← Chapters

အခန်း ၆၅၅

Vol. 33 Ch. 655

အခန်း ၆၅၅

Vol. 33 Ch. 655

အခန်း(၆၅၅)

အတန်ငယ်မျှသော ရက်ပိုင်းအတွင်း၌ပင် ချင်ယွမ်ဖုန်း၏ ရင်တွင်းဖြစ်သော နာကျည်းအာဃာတတို့သည် အချိန်ကာလ ရွေ့လျားသွားသော်လည်း မှေးမှိန်လျော့ပါးသွားခြင်း မရှိသည့်ပြင် သတိမေ့မြော၍ လဲလျောင်းနေရရှာသော ယန်ရုကို ကြည့်မိသည့် အကြိမ်တိုင်း၌ ပိုမို၍သာ ပြင်းထန်လာချေရာ ယခုမူ ရင်ဝှိုက်တစ်ခုလုံး လျှံကျလုမတတ် ဖြစ်နေရတော့သည်။

“ယန်ရု... စိတ်အေးအေးထားပါ၊ ငါ မင်းအတွက် သွေးကြွေးကို မလွဲမသွေ ပြန်ဆပ်ရယူပေးပါ့မယ်”

ချင်ယွမ်ဖုန်းသည် ထိုစကားကိုသာ ထပ်တလဲလဲ ရေရွတ်နေမိသော်လည်း အဆိပ်နဂါး၏ အရိပ်အယောင်ကိုမျှ ရှာမတွေ့နိုင်ခြင်းက သူ့အား ပိုမို၍ စိတ်မရှည် စိုးရိမ်ပူပန်ခြင်းကိုသာ တိုးပွားစေချေသည်။

ယင်းက ထိုအဆိပ်နဂါးနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ဖူးသော နေရာသို့ ပြန်လည်ရောက်ရှိလာခဲ့ရာ ထိုနေရာ၌ တိုက်တိုက်ဆိုင်ဆိုင်ပင် အခြေစိုက်နားခိုရန် ကျွန်းငယ်တစ်ကျွန်း ရှိနေပေသည်။

ယန်ရုကို ကျွန်းငယ်ပေါ်၌ ကောင်းမွန်စွာ သိပ်ထားပြီးနောက် ချင်ယွမ်ဖုန်းသည် သူမ၏ ဘေးနား၌ ဝင်၍ ထိုင်လိုက်၏။ ဤနေရာ၌ အဆိပ်နဂါးနှင့် ဆုံတွေ့ခဲ့ဖူးသဖြင့် ထိုသတ္တဝါနှင့် နောက်တစ်ကြိမ် မလွဲမသွေ ထပ်မံဆုံတွေ့ရလိမ့်မည်ဟု ယင်းက ယုံကြည်နေမိသည်။

အဆိပ်နဂါးကို စောင့်ဆိုင်းနေရသည့် အချိန်ကာလအတွင်း ချင်ယွမ်ဖုန်းသည် မိမိရှာဖွေရရှိသော အစားအစာများကို အမှုန့်ဖြစ်အောင် အစဉ်မပြတ် ကြိတ်ခြေကာ ယန်ရုအား တိုက်ကျွေးနေခဲ့ရပေသည်။

ထို့ပြင် ယန်ရု၏ အခြေအနေကိုလည်း စိုးရိမ်တကြီး အမြဲမပြတ် စောင့်ကြည့်နေရပြီး တစ်စုံတစ်ခု ထူးခြားချွတ်ချော်မှု ရှိပါက ချက်ချင်း တုံ့ပြန်ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားရသေးသည်။

ဤသည်မှာ မိမိ၏ ဘဝတစ်လျှောက်လုံးတွင် စိတ်အရှည်ဆုံးနှင့် သည်းခံမှုအရှိဆုံး အချိန်ဖြစ်သည်ဟုပင် ချင်ယွမ်ဖုန်း ကိုယ်တိုင် ခံစားနေရတော့သည်။

