အခန်း ၇၁
Vol. 8 Ch. 71
အပိုင်း ၇၁ - လီမိသားစု မြို့မှ ပြောင်းရွှေ့သွားခြင်း
"ရဲဘော် လီယန်ပင်း... လူကုန်ကူးသူတွေကို စစ်ဆေးမေးမြန်းချက်အရ ရရှိတဲ့ အချက်အလက်တွေအရတော့ ရဲဘော် လီရှင်းရှင်းကို ဝယ်သူကိုယ်တိုင် လာရောက်ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ သူမ ဘယ်ရောက်နေလဲဆိုတာ အခုထိ အစအန ရှာမရသေးသလို ပြန်ရှာတွေ့ဖို့လည်း တော်တော်လေး ခက်ခဲပါလိမ့်မယ်။ စိတ်ကိုသာ ပြင်ထားပါတော့"
ပြည်သူ့လုံခြုံရေးအရာရှိသည် လီရှင်းရှင်းတစ်ယောက် သူတစ်ပါးကို ဒုက္ခပေးရန် ကြံစည်ရင်း မိမိကိုယ်ကိုယ် ပြန်လည်ဒုက္ခရောက်သွားခြင်းအတွက် စိတ်ထဲမှ စက်ဆုပ်ရွံရှာနေသော်လည်း တာဝန်အရ ဖြစ်ကြောင်းကုန်စင်ကို လီမိသားစုထံ ရှင်းပြခဲ့သည်။
ဇာတ်လမ်းအဆုံးထိ ကြားလိုက်ရပြီးနောက် လီယန်ပင်းတစ်ယောက် အချိန်အတော်ကြာ ဆွံ့အသွားခဲ့သည်။ သူတစ်ပါးကို ဒုက္ခပေးတတ်သည့် ထိုကဲ့သို့သော မကောင်းဆိုးဝါးမလေး မိသားစုထဲတွင် ရှိနေခြင်းအတွက် လီရှင်းရှင်းကို နာကျည်းရမည်လော သို့မဟုတ် မိသားစုကို သနားရမည်လော သူ မဝေခွဲနိုင်တော့ပေ။ ထို့ပြင် သူ့ကိုယ်သူ အပြစ်တင်စိတ်လည်း အနည်းငယ် ရှိနေခဲ့သည်။
လီရှင်းရှင်းကြောင့် သူ့အဘိုး သေဆုံးခဲ့ရစဉ်က ၎င်းမှာ မတော်တဆမှုတစ်ခုသာဖြစ်သည်ဟု သူကိုယ်သူ ဖြေသိမ့်ခဲ့သည်။ လီရှင်းရှင်းတစ်ယောက် ပြင်းထန်စွာ နာမကျန်းဖြစ်နေသော မိခင်ဖြစ်သူကို ရှောင်ဖယ်နေချိန်တွင်လည်း သူမ ကြောက်လန့်နေ၍ဖြစ်မည်ဟု သူ ဆင်ခြေပေးခဲ့သည်။ ယခုမူ လီရှင်းရှင်းသည် သူမ စိုက်ခဲ့သည့် အဆိပ်ပင်၏ အသီးကို သူမ ပြန်လည် ခံစားရကာ လူကုန်ကူးသူများထံ ရောင်းစားခံလိုက်ရချေပြီ။ ယခုအချိန်တွင် သူ ဘာများ ပြောနိုင်၊ လုပ်နိုင်ပါဦးမည်နည်း။
အကယ်၍ ဤကိစ္စသာ အပြင်သို့ ပေါက်ကြားသွားပါက လီမိသားစု၏ ဂုဏ်သိက္ခာမှာ အဖတ်ဆယ်မရအောင် ပျက်စီးသွားပေတော့မည်။ နောင်အနာဂတ်တွင် သူတို့မိသားစုသည် အေးအေးချမ်းချမ်း နေထိုင်နိုင်ပါဦးမည်လော။
"ရဲဘော် အရာရှိ... ကျွန်တော့်ညီမနဲ့ ပတ်သက်တဲ့ ဒီကိစ္စကို လျှို့ဝှက်ပေးထားလို့ မရဘူးလား"
ဟက်... လျှို့ဝှက်ပေးရမည်ဟုလား။ ဤသတင်းမှာ ပြည်သူ့လုံခြုံရေး ဗျူရိုတစ်ခုလုံးတွင် ပျံ့နှံ့နေပြီဖြစ်သည်။ မီးနှင့်ကစားပြီး မိမိကိုယ်ကိုယ် ပြာဖြစ်အောင်လုပ်ခဲ့သည့်၊ ဉာဏ်နည်းပြီး ယုတ်မာရက်စက်လှသော ထိုကဲ့သို့ မိန်းကလေးမျိုးကို သူတို့တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။
"ရဲဘော်လီ... ကျွန်တော်တို့ ပုဂ္ဂိုလ်ရေးအရတော့ လီရှင်းရှင်းကိစ္စကို လိုက်ပြောနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအမှုက စံပြသာဓကအမှုတစ်ခု ဖြစ်သွားပြီမို့ လျှို့ဝှက်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"
လီယန်ပင်း၏ ထပ်မံဆွဲထားခြင်းကို မခံလိုတော့သောကြောင့် ရဲအရာရှိသည် အားလုံးကို ရှင်းလင်းစွာ ပြောပြပြီးနောက် ပါးနပ်စွာပင် ထွက်ခွာသွားခဲ့သည်။
ယူနီဖောင်းဝတ်ထားသော ရဲအရာရှိတစ်ဦး လီအိမ်သို့ ရောက်လာသည်ကို မြင်လိုက်ရသော အိမ်နီးနားချင်းများမှာ စပ်စုလိုစိတ်ဖြင့် လီအိမ်တံခါးဝတွင် စုရုံးလာကြသည်။ သူတို့သည် ရဲအရာရှိကိုမူ သွားရောက် အတင်းမပြောရဲကြသော်လည်း လီယန်ပင်းကိုမူ ဝိုင်းအုံကာ ဘာဖြစ်သလဲဆိုသည်ကို မေးမြန်းရန် သတ္တိရှိနေကြသည်။
"ယန်ပင်း... ဘာလို့ ရဲတွေ မင်းတို့အိမ် ရောက်လာတာလဲ။ မင်းညီမ တစ်ခုခုဖြစ်လို့လား"
"မင်းတို့ လီမိသားစုများ တစ်ခုခု ပြစ်မှုကျူးလွန်ထားတာလား။ ငါတို့ကိုတော့ လာမပတ်သက်စေနဲ့ဦးနော်"
"လီရှင်းရှင်း အိမ်ပြန်မလာတာ ရက်တော်တော်ကြာနေပြီ။ အခု ရဲတွေပါ ရောက်လာပြီဆိုတော့ သေစာတယ်၊ မကောင်းတာ တစ်ခုခုပဲ"
"ရှူး... တိုးတိုးလုပ်ပါ၊ ပြဿနာရှာနေတာလား။ မင်း အသံကျယ်လို့ လီယန်ပင်း ကြားသွားရင် ဘယ်လိုလုပ်မလဲ။ အသံလျှော့ပါဦး။ ဒါပေမဲ့ ပြောရရင် လီမိသားစုက တကယ် ကံဆိုးတာပဲ။ ရဲတွေ ရောက်လာတယ်ဆိုတာကတော့ အတိတ်နိမိတ် မကောင်းတာ အမှန်ပဲ"
