အခန်း ၆၆၁
Vol. 33 Ch. 661
အခန်း(၆၆၁)
ချင်ယွမ်ဖုန်း၏ မျက်နှာအမူအရာသည် ရုတ်ချည်းပင် တည်တံ့လေးနက်သွားရသည်။
"သတိထားပါဦး... ဒီကျွန်းပေါ်က အပင်တွေက သာမန်မဟုတ်ဘူး.. အင်မတန် ခက်ထန်ပြီးတော့ ရန်လိုတတ်ကြတယ်..."
ခုတင်တင်တင်တင်ကပင် အတိုက်အခိုက်ခံရလုနီးပါး ကြုံခဲ့ရသဖြင့် ယန်ရု၏ စိတ်ထဲ၌ ထိတ်လန့်တုန်လှုပ်မှု အနည်းငယ် ရှိနေဆဲ ဖြစ်ပေသည်။
ရေခဲ မီးလျှံကျွန်းသည် မြင်ရုံနှင့်ပင် ကွဲပြားခြားနားလှသည်။ မီးလျှံကျွန်းဘက်အခြမ်းရှိ ခပ်သိမ်းသော အရာဝတ္ထုတို့သည် မီးလောင်ကျွမ်းခံထားရသည့်နှယ် တစ်ကိုယ်လုံး နီရဲတောက်ပနေကြ၏။
ရေခဲကျွန်းဘက်မှ အပင်များမှာမူကား သာ၍ပင် ထူးဆန်းအံ့သြဖွယ် ကောင်းနေသေးသည်။ အားလုံးက ဆီးနှင်းကဲ့သို့ ဖြူဖွေးနေကြပြီး တစ်ခါတစ်ရံတွင် ရေခဲတုံးကြီးများသဖွယ်ပင် ထင်မှတ်ရပေသည်။
သူတို့နှစ်ဦးသည် ကျွန်း၏အတွင်းပိုင်းသို့ ဆက်လက် လျှောက်လှမ်းလာခဲ့ကြရာ ဘေးပတ်ပတ်လည်ရှိ နွယ်ပင်များသည် ချင်ယွမ်ဖုန်းနှင့် သူ၏အဖော်ဖြစ်သူနောက်သို့ ကောက်ကျစ်စဉ်းလဲသော အဆိပ်မြွေဆိုးကြီးများပမာ တရွေ့ရွေ့ လိုက်ပါလာကြသည်။
မီးလျှံကျွန်းပေါ်ရှိ နွယ်ပင်များက နီရဲတောက်နေပြီး ရေခဲကျွန်းပေါ်ရှိ နွယ်ပင်များမှာမူ ရေခဲဖြင့် ထုဆစ်ထားသည့်အလား ထင်မှတ်ရကာ ချင်ယွမ်ဖုန်းတို့ လူစုနောက်သို့ တရွေ့ရွေ့ လိုက်ပါချောင်းမြောင်းနေကြခြင်း ဖြစ်သည်။
ရေခဲကျွန်းနှင့် မီးလျှံကျွန်းတို့၏ နယ်နိမိတ်ချင်း ထိစပ်နေသော နေရာ၌သာ ယင်းနွယ်ပင် နှစ်မျိုးလုံးကို တစ်ပြိုင်နက်တည်း တွေ့မြင်နိုင်ပေသည်။
မလှမ်းမကမ်းတွင် သစ်ပင်အချို့ ရှိနေသည်။ မီးလျှံကျွန်းဘက်ခြမ်းရှိ သစ်ပင်များ၏ ပင်စည်များသည်လည်း နီရဲတောက်နေကာ အရွက်များမှာမူ မီးလျှံတောက်နေသည့်နှယ် ရှိကြကုန်၏။
ရေခဲကျွန်းဘက်တွင်မူ သစ်ပင်စည်များသည် ရေခဲတုံးများ ဆင့်စီထားသည့်အလား ရှိနေပြီး အရွက်များကလည်း အလင်းပေါက် ရေခဲတုံးငယ်လေးများကဲ့သို့ ဖြစ်နေကြသည်။
အရာခပ်သိမ်းတို့သည် ဆန်းပြားအံ့ဩဖွယ်ရာ ကောင်းလှပေသည်။
ချင်ယွမ်ဖုန်းသည် ထိုထူးဆန်းသော အပင်အချို့ကို နမူနာအဖြစ် ဆွတ်ခူးသိမ်းဆည်းလိုသော်လည်း မြေကြီးထဲမှ တူးနှုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ယင်းတို့သည် ချက်ချင်းပင် ညှိုးနွမ်းခြောက်သွေ့သွားကြောင်း တွေ့လိုက်ရသည်။
"ဒီအပင်တွေက ဒီနေရာမှာပဲ အသက်ရှင်နိုင်ပုံရတယ်..."
ယန်ရုက ညင်သာစွာ ဆိုသည်။ ချင်ယွမ်ဖုန်းကလည်း ခေါင်းညိတ်ထောက်ခံကာ
ထိုစိတ်ကူးကို လက်လျှော့လိုက်ရတော့သည်။
သူတို့နှစ်ဦးသည် ရေခဲ မီးလျှံကျွန်းသို့ ခြေချလာခဲ့ကြသည်မှာ အကွာအဝေး မီတာတစ်ထောင်ကျော်မျှ ခရီးပေါက်ခဲ့ပြီ ဖြစ်သော်လည်း ဇီဝသက်ရှိဟူ၍ တစ်ကောင်တစ်မြီးမျှ မတွေ့ရသေးချေ။
"အာဟိုင်... နင့်အထင်တော့ ဒီနေရာမှာ ဘာသက်ရှိမှ မရှိတာ ဖြစ်နိုင်မလား... ငါတို့ ပိုးကောင်တစ်ကောင်တောင် မတွေ့မိသေးဘူးနော်..."
ယန်ရုက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး လေသံပျော့ဖြင့် ဆို၏။
"မမြင်ရတာက မင်းရဲ့ အကဲခတ်မှု မစေ့စပ်လို့ ဖြစ်လိမ့်မယ်... ကဲ... ဒီကိုလာပြီး ကြည့်လိုက်ဦး..."
ပြောပြောဆိုဆိုနှင့်ပင် သူသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မြေကြီးပေါ်ရှိ ချော်ရည်ခဲနှင့် တူသောအရာတစ်ခုကို ကောက်ယူကာ လက်ဝါးပေါ် တင်ပေးလိုက်သည်။
"ဒါက ဘာကြီးလဲ..."
ယန်ရု၏ မျက်လုံးများ အံ့ဩသဖြင့် ဝိုင်းစက်သွားရသည်။ ချင်ယွမ်ဖုန်းက ပြုံးရုံသာ ပြုံးနေမိစဉ် သူ၏လက်ထဲရှိ ချော်ရည်ကျောက်တုံးကဲ့သို့ အရာသည် ရုတ်တရက် လှုပ်ရှားလာပြီး လိပ်ကလေးတစ်ကောင်ကဲ့သို့ နီရဲသော ခေါင်းအစအနလေး ပြူထွက်လာလေသည်။
"ဒါက တကယ်ပဲ လိပ်ကလေးတစ်ကောင်လား... လိပ်အနီလေးပေါ့..."
ယန်ရုသည် ချင်ယွမ်ဖုန်း လက်ထဲရှိ လိပ်နီကလေးကို မယုံကြည်နိုင်သည့် မျက်ဝန်းအစုံဖြင့် စိုက်ကြည့်နေမိတော့သည်။
"ဒါကို မီးလျှံလိပ်လို့ ခေါ်တယ်... သားရဲ တစ်မျိုးပေါ့... အခု ငယ်သေးလို့ဆိုပြီး လျှော့မတွက်နဲ့ဦး... အရွယ်ရောက်သွားတဲ့ မီးလျှံလိပ်တွေက မီးလျှံတွေကို ထိန်းချုပ်နိုင်စွမ်း
ရှိကြပြီးတော့ ခံစစ်အင်မတန် အားကောင်းတာ."
ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ရှင်းပြသည်။
"အလို... တော်တော်လေး အံ့ဩဖို့ကောင်းတာပဲ..."
ယန်ရုသည် ထိုမီးလျှံလိပ်ကလေးကို လက်ထဲသို့ လွှဲပြောင်းယူကာ မြတ်နိုးတန်ဖိုးထားသည့် အမူအရာဖြင့် ကြည့်နေရှာသည်။
"သဘောကျရင်လည်း ယူထားလိုက်ပေါ့... ဒါပေမဲ့ သတိထားရမှာက မီးလျှံလိပ်ကလေး သေမသွားအောင် မီးလျှံတွေရှိတဲ့ နေရာနဲ့ အနီးအနားမှာပဲ အမြဲထားပေးရမယ်..."
