← Chapters

အခန်း ၄၃၀

Vol. 42 Ch. 430

အခန်း ၄၃၀

Vol. 42 Ch. 430

အပိုင်း (၄၃၀) အဇူရာတိမ်ဂိုဏ်းဆီသို့ ရောက်ရှိလာသော သူတော်စင်သခင်

သူတော်စင်သခင်သည် ကျန်းယန်ကို အသုံးချကာ သူ၏သားဖြစ်သူအား လေ့ကျင့်ပေးရန် ဆုံးဖြတ်လိုက်သည်။ သူက ကျန်းယန်၏ မျက်နှာပြောင်တိုက်တတ်မှုကို အသုံးချ၍ သားဖြစ်သူ၏ မျက်နှာကြောကို ပို၍ထူလာစေရန် ပြုလုပ်ပေးမည်ဖြစ်သည်။

ကုန်းရှို့ပင်းအနေဖြင့် လုံးဝဆန္ဒမရှိသော်လည်း လက်ခံသဘောတူခဲ့ရလေသည်။ သူ၏ကောင်းကွက်တစ်ခုမှာ ဖခင်ဖြစ်သူ၏ အမိန့်ကို အကြွင်းမဲ့နာခံတတ်ခြင်းပင် ဖြစ်၏။

"ပစ္စည်းတွေသိမ်းလိုက်။ ငါနဲ့အတူ အဇူရာတိမ်ဂိုဏ်းကို လိုက်ခဲ့" သူတော်စင်သခင်က သားဖြစ်သူကို ညွှန်ကြားလိုက်သည်။

ကုန်းရှို့ပင်း ပစ္စည်းသိမ်းဆည်းပြီးသွားသောအခါ သူတော်စင်သခင်သည် သူ့ကိုခေါ်ဆောင်လျက် အဇူရာတိမ်ဂိုဏ်းဆီသို့ ထွက်ခွာလာခဲ့လေသည်။

သူတော်စင်သခင်၏ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေခဲ့သော ချင်းယွင်ကျိသည် သူတော်စင်သခင်၏ တည်နေရာကို သဘာဝကျကျပင် သိရှိသွားခဲ့ပြီး ကျန်းယန်ကိုဦးဆောင်ကာ တောင်တံခါးဝအထိ ကိုယ်တိုင်ကိုယ်ကျ ထွက်ကြိုလေသည်။

"ဂါရဝပြုပါတယ် ဦးလေးချင်းယွင်ကျိ" ကုန်းရှို့ပင်းက ရှေ့တစ်လှမ်းတိုး၍ အရိုအသေပေးလိုက်သည်။ ကျန်းယန်၏ ဆူပူကြိမ်းမောင်းမှုကို ခံရပြီးနောက်ပိုင်းတွင် သူက အလွန်အမင်းကြီးကျယ်သော ဂါရဝပြုခြင်းများကို ရပ်တန်းကရပ်လိုက်ပြီး သာမန်အတိုင်းသာ အရိုအသေပေးတော့သည်။

ချင်းယွင်ကျိက ကျန်းယန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် မှော်လက်နက်တစ်ခုကို ထုတ်ယူကာ ကုန်းရှို့ပင်းကို ပေးအပ်လိုက်လေသည်။ တခြားရွေးချယ်စရာ မရှိပေ။ သူ၏တပည့်ဖြစ်သူ ကောက်ခံထားခဲ့သော အကြွေးကို သူကိုယ်တိုင် ပြန်ဆပ်ရမည် မဟုတ်ပါလော။

ယခုအခါတွင် နှစ်ဖက်အကြား ဆက်ဆံရေးက အလွန်ကောင်းမွန်နေပြီး သူတော်စင်သခင်ကိုယ်တိုင်က သူ၏သားကို အဇူရာတိမ်ဂိုဏ်းဆီ ခေါ်ဆောင်လာခဲ့ပြီဖြစ်ရာ ဤစိတ်ဝိညာဉ်လက်နက်ကို မပေးဘဲနေရန်မှာ မဖြစ်နိုင်တော့ပေ။

"ဂါရဝပြုပါတယ် ဦးလေးသူတော်စင်သခင်"

ကျန်းယန်ကလည်း ပြုံးလျက် ရှေ့တိုးလာကာ သူတော်စင်သခင်ကို အရိုအသေပေးလိုက်သည်။

သူတော်စင်သခင်က ကျန်းယန်ကို လှမ်းကြည့်လိုက်ပြီး စိတ်အိုက်ဟန်ဖြင့် ပြောလိုက်သည်။ "လိုက်ကြည့်မနေနဲ့တော့ မင်းအတွက် လက်ဆောင်ဘာမှမပါဘူး"

