အခန်း ၆၆၆
Vol. 33 Ch. 666
အခန်း(၆၆၆)
ကျားဖြူကြီးသည် မြေပြင်ပေါ်သို့ ဒုန်းခနဲ လဲပြိုကျသွားရာ ယင်းကို ကြည့်ပြီး ယန်ဝမ်အာနှင့် တုန်ကွီတို့မှာ ဆွံ့အမှင်သက်လျက် ကျန်ရစ်ခဲ့ချေသည်။
သူတို့၏ ရှေ့မှောက်တွင်မူ မမြင်နိုင်သော၊ အသံဗလံမရှိသော အလင်းမဲ့ ပျံလွှားဓားမြှောင် သုံးစင်းသည် ဝဲပျံနေပြီး ထိုအရာက သူတို့နှစ်ဦးအား တုန်လှုပ်ချောက်ချားမှုကို ဖြစ်ပေါ်စေ၏။
သို့ရာတွင် ထိုဓားမြှောင်များသည် သူတို့အား တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိဘဲ လေဟာနယ်ထဲသို့ ပျံတက်သွားကာ လျင်မြန်စွာပင် ပျောက်ကွယ်သွားတော့သည်။
“ဝမ်းကွဲအစ်ကို... အစ်ကို မြင်လိုက်ရဲ့လား” ယန်ဝမ်အာက တိုးတိုးလေး ရေရွတ်လိုက်သည်။
“မြင်တာပေါ့... မြင်လိုက်တယိ” တုန်ကွီသည် တံတွေးကို ခက်ခဲစွာ မျိုချရင်း ပြန်ပြောရှာသည်။
အတန်ကြာမှသာ သူတို့နှစ်ဦး စိတ်ပြန်လည်လာကြ၏။
“ဝမ်းကွဲအစ်ကို... ဒီကျားဖြူကြီးကို သတ်ဖို့အတွက် ပျံလွှားဓားမြှောင်ကို စိတ်နဲ့ထိန်းချုပ်နိုင်တဲ့သူဟာ ဘယ်လောက်တောင် စွမ်းအားကြီးမားတဲ့သူ ဖြစ်ရမလဲ” ယန်ဝမ်အာက မေးမြန်းလိုက်သည်။
တုန်ကွီက ခေါင်းခါယမ်းလျက် “ငါလည်း မသိဘူး။ ဘာပဲဖြစ်ဖြစ် အခုချိန်မှာ ငါတို့ သွားပြီး မပြစ်မှားရဲတဲ့ အဆင့်အတန်းမျိုးပဲ။ ဒါပေမဲ့ အဲဒီလူ ဘယ်ကနေ ရောက်လာမှန်းကို မသိတာ” ဟု ဆို၏။
“သူက မိန်းကလေး ယန်ရုကို ကာကွယ်ပေးနေတဲ့သူ ဖြစ်နိုင်မလား” ယန်ဝမ်အာက ရုတ်တရက် ရေရွတ်လိုက်သည်။
တုန်ကွီက စဉ်းစားကြည့်ပြီးနောက် ထိုသို့ဖြစ်တန်ရာသည်ဟု ခံစားလိုက်ရ၏။
“ငါတို့တစ်လမ်းလုံးမှာ မိန်းကလေး ယန်ရု ပါလာလို့ တကယ်ပဲ အကျိုးကျေးဇူး ခံစားရတာပဲ။ ဒီလောက် စွမ်းအားကြီးတဲ့ ကိုယ်ရံတော်က ငါတို့အနားမှာ ရှိနေပေးတာကိုး” တုန်ကွီက ပြုံးလျက် ဆိုသည်။
“ဟုတ်တယ်” ယန်ဝမ်အာက ပြုံးပြီး ရှေ့သို့လှမ်းကာ သူမ၏ အဆောင်လက်ဖွဲ့ကို အမြန်ကောက်ယူ၍ လက်မောင်းတွင် ပြန်လည်ပတ်လိုက်၏။
တုန်ကွီကမူ ကျားဖြူသားရဲကြီးထံသို့ ချဉ်းကပ်ကာ စတင်ကာ လက်သီးဆုပ်ခန့်ရှိသော မှော်အမြူတေတစ်ခုကို သူတို့ လက်ထဲသို့ ရရှိလိုက်သည်။
