← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

အပိုင်း ၇၇ - ပိုင်မိသားစု၏ အတိတ်ဇာတ်ကြောင်း

ပိုင်ချီမင်သည် အံကြိတ်သံဖြင့် ပြောလိုက်သည်။ လင်းစုယွီ တစ်ယောက် ဘယ်လိုများ ဒီလောက်အေးဆေး တည်ငြိမ်နေနိုင်ရတာလဲဆိုတာ သူ တကယ်ကို နားမလည်နိုင်တော့ပေ။

ဆွေမျိုးသားချင်း မရှိဘဲ ကြီးပြင်းလာရသည့် ကလေးတစ်ယောက်အနေဖြင့် အသိုင်းအဝိုင်းကို မတောင့်တဘဲ နေပါမည်လော။

အထူးသဖြင့် ထိုဆွေမျိုးများမှာ သူမကို တစ်သက်လုံး စည်းစိမ်ချမ်းသာအလယ်တွင် ထားနိုင်လောက်အောင် ကြွယ်ဝချမ်းသာပြီး သြဇာအာဏာရှိနေသည့်အခါမျိုးတွင် ပို၍ပင် မယုံနိုင်စရာ ဖြစ်နေတတ်သည်။

"ကဲ... အရင်ဆုံး ဟောင်ကောင်မြို့က ငါတို့ ပိုင်မိသားစုအကြောင်း မိတ်ဆက်ပေးပါရစေ။ ပိုင်မိသားစုဆိုတာ အခုအချိန်မှာ ဟောင်ကောင်ရဲ့ အကြီးဆုံး မျိုးနွယ်စုကြီး လေးခုထဲက တစ်ခုပဲ။ ငါတို့ရဲ့ လုပ်ငန်းတွေက စားသောက်ကုန်၊ အဝတ်အထည်၊ အိမ်ရာနဲ့ သယ်ယူပို့ဆောင်ရေးအထိ နယ်ပယ်အစုံ ဖြန့်ကျက်ထားတာ။ ဥပဒေဘောင်အတွင်းရော၊ အပြင်ဘက် လောကမှာပါ ငါတို့က စကားပြောရင် အရာဝင်တဲ့သူတွေ... နားလည်ရဲ့လား"

ဤနေရာတွင် ပိုင်ချီမင်က လင်းစုယွီကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း သူမကတော့ ခံစားချက်မရှိ၊ ဂရုမစိုက်သည့် အမူအရာဖြင့်သာ ရှိနေဆဲပင်။ 'ဟူး... သူမက အရမ်းငယ်လွန်းလို့ ပိုင်မိသားစုရဲ့ မဟာဓနအင်အားကို မသိတာများလား' ဟု သူတွေးကာ သက်ပြင်းချမိသည်။

"မင်းရဲ့ အရင်းခေါက်ခေါက် အမေနာမည်က ပိုင်ဝမ်ချင်းတဲ့။ သူက ငါ့အဖေတို့ မျိုးဆက်မှာ တစ်ဦးတည်းသော သမီးမိန်းကလေးပေါ့။ မင်းရဲ့ အဘိုးနဲ့ အဘွားက မွေးကတည်းက သူ့ကို မျက်စိအောက်က အပျောက်မခံဘဲ အင်မတန် အလိုလိုက် အကြိုက်ဆောင်ခဲ့တာ။ မင်းအဘိုးဆိုရင် သူ့ကို ယောက်ျားလေးတစ်ယောက်လိုတောင် ပြုစုပျိုးထောင်ခဲ့တာလေ"

"အဲဒါကြောင့်ပဲ မင်းအဘိုးက ပိုင်မိသားစု ပိုင်ဆိုင်မှုတွေရဲ့ သုံးပုံတစ်ပုံကို မင်းအမေအတွက် ချန်ထားပေးခဲ့တယ်။ ဆိုလိုတာက မင်းက ပိုင်မိသားစုရဲ့ ကြွယ်ဝမှု သုံးပုံတစ်ပုံကို ဆက်ခံခွင့်ရှိတဲ့သူပဲ"

တကယ်ပါပဲ... လူငယ်တွေက ပိုက်ဆံတန်ဖိုးကို မသိကြဘူး! ဒီလောက်များပြားလှတဲ့ အမွေအနှစ်တွေက လင်းစုယွီကို စိတ်မလှုပ်ရှားစေနိုင်တာ တွေ့ရတော့ ပိုင်ချီမင် ပိုပြီးတော့တောင် စိတ်မသက်မသာ ဖြစ်လာရသည်။

"လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်၊ တိုင်းပြည် မလွတ်မြောက်ခင်တုန်းက ရှန်ဟိုင်းမြို့ဟာ အမှောင်ဆုံးနဲ့ အရှုပ်ထွေးဆုံး အခြေအနေမှာ ရှိနေခဲ့တာ။ အဲဒီတုန်းက ရန်သူ့သူလျှိုတွေက ပိုင်မိသားစုဟာ ကွန်မြူနစ်တွေကို ထောက်ပံ့နေတယ်ဆိုတာ သိသွားကြတယ်။ တော်လှန်ရေးဆန့်ကျင်သူတွေက သူတို့ ရှုံးတော့မယ်ဆိုတာ သိတဲ့အခါ မဆုတ်ခွာခင် ပိုင်မိသားစုရဲ့ ပစ္စည်းဥစ္စာအားလုံးကို လုယက်သွားချင်ကြသလို မိသားစုဝင်အားလုံးကိုလည်း သတ်ပစ်ဖို့ ကြံစည်ခဲ့ကြတယ်"

'ဒီကလေးက ဘာလို့ ပုံပြင်တစ်ပုဒ် နားထောင်နေရသလိုမျိုး ဖြစ်နေတာလဲ။ နည်းနည်းလေးတောင် စိတ်မလှုပ်ရှားဘူးလား' ဟု တွေးကာ ပိုင်ချီမင် အောင့်သက်သက် ဖြစ်သွားရပြန်သည်။

"ဒါပေမဲ့ ကွန်မြူနစ် မြေအောက်တော်လှန်ရေးသမားတွေက သူတို့အသက်ကို ရင်းပြီး သတင်းလာပေးလို့ ရန်သူ့အစီအစဉ်ကို ငါတို့ ကြိုသိခဲ့ရတယ်။ အသက်ဘေးက လွတ်အောင် ငါတို့မိသားစုဟာ ရှိသမျှအင်အားနဲ့ ရှန်ဟိုင်းမြို့ကနေ တစ်မိသားစုလုံး ထွက်ပြေးခဲ့ကြတယ်။ အဲဒီအချိန်ကျမှပဲ မင်းအမေဟာ ရှန်ဟိုင်းမြို့က ကွန်မြူနစ်ပါတီရဲ့ မြေအောက်ထောက်လှမ်းရေး အေးဂျင့်တစ်ယောက် ဖြစ်နေမှန်း ငါတို့ သိလိုက်ရတာ"

"အဲဒီအချိန်မှာပဲ မင်းအမေက တတာဝန်သစ်တစ်ခုရလို့ ရှန်ဟိုင်းမြို့ကနေ ထွက်သွားခဲ့တယ်။ မထွက်ခွာခင်မှာ ငါတို့ကို လူကိုယ်တိုင် နှုတ်ဆက်ဖို့တောင် အချိန်မရခဲ့ဘူး။ အဘိုးနဲ့ အဘွားဆီကို အခြေအနေ ရှင်းပြထားတဲ့ မိသားစုစာတစ်စောင်ပဲ လူကြုံနဲ့ ပါးလိုက်နိုင်ခဲ့တယ်။ အဲဒီကတည်းက မင်းအမေနဲ့ ငါတို့ အဆက်အသွယ် ပြတ်သွားခဲ့တာပဲ"

"ငါတို့ ဟောင်ကောင်မှာ အခြေကျပြီးတဲ့နောက် သူ့ကို ရှာဖို့ ငွေအမြောက်အမြား အကုန်အကျခံပြီး လူလွှတ်စုံစမ်းခဲ့သေးတယ်။ အဲဒီတုန်းက ရတဲ့သတင်းကတော့ မင်းအမေဟာ ကျင်းမန်မြို့မှာ ပျောက်ဆုံးသွားခဲ့တယ်ဆိုတာပဲ။ အဲဒီနောက်ပိုင်း ဘယ်လောက်ပဲ ဆက်စုံစမ်းပါစေ ဘာသတင်းမှ ထပ်မရတော့ဘူး"

ပိုင်ချီမင်သည် စကားများများ ပြောလိုက်ရသဖြင့် လည်ချောင်းခြောက်လာသောကြောင့် ရေအေးတစ်ခွက် ငှဲ့သောက်လိုက်သည်။

'ဟူး... ငါက စုယွီရဲ့ ဆရာဖြစ်သလို ဝမ်းကွဲအစ်ကိုလည်း ဖြစ်ပါလျက်နဲ့ ရေနွေးတစ်ခွက်တောင် အတိုက်မခံရပါလား။ ဒီကလေးက အတိတ်မှာ အနှိပ်စက်ခံခဲ့ရလွန်းလို့ လူတွေကို ဒီလောက်တောင် ခုခံကာကွယ်စိတ် များနေတာလား' ဟု သူတွေးမိသည်။

