အခန်း ၄၂၉
Vol. 42 Ch. 429
အပိုင်း (၄၂၉) လန်ကျားပညာသင်ကျောင်း
လန်ကျားအထွတ်အမြတ်မြေမှ သူတော်စင်သခင်သည် ကပ်ဘေးကိုဖြတ်ကျော်ပြီး ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ပညာရှင်တစ်ဦး ဖြစ်လာခဲ့ပြီ။
ထိုသတင်းက ကမ္ဘာတစ်လွှားသို့ ပျံ့နှံ့သွားသောအခါ မရေမတွက်နိုင်သောလူများစွာမှာ အံ့အားသင့်တုန်လှုပ်သွားခဲ့ကြသည်။ လောကကြီးတွင် နောက်ထပ်ထိပ်တန်းပညာရှင်တစ်ဦး ထပ်မံပေါ်ထွက်လာခဲ့ပြီဖြစ်သည်။
ပင်လယ်ကောင်းကင်မျှော်စင်နှင့် တျန်းရှင်းကျွန်းစသည့် အင်အားစုများကတော့ အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့ကြသည်။ လန်ကျားအထွတ်အမြတ်မြေနှင့် မဟာမိတ်ဖွဲ့ခဲ့ခြင်းမှာ မှန်ကန်သည့်လုပ်ရပ်ဖြစ်ကြောင်း သူတို့ခံစားလိုက်ကြရ၏။
ဆန့်ကျင်ဘက်အနေဖြင့် ရှို့ယိဘုရားကျောင်းနှင့် ဝမ်လင်းဂိုဏ်းမှလူများ၏ မျက်နှာများမှာမူ စိတ်ပျက်အားငယ်နေပုံပေါက်နေကြသည်။ သူတို့က သူတော်စင်သခင် ကပ်ဘေးဖြတ်ကျော်သည်ကို အမြင်ချင်ဆုံးသူများပင် ဖြစ်သည်။ ကျောင်းထိုင်ဆရာတော်ကိုယ်တိုင် ဓားဆွဲထုတ်ကာ တိုက်ခိုက်ခဲ့သော်လည်း သူတော်စင်သခင်၏ ကပ်ဘေးဖြတ်ကျော်မှုကို မတားဆီးနိုင်ခဲ့ပေ။
ယခုအခါ လူတိုင်းက လန်ကျားအထွတ်အမြတ်မြေအနေဖြင့် နောက်ထပ်ဘာဆက်လုပ်မည်ကို စောင့်ကြည့်နေကြသည်။
တစ်ချိန်တည်းမှာပင် လန်ကျားအထွတ်အမြတ်မြေက သူတော်စင်သခင်၏ မွေးနေ့ပွဲကို ကျင်းပမည်ဖြစ်ကြောင်း ကြေညာလိုက်လေသည်။
အမှန်တကယ်တွင် ခမ်းနားကြီးကျယ်သော မွေးနေ့ပွဲကျင်းပခြင်းဆိုသည်မှာ ဆင်ခြေတစ်ခုသာဖြစ်ပြီး သူတို့အမှန်တကယ်လုပ်ချင်သည်မှာ သူတော်စင်သခင်၏ ကြီးမြတ်သောစွမ်းအားများကို ပြသချင်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် မွေးနေ့ပွဲတွင် သူတော်စင်သခင် အသက်ဘယ်လောက်ရှိပြီလဲဆိုသည်က အရေးမကြီးတော့ပေ။
လန်ကျားအထွတ်အမြတ်မြေနှင့် မျက်နှာလိုမျက်နှာရလုပ်ချင်နေကြသော ဂိုဏ်းပေါင်းများစွာသည် ဤသတင်းကိုကြားသည်နှင့် လက်ဆောင်များကို စတင်ပြင်ဆင်ကြပြီး သူတော်စင်သခင်၏ မွေးနေ့ပွဲကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။
သူတော်စင်သခင်ကိုယ်တိုင်ကတော့ လန်ကျားအထွတ်အမြတ်မြေရှိ ကိစ္စရပ်များကို ဖြေရှင်းပြီးနောက် အဇူရာတိမ်ဂိုဏ်းဆီသို့ ခရီးဆက်လာခဲ့သည်။ ဤသည်မှာ သူကျန်းယန်ကို ကတိပေးထားခဲ့သောအရာဖြစ်ပြီး နောက်ထပ်အကြောင်းရင်းတစ်ခုမှာ သူက ချင်းယွင်မြို့တော်သို့ လာလည်ချင်နေသည်မှာ ကြာပြီဖြစ်သောကြောင့်တည်း။
