← Chapters

အခန်း ၇၂

Vol. 8 Ch. 72

အခန်း ၇၂

Vol. 8 Ch. 72

အပိုင်း ၇၂ - မတော်တဆမှုလေးတစ်ခု

နာရီလက်တံတွေ တရွေ့ရွေ့နဲ့ လဝက်တိတိ ကုန်ဆုံးသွားခဲ့ပြီ။ ပိုင်ချီမင်တစ်ယောက် သူ့လက်အောက်ငယ်သားတွေ စုဆောင်းပေးထားတဲ့ သတင်းအချက်အလက်တွေကို သေချာကြည့်ရှုနေမိသည်။

"လင်းစုယွီက ကလေးမလေးသာဆိုတယ်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရုံတင်မကဘူး၊ နာမည်ဂုဏ်သတင်းကိုပါ အပြစ်ပြောစရာမရှိအောင် ထိန်းထားနိုင်တာပဲ!"

သူမဟာ သူ့အဒေါ်ရဲ့သွေးမကင်းတဲ့ သမီးပီပီ တကယ့်ကို ထက်မြက်ထူးချွန်လွန်းလှသည်။ တစ်ချိန်တည်းမှာပဲ လင်းစုယွီဟာ သာမန်ကလေးတစ်ယောက် မဟုတ်ဘူးဆိုတာကို သူ အသေအချာ နားလည်လိုက်သည်။

ဒါပေမဲ့ ဒါတွေအားလုံးထက် ပိုအရေးကြီးတာက လင်းစုယွီဟာ ကိုယ်ကျင့်သိက္ခာရှိတဲ့သူ ဖြစ်ဖို့ပါပဲ။ လောဘဇောတိုက်ပြီး ပိုင်မိသားစုအပေါ် အကုသိုလ်စိတ်နဲ့ ရန်မမူမယ့်သူမျိုး ဖြစ်ဖို့ သူမျှော်လင့်နေမိသည်။ ပိုင်ချီမင်ဟာ လင်းရှင်းယောင်ဆိုတဲ့ အဆိပ်ပြင်းမြွေဆိုးမလေးကို ရှင်းထုတ်ပြီးမှ နောက်ထပ် "လင်းရှင်းယောင်" တစ်ယောက် ထပ်ပေါ်လာမှာကို အရမ်းစိုးရိမ်နေတာပါ။ တကယ်လို့သာ အဲဒီလို ထပ်ဖြစ်လာခဲ့ရင် ပိုင်မိသားစုက လူကြီးသူမတွေ ခံနိုင်ရည်ရှိတော့မှာ မဟုတ်ပေ။

ပိုင်ချီမင်ရဲ့ အတိတ်ဘဝ အမှတ်ရမှုတွေထဲမှာတော့ လင်းရှင်းယောင်ဟာ ကျောက်စိမ်းဆွဲသီးလေးကို ကိုင်ပြီး ပိုင်မိသားစုထဲ ရောက်လာခဲ့သည်။ အဖွားဖြစ်သူက သူမကို မျက်နှာသာပေးပြီး အလိုလိုက်ခဲ့သလို၊ ကျန်တဲ့သူတွေကလည်း အဒေါ်ဖြစ်သူကို ချစ်တဲ့စိတ်နဲ့ လင်းရှင်းယောင်ကို အချစ်တွေ ပုံအောပေးခဲ့ကြသည်။ လင်းရှင်းယောင် အောင်မြင်ကျော်ကြားဖို့အတွက် ပိုင်မိသားစုရဲ့ စည်းစိမ်ဥစ္စာနဲ့ ဩဇာအာဏာတွေကို လမ်းခင်းပေးခဲ့ကြသည်။

ဒါပေမဲ့ လင်းရှင်းယောင်ဟာ အောင်မြင်မှုတွေရလာတဲ့အခါ စိတ်ဓာတ်တွေ ယုတ်လာပြီး ပိုင်မိသားစုကို ဝါးမြိုဖို့ သူမရဲ့ ယောက္ခမဘက်က မိသားစုနဲ့ ပူးပေါင်းပြီး အကြံအစည်တွေ လုပ်ခဲ့သည်။ ပိုင်မိသားစုက တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ မိသားစုစီးပွားရေးလုပ်ငန်း အတော်များများက သူမရဲ့ လက်ခုပ်ထဲက ရေဖြစ်နေပြီပင်။

