖက်က သူ၏ ခါးကို ရုတ်တရက် လာဖက်သည်။ ထူးဆန်းဖွယ်ကောင်းသည်မှာ ဤအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ထဲမှ အားအင်များက လုံးဝ ပျောက်ကွယ်သွားသည်။ သို့ဖြစ်၍ ထိုလက်ကို သူမတွန်းလှန်နိုင်ပေ။ မကြာမီ သူ့ခန္ဓာကိုယ်က အရိုးမရှိတော့သည့်အလား ပျော့ခွေသွားသည်။ နောက်အခိုက်အတန့်မှာ သူက အလွန်ကျယ်ပြောသော ရင်ခွင်ပေါ်သို့ လဲကျသွားသည်။ အမျိုးသားတစ်ယောက်၏ ရနံ့က သူ၏ နှာခေါင်းဝသို့ ပျံ့လွင့်လာသည်။
… … …
နေသည် အရှေ့အရပ်မှ ပေါ်လျှိုးလာပြီး အနောက်အရပ်သို့ မြုပ်လျှိုးသွားသည်။ လပေါ်ထွက်လာသည်။ နေ့နှင့်ညက တစ်လှည့်စီပြောင်းလဲသွားသည်။ ယင်းက ကောင်းကင်နှင့် မြေကြီး၏ ဥပဒေဖြစ်သည်။ ယင်းက ယင်ယန်ဖြစ်ပြီး သက်ရှိအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်သည်။
နောက်တစ်နေ့၌ အရှေ့အရပ်တွင် ပထမဆုံး နေရောင်ခြည်အလင်းက ပေါ်လျှိုးလာပြီး ကမ္ဘာမြေပေါ်သို့ ကျဆင်းလာသည်။ နေရောင်ခြည်အောက်မှာ ကမ္ဘာမြေတစ်ခုလုံးကို ဖုံးလွှမ်းထားသော အမှောင်ထုက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ မရေမတွက်နိုင်သော အလင်းတန်းများက ကောင်းကင်ယံမှ ကျဆင်းလာပြီး အမှောင်ထုကို လုံးဝ ဖြိုခွင်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ အမှောင်ထုသည် ဤလောကမှ ပျောက်ကွယ်သွားသည်။
ကမ္ဘာဦးခရမ်းရောင်ချီက အရှေ့အရပ်တွင် ထွက်ပေါ်လာသည်။ ရောင်ဝါထိန်ထိန်လင်းနေသော အနီရောင်နေလုံးက အရှေ့အရပ်တွင် ထွက်ပေါ်လာသည်။ နေရောင်ခြည်သည် အနွေးဓာတ်ကို သယ်ဆောင်လျက် ကမ္ဘာမြေပေါ်သို့ ဖြာဆင်းကျလာသည်။
တောင်တန်းများနှင့် တောအုပ်များထဲမှ သစ်ရွက်များပေါ်တွင် နံနက်ခင်းနှင်းရေစက်များ တွဲလွဲခိုနေသည်။ နေရောင်ခြည်အောက်မှာ နှင်းရေစက်များက အရောင်တောက်ပလာသည်။ ထိုမြင်ကွင်းက အမှန်တကယ် သာယာလှပသည်။ ယင်းက သက်ရှိများကို နွေးထွေးမှုနှင့် စိတ်သက်တောင့်သက်သာရှိမှုပေးသည်။
နံနက်ခင်းနေရောင်ခြည်က ပမာဏများပြားသော အသက်ဓာတ်ကို အမြဲသယ်ဆောင်လာလေ့ရှိသည်။ ယင်းက နေ့သစ်တစ်နေ့၏ အစမဟုတ်ပါလော။ အရာအားလုံးက တဖန်ပြန်စတင်လာလိမ့်မည်။ သို့ဖြစ်၍ ဤလောကမှ သက်ရှိသက်မဲ့အရာအားလုံးက အသက်ဓာတ်ရောင်ခြည်ကို ခံယူကြရလိမ့်မည်။
ဤအခိုက်အတန့်မှာ နံနက်ခင်းနေရောင်ခြည်က လှိုဏ်ဂူတစ်ခုပေါ်သို့ ကျဆင်းသွားသည်။ နေရောင်ခြည်ကြောင့် လှိုဏ်ဂူက လင်းထိန်နေသည်။