ချင်ယွမ်ဖုန်း၏ စကားကြောင့် ယန်ရုက ခေါင်းညိတ်ပြကာ ထိုမီးလျှံလိပ်ကလေးကို မွေးမြူရန် စိတ်ပိုင်းဖြတ်လိုက်တော့သည်။
မီးလျှံကျွန်းသည် ကျောက်ဆောင် ကျောက်ခဲများဖြင့် ပြည့်နှက်နေပြီး ယင်းကျောက်ခဲများ၏ အစိတ်အပိုင်း အတော်များများမှာ မီးလျှံလိပ်များပင် ဖြစ်ကြသည်။
ထို့အတူပင် ရေခဲကျွန်းဘက်တွင်လည်း ပုန်းကွယ်နေသော သတ္တဝါများ ရှိကြသော်လည်း ယင်းတို့သည် ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်အောင် အရောင်ပြောင်းကာ ရောနှောနေသဖြင့် သာမန်လူများအဖို့ ရှာဖွေတွေ့ရှိရန် အင်မတန် ခဲယဉ်းလှပေသည်။
ရှေ့သို့ ဆက်လျှောက်လာကြရာ ကြီးမားကျယ်ပြန့်သော တောအုပ်ကြီးတစ်ခု ရှိနေသည်။ ကျွန်း၏ ရာသီဥတုက အလွန် ထူးခြားဆန်းပြားလှသော်လည်း လမ်းဘေးဝဲယာရှိ တောအုပ်ကြီးနှစ်ခုလုံးမှာမူ အလွန် စိမ်းလန်းစိုပြည် ထူထပ်လှပေသည်။
ရေခဲ မီးလျှံကျွန်း၏ အပြင်စည်းနယ်မြေသည် အနည်းငယ် ခြောက်သွေ့ဆိတ်သုဉ်းနေပုံရသော်လည်း အလယ်ပိုင်းဒေသသို့ ဦးတည်သွားပါက ရှေးဟောင်းတောအုပ်ကြီးတစ်ခုကို တွေ့ရမည် ဖြစ်သည်။
ထိုကျယ်ပြောလှသော တောအုပ်ကြီးကို ဖြတ်သန်းပြီးလျှင်မူ အလွန် မြင့်မားမတ်စောက်သော တောင်ထိပ်နှစ်ခု ရှိနေပေသည်။
ယခုအခါ သူတို့သည် တောင်ထိပ်များ၏ အပြင်ဘက်ရှိ တောအုပ်အတွင်းသို့ ရောက်ရှိလာကြပြီ ဖြစ်ရာ ပိုမိုများပြားသော သားရဲ သတ္တဝါများကို စတင် တွေ့မြင်လာရပြီ ဖြစ်သည်။
သို့သော်လည်း ရေခဲကျွန်းနှင့် မီးလျှံကျွန်း ဘက်အခြမ်းရှိ သတ္တဝါများသည် တစ်ကောင်နှင့်တစ်ကောင် နှောင့်ယှက်ခြင်း မရှိကြချေ။
မျက်နှာချင်းဆိုင် လျှောက်လာကြလျှင်ပင် တစ်ကောင်ကိုတစ်ကောင် မမြင်သည့်အလား ရှိကြသည်။ ရေခဲကျွန်းပေါ်ရှိ သတ္တဝါများသည် မီးလျှံကျွန်းဘက်သို့ မည်သည့်အခါမျှ ခြေမချကြချေ။
"အာဟိုင်... အဲဒီ ပဉ္စမအဆင့် နတ်သားရဲက ဒီအထဲမှာ ရှိနေမှာလား... မီးလျှံကျွန်းပေါ်မှာလား ဒါမှမဟုတ် ရေခဲကျွန်းပေါ်မှာ ရှိနေမှာလဲ..."
ယန်ရုက စူးစမ်းလိုစိတ်အပြည့်ဖြင့် မေးမြန်းလာသည်။
ချင်ယွမ်ဖုန်းက ခေါင်းကို ခါယမ်းလိုက်ပြီး လေသံအေးဖြင့် ဆို၏။
"ငါလည်း မသိဘူးလေ... ငါတို့က အဲဒါ ဘယ်လို သားရဲမျိုးလဲဆိုတာတောင် အခုထိ သေချာ မသိရသေးတာ..."
ထိုစဉ်တွင် ချင်ယွမ်ဖုန်းသည် ရုတ်တရက် အံ့ဩတုန်လှုပ်သွားရသည်။ အကြောင်းမူကား သူ၏ ဝိညာဉ်စွမ်းအားဖြင့် ထောက်လှမ်းနိုင်သော နယ်ပယ်အတွင်း၌ လူရိပ်အချို့ ပေါ်လာခြင်းကြောင့် ဖြစ်ပေသည်။
"ဒီနေရာမှာ လူတွေ ရှိနေသေးတာလား..."