ဘာကြောင့် ဒီလိုလုပ်ရလဲလို့ ပိုင်မိသားစုက မေးမြန်းတဲ့အခါမှာတော့ လင်းရှင်းယောင်က သူမရဲ့ မာန်မာနတွေနဲ့အတူ အမှန်တရားကို ထုတ်ဖော်ပြောခဲ့သည်။

တကယ်တော့ သူမဟာ ပိုင်ဝမ်ချင်းရဲ့ သမီးအရင်း မဟုတ်ခဲ့ပေ။ သူ့အဒေါ်ရဲ့ သမီးအရင်းကို လင်းရှင်းယောင်က လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက သတ်ပစ်ခဲ့တာပါ။ ဒီလိုတုန်လှုပ်စရာကောင်းတဲ့ အမှန်တရားကြောင့်ပဲ အဖွားဖြစ်သူဟာ နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့ရသည်။

အဲဒီနောက်ပိုင်း ပိုင်မိသားစု ဘာတွေဆက်ဖြစ်ခဲ့လဲဆိုတဲ့ မှတ်ဉာဏ်တွေကတော့ ဝေဝါးနေတုန်းပါပဲ။ သူ့ကို အတိတ်ကနေ ပြန်လည်ပို့ဆောင်ပေးခဲ့တဲ့ ခရမ်းရောင်ဝတ်စုံနဲ့ ဆရာကြီးကို ရှာတွေ့ရင်တော့ သူအားလုံးကို ပြန်မှတ်မိနိုင်ကောင်းပါရဲ့။

နောက်ထပ် ကျောင်းတက်ရက်တစ်ရက် ရောက်လာပြန်ပါပြီ။ သင်္ချာချိန်မှာ ကိုယ်ဝန်ရင့်မာနေပြီဖြစ်သည့် ဆရာမဆန်းက အတန်းထဲဝင်လာပြီး သူမရဲ့ နောက်မှာတော့ ပိုင်ချီမင် ပါလာခဲ့သည်။

"ကဲ... ကျောင်းသားတို့ရေ၊ ဆရာမ မကြာခင် မီးဖွားခွင့်ယူတော့မှာမို့လို့ အခုကစပြီး ဆရာပိုင်က သင်္ချာဘာသာရပ်ကို သင်ကြားပေးမှာပါ။ ဆရာပိုင်က နာမည်ကြီး တက္ကသိုလ်တစ်ခုက ထူးထူးချွန်ချွန် ဘွဲ့ရထားသူမို့လို့ နားမလည်တာရှိရင် အားမနာတမ်း မေးကြပါနော်"

တကယ့်ကို မခေတဲ့သူပဲ။ သူရောက်လာတာ လဝက်ပဲ ရှိသေးတယ်၊ သင်္ချာဆရာမကိုတောင် ခွင့်ယူခိုင်းပြီး သူက အစားဝင်သင်ဖို့အထိ စီစဉ်နိုင်ခဲ့တာပဲ။ သူ ဘာကို ရည်ရွယ်နေတာလဲ။ ပိုင်ချီမင် သူမအကြောင်း စုံစမ်းနေတာတွေက လျှို့ဝှက်ချက်မှ မဟုတ်တာ။ အခုချိန်ထိ သူ ရောက်လာတာ သူမကြောင့်ဆိုတာကို မသိသေးရင်တော့ လင်းစုယွီဟာ တကယ့်ကို နုံအလွန်းရာ ကျပါလိမ့်မည်။

အရင်ကတော့ လင်းစုယွီက ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို အေးအေးဆေးဆေးပဲ စောင့်ကြည့်ဖို့ ဆုံးဖြတ်ထားခဲ့တာပါ။ ပိုင်ချီမင်ဘက်က သူ့ရဲ့ ရည်ရွယ်ချက်ကို ဖွင့်မပြောသရွေ့၊ သူမရဲ့ ဘဝထဲကို ကျူးကျော်မလာသရွေ့ သူဘာလုပ်လုပ် သူမ ဂရုမစိုက်ခဲ့ပါဘူး။

ဒါပေမဲ့ အခုတော့ ပိုင်ချီမင်က သူမအတန်းမှာ သင်္ချာဝင်သင်နေပြီဆိုတော့ သူမ သတိထားမှ ဖြစ်တော့မည်။ အထူးသဖြင့် မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားပြီးတဲ့နောက်မှာပေါ့။