လီယန်ပင်းသည် အိမ်နီးနားချင်းများ၏ စကားကို ကြားရသောအခါ စိတ်ထဲတွင် ဒေါသထွက်မိသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်ကာ ပြန်မပြောခဲ့ပေ။ ရန်ဖြစ်နေခြင်းထက် ထိုကိစ္စကို ရှောင်လွှဲခြင်းက ပို၍ ကောင်းသည်ဟု သူ ယူဆလိုက်သည်။
"အဒေါ်တို့... ကျွန်တော့်အိမ်မှာ ဘာလုပ်နေကြတာလဲ။ ကျွန်တော့်မှာ လုပ်စရာတွေရှိလို့ ဧည့်မခံနိုင်သေးဘူး၊ကျေးဇူးပြုပြီး အခုတော့ ပြန်ကြပါဦး"
တစ်စုံတစ်ယောက်က ရဲအရာရှိ လီအိမ်သို့ ဝင်သွားသည်ကို မြင်သဖြင့် လီယန်ပင်း၏ ဖခင်ထံ သွားရောက် သတင်းပို့လေသည်။ လီအဖေသည် ပစ္စည်းဝယ်ယူရေး အေးဂျင့်တစ်ဦးဖြစ်ပြီး လူမှုဆက်ဆံရေး ကျွမ်းကျင်သူဖြစ်သောကြောင့် သတင်းလာပေးမည့် အိမ်နီးနားချင်းကောင်း အချို့ ရှိနေဆဲဖြစ်သည်။
လီအဖေသည် သတင်းလာပေးသူကို ကျေးဇူးတင်စကားဆိုကာ အလုပ်မှ အမြန်ခွင့်ယူ၍ အိမ်သို့ ပြန်လာခဲ့သည်။
"ဟော... လောင်လီ ပြန်လာပြီပဲ။ ဘာမှမဟုတ်ပါဘူး၊ တို့တွေက ယန်ပင်းကို လာကြည့်ပေးတာ၊ ကူညီစရာ ရှိမလားလို့လေ။ လောင်လီ ပြန်ရောက်ပြီဆိုတော့ တို့တွေ မနှောင့်ယှက်တော့ဘူး၊ သွားပြီနော်"
ထိုလူအုပ်သည် လီယန်ပင်းကိုမူ ရိသဲ့သဲ့ လုပ်ဝံ့သော်လည်း လီအဖေကိုမူ မဝံ့ရဲကြပေ။ ထို့ကြောင့် သူတို့အားလုံး လူစုခွဲကာ ထွက်ခွာသွားကြသည်။
အိမ်နီးနားချင်းများ ထွက်သွားပြီးနောက် လီအဖေသည် ခြံတံခါးကို ပိတ်ကာ လီယန်ပင်းကို စတင်စစ်မေးတော့သည်။ သားဖြစ်သူ၏ ရှောင်လွှဲနေသော မျက်လုံးများကို မြင်သောအခါ လီအဖေက တိုက်ရိုက်ပင် ရင်ဆိုင်မေးမြန်းလေသည်။
"လီယန်ပင်း... မင်း အခုထိတောင် အစအဆုံး ငါ့ကို အမှန်အတိုင်း မပြောဖို့ ကြံနေတုန်းလား"
လီအဖေသည် ပစ္စည်းဝယ်ယူရေး အေးဂျင့်တစ်ဦး ဖြစ်သည့်အတွက် စီးပွားရေးကိစ္စဖြင့် ခရီးသွားနေရခြင်း သို့မဟုတ် နယ်ဘက်သို့ ဆင်းနေရခြင်းများ ရှိတတ်သည်။ လီမောင်နှမ နှစ်ယောက်ကို လီအမေကသာ အမြဲ ပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်သည်။ လီအမေ ပြင်းထန်စွာ နာမကျန်းဖြစ်သွားပြီးနောက်တွင် ထိုတာဝန်မှာ လီယန်ပင်းအပေါ် ကျရောက်ခဲ့သည်။
သားနှင့်သမီးဖြစ်သူသည် မိမိထံမှ အကြောင်းအရာများစွာ ဖုံးကွယ်ထားကြောင်း လီအဖေ သိသော်လည်း တစ်ဖက်တွင် ငွေရှာနေရခြင်း၊ တစ်ဖက်တွင်လည်း နေမကောင်းသော ဇနီးကို ပြုစုနေရခြင်းတို့ကြောင့် မအားမလပ် ဖြစ်နေခဲ့သည်။ မောင်နှမချင်း ပြဿနာမှာလည်း ကလေးကလား ကတောက်ကဆ ဖြစ်မှုများသာဟု သူ ထင်မှတ်ခဲ့မိသည်။
သို့သော် ယခုမူ သမီးဖြစ်သူ အိမ်မပြန်သည်မှာ ရက်အတော်ကြာခဲ့ပြီ။ သားဖြစ်သူကို မေးကြည့်သော်လည်း ထို 'သားလိမ္မာ' လေးမှာ ဝေ့လည်ကြောင်ပတ် လုပ်နေပြီး အမှန်အတိုင်း မပြောပေ။ ထို့ကြောင့် ကိစ္စမှာ မရိုးရှင်းမှန်း သူ သေချာပေါက် သိလိုက်ရသည်။
ရဲတွေပါ အိမ်အထိ ရောက်လာပြီဖြစ်သဖြင့် လီယန်ပင်းသည် လီရှင်းရှင်း၏ ကိစ္စများကို ဆက်ဖုံးကွယ်ထား၍ မရတော့မှန်း သိလိုက်သည်။ ထို့ကြောင့် သူသည် အဖြစ်အပျက် အစအဆုံးကို အသေးစိတ် ပြန်လည်ပြောပြလိုက်ရလေတော့သည်။
သို့သော် သူ့သားသမီးများ မိမိအပေါ် ဤမျှအထိ ဖုံးကွယ်ထားလိမ့်မည်ဟု လီအဖေ တကယ် မထင်ထားခဲ့မိပေ။ အဘိုးဖြစ်သူ သေဆုံးမှု၊ အိမ်တွင် သူခိုးဝင်မှု၊ သမီးဖြစ်သူက လမ်းသရဲများနှင့် ပေါင်းသင်းမှု၊ နောက်ဆုံးတွင် သူတစ်ပါးကို ဒုက္ခပေးရန် ကြံစည်ရင်း မိမိကိုယ်တိုင် ရောင်းစားခံလိုက်ရသည့်အထိ ဖြစ်ခဲ့ရသည်။
"လီယန်ပင်း... မင်းဟာ တကယ်ကို 'မြေးလိမ္မာ'၊ 'သားလိမ္မာ' နဲ့ 'အစ်ကိုကောင်း' တစ်ယောက်ပါလား။ မင်း... ဒီကောင်လေး!"
လီအဖေသည် ဒေါသအလွန်ထွက်သွားကာ ဆဲဆိုရန်ပင် စကားလုံး ရှာမရတော့ပေ။ သူသည် လီယန်ပင်းကို ပါးနှစ်ချက် ဆင့်ရိုက်လိုက်သော်လည်း ရင်ထဲမှ အောင့်အည်းနေသော ဒေါသများမှာ ပြေပျောက်မသွားခဲ့ပေ။
"မင်းတို့ မောင်နှမတွေက ငါ့ရဲ့ လီမိသားစုကို ဖျက်ဆီးလိုက်ကြတာပဲ။ ဖျက်ဆီးလိုက်ကြပြီ! ငါ့အဖေက မင်းတို့ကို ကာကွယ်ပေးဖို့အတွက် ငါနဲ့တောင် အဆက်အသွယ်အဖြတ်ခံခဲ့တာ။ ဒါပေမဲ့ မင်းတို့ကျတော့... တစ်ယောက်က သူ့ကို ဒုက္ခပေးတယ်၊ နောက်တစ်ယောက်က အမှန်တရားကို ဖုံးကွယ်ထားတယ်!"
