အခန်း (၃၂၈-၃၃၀)
Vol. 22 Ch. 328-330
အခန်း(၃၂၈)
“ ခဏနေဦး ”
ချန်းရှီက အနောက်လှည့်လိုက်ပြီး လှိုဏ်ဂူဝင်ပေါက်ဆီသို့ လျှောက်သွားနေစဉ် သီရှီထျန်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အက်ရှရှအသံဖြင့် အော်ပြောလိုက်သည်။
“ အမှားက ဖြစ်ပြီးသွားပြီ… မင်းငါ့ကို သတ်ပဲသတ်သတ် နှိပ်ပဲစက်စက် ငါလုံးဝ မခုခံဘူး… ဒါပေမဲ့ အခွင့်အရေးရှိမယ်ဆိုရင် ငါမင်းကို ဂရုစိုက်ပေးပါရစေ… အဲ့ဒီအမှားကို ပြင်ဆင်ဖို့ ငါ့ကို အခွင့်အရေးတစ်ခု ပေးပါ… ငါက တာဝန်ယူရမှာ ကြောက်တဲ့လူ မဟုတ်ဘူး… ငါတို့နှစ်ယောက်ကြားမှာ ဘာခံစားချက်မှ မရှိဘူးဆိုရင်တောင် မင်းကို ငါ့ရဲ့ နည်းလမ်းနဲ့ ပိုးပန်းမယ်… တစ်နေ့ကျရင် မင်း ငါ့အပေါ်မှာ ခွင့်လွှတ်လာမယ်လို့ ငါယုံကြည်တယ် ”
“ ငါ နင့်အပေါ်မှာ ဘယ်တော့မှ ခံစားချက်ရှိလာမှာ မဟုတ်ဘူး ”
ချန်းရှီက အေးတိအေးစက် ပြောသည်။ သူ၏ ခန္ဓာကိုယ်ကို ဝှစ်ခနဲ ရွေ့လျားလိုက်သည်။ မကြာမီ သူက လှိုဏ်ဂူထဲမှ ပျောက်ကွယ်သွားသည်။
မည်သည့်နေရာကို သူထွက်သွားကြောင်း သီရှီထျန် မသိပေ။ သို့သော်လည်း အစောနက သူရှိနေခဲ့သော နေရာတွင် သလင်းကျောက်ပမာ ကြည်လင်သော မျက်ရည်စက်နှစ်စက် ပြုတ်ကျသွားကြောင်း သူမြင်လိုက်သည်။
“ ဖောက်… ဖောက် ”
သီရှီထျန်သည် နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားပြီး အစောနက ချန်းရှီ ရပ်နေခဲ့သော နေရာမှာ ပြန်ပေါ်လာသည်။ သူက လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး မျက်ရည်နှစ်စက် မြေပေါ်မကျသွားမီ ဖမ်းလိုက်သည်။ သူ့လက်ဖဝါးပေါ်မှ မျက်ရည်စက်များကို ကြည့်လိုက်သည့်အခါ သူ့နှလုံးသားထဲမှ ခါးသီးမှုက ပိုပြီးကြီးမားလာသည်။
သူက ဝိုင်နတ်ဘုရားဘူးသီးခြောက်ကို ထုတ်လိုက်ပြီး တစ်ကျိုက်ပြီးတစ်ကျိုက် မော့သောက်လိုက်သည်။ အတိတ်၌ မျောက်မင်းဝိုင်ကို သူသောက်သုံးလိုက်သည့်အခါတိုင်း သာလွန်ထူးခြားသော အရသာမျိုးစုံကို ခံစားမိခဲ့သည်။ သို့သော်လည်း ယခု မျောက်မင်းဝိုင်ကို သူသောက်လိုက်သည့်အခါ ခါးသီးမှုတစ်ခုတည်းကိုသာ ခံစားမိတော့သည်။
ချန်းရှီ မထွက်သွားခင် နောက်ဆုံးပြောခဲ့သော စကားကို သူကြားလိုက်သောအခါ ခါးသီးစွာ ပြုံးလိုက်သည်။ သူက မြေကြီးပေါ်မှာ မိန်းမောတွေဝေစွာ ထိုင်ချလိုက်သည်။ ရုတ်တရက် သူခေါင်းမော့လိုက်သည်။ အလွန်နက်ရှိုင်းသော အမုန်းတရားက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ အရှင်သခင်ကုရုံ… ဒီရန်ကြွေးအတွက် မင်းနဲ့ငါ မကြာခင် စာရင်းရှင်းမယ်… မင်းကို ငါမသတ်ရင် ငါ့နှလုံးသားထဲက အမုန်းတရားက ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး ”
သူက မနေ့ညတွင် အဆုံးမဲ့သော လိုအင်ဆန္ဒများကြောင့် အသိစိတ်ပျောက်သွားခဲ့သော်လည်း ယခု သူပြန်နိုးလာသည့်အခါ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက သူ့ခေါင်းထဲမှာ ရှင်းရှင်းလင်းလင်း ပြန်ပေါ်လာသည်။ အရှင်သခင်ကုရုံ၏ လက်ချက်ကြောင့်မဟုတ်လျှင် သူက အသိစိတ်ပျောက်သွားပြီး ချန်းရှီအပေါ် လူမဆန်သောလုပ်ရပ် ကျူးလွန်မိလိမ့်မည် မဟုတ်ချေ။
အရှင်သခင်ကုရုံကြောင့်မဟုတ်လျှင် ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ချေ။
အရာအားလုံး၏ တရားခံက အရှင်သခင်ကုရုံဖြစ်သည်။ အကယ်၍ အရှင်သခင်ကုရုံသာ လိုအင်ဆန္ဒတစ်ရာမိစ္ဆာပုတီးစေ့ကို မိစ္ဆာကပ်ဘေးဒုက္ခမိုးတိမ်ထဲသို့ မပစ်လွှတ်ခဲ့လျှင် သူက လိုအင်ဆန္ဒအမျိုးအစား(၁၃)မျိုးစလုံးကို မိစ္ဆာသွေးကြောများအဖြစ် အတင်းအဓမ္မ ဖွဲ့စည်းခဲ့လိမ့်မည် မဟုတ်ချေ။
အကယ်၍ သူသာ မိစ္ဆာသွေးကြော(၁၃)ခုစလုံး မဖွဲ့စည်းခဲ့လျှင် အဆုံးမဲ့သော လိုအင်ဆန္ဒက သူ၏ အသိစိတ်ကို ဖုံးလွှမ်းနိုင်လိမ့်မည် မဟုတ်ချေ။ သူသာ အသိစိတ်မပျောက်သွားလျှင် ထိုသို့လူမဆန်သော လုပ်ရပ်ကို လုပ်ဆောင်ခဲ့လိမ့်မည် မဟုတ်ချေ။
“ ချန်းရှီ… အို ချန်းရှီ… ငါသီရှီထျန် ဒီတစ်ကြိမ် မင်းအပေါ်မှာ ကျေးဇူးအကြွေးတင်သွားပြီ… အဲ့ဒီကျေးဇူးကို ဒီတစ်သက် ငါပြန်မဆပ်နိုင်မှာ စိုးရိမ်တယ် ”
ချန်းရှီအပေါ် မည်မျှသူအကြွေးတင်သွားကြောင်း သီရှီထျန်သာလျှင် နားလည်နိုင်သည်။
အကယ်၍ မနေ့ညက ချန်းရှီနေရာမှာ တခြားအမျိုးသမီးတစ်ယောက်ဆိုလျှင် သူ၏ စိတ်အခြေအနေက လုံးဝ တိုးတတ်လာလိမ့်မည် မဟုတ်ချေ။ ယင်းက သူ့စိတ်ထဲမှ လိုအင်ဆန္ဒကို ယာယီသာ ဖြေလွှတ်နိုင်လိမ့်မည်။ သူက ယခုကဲ့သို့ အသိစိတ်ပြန်ရလာပြီး အဆုံးမဲ့သော လိုအင်ဆန္ဒများထဲမှ ပြန်နိုးလာလိမ့်မည်မဟုတ်ချေ။
သို့ဆိုလျှင် မည်သို့ကြောင့် သူပြန်နိုးလာသနည်း။
သီရှီထျန်သည် သတိပြန်ရလာပြီးနောက် ထူးဆန်းသော တစ်စုံတစ်ရာကို ရှာတွေ့သွားသည်။ သူက သူ့ခန္ဓာကိုယ်ကို ချက်ချင်း စစ်ဆေးကြည့်လိုက်သည်။ ထိုအခါ ချန်းရှီအပေါ် ပိုပြီးကြီးမားသော အပြစ်ရှိစိတ်ကို သူခံစားမိသွားသည်။
သူက ရှေးဟောင်းမိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေသည်။ ထို့ပြင် သူ၏ ခန္ဓာကိုယ်ထဲမှာ လိုအင်ဆန္ဒမိစ္ဆာသွေးကြော(၁၃)ခုစလုံးကို ဖွဲ့စည်းထားသည်။ ထို့ကြောင့် မိစ္ဆာသွေးကြောများက သူ၏ ခန္ဓာကိုယ်ထဲ၌ ပြီးပြည့်စုံသော ကွန်ရက်တစ်ခုပမာ ဖြစ်တည်နေသည်။
မိစ္ဆာသွေးကြောများ၏ တည်ရှိမှုကြောင့် သူ၏ အသိစိတ်က အဆုံးမဲ့သော လိုအင်ဆန္ဒထဲမှာ နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။ မိုးမြေကြားမှ လိုအင်ဆန္ဒများက အဆုံးမဲ့သည်။ ဤသည်မှာ သူက သမုဒ္ဒရာထဲ၌ တစ်ယောက်တည်း ရွက်လွှင့်နေသည့်အလားပင်။
မနေ့က အခြေအနေကို ပြန်တွေးလိုက်သည့်အခါ ယခုအချိန်မှာပင် သူကြောက်လန့်သွားသည်။ အဆုံးမဲ့သော လိုအင်ဆန္ဒထဲမှာ သူနစ်မြုပ်နေစဉ် မည်သည့်အရာမှ သူ့ကို ကယ်တင်မပေးနိုင်တော့ပေ။