“ယန်ရု... မင်းသိရဲ့လား၊ တကယ်တော့ ရှန်းဝူ စကြဝဠာ တိုက်ကြီးဟာ ပင်လယ်ကျွန်းစုတွေထက် အဆပေါင်းများစွာ ပိုပြီး ကျယ်ပြောလှတာ၊ ဒါပေမဲ့ သမုဒ္ဒရာကြီးကတော့ ထိုစကြဝဠာ တိုက်ကြီးထက်တောင် အဆပေါင်းများစွာ ပိုပြီးတော့ ကျယ်ဝန်းလှပြန်တယ်”

“ယန်ရု... ပင်လယ်ပြင်ရဲ့ အဆုံးသတ်မှာ ဘာရှိလဲဆိုတာ မင်းသိလား၊ အမှန်တော့ မင်းကို ပြောပြရရင် ပင်လယ်ရဲ့ အဆုံးသတ်ဟာ ရှန်းဝူ စကြဝဠာ တိုက်ကြီးပဲ ဖြစ်ရမယ်၊ ဒီလောကကြီးက အလုံးစုံ ဝိုင်းဝန်းနေတာမို့လို့ ဘယ်အရာမှ အဆုံးသတ်ရယ်လို့ မရှိပါဘူး”

“အမြန်ဆုံး နိုးထလာပါတော့... ငါ့မှာ လုံလောက်တဲ့ ခွန်အားတွေ ရှိလာတဲ့တစ်နေ့ကျရင် မင်းကို စကြဝဠာ တိုက်ကြီးဆီ ခေါ်သွားနိုင်လိမ့်မယ်၊ အဲဒီမှာဆိုရင် ဒီကျွန်းစုတွေပေါ်မှာထက် ပိုပြီး အရသာရှိတဲ့ စားစရာတွေ အများကြီးရှိတယ်၊ မင်း အဲဒီနေရာကို သေချာပေါက် သဘောကျမိမှာပါ”

“ပြီးတော့ ငါ့မှာ မြေနက်မြေ ကမ္ဘာငယ်လေးတစ်ခုလည်း ရှိသေးတယ်၊ အခုတော့ ထိုနေရာကို ချန်ဒါချောင်နဲ့ ချန်ရှောင်ချောင်တို့က ကြီးကြပ်ပေးထားကြတာ၊ မင်းက ဝိညာဉ်ဆေးပင်တွေ စိုက်ပျိုးရတာကို သိပ်မြတ်နိုးတာဆိုတော့ အဲဒီနေရာကို သေချာပေါက် နှစ်သက်မိမှာ ”

ချင်ယွမ်ဖုန်းသည် ယန်ရုတစ်ယောက် မိမိစကားများကို ကြားနိုင်၊ မကြားနိုင်ကို မသိဘဲ နေ့စဉ်ရက်ဆက် ထိုသို့သာ အဖော်ပြု၍ စကားများ ပြောကြားနေမိတော့သည်။

ထိုသို့ဖြင့် နောက်ဆုံးတွင်တော့ ကြိုးစားမှု၏ ရလဒ်က ပေါ်ပေါက်လာခဲ့ချေပြီ။

ထိုနေ့တွင် ချင်ယွမ်ဖုန်းသည် ထုံးစံအတိုင်း ယန်ရုအား အစားအစာများ တိုက်ကျွေးနေစဉ်မှာပင် ယင်း၏ ဝိညာဉ်စွမ်းအား အာရုံခံနယ်ပယ်အတွင်းသို့ အဆိပ်နဂါးတစ်ကောင် ရုတ်တရက် ပေါ်ပေါက်လာခဲ့ပေသည်။

“မှန်းထားတဲ့အတိုင်း သေချာပေါက် ရောက်လာခဲ့ပြီပဲ” ချင်ယွမ်ဖုန်းသည် မြေပြင်မှ ဝုန်းကနဲ ထရပ်လိုက်ပြီး ယန်ရုကို မိမိ၏ ကျောထက်တွင် လျင်မြန်စွာ ပိုးချီကာ ထိုအဆိပ်နဂါးရှိရာ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။

မကြာမီအချိန်၌ပင် ချင်ယွမ်ဖုန်းသည် အဆိပ်နဂါးနှင့် မလှမ်းမကမ်း နေရာသို့ ရောက်ရှိလာခဲ့၏။