အဲ့ဒီနဂါးလမ်းညွှန်စုတ်တံက ငါနှစ်ရှစ်ရာလောက် အသုံးပြုလာခဲ့တဲ့ မှော်လက်နက်တစ်ခုကွ။ အဲ့ဒီအတွက် ငါတော်တော်လေးကို ရင်ကွဲနာကျနေခဲ့ရတာ။

ချင်းယွင်ကျိက ရယ်မောလိုက်ပြီး သူတော်စင်သခင်နှင့် သူ၏သားကို တောင်ပေါ်သို့ဖိတ်ခေါ်ကာ အဇူရာတိမ်ခန်းမဆောင်ဆီသို့ လမ်းပြခေါ်ဆောင်သွားခဲ့သည်။ ထို့နောက်တွင် လင်းယွင်ကျိ၊ တန်ချန်ကျိနှင့် ဟွာလင်းကျိတို့အားလုံး ဧည့်သည်များကို ဧည့်ခံရန်အတွက် ရောက်ရှိလာခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ သူတော်စင်သခင်ကဲ့သို့သော ဂုဏ်သရေရှိဧည့်သည်တော်အတွက် အဇူရာတိမ်ဂိုဏ်းက သူ၏ခမ်းနားကြီးကျယ်မှုကို ပြသလိုက်ခြင်းပင် ဖြစ်၏။

အပြန်အလှန် နှုတ်ခွန်းဆက်စကားများ ဆိုပြီးနောက် သူတော်စင်သခင်က အဇူရာတိမ်ဂိုဏ်းသို့ လာရောက်ရသည့် ရည်ရွယ်ချက်ကို ရှင်းပြလေသည်။ သူက စတင်ပြောလိုက်၏။

"ဒီကပ်ဘေးဖြတ်ကျော်ချိန်မှာ ခင်ဗျားတို့ရဲ့အကူအညီကြောင့်သာ မဟုတ်ရင် လန်ကျားအထွတ်အမြတ်မြေက ပြဿနာကြီးကြီးမားမားနဲ့ ရင်ဆိုင်ရနိုင်သလို ကျုပ်ကိုယ်တိုင်လည်း ဒုက္ခရောက်နိုင်တယ်။ ခင်ဗျားတို့ဂိုဏ်းက ကျုပ်တို့သားအဖနဲ့ လန်ကျားအထွတ်အမြတ်မြေအတွက် အများကြီး ကူညီပေးခဲ့လို့ ကျုပ်ကိုယ်တိုင်ကိုယ်ကျ လာပြီးတော့ ကျေးဇူးတင်စကား ပြောချင်တာပါ"

"နောက်ထပ်ကိစ္စတစ်ခုက ဒီအခက်အခဲကနေ ပြဿနာတော်တော်များများကို မြင်လာရတယ်။ ပထမအချက်က လန်ကျားအထွတ်အမြတ်မြေရဲ့ သမိုင်းနဲ့ယဉ်ကျေးမှု အမွေအနှစ်တွေအကြောင်းပဲ။ သာမန်အချိန်တွေဆိုရင် လန်ကျားအထွတ်အမြတ်မြေရဲ့ နက်ရှိုင်းတဲ့အခြေခံအုတ်မြစ်ကြောင့် လောကကြီးက ဘယ်ဂိုဏ်းကိုမဆို မကြောက်မရွံ့ ရင်ဆိုင်နိုင်တယ်"

"ဒါပေမဲ့ ယွင်မုန့်စိမ့်တောထဲမှာ တစ္ဆေဘုံမှ တမန်တော်တစ်ယောက် ပေါ်လာတာက ကျုပ်တို့လန်ကျားအထွတ်အမြတ်မြေအတွက် အင်မတန်ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီး ဖြစ်လာတယ်"

ဤနေရာသို့ရောက်သောအခါ သူတော်စင်သခင်ပင်လျှင် ခါးသက်သက်မပြုံးဘဲ မနေနိုင်တော့ပေ။ ထို့နောက် သူက ဆက်ပြောလေသည်။ "သက်တမ်းကုန်ဆုံးလုနီးပါးဖြစ်နေတဲ့ အဲ့ဒီကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်နဲ့ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေက အစတုန်းက ဂိုဏ်းမှာ အကျပ်အတည်းကြုံလာရင် ကူညီဖြေရှင်းပေးဖို့ ရည်ရွယ်ထားခဲ့တာ"

"မထင်မှတ်ဘဲ အခုတော့ သူတို့ကိုယ်တိုင်က အကြီးမားဆုံးသော အကျပ်အတည်းကြီး ဖြစ်လာခဲ့ပြီ"

ချင်းယွင်ကျိမှာ ဘာပြောရမှန်းမသိဖြစ်ကာ တိတ်ဆိတ်သွားခဲ့လေသည်။ ယွင်မုန့်စိမ့်တောတွင် တစ္ဆေတမန်တော်ပေါ်ထွက်လာမှုသည် ကျန်းယန်တို့အဖွဲ့ ငရဲတံခါးကိုဖွင့်လိုက်ခြင်းနှင့် နီးကပ်စွာဆက်စပ်နေကြောင်းကို သူ သေချာပေါက်နီးပါး သိထားသည် မဟုတ်ပါလော။

ထိုသို့မဟုတ်ပါက နှစ်ပေါင်းများစွာကြာသည်အထိ တစ္ဆေတမန်တော်များ ယွင်မုန့်စိမ့်တောတွင် ပေါ်မလာခဲ့ဘဲ ကျန်းယန်တို့ တစ္ဆေတံခါးကိုဖွင့်လိုက်ပြီးမှသာ အဘယ်ကြောင့် ပေါ်လာရမည်နည်း။

ငရဲတံခါးဖွင့်လိုက်သည့်ကိစ္စကို အခြားဂိုဏ်းများ လုံးဝမသိစေရပေ။ ထိုသို့မဟုတ်ပါက ဤကိစ္စက တစ်လောကလုံးရှိ လူအားလုံးကို ဒေါသထွက်စေလိမ့်မည်မှာ သေချာပေသည်။

"ဒါဆိုရင် ကျုပ်တို့တွေ နောက်ထပ်ဘာဆက်လုပ်သင့်တယ်လို့ သူတော်စင်သခင် ထင်ပါသလဲ" ချင်းယွင်ကျိက မေးလိုက်သည်။

သူတော်စင်သခင်က သက်ပြင်းချကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ "လောကရဲ့ ထိပ်တန်းဂိုဏ်းကြီးဆယ်ခုထဲမှာ ခင်ဗျားတို့ရဲ့ အဇူရာတိမ်ဂိုဏ်းက နှစ်တစ်ထောင်အပြောင်းအလဲတွေကို ကြုံတွေ့ခဲ့ရပြီးနောက်မှာ အခြေခံအုတ်မြစ် အားအနည်းဆုံး ဖြစ်နေခဲ့တယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ဆီမှာ မှော်ရတနာတွေနဲ့ ကျင့်ကြံခြင်းပညာရပ်တွေလောက်ပဲ ကျန်တော့တာလေ"

"ဝါရင့်တာအိုပေါင်းစည်းခြင်းအဆင့်နဲ့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတွေအားလုံးက လွန်ခဲ့တဲ့နှစ်တစ်ထောင်က ဖြစ်ပွားခဲ့တဲ့ အပြောင်းအလဲမှာ သေဆုံးသွားခဲ့ကြပြီ။ တခြားဂိုဏ်းတွေရဲ့ မရေမတွက်နိုင်တဲ့နှစ်တွေတစ်လျှောက် စုဆောင်းထားမှုတွေနဲ့ ယှဉ်လိုက်ရင် အဇူရာတိမ်ဂိုဏ်းရဲ့စွမ်းအားက တကယ်ကို အားနည်းနေတာပဲ"

"ဒါပေမဲ့ ဒီလိုအခြေအနေကပဲ တစ္ဆေဘုံက တမန်တော်တွေကို ရင်ဆိုင်ရတဲ့အခါ ခင်ဗျားတို့အတွက် အကြီးမားဆုံးသော အားသာချက် ဖြစ်လာခဲ့တာပဲ"

"တစ္ဆေဘုံက တမန်တော်တွေက တခြားဂိုဏ်းတွေကို ဘာပဲလုပ်လုပ် ခင်ဗျားတို့အဇူရာတိမ်ဂိုဏ်းကို ပစ်မှတ်ထားမှာမဟုတ်ဘူးဆိုတာ သေချာသလောက်ရှိတယ်"

"မိစ္ဆာတာအိုရောင်းရင်းတွေ ရှိနေတဲ့အတွက်... ခင်ဗျားတို့အဇူရာတိမ်ဂိုဏ်းက လောကမှာ အခြေခံအုတ်မြစ်အကြံ့ခိုင်ဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာခဲ့ပြီ"

"ဒါကြောင့် ကျုပ်လာလည်ရတဲ့ ဒုတိယရည်ရွယ်ချက်က တစ္ဆေဘုံက တမန်တော်တွေ လန်ကျားအထွတ်အမြတ်မြေကို တိုက်ခိုက်လာတဲ့အခါ အဇူရာတိမ်ဂိုဏ်းက ကျုပ်တို့ကို ကူညီပေးဖို့ တောင်းဆိုချင်လို့ပါပဲ"

ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ယခုကဲ့သို့ တိုက်ရိုက်အကူအညီတောင်းခံလာခြင်းက သူ၏ အမြင့်ဆုံးသော ရိုးသားပွင့်လင်းမှုကို ပြသနေပြီဖြစ်သည်။

ချင်းယွင်ကျိ၏ အကြည့်များက ကျန်းယန်ထံသို့ ကျရောက်သွားလေသည်။ ပြင်ပကိစ္စရပ်များအားလုံးကို အလွန်အမင်း ပြတ်သားတိကျစွာဖြင့် ကိုင်တွယ်ဖြေရှင်းလေ့ရှိသည် မဟုတ်ပါလော။

ကျန်းယန်သည် ဆရာဖြစ်သူ၏ဆိုလိုရင်းကို နားလည်သွားပြီး မေးလိုက်သည်။

"ဦးလေးသူတော်စင်သခင် ဒီကိစ္စနဲ့ပတ်သက်ပြီး တခြားအသေးစိတ်အချက်တွေ ရှိပါသေးတယ်။ အဲ့ဒါတွေကို နောက်မှ အသေးစိတ် ထပ်ဆွေးနွေးကြတာပေါ့။ တခြားမေးစရာကိစ္စတွေများ ရှိသေးလား"

သူတော်စင်သခင်မှာ ကျန်းယန်၏ ပြတ်သားသောလုပ်ရပ်များအတွက် အံ့အားသင့်မသွားခဲ့ပေ။ ကျန်းယန်သည် အဇူရာတိမ်ဂိုဏ်းအတွင်း၌ ကြီးမားလှသော ဩဇာလွှမ်းမိုးမှုရှိနေကြောင်း သူကောင်းကောင်း သိရှိထားပြီးဖြစ်သည်။

သူက ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလေသည်။ "နောက်ထပ်ပြဿနာတစ်ခု ရှိသေးတယ်။ ဒီတစ်ခေါက် ကျုပ်ကပ်ဘေးဖြတ်ကျော်လိုက်တာနဲ့ပတ်သက်ပြီး ကမ္ဘာအရပ်ရပ်က တုံ့ပြန်မှုတွေက မျှော်လင့်ထားတာထက် အများကြီး ပိုပြီးပြင်းထန်နေတယ်"

"ကျောင်းထိုင်ဆရာတော်ဆိုရင် လန်ကျားကုန်းမြေတိုက်ကြီးပေါ်အထိ တိုက်ရိုက်ဝင်လာပြီး ကျုပ်ကို အချိန်မရွေး ဓားဆွဲထုတ်ဖို့ အသင့်ဖြစ်နေခဲ့တယ်။ လောကတစ်လွှားက ဂိုဏ်းအသီးသီးကြားက ပဋိပက္ခတွေကလည်း တဖြည်းဖြည်း ကြီးထွားလာနေတယ်"

"ဒီဖြစ်ရပ်တွေထဲမှာ အဇူရာတိမ်ဂိုဏ်းနဲ့ ဝမ်လင်းဂိုဏ်းကြားက တိုက်ပွဲတစ်ခုဖြစ်လာဖို့ကလည်း သေချာသလောက်ရှိနေပြီ။ ဒီမထင်မှတ်ထားတဲ့ ဖြစ်ရပ်က ကျိုးရွှမ်ရှန်း အောင်အောင်မြင်မြင် ချိုးဖြတ်ဝင်ရောက်နိုင်တဲ့နေ့မှာ ဖြစ်လာနိုင်တယ်"

"သေချာတာကတော့ ခင်ဗျားတို့ဘက်မှာ မိစ္ဆာတာအိုရောင်းရင်းတွေ ရှိနေတဲ့အတွက် တခြားပြဿနာတွေတော့ ရှိလာမှာမဟုတ်ပါဘူး"

"ယွင်မုန့်စိမ့်တောမှာ ကျုပ်တို့ရင်ဆိုင်ရမယ့် ဂိုဏ်းတွေနဲ့ပတ်သက်ရင် သူတို့က တစ္ဆေဘုံက တမန်တော်တွေရဲ့ ခြိမ်းခြောက်မှုကို ခံထားရတဲ့အတွက် သူတို့ထဲကတချို့က ကျုပ်တို့ကို သေချာပေါက် တိုက်ခိုက်လာလိမ့်မယ်"

"တခြားဂိုဏ်းတွေကလည်း ဒီအခွင့်အရေးကို လွယ်လွယ်နဲ့ လက်လွှတ်ခံမှာ မဟုတ်ဘူး။ ရှို့ယိဘုရားကျောင်းနဲ့ မဟာနှင်းတောင်တန်းကလည်း ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ကြပြီ။ ပြီးတော့ ဝမ်လင်းဂိုဏ်းကလည်း သူတို့နဲ့နီးကပ်နေတာဆိုတော့ ရှို့ယိဘုရားကျောင်းဘက်မှာ တခြားပြဿနာတွေ ရှိလာမှာမဟုတ်ဘူး"

"ကျုပ်တို့ရဲ့ လန်ကျားအထွတ်အမြတ်မြေက အဇူရာတိမ်ဂိုဏ်း၊ ပင်လယ်ကောင်းကင်မျှော်စင်နဲ့ ကောင်းကင်နှလုံးသားကျွန်းတို့နဲ့ မဟာမိတ်ဖွဲ့ထားတာဆိုတော့ လန်ကျားအထွတ်အမြတ်မြေအတွက် ပြဿနာကြီးကြီးမားမား ရှိလာမှာမဟုတ်ဘူးဆိုတာ သေချာသလောက်ပါပဲ"

"ယွင်ရှောင်နန်းတော်ရဲ့ အခြေအနေကတော့ သိပ်ကောင်းမယ်မထင်ဘူး။ မကြာသေးခင်ကပဲ တစ္ဆေဘုံရဲ့ တမန်တော်ကို တိုက်ခိုက်ရာမှာ မဟာမိတ်ဖွဲ့ဖို့ ယွင်ရှောင်နန်းတော်က လူတွေလွှတ်ပြီး ဆွေးနွေးခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးစရာ ဘာမှမရှိပါဘူး။ ဘာလို့လဲဆိုတော့ တစ္ဆေဘုံက တမန်တော်တွေကို ရင်ဆိုင်ရတဲ့အခါ ကျုပ်တို့အားလုံး ပူးပေါင်းဖို့ကလွဲပြီး တခြားရွေးချယ်စရာမှ မရှိတာပဲ"

"ဒါကြောင့် ပြဿနာတစ်ခု ပေါ်လာတယ်။ အကယ်၍ ကျုပ်တို့အားလုံးသာ တစ္ဆေဘုံက တမန်တော်တွေရဲ့ ထိန်းချုပ်မှုကို ခံလိုက်ရမယ်ဆိုရင် အဲ့ဒီလိုထိန်းချုပ်မခံရတဲ့ သူတွေကကော ဘယ်လိုလုပ်ကြမလဲ"

"မြင့်မြတ်ဝိညာဉ်ဂိုဏ်း၊ ကွေ့ယွမ်ဘုရားကျောင်း၊ ဝမ်လင်းဂိုဏ်း... သူတို့တွေက ဒီအခွင့်အရေးကိုယူပြီး ကောင်းကင်နှလုံးသားကျွန်း ဒါမှမဟုတ် ပင်လယ်ကောင်းကင်မျှော်စင်ကိုပါ တိုက်ခိုက်ပြီး ကျုပ်တို့ကို ဒုက္ခပေးလာနိုင်ချေ ရှိနေသလား"

"ကျုပ်တို့က မဟာမိတ်တွေဖြစ်နေတဲ့အတွက် ကျုပ်တို့ကသာ မကူညီဘူးဆိုရင် ပင်လယ်ကောင်းကင်မျှော်စင်နဲ့ ကောင်းကင်နှလုံးသားကျွန်းက ဘယ်လိုတွေးကြမလဲ။ အကယ်၍ ဒီဂိုဏ်းနှစ်ဂိုဏ်းက ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေကြောင့် သူတို့ဆီ အညံ့ခံသွားခဲ့ရရင် ကျုပ်တို့အတွက် ကြောက်စရာကောင်းတဲ့ ရန်သူနှစ်ယောက် ထပ်တိုးလာပြီး အခြေအနေတွေက ပိုပြီးဆိုးရွားသွားလိမ့်မယ်"

နှစ်များစွာတစ်လျှောက်လုံး သူသည် လောကတစ်လွှားရှိ အင်အားစုများအားလုံးကို စစ်တုရင်ခုံပေါ်တွင် တင်ထားကာ သူတို့၏ မဟာဗျူဟာများကို အဆက်မပြတ် တွက်ချက်ခန့်မှန်းနေခဲ့သူဖြစ်ရာ သဘာဝကျစွာပင် သူ၏ တွေးတောစရာများက အလွန်များပြားနေခဲ့သည်။

သူတော်စင်သခင်၏ မေးခွန်းကို ရင်ဆိုင်လိုက်ရသောအခါ ကျန်းယန်သည် စိတ်ထဲမှ ကြိတ်၍ လှောင်ပြုံးပြုံးလိုက်လေသည်။ သူက ဂိုဏ်းသုံးဂိုဏ်းအနီးတွင် တစ္ဆေတံခါးကို ဖွင့်လှစ်ရန် ပြင်ဆင်နေပြီဖြစ်ရာ ကွေ့ယွမ်ဘုရားကျောင်း၊ ဝမ်လင်းဂိုဏ်းနှင့် မြင့်မြတ်ဝိညာဉ်ဂိုဏ်းတို့အနေဖြင့် မည်သို့လုပ် ပြဿနာရှာနိုင်တော့မည်နည်း။

ထို့ကြောင့် သူတော်စင်သခင် စိုးရိမ်နေသော အခြေအနေမျိုးက မည်သည့်အခါမျှ ဖြစ်ပေါ်လာမည် မဟုတ်ပေ။ သို့သော် ငရဲတံခါးဖွင့်မည့်အကြောင်းကို သူတော်စင်သခင်အား ပြောပြရန်မှာတော့ မဖြစ်နိုင်ပေ။

သူက လေးနက်သောအမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလေသည်။ "ဦးလေးသူတော်စင်သခင် စိုးရိမ်တာက တကယ်ကို အကြောင်းပြချက်ခိုင်လုံပါတယ်။ ဒါပေမဲ့ လောကကြီးရဲ့ အခြေအနေက အရမ်းကိုမြန်မြန်ဆန်ဆန် ပြောင်းလဲနေတာဆိုတော့ ဘယ်လိုအခြေအနေသစ်တွေများ ထပ်ပေါ်လာနိုင်မလဲ ဘယ်သူက သိနိုင်မှာလဲ"

"လွန်ခဲ့တဲ့နှစ်အနည်းငယ်ကသာ တစ္ဆေဘုံက တမန်တော် ပေါ်လာလိမ့်မယ်လို့ တစ်ယောက်ယောက်က ခင်ဗျားကို ပြောခဲ့မယ်ဆိုရင် ခင်ဗျား ယုံကြည်ခဲ့မှာလား"

"တကယ်လို့ တစ်ယောက်ယောက်က မိစ္ဆာတစ်ကောင် ပေါ်လာလိမ့်မယ်လို့ ပြောရင်ကော ခင်ဗျား ယုံကြည်မှာလား"

"ဒါကြောင့် တချို့ကိစ္စတွေကို ကြိုတင်ပြင်ဆင်ထားလို့ရတယ်ဆိုပေမဲ့ အလွန်အမင်း စိုးရိမ်ပူပန်နေစရာမလိုဘူးလို့ ကျုပ်ကတော့ ထင်တုန်းပဲ။ ပြဿနာတစ်ခု တကယ်ပေါ်လာတဲ့အခါမှာ အဲ့ဒါကို ရင်ဆိုင်ပြီး လက်တွေ့ကျကျ ဖြေရှင်းဖို့က အရေးအကြီးဆုံးပါပဲ"

သူတော်စင်သခင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ ဤကိစ္စကို ကျန်းယန်က လေးလေးနက်နက် သဘောထားပုံမရကြောင်း သူခံစားမိလိုက်သည်။

ကျန်းယန်၏ ဉာဏ်ရည်ဉာဏ်သွေးအရ ဆိုလျှင် ဤအခြေအနေများကို သူကြိုတင်မမြင်နိုင်ခြင်းမျိုး မဖြစ်နိုင်ပေ။ သူမသိသေးသော နောက်ကွယ်က အကြောင်းတရားအချို့များ ရှိနေနိုင်မည်လား။

All Chapters