ယခင်ကတည်းက ချင်းယွင်မြို့တော်ဆီ သူလာလည်ချင်ခဲ့သော်လည်း ထိုအချိန်က သူ၏စွမ်းအားများ လုံလောက်မှုမရှိသေးဘဲ ချင်းယွင်မြို့တော်သို့သွားလျှင် အဇူရာတိမ်ဂိုဏ်း၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံရမည်ကို စိုးရိမ်နေခဲ့ရသည်။ ယခုအခါ သူက ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ မိမိကိုယ်ကိုကာကွယ်ရန် လုံလောက်သောစွမ်းအားများ ရှိနေပြီဖြစ်သည်။
ပို၍အရေးကြီးသည်မှာ သူ့ကို ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်သို့ ရောက်ရှိစေရန် ကျန်းယန်က စာအုပ်ငယ်အချို့ကို ပေးအပ်ခဲ့ခြင်းပင် ဖြစ်သည်။ ဤအချက်က အဇူရာတိမ်ဂိုဏ်းအပေါ် ထားရှိသည့် သူ၏သတိထားမှုများကို ချက်ချင်း ပြေပျောက်သွားစေခဲ့သည်။
သူ၏အမြင်တွင် အကယ်၍ အဇူရာတိမ်ဂိုဏ်းသာ သူ့ကို နှိမ်နင်းချင်ပါက ကျန်းယန်အနေဖြင့် ထိုစာအုပ်ငယ်များကို ပေးအပ်စရာအကြောင်း မရှိပေ။ ထို့အပြင် ကျန်းယန်က ထိုအရာများကို မည်သို့မည်ပုံ နားလည်သဘောပေါက်လာခဲ့သနည်းဆိုသည်ကို သိရှိရန်အတွက်လည်း ချင်းယွင်မြို့တော်သို့ သူလာရောက်ခဲ့ခြင်းဖြစ်သည်။
သူက အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီသို့ ရောက်ရှိလာချိန်တွင် သူ၏အရှိန်အဝါကို ထုတ်ဖော်လိုက်ရာ ချင်းယွင်ကျိမှာ ချက်ချင်းပင် သိရှိသွားခဲ့သည်။ သူတော်စင်သခင် ချင်းယွင်မြို့တော်ဆီ ရောက်ရှိလာပြီးနောက် ချင်းယွင်ကျိသည် သူ့ကိုကြိုဆိုရန်အတွက် မြို့ပြင်၌ ထွက်ပေါ်လာခဲ့သည်။
"ကပ်ဘေးအောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် တာအိုရောင်းရင်း" ချင်းယွင်ကျိက သူတော်စင်သခင်ကို ပြုံးလျက် ပြောလိုက်သည်။
"တာအိုရောင်းရင်းကတော့ သဘောကောင်းလွန်းနေပါပြီဗျာ" သူတော်စင်သခင်က ပြုံးကာ ခေါင်းခါလိုက်သည်။
"တခြားသူတွေ မသိတာက တစ်ကဏ္ဍထားပါတော့။ ဒါပေမဲ့ ကျုပ်ကပ်ဘေးဖြတ်ကျော်တုန်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ခင်ဗျားတော့ သေချာပေါက် သိနေမှာပဲလေ ဟုတ်တယ်မလား"
"ဟီးဟီး" ချင်းယွင်ကျိက တခစ်ခစ် ရယ်မောလိုက်သည်။ သေချာပေါက် သူဤအကြောင်းကို သိထားသော်လည်း ဘာမှထုတ်ပြော၍မရနိုင်ပေ။
"တာအိုရောင်းရင်း ကျုပ်နဲ့အတူ ဂိုဏ်းဆီ လိုက်ခဲ့မလား ဒါမှမဟုတ်..." ချင်းယွင်ကျိက မေးလိုက်သည်။
သူ့ရှေ့ရှိ ဧရာမချင်းယွင်မြို့တော်ကြီးကို ကြည့်ကာ သူတော်စင်သခင်က ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
"ဒီချင်းယွင်မြို့တော်က အတိတ်ကချင်းယွင်မြို့တော်နဲ့ အများကြီးကွာခြားနေသေးတယ်ဆိုပေမဲ့ တဖြည်းဖြည်း တိုးတက်လာတဲ့ လက္ခဏာတွေ ပြသနေပါပြီ။ အစောကြီးမဟုတ်ရင်တောင် တစ်ချိန်ချိန်ကျရင်တော့ အရင်ကလို ဂုဏ်ကျက်သရေတွေ ပြန်လည်ရရှိလာမှာ အသေအချာပါပဲ"
"ကျုပ်က ချင်းယွင်မြို့တော်အကြောင်း စိတ်ဝင်စားနေခဲ့တာ ကြာပြီမလို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ကြည့်ချင်သေးတယ်။ ချင်းယွင်မြို့တော်မှာ ရက်အနည်းငယ်လောက် နေဖို့ စီစဉ်ထားတယ်။ ပြီးမှ အဇူရာတိမ်ဂိုဏ်းဆီ လာလည်မယ်လေ။ အဆင်ပြေတယ်မလား"
"သေချာတာပေါ့ ပြဿနာမရှိပါဘူး" ချင်းယွင်ကျိက ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။ "ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပြီး အေးအေးဆေးဆေးသာ အနားယူပါ တာအိုရောင်းရင်း"
ထို့နောက် သူသည် အဇူရာတိမ်ဂိုဏ်းသို့ ပြန်သွားကာ ကျန်းယန်ကိုရှာပြီး ပြောလိုက်သည်။ "သူတော်စင်သခင်က ချင်းယွင်မြို့တော်ကို လည်ပတ်ချင်တယ်လို့ပြောတယ်။ တခြားပြဿနာတွေများ ရှိလာနိုင်မလား"
ကျန်းယန်က အကူအညီမဲ့စွာ ပြုံးလိုက်သည်။
"ဒီအဖိုးကြီးက ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်မှာ ရှိနေတာဆိုတော့ သူက ချင်းယွင်မြို့တော်မှာရှိတဲ့ အရာတွေကို သေချာပေါက် ဖောက်ထွင်းမြင်နိုင်မှာပဲ။ ဒါပေမဲ့ သူ့လိုပညာရှင်မျိုးကို တားဆီးကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သူက ချင်းယွင်မြို့တော်ရဲ့ လျှို့ဝှက်ချက်တွေကို မြင်ချင်တယ်ဆိုရင်လည်း မြင်ပါစေတော့လေ"
အကယ်၍ ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ပညာရှင်တစ်ယောက်ကသာ သူ၏အရှိန်အဝါအားလုံးကို အမှန်တကယ် ဖုံးကွယ်ထားမည်ဆိုပါက အဇူရာတိမ်ဝင်္ကပါအနေဖြင့် သူတို့ကို လုံးဝအာရုံခံမိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူတော်စင်သခင်အနေဖြင့် ချင်းယွင်မြို့တော်ကို ကြည့်ရှုချင်သည့်အချိန်တိုင်း လာရောက်နိုင်ပေသည်။
ကျန်းယန်က ထိုသို့ပြောခဲ့သော်လည်း သူတော်စင်သခင် ဘာတွေလုပ်နေသလဲဆိုသည်ကို သိရှိရန်အတွက် ချင်းယွင်ကျိသည် ချင်းယွင်မြို့တော်ကို စောင့်ကြည့်နေခဲ့ဆဲပင်။
သူတော်စင်သခင်ကတော့ သာမန်လူတစ်ယောက်ကဲ့သို့ပင် ချင်းယွင်မြို့တော်ရှိ မှတ်ပုံတင်ဌာနမှတစ်ဆင့် ဝင်ရောက်ခဲ့လေသည်။ သူက ချင်းယွင်မြို့တော်ကို သာမန်လူတစ်ယောက်၏ ရှုထောင့်မှနေ၍ ကြည့်ရှုချင်နေခဲ့ခြင်းဖြစ်သည်။
ချင်းယွင်မြို့တော်၏ မှတ်ပုံတင်ဌာနတွင် မည်သူကမှ စွမ်းအားကြီးမားသောအရှိန်အဝါမရှိသည့် ဤသာမန်လူကို အရေးတယူ မလုပ်ခဲ့ကြပေ။ နေထိုင်ခွင့်ထုတ်ပေးသည့်အချိန်တွင် သူတော်စင်သခင်က ကုန်းယုဟူသောအမည်ကို ပေးခဲ့သော်လည်း မည်သူကမှ ထူးခြားချက်ကို သတိမထားမိခဲ့ကြပေ။
ထိုသို့ဖြင့် သူတော်စင်သခင်သည် ချင်းယွင်မြို့တော်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။
"မင်္ဂလာပါ။ ဧည့်လမ်းညွှန် လိုအပ်ပါသလားရှင်"
သူတော်စင်သခင် ချင်းယွင်မြို့တော်ထဲသို့ ဝင်ရောက်လာပြီးနောက် ဧည့်လမ်းညွှန်တစ်ဦးနှင့် ဆုံတွေ့ခဲ့သည်။
သူတော်စင်သခင်က ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး ပြောလေသည်။ "ချင်းယွင်မြို့တော်ကို ရောက်တာ ဒါပထမဆုံးအကြိမ်ဆိုတော့ ကျုပ်က သိပ်မရင်းနှီးလှဘူး။ မြို့ထဲကို လိုက်ပြပေးလို့ ရမလား"
ထို့နောက် ဧည့်လမ်းညွှန်၏ လမ်းပြမှုဖြင့် ချင်းယွင်မြို့တော်ကို သူစတင်လည်ပတ်လေတော့သည်။ ချင်းယွင်မြို့တော်အတွင်း လမ်းလျှောက်နေစဉ်တွင် သူတော်စင်သခင်သည် မြို့၏အခြေအနေအရပ်ရပ်ကို သေချာစွာ လေ့လာစောင့်ကြည့်ရင်း တွေးတောနေခဲ့သည်။
ချင်းယွင်မြို့တော်ကို တစ်နေကုန်နီးပါး လေ့လာပြီးနောက် သူ၏စိတ်ထဲတွင် လေးစားချီးကျူးမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ ရိုးရိုးသားသားပြောရလျှင် အကယ်၍ သူသာ သာမန်လူတစ်ယောက် သို့မဟုတ် လေလွင့်ကျင့်ကြံသူတစ်ဦး ဖြစ်နေမည်ဆိုပါက ဤနေရာသို့ရောက်ရှိပြီးနောက် ချင်းယွင်မြို့တော်၏ ပတ်ဝန်းကျင်ကြောင့် လေးစားအားကျသွားမည်မှာ သေချာပေသည်။
လုံခြုံရေးဆိုသည်မှာ အားနည်းသူတိုင်း အသည်းအသန် တောင့်တသောအရာဖြစ်ပြီး ထွက်ပေါက်တစ်ခုရှိနေခြင်းကလည်း လူတိုင်း မျှော်လင့်ထားသောအရာပင် ဖြစ်သည်။ ဤအရာနှစ်ခုစလုံးကို ချင်းယွင်မြို့တော်တွင် ရှာဖွေတွေ့ရှိနိုင်ပေသည်။
အဇူရာတိမ်ဂိုဏ်း၏ သင်ခန်းစာပို့ချပြောပွဲများ၊ အပြာရောင်လကုန်သည်ကြီးများအသင်း၏ ဆယ်ရာခိုင်နှုန်းလျှော့ဈေးနှင့် အဆောက်အအုံများ စသည်တို့ ပေါင်းစပ်လိုက်သောအခါ... ဤအချက်များအားလုံးကြောင့် ချင်းယွင်မြို့တော်ကို မည်သူကများ သဘောမကျဘဲ နေနိုင်မည်နည်း။
"အဘိုး ချင်းယွင်ပြတိုက်ကို သွားလည်ချင်သေးလား" ဧည့်လမ်းညွှန်က နွေးထွေးစွာ မေးလိုက်သည်။
သူတော်စင်သခင်က ခေါင်းခါပြလိုက်သည်။ သူက ချင်းယွင်ပြတိုက်သို့ သွားစရာမလိုလောက်ပေ။ သူ၏သက်တမ်းက အဇူရာတိမ်ဂိုဏ်းသမိုင်းကြောင်း၏ တစ်ဝက်ခန့်ပင် ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူက ချင်းယွင်ပြတိုက်သို့ သွားလည်ရန် လိုအပ်ပါဦးမည်လား။
သူမသိခဲ့သောအရာမှာ ထိုပြတိုက်သို့ မသွားခဲ့ခြင်းကြောင့် ချင်းယွင်ပြတိုက်၏ သိမ်မွေ့နက်နဲသော ပညာရေးသဘာဝကို သိမြင်နားလည်နိုင်မည့် အခွင့်အရေး လွတ်ငြိမ်းသွားခဲ့ခြင်းပင် ဖြစ်သည်။
ထို့နောက် သူက ဧည့်လမ်းညွှန်ခပေးချေလိုက်ပြီး လန်ကျားပညာသင်ကျောင်းဆီသို့ သူ့ဘာသာ တစ်ဦးတည်း ထွက်လာခဲ့သည်။ သူတို့က အဇူရာတိမ်ဂိုဏ်းသို့ ရောက်ရှိနေပြီဖြစ်ရာ လန်ကျားပညာသင်ကျောင်းသို့ မသွားဘဲ ဘယ်နေနိုင်မည်နည်း။
သူတော်စင်သခင် လန်ကျားပညာသင်ကျောင်းသို့ ရောက်ရှိလာချိန်တွင် ကုန်းရှန်းက ကျောင်းဂိတ်ပေါက်ဝ၌ စောင့်ဆိုင်းနေနှင့်ပြီး ဖြစ်သည်။ သူတော်စင်သခင်ကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် အလွန်ကြီးမားသော လေးစားမှုဖြင့် အရိုအသေပေးလိုက်လေသည်။
"တခြားသူတွေ လန့်သွားအောင် လုပ်စရာမလိုပါဘူး" သူတော်စင်သခင်က ပြုံးကာ ပြောလိုက်သည်။ "လက်ရှိ လန်ကျားပညာသင်ကျောင်းရဲ့ အခြေအနေ ဘယ်လိုရှိလဲဆိုတာ ကျုပ်သိချင်လို့ပါ"
ကုန်းရှန်းက သူတော်စင်သခင်အား လန်ကျားပညာသင်ကျောင်းထဲသို့ ဖိတ်ခေါ်လိုက်ပြီး သူတို့လမ်းလျှောက်နေရင်းဖြင့် ကျောင်း၏အခြေအနေများကို စတင်မိတ်ဆက်ပေးလေသည်။
"လက်ရှိမှာ ကျောင်းသားပေါင်း နှစ်ထောင့်ခုနစ်ရာ ရှိနေပါတယ်"
"ဘယ်လောက်" သူတော်စင်သခင်သည် ပထမဆုံးအဖြေကြောင့်ပင် အံ့အားသင့်သွားခဲ့ရသည်။ "ချင်းယွင်မြို့တော်မှာ လူဦးရေ သိန်းဂဏန်းလောက်ပဲရှိပြီး အများစုကလည်း လေလွင့်ကျင့်ကြံသူတွေလေ။ ဘယ်လိုလုပ်ပြီး ကျောင်းသားတွေ ဒီလောက်အများကြီး ရှိနေနိုင်ရတာလဲ"
သူတို့ လန်ကျားကုန်းမြေတိုက်ကြီး၌ ပညာသင်ကျောင်းများ တည်ထောင်ခဲ့စဉ်က အဓိကမြို့ကြီးများတွင်ပင် အကောင်းဆုံးကြိုးစားခဲ့သော်လည်း ကျောင်းသားရာဂဏန်းအနည်းငယ်ကိုသာ ဆွဲဆောင်နိုင်ခဲ့ကြသည်။ ၎င်းကပင် အလွန်ထူးခြားပြောင်မြောက်သော အောင်မြင်မှုတစ်ခု ဖြစ်နေခဲ့ပြီဖြစ်သည်။
ကုန်းရှန်းအနေဖြင့် လန်ကျားပညာသင်ကျောင်းကို တည်ထောင်ပြီး မကြာမီမှာပင် ဤမျှများပြားသော ကျောင်းသားများကို မည်သို့မည်ပုံ ဆွဲဆောင်နိုင်ခဲ့သနည်း။
ကုန်းရှန်းက ခါးသက်သက် ပြုံးလိုက်ပြီး ပြောလေသည်။ "ဒါက တပည့်ရဲ့ အောင်မြင်မှုမဟုတ်ပါဘူး။ မြို့တော်ဝန်အိမ်တော်ရဲ့ အောင်မြင်မှုပါ"
"မြို့တော်ဝန်အိမ်တော်က ချင်းယွင်မြို့တော်မှာရှိတဲ့ ကလေးတိုင်း အသက်ငါးနှစ်ပြည့်တာနဲ့ ကျောင်းတက်ရမယ်လို့ တင်းကျပ်တဲ့စည်းမျဉ်း ချမှတ်ထားပါတယ်။ ပြီးတော့ ကလေးကို ကျောင်းမထားတဲ့ ဘယ်မိသားစုကိုမဆို အပြစ်ပေးအရေးယူမှာပါ"
"ဒါ့အပြင် လန်ကျားပညာသင်ကျောင်းက ကျောင်းလခလည်း မယူပါဘူး။ ကလေးတွေအားလုံးကို ကျောင်းပို့ပေးဖို့အတွက် အထူးနွားလှည်းတွေလည်း စီစဉ်ပေးထားတယ်။ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူကများ ကိုယ့်ကလေးကို ကျောင်းမထားဘဲ နေမှာလဲ"
"ထပ်ပြီးပြောရရင် မြို့တော်ဝန်အိမ်တော်က ကလေးတစ်ယောက် အသက်ဆယ့်နှစ်နှစ် ပြည့်သွားပြီးတာနဲ့ မြို့တော်ဝန်အိမ်တော်ကိုယ်တိုင် သူတို့ရဲ့ပါရမီကို စမ်းသပ်စစ်ဆေးပေးမယ်လို့လည်း သတ်မှတ်ထားသေးတယ်"
"အမတလမ်းစဉ်ကို ကျင့်ကြံနိုင်စွမ်းရှိတဲ့သူတွေက အဲ့ဒီလမ်းကို ဆက်လျှောက်ကြရမယ်။ အမတမကျင့်ကြံနိုင်ရင်တောင်မှ အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုကို သင်ယူနိုင်တယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ကလေးကို ဒီကိုမပို့ချင်တဲ့သူဆိုတာ မရှိနိုင်ပါဘူး"
"ဒါကြောင့်မလို့ လန်ကျားပညာသင်ကျောင်း စတင်တည်ထောင်ပြီး ခြောက်လတောင်မပြည့်သေးတဲ့အချိန်မှာ ကျောင်းသား နှစ်ထောင့်ခုနစ်ရာကျော်ကို ဆွဲဆောင်နိုင်ခဲ့တာပါ"
သူတော်စင်သခင်မှာ ဆွံ့အသွားခဲ့လေသည်။ ဤကဲ့သို့သောနေရာမျိုးက မည်သို့များ ဆွဲဆောင်မှုမရှိဘဲ နေမည်နည်း။ လူများစွာ ဤနေရာသို့ရောက်ရှိလာပြီးနောက် မည်သို့များ ထွက်ခွာသွားရက်နိုင်မည်နည်း။
အခြားနေရာများမှ လူများသာ ချင်းယွင်မြို့တော်၏ အခြေအနေကို သိရှိသွားပါက သူတို့၏မိသားစုများကို ချင်းယွင်မြို့တော်ဆီသို့ သေချာပေါက် ခေါ်ဆောင်လာကြမည်ကို သူကောင်းကောင်း တွေးမြင်နိုင်ပေသည်။
ထို့နောက် သူတော်စင်သခင်က ကုန်းရှို့ပင်းကို သွားမတွေ့မီ ကျောင်း၏အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းလေသည်။
တံခါးပိတ်ကျင့်ကြံနေသော ကုန်းရှို့ပင်းသည် သူတော်စင်သခင်ကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် အရိုအသေပေးလိုက်လေသည်။ သူ၏အမူအရာနှင့် နှလုံးသားတို့သည် သူတော်စင်သခင်အပေါ် အကန့်အသတ်မဲ့သော လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုအရာကို မြင်သောအခါ သူတော်စင်သခင်မှာ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။ ငါ့ရဲ့သားက ငါ့ကြောင့် တကယ်ကိုပဲ ပျက်စီးသွားခဲ့ရပြီ။
သူက ကုန်းရှို့ပင်းကိုကြည့်ကာ အသံဩဩဖြင့် ပြောလိုက်သည်။
"မင်းကို တာဝန်တစ်ခု ပေးရမယ်"
"အဖေ ပြောပါ" ကုန်းရှို့ပင်းက အလျင်စလို ပြောလိုက်သည်။
သူတော်စင်သခင်က ယုံမှားသံသယဖြစ်စရာမလိုအောင် ပြတ်သားစွာ ပြောလိုက်သည်။
"မင်းက ကျန်းယန်ဆီကို တစ်နေ့တစ်ကြိမ် သွားလည်ပတ်ရမယ်။ ပြီးတော့ သွားတဲ့အချိန်တိုင်း သူ့ကို မေးခွန်းတစ်ခု မေးရမယ်။ အဲ့ဒီလိုမျိုး အနည်းဆုံး တစ်နှစ်လောက် ဆက်တိုက်လုပ်ရမယ်"
ကုန်းရှို့ပင်းမှာ ချက်ချင်းပင် ဆွံ့အမှင်တက်သွားခဲ့လေတော့သည်။