လင်းစုယွီအရင်က ခံခဲ့ရသည့် နှိပ်စက်မှုများကို တွေးတောမိရင်း ပိုင်ချီမင်၏ ရင်ထဲတွင် သနားစိတ်ကလေး တစ်စွန်းတစ်စ ပေါ်လာသည်။ 'ငါ့အဒေါ်ရဲ့ သမီးလေးက နှစ်ပေါင်းများစွာ ဒီလောက် ဒုက္ခရောက်ခဲ့ရတာပဲ။ လင်းရှင်းယောင်ရဲ့ ခြေထောက်ကို ချိုးလိုက်တာက ငါ အရမ်း ကြင်နာလွန်းသွားတာပဲ'

"လွန်ခဲ့တဲ့ သုံးလလောက်က ကျင်းမန်မြို့ကနေ ဟောင်ကောင်ကို ထွက်ပြေးလာတဲ့ လင်းမိသားစုက ပိုင်မိသားစုဆီကို ရောက်လာကြတယ်။ လင်းဟွာရှန်းက လင်းရှင်းယောင်ဟာ ငါ့အဒေါ်ရဲ့ သမီးပါလို့ ပြောတယ်။ အဲဒီတုန်းက မင်းအမေဟာ ငါတို့နဲ့ ဝေးကွာသွားပြီးနောက် ကျင်းမန်မြို့မှာ လင်းဟွာရှန်းနဲ့ တွေ့ပြီး လင်းအိမ်တော်ကို လိုက်သွားခဲ့တာတဲ့။ အဲဒီအချိန်မှာ သူက မင်းကို ကိုယ်ဝန်ရှိနေပြီလေ"

"အသေးစိတ် အချက်အလက်အချို့မှာ လင်းဟွာရှန်းတို့ဇနီးမောင်နှံရဲ့ စကားတွေက ကိုက်ညီနေသလို၊ မင်းအဘွားကလည်း မင်းအမေကို လွမ်းတဲ့စိတ်နဲ့ ဖျားနာနေတာ ကြာပြီ။ အမေဖြစ်သူရဲ့ သတင်းလည်းရ၊ မြေးမလေးလည်း ပါလာတာရယ်၊ နောက်ပြီး လင်းမိသားစုက မင်းအမေရဲ့ ကျောက်စိမ်းဆွဲသီးအကြောင်းကို အတိအကျ ပြောပြနိုင်တာရယ်ကြောင့် အဘွားက လင်းဟွာရှန်းကို ယုံပြီး လင်းရှင်းယောင်ကို မြေးအဖြစ် အသိအမှတ်ပြုလိုက်တာပဲ"

ဤနေရာတွင် လင်းစုယွီ စိတ်ဝင်စားသွားသည်။ လင်းမိသားစုက လူတစ်ယောက်ကို ခေါ်လာပြီး ဆွေမျိုးတော်စပ်ကြောင်း လာပြောရုံနှင့် လက်ခံလိုက်ကြသည်လား။ သွေးစစ်တာမျိုး၊ ရုပ်ချင်းတူမတူ ကြည့်တာမျိုး ဒါမှမဟုတ် စုံစမ်းစစ်ဆေးတာမျိုး မလုပ်ကြဘူးလား။ အဘွားပိုင်က ယုံကြည်သွားရုံတင်မကဘဲ တခြားသူတွေကပါ ယုံကြည်သွားကြတာလား။

"အဘွားတစ်ယောက်တည်းကပဲ ယုံသွားတာလား၊ ဒါမှမဟုတ် ဆရာတစ်ယောက်တည်းကပဲ မယုံတာလား"

လင်းစုယွီ၏ စကားက ကိစ္စ၏ အဓိကအချက်ကို ကွက်တိ ထိမှန်သွားသည်။ လင်းစုယွီသည် တကယ့်ကို ထက်မြက်သူဖြစ်ကြောင်း ပိုင်ချီမင် ဝန်ခံရတော့မည်။

"ငါတစ်ယောက်တည်းပဲ မယုံတာ၊ ဒါကြောင့် မိသားစုကို အသိမပေးဘဲ ကျင်းမန်မြို့ကို လာခဲ့တာ။ ငါ့အဒေါ် တကယ် ဘာဖြစ်ခဲ့လဲဆိုတာ ကိုယ်တိုင် စုံစမ်းချင်လို့။ အခုတော့ မင်းဟာ ငါ့အဒေါ်ရဲ့ သမီးဆိုတာ သံသယဖြစ်စရာ မရှိတော့ဘူး။ မင်းရဲ့ ရုပ်ရည်က အဘွား ငယ်ငယ်တုန်းကနဲ့ တစ်ပုံစံတည်း ထွက်လာသလိုပဲ"

သူသည် ဘဝဟောင်းက မှတ်ဉာဏ်များ ပြန်လည်ရရှိထားသည့် အချက်ကိုတော့ ဖွင့်ပြောရန် အစီအစဉ်မရှိပေ။ မည်သူမဆို မေးလာပါက လင်းရှင်းယောင်ကို မယုံကြည်၍သာ ဖြစ်ကြောင်း ပြောမည်ဟု ဆုံးဖြတ်ထားသည်။

"နောက်ထပ်ဘာတွေများ စုံစမ်းသိရှိခဲ့သေးလဲ။ ကျွန်မအမေက အသက်ရှင်သေးလား ဒါမှမဟုတ် သေဆုံးသွားပြီလား။ ဘယ်မှာရှိနေလဲဆိုတာ သိလား"

မူလကိုယ်၏ မိခင်ရင်းနှင့် ပတ်သက်၍ လူမှုကျင့်ဝတ်အရ သူမ ဂရုစိုက်သင့်သည်ဟု ယူဆသည်။ လိုအပ်ပါက သူမအား အိုမင်းမစွမ်းချိန်တွင် လုပ်ကျွေးပြုစုသွားမည်ဖြစ်သည်။

"မင်းကို မွေးပြီးတဲ့နောက် မင်းအမေ ပျောက်ဆုံးသွားတယ် ဆိုတာပဲ ငါသိထားသေးတယ်။ သူ့ပျောက်ဆုံးမှုမှာ လင်းမိသားစုက ဘယ်လိုအခန်းကဏ္ဍက ပါဝင်နေလဲဆိုတာကိုတော့ စုံစမ်းလို့ မရသေးဘူး။ အရင်တုန်းက လင်းအိမ်ကနေ အလုပ်ထုတ်ခံလိုက်ရတဲ့ အစေခံဟောင်းတွေကို လိုက်ရှာခိုင်းခဲ့ပေမဲ့ သူတို့ကလည်း မင်းအမေအကြောင်း သိပ်မသိကြဘူး"

"အထိန်း‌တော်လင်းကိုရော မေးကြည့်ပြီးပြီလား။ ကျွန်မနဲ့ တစ်ခန်းတည်း အတူနေခဲ့တဲ့ အထိန်း‌တော်လင်းဆိုရင် တစ်ခုခု သိနိုင်တယ်"

"မေးပြီးပြီ၊ ဒါပေမဲ့ သူက ဘာမှမပြောဘူး။ တခြားသူတွေက ပိုက်ဆံနဲ့ စားစရာပေးရင် သိတာတွေ ပြောပြကြပေမဲ့ မင်းပြောတဲ့ အထိန်း‌တော်လင်းကတော့ ဘယ်လိုပဲ မေးမေး နှုတ်လုံနေတုန်းပဲ"

...ကောင်းပြီလေ! အထိန်း‌တော်လင်းက တကယ့်ကို နှုတ်လုံတဲ့သူပဲ။ တစ်ခုခု ပြောလိုက်ရင် ပိုကြီးတဲ့ ပြဿနာတွေ တက်လာမှာကို သူ ကြောက်နေတာ ဖြစ်နိုင်ပါသည်။

"စုယွီ... တခြားအကြောင်းတွေ ခဏထားဦး။ လင်းရှင်းယောင်က ဟောင်ကောင်မှာ မင်းရဲ့ နာမည်ကို အသုံးချပြီး မင်းအမေရဲ့ ပစ္စည်းတွေကို အမွေဆက်ခံနေတာကို မင်း လက်ပိုက်ကြည့်နေနိုင်မှာလား။ အဲဒီပစ္စည်းတွေ အကုန်လုံးက မင်းအပိုင်တွေလေ။ မင်းအဘွားပြောတာကတော့ မင်းအမေရဲ့ တင်တောင်းပစ္စည်းတွေထဲမှာ ရှေးဟောင်းရတနာတွေ ပါတယ်တဲ့။ အဲဒါတွေက အထက်တန်းလွှာတွေပဲ ပိုင်ဆိုင်ခွင့်ရှိတဲ့ အဖိုးတန်တွေလေ"