သို့သော်လည်း ဤလောက၌ ‘ အကယ်၍ ’ဟူသော စကားလုံးက အလကား တည်ရှိနေခြင်းမဟုတ်ပေ။
ချန်းရှီသည် နတ်ဘုရားပန်းပင် ဖြစ်သည်။ သူက မိုးမြေ၏ အဆုံးမဲ့သော ဖန်ဆင်းခြင်းအနှစ်သာရထံမှ မွေးဖွားလာသော ပန်းပင်ဖြစ်သည်။ ယင်းက တဒင်္ဂနှင့် ထာဝရ၏ စစ်မှန်သော အဓိပ္ပာယ်များ ကိန်းအောင်းနေသည့် နတ်ဘုရားပန်းပင် ဖြစ်သည်။ တဒင်္ဂဖြစ်စေ သို့မဟုတ် ထာဝရဖြစ်စေ ယင်းတို့နှစ်ခုစလုံးက အချိန်နှင့် ဆက်စပ်နေသည်။
တစ်နည်းဆိုရသော် ယင်းက ကောင်းကင်ဘုံကို သွေဖယ်နေသော နတ်ဘုရားပန်းပင်ဖြစ်သည်။ မိုးမြေကြားမှ အထွတ်အမြတ် စွမ်းအင်အနှစ်သာရများက နတ်ဘုရားပန်းပင်၏ နှစ်ပေါင်းများစွာကြာအောင် စုပ်ယူခံထားရသည်။ ယင်းက အထွတ်အမြတ် ရတနာဖြစ်သည်။ ထို့ပြင် ယင်း၏ စွမ်းအင်အနှစ်သာရက အလွန်သန့်စင်သည်။
အကယ်၍ ချန်းရှီသာ နတ်ဘုရားပန်းပင်၏ စွမ်းအင်အနှစ်သာရကို စုပ်ယူနိုင်မည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းစွမ်းအားက ခုန်ပျံကျော်လွှားတိုးတတ်သွားလိမ့်မည်။ ရာစုနှစ်အနည်းငယ်အတွင်းမှာပင် သူက ခရမ်းရွှေကုန်းမြေ၏ အထွတ်အမြတ်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလိမ့်မည်။ ခရမ်းရွှေကုန်းမြေထဲမှ မည်သူမှ သူ့ကို တားဆီးနိုင်လိမ့်မည်မဟုတ်ချေ။ အကယ်၍ သူသာ နတ်ဘုရားပန်းပင်၏ စွမ်းအင်အနှစ်သာရအားလုံးကို စုပ်ယူနိုင်သွားမည်ဆိုလျှင် သူက နှစ်တစ်သောင်းကျင့်ကြံခြင်းစွမ်းအားကို ပိုင်ဆိုင်သွားလိမ့်မည်။ ယင်းက ချန်းရှီ၏ ခန္ဓာကိုယ်ထဲမှ တန်ဖိုးအကြီးမားဆုံးအရာ ဖြစ်သည်။
သို့သော်လည်း မနေ့ညတွင် မူလခန္ဓာကိုယ်နှင့် ပေါင်းစည်းထားပြီးသော ချန်းရှီ၏ သန့်ရှင်းစင်ကြယ်မှုက သီရှီထျန်၏ သိမ်းပိုက်ခံလိုက်ရသည်။ ယင်ယန်နိယာမ၏ ပေါင်းစပ်မှုအောက်မှာ သူတို့နှစ်ယောက်က တူနှစ်ကိုယ်ကျင့်စဉ်ကို အလိုအလျောက် လှည့်ပတ်လိုက်ကြသည်။
ထို့ကြောင့် နတ်ဘုရားပန်းပင်ထံမှ စွမ်းအင်အနှစ်သာရများက သီရှီထျန်၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားသည်။
အလွန်သန့်စင်သော စွမ်းအင်အနှစ်သာရသည် သီရှီထျန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီးလျှင် သူ့ခန္ဓာကိုယ်ထဲမှာ ပြည့်လျှံနေသော လိုအင်ဆန္ဒစွမ်းအားနှင့် တွေ့ဆုံသွားသည်။ ထိုအခိုက်အတန့်မှာ ဆိုးဝါးသော တစ်စုံတစ်ခုက သီရှီထျန်၏ မိစ္ဆာခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်လာသည်။ သို့သော် ထိုသို့အခြေအနေမျိုးမှာ နတ်ဘုရားပန်းပင်၏ မွေးရာပါနတ်ဘုရားစွမ်းရည်ဖြစ်သော “ တဒင်္ဂငယ်ရွယ်မှု ”က အလိုအလျောက် အသက်ဝင်လာသည်။
နတ်ဘုရားစွမ်းရည်အောက်မှာ သူ့ခန္ဓာကိုယ်ထဲမှ လိုအင်ဆန္ဒအားလုံးက မိစ္ဆာသွေးကြောများထဲမှာ ချိပ်ပိတ်ခံလိုက်ရသည်။ စုစုပေါင်း မိစ္ဆာသွေးကြောဆယ်ခုက ချိပ်ပိတ်ခံလိုက်ရသည်။ ထို့ပြင် မိစ္ဆာသွေးကြောဆယ်ခုနှင့် အပြင်လောကထံမှ လိုအင်ဆန္ဒစွမ်းအင်ကြားမှ ဆက်သွယ်မှုသည်လည်း ဖြတ်တောက်ခံလိုက်ရသည်။ ပျော်ရွှင်မှုမိစ္ဆာသွေးကြော၊ အရသာခံမှုမိစ္ဆာသွေးကြောနှင့် ဝမ်းနည်းမှုမိစ္ဆာသွေးကြောသာလျှင် ယခင်အတိုင်း ဆက်ရှိနေကြသည်။ ထိုမိစ္ဆာသွေးကြောသုံးခုသည် ပုံမှန်အတိုင်း ဆက်ပြီး လှည့်ပတ်နေကြသည်။ ယင်းက ကောင်းမွန်သောသတင်း ဖြစ်သည်။
ထိုသို့ချိပ်ပိတ်ခံလိုက်ရခြင်းက သီရှီထျန်၏ အသက်ကို ကယ်တင်ပေးလိုက်ခြင်း ဖြစ်သည်။
ပျော်ရွှင်မှုမိစ္ဆာသွေးကြောက ဝမ်းနည်းမှုမိစ္ဆာသွေးကြောနှင့် အပြန်အလှန် ဆန့်ကျင်နေပြီး ဟန်ချက်ညီနေသည်။ အရသာခံမှုမိစ္ဆာသွေးကြောသည်တော့ သူ၏ ထိန်းချုပ်မှုအောက်မှာ ရှိနေသည်။ ထို့ကြောင့် သီရှီထျန်က ပုံမှန်အတိုင်း အသိစိတ်ပြန်ရလာသည်။
ဤတစ်ကြိမ်တွင် သူက အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့သည်။ သို့သော်လည်း ထိုအမှားကြောင့် သူ၏ အသက်အန္တရာယ်ကပ်ဘေးက ပြေလည်သွားသည်။ မိစ္ဆာသွေးကြော(၁၃)ခုတွင် (၁၀)ခုက ချိပ်ပိတ်ခံထားရသည်။ သူ၏ အသိစိတ်က အဆုံးမဲ့သော လိုအင်ဆန္ဒထဲသို့ ကျရောက်သွားခြင်းသည် ထိုမိစ္ဆာသွေးကြော(၁၀)ခုကြောင့် ဖြစ်သည်။ ကျန်မိစ္ဆာသွေးကြော(၃)ခုက သူ့အပေါ် ကြီးကြီးမားမား သက်ရောက်မှုမရှိပေ။ ထို့ကြောင့် သူက သတိပြန်ရလာသည်။
ထို့ပြင် ဤတစ်ကြိမ် သူရရှိခဲ့သော အကျိုးအမြတ်များက သူ၏ စိတ်ကူးနိုင်စွမ်းထက် အများကြီး ကျော်လွန်သွားသည်။
ပထမဆုံးအနေနှင့် သူက စိတ်ခံစားချက်ခုနစ်မျိုး၊ လိုအင်ဆန္ဒခြောက်မျိုးနှင့် သက်ဆိုင်သော မိစ္ဆာသွေးကြော(၁၃)ခုစလုံးကို ဖွဲ့စည်းနိုင်သွားသည်။ မိစ္ဆာသွေးကြော(၁၃)ခုက လိုအင်ဆန္ဒအမျိုးအစား(၁၃)မျိုးကို ကိုယ်စားပြုသည်။ ထို့ပြင် မိစ္ဆာသွေးကြော(၁၃)ခုစလုံးကို ဖွဲ့စည်းနိုင်သွားသောကြောင့် ယခု သူ၏ ခန္ဓာကိုယ်ထဲမှာ မိစ္ဆာသွေးကြောများက ပြီးပြည့်စုံသော ကွန်ရက်တစ်ခုပမာ တည်ရှိနေသည်။ မိစ္ဆာသွေးကြော(၁၃)ခုက သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအသီးသီးမှာ လှည့်ပတ်နေသည်။ ယင်းက အလွန်အံ့ဖွယ်ကောင်းသည်။ သူက တစ်ခါတည်းဖြင့် မိစ္ဆာသွေးကြောအားလုံးကို ဖွဲ့စည်းနိုင်သွားသည်။
ဤအခိုက်အတန့်မှာ မိစ္ဆာသွေးကြော(၁၀)ခုက ချန်းရှီ၏ ‘ တဒင်္ဂငယ်ရွယ်မှု ’နတ်ဘုရားစွမ်းရည်ကြောင့် ချိပ်ပိတ်ခံထားရသည်။ သို့သော်လည်း ထိုချိပ်ပိတ်မှုက ထာဝရ မဟုတ်ပေ။ ယင်းကို ပြန်ဖွင့်လှစ်နိုင်ပေသည်။