အဲဒီခေတ်က ကျောင်းသားတွေဟာ စာသင်ရုံတင်မကဘဲ ကျောင်းဝင်းထဲက မြက်ရှင်းတာ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးတာနဲ့ လယ်ယာလုပ်ငန်းအတွေ့အကြုံ ယူတာစတဲ့ လုပ်အားပေးတာဝန်တွေကိုလည်း ထမ်းဆောင်ကြရပါသည်။ အဲဒီနေ့ နေ့လယ်ပိုင်းမှာတော့ သူတို့အတန်းရဲ့ တာဝန်က ကျောင်းဝင်းထဲက ဟင်းသီးဟင်းရွက်ဥယျာဉ်မှာ အသီးအနှံတွေ ခူးဆွတ်ဖို့ ဖြစ်သည်။

"စုယွီ... နင် ဥယျာဉ်ထဲအရင်သွားပြီး ဟင်းသီးဟင်းရွက်တွေ ခူးနှင့်ဦးနော်၊ ငါ ခြင်းတောင်းသွားယူပြီး ချက်ချင်းလိုက်လာခဲ့မယ်"

ပုံမှန်အတိုင်းပဲ လျန်ဟွေ့က လုပ်အားပေးချိန်တိုင်း လင်းစုယွီနဲ့ပဲ တွဲလုပ်လေ့ရှိသည်။ လျန်ဟွေ့က ပစ္စည်းကိရိယာတွေ သွားယူနေတုန်း လင်းစုယွီကတော့ ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ ဟင်းသီးဟင်းရွက်တွေကို စတင်ခူးဆွတ်နေတော့သည်။

အားလုံးက တက်ကြွစွာ အလုပ်လုပ်နေကြတုန်းမှာပဲ ရုတ်တရက် အော်ဟစ်သံတစ်ခုက ဆူညံနေတဲ့ အငွေ့အသက်တွေကို ဖြတ်တောက်ပစ်လိုက်သည်။

"မြွေ... မြွေကြီး! ကယ်ကြပါဦး!"

ဒါဟာ လျန်ဟွေ့ရဲ့ အသံပဲ! လင်းစုယွီက လက်ထဲက ဟင်းသီးဟင်းရွက်တွေကို ချပစ်ပြီး လျန်ဟွေ့ဆီ ပြေးသွားလိုက်သည်။ သူမရဲ့ စိတ်ဝိညာဉ်အာရုံ နဲ့ စမ်းသပ်ကြည့်လိုက်တဲ့အခါ လျန်ဟွေ့ မြွေကိုက်ခံလိုက်ရပြီဆိုတာ သိလိုက်ရသည်။

အဲဒီအချိန်မှာပဲ အနားမှာရှိနေတဲ့ ပိုင်ချီမင်က ဖျတ်ခနဲဆိုသလို ကျောင်းသားတစ်ယောက်ဆီက ပေါက်တူးကို လုယူပြီး လျန်ဟွေ့ကို ကိုက်ခဲ့တဲ့မြွေကို တစ်ချက်တည်းနဲ့ ရိုက်သတ်လိုက်သည်။

"ဝါး... စုယွီ၊ ငါမြွေကိုက်ခံလိုက်ရပြီ၊ ငါသေတော့မှာလားဟင်..."

လျန်ဟွေ့ဟာ လင်းစုယွီရဲ့ ရင်ခွင်ထဲ တိုးဝင်ပြီး ငိုယိုနေတော့သည်။ သူမရဲ့ ဒဏ်ရာက ပုပ်မည်းမသွားဘူးဆိုတာကို သတိမထားမိနိုင်လောက်အောင် ကြောက်လန့်နေရှာသည်။

"လျန်ဟွေ့... မငိုပါနဲ့၊ ဒီမြွေက အဆိပ်မရှိတဲ့မြွေ ဖြစ်ဖို့များပါတယ်"

ဝမ်ရှို့ကျွမ်းက သေနေတဲ့မြွေကို တစ်ချက်ကြည့်ပြီး လျန်ဟွေ့ကို နှစ်သိမ့်ပေးလိုက်သည်။

"တ... တကယ်လား။ ငါ့ကို လိမ်ပြောနေတာ မဟုတ်ဘူးမလား"