...အဲဒါက ဘာကို ဆိုလိုတာလဲ။ သူမက ငွေပြတ်နေသူ မဟုတ်ပေ။ သူမ၏ နေရာလွတ် ထဲတွင် ရွှေတုံးများနှင့် ရတနာသေတ္တာကြီးများ အပြည့်ရှိနေသည် မမဟုတ်ပါလား။ သို့သော်လည်း ပိုင်ချီမင် ပြောသည်မှာ မှန်ပါသည်။ ထိုပစ္စည်းများကို လင်းရှင်းယောင်တစ်ယောက် အလကားရသွား၍ မဖြစ်ပေ။

"ဆရာပိုင်... ကျွန်မကို ဘာလုပ်စေချင်တာလဲ။ အရင် ဆွေးနွေးကြည့်ရအောင်"

လင်းရှင်းယောင်၏ မျက်နှာဖုံးကို ခွာရန် သူမ ဟောင်ကောင်သို့ လိုက်သွားနိုင်သည်။ သို့သော် ပိုင်ချီမင်၏ အကြံအစည်ကို ရှင်းရှင်းလင်းလင်း သိရန်နှင့် သူမ၏ ကိုယ်ပိုင် စည်းကမ်းချက်များကို ချမှတ်ရန် လိုအပ်သည်။

"ဒါပေါ့... မင်း ငါနဲ့အတူ ဟောင်ကောင်ကို လိုက်ခဲ့ပြီး လင်းရှင်းယောင်ရဲ့ မုသားတွေကို ဖော်ထုတ်ဖို့နဲ့ မိသားစုကို ပြန်လက်ခံဖို့ပေါ့။ မင်းဟာ ငါတို့ ပိုင်မိသားစုရဲ့ သခင်မလေးပဲ။ မင်းအမေ နာမည်နဲ့ ရှိသမျှ ပိုင်ဆိုင်မှုအားလုံးကို မင်းဆီ လွှဲပေးဖို့ မင်းရဲ့ အကြီးဆုံး ဦးလေးကို ငါ ပြောပေးမယ်"

"ကျွန်မ ဟောင်ကောင်ကို လိုက်ခဲ့ပြီး လင်းရှင်းယောင်ရဲ့ အကြောင်းကို ဖော်ထုတ်ပေးမယ်။ မိသားစုအဖြစ် လက်ခံဖို့ ကိစ္စကတော့ အဲဒီကျမှ ထပ်ပြောကြတာပေါ့။ ဒါပေမဲ့ ကြိုပြီး သဘောတူထားရမယ့် အချက်တစ်ခု ရှိတယ်။ ကျွန်မ ဟောင်ကောင်မှာ အခြေချနေထိုင်ချင်မှ နေထိုင်မှာနော်"

"အဲဒါကြောင့် ကျွန်မကို ခေါ်သွားချင်တယ်ဆိုရင် နောက်ပိုင်းမှာ ဒီကို ပြန်လာနေတဲ့အခါ ဘာပြဿနာမှ မရှိရအောင် သေသေချာချာ စီစဉ်ပေးရမယ်"

ကျင်းမန်မြို့သည် သူမ၏ ခိုလှုံရာ ဖြစ်သောကြောင့် ဟောင်ကောင်သို့ သွားရုံဖြင့် နောက်ကြောင်းပြန်လှည့်ရန် လမ်းကို အပိတ်မခံနိုင်ပေ။

"စုယွီရာ... ဟောင်ကောင်မှာ နေရတာ အရမ်း သက်သောင့်သက်သာ ရှိပါတယ်။ တစ်ခါလောက် ရောက်သွားရင် မင်း အဲဒီက ဘဝကို သဘောကျသွားမှာ သေချာတယ်။ ဟောင်ကောင်မှာက လွတ်လွတ်လပ်လပ် ရောင်းဝယ်ဖောက်ကားလို့ ရသလို၊ စားစရာတွေ၊ လှပတဲ့ အဝတ်အစားတွေနဲ့ တန်ဖိုးကြီး ရတနာတွေလည်း အများကြီး ရှိတယ်လေ"

ပိုင်ချီမင်သည် လူပြန်ပေးသမားတစ်ယောက်လိုပင် လင်းစုယွီကို အမျိုးမျိုး သွေးဆောင်ဖြားယောင်းနေသော်လည်း ကံမကောင်းစွာဖြင့် သူမကတော့ သူ့ကို မျက်စောင်းတစ်ချက်သာ ခဲလိုက်ပြီး ဘာမှ ပြန်မပြောဘဲ ကျန်တာကိုတော့ သူ့ဘာသာသူသာ အဓိပ္ပာယ်ဖော်ခိုင်းလိုက်လေတော့သည်။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters