← Chapters

အခန်း ၄၃၅

Vol. 42 Ch. 435

အခန်း ၄၃၅

Vol. 42 Ch. 435

အပိုင်း (၄၃၅) သူတော်စင်သခင်၏ သင်ခန်းစာပို့ချပြောမှု

သူတော်စင်သခင်၏ ခေါင်းထဲတွင် အူဝေသွားပြီး သားဖြစ်သူကို စိတ်ထဲမှ ကြိတ်၍ ကျိန်ဆဲလိုက်မိသည်။

မင်းက အခြေအနေကို နားရောနားလည်ရဲ့လား။

သူများတွေရဲ့ကလေးက ဒီလောက်တောင် ကြီးနေပြီကို ငါလိုအဖိုးကြီးက မင်းအတွက် လက်ထပ်ခွင့်တောင်းပေးဖို့ ဒီကိုရောက်နေရသေးတယ်လို့လား။ ငါ့မျက်နှာတော့ အကုန်ပျက်ပါပြီကွာ။

သားဖြစ်သူက အခြေအနေကို နားမလည်တာဖြစ်မည်ဟု အလိုအလျောက် တွေးလိုက်မိသော်လည်း ဘာတွေဖြစ်နေသလဲဆိုတာကို သူချက်ချင်း သဘောပေါက်သွားခဲ့သည်။

အကယ်၍ စစ်ထူမင်ယွဲ့မှာ တကယ်ပဲ ကလေးရှိနေမည်ဆိုလျှင် ချင်းယွင်ကျိက ပြီးခဲ့သည့်အကြိမ်ကတည်းက တိုက်ရိုက်ပြောပြနိုင်သည် မဟုတ်ပါလော။ တစ်နည်းအားဖြင့်ဆိုရလျှင် ဤကလေးက...

သူက စစ်ထူမင်ယွဲ့ကို စူးစိုက်ကြည့်လိုက်ပြီး ချက်ချင်းပင် အံ့အားသင့်သွားခဲ့ရသည်။

ဤအချိန်တွင် စစ်ထူမင်ယွဲ့သည် ဝိညာဉ်အခြေတည်အဆင့်၌သာ ရှိနေသေးသော်လည်း သူမ၌ တာအိုကျက်သရေနှင့် ပြိုင်ဘက်ကင်းသော အငွေ့အသက်များကို ပိုင်ဆိုင်နေနှင့်ပြီး ဖြစ်သည်။ စစ်ထူမင်ယွဲ့သည် သေချာပေါက် ကောင်းကင်မှ ပေးသော ပါရမီရှင်ဖြစ်ရမည်ကို သူတော်စင်သခင် ချက်ချင်း နားလည်သွားခဲ့သည်။

ဤကဲ့သို့သော တပည့်မျိုးက တခြားဂိုဏ်းဆီသို့ လက်ထပ်သွားဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။

စစ်ထူမင်ယွဲ့၏ လက်ထပ်ရေးကိစ္စကို ထုတ်ပြောလာတိုင်း အဇူရာတိမ်ဂိုဏ်းက အဘယ်ကြောင့် အမြဲတမ်း ဆင်ခြေပေးနေခဲ့ရသနည်းဆိုသည်ကို သူ ချက်ချင်း သဘောပေါက်သွားခဲ့သည်။

ဤအချက်ကို နားလည်သွားပြီးနောက် စစ်ထူမင်ယွဲ့၏ ကလေးကိစ္စကို ပြန်ကြည့်သောအခါ ဆွေးနွေးစရာ နေရာတစ်ခု ရှိလာခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ဤကောက်ကျစ်သော ဉာဏ်ဆင်မှုက ကျန်းယန်၏ ကလိမ်ကကျစ်အကြံအစည်သာဖြစ်ရမည်ဟု သူကောက်ချက်ချလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ကျန်းယန်ကဲ့သို့ အရှက်မရှိ ပြောင်ချော်ချော်နိုင်သူမျိုးသာ ဤမျှရိုးရှင်းထိရောက်ပြီး တိုက်ရိုက်ကျလွန်းသော ညစ်ပတ်သည့် အကြံအစည်မျိုးကို လုပ်ဆောင်နိုင်စွမ်း ရှိသောကြောင့်ပင်။