မိမိ၏ ဝိညာဉ်စွမ်းအား အာရုံခံနိုင်စွမ်းအတွင်း၌ ထိုအဆိပ်နဂါးသည် တစ်စုံတစ်ရာ ကြိုတင်အချက်ပေးမှု မရှိဘဲ ဟင်းလင်းပြင်ထဲမှ ဝုန်းကနဲ လေဟာနယ်အတွင်း ပေါ်ထွက်လာသကဲ့သို့ ဖြစ်နေချေသည်။

ဤသည်မှာ အဆိပ်နဂါးငယ်တစ်ကောင် ဖြစ်ပြီး ခန္ဓာကိုယ် အရွယ်အစားမှာ အလွန်တရာ ကြီးမားလှခြင်း မရှိသေးချေ၊ ယခုမူ ယင်းက အဆိပ်နဂါးငယ်လေးအသွင် ပြောင်းလဲကာ ပင်လယ်ပြင်အတွင်း၌ ပျော်ရွှင်မြူးထူးစွာ ကူးခတ်ဆော့ကစားနေပေသည်။

ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် ဖြစ်နိုင်ခြေတစ်ခုကို ရုတ်တရက် တွေးတောမိသွား၏၊ မိမိအနေဖြင့် ယခုထက်တိုင် အဆိပ်နဂါးနန်းတော်၏ အရိပ်အယောင်ကို အဘယ်ကြောင့် ရှာမတွေ့နိုင်ရသနည်း။

“ဒါဟာ အဆိပ်နဂါးနန်းတော်ဆိုတာ ကမ္ဘာဦးအစ စကြဝဠာ အပိုင်းအစတစ်ခု ဖြစ်နေလို့လား”

ဤလောကဓာတ်အတွင်းရှိ ကမ္ဘာဦး အပိုင်းအစများမှာ ချင်ယွမ်ဖုန်း ပိုင်ဆိုင်ထားသော သုံးခုမျှသာမကဘဲ အခြားများစွာ ရှိနေနိုင်သေးသော်လည်း ယင်းက ရှာမတွေ့သေးခြင်းသာ ဖြစ်တန်ရာ၏။

ထိုအဆိပ်နဂါးသည် ကမ္ဘာဦး အပိုင်းအစတစ်ခုကို ပိုင်ဆိုင်ထားပြီး ယင်းကို အဆိပ်နဂါးနန်းတော်အဖြစ် ဖန်တီးထားခြင်းလည်း ဖြစ်နိုင်ပေသည်။

ထိုသို့ဆိုလျှင် ချင်ယွမ်ဖုန်းအနေဖြင့် အဆိပ်နဂါးနန်းတော်ကို အဘယ်ကြောင့် ရှာမတွေ့နိုင်ခဲ့ရသနည်းဟူသော အချက်မှာ ရှင်းလင်းသွားရပေတော့မည်။

အဆိပ်နဂါးငယ်လေးသည် ဟိုဟိုဒီဒီ လှည့်လည်သွားလာရင်း ဆာလောင်လာသည့်အခါ ပင်လယ်သတ္တဝါများကို ဖမ်းဆီးစားသောက်နေ၏၊ ယင်းက ပင်လယ်ပြင်ထဲမှ ခိုးထွက်လာခဲ့ခြင်း ဖြစ်ပုံရပေသည်။

တစ်နေ့တာ ကုန်ဆုံးသွားပြီးနောက် ကောင်းကင်ယံကြီး တဖြည်းဖြည်း မှောင်မိုက်လာသည်ကို ကြည့်ကာ အဆိပ်နဂါးငယ်လေးသည် မချင့်မရဲဖြင့် နောက်သို့ ပြန်လှည့်ရန် ပြင်ဆင်တော့သည်။

သို့သော်လည်း ချင်ယွမ်ဖုန်းက

ထိုအဆိပ်နဂါးငယ်လေး၏ ရှေ့တွင် ရုတ်တရက် ပိတ်ရပ်လိုက်လေသည်။

“မင်း... မင်းက လူသားလား” အဆိပ်နဂါးငယ်လေးသည် အလွန်တရာ အံ့အားသင့်သွားရပေသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်၏။ “မှန်တယ်၊ ငါက လူသားပဲ၊ မင်းကို သီးသန့်စောင့်နေတာ”