သို့သော် ယန်ဝမ်အာက မျက်မှောင်ကြုတ်လိုက်ပြီး ပတ်ဝန်းကျင်သို့ လက်အုပ်ချီလျက် ဂါရဝပြုကာ “ဝါရင့်စီနီယာကြီး ဘယ်နေရာမှာ ရှိနေလဲဆိုတာ ကျွန်မတို့ မသိရပေမယ့်... စီနီယာကြီးကပဲ ဒီကျားဖြူမိစ္ဆာသားရဲကို သတ်ခဲ့တာမို့ ယင်းရဲ့ မှော်အမြူတေဟာလည်း စီနီယာကြီးနဲ့ပဲ ထိုက်တန်ပါတယ်” ဟု အော်ပြောလိုက်၏။
တုန်ကွီသည်လည်း မိမိ၏ ခုနက လုပ်ရပ်သည် ထိုလျှို့ဝှက်ဆရာသခင်အား စိတ်ဆိုးဒေါသထွက်စေနိုင်ကြောင်း သဘောပေါက်သွားသည်။
အဆင့်မြင့် အဋ္ဌမအဆင့် ဖြစ်သော ကျားဖြူသားရဲကြီးကိုပင် လေထဲ၌ အလွယ်တကူ သတ်ဖြတ်နိုင်လျှင် သူတို့နှစ်ဦးကို သတ်ရန်မှာမူ လက်ဖျစ်တစ်ချက်တီးရုံမျှသာ လိုပေမည်။
ထို့ကြောင့် သူသည်လည်း ယန်ဝမ်အာနည်းတူ လက်အုပ်ချီ ဂါရဝပြုရင်း “ဟုတ်ပါတယ် စီနီယာကြီး... ကျွန်တော်က အပိုင်စီးချင်လို့ မဟုတ်ပါဘူး။ စီနီယာကြီးအတွက် ထုတ်ပေးချင်ရုံသက်သက်ပါ” ဟု ဆိုရှာသည်။
သူတို့နှစ်ဦး ထိုနေရာတွင် ရပ်နေသော်လည်း ပတ်ဝန်းကျင်၌ မည်သည့်အရိပ်အယောင်မျှ ပေါ်မလာချေ။ ထိုလျှို့ဝှက်ဆရာသခင်သည် ထွက်ခွာသွားပြီ ဖြစ်ဟန်တူသည်။
ကီလိုမီတာ အနည်းငယ်အကွာတွင် ရှိနေသော ချင်ယွမ်ဖုန်းမှာမူ ရယ်လည်းရယ်ချင် စိတ်လည်းပျက်မိသွားသည်။ သို့သော် သူသည် ထိုမှော်အမြူတေကို ယူရန် စိတ်ကူးမရှိပေ။
ယင်းကို သူတို့နှင့်အတူ ခရီးသွားခြင်းအတွက် အခကြေးငွေအဖြစ်သာ သဘောထားလိုက်တော့သည်။
“ဝမ်အာ... ဘယ်သူမှ ရှိမနေတဲ့ပုံပဲ။ ငါတို့သာ ဒီအဆင့်မြင့် မိစ္ဆာသားရဲရဲ့ မှော်အမြူတေကို ရရင် ဒီစမ်းသပ်ပွဲမှာ သေချာပေါက် အနိုင်ရမှာ” တုန်ကွီက ဝမ်းသာအားရ ပြောသည်။
ယန်ဝမ်အာကမူ စိုးရိမ်ပူပန်နေဆဲဖြစ်ကာ “အကယ်၍ အဲဒီစွမ်းအားရှင်ကြီး ပြန်လာပြီး ငါတို့ မှော်အမြူတေ ယူသွားတာကို မြင်ရင် ဘယ်လိုလုပ်မလဲ” ဟု မေး၏။
“စဉ်းစားကြည့်လေ... ဒီလောက် စွမ်းအားကြီးတဲ့ သားရဲကို အလွယ်တကူ သတ်နိုင်တဲ့သူက ဒီမှော်အမြူတေကို ဂရုစိုက်ပါ့မလား” တုန်ကွီက ဆက်ပြောသည်။ “ဒီမှော်အမြူတေရှိရင် ငါတို့ ယန်မိသားစုအတွက် နေရာအနည်းငယ် ပိုရနိုင်မယ်။ မဟုတ်ရင် ငါတို့ ဟန်မိသားစုရဲ့ ဖိနှိပ်မှုကိုပဲ အမြဲခံနေရမှာ”
ယန်ဝမ်အာသည် စိတ်လှုပ်ရှားသွားဟန်တူသော်လည်း နောက်ဆုံးတွင် သက်ပြင်းချလိုက်လေသည်။
