အခန်း ၇၆
Vol. 8 Ch. 76
အပိုင်း ၇၆ - ပိုင်ချီမင်၏ ဝန်ခံချက်
ပိုင်ချီမင်တစ်ယောက် လင်းစုယွီရဲ့ လှည့်ကွက်ထဲမှာ ထမင်းဖိုးရှင်းလိုက်ရပြီး ဘာမှလည်း ရေရေရာရာ မထူးခြားခဲ့တာကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေစဉ်မှာပဲ လက်အောက်ငယ်သားတွေက လင်းရှင်းယောင်ရဲ့ နောက်ဆုံးရသတင်းကို လာပို့ကြသည်။
"သခင်လေးချီမင်... ဦးလေးပိုင်ဆီက သတင်းစကားပါးလိုက်ပါတယ်။ လင်းရှင်းယောင်က သူ့ကို မိသားစုဝင်အဖြစ် အသိအမှတ်ပြုတဲ့ ဂုဏ်ပြုပွဲကျင်းပပေးဖို့ အဘွားကို မြှောက်ပင့်နေတယ်လို့ ဆိုပါတယ်။ ဦးလေးပိုင်က သခင်လေးမှာ ဘာညွှန်ကြားချက်များ ရှိမလဲလို့ မေးနေပါတယ်"
ဟုတ်ပေသားပဲ။ လင်းရှင်းယောင်ကို ပိုင်မိသားစုက ပထမဆုံး အသိအမှတ်ပြုတုန်းက သူ့အဘွားဟာ ဝမ်းသာလွန်းပြီး ဆေးရုံတောင် တက်ခဲ့ရတာပါ။ အဘွား ဆေးရုံကဆင်းပြီး ပြန်ကောင်းလာတဲ့အချိန်ဟာ သူ့ (ပိုင်ချီမင်) ရဲ့ အတိတ်ဘဝက မှတ်ဉာဏ်တွေ ပြန်ပွင့်လာတဲ့ အချိန်နဲ့ ကွက်တိပဲ ဖြစ်နေခဲ့သည်။
ဒါကြောင့်မို့လို့ အစအဆုံး ပြန်ကြည့်ရင် လင်းရှင်းယောင် ပိုင်မိသားစုထဲ ပြန်ဝင်လာတဲ့အတွက် ဘာပွဲလမ်းသဘင်မှ မကျင်းပဖြစ်ခဲ့ချေ။ တရားဝင် အခမ်းအနား မရှိဘဲနဲ့တော့ ဟောင်ကောင်မြို့ရဲ့ အထက်တန်းလွှာတွေက ဒီပိုင်မိသားစုရဲ့ မြေးမလေးကို အသိအမှတ်ပြုကြမှာ မဟုတ်ဘူးလေ။
"ဟက်... ဦးလေးပိုင်ကို ပြောလိုက်၊ လင်းရှင်းယောင်ရဲ့ ခြေထောက်ကို တစ်ယောက်ယောက်လွှတ်ပြီး ရိုက်ချိုးပစ်ဖို့ စီစဉ်ခိုင်းလိုက်ပါ။ ခြေထောက်တရွတ်တိုက် ဖြစ်နေတဲ့ ရုပ်နဲ့တော့ ဟောင်ကောင်ရဲ့ လူကုန်ထံအသိုင်းအဝိုင်းနဲ့ တွေ့ဖို့ သူ သတ္တိရှိမယ် မထင်ဘူး။ ဪ... ဒါနဲ့ လင်းရှင်းယောင် ခြေထောက်ကျိုးသွားရင် အဘွားကိုတော့ မသိစေနဲ့ဦး။ အဘွားက အဲဒီမိန်းမအတွက်နဲ့ စိတ်ပူနေမှာကို ငါမလိုချင်ဘူး"
ဒါက... သခင်လေးက ဦးလေးပိုင်ကို ခက်အောင်လုပ်နေတာ မဟုတ်ဘူးလား။ အဘွားအိုဟာ စိတ်အေးချမ်းဖို့အတွက် လင်းရှင်းယောင်ကို နေ့တိုင်းတွေ့နေရမှ ဖြစ်မယ်ဆိုတာကို သခင်လေးလည်း အသိသားနဲ့။ လင်းရှင်းယောင် တစ်ခုခုဖြစ်သွားတာကို အဘွားမသိအောင် ဘယ်လိုဖုံးကွယ်ထားလို့ ရမှာလဲ။
