အခန်း ၇၅
Vol. 8 Ch. 75
အပိုင်း ၇၅ - ဇနီးချောလေးကို အရယူခြင်း
“တတိယအစ်ကို... ဘာလို့ ကျွန်မကို ဆွဲခေါ်လာတာလဲ။ ဒုတိယအစ်ကိုနဲ့ ဆရာမချန်တို့ ဘာတွေပြောကြမလဲဆိုတာ နားထောင်ချင်သေးတာကို!”
“စပ်စုမနေစမ်းပါနဲ့။ ဒုတိယအစ်ကိုသာ မိန်းမ မရရင် ဒီတစ်ပတ်ပိတ်ရက်မှာ နင့်ကို ပန်းခြံထဲ တံမြက်လှည်းခိုင်းမှာ သေချာတယ်”
“သူမလုပ်ရဲပါဘူး။ သူ့ရဲ့ အရင်းခေါက်ခေါက် ညီမလေးကိုသာ တစ်ခုခုလုပ်ရဲရင် ကျွန်မက ဆရာမချန်ဆီ သွားတိုင်ပြီး ငိုပြလိုက်မှာပေါ့။ ဟွန်း!”
...ဒီညီမလေးက ဘယ်တုန်းကတည်းက ဒီလောက်အရူးလုပ်ရခက်သွားတာလဲ။
“အေးပါ... အေးပါ... သူ မလုပ်ရဲပါဘူး။ ဒါပေမဲ့ သူ့ကိုလည်း သနားပါဦး။ ဝမ်ချင်းချင်း ဆိုတဲ့တစ်ယောက်ကို ရှင်းပြီးခါရှိသေးတယ်၊ အခု ချန်ရှို့ရှို့ ဆိုတဲ့တစ်ယောက်က ထပ်ပေါ်လာပြန်ပြီ”
“တတိယအစ်ကိုပြောတော့ ဒုတိယအစ်ကိုက ဆရာမချန်ကိုပဲ စဖွင့်ပြောစေချင်တာဆို! သူ့ကို ဘာလို့ သနားရမှာလဲ။ ညီမလေးက အမေ့ကိုပဲ သနားတယ်။ အမေက အသက်ငါးဆယ်ကျော်နေပြီ၊ မြေးချီချင်နေတာကို ခုထိ အရိပ်အယောင်တောင် မမြင်ရသေးဘူး”
“အဲဒါက နင့်ကို ငါညာပြောထားတာပါ။ ဒုတိယအစ်ကိုရဲ့ အောင်သွယ်ပွဲမှာ နင်ဝင်ရှုပ်ပြီး တစ်ဖက်လူကို အနေခက်အောင် လုပ်မှာစိုးလို့”
“ဒီလျန်မိသားစုက တတိယသားကတော့... တစ်နေကုန် ညီမဖြစ်သူကို လိမ်ဖို့ပဲ ချောင်းနေတာ။ အစ်ကိုတော့ အေးအေးဆေးဆေး နေရတာ ငြီးငွေ့နေပြီ ထင်တယ်!”
တတိယအစ်ကိုလျန်သည် ညီမဖြစ်သူ လျန်ဟွေ့၏ အဆွဲအလိမ် ခံလိုက်ရသဖြင့် လက်မောင်းတွင် ချက်ချင်းပင် ညိုမည်းစွဲသွားတော့သည်။
“မြန်မြန်ပြောစမ်း၊ ဒုတိယအစ်ကို ဘာတွေကြံစည်နေတာလဲ။ မဟုတ်ရင် အမေ့ကို ပြောပြီး စစ်မေးခိုင်းလိုက်မှာနော်။ တတိယအစ်ကိုက အထက်တန်းအောင်တော့မယ်ဆိုတော့... အစ်ကိုကြီးဆီ သွားပြီး အစီရင်ခံချင်နေပြီလား”
တတိယအစ်ကိုလျန် တစ်ယောက် လျန်ဟွေ့ကို ကြည့်ပြီး အတော်လေး လက်လန်သွားသည်။ သူမက သူမအစ်ကိုတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကောင်းကောင်းသိသည်။ သူတို့ ကြောက်သည့်အချက်ကိုမှ ရှာပြီး ခြိမ်းခြောက်တတ်လွန်းသည်။ ငိုနေပါပြီနော်!
“ဒုတိယအစ်ကိုက အလုပ်ထဲမှာ တော်တော့ လူကြီးတွေက သူ့ကို သူတို့ဘက်ပါအောင် ဆွဲချင်ကြတာပေါ့။ အဲဒါကြောင့် သူ့အိမ်ထောင်ရေးကို ဝိုင်းပြီး မျက်စိကျနေကြတာ။ ဒီပြဿနာတွေကို မရှင်းနိုင်ဘဲ သူက ဆရာမချန်ကို ဘယ်လိုလုပ် လိုက်ရဲပါ့မလဲ”
“ဒီနေ့ ဒုတိယအစ်ကိုက ချန်ရှို့ရှို့နဲ့ကိစ္စကို အပြတ်ရှင်းနေတာ။ အဆင်ပြေသွားရင်တော့ သူ ဆရာမချန်ကို အမြန်ဆုံးလိုက်ပြီး လက်ထပ်ဖို့ ခွင့်ပြုချက်တောင်းတော့မှာ”
တတိယအစ်ကိုက သတင်းအချက်အလက် စုံလင်လှသည်။ ဒီနေ့ သူမြင်ခဲ့သည်မှာ ဒုတိယအစ်ကိုက သူ၏ သူငယ်ချင်းဖြစ်သူ လျူဟိုင်ပေါ်ကို ချန်ရှို့ရှို့နှင့် ပေးတွေ့ခဲ့ခြင်းဖြစ်သည်။ ချန်ရှို့ရှို့ကလည်း စကားပြောကောင်းသည့် လျူဟိုင်ပေါ်ကို ပိုသဘောကျသွားပုံရသည်။
ချန်ဟွေ့ယီသည် စက်ဘီးကိုတွန်းရင်း အကြိမ်ကြိမ်ပင် တက်စီးပြီး ထွက်သွားချင်နေသော်လည်း ရင်ထဲတွင် ပြောချင်သည့် စကားများ ရှိနေဆဲ ဖြစ်သည်။
“ရဲဘော်လျန်မှာ ပြောစရာမရှိတော့ဘူးလား။ မရှိရင် ကျွန်မ ပြန်တော့မယ်”
'ဒီလူကြီးကတော့ တကယ့်ကို အမြင်ကတ်ဖို့ကောင်းလိုက်တာ!'ဟု ချန်ဟွေ့ယီက စိတ်ထဲကနေ မကျေမချမ်း ရေရွတ်လိုက်မိသည်။
တကယ်တော့ ဒုတိယအစ်ကိုလျန် တစ်ယောက် ဘယ်လိုပြောရမလဲဆိုတာကို စိတ်ထဲတွင် အကြိမ်ကြိမ် လေ့ကျင့်နေခြင်းဖြစ်သည်။ သူသည် အလုပ်ကိစ္စတွင် ထက်မြက်သော်လည်း သူ နှစ်သက်သည့် မိန်းကလေးကို ပိုးပန်းခြင်းမှာမူ ပထမဆုံး အကြိမ်ဖြစ်နေသည်။ သူမကို လက်ထပ်ချင်ပါသည်ဟု မည်သို့ပြောရမည်နည်း။
“နေပါဦး... ကျွန်တော် ပြောစရာရှိပါတယ်။ ရဲဘော် ချန်ဟွေ့ယီ... ခင်ဗျားက မိန်းမကောင်း တစ်ယောက်ပါ။ ကြင်နာတတ်ပြီး သဘောထားလည်း ပြည့်ဝတယ်။ အဲဒါကြောင့် ခင်ဗျားနဲ့ ကျွန်တော် ရဲဘော်ရဲဘက် အဆင့်ထက် ကျော်လွန်တဲ့ တော်လှန်ရေး သူငယ်ချင်းဖြစ်မှုမျိုးကို တည်ဆောက်ချင်ပါတယ်”
ထိုသို့ပြောရင်း ဒုတိယအစ်ကို အိတ်ကပ်ထဲမှ ‘ဥက္ကဋ္ဌကြီးမော်၏ မိန့်ခွန်းကောက်နုတ်ချက်များ’ စာအုပ်ကို ထုတ်ကာ ချန်ဟွေ့ယီထံ ကမ်းပေးလိုက်သည်။
ထိုခေတ်အခါက အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ဤစာအုပ်ပေးပြီး ‘တော်လှန်ရေးသူငယ်ချင်း’ အဖြစ် ဖိတ်ခေါ်ခြင်းသည် နောင်ခေတ်တွင် လက်စွပ်ပေး၍ လက်ထပ်ခွင့်တောင်းခြင်းနှင့် အလားတူပင် ဖြစ်သည်။