“ဘာပဲဖြစ်ဖြစ် ဒါက ငါတို့ သတ်ခဲ့တာ မဟုတ်ဘူး။ ငါတို့ရဲ့ အင်အားနဲ့ဆိုရင် ဒီလိုသားရဲမျိုးကို သတ်ဖို့ မဖြစ်နိုင်ဘူးလေ။ ဒါကို အဲဒီစီနီယာကြီးအတွက်ပဲ ခဏ သိမ်းထားပေးရအောင်။ ငါတို့ နောက်ထပ် အဆင့်မြင့် ပဉ္စမအဆင့် မိစ္ဆာသားရဲတစ်ကောင်ကိုပဲ ရှာပြီး အမဲလိုက်ကြရအောင်”
ယန်ဝမ်အာတွင်လည်း သူမကိုယ်ပိုင် ခံယူချက် ရှိပေသည်။
“ကောင်းပါပြီ” တုန်ကွီက ပြုံးလိုက်ပြီး “ဒါပေမဲ့ ဒီမှော်အမြူတေရဲ့ အစအနကို ရှင်းပြဖို့ကတော့ ရိုးရိုးလေးပါ။ မင်း လိုအပ်တယ်ဆိုရင် ငါပဲ ရှင်းပြပေးပါ့မယ်” ဟု ဆိုသည်။
ထို့နောက် သူတို့နှစ်ဦးသည် ကျားဖြူကြီးထံမှ ရနိုင်သော ပစ္စည်းများကို သိမ်းဆည်းကြရာ ယင်းက ဝိညာဉ်ကျောက်တုံး အတော်များများ ရနိုင်မည့် အရာများ ဖြစ်ပေသည်။ ပြီးနောက် သူတို့သည် အဖွဲ့ဆီသို့ အလျင်အမြန် ပြန်လာခဲ့ကြတော့သည်။
အပြန်လမ်းမှာလည်း အဆင်ပြေချောမွေ့ခဲ့ပြီး မည်သည့်မိစ္ဆာသားရဲနှင့်မျှ မတွေ့ဆုံဘဲ အဖွဲ့ရှိရာသို့ ဘေးကင်းစွာ ရောက်ရှိလာခဲ့၏။
ယန်ဝမ်အာနှင့် ယန်ရုတို့ ဘေးကင်းစွာ ပြန်ရောက်လာသည်ကို မြင်သောအခါ အားလုံးက ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။ သို့သော် ယန်ဝမ်အာသည် ယန်ရုထံသို့ တိုက်ရိုက် လျှောက်လှမ်းသွားခဲ့၏။
“ကျေးဇူးတင်ပါတယ် မိန်းကလေး ယန်ရု”
ယန်ရုမှာမူ လုံးဝ ဝေခွဲမရဖြစ်သွားကာ “အစ်မ ဝမ်အာ... ဘာတွေကို ပြောနေတာလဲ” ဟု မေးရှာသည်။
ချင်ယွမ်ဖုန်းကမူ ဘာစကားမျှမဆိုဘဲ ပြုံးနေမိသည်။ ယန်ဝမ်အာက မည်သည့်အတွက်ကြောင့် ကျေးဇူးတင်သည်ကို သူ သေချာပေါက် သိသော်လည်း ယန်ရုမှာမူ ဘာမျှမသိရှာပေ။
သို့ရာတွင် ယန်ဝမ်အာသည် သူမဘေးရှိ ချင်ယွမ်ဖုန်းအား ထူးဆန်းသော အဓိပ္ပာယ်ပါသည့် မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
ချင်ယွမ်ဖုန်းမှာ လန့်ဖျပ်သွားရ၏။ ယန်ဝမ်အာက သူ့ကို ရိပ်မိသွားပြီလော။ သို့သော် ယန်ဝမ်အာသည် ချင်ယွမ်ဖုန်းကို ထိုလျှို့ဝှက်ဆရာသခင် ဖြစ်သည်ဟု အသေအချာ မသိနိုင်ဘဲ ရိပ်မိရုံမျှသာ ရှိပုံရသည်။
“ကဲ... ငါတို့ ခရီးဆက်ကြစို့။ ငါတို့ အဆင့်မြင့် ပဉ္စမအဆင့် မိစ္ဆာသားရဲတစ်ကောင်ကို အမဲလိုက်နိုင်သရွေ့ ဒီစမ်းသပ်ပွဲက လုံးဝ အောင်မြင်ပြီလို့ သတ်မှတ်လို့ရတယ်”
ယန်ဝမ်အာက ပြုံးလျက် ဆို၏။