ချင်ယွမ်ဖုန်း၏ စိတ်ထဲ၌ များစွာ အံ့ဩသွားရသည်။
"ဘာဖြစ်လို့လဲ အာဟိုင်... တခြားလူတွေကို တွေ့လို့လား..."
ယန်ရုက စူးစမ်းမေးမြန်းသည်။
"လူအချို့ကို တွေ့မိတာ... ဒီလိုနေရာမျိုးကို လူတွေ လာလိမ့်မယ်လို့ ငါမထင်ထားမိဘူး..."
ချင်ယွမ်ဖုန်းက ပြုံး၍ ဆိုလိုက်သည်။
ကျွန်းပေါ်တွင် လူများရှိနေခြင်းက ဤနေရာသည် ထင်သလောက် အန္တရာယ်မကြီးကြောင်း ပြသနေခြင်းပင် ဖြစ်သည်။
ယခင်က လာရောက်ခဲ့ကြသော နတ်ဘုရားဆေးခန်းမအသင်းမှ အဖွဲ့ဝင်အချို့မှာမူ ကံမကောင်းရှာကြသဖြင့် ကျွန်းပေါ်သို့ ရောက်သည်နှင့် အန္တရာယ်နှင့် ကြုံတွေ့ရကာ အချိန်မီ ထွက်ပြေးခဲ့ကြရခြင်း ဖြစ်ပေသည်။
ထိုတွေ့ရှိရသော လူစုမှာ မဟာဆရာနယ်ပယ်ဝန်းကျင်မျှသာ ရှိကြပြီး ဤနေရာကို အလွန် ရင်းနှီးကျွမ်းဝင်နေကြပုံရသည်။
"ငါတို့ သွားပြီး မေးကြည့်ရင် မကောင်းဘူးလား..."
ယန်ရုက အကြံပြုသည်။
"ကောင်းပြီလေ... ဒါဆို သွားမေးကြည့်ကြတာပေါ့..."
ချင်ယွမ်ဖုန်းက ရယ်မောကာ သဘောတူလိုက်သည်။
သူတို့နှစ်ဦးသည် အပန်းဖြေ ခရီးထွက်လာကြသည့်နှယ် လက်ဝဲဘက်ခြမ်းရှိ မီးလျှံကျွန်း တောအုပ်အတွင်းသို့ အေးအေးလူလူ လျှောက်လှမ်းလာခဲ့ကြသည်။
ယန်ရု မသိရှိသည်မှာ ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားသည် သူမ သတိမထားမိဘဲ အန္တရာယ်များကို တစ်ခုပြီးတစ်ခု ရှင်းလင်းပေးနေခဲ့ခြင်း ဖြစ်ပေသည်။
အသံတိတ် ပျံသန်းနေသော အလင်းမဲ့ ပျံလွှားဓားမြှောင် သုံးစင်းသည် သေမင်း၏ လက်နက်များပမာ လှုပ်ရှားနေပြီး ချင်ယွမ်ဖုန်းနှင့် သူ၏အဖော်အပေါ် ရန်လိုသော စိတ်ရှိသူမှန်သမျှသည် ထိုဓားသွားများအောက်တွင် အသက်ပျောက်ခဲ့ကြရပြီ ဖြစ်သည်။
"ဝမ်အာ... သိပ်ပြီး အလောမကြီးပါနဲ့ဦး... ကိုယ် ဒီမှာ ရှိနေတာပဲ... ဒီတစ်ကြိမ် စမ်းသပ်ပွဲကတော့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး..."
ထိုအချိန်တွင် မီးလျှံကျွန်း တောအုပ်အတွင်း၌ အမျိုးသားတစ်ဦးက ဘေးမှ အမျိုးသမီးအား စကားဆိုနေသံ ကြားရသည်။
ဝမ်အာဟု ခေါ်သော အမျိုးသမီးက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းကာ ဆို၏။
"ဝမ်းကွဲအစ်ကို... ဒီနေရာက အန္တရာယ်များတယ်... အစ်ကို သတိထားတာ ပိုကောင်းလိမ့်မယ်..."
"ဝမ်အာ..."