လှိုဏ်ဂူအတွင်းပိုင်းထဲတွင် အနီရောင်မြူခိုးက တဖြည်းဖြည်း လျော့ပါးသွားပြီး ဗလာနတ္ထိအဖြစ် လွင့်ပြယ်သွားသည်။ မနေ့ညတွင် လှိုဏ်ဂူတစ်ခုလုံး၌ အနီရောင်မြူခိုးနှင့် ပြည့်နှက်နေခဲ့သော်လည်း ဤအခိုက်အတန့်မှာ မည်သည့်မြူခိုးမှ မရှိတော့ပေ။
လှိုဏ်ဂူ၏ အနက်ရှိုင်းဆုံးနေရာတွင် ဝတ်စုံဖြူဝတ်ဆင်ထားသော ချန်းရှီက ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး သူ့ဘေးမှ သားရဲအမွှေးပေါ်မှာ လဲလျောင်းနေသော သီရှီထျန်ကို ကြည့်လိုက်သည်။ သီရှီထျန်သည် သတိပြန်မရသေးပေ။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အဝတ်အစားမှ မရှိပေ။ သူက ကိုယ်လုံးတီးရှိနေသည်။
မူလက အဖြူရောင်ဖြစ်သော သားရဲအမွှေးက ယခု အနီရောင်စွန်းထင်နေသည်။ ယင်းကို မြင်လိုက်သောအခါ ချန်းရှီ၏ မျက်လုံးထဲ၌ အလွန်နက်ရှိုင်းသော မုန်းတီးမှု ထွက်ပေါ်လာသည်။ အလင်းတန်းတစ်ခုက သူ့လက်ထဲမှာ ထွက်ပေါ်လာသည်။ ဘေးပတ်ဝန်းကျင်မှ မိုးမြေဝိညာဉ်စွမ်းအားက သူ့လက်ထဲမှာ စုဝေးသွားပြီး ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားသည်။ ဓားသည် အေးစက်မှုနှင့် ခြောက်ခြိမ်းမှုအငွေ့အသက်ကို ထုတ်လွှတ်နေသည်။ သူက လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး ဓားထိပ်ဖျားဖြင့် သီရှီထျန်၏ လည်ပင်းကို ချိန်ရွယ်လိုက်သည်။
အကယ်၍ သူသာ သူ့လက်ကို အရှေ့သို့ တစ်လက်မတိုးလိုက်မည်ဆိုလျှင် ဓားထိပ်ဖျားက သီရှီထျန်၏ လည်ပင်းကို သေချာပေါက် ထိုးဖောက်သွားလိမ့်မည်။
“ ရှီး ”
သို့သော်လည်း အစွန်းရောက်အအေးဓာတ်က ဓားထိပ်ဖျားထံမှ ထွက်ပေါ်လာပြီး သီရှီထျန်၏ အရေပြားကို ထိတွေ့သွားသည်။ သို့သော်လည်း ဓားသည် အရှေ့သို့ မရွေ့လျားသွားပေ။ ယင်းက နေရာမှာ ရပ်တန့်နေသည်။ ချန်းရှီက ဓားကို အရှေ့သို့ ထိုးသွင်းရန် ကြိုးစားလိုက်သော်လည်း အကြောင်းအရင်းတချို့ကြောင့် သူ့လက်က မလှုပ်ရှားသွားပေ။ နောက်ဆုံးမှာတော့ သူက ဓားကို ပြန်ရုပ်သိမ်းလိုက်သည်။
“ သီရှီထျန်… ”
မကျေမချမ်းစိတ် ကိန်းအောင်းနေသော အသံက သူ့ပါးစပ်မှ ကျယ်လောင်စွာ ပျံ့လွင့်သွားသည်။ ဤသည်မှာ ထိုအသံထဲတွင် သူ့နှလုံးသားမှ စိတ်ခံစားချက်အားလုံး ကိန်းအောင်းနေဟန် ရ၏။ မနေ့ညတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များက သူ့စိတ်ထဲမှာ တစ်ခုပြီးတစ်ခု ပြန်ပေါ်လာသည်။ မည်သို့သူစိတ်ကူးခဲ့ပါစေ နှစ်ပေါင်းများစွာကြာအောင် သူထိန်းသိမ်းလာခဲ့သော သန့်ရှင်းစင်ကြယ်မှုက သီရှီထျန်ကြောင့် ညစ်ထေးသွားမည်ဟု မမျှော်လင့်ထားခဲ့ပေ။