"သခင်လေးချီမင်... တစ်ချက်လောက် ပြန်စဉ်းစားကြည့်ရင် မကောင်းဘူးလား"
"ခိုင်းတဲ့အတိုင်းသာ လုပ်စမ်းပါ။ တကယ်လို့ အဆင်မပြေရင် လင်းရှင်းယောင်က အဘွားဆီ နေ့တိုင်းဖုန်းဆက်ပြီး နှုတ်ဆက်ဂါရဝပြုနေသလိုမျိုးဖြစ်အောင် ဦးလေးပိုင်ကို စီစဉ်ခိုင်းလိုက်"
လောလောဆယ်မှာတော့ ပိုင်ချီမင်ဟာ သူ့ရဲ့ ဒေါသနဲ့ မကျေနပ်ချက်တွေကို လင်းရှင်းယောင်အပေါ် ပုံချချင်နေတာမို့ သူ့စိတ်ထဲ အဆင်ပြေမယ့်အတိုင်းသာ ခိုင်းစေနေတော့သည်။
"နောက်ပြီးတော့... လင်းရှင်းယောင် ငါတို့ပိုင်မိသားစုဆီက ရသမျှအရာအားလုံးကို အသေးစိတ် မှတ်တမ်းတင်ထားဖို့ ဦးလေးပိုင်ကို သတိပေးလိုက်ဦး။ အချိန်၊ နေရာ၊ ပတ်သက်တဲ့လူတွေနဲ့ လက်ဆောင်ပစ္စည်းတွေကို အတိအကျ မှတ်ထားပါ။ နောက်ကျရင် အဲဒါတွေအားလုံးကို သူ ပြန်ပေးဆပ်ရအောင် ငါလုပ်မှာ။ လင်းရှင်းယောင်အနေနဲ့ ငါတို့မိသားစုဆီက ဆံပင်တစ်မျှင်တောင် အလကားရဖို့ မအိပ်မက်နဲ့"
သူ အားလုံးကို အရင်ကတည်းက ကြိုတင်စီစဉ်ထားပြီးသားပါ။ အခုအချိန်မှာ သူ့မိသားစုက လင်းရှင်းယောင်ကို ပေးသမျှဟာ နောင်တစ်ချိန်မှာ သူ့ရဲ့ နောက်ကြောင်းအမှန်ကို ဖော်ထုတ်ပြီးတာနဲ့ လိမ္မာယဉ်ကျေးစွာ ပြန်အပ်သွားအောင် သူ မဖြစ်မနေ လုပ်ဆောင်မှာပါ။
"သခင်လေး... တကယ်လို့ လင်းရှင်းယောင် ခြေထောက်ကျိုးဖို့ ဇွတ်လုပ်မယ်ဆိုရင်တော့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မမလေးစုယွီကို ဟောင်ကောင်ကို ပြန်လာဖို့ အမြန်ဆုံး စည်းရုံးရပါလိမ့်မယ်။ အဘွားက လင်းရှင်းယောင်ကို ကြာကြာမတွေ့ရရင် သံသယဝင်လာပါလိမ့်မယ်"
"ငါလဲ အမြန်လုပ်နေတာပဲ။ ဟမ်! ငါကော အလေးအနက် မထားလို့လား။ တော်ပြီ တော်ပြီ... နားပူမနေနဲ့တော့၊ သွားပြီး ဦးလေးပိုင်ကို ငါခိုင်းတာတွေ သွားပြောချေတော့"