“ငါ့ကို စောင့်နေတာလား” အဆိပ်နဂါးငယ်လေးသည် ချင်ယွမ်ဖုန်းကို အနည်းငယ် ကြောက်ရွံ့ထိတ်လန့်သော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး “ခမည်းတော်က ပြောဖူးတယ်၊ လူသားတွေက သိပ်ပြီး ကောက်ကျစ်စဉ်းလဲတတ်ကြတယ်တဲ့၊ ဒါကြောင့် မင်းဟာ သေချာပေါက် လူဆိုးပဲ ဖြစ်ရမယ်” ဟု ဆိုလေသည်။

ထိုသို့ ပြောဆိုနေစဉ်မှာပင် ရေပန်းစင်တစ်ခုသည် ရုတ်တရက် ပန်းထွက်လာပြီး ချင်ယွမ်ဖုန်း၏ ရင်ဘတ်တည့်တည့်သို့ အရှိန်အဟုန်ဖြင့် ထိမှန်သွားတော့သည်။

သို့သော်လည်း ချင်ယွမ်ဖုန်းမှာမူ တုန်လှုပ်ခြင်းမရှိဘဲ မူလအတိုင်း ရပ်မြဲရပ်နေသည့်ပြင် မျက်နှာအမူအရာမှာလည်း စိုးစဉ်းမျှ ပြောင်းလဲသွားခြင်း မရှိချေ။

ဤအဆိပ်နဂါးငယ်သည် ယင်းအတွက်မူ အလွန်တရာ အားနည်းလွန်းလှပေရာ ပထမအဆင့် မြင့်မားသော သားရဲအဆင့် မျှသာ ရှိချေသည်။

မိမိအား လာရောက်ထိမှန်သော ရေပန်းစင်များသည် ယင်းကို နာကျင်အောင်ပင် မတတ်နိုင်ကြချေ။

ထိုအခါမှသာ ချင်ယွမ်ဖုန်းသည် အဆိပ်နဂါးများက လူသားများအပေါ် အဘယ်ကြောင့် ဤမျှ ရန်လိုနေကြရသည်ကို နားလည်သွားရတော့သည်။

စင်စစ်အားဖြင့် ယင်းတို့သည် မိမိတို့၏ သားသမီးများကို ငယ်စဉ်ကတည်းက လူသားများမှာ ကောက်ကျစ်စဉ်းလဲ၍ ယုံကြည်၍မရကြောင်း သွန်သင်ဆုံးမခဲ့ကြသဖြင့် အဆိပ်နဂါးများသည် လူသားများအပေါ် ရန်လိုမုန်းတီးစိတ်ကို တစ်မျိုးဆက်ပြီး တစ်မျိုးဆက် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြခြင်းပင်။

“မင်းလို အဆိပ်နဂါးငယ်လေးကတောင် နောက်ကျောကို ခိုးယူတိုက်ခိုက်တတ်နေပြီပေါ့... ဟုတ်လား” ချင်ယွမ်ဖုန်းက အေးစက်စက် လေသံဖြင့် ဆိုလိုက်၏။

မိမိ၏ တိုက်ခိုက်မှုက ထိရောက်မှုမရှိသည်ကို မြင်လျှင် ထိုလူသားသည် အလွန်တရာ စွမ်းအားကြီးမားကြောင်း အဆိပ်နဂါးငယ်လေး သိရှိသွားသဖြင့် ယင်း၏ ရှည်လျားသော ခန္ဓာကိုယ်ကြီးကို လေထဲသို့ မြှောက်တင်ကာ စစ်မှန်သော နဂါးကြီးကဲ့သို့ ဝေးရာသို့ အရှိန်အဟုန်ဖြင့် ပျံသန်းထွက်ပြေးတော့သည်။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုအဆိပ်နဂါးငယ်လေးကို ဖမ်းဆီးမိသွားပြီး ယင်း၏ လည်ပင်းကို ဆွဲကာ ကျွန်းငယ်ပေါ်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့ချေပြီ။