သူတော်စင်သခင်မှာ စိတ်ထဲမှ ခါးသက်သက် ပြုံးလိုက်မိသည်။

စစ်ထူမင်ယွဲ့၏ ကလေးနှင့်ပတ်သက်၍ တစ်ခုခု မှားယွင်းနေမှန်း သူသိသော်လည်း လက်ထပ်ခွင့်တောင်းရန်တော့ စကားမဟနိုင်တော့ပေ။

ကလေးကိစ္စတွင် မမှန်မကန်ဖြစ်နေမှန်း သူခန့်မှန်းမိသော်လည်း တခြားမည်သူကမှ မသိကြပါချေ။

အကယ်၍ စစ်ထူမင်ယွဲ့တွင် အိမ်ထောင်ရှိနေမှန်း သိသိရက်နှင့် သူက လက်ထပ်ခွင့် ဆက်တောင်းနေမည်ဆိုပါက သူ့အာဏာကို အလွဲသုံးစားလုပ်ရာ မကျလွန်းဘူးလား။ သူ့ဂုဏ်သိက္ခာကိုရော သူဂရုမစိုက်တော့ဘူးလား။ လန်ကျားအထွတ်အမြတ်မြေရဲ့ ဂုဏ်သတင်းကိုကော သူဂရုမစိုက်တော့ဘူးလား။

သူတော်စင်သခင်နှင့်တကွ လန်ကျားအထွတ်အမြတ်မြေကြီးပါ နာမည်ဆိုးဖြင့် ကျော်ကြားသွားနိုင်ချေ ရှိပေသည်။

ထိုအခြေအနေကို တွေးမိသောအခါ သူတော်စင်သခင်သည် သားဖြစ်သူကို တစ်ချက်လှမ်းကြည့်လိုက်ပြီး စိတ်ထဲမှ ပြောလိုက်သည်။

"အဖေ မင်းကို မကူညီချင်လို့မဟုတ်ဘူး ငါ့မျက်နှာ ထပ်အပျက်မခံနိုင်တော့လို့ပါကွာ"

ကုန်းရှို့ပင်း၏ ခေါင်းထဲတွင်လည်း အူဝေနေခဲ့သည်။

သူသဘောကျနေသော အမျိုးသမီးက ခိုင်းလို့ရလောက်အောင် ကြီးနေပြီဖြစ်တဲ့ ကလေးတစ်ယောက်တောင် ရှိနေပြီတဲ့လား။

သူ၏နှလုံးသားမှာ တစ်စစီ ကွဲကြေသွားခဲ့လေသည်။ ဤလောကကြီးက သူ့အပေါ် ရက်စက်လွန်းလှသည်။

ခေါင်းထဲတွင် အူဝေနေသော နောက်ထပ်လူတစ်ယောက်လည်း ရှိနေသေးသည်။ ထိုသူကား စစ်ထူဟောင်နန်ပင်။

သူ၏ ရင်ထဲတွင် အော်ဟစ်နေမိသည်။ ဘာတွေဖြစ်နေတာလဲ။

သူ၏သမီးဖြစ်သူ အိမ်ကထွက်သွားခဲ့သည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း ဘယ်လိုလုပ်ပြီး ကလေးတစ်ယောက် ရုတ်တရက် ပေါ်လာရတာလဲ။ ဘယ်သူ့လက်ချက်လဲ။

ဆန့်ကျင်ဘက်အနေဖြင့် အခြားသူများကတော့ စစ်ထူမင်ယွဲ့၏ ကလေးနှင့်ပတ်သက်၍ များများစားစား ဂရုစိုက်ပုံမပေါ်ကြပေ။

ကလေးတစ်ယောက် ပိုလာရုံလေးပဲ မဟုတ်ပါလော။ သူတို့၏ အစ်မကြီး ကလေးဘယ်လိုရလာသလဲဆိုတာက သူမရဲ့ ကိုယ်ပိုင်ကိစ္စသာ ဖြစ်၏။

ချင်းယွင်ကျိသည် သူ၏အရှက်ရမှုကို ဖုံးကွယ်ရန်အတွက် နှစ်ချက်ခန့် ချောင်းဟန့်လိုက်ပြီးနောက် စစ်ထူမင်ယွဲ့ကို ပြုံးကြည့်ကာ ပြောလိုက်သည်။

"အားလုံးစုံနေပြီ။ မင်းကိုပဲ စောင့်နေကြတာ"

"စန်းစုန့် ဟင်းပွဲတွေ ချတော့"

အားလုံးစုံလင်သွားပြီဖြစ်ရာ စန်းစုန့် ပြင်ဆင်ထားသော ငါးဟင်းကို ပြသရမည့်အချိန် ရောက်လာခဲ့ပြီဖြစ်သည်။

စန်းစုန့်သည် ငါးဟင်းချိုအိုးကြီးတစ်အိုးကို ကိုင်ဆောင်လျက် လေထဲမှလွင့်မျောကာ ဝင်ရောက်လာခဲ့သည်။ ထူးခြားဆန်းပြားလှသော မွှေးပျံ့သည့်ရနံ့တို့နှင့်အတူ အရောင်အသွေးစုံလင်လှသော ငါးဟင်းချိုက လူတိုင်း၏အာရုံကို ဖမ်းစားသွားခဲ့သည်။

ထို့နောက် စန်းစုန့်က အဇူရာတိမ်ခန်းမဆောင်အပြင်ဘက်ရှိ ရာနှင့်ချီသော လူများကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းယန်အား အံ့အားသင့်စွာ လှမ်းကြည့်လိုက်သည်။

လူတွေဒီလောက်တောင်များနေတာကို အားလုံးကို ခွဲဝေပေးဖို့ နေရာတောင် မလောက်နိုင်ဘူးလေ။

ဤသက်တန့်ငါးနှစ်ကောင်က ယခင်က သူတို့ဖမ်းမိခဲ့ဖူးသော ငါးများထက် ပိုကြီးမားသည်ဆိုသော်လည်း လူနှစ်ရာကျော်ကို ခွဲဝေကျွေးမွေးရန်မှာ လုံးဝမဖြစ်နိုင်ပေ။

"ကျွန်တော် လုပ်လိုက်မယ်" ကျန်းယန်က ရှေ့သို့ တစ်လှမ်းတိုးထွက်လာခဲ့သည်။

သူက ချင်းယွင်ကျိနှင့် သူတော်စင်သခင်တို့အတွက် ငါးဟင်းချိုတစ်ပန်းကန်စီကို ဦးစွာ ယူဆောင်သွားပေးခဲ့သည်။ ဟင်းချိုလာပေးစဉ်တွင် သူတော်စင်သခင်က တီးတိုးရေရွတ်ကာ ဆူပူလိုက်လေသည်။

"ကောင်စုတ်လေး မင်းဘာတွေလုပ်ထားလဲဆိုတာ ကြည့်စမ်း။ ငါ့သားရဲ့ တာအိုနှလုံးသားကို တစ်စစီ ကြေမွသွားအောင် လုပ်လိုက်သလိုပဲ။ အဲ့ဒါကို မင်းပြန်ပြင်ပေးရမယ်နော်"

ကျန်းယန်က ပြုံးလိုက်သော်လည်း ဘာမှပြန်မပြောဘဲ ငါးဟင်းချိုကိုသာ တည်ခင်းပေးလိုက်သည်။

သူတော်စင်သခင်သည် ငါးဟင်းချိုကို ယူလိုက်ပြီး ချင်းယွင်ကျိကို တစ်ချက်ကြည့်လိုက်ကာ သူတို့နှစ်ဦး ဦးစွာ သောက်သုံးလိုက်ကြသည်။

