အခန်း ၄၃၄
Vol. 42 Ch. 434
အပိုင်း (၄၃၄) နတ်သမီးလေးမှာ ကလေးရှိနေပြီ
"အစ်ကိုကြီး" စစ်ထူမင်ယွဲ့က ကျန်းယန်ကို အလျင်စလိုရှာဖွေကာ မေးလိုက်သည်။ "သူတော်စင်သခင်က ကျွန်မတို့ အဇူရာတိမ်ဂိုဏ်းမှာ သင်ခန်းစာပို့ချပေးမယ်ဆိုတာ ဟုတ်လား"
"ဟုတ်တယ်" ကျန်းယန်က ခေါင်းညိတ်လိုက်သည်။
"သူက အဇူရာတိမ်ဂိုဏ်းမှာ ဘာလုပ်ချင်တာလဲ။ တခြားရည်ရွယ်ချက်တွေများ ရှိနေသေးလို့လား" စစ်ထူမင်ယွဲ့က စိုးရိမ်တကြီး မေးလိုက်သည်။
သူတော်စင်သခင်သည် လက်ထပ်ခွင့်တောင်းရန် ရောက်လာခြင်းဖြစ်မည်ကို သူမ အနည်းငယ် စိုးရိမ်နေမိသည်။
ကျန်းယန်က စစ်ထူမင်ယွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလေသည်။ "မင်းက သူ့ကို ဘာလို့ကြောက်နေရတာလဲ"
"ငါသာ မင်းနေရာမှာဆိုရင် သူ့ကိုတွေ့တွေ့ချင်း အပြေးသွားပြီး အရိုအသေပေးလိုက်မယ်။ ပြီးရင် လက်ဆောင်တစ်ခု တောင်းလိုက်မှာပဲ"
"ငါမင်းကို သင်ပေးမယ်။ အကျိုးအမြတ်တွေအားလုံးကိုသာ ယူလိုက် ပြီးရင် ဘာကိုမှ ဝန်မခံနဲ့။ အဲ့ဒါဆို လုံလောက်ပြီမဟုတ်ဘူးလား"
"မင်းတို့တွေက မျက်နှာကြော အရမ်းပါးလွန်းတယ်"
စစ်ထူမင်ယွဲ့က စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
"လူတိုင်းက အစ်ကိုကြီးလိုပဲ ထင်နေတာလား။ တကယ်လို့ သူက တခြားတောင်းဆိုမှုတွေ လုပ်လာရင် ဘယ်လိုလုပ်မလဲ"
"ငါမင်းကို ပြောပြီးပြီလေ။ အကျိုးအမြတ်တွေကိုသာ ယူလိုက် တခြားဘာကိုမှ လက်မခံနဲ့" ကျန်းယန်က သတိပေးလိုက်သည်။ "ဒါနဲ့ ကုန်းရှို့ပင်းလည်း ရောက်နေတယ်။ လန်ကျားအထွတ်အမြတ်မြေကို အလိမ်ခံပြီး ပါမသွားအောင် မင်းသတိထားရင် ကောင်းလိမ့်မယ်"
"မင်းဆရာက မင်းကို လေ့ကျင့်ပေးဖို့ အများကြီး အားထုတ်ထားရတာ။ မင်းကြောင့် ငါတို့အရှုံးပေါ်လို့ မဖြစ်ဘူးနော်"
စစ်ထူမင်ယွဲ့မှာ တုန်လှုပ်သွားပြီး အလျင်စလို ပြောလိုက်သည်။
"ဒါဆိုရင် ဒီပွဲကို ကျွန်မ မတက်တာပဲ ပိုကောင်းလိမ့်မယ်"
သူတော်စင်သခင်နှင့် သူ၏သားတို့ အတူတကွ ရောက်ရှိလာခြင်းက သူမအတွက် သေချာပေါက် ရည်ရွယ်လာခြင်းဖြစ်မည်ဟု သူမခံစားမိသောကြောင့် သူတို့ကို ရှောင်ရှားရန်သာ ဆုံးဖြတ်လိုက်သည်။
ကျန်းယန်က ခေါင်းခါပြလိုက်ပြီး ပြောလေသည်။
"ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ပညာရှင်တစ်ယောက်ရဲ့ သင်ခန်းစာပို့ချပြမှုဆိုတာ ရှားပါးတဲ့ အခွင့်အရေးကြီးပဲ။ အဲ့ဒါကို လက်လွှတ်လိုက်ရရင် နှမြောစရာကြီးပေါ့"