“အရင်က ကျွန်တော့်ရဲ့ သဘောထားကြောင့် အထင်လွဲခဲ့တာတွေကို သိပါတယ်။ အဲဒါကို ကျွန်တော် ရှင်းပြပါရစေ။ ပြီးရင်တော့ ကျွန်တော်တို့ ဆက်ဆံရေးကို သေသေချာချာ စဉ်းစားပေးစေချင်ပါတယ်”
ယခုတစ်ခေါက်တွင် ချန်ဟွေ့ယီသည် ထုံးစံအတိုင်း တည်ငြိမ်ပြီး ဝါရင့်နေသော ဒုတိယအစ်ကိုကို မဟုတ်ဘဲ အခြားလူတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။ သူမရှေ့က အမျိုးသားသည် စိုးရိမ်တကြီးနှင့် အသံများပင် အနည်းငယ် တုန်ယင်နေရှာသည်။
ချန်ဟွေ့ယီ၏ စိတ်အစဉ်က ပျော့ပြောင်းသွားရသည်။ သူမရှေ့က အမျိုးသားမှာ အားငယ်နေပုံရသဖြင့် သူ့ကို ကြည့်ကာ ရင်ထဲတွင် သနားဂရုဏာပင် သက်မိသွားသည်။
“အတွင်းရေးမှူးဝမ်က ရှင့်ကို အောင်သွယ်မပေးတော့တာတောင်၊ နောက်တစ်ယောက်နဲ့ ထပ်ပြီး အောင်သွယ်ပွဲ သွားဖို့ သဘောတူခဲ့သေးတာပဲ”
ချန်ဟွေ့ယီက ထိုသို့ပြောလိုက်သည်နှင့် ဒုတိယအစ်ကိုလျန်တစ်ယောက် သူ့ရဲ့ လျှာရှည်လွန်းသည့် ညီမလေးက သူ့ကို နောက်တစ်ကြိမ် ‘ရောင်းစား’ လိုက်ပြန်ပြီမှန်း သိလိုက်လေသည်။
“မဟုတ်ပါဘူး... ဝန်ကြီးချန်ရဲ့ သမီးနဲ့ တွေ့ဖို့ ကျွန်တော် ကိုယ်တိုင် သဘောတူခဲ့တာ မဟုတ်ပါဘူး။ အဲဒီနေ့က တစ်မိသားစုလုံး အပြင်မှာ ထမင်းသွားစားမယ်လို့ အဖေက ပြောလို့ လိုက်သွားတာ၊ အောင်သွယ်ပေးတဲ့ပွဲမှန်း လုံးဝ မသိခဲ့ပါဘူး”
ထမင်းစားပွဲရောက်မှ စက်မှုဝန်ကြီးဌာနက ဝန်ကြီးချန်ကို မြင်တော့မှ ဒီထမင်းစားပွဲရဲ့ အဓိပ္ပာယ်ကို သူ ရိပ်မိတော့သည်။ ပွဲပြီးကတည်းက သူ့အဖေကိုလည်း ထိခိုက်မှုမရှိစေဘဲ ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သူ အသည်းအသန် ကြံစည်ခဲ့ရခြင်းဖြစ်သည်။
ထို့နောက် ဒုတိယအစ်ကိုလျန်သည် ကျင်းမန်မြို့တွင် တတာဝန်ကျနေသည့် သူငယ်ချင်းနှစ်ယောက်ကို သတိရသွားသည်။ ချန်ရှောင်က ရိုးအလွန်းပြီး အနေအေးသဖြင့် အချော့အမော့ကြိုက်သည့် ချန်ရှို့ရှို့နှင့် မကိုက်ညီပေ။
အခြားသူငယ်ချင်း လျူဟိုင်ပေါ်ကမူ စကားပြောကောင်းပြီး လူမှုရေးကျွမ်းကျင်သည်။ အရေးကြီးဆုံးက သူသည် မိသားစုနောက်ခံကောင်းသည့် အဖော်ကို ရှာနေသူဖြစ်ပြီး မိန်းကလေးတစ်ယောက် ပျော်အောင်လည်း အလိုက်အထိုက် နေတတ်သည်။ ထို့ကြောင့် ဒုတိယအစ်ကိုလျန်က လျူဟိုင်ပေါ်ကို ချန်ရှို့ရှို့နှင့် မိတ်ဆက်ပေးလိုက်ခြင်းဖြစ်သည်။