မနေ့ညမှ အဖြစ်အပျက်ကို သူပြန်စဉ်းစားလိုက်သည့်အခါ ယင်းက အိမ်မက်တစ်ခုဖြစ်သည်ဟု ခံစားနေရဆဲပင်။ သူက မနေ့ညတွင် သူ၏ အပျိုစင်ဘဝကို ဆုံးရှုံးသွားပြီး ရှက်စရာကောင်းသော ညည်းညူသံကိုပင် ထုတ်ဖော်ခဲ့သည်။
သူပြန်နိုးလာသည့်အခါ သီရှီထျန်နှင့် ဖက်ထားလျက် အတူရှိနေကြောင်း မြင်သွားသည်။ ထိုခံစားမှုကြောင့် သူက သီရှီထျန်ကို သတ်ပစ်ချင်လာသည်။ သို့သော်လည်း ယင်းက သီရှီထျန်၏ အလိုဆန္ဒမဟုတ်ကြောင်း သူသိသည်။ သူ့ကိုယ်ပိုင်အသိစိတ်ကို ဆုံးရှုံးသွားသောကြောင့် ထိုသို့လုပ်ရပ်ကို သီရှီထျန် လုပ်ခဲ့ခြင်းဖြစ်ကြောင်း ချန်းရှီ သိသည်။
တစ်နည်းဆိုရသော် ယင်းက မတော်တဆမှုတစ်ခု ဖြစ်သည်။ သီရှီထျန်ကို ဓားဖြင့် သူထိုးတော့မည့်အချိန် အတိတ်၌ သူကြားခဲ့ရသော “ ယောင်္ကျားအားမာန်သီချင်း ”ကို ပြန်ကြားယောင်သွားသည်။ ထိုသီချင်းက သူ့နှလုံးသားကို လှုပ်ခတ်စေခဲ့သည်။ ထို့ကြောင့် သီရှီထျန်ကို သူသတ်ချင်သော်လည်း သူ့လက်က မရွေ့လျားသွားပေ။
မည်သို့ဖြစ်ပါစေ မနေ့ညတွင် ထိုအကောင် သူ့အပေါ် ကျူးလွန်ခဲ့သောကိစ္စက သူ့ကို အကြိမ်တစ်ရာသတ်ပစ်ရန် လုံလောက်ပေသည်။
ချန်းရှီသည် သူပြန်နိုးလာပြီးနောက် အလွန်ပြင်းထန်သော မုန်းတီးမှုကို ခံစားမိသွားသည်။ ယခု သူ၏ နှလုံးသားထဲမှာ အမုန်းတရားဖြင့် ပြည့်နှက်နေသည်။
“ သီရှီထျန်… နင်နိုးနေတာ ငါသိတယ်… ငါ့အရှေ့မှာ ဟန်ဆောင်မနေနဲ့ ”
သူက ဓားကို ထပ်မံ ထိုးသွင်းလိုက်သည်။
သို့သော်လည်း သူ့ဓားက သီရှီထျန်ကို မထိခင် ရပ်တန့်သွားသည်။ စိတ်ရှုပ်ထွေးသော အမူအရာက ချန်းရှီ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ အကြောင်းအရင်းကို သူမသိသော်လည်း သီရှီထျန်ကို သတ်ပစ်ရန် သူမလုပ်ဆောင်နိုင်ပေ။ သူ့ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက ရုတ်တရက် အလွန်အေးစက်လာသည်။ သူက တင်းမာခက်ထန်စွာ ပြောလိုက်သည်။
“ ဟဲ ဟဲ ”
သီရှီထျန်က မျက်လုံးပြန်ဖွင့်လိုက်ပြီး ခါးသီးစွာ ရယ်လိုက်သည်။ သူလက်ဝှေ့ယမ်းလိုက်သည့်အခါ အနက်ရောင်ဝတ်စုံတစ်ထည်က သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ သူက ဝတ်စုံကို အမြန်ဝတ်ဆင်လိုက်သည်။