ယင်းက သာမန်လူတစ်ယောက် သိုင်းပညာကျင့်ကြံခြင်းနှင့် ဆင်တူသည်။ တစ်စုံတစ်ယောက်သည် သိုင်းပညာကျင့်ကြံမည်ဆိုလျှင် သိုင်းပညာသွေးကြောများကို ဖွင့်လှစ်ရလိမ့်မည်။ သိုင်းပညာသွေးကြောများကို ဖွင့်လှစ်ချင်လျှင် တစ်စုံတစ်ယောက်သည် အစစ်အမှန်ချီကို စုပ်ယူပြီး သိုင်းပညာသွေးကြောများဆီသို့ ဖြည်းဖြည်းချင်း ပို့လွှတ်ပေးရလိမ့်မည်။ အစစ်အမှန်ချီ၏ အားဖြည့်ပေးမှုအောက်မှာ ပိတ်ဆို့နေသော သိုင်းပညာသွေးကြောများက ဖွင့်လှစ်သွားလိမ့်မည်။ သွေးကြောတစ်ခု ဖွင့်လှစ်သွားတိုင်း သူ့ခန္ဓာကိုယ်ထဲ၌ အစစ်အမှန်ချီက ပိုမိုချောမွေ့စွာ စီးဆင်းသွားလိမ့်မည်။ အကယ်၍ သွေးကြောအားလုံး ဖွင့်လှစ်သွားမည်ဆိုလျှင် အစစ်အမှန်ချီက စက်ဝိုင်းသဖွယ် ပြီးပြည့်စုံစွာ ဖြတ်သန်းစီးဆင်းသွားနိုင်လိမ့်မည်။
ယင်းက သီရှီထျန်၏ လက်ရှိအခြေအနေနှင့် ဆင်တူသည်။ သူ၏ မိစ္ဆာသွေးကြောများက ချိပ်ပိတ်ခံထားရသော်လည်း ထိုချိပ်ပိတ်မှုက ထာဝရ မဟုတ်ပေ။ ယင်းအစား သူက သိုင်းပညာကျင့်ကြံသူများကဲ့သို့ မိစ္ဆာသွေးကြောတစ်ခုပြီးတစ်ခုကို ပြန်ဖွင့်လှစ်နိုင်ပေသည်။ ထို့ပြင် ချိပ်ပိတ်ခံထားရသော မိစ္ဆာသွေးကြော(၁၀)ခုထဲမှာ ပမာဏများပြားသော လိုအင်ဆန္ဒစွမ်းအားက စုဝေးနေသည်။ ယင်းတို့က အတိတ်၌ အရူးအမူး သူစုပ်ယူထားခဲ့သော လိုအင်ဆန္ဒစွမ်းအား ဖြစ်သည်။ ထိုမျှသာ မဟုတ်ပေ။ ထိုမိစ္ဆာသွေးကြောများထဲမှာ ချန်းရှီထံမှ သူရရှိခဲ့သော စွမ်းအင်အနှစ်သာရတစ်ဝက်လည်း ပါဝင်နေသည်။
ထို့ကြောင့် မိစ္ဆာသွေးကြောတစ်ခုကို သူဖွင့်လှစ်နိုင်သွားသည့်အခါတိုင်း ပမာဏများပြားသော လိုအင်ဆန္ဒစွမ်းအားကိုသာမက သက်တံ့နတ်ဘုရားပန်းပင်၏ စွမ်းအင်အနှစ်သာရကိုလည်း ပိုင်ဆိုင်သွားလိမ့်မည်။ အကယ်၍ မည်သည့်မတော်တဆမှုမှမရှိလျှင် သူ၏ ကျင့်ကြံခြင်းစွမ်းအားက တစ်ဟုန်ထိုး တိုးတတ်သွားလိမ့်မည်။
အကယ်၍ ယင်းတို့အားလုံးကိုသာ သူစုပ်ယူနိုင်မည်ဆိုလျှင် သူက နှစ်ထောင်ချီကျင့်ကြံခြင်းစွမ်းအားကို ပိုင်ဆိုင်သွားလိမ့်မည်။
“ ချန်းရှီ… အို ချန်းရှီ… ”
အဖြူရောင်ပုံရိပ်တစ်ခုက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ထိုပုံရိပ်က သူ၏ အသိစိတ်ထဲမှာ တံဆိပ်ရိုက်ခတ်ထားဟန် ရ၏။ မည်သို့သူဖယ်ရှားပါစေ ထိုပုံရိပ်က လုံးဝ မပျောက်ကွယ်သွားပေ။
ချန်းရှီအပေါ် သူတင်နေသော ကျေးဇူးအကြွေးက အလွန်ကြီးမားသည်။ အကယ်၍ သူက ဆန္ဒရှိသည်ဆိုလျှင်ပင် ကျေးဇူးအကြွေးကို ပြန်မဆပ်နိုင်ပေ။ ချန်းရှီက သွယ်ဝိုက်သော နည်းလမ်းဖြင့် သူ့အသက်ကို ကယ်တင်ပေးခဲ့ရုံသာမက သူ့မူလခန္ဓာကိုယ်၏ စွမ်းအင်အနှစ်သာရတစ်ဝက်ကိုလည်း လွှဲပေးခဲ့သည်။ ထိုကျေးဇူးတရားက ဤဘဝတွင် သူပြန်ဆပ်နိုင်ရန် မလွယ်ကူပေ။ ထို့ပြင် သူက ချန်းရှီ၏ သန့်ရှင်းစင်ကြယ်မှုကိုလည်း ရိတ်သိမ်းခဲ့သည်။
“ ဟူး ”
ထိုသို့စဉ်းစားမိသွားသောအခါ သီရှီထျန်က ဖော်မပြနိုင်အောင် စိတ်ပျက်သွားသည်။ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီသို့ သူရောက်သွားသည့်အချိန်မှစ၍ အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားဟန် ရ၏။ အရာအားလုံးက အိမ်မက်တစ်ခုဖြစ်လျှင် ကောင်းမည်ဟု သူစဉ်းစားမိသည်။
“ ဘာပဲဖြစ်ဖြစ် ဒီဘဝမှာ ငါသူ့ကို ဘယ်တော့မှ စိတ်မပျက်စေရဘူး ”
ယင်းက ယောင်္ကျားတစ်ယောက်၏ တာဝန်ယူမှုနှင့် ကတိစကား ဖြစ်သည်။ သူသည် ချန်းရှီကို စမြင်ကတည်းက သူ့အပေါ် အမြင်ကောင်းရှိခဲ့သည်။ ယခု သူတို့နှစ်ယောက်ကြားမှာ ထိုသို့ကိစ္စဖြစ်ပျက်သွားလေရာ တစ်ဖက်လူအပေါ် သူ၏ သဘောထားက တိတ်တဆိတ် ပြောင်းလဲသွားသည်။ ထို့ပြင် တာဝန်ယူရမည်ဟူသော အသိတရားက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့နှလုံးသားထဲ၌ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
အခန်း(၃၂၉)
သီရှီထျန်က မျက်လုံးမှိတ်လိုက်ပြီး သူ၏ မိစ္ဆာအာရုံကို သူ့ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်လိုက်သည်။ သူက ခန္ဓာကိုယ်ထဲမှ မိစ္ဆာသွေးကြောများကို သေချာစစ်ဆေးကြည့်လိုက်သည်။ သူ၏ စိတ်အာရုံသည် မိစ္ဆာသွေးကြောများမှတဆင့် နှလုံးဆီသို့ ဝင်ရောက်သွားသည်။ ဤအခိုက်အတန့်မှာ နှလုံးက ယခင်ကထက် အများကြီး ပိုသန်မာလာသည်။ နှလုံးသည် သူ၏ မိစ္ဆာစံအိမ်တည်ရှိသောနေရာ ဖြစ်သည်။
သီရှီထျန်သည် ပြန်နိုးလာပြီးနောက် သူ၏ မိစ္ဆာစံအိမ်က တစ်ခုခုပြောင်းလဲသွားကြောင်း မသိစိတ်မှ ခံစားမိခဲ့သည်။ ကြည့်ရသည်မှာ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုက သူ၏ နှလုံးထဲမှာ ဖြစ်ပေါ်လာခဲ့ဟန် ရ၏။
သို့သော်လည်း ချန်းရှီ၏ အရေးကိစ္စကြောင့် သူ့နှလုံးကို စစ်ဆေးကြည့်ရန် အချိန်မရခဲ့ပေ။ ယခု ချန်းရှီက လှိုဏ်ဂူထဲမှ ထွက်သွားပြီ ဖြစ်သည်။ အကယ်၍ သူက ချန်းရှီနောက်သို့ လိုက်သွားမည်ဆိုလျှင်ပင် လက်ရှိအခြေအနေကို ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် ချန်းရှီက သူ့ကို နောက်ထပ်မမြင်ချင်ဘူးဟု ပြောခဲ့သည် မဟုတ်ပါလော။
သို့ဖြစ်၍ လောလောဆယ်တွင် ချန်းရှီကို ခဏ သူရှောင်နေသင့်သည်။ သူ့ကို မြင်တွေ့သွားလျှင် ချန်းရှီ၏ မကျေမချမ်းစိတ်နှင့် မုန်းတီးမှုက ပိုပြီးကြီးမားသွားနိုင်သည်။ ချန်းရှီ စိတ်တည်ငြိမ်သွားရန် အချိန်တချို့ပေးရမည်။ ထို့နောက် ချန်းရှီထံမှ ခွင့်လွှတ်မှုကို တောင်းခံရန် နည်းလမ်းတစ်ခု သူရှာဖွေမည်။ ထို့ကြောင့် လောလောဆယ် ခွဲနေခြင်းက နှစ်ယောက်စလုံးအတွက် အကျိုးရှိ၏။
သူ၏ မိစ္ဆာအာရုံက မိစ္ဆာစံအိမ်ထဲသို့ ဝင်ရောက်သွားပြီး အခြေအနေကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ ယခင်က သူ၏ မိစ္ဆာစံအိမ်ထဲမှာ ပြည့်လျှံနေခဲ့သော လိုအင်ဆန္ဒစွမ်းအားက ယခု လုံးဝ ပျောက်ကွယ်သွားသည်။ အလွန်ကျယ်ပြောသော မိစ္ဆာစံအိမ်က ယခု ဟာလာဟင်းလင်းဖြစ်နေသည်။
မိစ္ဆာစံအိမ်၏ အလယ်တွင် ကျောက်စိမ်းဆေးမီးဖိုတစ်လုံး ရှိသည်။ မိစ္ဆာသန့်စင်ခြင်းမီးဖိုသည် အလွန်မြန်ဆန်သော အလျင်ဖြင့် အဆက်မပြတ် လှည့်ပတ်နေသည်။
မိစ္ဆာသန့်စင်ခြင်းမီးဖို၏ အတွင်းပိုင်းကို သူကြည့်လိုက်သည့်အခါ သူ့နှလုံးက အပြင်းအထန် တုန်လှုပ်သွားသည်။ ထိုအပြောင်းအလဲက အလွန်ကြီးမားလေရာ အသက်ရှူရန်ပင် သူသတိမေ့သွားသည်။