သက်တန့်ငါး၏ ထူးခြားသောဂုဏ်သတ္တိများနှင့် အလွန်အမင်း စွမ်းအားပြည့်ဝသော ဆေးဖက်ဝင်စွမ်းအားပေါင်းစုံတို့ ရောနှောကာ သူ၏ဝိညာဉ်ထဲသို့ စီးဝင်သွားသောအခါ သူတော်စင်သခင်ပင်လျှင် အလွန်တရာ အံ့အားသင့်တုန်လှုပ်သွားခဲ့ရသည်။

စန်းစုန့်သည် အစားအသောက်မက်မောသူတစ်ဦးဖြစ်ကြောင်း သူကြားဖူးထားပြီး စန်းစုန့်ကို သာမန်အတိုင်း အလုပ်မလုပ်သူတစ်ယောက်ဟု အစပိုင်းတွင် ထင်မှတ်ထားခဲ့သော်လည်း စန်းစုန့်က သာမန်စားကြူးသူတစ်ယောက် မဟုတ်ကြောင်း သူမျှော်လင့်မထားခဲ့ပေ။

ဤကြောက်မက်ဖွယ်ကောင်းသော ဆေးစွမ်းအာနိသင်က ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်တွင်ရှိသော သူ၏ဝိညာဉ်ကိုပင် အကျိုးကျေးဇူး ဖြစ်ထွန်းစေခဲ့သည် မဟုတ်ပါလော။ အခြားသူများဆိုလျှင် မည်သို့နေမည်နည်း။

သူက အဇူရာတိမ်ခန်းမဆောင်အပြင်ဘက်ရှိ လူနှစ်ရာကျော်ကို လှမ်းကြည့်လိုက်သည်။ သူတို့တစ်ဦးချင်းစီတိုင်းက တည်ငြိမ်သောအရှိန်အဝါများရှိပြီး စွမ်းအင်များဖြင့် ပြည့်ဝနေခဲ့ကြသည်။ ဤသူများအားလုံးက အမတလမ်းစဉ်ကျင့်ကြံရန်အတွက် အလားအလာကောင်းသော ပါရမီရှင်များပင် ဖြစ်ကြ၏။

ကောင်းမွန်သောပါရမီ၊ လုံလောက်သောအရင်းအမြစ်များ၊ အဆင့်မြင့်ကျင့်စဉ်ပညာရပ်များနှင့် အကြီးအကဲများ၏ လမ်းညွှန်မှုတို့ ပေါင်းစပ်လိုက်လျှင် ထိပ်တန်းအဆင့်များ ဖြစ်လာမည်မှာ သေချာပေသည်။

ဤလူများက သေချာပေါက် လုံလောက်သော ပါရမီအရည်အသွေးများ ရှိကြပြီး အဇူရာတိမ်ဂိုဏ်းကလည်း အရင်းအမြစ်များ ပြတ်လပ်နေခြင်း မရှိပေ။

ထို့အပြင် ရှေးဟောင်းဂိုဏ်းကြီးတစ်ခုမှ ကျင့်စဉ်ပညာရပ်တစ်ခု ရှိနေသေးသည့်အပြင် တာအိုပေါင်းစည်းခြင်းအဆင့်နှင့် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ပညာရှင်ကြီးများ၏ မရေမတွက်နိုင်သော သင်ခန်းစာပို့ချပြောမှုများလည်း ရှိနေသေးသည်။ သူတို့က သက်တန့်ငါးဟင်းချိုလို အရာမျိုးကိုတောင် ထုတ်ယူလာနိုင်သေးသည် မဟုတ်ပါလော။

ထိုမြင်ကွင်းကို စိတ်ကူးကြည့်ရင်း သူတော်စင်သခင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်မိသည်။

အများဆုံး နောက်ထပ်နှစ်တစ်ရာအတွင်း အဇူရာတိမ်ဂိုဏ်းသည် အရင်က တစ်ခါမှမကြုံဖူးလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ပြသလာလိမ့်မည်ဟု သူခံစားလိုက်ရသည်။

အမှန်တကယ်တော့ အမတနန်းတော်မှ စာအုပ်ပေါင်းတစ်ရာကျော်နှင့် နှစ်ပေါင်းသုံးထောင်ကျော် သက်တမ်းရှိသော ရှားပါးဆေးဘက်ဝင်အပင်ကြီး တစ်ရာကျော် အဇူရာတိမ်ဂိုဏ်းတွင် ရှိနေကြောင်းကို သူလုံးဝ မသိရှိခဲ့ပေ။ ထို့အပြင် ပါရမီရှင်များ၏စစ်မြေပြင်တွင် နှစ်ပေါင်းသုံးရာကျော်ကြာ ပြုစုပျိုးထောင်ထားခဲ့သော အရင်းအမြစ်အများစုပါ ရှိနေသေးသည် မဟုတ်ပါလော။

ဤအရာများနှင့်ဆိုလျှင် နှစ်တစ်ရာတောင် အချိန်ယူစရာလိုမည် မဟုတ်ပေ။

ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးကို ငါးဟင်းချိုနှစ်ပန်းကန် ပေးပြီးနောက် ကျန်းယန်သည် ပင်မခန်းမဆောင်အတွင်းရှိ အခြားသူများကို ဆက်လက်ခွဲဝေပေးလိုက်ပြီး လူတစ်ဦးစီကို ပန်းကန်လုံးအသေးတစ်လုံးစီ ပေးလိုက်သည်။

စစ်ထူမင်ယွဲ့၏ သမီးဖြစ်သူပင် ဝေစုတစ်စု ရရှိခဲ့လေသည်။

ထိုကောင်လေးမလေးသည် စစ်ထူမင်ယွဲ့၏ သမီးအဖြစ် ဟန်ဆောင်ကာ ဤပွဲတွင် ပါဝင်ခွင့်ရခဲ့ခြင်းက ကံကောင်းမှုတစ်ခုဟုပင် ဆိုနိုင်ပေသည်။ သို့သော် သူမက ငယ်လွန်းလှသေးသဖြင့် ခန္ဓာကိုယ်မှာ ‌ေဆးဒဏ်မခံနိုင်လောက်ဟု တွေးမိကာ ကျန်းယန်က သူမကို နည်းနည်းလေးသာ ပေးခဲ့သည်။

ငါးဟင်းချို တစ်အိုးဝက်ကျော်လောက် ကျန်နေသေးသော်လည်း အပြင်ဘက်ရှိ လူနှစ်ရာကျော်ကို ဝေမျှရန်အတွက်မူ လုံလောက်မည်မဟုတ်ပေ။

သို့သော် ကျန်းယန်သည် အပြင်ဘက်ရှိ ထိုမျှများပြားသောလူများကို ငါးဟင်းချို ဝေပေးရန် ရည်ရွယ်မထားခဲ့သဖြင့် ကျန်ရှိနေသည်များကို အားလုံးချိတ်ပိတ်သိမ်းဆည်းလိုက်လေသည်။

လူနှစ်ရာကျော်ရှိနေရာ အားလုံးကို လှည့်ပတ်ဝေရန် လုံလောက်မည်မဟုတ်ပေ။ ထိုသို့ဖြစ်နေမှတော့ အားလုံးကို မဝေပေးဘဲ ကျန်တာတွေကို ဆုလာဘ်အဖြစ် သိမ်းထားလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

သေချာသည်မှာ ခန်းမဆောင်အပြင်ဘက်တွင် ရပ်နေကြသော လူနှစ်ရာကျော်သည် သက်တန့်ငါးဟင်းချို၏ အာနိသင်များကို လုံးဝမသိရှိကြသဖြင့် အရမ်းကြီး စိတ်ပျက်သွားသည့်ပုံ မပေါ်ကြပေ။

ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ပညာရှင်တစ်ဦး၏ သင်ခန်းစာပို့ချပြောမှုကို နားထောင်ခွင့်ရခြင်းကပင် အင်မတန်ကြီးမားလှသော ကောင်းချီးမင်္ဂလာတစ်ခုဖြစ်ကြောင်း သူတို့ကောင်းကောင်း သိရှိထားကြသည်။

ပင်မခန်းမဆောင်အတွင်း၌မူ လူနှစ်ဦးမှလွဲ၍ အားလုံးသည် သက်တန့်ငါးဟင်းချို၏ အရသာတွင် လုံးဝနစ်မြောသွားခဲ့ကြသည်။

ဝိညာဉ်ရေးရာ စွမ်းအားများ ပြည့်ဝလာသည့် ခံစားချက်က အရင်က တစ်ခါမှမမြည်းစမ်းဖူးသူများအတွက် ပြိုင်ဘက်ကင်း ထူးခြားသော အတွေ့အကြုံတစ်ခုဖြစ်ပြီး ၎င်းက အလင်းပွင့်မှုရရှိမည့် အခိုက်အတန့်တစ်ခုလည်း ဖြစ်ပေသည်။

ကုန်းရှို့ပင်းမှာ နှလုံးသားတစ်စစီကွဲကြေနေသဖြင့် ထိုအလင်းပွင့်သည့် ခံစားချက်ထဲတွင် မိမိကိုယ်ကို မနှစ်မြှုပ်နိုင်ခဲ့ပေ။ စစ်ထူဟောင်နန်မှာလည်း စိတ်ထဲတွင် လွန်ဆွဲပဋိပက္ခဖြစ်နေသဖြင့် တာအိုကို နားလည်သဘောပေါက်နိုင်စွမ်း မရှိခဲ့ပေ။

အချိန်အနည်းငယ်ကြာပြီးနောက် လူတိုင်းသည် သူတို့၏ဝိညာဉ်များ ပိုမိုအားကောင်းလာသည့် ခံစားချက်ထဲမှ နိုးထလာကြပြီး သဘာဝကျကျပင် သူတော်စင်သခင်က စတင်ဟောပြောလေတော့သည်။

လူအုပ်ကြီးသည် အဇူရာတိမ်ခန်းမဆောင်ရှေ့ မြေပြင်ပေါ်တွင် ထိုင်ချကာ သူတော်စင်သခင်၏ သင်ခန်းစာပို့ချပြောမှုကို နားထောင်နေကြသည်။

ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ပညာရှင်တစ်ဦး၏ သင်ခန်းစာပို့ချပြမှုကို တန်ဖိုးမထားဘဲနေမည့်သူ မည်သူမှ ရှိမည်မဟုတ်ပေ။

ချင်းယွင်ကျိကိုယ်တိုင်ပင်လျှင် သူတော်စင်သခင်၏ သွန်သင်ချက်များကို အတည်ပြု နားထောင်နေခဲ့သည်။

သူတော်စင်သခင်သည် သူတော်စင်လမ်းစဉ်ကို လျှောက်လှမ်းကာ ပညာဖြန့်ဝေပေးသူဖြစ်ရာ သူ၏သင်ခန်းစာပို့ချပြောမှုများသည် သိမ်မွေ့ညင်သာပြီး ဆွဲဆောင်မှုရှိလှသဖြင့် လူတိုင်းအတွက် ကြီးမားလှသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။

သက်တန့်ငါးဟင်းချို၊ သူတော်စင်သခင်၏ သင်ခန်းစာပို့ချပြောမှုနှင့် အဓိကဂိုဏ်းအသီးသီးမှ စေလွှတ်လိုက်သော ပါရမီရှင်များအပါအဝင် ဤတပည့်များ၏ ထူးချွန်ထက်မြက်သော ပါရမီအရည်အသွေးများကြောင့် ထိုနေရာမှာတင် ကျင့်ကြံမှုအဆင့် တိုးတက်ချိုးဖြတ်နိုင်သူ အများအပြား ရှိခဲ့လေသည်။

သူတော်စင်သခင်သည် တစ်ရက်တိတိ သင်ခန်းစာပို့ချပြပြီးနောက် ပြန်လည်ထွက်ခွာသွားလေသည်။

သူက ထွက်မသွားခင် သားဖြစ်သူကိုပင် နှုတ်မဆက်ခဲ့ဘဲ ကုန်းရှို့ပင်းကို အဇူရာတိမ်ဂိုဏ်း၌ ခွေးဖြစ်နွားဖြစ်ချန်ရစ်ထားခဲ့လေသည်။ ယခုအခါ နှစ်ဖက်အကြား ဆက်ဆံရေးက ကောင်းမွန်နေပြီဖြစ်ရာ သူ၏သား အဇူရာတိမ်ဂိုဏ်းတွင် တစ်စုံတစ်ရာ အနိုင်ကျင့်မှုခံရမည်ကို သူစိုးရိမ်မနေတော့ပေ။

ပို၍အရေးကြီးသည်မှာ ကျန်းယန်က သူ၏သားအပေါ် ဤသို့ပြုမူထားခဲ့ပြီဖြစ်ရာ အဇူရာတိမ်ဂိုဏ်းအနေဖြင့် တာဝန်ယူရမည်သာ ဖြစ်သည်။

သင်ခန်းစာပို့ချပြောမှု ပြီးဆုံးသွားပြီးနောက် သက်တန့်ငါးဟင်းချိုကို သောက်သုံးခဲ့ရသော ကျန်းချန်းရှန်၊ ဝမ်ပေ့လဲ့၊ လျန့်ယိနှင့် အခြားသူများအားလုံးသည် ဝိညာဉ်အခြေတည်အဆင့်သို့ အောင်မြင်စွာ ချိုးဖြတ်ဝင်ရောက်သွားကြပြီး အခြားတပည့်များအားလုံးသည်လည်း ရွှေအမြုတေအဆင့်တွင် အခိုင်အမာ ရပ်တည်နိုင်သွားခဲ့ကြသည်။

လင်းယွင်ကျိ၊ တန်ချန်ကျိ၊ ဟွာလင်းကျိနှင့် အခြားသူများအားလုံးသည် သူတော်စင်သခင်၏ သွန်သင်ချက်များမှရရှိသော အကျိုးကျေးဇူးများကို စုပ်ယူရန်အတွက် တံခါးပိတ်ကျင့်ကြံရန် အသီးသီး ပြန်သွားခဲ့ကြသည်။

တာအိုဆရာသခင်ကောင်းကင်ဒဏ္ဍာရီကလည်း နှုတ်ဆက်ရန် ရောက်လာခဲ့ပြီး ကျန်းယန်ကို အကြိမ်ကြိမ် ကျေးဇူးတင်စကားဆိုပြီးနောက် ကောင်းကင်ဒဏ္ဍာရီဂိုဏ်းသို့ ပြန်သွားလေသည်။

ဝိညာဉ်အခြေတည်အဆင့်တွင် အခိုင်အမာ ရပ်တည်သွားနိုင်ခဲ့ပြီး အရှိန်အဝါများ အထွတ်အထိပ်သို့ ရောက်ရှိနေသော မိန်းမစိုးဟုန်သည် တိမ်တောင်အင်ပါယာသို့ မပြန်မီ ကျန်းယန်ကို ရိုသေလေးစားစွာဖြင့် ဂါရဝပြု နှုတ်ဆက်သွားခဲ့သည်။

စစ်ထူဟောင်နန်တစ်ယောက်တည်းသာ စိတ်ထဲတွင် လွန်ဆွဲပဋိပက္ခဖြစ်နေသော အမူအရာဖြင့် စစ်ထူမင်ယွဲ့ကို ဘေးသို့ဆွဲခေါ်ကာ မေးလိုက်လေသည်။

"ဒါ ဘယ်သူ့ကလေးလဲ။ မင်းရဲ့အစ်ကိုကြီး ကလေးလား"

All Chapters