ဘယ်လိုတောင် ယုံကြည်ရတဲ့ လက်ရုံးလဲ။ လူစိတ်ချမ်းသာအောင် တစ်ခွန်းတောင် မပြောဘူး။ တည့်တည့်ကို လာထိနေတာပဲ။
ပိုင်ချီမင်က သူ့လက်အောက်ငယ်သားကို စိတ်တိုတိုနဲ့ မောင်းထုတ်လိုက်ပြီး လင်းစုယွီနဲ့ ဖြည်းဖြည်းချင်း သံယောဇဉ် တည်ဆောက်မယ့် အစီအစဉ်ကိုလည်း ပြောင်းလဲလိုက်တော့သည်။
"ငါသာ မင်းကို တည့်တည့်မတ်မတ် ဖွင့်ပြောလိုက်ရင် မင်းက အူကြောင်ကြောင်လုပ်ပြီး ရှောင်နေနိုင်ဦးမလား ကြည့်ကြသေးတာပေါ့"
ဒါနဲ့ပဲ ပိုင်ချီမင်ဟာ လင်းစုယွီကို သူ့ရဲ့ တကယ့်အရှိတရားကို ဖွင့်ပြောဖို့ အခွင့်အရေးကို နေ့တိုင်း ရှာတော့သည်။ လင်းစုယွီကတော့ သူ့အကြံကို ကြိုသိနေသလိုမျိုးပဲ၊ အမြဲတမ်း လျှောခနဲ ရှောင်ဖယ်သွားနေမြဲပင်။
နောက်ထပ် တစ်ပတ်ခန့် ကြာသွားတဲ့အခါ... ဟောင်ကောင်က သတင်းတစ်ခု ရောက်လာခဲ့သည်။ လင်းရှင်းယောင်ဟာ ဈေးဝယ်နေရင်း လက်ဝတ်ရတနာတစ်ခုနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်နဲ့ စကားများရာကနေ တိုက်ခိုက်ခံရပြီး ခြေထောက်ကျိုးသွားတယ် ဆိုတဲ့သတင်းပါ။
လင်းရှင်းယောင် စကားများခဲ့တဲ့သူကလည်း နောက်ခံတောင့်တောင့်တင်းတင်း ရှိသူပါ။ ဟောင်ကောင်ရဲ့ အထက်တန်းလွှာတွေကြားမှာ ကျန်းမိသားစုရဲ့ မြေးမလေးဟာ ရတနာဝယ်ရတာကို အရူးအမူး ဝါသနာပါမှန်း လူတိုင်းသိကြသည်။ ဒီအသိုင်းအဝိုင်းက လူတွေဟာ ကျန်းဖိန်ဖိန်နဲ့ တွေ့ရင် အလိုလို ဖယ်ပေးလေ့ရှိကြတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျန်းဖိန်ဖိန်ဟာ တောင့်တင်းတဲ့ မိစုနောက်ခံအပြင် ကိုယ်တိုင်ကလည်း ဆဲဆိုရတာ ဝါသနာပါတဲ့ လူရှုပ်မလေးမို့လို့ပါပဲ။ လင်းရှင်းယောင်ကတော့ သူ့ကို သွားယှဉ်ပြီး ရတနာလုတာဟာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းရာ ရောက်သွားခဲ့ပါပြီ။
လင်းရှင်းယောင်ဟာ သူလိုချင်တဲ့ ရတနာကိုလည်း မရလိုက်ဘဲ ကျန်းဖိန်ဖိန်ရဲ့ ဆဲဆိုမှုကိုပါ ခံလိုက်ရသည်။ အဲဒီအချိန်မှာ သူက ပိုင်မိသားစုဆီသွားပြီး အဘွားကို တိုင်တန်းဖို့ လုပ်နေတုန်း ဈေးဝယ်စင်တာက ထွက်လာတာနဲ့ ဦးလေးပိုင် စီစဉ်ထားတဲ့လူတွေက သူ့ခြေထောက်ကို ရိုက်ချိုးပစ်လိုက်တော့သည်။