ကြောက်တတ်သော လျန်ဟွေ့သည် မြွေကိုရော၊ သူမရဲ့ဒဏ်ရာကိုရော မကြည့်ရဲဘဲ ဝမ်ရှို့ကျွမ်းကိုပဲ လည်ပင်းရှည်ကြီးနဲ့ မော့ကြည့်နေမိသည်။

"ကဲ... တော်ပြီ၊ မငိုနဲ့တော့။ မြွေက အဆိပ်မရှိပေမဲ့ ဒဏ်ရာကိုတော့ ဆေးထည့်ရမယ်"

လင်းစုယွီက ဝင်ပြောလိုက်သည်။ သူမဟာ လျန်ဟွေ့အနားမှာရှိတဲ့ လူတွေကို သေချာစောင့်ကြည့်နေခဲ့ပေမဲ့ ဘာသံသယဖြစ်စရာမှ ရှာမတွေ့ခဲ့ပါပေ။ အားလုံးက ထိတ်လန့်တုန်လှုပ်နေတဲ့ ပုံစံတွေချည်းပါပဲ။

ဒါပေမဲ့ လင်းစုယွီမှာ အလေ့အကျင့်ကောင်းတစ်ခု ရှိနေတာကြောင့် ဒီကနေ့ဖြစ်ရပ်ဟာ မတော်တဆမှု မဟုတ်နိုင်ဘူးဆိုတာကို သူမ သိနေသည်။ သူမဟာ အပြင်ထွက်တဲ့အခါတိုင်း၊ အထူးသဖြင့် ချုံနွယ်ပိတ်ပေါင်း ထူထပ်တဲ့နေရာတွေရောက်ရင် သူမရဲ့ ဝိညာဉ်အာရုံနဲ့ အမြဲတမ်း အရင်စစ်ဆေးလေ့ရှိသည်။ ဘာအန္တရာယ်မှ မရှိဘူးဆိုတာ သေချာမှပဲ စိတ်ချလက်ချ ခြေလှမ်းလှမ်းတာပါ။

ဒီဟင်းသီးဟင်းရွက်ဥယျာဉ်ရဲ့ ပတ်လည် မီတာခြောက်ဆယ်အတွင်းမှာ မြွေတစ်ကောင်မှ မရှိတာကို သူမ အသေအချာ စစ်ဆေးခဲ့ပြီးသား။ အခုမှ ရုတ်တရက် မြွေတစ်ကောင် ပေါ်လာတာဟာ တစ်စုံတစ်ယောက်က ယူလာတာပဲ ဖြစ်ရမည်။ ဒါပေမဲ့ သူမရဲ့ စိတ်ဝိညာဉ်အာရုံနဲ့တောင် အဲဒီလူက ဘယ်သူလဲဆိုတာ မသိနိုင်ဘူးဆိုတော့ အဲဒီလူက တကယ့်ကို ပုန်းလျှိုးကွယ်လျှိုး တော်တာပဲ ဖြစ်ရမည်။

"ကျောင်းသူ လင်းစုယွီ၊ လျန်ဟွေ့ကို ဆေးပေးခန်း ခေါ်သွားပြီး ဒဏ်ရာကို ဆေးထည့်ပေးလိုက်ပါ။ ကျန်တဲ့သူတွေလည်း ကိုယ့်ပတ်ဝန်းကျင်ကို သတိထားကြ၊ တစ်ခုခုဆို ဆရာတွေကို လှမ်းခေါ်ကြနော်"

ပိုင်ချီမင် မဟုတ်ဘူးလား။ သူမရဲ့ စိတ်ဝိညာဉ်အာရုံအရ သူ့ဆီကနေ ဘာမကောင်းတဲ့ စိတ်အာရုံမှ မရခဲ့ဘူး။

"လျန်ဟွေ့.... လမ်းလျှောက်နိုင်ရဲ့လား။ လင်းစုယွီ နင်တစ်ယောက်တည်း တွဲနိုင်ပါ့မလား"

ပုံမှန်ဆို စကား သိပ်မပြောတတ်တဲ့ ကျန်းလင်က စိုးရိမ်တကြီးနဲ့ လျန်ဟွေ့ကို တွဲဖို့ လက်လှမ်းလိုက်သည်။ တကယ်တော့ လျန်ဟွေ့ရဲ့ နောက်မှာထိုင်တဲ့ ကျန်းလင်ဟာ လင်းစုယွီပြီးရင် လျန်ဟွေ့နဲ့ စကားအပြောဆုံးသူတစ်ယောက်ပါ။