သက်တန့်ငါးကိုတော့ ကျန်းယန်အနေဖြင့် ဖယ်ချန်ထားပေးနိုင်သော်လည်း ဟောပြောပွဲမှ ရရှိမည့် အလင်းပွင့်မှုမျိုးကိုတော့ သူကူညီပေးနိုင်စွမ်း မရှိပေ။
"မင်းအတွက် အကြံတစ်ခုရှိတယ်။ သူတော်စင်သခင်က မင်းရဲ့လက်ထပ်ရေးကိစ္စကို လုံးဝ စဉ်းစားရဲမှာမဟုတ်ဘူးလို့ ငါအာမခံတယ်။ ဒါက မင်းလုပ်ချင်သလား မလုပ်ချင်ဘူးလားဆိုတဲ့အပေါ်မှာပဲ မူတည်တယ်"
ကျန်းယန်က စစ်ထူမင်ယွဲ့ကို ထူးဆန်းသောအပြုံးဖြင့် ကြည့်လိုက်သည်။
စစ်ထူမင်ယွဲ့မှာ အလွန်ဝမ်းသာသွားပြီး အလျင်စလို မေးလိုက်သည်။
"ဘာအကြံလဲ မြန်မြန်ပြောပြပါ"
သူမ၏အစ်ကိုကြီး အကြံထုတ်ပေးလိုက်သည်နှင့် သေချာပေါက် အလွန်ထိရောက်မည်ကို သူမ ကောင်းကောင်းသိထားသည်။
ကျန်းယန်က ထူးဆန်းသောအမူအရာဖြင့် ပြောလိုက်သည်။
"အခုချက်ချင်း ချင်းယွင်မြို့တော်ကိုသွားပြီး ကလေးတစ်ယောက် သွားငှားလိုက်။ အဲ့ဒီကလေးကိုခေါ်ပြီး သူတော်စင်သခင်ကို သွားတွေ့။ သူဘယ်လောက်ပဲ မျက်နှာပြောင်တိုက်တတ်ပါစေ လက်ထပ်ဖို့ကိစ္စကို ထုတ်ပြောရဲမှာ မဟုတ်တော့ဘူး"
စစ်ထူမင်ယွဲ့၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားခဲ့လေသည်။
ဒါက သူမအတွက် တကယ်ကို ရှက်စရာကောင်းလွန်းလှသည် မဟုတ်ပါလော။
သို့သော် အကယ်၍ သူတော်စင်သခင်ကသာ လက်ထပ်ခွင့် တောင်းလာခဲ့မည်ဆိုလျှင် ထိုကိစ္စက ပို၍ပြဿနာကြီးပေမည်။
"ကျွန်မ... ကျွန်မ အပြာရောင်လကုန်သည်ကြီးများအသင်း ဘယ်လိုအခြေအနေရှိလဲ သွားကြည့်လိုက်ဦးမယ်" စစ်ထူမင်ယွဲ့က လှည့်ကာ ချင်းယွင်မြို့တော်ဆီသို့ ထွက်သွားလေသည်။
ကျန်းယန်သည် တောင်အောက်သို့ ဆင်းသွားသော စစ်ထူမင်ယွဲ့ကိုကြည့်ကာ ခေါင်းကို အကြိမ်ကြိမ် ခါယမ်းနေမိသည်။
သူတော်စင်သခင်အကြောင်း သူနားလည်ထားသလောက်ဆိုလျှင် သူတော်စင်သခင်သည် စစ်ထူမင်ယွဲ့နှင့် တွေ့သောအခါ ကုန်းရှို့ပင်းအတွက် သေချာပေါက် လက်ထပ်ခွင့် ထပ်တောင်းမည်ကို သူသိနေသည်။
အဲ့ဒီအဖိုးကြီးက ဒီလိုကိစ္စမျိုးကို သေချာပေါက် လုပ်နိုင်စွမ်းရှိတဲ့သူပဲ။
အကယ်၍ အဇူရာတိမ်ဂိုဏ်းကသာ အခြေအနေကို ကောင်းကောင်း မကိုင်တွယ်နိုင်ပါက သူတို့ မျက်နှာပျက်ရနိုင်ချေ ရှိပေသည်။
ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ခြင်းက သူတော်စင်သခင်ကို မလေးမစားလုပ်ရာ ကျသွားနိုင်သဖြင့် ဤကိစ္စကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည်မှာ အလွန်ပင် အရေးကြီးပေသည်။