တိုက်ဆိုင်မှုကတော့ အံ့ဩစရာပဲ။ လင်းရှင်းယောင်ဟာ ကျန်းဖိန်ဖိန်နဲ့ စကားများပြီးတာနဲ့ ခြေထောက်ကျိုးသွားတာဆိုတော့ ဒီအလုပ်ကို ကျန်းဖိန်ဖိန် လုပ်ခိုင်းတယ်လို့ပဲ သူက ထင်သွားတော့သည်။
လင်းရှင်းယောင်ဟာ ဆေးရုံမှာတင် ပြဿနာတွေရှာပြီး အဘွားပိုင်ကို တိုင်မယ်လို့ အော်ဟစ်နေသလို ကျန်းဖိန်ဖိန်ကိုယ်တိုင် လာတောင်းပန်ရမယ်၊ မဟုတ်ရင် လွယ်လွယ်နဲ့ အလွတ်မပေးဘူးလို့ ကြုံးဝါးနေသည်။
ဆေးရုံဆိုတာ လူအဝင်အထွက်များတဲ့ လူစည်ကားရာနေရာပါ။ လင်းရှင်းယောင် သောင်းကျန်းနေတာကို မြင်တော့ လူတွေကလည်း ဝိုင်းကြည့်ပြီး အတင်းပြောဖို့ အကွက်ရသွားတာပေါ့။ ဒါကြောင့်ပဲ ဒီသတင်းဟာ ကျန်းဖိန်ဖိန်ရဲ့ နားထဲကို ချက်ချင်း ရောက်သွားတော့သည်။
လင်းရှင်းယောင်က ဆေးရုံမှာ သူ့ကို ကျန်းဖိန်ဖိန်က ရိုက်တာလို့ တစ်ဖွဖွ ပြောနေတယ်ဆိုတာ ကြားတော့ အဆင့်အတန်းမြင့်တဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ဒီလို အစွပ်စွဲခံရတာကို ဘယ်ခံနိုင်ပါ့မလဲ။
ဒါနဲ့ပဲ နောက်တစ်နေ့မှာ ကျန်းဖိန်ဖိန်ဟာ သက်တော်စောင့်အချို့ကို ခေါ်ပြီး ဆေးရုံကို လိုက်လာခဲ့သည်။ ပြီးတော့ ဆရာဝန်တွေ၊ သူနာပြုတွေရဲ့ ရှေ့မှာတင် လင်းရှင်းယောင်ရဲ့ ကျန်တဲ့ ခြေထောက်တစ်ဖက်ကိုပါ ရိုက်ချိုးပစ်လိုက်သည်။
"အင်း... လင်းရှင်းယောင်ရဲ့ ကံကလည်း တကယ်မကောင်းရှာဘူး၊ ဒီလို တိုက်ဆိုင်မှုမျိုးနဲ့ ကြုံရတယ်လို့"
သခင်လေးချီမင်ကတော့ မျက်နှာပြောင်တိုက်ပြီး လိမ်ပြောလိုက်သည်။ သူ့မှာ အပြစ်ရှိတယ်လို့လည်း စိုးစဉ်းမျှ မခံစားရပါ။ တကယ်တော့ ဦးလေးပိုင်ကို အခွင့်ကောင်းကြည့်ပြီး လုပ်ခိုင်းတာ သူကိုယ်တိုင်ပဲလေ။
"ဟုတ်ကဲ့၊ လင်းရှင်းယောင် ကံတအားဆိုးတာပါပဲ"
"ငါ့မိသားစုက အဘွားကို လင်းရှင်းယောင်အကြောင်း မပြောလိုက်ကြဘူးမလား"
"မပြောပါဘူး၊ ဦးလေးပိုင် အားလုံးစီစဉ်ထားပါတယ်။ အဘွားက တောင်ထိပ်ဗီလာမှာ နားနေပြီး ဆရာဝန်ကြီးက ကျန်းမာရေးအတွက် ပြုစုပေးနေပါတယ်။ ဦးလေးပိုင်က အဘွားကို စိတ်မလှုပ်ရှားစေဖို့ သခင်ကြီးတို့ကို သတိပေးခိုင်းထားတာမို့လို့ သခင်ကြီးကလည်း အဘွားကို လင်းရှင်းယောင်အကြောင်း မပြောခိုင်းဘဲ လင်းရှင်းယောင်ကို နေ့တိုင်းဖုန်းဆက်ခိုင်းထားပါတယ်"
ဟက်... ဦးလေးပိုင်ဆိုတာ လုပ်ရင် ဒီလိုပဲ အပိုင်လုပ်တတ်တာ။ အခုတော့ လင်းရှင်းယောင်ရဲ့ ကိစ္စက အဘွားကို မထိခိုက်တော့ဘူးဆိုတော့ ပိုင်ချီမင် စိတ်အေးသွားပြီ။ လင်းရှင်းယောင် ဒီလောက် ဒုက္ခရောက်နေတာကို ကြားရတော့ သူ ပိုတောင် ပျော်သေးသည်။ လင်းစုယွီဆီမှာ ခံခဲ့ရတဲ့ အမောတွေတောင် ချက်ချင်း ပျောက်သွားသလိုပဲ။ ဒီညတော့ အောင်ပွဲခံတဲ့အနေနဲ့ ထမင်းတောင် တစ်ပန်းကန် ပိုစားဦးမယ်ဟု ဆုံးဖြတ်လိုက်သည်။
"သခင်လေး... စောစောစီးစီး မပျော်လိုက်နဲ့ဦး။ ကျန်းဖိန်ဖိန်က လင်းရှင်းယောင်ကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး။ သူတို့နှစ်ယောက် ရန်ငြိုးဖွဲ့သွားပြီဆိုရင် အဘွားရဲ့ သူငယ်ချင်းတွေ လာလည်တဲ့အခါ အဲဒီအကြောင်းတွေ ပါလာလိမ့်မယ်။ ဒါကြောင့် မမလေးစုယွီကို ဟောင်ကောင်ကို အမြန်ဆုံး ခေါ်လာပြီး ဒီပြဿနာတွေကို ဖြေရှင်းမှ ဖြစ်ပါလိမ့်မယ်"
"ကောင်းပြီလေ။ မနက်ဖြန် စနေ၊ တနင်္ဂနွေဆိုတော့ လင်းစုယွီဆီ ငါသွားမယ်။ သူ့အိမ်မှာပဲ အတင်းနေပြီး မပြန်တော့ဘူးဆိုရင်တောင် ငါ အမှန်အတိုင်း ပြောပြတော့မယ်။ စုယွီက လင်းမိသားစုမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ အစေခံတစ်ယောက်လို ဆက်ဆံခံခဲ့ရတာ။ လင်းရှင်းယောင်က သူ့နေရာကို လုယူပြီး ပိုင်မိသားစုရဲ့ မမလေးအဖြစ် ဟန်ဆောင်နေတာကို သူ ဒီအတိုင်း ကြည့်နေနိုင်မလား။ ဟင်း... နည်းမျိုးစုံ သုံးပြီးတော့ပဲဖြစ်ဖြစ် စုယွီကို ဟောင်ကောင် ပြန်ခေါ်လာရမယ်"
ပိုင်ချီမင်ကတော့ လင်းစုယွီကို အားလုံး ဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်ပါပြီ။ လင်းရှင်းယောင်က သူ့မိသားစုထဲမှာ ဆက်ပြီး ပြဿနာရှာနေတာမျိုး၊ အခွင့်အရေးယူနေတာမျိုးကို သူ အဖြစ်မခံနိုင်တော့ဘူးလေ။