“ ဘယ်လို… ဘယ်လိုဖြစ်သွားတာလဲ… ငါ့ရဲ့ မိစ္ဆာအမြူတေဓာတ်လုံးက ဘယ်လိုလုပ် အဲ့ဒီလိုဖြစ်နေတာလဲ ”
ဤအခိုက်အတန့်မှာ သူ့နှလုံးသားထဲ၌ မယုံကြည်နိုင်မှု၊ အံ့ဩထိတ်လန့်မှုဖြင့် ပြည့်နှက်သွားသည်။
သူ၏ မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲတွင် အနက်ရောင်အရည်က ဆေးမီးဖို၏ တစ်ဝက်ခန့် ပြည့်နေသည်။ မိစ္ဆာချီ၏ အပေါ်တွင် အနက်ရောင်ကြာပန်းတစ်ပွင့်က မျောလွင့်နေသည်။ ထိုအနက်ရောင်ကြာပန်းမှာ အထပ်သုံးထပ်ရှိပြီး ယင်းက ဧရာမသားရဲတစ်ကောင်၏ ဦးချိုပုံသဏ္ဍာန်ရှိသည်။ ကြာပန်းက အနက်ရောင်ဖြစ်သော်လည်း ပြစ်ချက်မဲ့သော ကျောက်စိမ်းပမာ ချောမွေ့သည်။ အထပ်သုံးထပ်ရှိသော ကြာပန်းက မိစ္ဆာချီ၏ အပေါ်မှာ ဖြည်းဖြည်းချင်း လှည့်ပတ်နေရင်း ဆေးမီးဖိုထဲမှ မိစ္ဆာချီကို စုပ်ယူနေသည်။
အနက်ရောင်ကြာပန်း၏ အလယ်ဗဟိုတွင် အနက်ရောင်ပုလဲလုံးတစ်လုံး နစ်မြုပ်နေသည်။
သီရှီထျန် မည်သို့ကြည့်ပါစေ ထိုအနက်ရောင်ပုလဲလုံးကို သူရင်းနှီးကျွမ်းဝင်သည်ဟု ခံစားမိသည်။ ယင်းက မိစ္ဆာကပ်ဘေးဒုက္ခကို သူဖြတ်ကျော်ပြီးနောက် ဖွဲ့စည်းခဲ့သော မိစ္ဆာအမြူတေဓာတ်လုံးနှင့် အတော်လေး ဆင်တူသည်။
ဤအခိုက်အတန့်မှာ အနက်ရောင်ပုလဲလုံးက ကြာပန်းနက်နှင့် တစ်သားတည်း ပေါင်းစပ်နေသည်။ ကြည့်ရသည်မှာ အနက်ရောင်ပုလဲလုံးက ကြာပန်းနက်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာဟန် ရ၏။ တစ်နည်းဆိုရသော် သူ၏ မိစ္ဆာအမြူတေဓာတ်လုံးက ကြာပန်းနက်ဖြစ်လာသည်။
“ ချန်းရှီရဲ့ နတ်ဘုရားစွမ်းအင်အနှစ်သာရက ငါ့ရဲ့ မိစ္ဆာအမြူတေဓာတ်လုံးကို ဆင့်ကဲပြောင်းလဲစေခဲ့တာလား… ငါ့ရဲ့ အမြူတေဓာတ်လုံးက ကြာပန်းနက်ဖြစ်လာတယ်… ဒါပေမဲ့ အဲ့ဒါက မိစ္ဆာသွေးကြောလို ချိပ်ပိတ်မခံထားရဘူး ”
သီရှီထျန်က အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ စိတ်က ဖော်မပြနိုင်အောင် တည်ကြည်လေးနက်လာသည်။ တစ်ခုသိထားရမည်မှာ မိစ္ဆာမျိုးနွယ်စုအတွက် မိစ္ဆာအမြူတေဓာတ်လုံးသည် သူတို့၏ ကျင့်ကြံခြင်းအနှစ်သာရအားလုံး စုဝေးရာနေရာ ဖြစ်သည်။ မသေမျိုးကျင့်ကြံသူများက ရွှေအမြူတေဓာတ်လုံး၊ ဝိညာဉ်နတ်သူငယ်နှင့် ကမ္ဘာဦးစိတ်ဝိညာဉ်ကို ကျင့်ကြံကြသည်။ သို့သော်လည်း မိစ္ဆာများ၏ ကျင့်ကြံခြင်းအားလုံးက အမြူတေဓာတ်လုံးပေါ်မှာသာ မူတည်သည်။
ကောင်းကင်ဘုံကပ်ဘေးဒုက္ခကိုးဆင့်ပေါ် မူတည်၍ အမြူတေဓာတ်လုံး အသွင်သဏ္ဍာန်ပြောင်းလဲခြင်းတွင် နယ်ပယ်ကိုးခုရှိသည်။ အမြူတေဓာတ်လုံး တစ်ကြိမ်ပြောင်းလဲသွားတိုင်း သူ၏ ကျင့်ကြံခြင်းစွမ်းအားက နယ်ပယ်အသစ်တစ်ခုဆီသို့ တတ်လှမ်းသွားလိမ့်မည်။ အမြူတေဓာတ်လုံးက ကိုးကြိမ်ပြောင်းလဲသွားမည်ဆိုလျှင် သူက ဤလောက၏ အစွမ်းထက်ဆုံး မိစ္ဆာဖြစ်လာလိမ့်မည်။ ယင်းကို ကြည့်ခြင်းအားဖြင့် မိစ္ဆာအမြူတေဓာတ်လုံးက မိစ္ဆာများအတွက် မည်မျှအရေးကြီးကြောင်း သိနိုင်ပေသည်။
အကယ်၍ အမြူတေဓာတ်လုံးမှာ ပြဿနာတစ်စုံတစ်ခု ဖြစ်ပေါ်လာမည်ဆိုလျှင် ယင်းက သူ၏ အနာဂတ်လမ်းကြောင်းကို ထိခိုက်စေလိမ့်မည်။ ယင်းက သူ၏ အနာဂတ်အလားအလာနှင့် သက်ဆိုင်နေသော ကိစ္စဖြစ်သည်။ သို့ဖြစ်၍ သီရှီထျန်က တုန်လှုပ်ချောက်ချားသွားသည်။ သူက မိစ္ဆာအာရုံကို ကြာပန်းနက်ဆီသို့ ချက်ချင်း ပို့လွှတ်လိုက်သည်။
“ အဲ့ဒါက… လိုအင်ဆန္ဒစွမ်းအားလား ”
သူ၏ စိတ်အာရုံကို ကြာပန်းနက်ဆီသို့ ပို့လွှတ်လိုက်သည့်အခါ သူက နောက်တစ်ကြိမ် အံ့ဩသွားသည်။ အဘယ့်ကြောင့်ဆိုသော် အလွန်သန့်စင်သော လိုအင်ဆန္ဒစွမ်းအားက ကြာပန်းနက်ထဲမှာ အဆက်မပြတ် ရွေ့လျားနေကြောင်း ရှင်းရှင်းလင်းလင်း သူအာရုံခံနိုင်သည်။
သို့သော်လည်း လိုအင်ဆန္ဒစွမ်းအားက အပိုင်းသုံးပိုင်း ကွဲနေသည်။ ယင်းတို့က ပျော်ရွှင်မှု၊ ဝမ်းနည်းမှုနှင့် အရသာခံမှု ဖြစ်ကြသည်။ ယင်းတို့တစ်ခုစီက ကြာပန်းနက်၏ ထောင့်တစ်ထောင့်စီမှာ နေရာယူထားကြသည်။ ယင်းတို့က ကြာပန်းနက်၏ အစိတ်အပိုင်းသုံးခုဖြစ်ဟန် တူသည်။ ယင်းတို့က အလွှာတစ်ခုစီကို သိမ်းပိုက်ထားကြသည်။ ကြာပန်းနက်၏ အလယ်ဗဟိုတွင် အမြူတေဓာတ်လုံးနှင့်ဆင်တူသော အနက်ရောင်ပုလဲလုံးတစ်လုံး ရှိသည်။ ထိုပုလဲလုံးက အသန့်စင်ဆုံး မိစ္ဆာချီ ဖြစ်သည်။
ချန်းရှီနှင့် တူနှစ်ကိုယ်ကျင့်ကြံခြင်းကို လုပ်ဆောင်ပြီးနောက် သူ၏ မိစ္ဆာအမြူတေဓာတ်လုံးက ထိုသို့ဆင့်ကဲပြောင်းလဲသွားဟန် ရသည်။ ကြာပန်းနက်ထဲတွင် လိုအင်ဆန္ဒအမျိုးအစား(၃)မျိုးရှိပြီး ယင်းတို့က မိစ္ဆာချီနှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားနေဟန် ရ၏။ သို့သော်လည်း အမှန်တကယ် ပေါင်းစပ်နိုင်ရန် ယင်းတို့ကြားမှာ အလွှာပါးလေးတစ်ခု ခြားနားနေဆဲပင်။ ကြည့်ရသည်မှာ အမှန်တကယ် ပေါင်းစပ်နိုင်ရန် တစ်စုံတစ်ခု လိုအပ်နေသေးဟန် ရ၏။
ထို့ကြောင့် သီရှီထျန်သည် လိုအင်ဆန္ဒအမျိုးအစား(၃)မျိုးကို မထိန်းချုပ်နိုင်သေးပေ။ ယခု သူထိန်းချုပ်နိုင်သည်မှာ မိစ္ဆာချီသာ ဖြစ်၏။ လိုအင်ဆန္ဒအမျိုးအစား(၃)မျိုးက မိစ္ဆာချီနှင့် ပေါင်းစပ်သွားမှသာ ယင်းတို့ကို သူထိန်းချုပ်နိုင်လိမ့်မည်။
“ ကြာပန်းနက်… လိုအင်ဆန္ဒစွမ်းအား… ”
ကြာပန်းနက်ထဲမှာ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ပုန်းကွယ်နေသည်ဟု မသိစိတ်မှ သူခံစားမိသည်။ ယင်းက မနေ့ညတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် အမြူတေဓာတ်လုံးထံမှ ဆင့်ကဲပြောင်းလဲသွားသောအရာ ဖြစ်နိုင်သည်။ လိုအင်ဆန္ဒစွမ်းအားက ကြာပန်းနက်အဖြစ် ပြောင်းလဲသွားသည်။ ကြာပန်းအနက်မှာ အလွှာသုံးလွှာရှိပြီး အလွှာတစ်လွှာစီက အဆင့်တစ်ဆင့်ကို ကိုယ်စားပြုသည်။