အေးစက်စက်နိုင်လှသော ဒုတိယအစ်ကိုလျန်နှင့် ယှဉ်လျှင် ချန်ရှို့ရှို့သည် လျူဟိုင်ပေါ်နှင့် စကားပြောရသည်ကို ပိုသဘောကျသွားသည်။ လျူဟိုင်ပေါ်၏ အလုပ်မှာလည်း မဆိုးလှပေ၊ သူသည် ထျန်းကျင်း အကောက်ခွန်ရုံးတွင် တာဝန်ကျထားသူဖြစ်သည်။
“ဒါဆို ဝန်ကြီးချန်ရဲ့ သမီးကရော... ကြင်နာတတ်ပြီး သဘောထားပြည့်ဝရဲ့လား”
“ဒါကတော့... ရဲဘော်လျူဟိုင်ပေါ်ပဲ ဖြေနိုင်ပါလိမ့်မယ်။ ရဲဘော် ချန်ဟွေ့ယီ... ချန်ရှို့ရှို့နဲ့ ကျွန်တော်နဲ့ကတော့ အခုကစပြီး ဘာပတ်သက်မှုမှ မရှိတော့ဘူးလို့ ကျွန်တော် အာမခံပါတယ်”
ချန်ဟွေ့ယီ၏ လေသံပျော့သွားသည်ကို မြင်လိုက်ရသောအခါ ဒုတိယအစ်ကိုက ဥက္ကဋ္ဌကြီးမော်၏ စာအုပ်ကို ထပ်မံကမ်းပေးလိုက်ပြန်သည်။
“ဟွေ့ယီ... ခင်ဗျားအပေါ်ထားတဲ့ ကျွန်တော့်ရဲ့ ခံစားချက်တွေက ဒီမိန့်ခွန်းတွေလိုပဲ ခိုင်မာပြီး ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူးလို့ အာမခံပါတယ်။ ခင်ဗျားနဲ့ အဖွဲ့အစည်းရဲ့ စမ်းသပ်မှုကို ခံယူဖို့ ကျွန်တော် အဆင်သင့်ပါပဲ”
ဒုတိယအစ်ကိုလျန် သူမ၏အမည်အား ‘ဟွေ့ယီ’ ဟု ခေါ်လိုက်ခြင်းက ချန်ဟွေ့ယီ၏ စိတ်တံခါးကို အောင်မြင်စွာ ဖွင့်လိုက်နိုင်လေသည်။ သူမ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး စာအုပ်ကို လှမ်းယူကာ လွယ်အိတ်ထဲသို့ ဂရုတစိုက် ထည့်လိုက်တော့သည်။
“ဒါဆိုလည်း... စောင့်ကြည့်ရသေးတာပေါ့!”
ချန်ဟွေ့ယီသည် ဒုတိယအစ်ကိုလျန် အား မကြည့်ရဲဘဲ မျက်နှာလွှဲထားမိသည်။ ထို့နောက် ဒုတိယအစ်ကိုလျန်က သူမလက်ထဲမှ စက်ဘီးကို လွှဲယူတွန်းပေးပြီး နှစ်ယောက်သား စကားတပြောပြောဖြင့် အိမ်အပြန်လမ်းသို့ လျှောက်လှမ်းသွားကြသည်။
“ဘာ... ရှင်က ကျွန်မရဲ့ ဦးလေးကြီးနဲ့ ဝမ်းကွဲမောင်လေးကို သတိပေးခဲ့တာလား”
မထူးဆန်းတော့ပေ။ အဘွားဖြစ်သူက သူမတို့အိမ်တွင် လာရောက်သောင်းကျန်းပြီးကတည်းက တစ်ခါမှ ထပ်ပေါ်မလာတော့ခြင်းမှာ သူမ၏အဖေက အဘွားကို ခြောက်လှန့်လိုက်သည်ဟု ထင်ထားခဲ့သော်လည်း အမှန်တရားက ဤသို့ဖြစ်နေပေသည်။
“ကျွန်တော် ဒါကိုပြောပြတာက ခင်ဗျားအပေါ် အမြဲတမ်း အလေးအနက်ထားတယ်ဆိုတာ သိစေချင်လို့ပါ။ ခင်ဗျား ဒါမှမဟုတ် ခင်ဗျားမိသားစု တစ်ခုခုဖြစ်ရင် ကျွန်တော် ဘယ်တော့မှ ဒီအတိုင်း ကြည့်မနေပါဘူး”
ကတိစကားကဲ့သို့သော ဒုတိယအစ်ကိုလျန်၏စကားများကြောင့် ချန်ဟွေ့ယီ၏ ရင်ထဲတွင် ချိုမြိန်သော ခံစားချက်လေးများ ပြည့်နှက်သွားရသည်။
သူမ၏ အဘွားက မည်ကဲ့သို့သော လူစားမျိုးဖြစ်သည်ကို သူမသိသည်။ ဦးလေးကြီးနှင့် ဝမ်းကွဲမောင်လေးတို့၏ စကားမှသာ အဘွားကို တားဆီးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဒုတိယအစ်ကိုလျန်က သူမ၏ မိသားစုပြဿနာကို ကူညီဖြေရှင်းပေးခဲ့သည့်အတွက် သူမ အတိုင်းမသိ ဝမ်းသာသွားမိသည်။
“ဟွေ့ယီ... မင်း ကျွန်တော့်ရဲ့ လက်ဆောင်ကို လက်ခံလိုက်ပြီဆိုတော့ ကျွန်တော့်ရဲ့ ချစ်သူဖြစ်ဖို့ သဘောတူလိုက်ပြီလို့ မှတ်ယူမယ်နော်”
“ကျွန်တော်တို့ အမြန်ဆုံး လက်ထပ်နိုင်ရင် ကောင်းမယ်။ လက်ထပ်ပြီးရင် အိမ်မှုကိစ္စတွေကို ကျွန်တော် ဝိုင်းကူလုပ်ပေးမယ်။ လစာအားလုံးကိုလည်း မင်းကို အပ်မယ်၊ မင်းပဲ ကျွန်တော့်ကို မုန့်ဖိုးလေး ပြန်ပေးပေါ့”
ယောက်ျားကောင်းဆိုသည်မှာ ဇနီးဖြစ်သူအား လစာအပ်ရမည်၊ အိမ်မှုကိစ္စ ကူလုပ်ရမည်ဟု ညီမဖြစ်သူ လျန်ဟွေ့ ခဏခဏ ပြောလေ့ရှိသည်ကို သူ မှတ်သားထားခြင်း ဖြစ်သည်။
“ဒါဆို... ရှင့်မိဘတွေက ကျွန်မတို့ကိစ္စကို မကန့်ကွက်ကြဘူးလား”
လျန်ချောင်ဟွေ့၏ အဖေက စက်ရုံမှူးတစ်ဦး ဖြစ်သဖြင့် သာမန် အလုပ်သမားမိသားစုဖြစ်သည့် သူမ၏ မိသားစုကို အထင်သေးမလားဟု သူမ စိုးရိမ်မိသည်။
စက်ရုံမှူးလျန်ကိုယ်တိုင် သားဖြစ်သူကို ဝန်ကြီးချန်၏ သမီးနှင့် အောင်သွယ်ပေးခဲ့သည်ဟူသော အချက်က ချန်ဟွေ့ယီကို လျန်မိသားစု၏ သဘောထားအပေါ် သံသယဝင်စေပြီး စိတ်ပူပန်စေခဲ့ခြင်း ဖြစ်သည်။
“ဟားဟား... ဘာလို့ အဲလိုတွေးတာလဲ။ ကိုယ့်အမေက မင်းကို သိပ်သဘောကျတာ။ ပြီးတော့ ကိုယ့်ညီမလေးကလည်း မင်းရဲ့ ကျောင်းသူပဲလေ၊ သူက မင်းကို သူ့ရဲ့ မရီးဖြစ်စေချင်လို့ကို မြှောက်ပင့်ပေးနေတာ”
“ကိုယ့်အဖေကတော့... တကယ်တော့ သူက အမေ့ကို ကြောက်ရတာပါ။ အမေဆုံးဖြတ်သမျှကို သူ ဘာမှမပြောရဲဘူး။ အရေးကြီးဆုံးကတော့ သူလည်း ကိုယ်တို့ လက်ထပ်တာကို ကန့်ကွက်မှာ မဟုတ်ဘူးဆိုတာပါပဲ”
ဒုတိယအစ်ကိုလျန်က ချက်ချင်းပင် အာမခံလိုက်သည်။ အခြားလူများကမူ သူ ဇနီးရဖို့ ကြိုးစားရသည်မှာ လွယ်ကူသည်ဟု ထင်နိုင်သော်လည်း၊ တကယ်တော့ သူသည် ပတ်ဝန်းကျင်မှ နှောင့်ယှက်မှုများကို ရှင်းလင်းရန် အတော်လေး ကြိုးစားခဲ့ရခြင်း ဖြစ်သည်။ သို့ဖြစ်ရာ မည်သူ့ကိုမျှ နှောင့်ယှက်ခွင့်ပေးမည် မဟုတ်ပေ။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း