သေချာသည်မှာ ကျန်းယန်အနေဖြင့် ရှေ့ထွက်ကာ ညီမငယ်လေးကို သဘောကျကြောင်း လွယ်လွယ်ကူကူ ပြောလိုက်ရုံဖြင့် တရားဝင်အဆင့်အတန်းတစ်ခုကို ရရှိသွားပြီး သူတော်စင်သခင်ကို စကားမပြောနိုင်အောင် လုပ်ပစ်နိုင်ပေသည်။
သို့သော် ကျန်းယန် ကောင်းကောင်းသိထားသည်မှာ သူကိုယ်တိုင်ပင် ပြဿနာများစွာနှင့် လုံလောက်အောင် ရှုပ်ထွေးနေပြီဖြစ်ကြောင်းပင်။
အကယ်၍ သူသာ လူပုံအလယ်တွင် ထိုသို့ ဝန်ခံလိုက်ပါက စစ်ထူမင်ယွဲ့သည် အနာဂတ်တွင် သူ့ကို ပို၍ပင် ဖယ်ရှားပစ်နိုင်တော့မည် မဟုတ်ပေ။
အမတလမ်းစဉ်က ရှည်လျားပြီး ရည်မှန်းချက်တွေက မပြည့်မြောက်သေးဘူးလေ။ ငါက ဘယ်လိုလုပ်ပြီး အချစ်ရေးအတွက် အနှောင့်အယှက် အခံနိုင်ပါ့မလဲ။
"အစ်ကိုကြီး ကျွန်တော်တို့ ရောက်ပြီ"
ကျန်းချန်းရှန်၊ ဝမ်ပေ့လဲ့၊ လျန့်ယိနှင့် အခြားသူများသည် သတင်းပို့ရန် ရောက်ရှိလာကြသည်။
သူတို့ရောက်ရှိလာချိန်တွင် အဇူရာတိမ်ဂိုဏ်း၏ အထက်မြက်ဆုံးသော ပါရမီရှင်များအားလုံးကိုလည်း ခေါ်ဆောင်လာခဲ့ကြသည်။
ဤလူစုသည် အဇူရာတိမ်ဂိုဏ်းက နှစ်များစွာကြာအောင် ရွေးချယ်လေ့ကျင့်ပေးထားသော အမာခံအဖွဲ့ဝင်များ ဖြစ်ကြသည်။ သူတို့၏ အရည်အချင်းများဖြစ်စေ၊ အဇူရာတိမ်ဂိုဏ်းအပေါ် ထားရှိသည့် သစ္စာစောင့်သိမှုဖြစ်စေ အားလုံးက ထိပ်တန်းအဆင့်တွင် ရှိနေသူများ ဖြစ်ကြသည်။
ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ပညာရှင်တစ်ဦး၏ သင်ခန်းစာပို့ချပြောမှုကဲ့သို့သော ရှားပါးလှသည့် အခွင့်အရေးမျိုးကို အရေးအပါဆုံး အမာခံလူအဖွဲ့အတွက်သာ သဘာဝကျကျ ချန်လှပ်ထားခြင်းဖြစ်သည်။
ကျန်းယန်က ပြုံးကာ ကျန်းချန်းရှန်နှင့် အခြားသူများကို ဘေးသို့ခေါ်ယူလိုက်ပြီး အဖွဲ့အသီးသီး၏ တိုးတက်မှုအခြေအနေများကို စုံစမ်းမေးမြန်းလေသည်။
ထို့နောက် အဖွဲ့သုံးဖွဲ့၏ အခြေအနေများအပေါ် မူတည်၍ သူ၏အကြံဉာဏ်များကို ပေးအပ်ခဲ့သည်။
တစ်ရက်ကြာပြီးနောက် တာအိုဆရာသခင်ကောင်းကင်ဒဏ္ဍာရီသည် ကျိယန်ကိုခေါ်ဆောင်လျက် တောင်တံခါးဝသို့ ရောက်ရှိလာပြီး တွေ့ဆုံခွင့် တောင်းခံလေသည်။
လင်းယွင်ကျိက ထွက်လာကာ
တာအိုဆရာကောင်းကင်ဒဏ္ဍာရီနှင့် သူ၏တပည့်ကို တောင်ပေါ်သို့ ဖိတ်ခေါ်လိုက်လေသည်။