သီရှီထျန်က အလွန်အံ့ဩသွားသည်။ ကြာပန်းနက်ဆီမှာ အလွှာသုံးလွှာရှိသည်။ ဤအခိုက်အတန့်မှာ သူ့ခန္ဓာကိုယ်ထဲတွင် မိစ္ဆာသွေးကြောသုံးခုက အလွန်ချောမွေ့စွာ လည်ပတ်နေကြသည်။ အလွှာတစ်လွှာစီက မိစ္ဆာသွေးကြောတစ်ခုစီကို ကိုယ်စားပြုသည်။ တစ်နည်းဆိုရသော် သူ၏ မိစ္ဆာသွေးကြောသုံးခုက ကြာပန်းနက်နှင့် လိုက်လျောညီထွေစွာ ဒွန်တွဲရှိနေသည်။ ယင်းက သူ၏ မိစ္ဆာအမြူတေဓာတ်လုံးကို အံ့ဖွယ်ထူးခြားသော ကြာပန်းနက်အဖြစ် ဆင့်ကဲပြောင်းလဲစေသည်။
ထို့ပြင် မိုးမြေလျှို့ဝှက်ချက်တချို့က ယင်းထဲမှာ ကိန်းအောင်းနေဟန် ရ၏။ ဤသည်မှာ ထူးခြားမှုတစ်စုံတစ်ခုက အမှောင်ထဲ၌ ပုန်းအောင်းနေသည့်အလားပင်။ ထိုထူးခြားမှုကို သူဖော်ထုတ်နိုင်မည်ဆိုလျှင် သူက လိုအင်ဆန္ဒစွမ်းအားကို စုပ်ယူနိုင်မည့် ကျင့်စဉ်အသစ်တစ်ခုကို ဖန်တီးနိုင်လိမ့်မည်ဟု ဝေဝေဝါးဝါး ခံစားမိနေသည်။ ယင်းက ဤလောက၌ သူတစ်ယောက်တည်း ပိုင်ဆိုင်နိုင်မည့် ကျင့်စဉ်ဖြစ်သည်။
“ ကြာပန်းနက်ထဲက လိုအင်ဆန္ဒစွမ်းအားက အပိုင်းသုံးပိုင်းကွဲနေတယ်… အဲ့ဒီထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေလဲ ငါသိချင်တယ် ”
သီရှီထျန်သည် စိတ်ထွေပြားသူမဟုတ်ပေ။ ယခု သူ၏ ခန္ဓာကိုယ်ထဲမှာ ထူးဆန်းသော အပြောင်းအလဲတစ်ခု ထွက်ပေါ်လာသည်။ ယင်းကို သူမဖော်ထုတ်နိုင်လျှင် အနာဂတ်မှာ မည်သို့ သူဆက်ကျင့်ကြံနိုင်မည်နည်း။ ယခု သူ၏ အမြူတေဓာတ်လုံးက ကြာပန်းနက်ဖြစ်လာသည်။ ထို့ကြောင့် အနာဂတ်မှာ ဆက်လက် သူတိုးတတ်ချင်သည်ဆိုလျှင် ကြာပန်းနက်၏ လျှို့ဝှက်ချက်များကို သူဖော်ထုတ်နိုင်မှ ဖြစ်မည်။
သီရှီထျန်သည် ကြာပန်းနက်၏ အလွှာတစ်လွှာကို စစ်ဆေးလေ့လာရန် တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။ သူက ဆုံးဖြတ်ချက်ချပြီးသည်နှင့် နောက်ထပ် တုံ့ဆိုင်းမနေဘဲ သူ၏ မိစ္ဆာအာရုံကို စေလွှတ်လိုက်ပြီး စူးစမ်းလိုက်သည်။
နောက်အခိုက်အတန့်မှာ သူ့အရှေ့မှ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။ အရသာရှိသော စားတော်ပွဲအုပ်များနှင့် သေရည်အိုးများက သူ့အရှေ့မှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ မွှေးပျံ့သော ရနံ့က သူ၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်။ သီရှီထျန်သည် အလွန်အားကောင်းသော သွေးဆောင်မှုကို တွေ့ကြုံလိုက်ရသည်။
ဤအခိုက်အတန့်မှာ သူက ထိုစားတော်ပွဲအုပ်များထံ ခုန်အုပ်ချင်လာပြီး ဗိုက်ပြည့်သည်အထိ မရပ်မနား စားသောက်ချင်လာသည်။ ယင်းက လွန်ဆန်ရန် အလွန်ခက်ခဲသော သွေးဆောင်မှုဖြစ်သည်။
“ မကောင်းတော့ဘူး… အဲ့ဒါက လိုအင်ဆန္ဒကနေ ဖြစ်ပေါ်လာတဲ့ ပုံရိပ်ယောင်ပဲ ”
သီရှီထျန်သည် ချက်ချင်း သတိပြန်ဝင်လာသည်။ သူ၏ အသိဉာဏ်အရ သူ့အရှေ့မှ မြင်ကွင်းက လိုအင်ဆန္ဒစွမ်းအားမှ ဖွဲ့စည်းသွားသော ပုံရိပ်ယောင်တစ်ခုဖြစ်ကြောင်း ချက်ချင်း သူနားလည်သွားသည်။ ထိုပုံရိပ်ယောင်ထဲမှာ အရသာရှိသော စားစရာများနှင့် သောက်စရာများဖြင့် ပြည့်နှက်နေသည်။ အကယ်၍ သူ့အထင်မမှားလျှင် ယင်းက အရသာခံခြင်းလိုအင်ဆန္ဒကို အဓိကပစ်မှတ်ထားသော ပုံရိပ်ယောင်ဖြစ်သည်။ ထိုသို့သူနားလည်သွားသည့်အခါ ပုံရိပ်ယောင်ကို ချိုးဖြတ်ခြင်းက သူ့အတွက် မခက်ခဲတော့ပေ။
ထူးဆန်းသည်မှာ ပုံရိပ်ယောင်ကို ချိုးဖြတ်ခြင်းက သူမျှော်လင့်ထားသကဲ့သို့ မခက်ခဲပေ။ သူတစ်ချက်တွေးလိုက်သည်နှင့် ပုံရိပ်ယောင်က ကျိုးပျက်သွားသည်။ ချက်ချင်းဆိုသလိုပင် သူ့စိတ်က ကြာပန်းနက်၏ အရှေ့မှာ ပြန်ပေါ်လာသည်။
“ ကြာပန်းနက်ထဲမှာ ပုံရိပ်ယောင်တစ်ခုရှိတယ်လား… ကြည့်ရတာ အဲ့ဒါက အရသာခံခြင်းလိုအင်ဆန္ဒကို အဓိကပစ်မှတ်ထားတဲ့ ပုံရိပ်ယောင်ဖြစ်မယ်… မဟုတ်မှလွဲရော လိုအင်ဆန္ဒစွမ်းအားကို မိစ္ဆာချီနဲ့ ပေါင်းစပ်ဖို့ လိုအင်ဆန္ဒတွေကနေ ထုတ်လွှတ်ပေးတဲ့ ပုံရိပ်ယောင်တွေကို ငါချိုးဖြတ်ရမှာလား… ”
သီရှီထျန်သည် သတိပြန်ရလာပြီးနောက် သူ့ဦးနှောက်ကို အလုပ်ပေးလိုက်သည်။ သူက ဉာဏ်ကောင်းသူဖြစ်လေရာ ဖြစ်နိုင်ခြေအမျိုးမျိုးကို ခဏလေးအတွင်း ရှာတွေ့သွားသည်။ ကြာပန်းနက်၏ ပထမအလွှာဆီသို့ သူဝင်ရောက်သွားစဉ် သူ့စိတ်က ပုံရိပ်ယောင်တစ်ခုထဲသို့ ကျရောက်သွားသည်။ သို့ဆိုလျှင် ကြာပန်းနက်မှာ အလွှာသုံးလွှာရှိသောကြောင့် ယင်းမှာ မတူညီသော ပုံရိပ်ယောင်သုံးခုရှိသည်။ ထို့ပြင် ပုံရိပ်ယောင်တစ်ခုစီက လိုအင်ဆန္ဒတစ်မျိုးစီနှင့် ဆက်စပ်နေသည်။
“ ငါသိပြီ ”
သီရှီထျန်က တစ်ခဏ တွေးတောလိုက်ပြီး ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ၏ မျက်လုံးထဲ၌ ဝမ်းသာပျော်ရွှင်သော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူနားလည်သဘောပေါက်သွားသည်။
“ ကြာပန်းနက်က အခြေခံအုတ်မြစ်ဖြစ်ပြီး ပုံရိပ်ယောင်က စိတ်အခြေအနေဖြစ်တယ်… ထောက်ပံ့ပေးဖို့အတွက် အခြေခံအုတ်မြစ်ရှိရမယ်… ထိန်းချုပ်ဖို့အတွက် စိတ်အခြေအနေရှိရမယ်… အဲ့ဒီနှစ်ခု သဟဇာတဖြစ်မယ်ဆိုရင် လိုအင်ဆန္ဒစွမ်းအားကို ထိန်းချုပ်နိုင်သွားလိမ့်မယ်… အဲ့ဒါပဲ… အဲ့ဒါပဲ… ”
ဉာဏ်အလင်းရသော ခံစားချက်က သီရှီထျန်၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် စိတ်ကူးစိတ်သန်းအမျိုးမျိုးက သူ၏ စိတ်ထဲမှာ ပေါ်လျှိုးလာသည်။ ဤအခိုက်အတန့်မှာ ကြာပန်းနက်၏ လျှို့ဝှက်ဆန်းကြယ်မှုများကို သူနားလည်သွားသည်။
သီရှီထျန်၏ ဉာဏ်ရည်သည် မည်မျှအံ့ဖွယ်ကောင်းသနည်း။ အချိန်ခဏလေးအတွင်းမှာ သူက ဖြစ်နိုင်ခြေအမျိုးမျိုးကို ချက်ချင်း ရှာတွေ့သွားသည်။ မည်သို့မည်ပုံမသိလိုက်ခင်မှာ နှစ်ပေါင်းများစွာကြာအောင် သူရှာဖွေနေသော နယ်ပယ်ကို ထိတွေ့သွားသည်ဟု ခံစားမိသွားသည်။ ကျင့်စဉ်အသစ်က သူ့ခန္ဓာကိုယ်ထဲမှ အချိန်မရွေး ထွက်ပေါ်လာတော့မည်ဟု သူခံစားမိသွားသည်။