"ကျေးဇူးပဲ ကျန်းလင်၊ ငါ လမ်းလျှောက်နိုင်ပါတယ်။ စုယွီပဲ လိုက်ပို့ပေးပါစေ။ ခုနကတော့ ငါ တကယ် သေတော့မယ် ထင်နေတာ၊ အဆိပ်ရှိတဲ့ မြွေ ကိုက်လိုက်တယ် မှတ်လို့"

လင်းစုယွီက လျန်ဟွေ့ကို တွဲပြီး ဆေးပေးခန်းဘက်ကို ထွက်လာခဲ့ကြသည်။ ကျန်းလင်ရဲ့ မျက်နှာပေါ်က တုံ့ဆိုင်းနေတဲ့ အမူအရာကိုတော့ ဘယ်သူမှ သတိမထားမိလိုက်ကြပေ။

"ကဲ... ကျန်းလင်၊ ငါတို့ အလုပ်တွေ မပြီးသေးဘူး။ နင် တကယ် ကူညီချင်ရင် ငါတို့အလုပ်တွေပြီးမှ လျန်ဟွေ့ရဲ့ တာဝန်ကို ဝိုင်းလုပ်ပေးလိုက်ကြတာပေါ့"

ဝမ်ရှို့ကျွမ်းက ကျန်းလင်ကို လျစ်လျူရှုပြီး သူမအလုပ်ဆီ ပြန်သွားသည်။

"ရှို့ကျွမ်း... နင် ဘာလို့ ဒီလိုလုပ်ရတာလဲ။ လျန်ဟွေ့က နင့်အပေါ် ဘာလုပ်ခဲ့လို့လဲ။"

တကယ်တော့ ဝမ်ရှို့ကျွမ်းက ခြင်းတောင်းထဲကနေ မြွေကို ထုတ်လိုက်တာကို ကျန်းလင် မြင်လိုက်သည်။ ဒါပေမဲ့ သူမ ဘာမှ မပြောရဲခဲ့ပါ။ ခုနက လျန်ဟွေ့ကို ကူညီချင်ခဲ့တာကလည်း ဝမ်ရှို့ကျွမ်းရဲ့ လုပ်ရပ်ကို မဖော်ထုတ်နိုင်ခဲ့တဲ့အတွက် ခံစားနေရတဲ့ အပြစ်မကင်းစိတ်ကြောင့်ပဲ ဖြစ်သည်။

ဝမ်ရှို့ကျွမ်းက ကျန်းလင်ကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး ဘယ်သူမှ သတိမထားမိတဲ့ အချိန်ကျမှ လေသံအေးအေးနဲ့ ပြောလိုက်သည်။

"ကျန်းလင်... သူများကိစ္စထဲ ဝင်မပါနဲ့၊ နင် ကတိပေးထားတာကိုလည်း မမေ့နဲ့ဦး။ လျန်ဟွေ့က ငါ့ကို ဘာမှမလုပ်ပေမဲ့ သူ့အစ်ကိုက ငါ့ကို လုပ်ခဲ့တာလေ"

ဝမ်ရှို့ကျွမ်းက ကျန်းလင်ကို သတိပေးလိုက်သည်။ဟွန်း... ကျန်းလင် ဘာလုပ်ချင်နေလဲဆိုတာ သူမ မသိဘူးများ မှတ်နေလား။ လျန်ဟွေ့ကို မြွေလွှတ်တာ သူမပါလို့ ပြောပြချင်နေတာ မဟုတ်လား။

လျန်ဟွေ့အနားကို သူမ အလွယ်တကူ ကပ်လို့မရသေးသရွေ့တော့ အရင်ဆုံး ဒီလိုပဲ ခခံစားစေရမှာပဲ။ ဒါမှလည်း သူမရဲ့ ရင်ထဲက အာဃာတတွေ နည်းနည်းပြေလျော့သွားမှာ။

"ကျန်းလင်... နင့်ရဲ့ သနားစိတ်တွေကို ခေါက်ထားလိုက်စမ်းပါ။ ငါ့အကြံအစည်ကို ဖျက်ဆီးရဲရင်တော့ နင့်အမေပဲ ဒုက္ခရောက်လိမ့်မယ်နော်"

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters