အခန်း ၄၃၁
Vol. 42 Ch. 431
အပိုင်း (၄၃၁)
"ဆရာ စန်းစုန့် တံခါးပိတ်ကျင့်ကြံနေတာကို တစ်ချက်လောက် စစ်ဆေးပေးပါလား။ သူက အရေးကြီးတဲ့အခြေအနေမှာ ရောက်နေတာလား" ကျန်းယန်က ချင်းယွင်ကျိကို ပြောလိုက်သည်။
ချင်းယွင်ကျိက သူ၏နတ်အာရုံဖြင့် စန်းစုန့်၏အခြေအနေကို စစ်ဆေးကြည့်လိုက်ပြီးနောက် ခေါင်းခါကာ ပြောလိုက်သည်။ "သူက တံခါးပိတ်ကျင့်ကြံနေတယ်ဆိုပေမဲ့ အသေပိတ်ထားတာတော့ မဟုတ်ဘူး။ အချိန်မရွေး ထွက်လာလို့ရပါတယ်"
"ဒါဆိုရင် သူ့ကိုခေါ်ပေးပါ ဆရာ။ ကျွန်တော် သူနဲ့စကားပြောစရာရှိတယ်လို့ ပြောပေးပါ" ကျန်းယန်က ပြုံးလျက် ပြောလိုက်သည်။
မကြာမီမှာပင် စန်းစုန့်သည် အဇူရာတိမ်ခန်းမဆောင်ဆီသို့ အပြေးအလွှား ရောက်ရှိလာခဲ့ပြီး လမ်းတစ်လျှောက်လုံး ညည်းညူလာခဲ့သည်။
"ကောင်စုတ်လေး ဘာအကြောင်းမှမရှိဘဲ ငါ့ရဲ့တံခါးပိတ်ကျင့်ကြံမှုကို လာနှောင့်ယှက်တယ်။ငါကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကို မချိုးဖြတ်နိုင်ရင်တော့ ငါ့ကိုလာအပြစ်မတင်နဲ့။ ငါအခွင့်အရေးတစ်ခုကို ဆုပ်ကိုင်နိုင်ခါနီးလေးတင် မင်းကငါ့ကို လာနှိုးလိုက်တာပဲ"
သူက ကပ်ဘေးကို မချိုးဖြတ်နိုင်ခဲ့ခြင်းအတွက် အကြောင်းပြချက်တစ်ခုရစေရန် အပြစ်အားလုံးကို ကျန်းယန်အပေါ်သို့ ဦးစွာပုံချလိုက်ခြင်းဖြစ်သည်။
အဇူရာတိမ်ခန်းမဆောင်ထဲသို့ ဝင်ရောက်လာသည်နှင့် စန်းစုန့်သည် အခြားဧည့်သည်များကို သတိပြုမိသွားပြီး သူ၏မျက်နှာအမူအရာကို ချက်ချင်းတည်တင်းသွားစေလိုက်သည်။
သေချာစွာ အကဲခတ်ကြည့်လိုက်သောအခါ သူမှာ အလွန်အမင်း အံ့အားသင့်သွားခဲ့ရလေသည်။
"သူတော်စင်သခင် ရောက်လာတာကိုး။ သူတော်စင်သခင်နဲ့ အခုလိုဆုံတွေ့ရတာ ဒီနိမ့်ကျတဲ့ကျင့်ကြံသူအတွက်တော့ တကယ်ကို ဂုဏ်ယူစရာပါပဲ"
"တာအိုရောင်းရင်းအိုကြီး ခင်ဗျားကို နောက်တစ်ခါ ပြန်မိတ်ဆက်ပေးပါရစေ။ ဦးလေးသူတော်စင်သခင်က အခု ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်မှာ ရှိနေပါပြီ" ကျန်းယန်က ပြုံးလျက် အလေးအနက် ပြောလိုက်သည်။
စန်းစုန့်မှာ တစ်ခဏမျှ မှင်တက်သွားခဲ့ပြီး သူတော်စင်သခင်ကို တုန်လှုပ်စွာဖြင့် ကြည့်နေခဲ့သည်။
ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်တဲ့လား။ သူတံခါးပိတ်ကျင့်ကြံနေတဲ့အချိန်လေးအတွင်းမှာတင် တစ်ယောက်ယောက်က ကျင့်ကြံခြင်းလောကရဲ့ အထွတ်အထိပ်ကို ရောက်သွားခဲ့ပြီပေါ့။
သူတော်စင်သခင်က စန်းစုန့်ကို ခေါင်းညိတ်ပြလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"ခင်ဗျားမှာလည်း ကပ်ဘေးဖြတ်ကျော်နိုင်မယ့် အခွင့်အရေးတွေ အပြည့်အဝရှိနေပါတယ်။ အထူးသဖြင့် အဇူရာတိမ်ဂိုဏ်းမှာပေါ့"
သူ၏နောက်ဆက်တွဲစကားက အတော်လေး အဓိပ္ပာယ်ပြည့်ဝနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ယခုလက်ရှိတွင် အဇူရာတိမ်ဂိုဏ်းသည် ပါရမီရှင်များ၏တိုက်ပွဲမှ ရရှိလာသော အကျိုးကျေးဇူးများ၊ ပါရမီရှင်များ၏တိုက်ပွဲမှတစ်ဆင့် ကျန်းယန်သယ်ဆောင်လာခဲ့သော ကံကြမ္မာအထောက်အပံ့များနှင့်အတူ အရှိန်အဟုန်ကောင်းစွာဖြင့် တိုးတက်နေသောကြောင့် စန်းစုန့်အနေဖြင့် သူ၏ကပ်ဘေးကိုဖြတ်ကျော်ရန် ပြဿနာရှိမည်မဟုတ်ပေ။
"ကောင်းမွန်တဲ့ အားပေးဆုတောင်းစကားတွေအတွက် ကျေးဇူးတင်ပါတယ် သူတော်စင်သခင်" စန်းစုန့်က အလျင်စလို ကျေးဇူးတင်စကား ဆိုလိုက်သည်။
ထို့နောက် သူက ကျန်းယန်ကိုကြည့်ကာ မေးလိုက်သည်။ "မင်းငါ့ကို ဘာလို့ခေါ်လိုက်တာလဲ"
ကျန်းယန်က မတ်တတ်ရပ်လိုက်ပြီး စန်းစုန့်အနားသို့ လျှောက်သွားကာ တီးတိုးပြောလိုက်သည်။ "တာအိုရောင်းရင်းအိုကြီးရဲ့ ခင်ဗျားက တကယ်ကို တုံးတာပဲ"
"ဦးလေးသူတော်စင်သခင်က ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်မှာ ရှိနေတာလေ။ ခင်ဗျား သူ့ဆီကနေ အသေးစိတ်အကြံဉာဏ်တချို့ မတောင်းချင်ဘူးလား"
"ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ဦးလေးသူတော်စင်သခင်ကို သင်ခန်းစာပို့ချပြဖို့ ကျုပ်တို့ဖိတ်ခေါ်သင့်တယ်လေ"
"အာ" စန်းစုန့်က အံ့အားသင့်စွာ ရေရွတ်လိုက်ပြီး သူ၏မျက်လုံးများက ဟိုဟိုဒီဒီ ကစားသွားခဲ့သည်။
သူတို့အနားရှိ သူတော်စင်သခင်မှာ ရယ်မောကာ မဆူပူဘဲ မနေနိုင်တော့ပေ။
"ကဲပါ ကဲပါ ကျုပ်ကြားပါတယ်ဗျာ"
"နောက်ကျရင် သင်ခန်းစာပို့ချပေးပါ့မယ်လို့ ကျုပ်ကတိပေးပါတယ်"
အရိပ်အမြွက်ပြဆိုမှုတွေက ဒီလောက်တောင် သိသာထင်ရှားနေမှတော့ သူက ဘယ်လိုလုပ် နားမလည်ဘဲ နေပါမည်နည်း။
စိတ်ပျက်စရာကောင်းသည်မှာ သူက ကိစ္စရပ်များကိုဆွေးနွေးရန်အတွက် အဇူရာတိမ်ဂိုဏ်းဆီသို့ အလျင်စလိုထွက်လာခဲ့ရသဖြင့် လန်ကျားအထွတ်အမြတ်မြေအတွင်း၌ပင် သင်ခန်းစာပို့ချပြောခြင်းကို မလုပ်ရသေးခြင်းပင် ဖြစ်သည်။
"အများကြီးကျေးဇူးတင်ပါတယ် သူတော်စင်သခင်" ကျန်းယန်က ဖြီးဖြီးကြီးပြုံးကာ ပြောလိုက်သည်။
စန်းစုန့်ကလည်း အလျင်အမြန်ပင် "ကျေးဇူးတင်ပါတယ် သူတော်စင်သခင်" ဟု ပြောလိုက်လေသည်။
သူက အမှန်တကယ်ကို ကျေးဇူးတင်နေခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ပညာရှင်တစ်ယောက် သင်ခန်းစာပို့ချပြောဖို့ဆိုသည်မှာ အလွန်တရာ ရှားပါးလှသော အခွင့်အရေးဖြစ်သောကြောင့်တည်း။
ဘာပဲဖြစ်ဖြစ်... တစ်လောကလုံးတွင် ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေသူဆို၍ နှစ်ယောက်တည်းသာ ရှိသည်မဟုတ်ပါလော။
"တာအိုရောင်းရင်းအိုကြီး ဦးလေးသူတော်စင်သခင်က ဒီလောက်တောင် သဘောကောင်းနေမှတော့ ကျုပ်တို့က သူ့ကို သေချာပေါက် ဧည့်ခံသင့်တယ် မဟုတ်ဘူးလား" ကျန်းယန်က စန်းစုန့်ကို လေးနက်သောအမူအရာဖြင့် ကြည့်လိုက်သည်။
"ခဏစောင့်ဦး ကျုပ်ခင်ဗျားအတွက် သက်တန့်ငါးနှစ်ကောင် သွားယူပေးမယ်။ အဲ့ဒါတွေကို အောင်အောင်မြင်မြင် ချက်ပြုတ်နိုင်ဖို့ ခင်ဗျားရဲ့စွမ်းရည်အားလုံးကို အသုံးချရလိမ့်မယ်။ လုပ်နိုင်မလား"
"အိုး သေချာပေါက် လုပ်နိုင်တာပေါ့" စန်းစုန့်က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
ဤအရာကို သူသဘောကျပေသည်။
သက်တန့်ငါးကို စားသုံးပြီးနောက် ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ပညာရှင်၏ သင်ခန်းစာပို့ချပြောမှုကို နားထောင်ရမည်ဆိုတော့ ဤအမတကျင့်ကြံခြင်းဘဝက တကယ်ကို မိုက်မဲလွန်းလှသည်အထိ ကောင်းကင်ဘုံလို သာယာလွန်းနေပြီ မဟုတ်ပါလော။
"ဆရာ သက်တန့်ငါးအကောင်ကြီးနှစ်ကောင်လောက် ယူပြီး စန်းစုန့်ကို ပေးလိုက်လို့ရမလား" ကျန်းယန်က ချင်းယွင်ကျိကို ပြောလိုက်သည်။
ချင်းယွင်ကျိသည် နှစ်ပေကျော်ရှည်လျားသော သက်တန့်ငါးနှစ်ကောင်ကို တိတ်ဆိတ်စွာပင် လွှဲပြောင်းပေးလိုက်လေသည်။ ဤငါးများက ရွှေအမြုတေအဆင့်ရှိ သက်တန့်ငါးများ လုံးဝမဟုတ်ပေ...
စန်းစုန့်က သက်တန့်ငါးများကို စိတ်လှုပ်ရှားစွာ ယူဆောင်လိုက်ပြီး အလုပ်ရှုပ်ရန် ပြင်ဆင်လိုက်သည်။
"ခဏစောင့်ဦး"
ကျန်းယန်က စန်းစုန့်ကို လှမ်းခေါ်လိုက်ပြီးနောက် ကုန်းရှို့ပင်းဘက်သို့ လှည့်ကာ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
"အစ်ကိုကုန်း ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားမှာ လုပ်စရာမှမရှိတာ။ ဒီတာအိုရောင်းရင်းအိုကြီးကို သက်တန့်ငါးတွေ ချက်ပြုတ်ရာမှာ ဘာလို့မကူညီပေးရမှာလဲ"
ကုန်းရှို့ပင်းက သူတော်စင်သခင်ကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း သူတော်စင်သခင်၏ ဂရုမစိုက်သော အမူအရာကို မြင်လိုက်ရသောအခါ မကျေမနပ်ဖြင့်သာ ငါးချက်ရန်အတွက် စန်းစုန့်နောက်သို့ လိုက်သွားရတော့သည်။
ထို့နောက် ကျန်းယန်က သူတော်စင်သခင်ဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်သည်။
"ဦးလေးသူတော်စင်သခင်က အဇူရာတိမ်ဂိုဏ်းကို ပထမဆုံးအကြိမ် လာလည်တာဆိုတော့ ကျွန်တော့်ဆရာက အဇူရာတိမ်ဂိုဏ်းကို လိုက်ပြပေးမယ်ဆိုရင်ကော ဘယ်လိုလဲ"
သူတော်စင်သခင်က ခေါင်းညိတ်လိုက်ပြီး ချင်းယွင်ကျိကို ပြုံးကြည့်ကာ ပြောလိုက်သည်။
"ဒါဆိုရင်တော့ ခင်ဗျားကို အလုပ်ရှုပ်ခံခိုင်းရတော့မယ် တာအိုရောင်းရင်း"
ချင်းယွင်ကျိက ကျန်းယန်ကို အဓိပ္ပာယ်ပြည့်ဝစွာ စိုက်ကြည့်လိုက်ပြီးနောက် မတ်တတ်ရပ်ကာ သူတော်စင်သခင်နှင့်အတူ ထွက်ခွာသွားလေသည်။
လင်းယွင်ကျိ၊ တန်ချန်ကျိနှင့် ဟွာလင်းကျိတို့က ကျန်းယန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားရန် ပြင်ဆင်လိုက်ကြသည်။
ကျန်းယန်အနေဖြင့် ကုန်းရှို့ပင်းကိုပင် အဝေးသို့လွှတ်ပစ်ကာ လူတိုင်းအတွက် အစီအစဉ်များ ချမှတ်နေသည်ကို သူတို့အားလုံး မြင်တွေ့နိုင်သောကြောင့် သူဆွေးနွေးချင်သော အရေးကြီးကိစ္စတစ်ခုခု ရှိနေရမည်ကို ရိပ်မိလိုက်ကြသည်။
သို့သော် သူတို့က ဘာအကြောင်းပြောကြမည်လဲ၊ ဘာကြောင့် သူတို့ နားထောင်ခွင့်မရှိရသလဲဆိုသည်ကိုတော့ အနည်းငယ် သိချင်နေခဲ့ကြသည်။
"ဆရာဦးလေးသုံးယောက် ကျွန်တော် ခင်ဗျားတို့ရဲ့ အကူအညီလိုတယ်" ကျန်းယန်က သူတို့သုံးဦးကို အလျင်စလို တားဆီးလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။
"ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ပညာရှင်တစ်ယောက်ရဲ့ သင်ခန်းစာပို့ချပြောမှုဆိုတာ အင်မတန်ကြီးမားတဲ့ အခွင့်အရေးကြီးပဲ"
"အတွေ့အကြုံရင့်ကျက်တဲ့ စားဖိုမှူးတစ်ယောက်အနေနဲ့ ဟင်းတစ်ခွက်ကို ပြင်ဆင်ဖို့အတွက် အနည်းဆုံး သုံးရက်လောက်တော့ အချိန်ယူရမှာပဲ"
"အဲ့ဒီတာအိုရောင်းရင်းအိုကြီးကို ငါးချက်ဖို့ ခေါ်ထုတ်လိုက်ရတဲ့ အကြောင်းရင်းက ပြင်ဆင်ချိန် သုံးရက်လောက်ရအောင် ကျွန်တော် တမင်သက်သက် အချိန်ဆွဲလိုက်တာပဲ"
"ဒီလိုကောင်းမွန်တဲ့ကိစ္စမျိုးမှာ ဂိုဏ်းထဲက အရေးကြီးတဲ့ပုဂ္ဂိုလ်တွေအားလုံး သဘာဝကျကျပဲ ပါဝင်ဖို့ လိုအပ်တယ်လေ"
"ဆရာဦးလေးသုံးယောက်က ဒီကိစ္စကို ဝမ်ပေ့လဲ့၊ ကျန်းချန်းရှန်နဲ့ လျန့်ယိတို့ဆီ သွားပြောပြီး သင်ခန်းစာကို လာနားထောင်ဖို့ လူတွေခေါ်လာခဲ့ဖို့ အကြောင်းကြားပေးပါ"
"ဒါ့အပြင် တာအိုဆရာကောင်းကင်ဒဏ္ဍာရီကိုလည်း အကြောင်းကြားပြီး လာခဲ့ဖို့ ဖိတ်ခေါ်ရမယ်"
လင်းယွင်ကျိနှင့် အခြားသူများမှာ ကျန်းယန်ကို စကားမပြောနိုင်တော့ဘဲ ပြူးကြည့်နေမိကြသည်။ ဒါက တကယ်ကိုပဲ... အဇူရာတိမ်ဂိုဏ်းဆီ လာလည်သည့် သူတော်စင်သခင်ပင်လျှင် ပြန်မထွက်သွားနိုင်ခင်မှာ အကြံအစည်တွေနဲ့ အသုံးချခံလိုက်ရတာပဲ။
ထို့အပြင် ဤကောင်လေးက သူတို့ကို အဝေးသို့လွှတ်ရန်အတွက် အလွန်တရာ ကျိုးကြောင်းဆီလျော်လွန်းသော အကြောင်းပြချက်တစ်ခုကိုပါ ရှာဖွေတွေ့ရှိခဲ့သေးသည် မဟုတ်ပါလော။
သူတို့သုံးဦးမှာ ခေါင်းခါပြလိုက်ပြီး ထွက်ခွာသွားကြလေသည်။
လူတိုင်း ထွက်ခွာသွားကြပြီးနောက် ကျန်းယန်သည် ဆရာဖြစ်သူနှင့် သူတော်စင်သခင်နောက်သို့ အလျင်အမြန် လိုက်သွားခဲ့သည်။
သူတို့သုံးဦးသည် အဇူရာတိမ်တောင်ထွတ်သို့ ရောက်ရှိလာပြီး ဧရာမကျောက်တုံးကြီးတစ်ခုကို တွေ့လိုက်ရသည်။ ချင်းယွင်ကျိနှင့် သူတော်စင်သခင်တို့နှစ်ဦးစလုံးက ကျန်းယန်ကို လှမ်းကြည့်လိုက်ကြပြီး ချင်းယွင်ကျိက အသံဩဩဖြင့် ပြောလိုက်သည်။
"မင်းဘာပြောချင်တာလဲ။ အခု ပြောလို့ရပြီ"
"ကျွန်တော် ဖြေရှင်းရမယ့်ကိစ္စတစ်ခု ရှိလို့ပါ"
ကျန်းယန်က ပြုံးကာ ပြောလိုက်သည်။ "ဒါပေမဲ့ သိပ်တော့မလောပါဘူး"
သူက စားပွဲတစ်လုံးနှင့် ကုလားထိုင်အချို့ကို ထုတ်ယူကာ တောင်ထိပ်ပေါ်တွင် နေရာချလိုက်ပြီးနောက် သူကိုယ်တိုင် စိတ်ဝိညာဉ်လက်ဖက်ရည်တစ်အိုးကို ဖျော်စပ်လိုက်လေသည်။
သူက ဆရာဖြစ်သူနှင့် သူတော်စင်သခင်တို့အတွက် လက်ဖက်ရည်ငှဲ့ပေးနေရင်း ပြောလိုက်သည်။
"ဆရာရယ် ဦးလေးသူတော်စင်သခင်ရယ် ခင်ဗျားတို့နှစ်ယောက်စလုံးက ကိုယ်တိုင်တောင် သတိမထားမိနိုင်တဲ့ ကြီးမားလှတဲ့ အကျပ်အတည်းကြီးတစ်ခုနဲ့ ရင်ဆိုင်နေရတယ်"
"ဟင်"
ချင်းယွင်ကျိနှင့် သူတော်စင်သခင်တို့ နှစ်ဦးစလုံးမှာ မှင်တက်သွားကြပြီး အချင်းချင်း တစ်ချက်ကြည့်လိုက်မိကြသည်။
သူတို့က ကြီးမားတဲ့ အကျပ်အတည်းကြီးတစ်ခုကို ရင်ဆိုင်နေရတယ်တဲ့လား။
ကျန်းယန်က စိတ်ဝိညာဉ်လက်ဖက်ရည်ကို ဆရာဖြစ်သူနှင့် သူတော်စင်သခင်တို့ထံ အသီးသီးကမ်းပေးလိုက်ပြီးနောက် အဓိပ္ပာယ်ပြည့်ဝစွာ မေးလိုက်သည်။
"ဆရာ... ဆရာက ဘယ်လိုလမ်းစဉ်မျိုးကို ကျင့်ကြံနေတယ်လို့ ထင်ပါသလဲ။ ဦးလေးသူတော်စင်သခင်ကကော ဘယ်လိုလမ်းစဉ်မျိုးကို ကျင့်ကြံနေတာလဲ"
ချင်းယွင်ကျိနှင့် သူတော်စင်သခင်တို့ နှစ်ဦးစလုံးမှာ တိတ်ဆိတ်သွားခဲ့ကြသည်။
တန်းပြီးတော့ကို ဒီလောက်ကိုယ်ရေးကိုယ်တာဆန်တဲ့ မေးခွန်းမျိုး မေးလိုက်တာလား။
ချင်းယွင်ကျိကို စိတ်ပျက်စေသောအရာမှာ ထိုကဲ့သို့သောအရာကို သီးသန့်မေးမြန်း၍ မရနိုင်ဘူးလားဟူသည့်အချက်ပင်။
သူတော်စင်သခင်ရှေ့မှာ ဒီလိုလာမေးနေတာက လျှို့ဝှက်ချက်တွေကို ပေါက်ကြားသွားစေတာ မဟုတ်ဘူးလား။
ကျန်းယန်က လေးနက်တည်ကြည်စွာ ပြောလိုက်သည်။
"ဆရာက မိစ္ဆာနှိမ်နင်းခြင်းလမ်းစဉ်ကို ကျင့်ကြံပြီးတော့ ဦးလေးသူတော်စင်သခင် ကျင့်ကြံတဲ့လမ်းစဉ်က စစ်မှန်တဲ့ သူတော်စင်လမ်းစဉ်ပဲ"
ချင်းယွင်ကျိနှင့် သူတော်စင်သခင်တို့က ထိုအမည်နာမကို လက်ခံကာ သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် ဤအရာက သူတို့၏ မဟာတာအိုလမ်းစဉ်များ၏ ပြင်ပနယ်ပယ်အသွင်အပြင်များသာ ဖြစ်သောကြောင့်ပင်။
"ဒါဆိုရင် မေးပါရစေ မိစ္ဆာနှိမ်နင်းခြင်းလမ်းစဉ်ဆိုတာ ဘာလဲ။ ပြီးတော့ သူတော်စင်လမ်းစဉ်ဆိုတာကကော ဘာလဲ" ကျန်းယန်က ပြန်လည်မေးခွန်းထုတ်လိုက်သည်။
"အဲ့ဒီလိုလမ်းစဉ်တွေကို အမတလမ်းစဉ်ထဲမှာ ရှာတွေ့နိုင်လို့လား"
သူတော်စင်သခင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဘာပြဿနာရှိလို့လဲ"
သူ၏ သူတော်စင်လမ်းစဉ်က အမှန်တကယ်ပင် အမတလမ်းစဉ်ထဲတွင် မပါဝင်သလို အခြားမည်သည့်လမ်းစဉ်ထဲတွင်မှလည်း မပါဝင်ပေ။ ၎င်းက သူ့ပိုင်ဆိုင်သည့် မဟာတာအိုလမ်းစဉ်သာ ဖြစ်၏။
ချင်းယွင်ကျိမှာ ဝေဝေဝါးဝါး နားလည်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ချင်းယွင်ကျိသည် အမတများ၊ မိစ္ဆာများ၊ သားရဲများနှင့် တစ္ဆေများဟူသည့် အယူအဆများနှင့်ပတ်သက်၍ သူတော်စင်သခင်ထက်စောကာ ထိတွေ့သိရှိထားခဲ့သောကြောင့်ပင်။
သူက လေးနက်သောအမူအရာဖြင့် မေးလိုက်သည်။
"တခြား တစ်ခုခုဖြစ်ခဲ့သေးလို့လား"
ကျန်းယန်က အမတသန့်စင်အမွှေးတိုင်အိုးကို ရိုးရှင်းစွာထုတ်ယူကာ သူတို့နှစ်ဦးရှေ့တွင် ပြသလိုက်ပြီး ပြောလေသည်။
"ဦးလေးသူတော်စင်သခင် မကြာသေးခင်က ကပ်ဘေးဖြတ်ကျော်ဖို့အတွက် အဇူရာတိမ်ဂိုဏ်းက ဘယ်လိုအမတလက်နက်မျိုးကို အသုံးပြုခဲ့လဲဆိုတာ ခင်ဗျားသိချင်နေမှာပဲ။ အမှန်အတိုင်းပြောရရင် အဲ့ဒါက ဒီအမတသန့်စင်အမွှေးတိုင်အိုးပဲ"
"အမတသန့်စင်အမွှေးတိုင်အိုးက ကောင်းကင်ကပ်ဘေး ၆၉ဆင့်ကို ရှင်သန်ဖြတ်ကျော်နိုင်ခဲ့တဲ့ အကြောင်းရင်းကတော့ အဲ့ဒါက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ပညာရှင်တစ်ယောက်ကို သန့်စင်ပစ်လိုက်လို့ပဲ။ ဆိုလိုတာက သူက မဟာတာအိုလမ်းစဉ်တစ်ခုကို သန့်စင်ပစ်လိုက်တာပဲ"
"ဘာ"
သူတော်စင်သခင်က အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး အမတသန့်စင်အမွှေးတိုင်အိုးကို တုန်လှုပ်စွာ စိုက်ကြည့်လိုက်ကာ ထို့နောက် ကျန်းယန်ထံသို့ အကြည့်ရွှေ့လိုက်သည်။
မဟာတာအိုလမ်းစဉ်ကို တိုက်ရိုက်သန့်စင်ပစ်လိုက်တယ်တဲ့လား။
ဒါက ဘယ်လိုမိစ္ဆာဆန်တဲ့ အပြုအမူမျိုးလဲ။