တာအိုဆရာကောင်းကင်ဒဏ္ဍာရီမှာ အမှန်တကယ်ပင် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။ ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ပညာရှင်တစ်ဦး၏ သင်ခန်းစာပို့ချပြောမှု အခွင့်အရေးကို အဇူရာတိမ်ဂိုဏ်းက သူ့အား အကြောင်းကြားလိမ့်မည်ဟု သူလုံးဝ မျှော်လင့်မထားခဲ့ပေ။
ထို့ကြောင့် သူသည် သူ၏တပည့်ဖြစ်သူ ကျိယန်နှင့်အတူ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ထို့နောက် တိမ်တောင်အင်ပါယာမှ မိန်းမစိုးဟုန်လည်း ရောက်ရှိလာခဲ့လေသည်။
မိန်းမစိုးဟုန်သည် မိန်းမစိုးတစ်ဦးဖြစ်သော်လည်း တိမ်တောင်အင်ပါယာကဲ့သို့သော နိုင်ငံမျိုးတွင် ဝိညာဉ်အခြေတည်အဆင့်သို့ ရောက်ရှိနိုင်ခဲ့ခြင်းမှာ အတော်လေး မှတ်သားလောက်ဖွယ်ကောင်းလှသည်။
နောက်ထပ်အခြေအနေတစ်ခုမှာ ယခင်တစ်ခေါက်က ဝမ်လင်းဂိုဏ်းသည် အဇူရာတိမ်ဂိုဏ်း၏ တပည့်များကို သတ်ဖြတ်ရန် ကြိုးပမ်းခဲ့စဉ်က မိန်းမစိုးဟုန်သည် အသက်ကိုပဓာနမထားဘဲ အဇူရာတိမ်ဂိုဏ်း၏ တပည့်များစွာကို ကယ်တင်ပေးခဲ့ခြင်းပင်။
ထို့ကြောင့် ဤအခွင့်အရေးကို မိန်းမစိုးဟုန်အား ပေးအပ်ခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးရောက်ရှိလာသူမှာ စစ်ထူဟောင်နန်ဖြစ်သည်။
အမှန်တကယ်တွင် ဤအခွင့်အရေးကို စစ်ထူဟောင်နန်အား ပေးအပ်ခဲ့ခြင်းမှာ စစ်ထူမင်ယွဲ့၏ မျက်နှာကြောင့်သာ ဖြစ်သည်။
နောက်ထပ်အကြောင်းရင်းတစ်ခုမှာ စစ်ထူဟောင်နန်သည် စစ်ထူမိသားစု၏ ကုန်သည်ကြီးများအသင်းကို အပြာရောင်လကုန်သည်ကြီးများအသင်းနှင့် လိုလိုလားလား ပူးပေါင်းခဲ့ပြီး ယွင်ထန့်အင်ပါယာတွင် အပြာရောင်လကုန်သည်ကြီးများအသင်း တည်ဆောက်ခြင်းကို မြှင့်တင်ပေးခဲ့သောကြောင့်ပင်။
ဤအခြေအနေနှစ်ရပ်ကို ထောက်ထား၍ ကျန်းယန်သည် စစ်ထူဟောင်နန်ကို အခွင့်အရေးတစ်ခု ပေးအပ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ဤသင်ခန်းစာပို့ချပြောမှုမှတစ်ဆင့် သူမည်မျှလောက် အကျိုးကျေးဇူးရရှိနိုင်မည်နည်းဆိုသည်ကိုတော့ ကျန်းယန် စိုးရိမ်နေမိသည်။
ဧည့်သည်များသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
အဇူရာတိမ်ဂိုဏ်း၏ တပည့်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်များအားလုံး ပေါင်းလိုက်လျှင် လူနှစ်ရာကျော် ရှိနေလေသည်။
ဧည့်သည်များအားလုံး စုံလင်သွားသောအခါ ကျန်းယန်သည် အဇူရာတိမ်တောင်ထွတ်သို့ တက်သွားကာ ချင်းယွင်ကျိနှင့် သူတော်စင်သခင်တို့ကို နေရာယူရန် ဖိတ်ခေါ်လိုက်လေသည်။
ဂိုဏ်း၏ အဆင့်နိမ့်တပည့်များသည် အဇူရာတိမ်ခန်းမဆောင်အပြင်ဘက်တွင် သေသပ်စွာ ရပ်နေကြပြီး သူတော်စင်သခင်၏ သင်ခန်းစာပို့ချပြောမှုကို ရိုသေလေးစားစွာဖြင့် စောင့်ဆိုင်းနေကြသည်။
ကျန်းချန်းရှန်၊ ဝမ်ပေ့လဲ့နှင့် လျန့်ယိတို့ကဲ့သို့သော အဓိကအမာခံတပည့်များသာ အဇူရာတိမ်ခန်းမဆောင်အတွင်း၌ နေရာရရှိမည်ဖြစ်သည်။
အဇူရာတိမ်ခန်းမဆောင်အတွင်း၌ ဤမျှများပြားသော တပည့်များအတွက် နေရာအလုံအလောက် မရှိသောကြောင့်ပင်။
သေချာသည်မှာ ကျန်းကျစ်ချိုးသည် ချင်းယွင်မြို့တော်၏ မြို့တော်ဝန်ဖြစ်သောကြောင့် ပင်မခန်းမဆောင်အတွင်း၌ နေရာတစ်နေရာ ရရှိခဲ့သည်။
စစ်ထူမင်ယွဲ့၏ တပည့်ဖြစ်သော ချွန်းရှောင်သည် ဤတရားပွဲသို့ တက်ရောက်ခွင့်ရသော်လည်း ခန်းမဆောင်၏အပြင်ဘက်တွင်သာ ရပ်နေခဲ့ရသည်။
သူတော်စင်သခင် ထိုင်ချလိုက်ပြီး အဇူရာတိမ်ဂိုဏ်း၏ တပည့်များကို တစ်ချက်ဝေ့ကြည့်လိုက်ကာ လျှို့ဝှက်စွာဖြင့် အံ့အားသင့်သွားခဲ့လေသည်။
သူ၏ ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ရှုထောင့်မှကြည့်လျှင် ဤလူများအားလုံးက အလွန်ထူးချွန်သော ပါရမီများရှိကြောင်း သူသိနိုင်ပေသည်။ တပည့်များ၏ မျက်လုံးထဲရှိ ပြတ်သားသော အကြည့်များကို ကြည့်ခြင်းအားဖြင့်... အဇူရာတိမ်ဂိုဏ်း၏ အနာဂတ်က တကယ်ကို ပြိုင်ဘက်ကင်း ထူးခြားလှပေသည်။
သူက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ချင်းယွင်ကျိကို ပြုံးကာ မေးလိုက်သည်။
"တာအိုရောင်းရင်း ခင်ဗျားရဲ့ ဒုတိယတပည့် စစ်ထူမင်ယွဲ့အကြောင်း ကျုပ်ကြားနေရတာ ကြာပြီ။ ဘာလို့ သူ့ကို မတွေ့ရတာလဲ"
ဧည့်သည်ခုံတွင် ထိုင်နေသော ကုန်းရှို့ပင်းမှာလည်း သူ၏လည်ပင်းကို ဆန့်ထုတ်ကာ မကြည့်ဘဲ မနေနိုင်တော့ပေ။
အမှန်တကယ်တော့ သူကိုယ်တိုင်လည်း ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။
ဒီလိုအရေးကြီးတဲ့ ပွဲမျိုးမှာ စစ်ထူမင်ယွဲ့ ထွက်မလာဘဲ နေပါ့မလား။
ချင်းယွင်ကျိက စိတ်ထဲမှ ခါးသက်သက် ပြုံးလိုက်မိသည်။ ဤအချိန်တွင် သူတော်စင်သခင်က စစ်ထူမင်ယွဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုလာခြင်းက ကိုင်တွယ်ဖြေရှင်းရန် အနည်းငယ် ခက်ခဲလှပေသည်။
သူက ကျန်းယန်ကိုကြည့်ကာ အဓိပ္ပာယ်ပြည့်ဝစွာ မေးလိုက်သည်။
"မင်းရဲ့ ညီမငယ်လေးကော ဘယ်မှာလဲ"
"ဪ ဆရာ။ ညီမငယ်လေးက ကိစ္စတစ်ခုကြောင့် နည်းနည်းနောက်ကျနေတာပါ။ မကြာခင် ရောက်လာပါလိမ့်မယ်" ကျန်းယန်က ပြန်ဖြေလိုက်သည်။
လူလည်အဖိုးကြီးဖြစ်သော သူတော်စင်သခင်က ဤကိစ္စကို သေချာပေါက် ထုတ်ပြောလာမည်ကို သူသိထားပြီးဖြစ်သည်။
အခုတော့ စစ်ထူမင်ယွဲ့ ဘယ်လိုပြင်ဆင်လာမလဲဆိုတဲ့အပေါ်မှာပဲ မူတည်တော့တယ်။
ချင်းယွင်ကျိက ခွက်ကိုကောက်ကိုင်လိုက်ပြီး စိုးရိမ်တကြီးဖြင့် လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။ ပြီးနောက် သူတော်စင်သခင်ကို မည်သို့ဆက်လက်ကိုင်တွယ်ရမည်ကို သူစဉ်းစားနေခဲ့သည်။
ကျန်းယန်ကိုပဲ ညီမငယ်လေးကို ချစ်ကြိုက်ကာ အတူအိပ်ပြီးပြီဖြစ်ကြောင်း ဝန်ခံခိုင်းလိုက်ရမလား။
ဒါက ရှေ့ဆက်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပုံရတယ်။
လူတိုင်းက စစ်ထူမင်ယွဲ့ကို ရှာဖွေနေကြချိန်တွင် သူမ အပြေးအလွှား ရောက်ရှိလာခဲ့လေသည်။
ကျန်းယန်သည် စစ်ထူမင်ယွဲ့က ကလေးတစ်ယောက်၏လက်ကို အမှန်တကယ် ဆွဲလာသည်ကို မြင်လိုက်ရသောအခါ သက်ပြင်းချနိုင်သွားခဲ့လေသည်။
ဒီကလေးမက တကယ်ကို သင်ပေးလို့ရတာပဲ။
"ဆရာ" စစ်ထူမင်ယွဲ့က လေးငါးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ဆွဲခေါ်လျက် ပင်မခန်းမဆောင်အတွင်းသို့ အလျင်စလို ဝင်ရောက်လာခဲ့သည်။
"တပည့် ကိစ္စတစ်ခုကြောင့် နည်းနည်းလေး နောက်ကျသွားတယ်"
"တာအိုရောင်းရင်း ဒါက ခင်ဗျားရဲ့ ဒုတိယတပည့်ပဲကိုး" သူတော်စင်သခင်က ပြုံးလျက် ပြောလိုက်သည်။ "တကယ်ကို ပြိုင်ဘက်ကင်း အလှတရားနဲ့ ကျက်သရေကို ပိုင်ဆိုင်ထားတာပဲ။ ငါ့သားက သူ့ကို နေ့ရောညပါ တမ်းတနေတာ မဆန်းပါဘူးလေ..."
သူ့စကားပင် မဆုံးသေးခင်မှာပဲ စစ်ထူမင်ယွဲ့ ဆွဲခေါ်လာသော မိန်းကလေးငယ်က သူမကို စိတ်အားထက်သန်စွာ မော့ကြည့်ပြီး မေးလိုက်သည်။
"မေမေ မေမေက အရသာရှိတာတွေ ရှိတယ်ဆို။ ဘယ်မှာလဲဟင်။ သမီးတို့ အခု စားလို့ရပြီလား။ သမီး မနေ့က မေမေခေါ်သွားပြီး ဝယ်ကျွေးတဲ့ အချိုရည်လေး သောက်ချင်တယ်..."
"ဖူး"
ချင်းယွင်ကျိသည် သောက်လက်စ လက်ဖက်ရည်များကို ပန်းထုတ်လိုက်မိပြီး စစ်ထူမင်ယွဲ့ကို ထူးဆန်းစွာ ကြည့်လိုက်လေသည်။
သူတော်စင်သခင်၏ ပါးစပ်မှာ ဟောင်းလောင်းဖြစ်သွားပြီး သူပြောမည့်စကားများကို ဆက်မပြောနိုင်တော့ဘဲ ဖြစ်သွားလေသည်။
ပင်မခန်းမဆောင်၏ အနောက်ဘက်ဆုံးတွင် ထိုင်နေသော စစ်ထူဟောင်နန်မှာ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။ ဘာတွေဖြစ်နေတာလဲ။