ထိုလူက ဝမ်အာ၏ လမ်းကို ပိတ်ဆို့လိုက်ရင်း လေသံကို မြှင့်ကာ ဆိုပြန်သည်။
"ပြောစမ်းပါဦး... မင်း ကိုယ့်ကို မယုံဘူးလား..."
"ယုံပါတယ်... ယုံရတာပေါ့... ဟုတ်ပြီလား..."
ဝမ်အာက စိတ်အနှောင့်အယှက် ဖြစ်ရသလို ရယ်လည်းရယ်ချင်စိတ် ဖြစ်ပေါ်နေရသည်။
သူမ၏ ဝမ်းကွဲအစ်ကိုဖြစ်သူက အမြဲတမ်း လူရာဝင်အောင် ကြွားဝါချင်နေတတ်သဖြင့် အလွန် စိတ်ပျက်စရာ ကောင်းလှပေသည်။
သူတို့နောက်မှ လိုက်ပါလာကြသော လူငယ်များကလည်း တဟားဟား ရယ်မောကြကုန်၏။
"ကဲပါ..."
ဝမ်အာက တည်ငြိမ်စွာ ဖြတ်ပြောလိုက်သည်။
"ရှေ့နားမှာ အဆင့်မြင့် သားရဲတွေ နေထိုင်တဲ့ နယ်မြေရှိတယ်... အဲဒါကြောင့် ငါတို့ သတိထားရမယ်... ဒီတစ်ကြိမ်မှာတော့ ငါတို့ ဟန်မိသားစုကို မုချအပြတ် နှိမ်နင်းရမယ်..."
"ဟန်မိသားစု" ဟူသော အမည်ကို ကြားလိုက်ရသောအခါ အခြားသူများ၏ မျက်နှာအမူအရာများသည်လည်း ချက်ချင်း တည်တံ့သွားကြသည်။
ချင်ယွမ်ဖုန်းသည် ထိုစကားလုံးအားလုံးကို ကြားလိုက်ရသဖြင့် အနည်းငယ် ဆန်းကြယ်သွားမိသည်။ ထိုလူငယ်များသည် တစ်စုံတစ်ခုသော မိသားစုမှ ဖြစ်ဟန်တူပြီး ဤကျွန်းပေါ်တွင် အခြားမိသားစုတစ်ခုလည်း ရှိနေသေးပုံရပေသည်။
မကြာမီတွင် ချင်ယွမ်ဖုန်းသည် ထိုလူငယ်စုအနီးသို့ ချဉ်းကပ်သွားခဲ့သော်လည်း သူ စကားမဆိုရသေးမီမှာပင် ဝမ်းကွဲအစ်ကိုဖြစ်သူက ရုတ်တရက် လှည့်ကြည့်လာပြီး လက်ထဲ၌ ဒူးလေးရှည်တစ်လက် ပေါ်လာကာ မြားတစ်စုံကို ပစ်လွှတ်လိုက်တော့သည်။
သို့သော် မြားက လွတ်ထွက်သွားပြီးနောက်တွင်မူ ထိုဝမ်းကွဲအစ်ကိုသည် နောင်တရသွားရသည်။ အကြောင်းမူကား သူ၏ ပစ်မှတ်မှာ အမှန်တကယ်တွင် လူနှစ်ယောက် ဖြစ်နေခြင်းကြောင့်ပင်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန် ပြင်လိုက်သော်လည်း ထိုခဏ၌ ယန်ရုသည် သူ၏ရှေ့တွင် ပိတ်ရပ်လိုက်ကာ သူမ၏ ဓားရှည်ကို လှပကျနစွာ ဝှေ့ယမ်းလိုက်လေသည်။
ဓားရှည်သည် မြား၏ အလယ်ဗဟိုကို တည့်တည့်မတ်မတ် ထိမှန်သွားပြီး နှစ်ပိုင်းပိုင်းကာ မြေပေါ်သို့ ကျိုးကျသွားရတော့သည်။
ယန်ရုက ချင်ယွမ်ဖုန်းကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ရင်း လေသံမြှင့်ကာ ဆိုလိုက်သည်။
"ဘယ်လိုလဲ... မဆိုးဘူးမှတ်လား... အခုကစပြီး နင့်ကို ကာကွယ်ပေးဖို့ ငါ့အလှည့်ပဲ..."
"မဆိုးဘူး... မဆိုးဘူး... မင်း တိုးတက်လာတာပဲ..."
ချင်ယွမ်ဖုန်းကလည်း ပြုံး၍ ချီးကျူးစကား ဆိုလိုက်ပေတော့သည်။