အကယ်၍ မျှော်လင့်မထားသော မတော်တဆမှုတစ်ခု မရှိလာလျှင် ကြာပန်းနက်၏ ပုံရိပ်ယောင်များကို သူချိုးဖြတ်နိုင်သည်နှင့် လိုအင်ဆန္ဒစွမ်းအားကို ထိန်းချုပ်နိုင်သွားလိမ့်မည်။ သူက နောက်ဆုံးအလွှာပါးလေးကို ချိုးဖြတ်နိုင်ပြီး လိုအင်ဆန္ဒစွမ်းအားကို မိစ္ဆာချီနှင့် အပြည့်အဝ ပေါင်းစပ်နိုင်သွားလိမ့်မည်။ ထိုအချိန်ကျလျှင် သူက လိုအင်ဆန္ဒစွမ်းအားကို အမှန်တကယ် အသုံးပြုနိုင်လိမ့်မည်။ သူ၏ စွမ်းအားက ချက်ချင်းလက်ငင်း ကြီးကြီးမားမား တိုးတတ်သွားလိမ့်မည်။
အကယ်၍ သူသာ အလွှာသုံးလွှာ ကြာပန်းနက်ထဲမှ လိုအင်ဆန္ဒအမျိုးအစား(၃)မျိုးစလုံးကို သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်နိုင်မည်ဆိုလျှင် သူ၏ တိုက်ပွဲစွမ်းအားက အဆင့်အသစ်တစ်ခုဆီသို့ မြင့်တတ်သွားလိမ့်မည်ဟု မသိစိတ်မှ သူခံစားနေမိသည်။
“ ဒါပေမဲ့ လိုအင်ဆန္ဒတွေရဲ့ ပုံရိပ်ယောင်ကို ချိုးဖြတ်ဖို့က အင်မတန် ခက်ခဲတဲ့အရာပဲ… လိုအင်ဆန္ဒဆိုတာ ဒီလောကရဲ့ သက်ရှိသတ္တဝါတွေဆီကနေ ဖြစ်ပေါ်လာတဲ့အရာပဲ… အဲ့ဒါကို ဘယ်လိုဖြတ်ကျော်ပြီး ချိုးဖြတ်ရမလဲဆိုတာ ငါမသိဘူး… အဲ့ဒီပုံရိပ်ယောင်က ဘယ်လိုအရာလဲဆိုတာ ဘယ်သူမှ မသိဘူး… ဒါပေမဲ့ သေချာတာတစ်ခုက အဲ့ဒါကို ငါချိုးဖြတ်နိုင်ရင် ငါ့ရဲ့ စိတ်အခြေအနေက တည်ငြိမ်သွားပြီး အံ့ဖွယ်ကောင်းတဲ့ အဆင့်သစ်တစ်ခုကို ရောက်ရှိသွားလိမ့်မယ်… အရမ်းသန်စွမ်းတဲ့ စိတ်ခွန်အားကပဲ လိုအင်ဆန္ဒစွမ်းအားကို ထိန်းချုပ်နိုင်တယ်… ပုံရိပ်ယောင်ကို ငါချိုးဖြတ်နိုင်ရင်တောင် သတိကြီးကြီးထားဖို့ လိုတယ် ”
အတိတ်၌ သူသည် ကုချင်းဘုံထဲမှာ ဝမ်းနည်းမှုစိတ်အခြေအနေ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကိုယ်တိုင်တွေ့ကြုံခဲ့ဖူးသည်။ ယခုအချိန်ထိပင် သူက ဝမ်းနည်းမှုကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်သေးပေ။ သူ၏ အသိစိတ်က ဝမ်းနည်းမှုနှင့် သဟဇာတဖြစ်နေသောကြောင့်သာ ဝမ်းနည်းမှုက သူ့အပေါ် သက်ရောက်မှုမရှိခြင်း ဖြစ်၏။ အကယ်၍ ဝမ်းနည်းမှုက ပေါက်ကွဲထွက်လာမည်ဆိုလျှင် သူဒုက္ခရောက်နိုင်သည်။ ယင်းက သက်ရှိအားလုံး၏ လိုအင်ဆန္ဒဖြစ်သည်။ ယင်းက လူအယောက်တစ်ရာ၏ လိုအင်ဆန္ဒ မဟုတ်ပေ။ အကယ်၍ သူသာ ယင်းကို သေချာမကိုင်တွယ်နိုင်လျှင် အဆုံးမဲ့သော လိုအင်ဆန္ဒထဲမှာ ထာဝရ နစ်မြုပ်သွားလိမ့်မည်။
“ ဟူး ”
သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လှိုဏ်ဂူကို ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ ခါးသီးသော အပြုံးရှိသည်။
“ ငါဘာလို့ ဒီကို ပြန်ရောက်လာတာလဲ… ငါ့ရဲ့ မသိစိတ်က ငါပြန်လည်မွေးဖွားလာတဲ့ နေရာဆီ ပြန်သွားချင်တာလား ”
ဤလှိုဏ်ဂူသည် ကျားရဲတောင်တန်းဒေသထဲမှာ သူနေထိုင်ခဲ့သော လှိုဏ်ဂူဖြစ်သည်။ အတိတ်၌ သူက ဤနေရာမှာ ပြန်လည်မွေးဖွားလာခဲ့သည်။ ဤလှိုဏ်ဂူထဲမှ ကျောက်တုံးအားလုံးကို သူသေချာမှတ်မိသည်။ သို့ဖြစ်လေရာ သူအမှတ်မှားနေခြင်း မဟုတ်ပေ။ ဖြစ်နိုင်သည်မှာ ယင်းက မသိစိတ်၏ လုပ်ဆောင်မှု ဖြစ်သည်။ သူအသိစိတ်ပျောက်သွားချိန်မှာ သူ၏ မသိစိတ်က သူ့အား ကျားရဲတောင်တန်းဒေသဆီသို့ ပြန်သွားစေသည်။
အခန်း(၃၃၀)
သီရှီထျန်သည် လှိုဏ်ဂူအပြင်သို့ ထွက်သွားပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ သူ့အရှေ့မှ မြင်ကွင်းသည် လွန်စွာ သူရင်းနှီးကျွမ်းဝင်သောအရာ ဖြစ်သည်။
ဤနေရာမှ မြက်ပင်တိုင်း၊ သစ်ပင်တိုင်းကို သူရင်းနှီးသည်။ မှန်ပေသည်။ ဤနေရာက ကျားရဲတောင်တန်းဒေသ ဖြစ်သည်။
ကျားရဲတောင်တန်းဒေသဆီသို့ ပြန်ရောက်လာသည့်အခါ သူ့မိသားစု၏ ပုံရိပ်များက သူ့စိတ်ထဲမှာ ပြန်ပေါ်လာသည်။ သူ၏ မျက်နှာပေါ်မှာ လွမ်းဆွတ်သတိရသော အမူအရာရှိ၏။ ထို့ပြင် သူ၏ အကြည့်က အလွန်အေးစက်နေသည်။ သူက တီးတိုးရေရွတ်လိုက်သည်။
“ ဘာမှမစိုးရိမ်ပါနဲ့ အမေ… ဒီတစ်ခေါက်မှာ အရင်က အမေ့ကို ဖမ်းခေါ်သွားခဲ့တဲ့ အမျိုးသမီးကျင့်ကြံသူကို သားသတ်ပစ်လိုက်တယ်… သားရဲတစ်သောင်းဂိုဏ်းဆီ သွားပြီး အမေ့ကို ကယ်တင်ဖို့ အချိန်အကြာကြီး မစောင့်ရတော့ပါဘူး… အမေ တစ်ခုခုဖြစ်ရင် သားရဲတစ်သောင်းဂိုဏ်းတစ်ခုလုံးကို သားအမြစ်ဖြတ်သုတ်သင်ပစ်မယ် ”
ထိုသို့ပြောပြီးနောက် သူက ကျားရဲတောင်တန်းဒေသထဲမှာ အချိန်အကြာကြီး မနေခဲ့ပေ။ ထိုကိစ္စကို သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှာ မြှုပ်နှံထားလိုက်သည်။ သူက စိတ်ထဲမှာ တွေးလိုက်သည်။
‘ ဒီတစ်ကြိမ် တောင်ပိုင်းမြေရိုင်းဒေသက ပရမ်းပတာဖြစ်သွားလိမ့်မှာ ငါစိုးရိမ်တယ်… ဘာပဲပြောပြော ချန်းရှီကို ငါပြန်ပေးဆွဲသွားခဲ့တယ်… တခြားမိစ္ဆာသားရဲဘုရင်တွေနဲ့ ငါ့ကြားမှာ ဆက်ဆံရေးမပြေလည်မှုရှိလာမှာ စိုးရိမ်တယ်… ပြီးတော့ ချန်းရှီ… ဟူး… ထားလိုက်ပါတော့… အဲ့ဒါတွေက အချိန်ကျလာရင် ငါရင်ဆိုင်ရမယ့်အရာတွေပဲ… ’
သူတစ်ချက်တွေးလိုက်သည့်အခါ မိစ္ဆာလေက သူ၏ ခြေထောက်အောက်မှာ ထွက်ပေါ်လာပြီး သူ့ကို အပေါ်သို့ ပင့်မြှောက်လိုက်သည်။ သူက တောင်ပိုင်းမြေရိုင်းဒေသ၏ ဦးတည်ရာသို့ အမြန်ပျံသန်းသွားသည်။ မိစ္ဆာအမြူတေဓာတ်လုံးကို ဖွဲ့စည်းပြီးနောက် မိစ္ဆာလေ၏ ပျံသန်းမှုအလျင်က ယခင်ကထက် နှစ်ဆပိုမြန်သွားသည်။ သူ့အလျင်က လျှပ်စီးတန်းပမာ မြန်ဆန်သွားသည်။ သို့သော်လည်း ယခုအချိန်မှာ သူသည် ဘေးပတ်ဝန်းကျင်မှ ရှုခင်းများကို ကြည့်ရှုရန် စိတ်အခြေအနေမကောင်းနေပေ။
ထွက်ပြေးခြင်းသည် ပြဿနာကို ဖြေရှင်းသော နည်းလမ်းကောင်းမဟုတ်ပေ။ သူအမှားလုပ်ခဲ့မှတော့ ယင်းကို ရဲဝင့်စွာ ရင်ဆိုင်ဖြေရှင်းရမည်။ ထိုနည်းဖြင့်ဆိုလျှင် အကယ်၍ ခွင့်လွှတ်မှုကို သူမရလျှင်ပင် သူ၏ အပြစ်ရှိစိတ်က အနည်းငယ် လျော့နည်းသွားလိမ့်မည်။ မည်သို့ဖြစ်ပါစေ ထိုအမှားကို ပြင်ဆင်ရန် အကောင်းဆုံး သူကြိုးစားခဲ့သည်မဟုတ်ပါလော။ တစ်ဖက်လူ လက်ခံခြင်း လက်မခံခြင်းက သူထိန်းချုပ်နိုင်သောအရာ မဟုတ်ပေ။ သူ့ဘက်မှ အကောင်းဆုံး ကြိုးစားရန်သာ လိုအပ်သည်။