နောက်တစ်နေ့ မနက်စောစောမှာပဲ ပိုင်ချီမင်က လက်ဆောင်တွေနဲ့အတူ လင်းစုယွီရဲ့ တံခါးကို ခေါက်ပါတော့သည်။ လင်းစုယွီ တံခါးဖွင့်လိုက်တာနဲ့ သူက အထဲကို အတင်းဝင်ဖို့ ကြိုးစားတော့တာပါပဲ၊ ကြည့်ရတာ လင်းစုယွီက သူ့ကိုတွေ့တာနဲ့ တံခါးကို ဝုန်းခနဲ ပိတ်ပစ်မှာကို ကြောက်နေတဲ့အတိုင်းပင်။
"ဆရာပိုင်က အိမ်တိုင်ရာရောက် ကျောင်းသားအခြေအနေ လာမေးတာလား"
လင်းစုယွီက အဖြေကို သိသိကြီးနဲ့ မေးလိုက်တာပါ။ ပိုင်ချီမင်က သူ့ကို အရင်က လိုက်စုံစမ်းခဲ့တာတွေ၊ စမ်းသပ်ခဲ့တာတွေကို မကျေနပ်တာကြောင့် လင်းစုယွီက တမင် အခက်တွေ့အောင် လုပ်နေတာ သိသာသည်။
"လင်းစုယွီ... ငါက မင်းရဲ့ ဝမ်းကွဲအစ်ကိုပဲ။ တကယ့် သွေးသားတော်စပ်တဲ့ ဝမ်းကွဲအစ်ကို။ အဲဒါကြောင့် ငါတို့ ထိုင်ပြီး သေချာစကားပြောလို့ ရမလား"
ဒီတစ်ခါတော့ ပိုင်ချီမင် စကားတွေ ဝေ့လည်ကြောင်ပတ် မလုပ်ရဲတော့ပါ။ သူ့ရဲ့ အရှိကိုအရှိအတိုင်း ဖွင့်ပြောလိုက်ပြီး ဧည့်ခန်းထဲဝင်ကာ ထိုင်လိုက်သည်။ သူ့ပုံစံက လင်းစုယွီကသာ ကောင်းကောင်းမွန်မွန် စကားမပြောဘူးဆိုရင် ဒီနေရာကနေ လုံးဝ ထမယ့်ပုံ မပေါ်ချေ။
"ဆရာက ကျွန်မရဲ့ ဝမ်းကွဲအစ်ကို ဟုတ်ပြီလေ၊ ပြီးတော့ကော။ ဘာအကြောင်းပြောချင်လို့လဲ"
လင်းစုယွီ မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။ အခုတွေ့နေရတဲ့ ပိုင်ချီမင်က သူမရဲ့ အစောပိုင်း ထင်မြင်ချက်တွေနဲ့ နည်းနည်း ကွဲပြားနေတယ်လေ။ အခု ပိုင်ချီမင်က နည်းနည်း လူလည်ကျတတ်တဲ့ ပုံစံမျိုး ဖြစ်နေ၏။
"မင်းရသင့်ရထိုက်တဲ့ ပိုင်ဆိုင်မှုတွေအကြောင်း ပြောကြရအောင်... အဲဒါတွေကို မင်း မလိုချင်ဘူးလား။ လင်းရှင်းယောင်က မင်းရဲ့နေရာကို လုယူပြီး မင်းရဲ့ပိုက်ဆံတွေကို သုံးဖြုန်းနေတဲ့အကြောင်း ပြောကြရင်ကော။ နောက်ပြီး... မင်းရဲ့ မွေးမိခင်၊ ငါ့ရဲ့ ဒေါ်လေးအကြောင်း ပြောရအောင်... ဘယ်လိုလဲ"
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း