ထို့နောက် သူက ဘေးဘီကို တမင်ကြည့်လိုက်သည်။ သူက ချန်းရှီနှင့် မျက်လုံးချင်းမဆုံဝံ့ပေ။ သူက ခါးသီးစွာ ပြုံးလိုက်ပြီး ပြောသည်။
“ မင်းဘာလို့ ငါ့ကို မသတ်တာလဲ… မင်းသိလား… မင်းငါ့ကို ဓားနဲ့ထိုးရင်တောင် ငါခုခံမှာမဟုတ်ဘူး ”
အကြောင်းအရင်းတချို့ကြောင့် သီရှီထျန်၏ အသံက အက်ရှနေသည်။
အမှန်မှာ ချန်းရှီပြန်နိုးလာကတည်းက သူသည်လည်း နိုးနေပြီ ဖြစ်၏။ သို့သော်လည်း မနေ့ညမှ အဖြစ်အပျက်ကြောင့် ချန်းရှီကို သူရင်မဆိုင်ဝံ့ပေ။
ထို့ကြောင့် သူက နေရာမှာ မလှုပ်မယှက် လဲလျောင်းနေပြီး အိပ်မောကျနေသကဲ့သို့ ဟန်ဆောင်နေရုံသာ တတ်စွမ်းပေသည်။ ချန်းရှီက သူ့အား ဓားဖြင့် ထိုးရန် အကြိမ်ကြိမလုပ်ဆောင်ခဲ့ကြောင်း သူခံစားမိသည်။ သို့သော်လည်း သူက ချန်းရှီကို မတားဆီးခဲ့ပေ။
မနေ့ညမှ ကိစ္စကို ပြန်စဉ်းစားလိုက်သောအခါ သူ၏ အသိစိတ်က တုန်လှုပ်သွားသည်။ မနေ့ညတွင် သူက အမှန်တကယ်ပင် ကြီးမားသော အမှားတစ်ခုကို ကျူးလွန်မိခဲ့သည်။ ထိုအမှားကြောင့် ချန်းရှီကို သူမျက်နှာချင်းမဆိုင်ဝံ့ပေ။ အထူးသဖြင့် သူ့ခန္ဓာကိုယ်အခြေအနေကို သိရှိပြီးနောက် ဖြစ်၏။ သူက ခါးသီးစွာ ပြုံးရုံသာ တတ်စွမ်းပေသည်။
ဂင်္ဂါမြစ်ထဲသို့ သူခုန်ချလျှင်ပင် သူ့အမှားကို ဆေးကြောနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် အကယ်၍ ချန်းရှီမှာ သူ့အား သတ်ချင်သော စိတ်ဆန္ဒရှိသည်ဆိုလျှင် သူက ခုခံလိမ့်မည် မဟုတ်ချေ။
“ ချွင် ”
မိုးမြေဝိညာဉ်စွမ်းအားမှ ဖွဲ့စည်းသွားသော ချန်းရှီ၏ လက်ထဲမှ ဓားက မြေကြီးထဲသို့ ထိုးစိုက်သွားသည်။ သူက သီရှီထျန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ချန်းရှီ၏ မျက်လုံးကို သေချာဂရုတစိုက် ကြည့်မည်ဆိုလျှင် ရုန်းကန်မှုနှင့် စိတ်ရှုပ်ထွေးမှုက မထင်မရှား ထွက်ပေါ်နေကြောင်း မြင်ရလိမ့်မည်။ သူက ယင်းတို့ကို မထူးမခြားနား အကြည့်အောက်မှာ ဖုံးကွယ်ထားသည်။ သူက သီရှီထျန်ကို အချိန်အတန်ကြာအောင် စိုက်ကြည့်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူက လေးနက်စွာ ပြောသည်။
“ အခုကစပြီး ငါနင့်ကို နောက်ထပ် မမြင်ချင်တော့ဘူး ”
ချန်းရှီက အလွန်အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ဟန် ရ၏။ သူ၏ စကားထဲမှာ မည်သည့်စိတ်ခံစားချက်မှမရှိပေ။ ဤသည်မှာ သူ့အရှေ့မှ သီရှီထျန်က သူစိမ်းတစ်ယောက် ဖြစ်သွားသည့်အလားပင်။ သူက အနောက်လှည့်လိုက်ပြီး လှိုဏ်ဂူအပြင်သို့ ထွက်သွားသည်။