အချိန်အတန်ကြာပြီးနောက် သူက တောင်ပိုင်းမြေရိုင်းဒေသဆီသို့ ပြန်ရောက်လာသည်။ သူက အချိန်ဖြုန်းမနေဘဲ တောင်ပိုင်းမြေရိုင်းဒေသထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။ တောင်တန်းဒေသထဲသို့ သူဝင်ရောက်သွားသည်နှင့်ချက်ချင်း အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်နေခဲ့သော တောင်တန်းဒေသက ရုတ်တရက် သက်ဝင်လှုပ်ရှားနေကြောင်း သူရှာတွေ့သွားသည်။
ကျေးငှက်များနှင့် တိရိစ္ဆာန်များက နေရာအနှံ့သို့ ပျံသန်းပြေးလွှားနေကြသည်။ ကြည့်ရသည်မှာ သူတို့က တစ်စုံတစ်ခုကို ရှာဖွေနေဟန် ရ၏။
“ ကျီး ”
ကောင်းကင်ယံတွင် မရဏကျီးကန်းဘုရင်သည် သီရှီထျန်ကို မြင်တွေ့သွားသောအခါ အလွန်ကျယ်လောင်သော အော်မြည်သံကို ထုတ်လွှတ်လိုက်သည်။ သူ၏ အော်မြည်သံက နားဝင်ဆိုးပြီး အက်ရှရှဖြစ်နေသော်လည်း တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးသို့ ကျယ်ကျယ်လောင်လောင် ပဲ့တင်ထပ်သွားသည်။ နောက်အခိုက်အတန့်မှာ တခြားမိစ္ဆာသားရဲဘုရင်များ၏ အော်သံများနှင့် ဟိန်းသံများ ထွက်ပေါ်လာသည်။
“ သီရှီထျန်… နောက်ဆုံးတော့ နင်ပြန်ရောက်လာပြီ ”
ကောင်းကင်ယံတွင် အဖြူရောင်ပုံရိပ်တစ်ခုက သီရှီထျန်ဆီသို့ မြန်ဆန်စွာ ချဉ်းကပ်လာသည်။ သူက သရဖူနီကြိုးကြာဘုရင် ဖြစ်သည်။ ကြိုးကြာဘုရင်သည် သီရှီထျန်၏ အရှေ့သို့ ရောက်သွားပြီးလျှင် စိတ်ဆိုးစွာ ပြောသည်။
“ သီရှီထျန်… အမရှီကို နင်ဘာလုပ်လိုက်တာလဲ… အမရှီက စောစောကပဲ ပြန်ရောက်လာတယ်… ပြီးတော့ သူ့မျက်နှာက အေးတိအေးစက်ဖြစ်နေတယ်… သူက ပန်းမျိုးတစ်ရာချိုင့်ဝှမ်းကို ချိပ်ပိတ်လိုက်ပြီး ဘယ်သူ့ကိုမှ အထဲပေးမဝင်တော့ဘူး… နင် အမရှီကို နာကျင်အောင် လုပ်ရဲရင် ငါကြိုးကြာဘုရင် နင့်ကို ခွင့်လွှတ်မှာမဟုတ်ဘူး ”
သရဖူနီကြိုးကြာဘုရင်က သီရှီထျန်ကို လေသံမာမာဖြင့် ပြောသည်။ သူ့ပုံစံက အလွန်ဒေါသထွက်နေဟန် ရ၏။
လက်စသတ်တော့ ချန်းရှီသည် မကြာသေးခင်ကမှ ပြန်ရောက်လာခဲ့သည်။ သို့သော်လည်း ပြန်ရောက်လာပြီးနောက် သူက ကျင့်ကြံခြင်းအခြေတည်ငြိမ်အောင် ပြုလုပ်ချင်သည်ဟု ပြောကာ တခြားမိစ္ဆာသားရဲဘုရင်များကို ထွက်သွားခိုင်းခဲ့သည်။ သူက ပန်းမျိုးတစ်ရာချိုင့်ဝှမ်းကိုလည်း ယာယီချိပ်ပိတ်လိုက်သည်။ အချိန်ကာလတစ်ခုအထိ တခြားမိစ္ဆာသားရဲဘုရင်များကို သူတွေ့ဆုံမည် မဟုတ်ချေ။
ထိုအကြောင်းပြချက်က ယုတ္တိရှိသည်။ သို့သော်လည်း ချန်းရှီ၏ မျက်နှာက အေးတိအေးစက်ဖြစ်နေကြောင်း သရဖူနီကြိုးကြာဘုရင် သတိထားမိသည်။ ထို့ကြောင့် ကိစ္စက ချန်းရှီပြောသကဲ့သို့ မရိုးရှင်းကြောင်း သူခံစားမိသွားသည်။ ချန်းရှီနှင့် သီရှီထျန်ကြားမှာ ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့ရမည်။ သို့မဟုတ်လျှင် ချန်းရှီ၏ သိမ်မွေ့နူးညံ့သော အကျင့်စရိုက်အရ ထိုသို့သူလုပ်ဆောင်မည် မဟုတ်ချေ။
ယင်းကို သီရှီထျန်ကြားသောအခါ သူက မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူက မျက်ခုံးပင့်တင်လိုက်ပြီး သရဖူနီကြိုးကြာဘုရင်ကို ကြည့်လိုက်သည်။ ရုတ်တရက်ဆိုသလို ရိုင်းစိုင်းကြမ်းကြုတ်သော အရှိန်အဝါက သူ့ခန္ဓာကိုယ်မှ ပေါ်လျှိုးလာသည်။ သို့သော်လည်း ထိုအရှိန်အဝါက တစ်ခဏကြာပြီးနောက် ပျောက်ကွယ်သွားသည်။ ဤသည်မှာ ယင်းက တစ်ခါမှ မထွက်ပေါ်လာခဲ့သည့်အလားပင်။ သို့သော်လည်း သရဖူနီကြိုးကြာဘုရင်သည် သူ့အပေါ်သို့ တောင်ကြီးတစ်တောင် ဖိကျလာကြောင်း ခံစားမိသွားသည်။ သူ၏ ဒေါသက ချက်ချင်း ဖိနှိပ်ခံလိုက်ရသည်။
“ အဲ့ဒါက ငါနဲ့ ချန်းရှီကြားက ကိစ္စပါ… မင်းက အပြင်လူပဲ… ငါတို့နှစ်ယောက်ကြားက ကိစ္စကို မင်းဝင်မစွက်ဖက်တာ ကောင်းလိမ့်မယ် ”
သီရှီထျန်က မထူးမခြားနား ပြောသည်။ သူ၏ လေသံထဲမှာ သတိပေးသော အရိပ်အမြွက် ပါရှိသည်။
“ နင်… ”
သရဖူနီကြိုးကြာဘုရင်၏ အကြည့်က ပြောင်းလဲသွားသည်။ ဒေါသက သူ့နှလုံးသားထဲမှာ တလိပ်လိပ် ထွက်ပေါ်လာသည်။ သို့သော်လည်း သူက စကားလုံးတစ်လုံးသာ ပြောနိုင်သည်။ နောက်ထပ် ဆက်မပြောနိုင်ပေ။
“ တောင်းပန်ပါတယ်… ဒီနေ့ ငါစိတ်အခြေအနေမကောင်းနေဘူး… ငါ့စကားက မင်းအပေါ် စော်ကားသလိုဖြစ်သွားရင် စိတ်ထဲမထားပါနဲ့… ဘာမှစိတ်မပူပါနဲ့… အဲ့ဒါက ငါနဲ့ ချန်းရှီကြားက ကိစ္စပါ… အဲ့ဒါကို ငါဖြေရှင်းမှာပါ ”
သီရှီထျန်က ခေါင်းမော့လိုက်ပြီး အရှေ့သို့ ကြည့်လိုက်သည်။ ခေါင်းပေါ်တွင် ရွှေရောင်ငှက်မွှေးများရှိသော ဧရာမလင်းတတစ်ကောင်က သူ့ဆီသို့ စိတ်လှုပ်ရှားစွာ ပျံသန်းလာနေကြောင်း မြင်သွားသည်။
လင်းတသည် အနားရောက်လာသည်နှင့် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ အရှင်မင်းကြီး… နောက်ဆုံးတော့ ပြန်ရောက်လာပြီ ”
“ ဘာမှထပ်မပြောနဲ့တော့… မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ အရင်ပြန်ကြမယ်… ကျန်တဲ့ကိစ္စကို နောက်မှ ဆက်ပြောကြမယ် ”
သီရှီထျန်သည် ဤနေရာမှာ အချိန်ဖြုန်းရန် စိတ်မဝင်စားပေ။ ချန်းရှီကိစ္စက သူ့နှလုံးသားထဲမှာ အထုံးအဖွဲ့တစ်ခုပမာ ရှိနေသည်။ ယခုအချိန်မှာ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ သူပြန်သွားပြီး ကောင်းကောင်း အနားယူရမည်။ ထို့နောက် မည်သို့ဆက်လုပ်ရမည်ဖြစ်ကြောင်း သူစဉ်းစားမည်။
“ ကောင်းပါပြီ… အရှင်မင်းကြီး… ကျွန်တော့် ကျောပေါ်ကို တတ်ပါ… ကျွန်တော် အရှင်မင်းကြီးကို ပို့ဆောင်ပေးပါမယ် ”
သီရှီထျန်သည် တုံ့ဆိုင်းမနေဘဲ ဧရာမလင်းတ၏ ကျောပေါ်သို့ ခုန်တတ်လိုက်သည်။ မကြာမီ သူတို့က မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ ပြန်သွားကြသည်။ သရဖူနီကြိုးကြာဘုရင်က နေရာမှာ ကျန်ရစ်နေခဲ့သည်။ သူက သီရှီထျန်နောက်သို့ ဆက်မလိုက်သွားပေ။
“ အမ… ဘာဖြစ်ခဲ့တာလဲ… အမအရင်က အဲ့ဒီလိုတစ်ခါမှ မဖြစ်ဖူးပါဘူး… မဟုတ်မှလွဲရော အကိုသီက… ”
“ ကျူးအာ… နောက်ဆိုရင် ငါ့အရှေ့မှာ သီရှီထျန်အကြောင်း ဘာမှမပြောနဲ့… နင်လည်းပဲ နောက်ဆို သူ့ကို သွားမတွေ့ရဘူး… သူ့ကို သူစိမ်းလို့ သဘောထားတာ အကောင်းဆုံးပဲ ”
ချန်းရှီသည် မဏ္ဍပ်ထဲမှာ အေးတိအေးစက် မျက်နှာဖြင့် ထိုင်နေသည်။ သူက ရေကန်ထဲမှ ကြာပန်းကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ သူ၏ မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးသော အကြည့် ရှိသည်။ သူ့ဘေးတွင် ဇာမဏီငှက်ရှိသည်။ ဇာမဏီငှက်၏ မျက်လုံးထဲမှာ စိုးရိမ်ပူပန်သော အကြည့် ရှိသည်။
သို့သော်လည်း မည်သည့်ကိစ္စဖြစ်ပျက်ခဲ့ကြောင်း သူမသိပေ။ သူက ချန်းရှီကို မေးခဲ့သော်လည်း ချန်းရှီက ဘာမှမပြောပေ။
ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲသို့ ပြန်ရောက်လာပြီး မဏ္ဍပ်ထဲမှာ ထိုင်လိုက်စဉ် သူ့နှလုံးသားက ပရမ်းပတာဖြစ်သွားသည်။ သူ့စိတ်ထဲတွင် မနေ့ညမှ ကိစ္စကို ပြန်စဉ်းစားလိုက်သည့်အခါ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ဖြစ်ပေါ်လာသည်။ သူ့လက်ဖြင့် သီရှီထျန်ကို သတ်ရန် သူဆန္ဒရှိသည်။ သို့သော် ထိုသို့သူတွေးလိုက်သည့်အခါတိုင်း တခြားအတွေးများက သူ့ခေါင်းထဲမှာ ထွက်ပေါ်လာသည်။ ဖော်မပြနိုင်သော အကြောင်းအရင်းတချို့ကြောင့် သီရှီထျန်ကို သူမသတ်နိုင်ပေ။
သီရှီထျန်ကို သူစဉ်းစားလိုက်သည့်အခါ စိတ်ရှုပ်ထွေးသော ခံစားမှုက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
သီရှီထျန်ကို သူမုန်းသင့်သည်။ သို့သော်လည်း ရှင်းပြရခက်သည်မှာ သူ့နှလုံးသားထဲ၌ အရိပ်မည်းကြီးတစ်ခု ရှိနေသည်။ ယင်းက ထူးဆန်းသော စိတ်ခံစားချက်ဖြစ်သည်။ သီရှီထျန်ကို သတ်ရန် သူကြိုးစားလိုက်သည့်အခါတိုင်း ထိုအရိပ်မည်းကြီးက ထွက်ပေါ်လာပြီး သူ၏ စိတ်ခံစားချက်များကို ဗြောင်းဆန်အောင် ပြုလုပ်လိမ့်မည်။
ယင်းကို မြင်သောအခါ ဇာမဏီငှက်က ပိုပြီးစိုးရိမ်လာသည်။ သို့သော်လည်း ချန်းရှီကို မည်သို့နှစ်သိမ့်ပေးရမည်ဖြစ်ကြောင်း သူမသိပေ။ ထို့ကြောင့် သူက ချန်းရှီ၏ ဘေး၌ တိတ်တဆိတ် အဖော်ပြုပေးရုံသာ တတ်စွမ်းပေသည်။ ယခုအချိန်မှာ ချန်းရှီက မည်သည့်အရာကို တွေးနေကြောင်း မည်သူမှ မသိနိုင်ပေ။
ချန်းရှီသည် ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီသို့ ပြန်လာပြီးလျှင် မဏ္ဍပ်ထဲမှာ ထိုင်နေရင်း ရေကန်ထဲမှ ကြာပန်းကို မျက်တောင်မခတ်တမ်း ကြည့်နေသည်။ သူ၏ အာရုံစိုက်မှုက ကြာပန်းပေါ်မှာ မရှိပေ။ နတ်ဘုရားအလင်းက ပြန့်ကျဲနေသည်။ ရှင်းလင်းစွာပင် သူက တခြားကိစ္စများကို တွေးတောနေသည်။
သူက ထိုနေရာမှာ တစ်နေ့လုံး တစ်ညလုံး ထိုင်နေသည်။
“ တင်း… တုန်… တင်း… တုန်… ”
ဒုတိယမြောက်နေ့တွင် သာယာငြိမ့်ညောင်းသော ကုချင်းအသံက ပန်းမျိုးတစ်ရာချိုင့်ဝှမ်း၏ အပြင်ဘက်၌ ရုတ်တရက် ထွက်ပေါ်လာသည်။ ယင်းက တိတ်ဆိတ်ငြိမ်သက်နေသော ပန်းမျိုးတစ်ရာချိုင့်ဝှမ်းကို ရုတ်တရက် သက်ဝင်နိုးထလာစေသည်။
“ အမ… ချိုင့်ဝှမ်းအပြင်ဘက်က ကုချင်းအသံကို ငါကြားတယ်… ငါအပြင်ကို တစ်ချက်သွားကြည့်လိုက်ဦးမယ် ”
ဇာမဏီငှက်သည် ကလေးစိတ်မကုန်သေးလေရာ အဆော့မက်သည်။ ချန်းရှီက မဏ္ဍပ်ထဲမှာ တစ်ချိန်လုံး အေးတိအေးစက် မျက်နှာထားဖြင့် ရှိနေလေရာ ဤနေရာမှာ သူဆက်နေရန် ပျင်းရိလာသည်။ ထိုစဉ် ကုချင်းအသံကို ရုတ်တရက် သူကြားလိုက်ရသောအခါ ပျင်းရိစိတ်က ပျောက်ကွယ်သွားပြီး စိတ်ဓာတ်တတ်ကြွလာသည်။ သူက အပြင်ထွက်သွားရန် ဆန္ဒပြင်းပြလာသည်။
“ အပြင်မသွားရဘူး ”
ချန်းရှီက ခေါင်းယမ်းလိုက်ပြီး နူးညံ့စွာ ပြောသည်။ သူက ခေါင်းမော့လိုက်ပြီး ချိုင့်ဝှမ်းအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ အလင်းရောင်တစ်ခုက သူ့မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည့်အခါ စိတ်ရှုပ်ထွေးမှုက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
“ ဘာလို့လဲ ”
ဇာမဏီက ဇဝေဇဝါဖြစ်သော အမူအရာဖြင့် ပြောသည်။
“ တင်း… တုန်…တင်း… တုန်… ”
သံစဉ်တချို့ ငြိမ့်ငြိမ့်ညောင်းညောင်း ထွက်ပေါ်လာပြီးလျှင် ကုချင်းအသံက စီးဆင်းနေသော ရေကဲ့သို့ ချောမွေ့စွာ ပျံ့လွင့်သွားသည်။ ကုချင်းအသံသည် သာယာကြည်လင်ပြီး နားဝင်ချိုသည်။ ထို့ပြင် ကုချင်းအသံနှင့် လိုက်ဖက်သော သီချင်းသံလည်း ထွက်ပေါ်လာသည်။
ကုချင်းအသံကို နားထောင်နေစဉ် ထူးဆန်းသော စိတ်ခံစားချက်တစ်မျိုး ဖြစ်ပေါ်လာလိမ့်မည်။ သီချင်းသည် အမျိုးသားတစ်ယောက်က သူချစ်ခင်ကြင်နာသော အမျိုးသမီးအပေါ် သူ့အချစ်အကြောင်း ရေးဖွဲ့ထားသော သီချင်းဖြစ်သည်။
“ ဖုန်းရှီ… ဖုန်းရှီ အိမ်ပြန်သွားပြီ… သူ့ကို ရှာဖွေဖို့ ပင်လယ်လေးစင်းမှာ ငါရွက်လွှင့်ခဲ့တယ်… သူ့ကို ငါမတွေ့ရရင် ဒီနေ့ကို ဘယ်လိုခွန်အားနဲ့ ဖြတ်ကျော်နိုင်ပါ့မလဲ… ”
သီချင်းသံသည် ကုချင်းသံစဉ်များနှင့်အတူ လိုက်ဖက်တင့်တယ်စွာ ပျံ့လွင့်နေသည်။ သီချင်းထဲမှာ စိတ်ခံစားမှုလည်း ပါဝင်နေသည်။ ယင်းက ချစ်ရသူကို လိုက်ရှာနေသော အမျိုးသားတစ်ယောက်၏ ရင်တွင်းခံစားချက်ဖြစ်သည်။
“ အာ… အဲ့ဒါက အကိုသီရဲ့ အသံပဲ… အကိုသီက ချိုင့်ဝှမ်းအပြင်ဘက်မှာ ကုချင်းတီးနေတာလား… အမ သေချာနားထောင်ကြည့်… ”
ဇာမဏီငှက်သည် ကုချင်းအသံကို ကြားသောအခါ အံ့ဩစွာ အော်ပြောလိုက်သည်။ သီချင်းသံကို သူကြားသောအခါ ကုချင်းတီးနေသူက သီရှီထျန်ဖြစ်ကြောင်း ချက်ချင်း သူသိလိုက်သည်။
“ ဟွန့်… သူ့ကို အဲ့ဒီအတိုင်း ထားလိုက်ပါ… သူ့မှာ ဘယ်လိုလှည့်ကွက်တွေရှိလဲ ငါကြည့်မယ် ”
ယင်းကို ချန်းရှီကြားသောအခါ သူက မျက်လုံးတောက်ပသွားပြီး တီးတိုးရေရွတ်လိုက်သည်။