“လူသား... ငါ့ကို လွှတ်စမ်း၊ ငါ့ခမည်းတော်က မင်းကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး” အဆိပ်နဂါးငယ်လေးသည် ချင်ယွမ်ဖုန်း၏ လက်ထဲတွင် အသည်းအသန် ရုန်းကန်နေသော်လည်း အချည်းနှီးသာ ဖြစ်ရပေသည်။

“ငါ ပြောပြလိုက်မယ်... ငါ့ခမည်းတော်က အဆိပ်နဂါးနန်းတော်ရဲ့ ခေါင်းဆောင်ကြီးပဲ၊ မင်းသာ ငါ့ကို မလွှတ်ရင် သူ ကိုယ်တိုင် ထွက်လာပြီး မင်းကို သတ်ပစ်လိမ့်မယ်”

အဆိပ်နဂါးငယ်လေးသည် ချင်ယွမ်ဖုန်းအား ခြိမ်းခြောက်ရန် ကြိုးပမ်းနေသော်လည်း ချင်ယွမ်ဖုန်းကမူ ယင်းကို စိုးစဉ်းမျှ ဂရုမစိုက်ချေ။

“မင်းရဲ့ ခမည်းတော်နဲ့ အခြားလူတွေက မင်းကို လာရှာကြဖို့ပဲ ငါ မျှော်လင့်ပါတယ်၊ သို့မဟုတ်ရင်တော့ မင်းဟာ ငါ့လက်ထဲမှာတင် သေပွဲဝင်ရလိမ့်မယ်” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာပင် ပြောဆိုလိုက်၏။

အဆိပ်နဂါးငယ်လေးသည် ပြင်ပလောကနှင့် တစ်ခါမျှ ထိတွေ့ဖူးခြင်း မရှိသဖြင့် အလွန်တရာ ကြောက်ရွံ့ထိတ်လန့်သွားပြီး အရုပ်ကလေးသဏ္ဍာန် လူသားအသွင်သို့ ပြန်လည်ပြောင်းလဲလိုက်တော့သည်။

“ဦးလေး... ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ၊ ဦးလေးကြည့်ရတာ လူဆိုးနဲ့လည်း မတူပါဘူး” အဆိပ်နဂါးငယ်လေးသည် ချစ်စဖွယ်နှင့် သနားစဖွယ် အမူအရာများကို ပြုလုပ်ကာ တောင်းပန်တိုးလျှိုးနေပြန်သည်။

သို့သော်လည်း ချင်ယွမ်ဖုန်းက ထိုအရာအားလုံးကို လျစ်လျူရှုထား၏။ ယင်းက ယန်ရုကို အသာအယာ ချထားပေးပြီးနောက် ကောင်းမွန်စွာ နေရာချပေးကာ သူမအတွက် အစားအစာများကို ပြင်ဆင်ပေးနေတော့သည်။

မိမိအနေဖြင့် ချင်ယွမ်ဖုန်းကို အနိုင်မတိုက်နိုင်မှန်း သိရှိသွားသဖြင့် အဆိပ်နဂါးငယ်လေးသည် ထွက်ပြေးရန် မဝံ့ရဲတော့ဘဲ ဘေးနားမှနေ၍ ချင်ယွမ်ဖုန်း မိမိအား လွှတ်ပေးလိမ့်နိုးဖြင့် စကားများကိုသာ တတွတ်တွတ် ပြောဆိုနေမိသည်။

ချင်ယွမ်ဖုန်းသည် ကမ္ဘာဦး အပိုင်းအစကို ပိုင်ဆိုင်ထားသော အရှင်သခင်သည် ထိုနေရာ၌ အရာခပ်သိမ်းကို သိမြင်တတ်စွမ်းနိုင်သော နတ်ဘုရားကဲ့သို့ ဖြစ်နေမည်ကို သိရှိထားသဖြင့် မိမိအနေဖြင့် ထိုကမ္ဘာဦး အပိုင်းအစအတွင်းသို့ ဝင်ရောက်၍ အသေခံမည် မဟုတ်ဘဲ ပြင်ပ၌သာ ထိုအဆိပ်နဂါးများ ထွက်လာသည်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်ထားပေသည်။