အားလုံးက ခေါင်းငြိမ့်ကြပြီး ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့ကြသည်။
သို့သော် မကြာမီပင် မှောင်ရိပ်သန်းလာခဲ့ပြီး အတန်ကြာ လျှောက်လှမ်းပြီးနောက် အဖွဲ့သည် နောက်ဆုံးတွင် ရပ်နားလိုက်ကြ၏။
ညဉ့်အခါ ဖြစ်သော်လည်း ရေခဲ မီးလျှံကျွန်းသည် အေးစိမ့်ခြင်းမရှိသည့်အပြင် အနည်းငယ်ပင် ပူလောင်လှသည်။ ပတ်ဝန်းကျင်တွင် ရေပူစမ်းကဲ့သို့သော ရေကန်ငယ်များ ရှိနေပြီး အက်ကြောင်းများကြားမှ စီးဆင်းနေသော ချော်ရည်များကို နေရာအနှံ့ တွေ့မြင်နိုင်ပေသည်။
သူတို့သည် ကျောက်တံတိုင်းခြေရင်းတွင် ရှိသော ကုန်းကမူငယ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထိုကျောက်တံတိုင်းတွင် အားလုံး နားခိုနိုင်လောက်သည့် လိုဏ်ဂူငယ်အချို့ ရှိနေ၏။
ထို့ပြင် ကျောက်တံတိုင်းကို ကျောမှီထားခြင်းဖြင့် ရှေ့မှလာမည့် အန္တရာယ်များကိုသာ အာရုံစိုက် စောင့်ကြည့်နိုင်ပေသည်။
ယန်ဝမ်အာ၏ အထူးဂရုစိုက်မှုကြောင့် ချင်ယွမ်ဖုန်းနှင့် ယန်ရုတို့အား လှဲလျောင်း အိပ်စက်နိုင်မည့် သီးသန့် ကျောက်လိုဏ်ဂူတစ်ခု ပေးထားလေသည်။
ရိုးရှင်းသော အစားအစာများကို စားသောက်ပြီးနောက် အားလုံး အိပ်စက်ရန် ပြင်ကြတော့သည်။ တစ်နေ့လုံး သူတို့၏ စိတ်အာရုံများကို တင်းကျပ်ထားခဲ့ရသဖြင့် ယခုမှပင် မည်မျှ ပင်ပန်းနွမ်းနယ်နေကြောင်း သိရှိကြရ၏။
ယန်ဝမ်အာကမူ မိမိကိုယ်ကိုယ် ကောင်းမွန်သော အဖွဲ့ခေါင်းဆောင်တစ်ဦးပီပီ ညကင်းစောင့်ရန် အဆိုပြုခဲ့သည်။
“အာဟိုင်... နင် လှဲအိပ်ချင်လား” ယန်ရုက ချင်ယွမ်ဖုန်းအား ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
ချင်ယွမ်ဖုန်းက လိုဏ်ဂူကို ကြည့်ပြီး ခေါင်းခါပြကာ စိတ်ပျက်စရာကောင်းသော စကားကို ဆိုလေသည် “ဒီလိုဏ်ဂူက ခေါင်းတလားနဲ့ မတူဘူးလား”
ထိုစကားကို ကြားလျှင် ယန်ရုမှာ မျက်လုံးအစုံ အပေါ်သို့ ရောက်မတတ် စိတ်ပျက်သွားရ၏။
“ဒါဆိုရင်လည်း နင် အပြင်မှာပဲ တစ်ယောက်တည်း အိပ်တော့” ယန်ရုက စိတ်ကောက်ကာ နှာမှုတ်လျက် လိုဏ်ဂူထဲသို့ တိုးဝင်ကာ အိပ်စက်ခြင်း ငှာ ပြင်တော့သည်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး အပြင်ဘက်တွင် ထိုင်ကာ ကျင့်ကြံခြင်းကို စတင်လေသည်။
သန်မာလာရန်အတွက် အဘယ်အရာက အရေးကြီးဆုံးနည်း။ ထူးခြားသော ဆုံတွေ့မှုလော။
သို့မဟုတ် ကံကောင်းခြင်းလော။ ထိုအရာများ မဟုတ်ပေ။ ယင်းက ကြိုးစားအားထုတ်မှုသာ ဖြစ်သည်။
ထို့ကြောင့် ချင်ယွမ်ဖုန်းပင်လျှင် ကျင့်ကြံရန် အခွင့်အရေးကို လက်လွတ်မခံဘဲ ကြိုးစားအားထုတ် ကျင့်ကြံနေခြင်း ဖြစ်ပေသည်။
သန်းခေါင်ယံအချိန်တွင် တောအုပ်အတွင်း၌ ထူးဆန်းသော အင်းဆက်ပိုးမွှားများ၏ အော်မြည်သံများကိုသာ ကြားရတော့သည်။
နေ့ခင်းဘက်တွင် မထွက်ရဲသော ထိုအင်းဆက်များသည် ညဉ့်အခါမှသာ ထွက်လာကြဟန်တူ၏။
ကျောက်တံတိုင်း၏ အပြင်ဘက်တွင် အက်ကြောင်းတစ်ခု ရှိနေပြီး ထိုအက်ကြောင်းကြားမှ စီးဆင်းနေသော ချော်ရည်များကြောင့် ဝါကျင်ကျင် အလင်းရောင် သန်းနေသည်။
ထိုအချိန်တွင် ချင်ယွမ်ဖုန်းသည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
တောအုပ်သည် ညဉ့်အခါတွင် အန္တရာယ်အရှိဆုံး ဖြစ်ပေသည်၊ အကြောင်းမူကား အချို့သော အန္တရာယ်ရှိသည့် မိစ္ဆာသားရဲများသည် ညဉ့်အခါမှသာ အမဲလိုက်ရန် ထွက်လာကြသောကြောင့် ဖြစ်သည်။
ယန်ဝမ်အာသည် သန်းဝေလိုက်သည်။ အမှန်တော့ သူမလည်း အလွန်ပင်ပန်းနေပြီ ဖြစ်သော်လည်း အဖွဲ့တွင် အင်အားအကြီးဆုံးသူ ဖြစ်သဖြင့် မနားဝံ့ချေ။
ရေခဲ မီးလျှံကျွန်းသို့ ရောက်ရှိသည့် နှစ်ရက်တာ ခရီးစဉ်၏ ပထမဆုံးနေ့သည် အလွန်အေးချမ်းခဲ့ရာ ယနေ့ညသည်လည်း ထိုနည်းတူ ဖြစ်လိမ့်မည်ဟု သူမ မျှော်လင့်မိသည်။
ထိုစဉ်မှာပင် ယန်ဝမ်အာသည် ချင်ယွမ်ဖုန်း ရုတ်တရက် မတ်တပ်ရပ်လိုက်သည်ကို မြင်လိုက်ရသဖြင့် သူမ၏ ရင်မှာ ဒိန်းခနဲ တုန်သွား၏။
“အာဟိုင်... နင် ဘယ်သွားမလို့လဲ” ယန်ဝမ်အာက မေးလိုက်သည်။
“လမ်းလျှောက်မလို့ပါ” ချင်ယွမ်ဖုန်းက ပေါ့ပေါ့ပါးပါးပင် ဆိုသည်။
“ကျွန်တော့်နောက်ကိုတော့ လိုက်မလာနဲ့ဦးနော်... မဟုတ်ရင် မြင်ရတာ အားနာစရာ ဖြစ်လိမ့်မယ်”
ယန်ဝမ်အာသည် မျက်နှာနီမြန်းသွားကာ ချင်ယွမ်ဖုန်းက သဘာဝတရား၏ အလိုဆန္ဒအရ ကိစ္စရှင်းလင်းရန် သွားခြင်းဖြစ်သည်ဟု ယူဆကာ ခေါင်းငြိမ့်ပြလိုက်ချေသည်။
သို့သော် ချင်ယွမ်ဖုန်း ထွက်ခွာသွားပြီးနောက် ယန်ဝမ်အာသည် သူမ၏ စုစမ်းလိုစိတ်ကို မအောင့်နိုင်တော့သဖြင့် တုန်ကွီကို နှိုးကာ ညကင်းစောင့်ရန် လွှဲအပ်လိုက်တော့သည်။