လီအဖေ တကယ်ကို ငိုကြွေးမိတော့သည်။ သမီးဖြစ်သူကို မဆုံးမနိုင်ခဲ့၍ မိမိဖခင်ကို ဒုက္ခပေးမိသလို ဖြစ်ခဲ့ရခြင်းအတွက် သူ နောင်တရစွာ ငိုကြွေးသည်။ သက်လတ်ပိုင်းအရွယ်တွင် ဖခင်ကို ဆုံးရှုံးရ၊ ဇနီးကို ဆုံးရှုံးရ၊ ယခုမူ သမီးဖြစ်သူကပါ သူမဘာသာ သေတွင်းတူးကာ ပျောက်ဆုံးသွားရခြင်းများအတွက် သူ ကြေကွဲစွာ ငိုကြွေးနေမိသည်။
ယခုအချိန်တွင် လီအဖေသည် ခေါင်းငုံ့နေသော လီယန်ပင်းကို စိုက်ကြည့်လိုက်သည်။ သူ့တွင် ဤသားတစ်ယောက်သာ ကျန်တော့သည်။ အကယ်၍ ယခုအချိန်တွင် သူ့ကို သေချာမဆုံးမလျှင် ဤသားလည်း ပျက်စီးသွားပေတော့မည်။
"လီယန်ပင်း... လာမယ့်ရက်ပိုင်းအတွင်း အိမ်က ပစ္စည်းတွေကို သိမ်းဆည်းထားလိုက်။ ငါ စက်ရုံမှာ အလုပ်ပြောင်းဖို့ လျှောက်ထားလိုက်မယ်။ ငါတို့စက်ရုံက မြောက်ပိုင်းပြည်နယ်မှာ ဌာနခွဲရှိတယ်။ ငါ မင်းကို အဲဒီကို ခေါ်သွားပြီး အသစ်ကနေ ပြန်စမယ်"
လီရှင်းရှင်းသည် သူတစ်ပါးနှင့် မိမိကိုယ်ကိုယ် အလွန်အမင်း ဒုက္ခပေးခဲ့သောကြောင့် ဤအမှုမှာ စံပြသာဓကအမှု ဖြစ်သွားခဲ့သည်။ လီမိသားစု၏ ဂုဏ်သိက္ခာမှာလည်း မရှိတော့ပေ။ အကယ်၍ သူတို့ ဤနေရာတွင် ဆက်နေပါက အမြဲတစေ အတင်းပြောခံရခြင်းနှင့် လူတကာ၏ ပစ်ပယ်ခြင်းကိုသာ ခံရပေလိမ့်မည်။
ထွက်ခွာသွားရန် ဆုံးဖြတ်ပြီးနောက် လီအဖေသည် မြောက်ပိုင်းပြည်နယ်ရှိ စက်ရုံခွဲတွင် ရာထူးကောင်းတစ်ခု ရရန်အတွက် သူ၏ အဆက်အသွယ်အားလုံးကို အသုံးပြုရန် ပြင်ဆင်တော့သည်။ အိမ်ကိုမူ ဆွေမျိုးများထံမှ ချေးငှားထားသော အကြွေးများကို ဆပ်ရန်အတွက် ရောင်းချပစ်မည်ဖြစ်သည်။
ဤအချိန်တွင် လီအဖေ၏ စိတ်ထဲ၌ အကယ်၍ သားကြီးဖြစ်သူ လီယန်ပင်းသာ အသုံးမကျခဲ့လျှင် မြောက်ပိုင်းတွင် နောက်အိမ်ထောင်ပြုကာ သားသမီးအသစ်များ ထပ်ယူမည်ဟူသော အတွေးပင် ဝင်လာခဲ့သည်။
လီမိသားစုသည် အလျင်အမြန်ပင် ပြောင်းရွှေ့ခဲ့ကြပြီး လီရှင်းရှင်း၏ ကိစ္စများ လူတကာ သိမသွားမီ ကျင်းမန်မြို့မှ ထွက်ခွာသွားခဲ့သည်။ ထိုအချိန်မှစ၍ လင်းရှင်းယောင်သည် လီယန်ပင်း၏ လိပ်စာကို မသိရတော့သဖြင့် ထျန်းကျင်းမှ သတင်းများအားလုံးနှင့် ပြတ်တောက်သွားခဲ့ရသည်။
အခြားတစ်ဖက်တွင်မူ လင်းစုယွီသည် လူကုန်ကူးဂိုဏ်းကို နှိမ်နင်းပြီးနောက် အေးအေးဆေးဆေးပင် ပြန်လည်နေထိုင်ခဲ့သည်။ ပိုင်ချီမင်သည် လင်းစုယွီ၏ လုပ်ပုံကိုင်ပုံနှင့် အကျင့်စာရိတ္တများကို ဆက်၍စောင့်ကြည့်လိုနေဆဲဖြစ်သည်။
သို့သော် လက်တွေ့တွင်မူ လင်းစုယွီ၏ အမူအကျင့်များက သူ့ကို စိတ်ပျက်စေသည်။ သူမသည် ကျောင်းတွင် စာကို သေချာနားထောင်သည်၊ ကျောင်းဆင်းလျှင် အိမ်သို့ တန်းပြန်သည်၊ အားလပ်ရက်များတွင်ပင် အိမ်ပြင်မထွက်ချေ။
သူသည် ကျောင်းမှ ဆရာ၊ ဆရာမများကို လင်းစုယွီအကြောင်း စုံစမ်းကြည့်သောအခါ အားလုံး၏ အမြင်မှာ တူညီနေကြသည် - သူမသည် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ပညာရေးတွင် ထူးချွန်သော လိမ္မာသည့် ကျောင်းသူရှိဦး ဖြစ်သည်။
ကျောင်းသားများကို မေးကြည့်သောအခါတွင်လည်း သူမသည် ကြင်နာတတ်ပြီး ကူညီတတ်သူဖြစ်သော်လည်း လူမှုဆက်ဆံရေးတွင်မူ သိပ်ပြီး မဝင်ဆံ့လှကြောင်း ပြောကြသည်။
သူ့လက်အောက်ငယ်သားများက လင်းစုယွီ၏ အိမ်အနီးနားတွင် စုံစမ်းသောအခါတွင်လည်း အိမ်နီးနားချင်းများက တစ်ခဲနက် ချီးကျူးကြသည် - သူမသည် လိမ္မာယဉ်ကျေးသည်၊ အသိတရားရှိသည်၊ စာကြိုးစားသည်၊ ဆောင်းပါးများရေးကာ ငွေရှာနိုင်သည်၊ ထို့ပြင် အလွန်ပင် ခြိုးခြံချွေတာစွာ နေထိုင်တတ်သူဖြစ်သည်။
သူမ ခြိုးခြံချွေတာရခြင်း အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ လင်းစုယွီသည် မနက်စာအတွက် ကန်စွန်းဥကဲ့သို့သော အစာကြမ်းများကိုသာ စားလေ့ရှိသည်။ တစ်ခါက အဒေါ်ကြီးတစ်ယောက် ဆားလာချေးရင်း ထိုသည်ကို မြင်သွားကာ တစ်ဆင့်စကားဖြင့် ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။
ထိုအဒေါ်ကြီးသည် မူလက မိဘမဲ့မိန်းကလေးဖြစ်သော လင်းစုယွီထံမှ အခွင့်အရေး အနည်းငယ်ယူရန် ရည်ရွယ်ခဲ့သော်လည်း လင်းစုယွီ၏ မနက်စာမှာ ကန်စွန်းဥ နှစ်လုံးတည်းသာ ရှိသည်ကို မြင်လိုက်ရသောအခါ သူမကိုယ်သူမ ရှက်သွားကာ အခွင့်အရေး မယူရက်တော့ပေ။
ထိုအဒေါ်ကြီး၏ စပ်စုပြောဆိုမှုများကြောင့် လင်းစုယွီသည် သူမဘာသာ ရပ်တည်ရန် မလွယ်ကူကြောင်းနှင့် အိမ်တွင် ကန်စွန်းဥကိုသာ မှီဝဲနေရကြောင်း လမ်းထဲရှိ လူတိုင်းနီးပါး သိသွားကြလေတော့သည်။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း