“သောက်ကျိုးနည်း... မင်းက ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ပြောနေပြီးတော့ တကယ်တော့ နှာဘူးကြီးပဲ”

အဆိပ်နဂါးငယ်လေးသည် မိမိ၏ ချစ်စဖွယ် ဟန်ဆောင်မှုများ မအောင်မြင်သည့်အခါ ဒေါသထွက်လာပြီး “မင်းက ကျောပေါ်မှာ အလောင်းကောင်ကြီးကိုတောင် ပိုးချီထားသေးတယ်” ဟု အော်ဟစ်လိုက်တော့သည်။

ထိုစကားကို ကြားရလျှင် ချင်ယွမ်ဖုန်း၏ မျက်ဝန်းအစုံ၌ အေးစက်လှသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားချေပြီ။

ယင်းက အဆိပ်နဂါးငယ်လေး၏ ရှေ့သို့ လျှောက်လှမ်းသွားပြီး ယင်း၏ ပါးစပ်ကို လက်ဝါးဖြင့် တဖြန်းဖြန်း ရိုက်နှက်တော့သည်။ အဆိပ်နဂါးငယ်လေး၏ ပါးပြင်နှစ်ဖက်စလုံး ဖူးဖူးရောင်လာပြီး ပါးစပ်ပင် မဟနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားမှသာ ယင်းက ရိုက်နှက်ခြင်းကို ရပ်တန့်လိုက်၏။

“မင်း နောက်တစ်ကြိမ် ထပ်ပြောရဲရင်တော့ ငါ မင်းကို အဆိပ်နဂါးခြောက် ဖြစ်အောင် လုပ်ပစ်မယ်” ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောဆိုလိုက်ပြီးနောက် သံခြေကျင်းတစ်ချောင်းကို ထုတ်ယူကာ အဆိပ်နဂါးငယ်လေးအား တင်းကျပ်စွာ တုတ်နှောင်ထားလိုက်တော့သည်။

“အို... ငါ မွှေမိပြီ၊ တကယ်ကို ပြဿနာရှာမိပြီပဲ...” အဆိပ်နဂါးငယ်လေးသည် ပါးစပ်မှ မပီမသဖြင့် ညည်းတွားရေရွတ်နေမိသည်။

ချင်ယွမ်ဖုန်းသည် ဧရာမ ဝိညာဉ်ကဏန်းကြီး တစ်ကောင်ကို ဖမ်းဆီးရမိထားရာ ကဏန်းသားအချို့ကို ကင်ပြီးနောက် အမှုန့်ဖြစ်အောင် ကြိတ်ခြေကာ ရေချိုနှင့် ရောစပ်လျက် ယန်ရုအား အရင်ဆုံး တိုက်ကျွေးလိုက်ပြီးမှ မိမိကိုယ်တိုင်လည်း စတင်စားသောက်တော့သည်။

ကဏန်းကင်၏ မွှေးပျံ့လှသော ရနံ့သည် အဆိပ်နဂါးငယ်လေး၏ နှာခေါင်းထဲသို့ တိုးဝင်သွားရာ ယင်းအား သွားရည်များ ကျလာစေတော့သည်။

“ဦးလေး... ငါ ထွက်မပြေးတော့ပါဘူးလို့ ကတိပေးပါတယ်၊ ငါ့ကိုလည်း စားစရာအချို့ ပေးလို့ ရမလားဟင်” အဆိပ်နဂါးငယ်လေးသည် ငိုသံပါကြီးဖြင့် အော်ဟစ်တောင်းခံရှာသည်။

အဆိပ်နဂါးများသည် စစ်မှန်သော နဂါးကြီး၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြသဖြင့် ယင်းတို့၏ ပြန်လည်ကောင်းမွန်လာနိုင်စွမ်းမှာ အလွန်တရာ ထက်မြက်လှပေရာ ခဏမျှသော အချိန်အတွင်းမှာပင် အဆိပ်နဂါးငယ်လေး၏ မျက်နှာပေါ်မှ ဖူးဖူးရောင်နေသော ဒဏ်ရာများသည် တဖြည်းဖြည်း လျော့ပါးသက်သာသွားခဲ့ချေပြီ။

All Chapters